အခန်း (၉၇၃-၉၇၄)
Vol. 82 Ch. 973-974
အခန်း ၉၇၃ -
သည်းခံခြင်းသည် အောင်နိုင်ခြင်းမည်၏။
တျန်ကျောက်၏ ဒေါသများအလိပ်လိပ် ထွက်နေသောအသွင်သည် စုရီကိုပြုံးလာစေ၏။ တစ်ဖက်လူသည် မျက်နှာပြင်သည် ယင်သေကို မျိုချလိုက်ရသကဲ့သို့ အကျည်းတန်နေသည်။
ထိုက်ရီဂိုဏ်းသားများသည်လည်း မျက်နှာများနီရဲရှက်ရွံ့ကုန်၏။ သူတို့တစ်သက် လုယက်မှုများစွာကြုံဖူးသော်လည်း ဤမျှအထိ ရက်စက်သောဓားပြကို မမြင်ဖူးချေ။
“ အိုး ... မင်းဆွေးနွေးမှုကို စွန့်လွှတ်တော့မို့လား ... ။ ”
စုရီက မေးလိုက်သည်။ အဖိုးကြီး တျန်ကျောက်မှ မျက်လုံးပြူးလျက်၊
“ လူယုတ်မာ ... မင်း ဒါကိုဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ဝံ့လား ပြောစမ်း မင်းရဲ့လောဘက ဘယ်လောက် အဆုံးမဲ့လဲ ငါကြည့်မယ်။ ”
-ဟု တုန့်ပြန်လာ၏။
ထိုစကားကြောင့် စုရီတစ်ယောက် အနည်းငယ် အံ့သြသွားသည်။ ဤအဖိုးကြီး တကယ်ပင် သည်းခံနေနိုင်၏။
“ ကြည့်ရတာ ငါ ဘယ်လောက်ပဲ ရူးကြောင်ကြောင်နိုင်တဲ့ အခြေအနေမျိုးတွေကို တောင်းဆိုနေပါ အကုန်လိုက်လျောမယ့်ပုံပဲ။ ”
“ လူယုတ်မာ ... မင်းငါ့ကို လှည့်စားချင်နေတာလား မင်းလိုဂုဏ်သိက္ခာ ကြီးမားလူက ဒီလောက်တောင် အရှက်မဲ့လား ငါ့ရဲ့မျိုးဆက်သစ်လေးတွေ ဒီကိစ္စမှာ ပါဝင်ပတ်သက်မိပြီး ဒုက္ခရောက်မှာကို ...
... ငါမကြည့်ချင်လို့ ... မင်းကို သည်းခံနေတာ ငါမင်းကိုကြောက်နေတယ် မထင်နဲ့ မင်းဆက်သွားချင်ရင် အဆုံးထိ ငါရှိနေမယ်။ ”
“ ဟားဟားဟား ... ။ ”
ဤတစ်ကြိမ်တွင် အဖိုးကြီး တျန်ကျောက်သည် ဖုံးကွယ်မရသောဒေါသများ ပြသလာသည်။ စုရီမှ ရယ်မောလိုက်၏။
“ ကောင်းပြီ ... မင်းမျက်နှာကို ထောက်ထားတဲ့အနေနဲ့ ငါ့ရဲ့မေးခွန်းတစ်ခုကို ဖြေပါ ဒါဆိုရင် ဒီနေ့ကိစ္စကို ဒီမှာတင် အဆုံးသတ်ပေးမယ်။ ”
“ ဟမ့် ... မေးခွန်းတစ်ခုပဲလား ငါသိတယ် မင်းလိုလူတစ်ယောက်က ဒီလောက်အရှက်မဲ့မှာ မဟုတ်ဘူးလို့ ... နန်းတော်သခင် မေးပါ။ ”
ချက်ချင်း အမူအရာပြောင်းလဲသွားသော အဖိုးကြီးတျန်ကျောက်ကြောင့် စုရီမှမျက်ခုံးပင့် လိုက်ကာ၊
“ ဘယ်လိုလဲ ... ငါ့ကိုလူယုတ်မာလို့ မခေါ်တော့ဘူးလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဟမ့် ... ဒီကြယ်လွင်ပြင်ကြီးမှာ နန်းတော်သခင်ကွမ်ကျိုးရဲ့ ဂုဏ်ကျက်သရေကို ဘယ်သူမျက်ကွယ်ပြုဝံ့မှာလဲ မင်းဘယ်လောက် သဘောထားကြီးလဲ ငါသိတယ်။ ”
“ ဟားဟားဟား ... ကောင်းပြီ ငါသိချင်နေတာက မင်းဘာလို့ ငါ့ရဲ့ တောင်းဆိုမှု အားလုံးကို လိုက်လျောနေရတာလဲ။ ”
“ ဒါက ... ။ ”
ဤသည်မှာ ရိုးရှင်းသော မေးခွန်းဖြစ်သော်လည်း အဖိုးကြီးတျန်ကျောက် အပေါ် တိတ်ဆိတ်သွားစေသည်။
ထိုက်ရီဂိုဏ်းသားများသည်လည်း ဤမေးခွန်းကို သိချင်နေကြသည်။ သူတို့သည် အကူအညီတောင်းခံရန် ဘိုးဘေးကြီးကို ခေါ်ထုတ်လိုက်ခြင်းဖြစ်၏။
ယခုမူ ဘိုးဘေးတျန်သည် လာဘ်ထိုးပြီး ပြဿနာကိုဖြေရှင်နေသည်။ တျန်ကျောက်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊
“ ဒီအတွက် အကြောင်းရင်းနှစ်ခုရှိတယ် ... ပထမတစ်ခုက ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ဟာ အင်မော်တယ်တားမြစ်နယ်မြေထဲမှာ စွန့်စားသွားလာနေတယ် ...
