အခန်း (၉၇၇-၉၇၈)
Vol. 82 Ch. 977-978
အခန်း ၉၇၇ -
နာကျည်းခြင်း ကျိန်စာစွမ်းအား။
“ ခရစ် ... ။ ”
လုယွမ် အနားရောက်လာချိန်တွင် မုချန်းယွမ်သည် သူ့ခြေထောက်ဖြင့် အနီးနားရှိ ကျောက်တုံးတစ်တုံးကို တမင်တကာ အသံမြည်အောင် နင်းခြေပစ်လိုက်သည်။
ကျောက်တုံးကွဲကျေသံသည် လုယွမ်ကို နှုတ်ခမ်းများတုန်ခါသွားပြီး ပါးပြင်မသိမသာ တွန့်လှုပ်သွားစေသည်။
သံသယဖြစ်စရာ မလိုအောင်ပင် ဤအသံသည် သူ့ကိုယ်ပွားကို နင်းခြေခံရသည့် အချိန်ကို ပြန်လည်အမှတ်ရစေမည်။
“ စီနီယာ ... ငါက မင်းကို သတင်းအချို့မျှဝေပေးဖို့ အမိန့်နဲ့ဒီကို ရောက်လာတာပါ။ ”
စုရီက အာရုံစိုက်ရန် ပျင်းရိလာပြီး ဝေးလံလှသော ကျီးကန်းတောင်ကြားထံသို့ ငေးကြည့်လျက်၊ ‘ပြော’ဟု ဆိုလိုက်သည်။
“ လွန်ခဲ့တဲ့သုံးရက်လောက်က အရှေ့ဘက်ကြယ်လွင်ပြင်ဒေသရဲ့ အင်အားစု အသီးသီးက ကျီးကန်းတောင်ကြားထဲ ...
... ဝင်သွားကုန်ကြပါပြီ သူတို့လည်း ... ဒီထဲမှာ ကံကောင်းခြင်းတွေကို ရှာဖွေချင်နေကြ ပုံရတယ်။ ”
လုယွမ်က တင်ပြသည်။ စုရီမှ မျက်ခုံးပင့်လိုက်ပြီး လုယွမ်ထံ လှည့်ကြည့်၏။
“ ကောင်းကင်ဆန္ဒကြယ်နယ်မြေက ကောင်းကင်ကိုးပါးနန်းဆောင်ရဲ့ နယ်မြေပဲ မင်းတို့က တကယ်ပဲ တခြားလူတွေကို ...
... မင်းတို့ အသက်ရှုသံအောက်မှာ ကံကောင်းခြင်းတွေ လုယူခွင့်ပေးနိုင်တာလား ဒါမှမဟုတ် ကောင်းကင်ကိုးပါးနန်းတောင်က သူတို့တိုက်ခိုက်ပြီးမှ နောက်ဆုံးဆုလာဘ်ကို လုယူဖို့ ကြံနေတာလား။ ”
စုရီမေးခွန်းကို လုယွမ်မှ ပြုံးပြီး ခေါင်းခါပြလိုက်သည်။
“ အဲဒီလိုလုံးဝမဟုတ်ပါဘူး ဒီကိုလာတဲ့ အဖွဲ့တွေထဲမှာ ကောင်းကင်ကိုးပါးနန်းတောင် မထိဝံ့တဲ့ အဖွဲ့သုံးဖွဲ့ ပါဝင်နေလို့ပါ။ ”
“ ဟမ့် ... ဘယ်သူတွေလဲ။ ”
“ အပြာရောင်လွမ်ငှက် ဝိညာဉ်မျိုးရိုး ဖုန်းမိသားစု၊ ကြယ်မြစ်ခန်းမနဲ့ ရှေးဟောင်း ယွီမိသားစုတို့ပါပဲ။ ”
စုရီက မျက်ခုံးပင့်လိုက်သည်။ ဤမိသားစုကြီးသုံးစုသည် အရှေ့ဘက်ကြယ် ဒိုမိန်း၏ ရှေးဟောင်းမျိုးနွယ်ဖြစ်၏။
၎င်းတို့အနက် အပြာရောင်လွမ်ငှက် မျိုးနွယ်စုသည် အင်အားအကြီးဆုံး ဖြစ်သည်။ သူတို့သည် ရှေးဟောင်းကာကွယ်သူ မိသားစု ခြောက်ပါးတွင်ပါဝင်ပြီး အုတ်မြစ်လွန်စွာ နက်ရှိုင်းလှသည်။