... သူ အသက်ရှင်လျက် ပြန်လာနိုင်မလား၊ မလာဘူးလား မသိနိုင်သေးဘူး အခုမင်းရှေ့မှာ ရှိနေတဲ့ ငါ့ရဲ့ကိုယ်ပွားကတော့ ဂိုဏ်းရှင်သန်ဖို့ မျှော်လင့်ချက်နဲ့ ချန်ထားခဲ့တာ ...
... ငါ့ကိုယ်ပွားရဲ့ စွမ်းအားက မင်းကိုအနိုင်ယူနိုင်ဖို့ ယုံကြည်ချက်မရှိသေးဘူး ဒါကြောင့် ဒီကိုယ်ပွား ပျက်စီးသွားမယ့် အန္တရာယ်မျိုး ငါမယူဝံ့ဘူး။ ”
-ဟု ရှင်းပြလိုက်သည်။ ထိုအဖြေသည် ထိုက်ရီဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်သွားစေ၏။ ဆိုလိုသည်မှာ ဘိုးဘေးကိုယ်ပွားပင်လျှင် စုရီကို ရင်ဆိုင်ဝံ့ခြင်းမရှိခြင်းပေပင်။
“ ဒါဆို ဒုတိယ အကြောင်းရင်းကကော။ ”
“ ငါ့မှာ မင်းကို အပြတ်အသတ် နှိမ်နင်းနိုင်မယ့် အခွင့်အရေးရှာတွေ့ထားတယ် အဲဒါကိုပိုင်ဆိုင်ခွင့် မရရှိခင်အထိ နောက်ထပ် ပြဿနာတွေ မလိုချင်သေးဘူး။ ”
“ အဲဒီအခွင့်အရေးဆိုတာက သာလွန်နယ်ပယ်လမ်းမဟုတ်လား။ ”
ဤတစ်ကြိမ်တွင် စုရီမှ မျက်ခုံးပင့်ကာ မေးမြန်းလိုက်သည်။ အဖိုးကြီးတျန်ကျောက်မှ အထင်ကြီးဟန်ဖြင့် ပြန်ကြည့်ကာ၊
“ မှန်တယ် ... ငါဟာ မင်းထက်အရင် အဲဒီသာလွန်ခြင်းနယ်ပယ်ကို ခြေချနိုင်ခဲ့ရင် မင်းကိုအပြတ်အသတ်အနိုင်ယူမယ်။ ”
-ဟု ဝန်ခံလိုက်သည်။ စုရီက ခဏမျှ စဉ်းစားလိုက်ပြီး၊
“ မင်း တော်တော်လေး ... အတွေးလွန်နေတာပဲ ကောင်းပြီ အဲဒီလမ်းကို မင်းခြေချနိုင်မဲ့နေ့ကို ငါမျှော်လင့်နေမယ်။ ”
ဤသည်မှာ အင်မော်တယ်လမ်းကို ခေါ်ဆိုခြင်းဖြစ်၏။ လူအများအတွက် ဤစကား အဓိပ္ပာယ်ကိုနားမလည်ကြချေ။ တျန်ကျောက်မှ နှာခေါင်းရှုံ့လျက်၊
“ ဟမ့် ... ငါကောင်းကင်လမ်းအထက်ကို တက်လှမ်းနိုင်ခဲ့ရင်တောင် မင်းကိုမယှဉ်နိုင်ဘူး ထင်နေတာလား။ ”
“ ဟားဟားဟား ... မင်းဘာတွေ တွေးနေတာလဲ ငါက အင်မော်တယ်အဆင့်နဲ့ ကောင်းက်ငလမ်းကြား ကွာခြားချက်ကို စမ်းသပ်ချင်ရုံတင်ပါ ...
... နယ်ပယ်ဘုရင် အဆင့်နဲ့တင် အင်မော်တယ်တစ်ပါးကို မြေလှန်ပစ်လို့ ရ၊မရ ငါ သိချင်နေတာ။ ”
ထိုစကားကြောင့် တျန်ကျောက်မှ ဆွံ့အသွားသည်။
“ ငါက မင်းတစ်ယောက်တည်းကို ရည်ရွယ်နေတာမျိုးမဟုတ်ဘူး အင်မော်တယ် နယ်ပယ်ဆီ တက်လှမ်းမဲ့ လူတိုင်းအပေါ် စမ်းသပ်ချင်တာ။ ”
ဤသည်မှာ မောက်မာခြင်းပင်လော။ ယုံကြည်မှုလွန်ကဲခြင်းပင်လော။ တျန်ကျောက် တစ်ယောက် စိတ်ရှုပ်ထွေးလာ၏။
နန်းတော်သခင်သည် အခြေအမြစ်မရှိသည့် စကားများပြောလေ့မရှိချေ။ နယ်ပယ်ဘုရင်နှင့် အင်မော်တယ်အဆင့်ကြားက ကွာဟချက်ကို စမ်းသပ်ချင်နေသည်ဟုဆိုသည်မှာ စစ်မှန်သောရည်ရွယ်ချက်ပေပင်။
ဆိုလိုသည်မှာ နန်းတော်သခင်သည် နယ်ပယ်ဘုရင်အဆင့်တွင် ထူးကဲလွန်းသော လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့ပုံရသည်။
“ ကောင်းပြီ ... ငါတောင်းထားတဲ့ ပစ္စည်းတွေပေးပါ ... ဒါဆို ဒီနေ့ကိစ္စပြီးပြီ။ ”
တျန်ကျောက်တစ်ယောက် ဒေါသထွက်လာပြီး အထင်ကြီးမှုများအားလုံး လေထဲလွင့်စင်သွားတော့သည်။
စိတ်ခံစားချက်များ ချက်ချင်း ပျက်စီးသွားကာ ရှေးဟောင်းဓားအစီရင်တစ်ခု ရေးထိုးထားသော သားရဲအရိုးကို ပေးလိုက် ရချိန်တွင် ရင်ထဲသွေးအန်မတတ် ခံစားလိုက်ရသည်။
ထို့ပြင် ရတနာပေါင်းစုံနှင့် ဆေးလုံးများကို ထပ်မံပေးအပ်လိုက်ရသောအခါ ထိုက်ရီတာအို ဂိုဏ်းသားများမှာ နှလုံးသားအပေါ် ဓားဖြင့် မွှန်းခံရသကဲ့သို့ ခံစားရ၏။
တစ်ဆက်တည်းမှာပင် ဓားစာခံများ ဖြစ်ကြသော မုချန်းယွမ်ဆရာသခင်ယွဲ့ဟုန်နှင့် ပိုင်ရီတို့ကိုလည်း လွှတ်ပေးလာကြသည်။
“ မင်းရဲ့ တောင်းဆိုချက်တွေ ... ပြည့်ပြီဆိုရင် ထွက်သွားသင့်ပြီလို့ငါထင်တယ်။”
တျန်ကျောက်က အေးစက်စွာ နှင်ထုတ်တော့သည်။ စုရီမှ နှာခေါင်းကို ပွတ်သပ်လျက်၊
“ ဒီနေ့ ... အရာအားလုံးစိတ်ကျေနပ်စရာ အခြေအနေမျိုးနဲ့ပြီးဆုံးသွားပြီ ဂုဏ်ယူစရာပါပဲ ဒါနဲ့ မင်းငါ့ကိုဂိုဏ်းထဲဖိတ်ပြီး လက်ဖက်ရည် တိုက်သင့်တယ် မထင်ဘူးလား။ ”
“ ဘယ်သူက ဓားပြတစ်ယောက်ကို အိမ်ထဲခေါ်သွင်းချင်မှာလဲ ... အဖိုးကြီးကွမ်ကျိုး မင်းထွက်သွားသင့်ပြီ။ ”
“ မင်းက တကယ်ကို ကပ်စေးနှဲတာပဲ။ ထားပါတော့ မင်းငါ့ကို မကြိုဆိုဘူးဆိုရင်လည်း ငါသွားတော့မယ်။ ”
စုရီကခေါင်းခါလျက် လှည့်ထွက်သွား၏။ တျန်ကျောက်ခမျာ ဒေါသကြောင့် နှုတ်ခမ်းများ တုန်ရီလျက်ကျန်ရစ်ခဲ့သည်။
( လူယုတ်မာ ... မင်းက ငါ့ဂိုဏ်းက နယ်ပယ်ဘုရင်တွေကိုသတ် ရှားပါးရတနာတွေ အကုန်ယူပြီး အင်မော်တယ်ဓားအစီရင်စုကိုပါ လုယူသွားပြီးတော့မှ ငါ့ကိုကပ်စေးနှဲတယ်လို့ ပြောရဲတယ်လား။ )
စုရီပုံရိပ်ပျောက်ကွယ်ပြီးနောက် လူတိုင်း သတိပြန်ဝင်လာကြသည်။ သူတို့အားလုံးသည် အံကြိတ်လျက် အသက်ပြင်းပြင်းရှူကာ ဘိုးဘေးတျန်ကျောက်ထံ ဦးညွှတ်၏။
“ ဘိုးဘေးတျန် ... ဒီအတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား။ ”