ထိပ်တန်းဂိုဏ်းကြီးများပင် မယှဉ်နိုင်ချေ။ ကြယ်မြစ်ဂိုဏ်းသည်လည်း ထိပ်တန်းအင်အားစု တစ်ခုဖြစ်ပြီး အထူးပြောနေစရာ မလိုချေ။
ရှေးဟောင်းယွီမိသားစုမှာမူ အင်မော်တယ်မျိုးရိုးမှ ဆင်းသက်သူအဖြစ် ကောလဟာလများ ထွက်ပေါ်နေပြီး ထင်ရှားကျော်ကြားလေသည်။
“ ဒါကြောင့် အခြေအနေအရ တစ်ဖက်လှည့်နဲ့ အမြတ်ထုတ်ချင်ရင်တောင်မှ ဒုက္ခကိုဖိတ်ခေါ်သလို ဖြစ်ရလိမ့်မယ်။ ”
လုယွမ်မှ သက်ပြင်းချကာဆိုသည်။ စုရီတစ်ယောက် ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျီးကန်းတောင်ကြားရှိ ကံကြမ္မာအကြောင်း မေးမြန်းလိုက်သည်။ လုယွမ်က စိတ်ရှည်စွာ ရှင်းပြပေး၏။
“ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အင်မော်တယ်နယ်ပယ်နဲ့ ပတ်သက်တဲ့ အပျက်အစီးတွေ အများကြီး ပေါ်လာပေမယ့် ...
... တကယ့် အထူးခြားဆုံးနေရာက ခြောက်ခုပဲရှိတယ် ... အဲဒီအထဲမှာ ကျီးကန်း တောင်ကြားလည်း ပါဝင်နေပါတယ် ...
... ဒီတောင်ကြားက အင်မော်တယ် တားမြစ်မြေမှာရှိတဲ့ အခွင့်အရေးတွေထက် နိမ့်ကျနေပေမယ့် အာရုံစိုက်ခံရမှု အများဆုံး ရရှိထားပါတယ် ...
... လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျင့်ကြံသူအများအပြားဟာ ဒီတောင်ကြားထဲ ကံကောင်းခြင်းကို ရှာဖွေလိုကြောင်း ငါတို့ဆီ သတင်းပို့လာပါတယ် ... ငါတို့ဂိုဏ်းချုပ်က ဘဘ်သူ့ကိုမျှ ခွင့်မပြုခဲ့ဘူး ...
... အမှန်အတိုင်းပြောရရင် ဒါက ကြီးမားတဲ့ဖိအားကို ခံလာရစေတယ် အခုဆိုရင် ကြီးမားတဲ့အင်အားစုတွေ အားလုံးကလည်း ပစ်မှတ်ထားလာကြပါပြီ။ ”
ဤနေရာအရောက်တွင် လုယွမ်၏ အကြည့်များသည် အနည်းငယ် ပြောင်းသွားပြီး၊
“ ကံကောင်းထောက်မစွာနဲ့ အခု စီနီယာဒီမှာရှိနေတာမို့ ဒီပြဿနာကို ငါတို့တွေ ကျော်လွှားနိုင်ပါပြီ ... ။ ”
-ဟု ပြောကြားလာ၏။
“ ဟမ့် ... ။ ”
ထိုစကားကြောင့် မုချန်းယွမ်က အေးစက်စွာနှာခေါင်းရှုံ့သည်။ တစ်ဖက်လူသည် လောကသခင်ကို လက်နက်သဖွယ် အသုံးချရန် ကြံစည်နေသည်မှာ သိသာလှ၏။
“ ရန်ထောင်လင်က တစ်နှစ်အတွင်း ငါ့ကိုလာတွေ့ဖို့ အတင်းအကျပ်တောင်းဆိုတာ မဆန်းတော့ပါဘူး ဒီလိုဖိအားတွေကို သူ တကယ် မခံနိုင်တော့ဘူးပဲ။ ”