လီရွှမ်ကျန်းမှ မကျေမနပ် မေးသည်။ ဘိုးဘေးတျန်ကျောက်က သူ့ကိုပြန်ကြည့်ကာ၊
“ ကုလင်ယွင်က ငါ့ရဲ့အချစ်ဆုံးတပည့်ပဲ သူသေသွားခဲ့တာတောင် ငါဒီမှာသည်းခံနေတာ မင်းမြင်လား ... မင်းမှာအခြားအမြင် ရှိသေးလား။ ”
-ဟု အော်ငေါက်လိုက်၏။
လီရွှမ်ကျန်းခမျာ ချက်ချင်း ခေါင်းငုံ့ကာ တိတ်ဆိတ်သွားတော့သည်။ ဂိုဏ်းချုပ်ဝမ်ပေ့က ရုတ်ချည်းဒူးထောက်ချလိုက်ပြီး၊
“ ဘိုးဘေးတျန် ... ဒီဂျူနီယာရဲ့ အရည်အချင်းကင်းမဲ့မှုကြောင့် ဒီဘေးဒုက္ခတွေ ဖြစ်လာရတာပါ ... ။ ”
-ဟု ဝန်ခံလိုက်သည်။ တျန်ကျောက်က အေးစက်သောအသွင်ဖြင့်၊
“ မှန်တယ် ... မင်းမှာတကယ့်ကို အရည်အချင်းကင်းမဲ့နေတယ် မင်းရဲ့နောင်တက ဘာမှအသုံးမကျဘူး၊ ပြောစမ်း ... မင်း သူ့ကို ဘယ်လိုများရန်စခဲ့တာလဲ။ ”
-ဟု မေးမြန်းတော့၏။ ဝမ်ပေ့တစ်ယောက် ဘိုးဘေးတျန် အမှန်တကယ်ဒေါသထွက်နေမှန်း သိရှိလိုက်သဖြင့် အဖြစ်အပျက်အားလုံးကို မချွင်းမချန်ရှင်းပြလိုက်သည်။
အပ်ချုပ်သမား၏ တိုက်တွန်းမှုဖြင့် အခြားသောဂိုဏ်းကြီးများနှင့်ပေါင်းကာ စုရီကို သတ်ရန်သွားခဲ့ပုံများ ကြားသောအခါ ဘိုးဘေး တျန်ကျောက်မှာ လူသတ်ချင်စိတ်များ ပွင့်ထွက်လာတော့၏။
“ လူမိုက် ... မင်းမိုက်မဲတဲ့လူမိုက် အဲဒီအပ်ချုပ်သမားက မင်းတို့ကိုအသုံးချခဲ့တာ နားမလည်နိုင်ရအောင် ညံ့ဖျင်းလွန်းတဲ့ လူ့ငဖျင်းတွေ ... ။ ”
တျန်ကျောက်က ဒေါသတကြီး အော်ငေါက်ဆဲဆိုတော့၏။ ဤသိမ်ဖျင်းသူများ အတွက်ကြောင့် သူ့ရတနာများစွာကို စွန့်လွှတ်လိုက်ရချေပြီ။
ဝမ်ပေ့တစ်ယောက် လီရွှမ်ကျန်းထက် ပို၍ဆိုးရွားသောဖိအားခံစားရကာ ချွေးများစီးကျ လာတော့သည်။ တျန်ကျောက်မှ စကားဆက်၏။
“ နန်းတော်သခင်ဟာ ဧကရာဇ်အဆင့်မှာ ရှိနေရင်တောင် မင်းတို့လို လူဖျင်းတွေရန်နိုင်တဲ့ လူတစ်ယောက် မဟုတ်ဘူး အပ်ချုပ်သမားသာ သူ့ကိုသတ်နိုင်ရင် ဘာလို့မင်းတို့ကို မဟာမိတ်ဖွဲ့ခိုင်းမှာလဲ ...
... သူကိုယ်တိုင် သတ်ပြီး ဝင်စားခြင်းလျှို့ဝှက်ချက်ကို သိမ်းပိုက်ခဲ့မှာပေါ့ သူကိုယ်တိုင် မလုပ်ဝံ့လို့သာ မင်းတို့တွေကို သတင်းပေးပြီး အသုံးချခဲ့တာ ... ။ ”
ဤတစ်ကြိမ်တွင် ထိုက်ရီတာအိုဂိုဏ်း တစ်ခုလုံး ခေါင်းမဖော်ဝံ့ကြတော့ချေ။ သူတို့၏ လောဘစိတ်ကြောင့် ယနေ့ကြီးမားသော ဆုံးရှုံးမှုကြုံတွေ့ခဲ့ရခြင်းဖြစ်ချေပြီ။
“ လူ့ငဖျင်းတွေ ... ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ ဘယ်သူမှအပြင်ကို မပေါက်ကြားစေနဲ့ ဘာမှ မဖြစ်ခဲ့သလိုပဲ နေကြ ... ။ ”
ထို့နောက် ဘိုးဘေးတျန်ကျောက်၏ မျက်ဝန်း၌ လှည့်ဖျားလိုသည့်အရိပ်အယောင် ပေါ်လာပြီး၊
“ နန်းတော်သခင်က သေချာပေါက် အပ်ချုပ်သမား၊ ပန်းချီဆရာနဲ့ တံငါသည်တွေကို သွားရှာလိမ့်မယ် ... ငါတို့ဆုံးရှုံးခဲ့ရတာတွေထက် ဆယ်ဆမက သူတို့ပေးဆပ်ရပါစေ ...
... ငါတို့သာ ဒီသတင်းကို လျှို့ဝှက်ထားရင် သူတို့အားလုံး နန်းတော်သခင်လက်ချက်ကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး၊ ဟမ့် ... ။ ”
-ဟု မုန်းတီးစွာ ရေရွတ်လိုက်၏။
ဤသည်မှာ စုရီ၏ ဓားပြတိုက်မှုကို ခံစားခဲ့ရခြင်းဖြစ်သည်။ သို့သော်ဘိုးဘေးတျန်၏ အမုန်းတရားသည် အခြားသောဂိုဏ်းများထံ ကျရောက်သွားသည်မှာ တစ်စုံတစ်ရာ မှားယွင်းနေပုံပေပင်။
သို့သော် မည်သူသည် လက်ရှိအချိန်၌ ဘိုးဘေးဖြင့်ယှဉ်ကာ ကျိုးကြောင်းဆင်ခြင်ခြင်း ပြုဝံ့သနည်း။
“ ဒါပေမယ့် ငါ့ရဲ့ခန္ဓာကိုယ်ကြီးက အင်မော်တယ်လမ်း လျှောက်လှမ်းနိုင်ခဲ့ရင်တော့ သူ့ကို လက်စားချေမယ် ...
... အဲဒီအချိန်ကျရင် ငါနဲ့သူ့ကြားက ကိစ္စပဲဖြစ်လိမ့်မယ် မင်းတို့တွေအားလုံးထပ်ပြီး ဝင်မပါကြနဲ့။ ”
စကားဆုံးသည်နှင့် တျန်ကျောက်ပုံရိပ် ချက်ချင်းပျောက်ကွယ်သွား၏။ ထိုမြင်ကွင်းကို အဝေးမှစောင့်ကြည့်နေသော အားချိုင်သည် သက်ပြင်းချလိုက်တော့သည်။
ဘိုးဘေးတျန်ကျောက်ကဲ့သို့ ခေတ်ပြိုင် ဒဏ္ဍာရီလာ ဘီလူးအိုကြီးတစ်ပါးသည်ပင် ယနေ့ အခြေအနေကို သည်းခံရုံမှတပါး အခြားမရှိချေ။
နန်းတော်သခင်ကွမ်းကျိုးဟူသည့် လူတစ်ယောက်၏ ဖြစ်တည်မှုသည် မည်မျှ အလေးချိန်ရှိကြောင်း မြင်သာချေပြီ။
***
အခန်း ၉၇၄ –
ကောင်းကင်ဆန္ဒကြယ်နယ်မြေသို့ ... ။
မိုးတိမ်တံတား နတ်ဘုရားတောင်တန်း။ ဤသည်မှာ နေမင်းရောင်ခြည်ခြံဝန်း အုတ်မြစ် တည်ရှိရာမြေဖြစ်သည်။
“ ဆရာ ... တပည့် အခွင့်သာတာနဲ့ ဆရာ့ဆီကို ပြန်လာပါ့မယ်။ ”
မိုတိမ်တံတားနတ်တောင်တန်းနှင့် မိုင်ရာချီဝေးကွာသောနေရာ၌ မုချန်းယွမ်သည် သူ့ဆရာသခင်ဘိုးဘေးယွဲ့ဟုန်ကို ဦးညွှတ် ဂါရဝပြုလိုက်သည်။
ဘိုးဘေးယွဲ့ဟုန်က ရှုပ်ထွေးသောအသွင်ဖြင့် သူ့ကိုကြည့်ကာ၊
“ ချန်းယွမ် ... မင်းကိုယ်မင်းဂရုစိုက်ပါ နောင်မှာနန်းတော်သခင်ရဲ့အနားမှာ ပေါ့ပေါ့ တန်တန် မနေပါနဲ့ ... မာန်မာန မတက်နဲ့။ ”
-ဟု မှာကြားလေသည်။
မုချန်းယွမ်၏ ပြောပြချက်အရ အဖြစ်အပျက်များအားလုံးအပါအဝင် ပိုင်ရီနှင့် သူ့ကိုကယ်တင်ခဲ့သူသည် နန်တော်သခင် ဖြစ်ကြောင်း နားလည်သွားခဲ့၏။ မုချန်းယွမ်မှ ပြုံးလျက်၊
“ ဆရာ စိတ်ချပါ။ ”
-ဟု ကတိပေးလိုက်သည်။
ထို့နောက် သူ၏ တပည့်ဖြစ်သူ ပိုင်ရီကို နူးညံ့စွာကြည့်ပြီး၊
“ လူမိုက်လေး ... နောင်မှာကျင့်ကြံမှုကို အာရုံပိုစိုက်ပါ ... မင်းရဲ့ဆရာဘိုးဘိုးအနားမှာပဲ ကောင်းကောင်းမွန်မွန်နေပါ ကြားလား ... ။ ”
ပိုင်ရီသည် ခေါင်းငြိမ့်ပြပြီးနောက် ရုတ်တရက်မြေပြင်ပေါ် ဒူးထောက်ချလိုက်ကာ သုံးကြိမ်တိုင်တိုင် ကန်တော့လျက်၊
“ ဆရာ ... တပည့် ဆရာ့ကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ပါဘူး။ ”
-ဟု ကတိပြုတော့သည်။
မုချန်းယွမ်မှ ကျေနပ်စွာ ပြုံးရယ်လျက် ပိုင်ရီကိုထူပေးလိုက်၏။ ယွဲ့ဟုန်က အတွေးထဲ နစ်မျောနေဟန်ဖြင့် သည်းမခံနိုင်တော့ဘဲ၊