တစ်ဖက်တွင် စုရီမှ လှောင်ပြောင် ပြောဆိုလိုက်သည်။ ထို့နောက် သူက လုယွမ်ကို ပြန်ကြည့်လျက်၊
“ ဒါနဲ့ ... မင်းရဲ့ဂိုဏ်းချုပ်က ဘာလို့ကိုယ်တိုင် ဝင်မပါရတာလဲ။ ”
-ဟု မေးမြန်း၏။ လုယွမ်မှ။
“ ဒီအကြောင်းကို ငါလည်းမရှိပါဘူး ... စီနီယာသိချင်ရင် ငါတို့ဂိုဏ်းချုပ်နဲ့တွေ့တဲ့အခါ တိုက်ရိုက်မေးကြည့်ပါ။ ”
-ဟု ပြန်ဖြေသည်။
စုရီမှ ခေါင်းညိတ်ကာ ဝေရှန်း၏ အခြေအနေကိုမေးမြန်းလိုက်၏။ ဝေရှန်းသည် လွန်ခဲ့သောကိုးနှစ်ကတည်းက ဤနေရာတွင် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။
သူချန်ထားခဲ့သော ဝိညာဉ်မီးအိမ်သည် ယနေ့တိုင်လင်းလက်နေဆဲဖြစ်ရာ အသက်ဘေး မကြုံရသေးကြောင်း အာမခံနိုင်၏။
ထိုသတင်းကြားသောအခါ စုရီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် မုချန်းယွမ်ကို ဤနေရာတွင် စောင့်ဆိုင်းရန်မှာကြားလိုက်၏။
“ ရန်ထောင်လင်နဲ့ ငါ့ကြားက ရန်ငြိုးက မင်းအပေါ် အန္တရာယ် ရှိလာနိုင်မှာမဟုတ်ပါဘူး မင်းကိုတစ်ခုခု လုပ်ဝံ့ရင် ကောင်းကင်ကိုးပါး နန်းတော်က အကျိုးဆက်ကိုခံရလိမ့်မယ်။”
စုရီမှားကြားချက်ကြောင့် လုယွမ်မှ မျက်ခုံးပင့်သွားသည်။ မိမိ၏အစေခံတစ်ဦးကို ရန်သူ့လက်ထဲတွင် ယုံယုံကြည်ကြည် ချန်ထား ဝံ့သည်မှာ အကယ်ပင် ရူးသွပ်လွန်းချေပြီ။
“ စီနီယာ ... ဒီမှာဝေရှန်းရဲ့ အသက်မီးအိမ်ပါ။ ”
သို့သော် လုယွမ်မှ စကားမဆိုတော့ဘဲ ဝေရှန်း၏ အမှတ်အသား ကျောက်စိမ်းဆွဲသီးကို ပေးအပ်လိုက်သည်။ စုရီက ယူဆောင်လျက် စကားမဆိုတော့ဘဲ ကျီးကန်းတောင်ကြားထဲသို့ တစ်ယောက်တည်း ပျံသန်းသွားတော့၏။
“ ဂျိန်း ... ။ ”
တောင်ကြားထဲသို့ ခြေချလိုက်သည်နှင့် မိုးခြိမ်းသံများကို ကျယ်လောင်စွာကြားလာရ၏။ ကောင်းကင်နှင့်မြေကြီးသည် မှောင်မိုက်သွားပြီး ထာဝရညကဲ့သို့ပေပင်။
ဖိနှိပ်ချုပ်ချယ်သော ပျက်စီးခြင်း အငွေ့အသက်များကြောင့် စုရီပင်အမူအရာ တည်ကြည်လေးနက်သွားရသည်။
အရာခပ်သိမ်းဖျက်သိမ်းခြင်း ဥပဒေစည်းမျဉ်းကိုအသက်သွင်းကာ ရှေ့သို့ ဖြည်းညှင်းသွာ ဆက်တိုးလာခဲ့၏။
လေထုထဲတွင် ပျံ့လွင့်နေခဲ့သော ဖျက်ဆီးခြင်းရောင်ဝါ တစ်ခုတည်းသည်ပင် နယ်ပယ်ဘုရင်များကို တုန်လှုပ်စေနိုင်၏။
ဆယ့်ငါးမိနစ်ခန့် ပျံသန်းပြီးနောက် တောင်ကြား မြေပြန့်တစ်ခုတွင် ပျက်စီးနေသော အလောင်းတစ်လောင်းကို မြင်တွေ့လာရသည်။
အလောင်းသည် ချွန်ထက်လှသော လက်သည်းများဖြင့် အပိုင်းပိုင်းဆွဲဖြဲခံထားရပြီး အသားများကို ကိုက်စားခံထားရကာ အရိုးသာ ကျန်ရှိတော့၏။
သေဆုံးသူသည် တုံ့ယွီအဆင့် နယ်ပယ်ဘုရင်တစ်ပါးပေပင်။ ဤအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးသည် တောင်ကြား ဝင်ပေါက်၌ပင် သေဆုံးနေသည်မှာ ယုံနိုင်စရာမရှိချေ။
“ ဒီလူသေတာ အများဆုံး နှစ်ရက်လောက်ပဲ ရှိဦးမယ်။ ”
တစ်ဖက်လူသည် ရန်သူများ၏ ဝိုင်းရံတိုက်ခိုက်ခြင်း ခံထားရပုံရလေသည်။ စုရီ တစ်ယောက် သုံးသပ်နေစဉ် ဝေးလံသော ကောင်းကင်ယံ၌ နီရဲနေသည့်လျှပ်စီးများ လင်းလက်လာတော့သည်။
ယင်းသည် အလင်းတန်းသဖွယ် သူ့ထံပါးသို့ပျံသန်းလာနေသည့် သွေးနီရောင် ပုံရိပ်များအဖြစ် ပြောင်းလဲသွား၏။
ဤသည်မှာ သွေးကျီးကန်းများပေပင်။ ထိုကျီးကန်းများ ခန္ဓာကိုယ်တွင် သွေးများယိုစီး ကျနေပြီး မျက်လုံးများ နီရဲနေ၏။
သူတို့ပတ်ပတ်လည်တွင် ထူးဆန်းသော သွေးလျှပ်စီးများနှင့် နာကျည်းခြင်းရောင်ဝါများ ရစ်သိုင်းနေသည်။
အရေအတွက်သည် ကောင်းကင်တခွင် ပြည့်လျှံနေခဲ့ပြီး စုရီထံသို့ တစ်ဟုန်ထိုး ပြေးဝင် လာတော့၏။
“ ဟမ့် ... ။ ”
စုရီက ချက်ချင်းရှောင်ရှားလိုက်သော်လည်း သွေးကျီးကန်းများမှာ များပြားလွန်းပြီး မြန်ဆန် နေချေပြီ။
“ ဝုန်း ... ။ ”
ချက်ချင်းပင် တိုက်ပွဲတစ်ခု ဖြစ်ပွားလာ၏။ စုရီတစ်ယောက်ဓားရောင်ဝါများဖြင့် သူ့ကိုယ်သူ ထုတ်ပိုးလိုက်ရကာ ပြန်လည်ခုခံနေရသည်။
ခဏချင်းမှာပင် တိုက်ပွဲပြင်းထန်လာပြီး ကျီးကန်းတစ်ကောင် အပိုင်းပိုင်းပြတ်သွားတိုင်း မှိုင်းညို့သော အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ စုရီထံသို့ကူးစက်လာခဲ့၏။
“ နာကျည်းခြင်း ကျိန်စာတွေလား။ ”
စုရီက သတိထားမိလာပြီး ဓားကိုဝှေ့ယမ်းကာ သွေ့ရော်ခြင်းဥပဒေကို ထုတ်ဖော်လျက် ပယ်ဖျက်လိုက်ရသည်။
အနက်ရောင်ကျိန်စွာ စွမ်းအင်များခမျာ ချက်ချင်းသွေ့ခြောက်ပြီဂ ချေမှုန်းခံလိုက်ရ၏။ သို့တိုင် စုရီတစ်ယောက် သတိကြီးစွာ ထားနေခဲ့ရသေးသည်။