“ ချန်းယွမ် ... မင်း တကယ်ပဲ ဂိုဏ်းကို ပြန်မလာတော့ဘူးလား။ ”
-ဟု မေးမြန်းလိုက်လေသည်။
မုချန်းယွမ်မှ အတိတ်ကို မြင်လာသကဲ့သို့ အနည်းငယ်ငေးငိုင်လျက် ဝမ်းနည်းရိပ်သန်းကာ ခေါင်းငြိမ့်ပြတော့၏။ ယွဲ့ဟုန်တစ်ယောက် သက်ပြင်းချလိုက်သည်။
ထို့နောက် မုချန်းယွမ်ပုခုံးကိုပုတ်လျက် စကားထပ်မဆိုတော့ဘဲ ပိုင်ရီခေါ်ဆောင်ကာ ဝေးကွာလှသော တောင်တန်းများဆီသို့ ပျံသန်းထွက်ခွာသွားတော့သည်။
ပုံရိပ်များ ပျောက်ကွယ်သွားသည်အထိ အချိန်အတော်ကြာ ငေးကြည့်နေခဲ့ပြီးနောက် မုချန်းယွမ်သည် ပြတ်သားစွာဖြင့် ကျောခိုင်းလိုက်၏။
ထိုအချိန်တွင် နေမင်းရောင်ခြည်ခြံဝင်းသို့ ဘိုးဘေးယွဲ့ဟုန်နှင့် ပိုင်ရီတို့ ပြန်လည်ရောက်ရှိ လာခြင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။
“ နန်းတော်သခင်က ... တကယ်ပဲ သူတစ်ယောက်တည်းနဲ့ ဘိုးဘေးတို့ကို ထိုက်ရီ ဂိုဏ်းကနေ သွားကယ်နိုင်ခဲ့တာလား ... ။ ”
အဆင့်မြင့်အကြီးအကဲများအားလုံးမှာ တုန်လှုပ်ကုန်ကြသည်။ မည်သူမဆို စုရီအပေါ် အကောင်းမမြင်ကြချေ။ ယခုမူ တစ်ဖက်လူမှ အစွမ်းထက်ပုံရချေပြီ။
ထိုအကြောင်းကို တွေးမိသည်နှင့် သူတို့ရင်ထဲတွင် နောင်တတရားများတလိပ်လိပ် တက်လာတော့သည်။
တစ်ဆက်တည်းမှာပင် ယွဲ့ဟုန်က ဝမ်ကျိရှင်းကိုဂိုဏ်းချုပ်ရာထူးမှ ဖယ်ရှားပစ်၏။ မည်သူမျှ ကန့်ကွက်ဝံ့ခြင်းမရှိချေ။
***
သစ်ရွက်တစ်ထောင်မြို့။
တည်းခိုခန်းတစ်ခုအတွင်း ဓားဘူးသီးထံမှ ဝမ်းမြောက်ဝမ်းသာဖြစ်နေသော မြည်သံများ ထွက်ပေါ်လာနေသည်။
“ ချွင် ... ။ ”
ထိုက်ရီဂိုဏ်းထံမှ ခြိမ်းခြောက် ယူဆောင်လာသော ဝိညာဉ်အနှစ်သာရပေါင်း (၉၀၀၀)ကီလိုဂရမ်ခန့်ကို လောင်းထည့် ပေးခဲ့ခြင်းဖြစ်သည်။
စကြာဝဠာနှလုံးသားသည် အငမ်းမရဝါးမြိုလျက် ပျက်စီးနေသော သူ့ခန္ဓာ ကိုယ်ထည်ကို ပြန်လည်ပြုပြင်နေခဲ့၏။
လက်ရှိအချိန်တွင် ဤဓားသည် နက်နဲတာအိုနယ်ပယ်၌ ပြိုင်ဘက်ကင်းရတနာ တစ်ပါးဖြစ်သော်လည်း ကောင်းကင်လမ်း နယ်ပယ်ဖြင့်ယှဉ်ရန် နိမ့်ကျနေခဲ့သည်။
သို့သော် ၎င်းကိုစွန့်လွှတ်ရန် အစီအစဉ်မရှိချေ။ ဤဓားသည် သူဘဝ၏ အတိတ်မှတ်ဉာဏ်နှင့် သံယောဇဉ်များစွာ ကိန်းအောင်းနေသည်။
သည့်နောက် ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသောသားရဲ အရိုးတစ်ချောင်းကို ထုတ်ယူကာ စစ်ဆေးလိုက်၏။
ယင်းသည် ရှေးဟောင်းလေဟာနယ် သားရဲကြီးတစ်ကောင်၏ မူလရင်နုအရိုးဖြစ်ပြီး အတွင်း၌ ဓားအစီရင်တစ်ခုရေးထွင်းထားသည်။
ယင်းသည် ကောင်းကင်လမ်းထက် သာလွန်သော ဓားအစီရင်ပုံစံငယ်တစ်ခုပေပင်။ ဆိုလိုသည်မှာ နယ်ပယ်ဘုရင်အဆင့်ထက် များစွာ ကျော်လွန်နေ၏။
“ သုံးနှစ်အတွင်း ဒိုမိန်းတိုက်ပွဲမြေပြင် ပွင့်လာတော့မယ် ... အင်မော်တယ်နယ်ပယ်နဲ့ ဆက်နွယ်နေတဲ့ အခွင့်အရေးတွေကလည်း သုံးနှစ်အတွင်း ပေါ်လာမယ် ...