ဤသွေးကျီးကန်း တစ်ကောင်ချင်းစီသည် ကွေ့ယီအဆင့်နယ်ပယ်ဘုရင်နှင့် ယှဉ်နိုင်သော စွမ်းအားများပါရှိပြီး ကျိန်စာစွမ်းအားသည်လည်း ပြည့်နှက်နေ၏။
၎င်းအရေအတွက်သည် အဆုံးမရှိဘဲ ဉာဏ်ရည်ဉာဏ်သွေးကင်းမဲ့နေကာ ဤသို့ဝိုင်းရံ တိုက်ခိုက်ခြင်းခံရပါက တုံယွီအဆင့် နယ်ပယ် ဘုရင်သည်ပင် ကျင့်ကြံမှုကုန်ဆုံးနိုင်၏။
အစောပိုင်း မြေပြင်၌ သေဆုံးနေသော နယ်ပယ်ဘုရင်သည် ဤသွေးကျီးကန်းများ၏ ဆွဲဖြဲခြင်းကို ခံလိုက်ရခြင်းဖြစ်ချေသည်။
“ ဒီတိရစ္ဆာန်တွေ ... ။ ”
ထို့ကြောင့် စုရီကတွေဝေမနေတော့ဘဲ အလင်းတန်းတစ်ခုအလား ပြောင်းလဲလိုက်ပြီး ကျီးကန်းတောင်ကြား၏ အလယ်ဗဟိုဆီသို့ ချက်ချင်းပျံသန်းလိုက်တော့သည်။
***
အခန်း ၉၇၈ -
သေပေတော့ ... ။
ကောင်းကင်နှင့်မြေကြီးသည် မည်းမှောင်သော တိမ်တိုက်များဖုံးလွှမ်းလျက် ထာဝရညကဲ့သို့ မှောင်မိုက်နေသည်။
ထိုကောင်းကင်ယံတွင် သွေးနီရောင် လျှပ်စီးများသည် မြစ်တစ်စင်းအလား ဖြစ်ပေါ် စီးဆင်းနေတော့၏။
စုရီတစ်ယောက် ဝင်စားခြင်း ဥပဒေစည်းမျဉ်းကို ဝန်းရံလျက် လျင်မြန်စွာ ရွေ့လျားနေခဲ့သည်။
သူ့ရွေ့လျားရာလမ်းတစ်လျှောက် သွေးကျီးကန်းများ အပိုင်းပိုင်းပျက်စီးနေကြကာ မည်သည့်အရာကမှ တားဆီး၍မရသော ထက်ရှသည့် ဓားတစ်လက်နှင့် တူနေသည်။
အဝေးမှ ကြည့်မည်ဆိုသော် ဧရာမ သွေးကျီးကန်းပင်လယ်ကြီးထဲတွင် အလင်းတန်း တစ်ခုသည် မျဉ်းဖြောင့်အတိုင်း ရှေ့သို့ ထိုးဖောက်နေ၏။
ဤသွေးကျီးကန်းများမှာ အလွန် ဒုက္ခပေးလှသည်။ တစ်ကောင်ချင်းစီသည် ကွေ့ယီအဆင့် နယ်ပယ်ဘုရင်နှင့် ယှဉ်နိုင်ပြီး အုပ်စုလိုက် တိုက်ခိုက်တတ်ကြ၏။
သို့သော် ဝင်စားခြင်းဥပဒေသည် အလုပ်ဖြစ်ချေပြီ။ မွေးဖွားခြင်း၊ ညှိုးနွမ်းခြင်း-ဖွံ့ဖြိုးခြင်း၊ သေလွန်ခြင်း၊ သန့်စင်ခြင်းနှင့် အဆုံးသတ်တို့သည် သူ့ဝန်းကျင်၌ စက်ဝန်း အသွင်လည်ပတ်နေသည်။
တစ်ဖက်တွင် စုရီသည် ဤဥပဒေစည်းမျဉ်းများသည် ထိုထူးဆန်းသော မည်သည့်သတ္တဝါမျိုးကိုမဆို အလွယ်တကူ နှိမ်နင်းနိုင်ကြောင်း သတိပြုမိလာ၏။
“ ဒီသွေးကျီးကန်းတွေက တကယ့် သက်ရှိတွေမဟုတ်ဘူး အရင်ကသေဆုံးသွားတဲ့ ဝိညာဉ်တွေရဲ့ မကျေနပ်ချက်တွေကနေ ဖြစ်တည်လာတာပဲ ...
... ဒါကြောင့်လည်း သူတို့ရဲ့ အဲဒီကျိန်စာလျှပ်စီး ဥပဒေတွေက ဒီလောက် ဒုက္ခပေးနိုင်တာ ... ။ ”
စုရီက ပတ်ဝန်းကျင်ရှိ ပျက်ပြယ်နေသော သွေးကျီးကန်းများနှင့် ကျိန်စာစွမ်းအားများထံ ငဲ့ကြည့်ကာ မှတ်ချက်ပေးလိုက်၏။
လမ်းတလျှောက် မည်သည့် သွေးကျီးကန်းမဆို ဝင်စားခြင်းဥပဒေစည်းမျဉ်း စက်ဝန်းနှင့် တိုက်မိစဉ် ကြွေလွင့်နေခဲ့သည်။
“ ဖျစ် ဖျစ် ဖျစ် ... ။ ”
သို့သော် ရှေ့တွင် သွေးရောင်လျှပ်စီးများ ပိုမိုပြင်းထန်လာပြီး သွေးကျီးကန်းအုပ်ကြီးသည် သူ့လမ်းကို ပိတ်ဆို့လာတော့၏။
၎င်းတို့သည် တစ်စုံတစ်ဦး၏အမိန့်ကို နာခံနေသကဲ့သို့ ဤလွင်ပြင်တွင်အသေသတ်ရန် ကြိုးစားနေကြခြင်းပေပင်။ ထိုကြောင့် စုရီက နတ်အာရုံကို ဖြန့်ကျက်လိုက်ရာ တစ်စုံတစ်ရာ ဖမ်းယူမိလိုက်လေသည်။
အရှေ့ဘက် ပေသုံးသောင်းအကွာတွင် အနက်ရောင်အလံငယ် (၁၆)ခုကို မြေပြင်ပေါ်၌ စိုက်ထူကာ အစီရင်တစ်ခုခင်းထား၏။
အလံငယ်များ၏ အလယ်တွင် သားရဲအရေခွံကိုဝတ်ဆင်ထားသော ပိန်လှီသည့် အဖိုးကြီးတစ်ဦး တင်ပျဉ်ခွေထိုင်နေသည်။
သူခန္ဓာကိုယ်ပေါ်တွင် ရှုပ်ထွေးလွန်းသော ရူရ်များပြည့်နှက်နေပြီး လက်ထဲ၌အလင်းများစွာ ရစ်သိုင်းနေသော တံဆိပ်တစ်ခုကိုင်ထား၏။
သူ့နှုတ်ဖျားမှလည်း မန္တန်များကို ရွတ်ဖတ်နေပြီး အစီရင်အလံများမှအလင်းများ ထွက်ပေါ်လျက် ကောင်းကင်ရှိသွေးလျှပ်စီးမြစ် ထဲသို့ စီးဝင်နေခဲ့သည်။
ထိုမြစ်ထဲမှနေ၍ သွေးကျီးကန်းများ အဆက်မပြတ် ထွက်ပေါ်လာနေခြင်းဖြစ်သည်။ စုရီတစ်ယောက် မျက်နှာ အေးစက်သွား၏။ တစ်ဖက်လူသည် သွေးကျီးကန်းများကို ထိန်းချုပ်နေကြောင်းမြင်သာသည်။
“ ဟမ့် ... ။ ”
သားရဲအရေခွံဝတ်စုံနှင့် အဖိုးကြီးမှာ တစ်စုံတစ်ခုကိုသတိပြုမိသွားပြီး ရုတ်တရက် ထရပ်ကာ တည်နေရာရွေ့ပြောင်းလိုက်၏။
ပေတစ်သောင်းရှည်သော စူးရှတောက်ပသည့် ဓားရောင်ဝါကြီးတစ်ခု သူ့အပေါ် ပြုတ်ကျလာခြင်းပေပင်။
မြေပြင်၌ ကြီးမားသော ပြတ်ရှာကြီးပေါ်လာကာ အလံငယ်(၁၆)ခုစလုံး ပေါက်ကွဲလျက် အောက်ခြေမမြင်ရသော ချောက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပတ်ဝန်းကျင်ရှိ သွေးကျီးကန်း အုပ်စုကြီးသည်လည်း တစ်ခဏချင်းအကုန်လုံး ချေမှုန်းခံလိုက်ရတော့၏။ ဤရလာဒ်သည် အဖိုးကြီးကို ချွေးစေးများထွက်လာစေသည်။
“ ဒါထုံရှောက်အဆင့် လူငယ်လေးတစ်ယောက်ရဲ့ စွမ်းအားလား။ ”
ထိုအတွေးမဆုံးခင်မှာပင် ဓားအလင်းတစ်လက်သည် သူ့မြင်ကွင်းထဲ ဝင်ရောက်လာတော့သည်။
“ ဝှစ် ... ။ ”