... ပြီးတော့ ... အဲဒီအရိုးဖြူလက် ပိုင်ရှင်ကလည်း သုံးနှစ်အတွင်းပြန်လာမယ်လို့ ပြောတယ် ... ဒါက နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။ ”
စုရီက တစ်ယောက်တည်း ရေရွတ်ပြီး အရက်တစ်ငုံသောက်လိုက်၏။ ဤအစီရင်သည် တန်ဖိုးရှိသော်လည်း လက်ရှိ သူ ကျင့်ကြံမှုအရ အသုံးချရန် ခက်ခဲနေသေးသည်။
အဖိုးကြီးတျန်ကျန်းတစ်ယောက် ထိုက်ရီတာအိုဂိုဏ်း၏ ရတနာသိုက်အားလုံးကို ပြောင်သလင်းခါလုနီးပါး အသုံးပြုခဲ့ရသည်တိုင် (၄၀)ရာခိုင်နှုန်းမျှသာ ထုတ်ဖော်နိုင်၏။
ထို့ကြောင့် ပြန်လည်သိမ်းဆည်းကာ အနာဂါတ်တွင် အခွင့်အရေးတစ်ခု ရှာကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။ နေဝင်ရိုးရီအချိန်တွင် မုချန်းယွမ် ပြန်ရောက်လာ၏။
“ သခင်လေး ... ဒီအဖိုးကြီးရဲ့ အရှုပ်တွေ ရှင်းပြီးပါပြီ။ ”
“ ကောင်းပြီ ... ။ ”
စုရီက ခေါင်းငြိမ့်ပြပြီးနောက် ထာဝရတည်မြဲခြင်း စက်ဝန်းတံဆိပ်ဖန်တီးကာ အားချိုင်နှင့် ဆက်သွယ်လိုက်သည်။
“ ငါတို့ထွက်ခွာတော့မယ် ... မင်း တကယ်ပဲ လိုက်မလာဘူးလား။ ”
စုရီက မေးသည်။ ဝင်စားခြင်းသစ်ပင်တွင် အားချိုင်သည် ထိုက်ရီဂိုဏ်းမှ သူမကိုခေါ်ထုတ် ပေးရန် အကူအညီတောင်းခဲ့ဖူး၏။
ယခုမူ ထွက်ခွာရန် ငြင်းဆန် နေခဲ့သောကြောင့် နားမလည်နိုင်ဖြစ်ရသည်။ အားချိုင်ကပြုံးလျက်၊
“ ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ၊ ဒါပေမဲ့ ငါ မထွက်သွားနိုင်သေးဘူး ... ။ ”
-ဟု အခိုင်အမာဆိုသည်။ စုရီက မျက်မှောင်ကြုတ်ကာ ၊
“ ဘာလို့လဲ ... ထိုက်ရီဂိုဏ်းချုပ်က မင်းကို သူ့သမီးအတွက် အစားထိုးဖို့ ကြံစည်နေတာကို မကြောက်ဘူးလား။ ”
- ဟု ပြန်လည်မေးမြန်းလိုက်၏။ သူ့စကားကြောင့် အားချိုင်မှ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားလေသည်။
“ တကယ်တော့ ... အဲဒီတုန်းက ငါလိမ်ခဲ့တာပါ တာအိုမိတ်ဆွေနဲ့တွေ့စဆိုတော့ မယုံကြည်ခဲ့မိဘူး။ ”
“ ဒါဆို အခုဘာလို့ဝန်ခံတာလဲ။ ”
“ ဒီအတွက် ခွင့်လွှတ်ပေးပါ နောက်သုံးနှစ်နေရင် တာအိုမိတ်ဆွေအတွက် လက်ဆောင်တစ်ခုကို ငါပေးပါ့မယ်။ ”
“ ဟမ့် ... သုံးနှစ်ပဲလား ဘာလို့အားလုံးက သုံးနှစ်ဆိုတဲ့အချိန်ကို ချိန်းဆိုနေကြတာလဲ။ ”
ဤတစ်ကြိမ်တွင် အားချိုင်းမှ စကားမဆိုတော့ဘဲ ပြုံးကြည့်နေသည်။ စုရီမှ ခေါင်းညိတ်ကာ၊
“ ကောင်းပြီ ... မလိုက်ရင် ငါသွားတော့မယ်။ ”
-ဟု နှုတ်ဆက်လိုက်၏။
ဤအမျိုးသမီးမူလအပေါ် သူ လျှော့တွက်ထားမိပုံရသည်။ အလေးအနက် စဉ်းစားကြည့်သော် ကျိုးကြောင်းဆီလျော် နေပြန်၏။
တစ်ဖက်ဖူသည် ဝင်စားခြင်းစွမ်းအားကို ယှဉ်ပြိုင်နိုင်သော မွေးရာပါအရည်အချင်းအချင်း တစ်ရပ်ရှိသည်။ ထို့ကြောင့် သူမသည် သာမန် မဖြစ်နိုင်သည်မှာ သဘာဝပေပင်။