ချက်ချင်းပင် ရှောင်တိမ်းလိုက်ရ၏။ တစ်ဆက်တည်းမှာပင် လေထုအလယ်ပေါ်လာ သည့် လူငယ်လေးထံသို့ မော့ကြည့်လိုက်သည်။ လူငယ်သည် စကားတစ်ခွန်းမျှမဆိုဘဲ ထပ်မံတိုက်ခိုက်ရန် ပြင်နေပြန်၏။
“ သွား ... ။ ”
ထို့ကြောင့် တံဆိပ်တစ်ခုကို အသက်သွင်းလျက် ခုခံချေဖျက်လိုက်ရသည်။ ယင်းသည် အလွန်ဆန်းကြယ်လှပြီး နတ်ဘုရား တောင်ကြီးတစ်လုံး ထွက်ပေါ်လာသကဲ့သို့ ပြေးထွက်သွား၏။
“ ဝုန်း ... ။ ”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဓားရောင်ဝါလွင့်ပြယ်လျက် နတ်တောင်ကြီးမှာ ဆုတ်ခွာသွားလေသည်။
“ ကောင်လေး ... ဘာလို့ ငါ့ကို တိုက်ခိုက်နေရတာလဲ။ ”
အဖိုးကြီးမှ လေးနက်စွာ မေးမြန်းလိုက်၏။ စုရီတစ်ယောက် ပြန်မဖြေခဲ့ဘဲ ဆက်လက်ပြီး တိုက်ခိုက်လိုက်လေသည်။
“ ဝုန်း ... ။ ”
ပြင်းထန်လှသော ဓားရောင်ဝါကြား အသက်ရှူရန်ပင် အချိန်မရှိခဲ့ချေ။ များမကြာခင် အသက်ရှူကြပ်လာတော့၏။ အကယ်၍သာ သူ့တွင် ထိုတံဆိပ်တော်သည်သာ မရှိပါက ဒဏ်ရာအပြင်းအထန် ရရှိနေနိုင်ချေပြီ။
“ ဟမ့် ... မင်းသေချင်နေတာပဲ။ ”
အဆုံး၌ သည်းမခံနိုင်တော့ဘဲ ဟိန်းဟောက်လျက် ရူရ်များကိုအသက်သွင်း လိုက်လေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရူရ်များမှာ ကြောက်မက်ဖွယ်ကောင်းသော နတ်မိစ္ဆာများ အဖြစ်ပြောင်းလဲလာချေပြီ။
“ မိစ္ဆာလမ်းရဲ့ အမွေအနှစ်လား။ ”
စုရီက မျက်ခုံးပင့်လိုက်သော်လည်း တိုက်ခိုက်မှုများကို လျော့မချချေ။ ယင်းအစား အဟုန်ကိုတိုးမြှင့်လိုက်၏။
“ ဝုန်း ... ။ ”
မျက်စိတမှိတ်အတွင်းမှာပင် နတ်မိစ္ဆာများသည် ဓားအရှိန်အဝါအောက်တွင် အပိုင်းပိုင်း ပြတ်တောက်ကုန်ကြတော့သည်။
“ မကောင်းတော့ဘူး ... ။ ”
အဖိုးကြီးမှ ထိတ်လန့်တကြားဖြင့် လင်းနို့ကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းကာ အလွန်မြန်သော အရှိန်ဖြင့် ထွက်ပြေး၏။
“ မင်းလွတ်မြောက်မယ်ထင်လား ... ။ ”
စုရီက မဟူရာရွှေနွယ်ပင်ကို လေးကိုင်းအဖြစ်ပြောင်းလဲကာ လေးကြိုးအပေါ် ဆွဲတင်လိုက်၏။ စကြာဝဠာအလင်း ဥပဒေသည် မြားအဖြစ်လေးကြိုးပေါ်တွင် လာရောက် စုစည်းလေသည်။
“ ဘန်း ... ။ ”
ထို့နောက်တွင် စကြာဝဠာအလင်း ဥပဒေစည်းမျဉ်းသည် ကောင်းကင်နှင့် မြေကြီး တုန်ဟည်းကာ ပြေးထွက်သွားတော့၏။
ပစ်လွှတ်လိုက်ရာ လမ်းကြောင်းပေါ်ရှိ သွေးကျီးကန်းများစွားသည် အပေါက်များအဖြစ် ပဲ့ကြွေကုန်လေသည်။
“ အား ... ။ ”