( ဒီလိပ်ပြာလေးက တကယ်ပဲ အင်မော်တယ်တွေနဲ့ ဆက်စပ်နေတာများလား စိတ်ဝင်စားစရာပဲ သုံးနှစ်နေရင်သူပေးမဲ့ လျော်ကြေးက ဘာဖြစ်နိုင်မလဲ။ )
ထိုနေ့မှာပင် စုရီနှင့်မုချန်းယွမ်တို့သည် လှေငယ်တစ်စင်းဖြင့် ကြယ်ပင်လယ်အတွင်း ရွက်လွင့်နေခဲ့သည်။
ခုနစ်ရက်အတွင်း ထိုက်ရီဂိုဏ်းမှ ရရှိလာသော ကြယ်ဝိညာဉ်ကျောက်တုံးများကို သန့်စင်ကာ ကျင့်ကြံမှုအပေါ် ထုံရှောက် အထွတ်အထိပ်သို့မြင့်တင်နိုင်ခဲ့သည်။
ထို့ကြောင့် ကွေ့ယီအဆင့်သို့ တက်လှမ်းနိုင်ရန် ပြင်ဆင်ရပေတော့မည်။ ကွေ့ယီအဆင့်သည် တာအိုများကိုမူလသို့ ပြန်လည်ရောက်ရှိစေခြင်းဖြစ်၏။
ထိုအဆင့်သို့ ခြေချလိုက်သည်နှင့် နယ်ပယ်ဘုရင်တစ်ပါး၏ တာအိုအုတ်မြစ်တွင် လျှို့ဝှက်နည်းစနစ်များ ပေါင်းစပ်သွားပေမည်။ ယခင်ဘဝက ထိုအဆင့်သို့ ဝင်ရောက်သောအခါ သူနားလည်ထားသော ဥပဒေများကို ဒါန်တမ်၌ တာအိုဘူးသီးအဖြစ် ပေါင်းစပ်နိုင်ခဲ့သည်။
၎င်းသည်ကောင်းကင်နှင့် မြေကြီးကြား အသက်အမြစ်အဖြစ် ဒါန်တမ်အတွင်းရှိ ဖရိုဖရဲ တွင်းနက်အတွင်း၌ ရှည်လျားလှသော သက်တမ်းကိုထောက်ပံ့ပေးချေပြီ။
“ သခင် ... ရှေ့မှာ ကောင်းကင်ဆန္ဒကြယ်စုဆီ ရောက်ပါပြီ။ ”
ထိုစဉ်မုချန်းယွမ်မှ သတင်းပို့၏။ စုရီက လှေပေါ်မှထရပ်လိုက်ကာ အဝေးသို့ မျှော်ကြည့် လိုက်လေသည်။ သူ့ရှေ့တွင် မီးခိုးရောင်များ ရစ်သိုင်းနေသောကြယ်စုကို မြင်နေရ၏။
“ ကောင်းကင်ကိုးပါးနန်းတော်ကို တိုက်ရိုက်သွားပါ။ ”
စုရီက အမိန့်ပေးလိုက်သည်။ ထိုစဉ် မီခိုးငွေ့များအတွင်းမှ ထူးခြားသောလှုပ်ရှားမှု တစ်ခုပေါ်သဖြင့် စုရီမှ ထရပ်ကာ ကြည့်လိုက်တော့၏။
မုချန်းယွမ်သည်လည်း လှေငယ်သည် ရပ်တန့်လိုက်ကာ သတိကြီးစွာဖြင့် ထိုမြူများထံ မျှော်ကြည့်လိုက်သည်။
တစ်ဆက်တည်းမှာပင် အန္တရာယ်ကို ခံစားမိသောသားရဲကြီးကဲ့သို့ သတိကြီးစွာဖြင့် စောင့်ကြည့်နေခဲ့၏။
“ ဝှစ် ... ။ ”
လွင့်မျောနေသော အလင်းနှင့် အရိပ်များ ရောနှောလျက် မျက်နှာတွင်အရေးအကြောင်း များစွာ ဖုံးလွှမ်းနေသော အဘိုးကြီးတစ်ယောက် ထွက်ပေါ်လာသည်။
သူ့ဆံပင်များသည် နှင်းလိုဖြူဖွေးနေပြီး ဟောင်းနွမ်းနေသောအဝတ်အစားဖြင့် ပိန်ပိန် ပါးပါးအသွင်ဖြစ်၏။
ပေါ့ပေါ့ပါးပါး ရပ်နေရုံနှင့် အရှိန်အဝါသည် ပတ်ဝန်းကျင်ဖြင့် ပေါင်းစပ်ကာ အားနည်းချက် လုံးဝမပြချေ။
“ ဒီအဖိုးကြီးက ကောင်းကင်ကိုးပါး နန်းတော်ရဲ့ ... ကောင်းကင်လွတ်မြောက်သူ လုယွမ်ပါ ... စီနီယာနန်းတော်သခင်ကို နှုတ်ဆက်ပါတယ်။ ”
ထိုသူသည် ထွက်ပေါ်လာသည်နှင့် တပြိုင်နက်တည်း စုရီထံသို့ပြုံးပြီးဦးညွှတ်ကာ နှုတ်ဆက်လိုက်လေသည်။ စုရီတစ်ယောက် မျက်မှောင်ကြုတ်သွားတော့၏။
***