ရုတ်တရက် မိုင်တစ်ထောင်အကွာသို့ ရောက်ရှိနေသောလင်းနို့ကြီးသည် လေဟာနယ် အတွင်း ရုတ်တရက် တုန်ခါလျက် မြေပြင်ပေါ် ပြုတ်ကျလာတော့၏။
သွေးချင်းချင်းနီလျက် လူသားအသွင် ပြန်လည်ပြောင်းလဲသွားလေသည်။ သူ့ပခုံးတွင် လက်သီးဆုပ်အရွယ် အပေါက်ကြီးရှိနေခဲ့၏။
ဓားရည်ရွယ်ချက်များက ထိုအပေါက်ကြီးတဝိုက် ရစ်သိုင်းလျက်ဖြင့် သူ့ အသက်စွမ်းအားကို ဝါးမြိုနေချေပြီ။
“ အသက်ဝင် ... ။ ”
ယင်းကို ဂရုမစိုက်အားဘဲ အသက်စွမ်းအားကိုလောင်မြိုက်လျက် ချက်ချင်း ထပြေးတော့သည်။ သို့သော် စုရီက လိုက်လာခြင်း မပြုဘဲ၊
“ မင်းလက်ထဲက တံဆိပ်တော်ကိုပေးရင် ငါမင်းကို ဒီတစ်ကြိမ် အသက်ရှင်ခွင့်ပေးမယ်။ ”
-ဟု ကမ်းလှမ်းလိုက်သည်။
“ အိပ်မက် မက်နေလိုက်။ ”
အဖိုးကြီးက ဒေါသတကြီး တုန့်ပြန်အော်ဟစ်လိုက်သည်။ ဤတံဆိပ်သည် သူ့အသက်နှင့်လဲပြီး ရယူထားရသော သာလွန် အဆင့် လက်နက်တစ်ခုဖြစ်လေသည်။
“ ဝှစ် ... ။ ”
တစ်ဖက်တွင် စုရီသည် နောက်တစ်ကြိမ် လေးကြိုးကိုဆွဲလိုက်သည်။ ဥပဒေစည်းမျဉ်းများ ချက်ချင်းစုရုံးလာကာ ပြေးထွက်သွား၏။
ထိုမြှားသည် ထွက်ပြေးနေသော အဖိုးကြီးနားရွက်ဘေးမှ ကပ်၍ဖြတ်သွားပြီး သွေးများပန်းထွက်လာစေခဲ့သည်။
“ ငါ သုံးအထိ ရေတွက်မယ် ... မင်းရဲ့တံဆိပ်ကိုမပေးရင် မင်းအလောင်းတောင် ကျန်မှာမဟုတ်ဘူး။ ”
စုရီက ထပ်မံ အော်ဟစ်လိုက်၏။ အဖိုးကြီးခမျာ အကျပ်ရိုက်နေစဉ် ဝေးလံသော အရပ်တွင် တောင်တစ်လုံးမြင်လိုက်ရသဖြင့် ထိုအရပ်သို့ ဦးတည်လိုက်တော့သည်။
ထိုတောင်သည် ပေတစ်သောင်းမြင့်ပြီး ချော်ရည်ပူများစီးကျနေကာ ဖျက်ဆီခြင်းဥပဒေ ရောင်ဝါအငွေ့အသက်များ ထွက်ပေါ်နေ၏။
“ အဲဒီမှာရပ်လိုက် ... ။ ”
ယင်းကြောင့် စုရီသည် နံပါတ်စဉ် မရေတွက်တော့ဘဲ အော်ဟစ်သတိပေးလိုက်၏။ အဖိုးကြီးမှ သူ့စကားကိုဂရုမစိုက်ဘဲ ပြုံးလျက် ပြေးဝင်သွားတော့သည်။ သို့သော် ခဏအတွင်း သူ့အပြုံးများ အေးခဲသွားရ၏။
အနက်ရောင်သံချပ်ဝတ်ဖြင့် လူတစ်ယောက်သည် ထိုတောင်ထွတ်ပေါ်တွင် ထွက်ပေါ်လာပြီး သူ့ထံသို့ လျှပ်စီးအလား ပြေးဝင်လာခဲ့ချေပြီ။
“ မလုပ်နဲ့ ... ။ ”
တစ်ဆက်တည်းမှာပင် ထိုပုံရိပ်သည် ဆယ်ပေရှည်သော သွေးနီရောင်ဓားရှည်ကြီး ဝှေ့ယမ်းကာ ခုတ်ချလာသည်။
“ ဝုန်း ... ။ ”
အဖိုးကြီးခမျာ ရှောင်တိမ်ရန် ကြိုးစားလိုက်သော်လည်း မအောင်မြင်ခဲ့ချေ။ ဓားတစ်ချက်ဖြင့် ခန္ဓာကိုယ်နှစ်ခြမ်းကွဲကာ သေဆုံးသွားတော့၏။
ဤနည်းဖြင့် တုံ့ယွီအဆင့် နယ်ပယ်ဘုရင် တစ်ပါးသည် ခန္ဓာနှင့်ဝိညာည် ကြွေလွင့်သွား၏။ ချပ်ဝတ်နှင့်လူသည် အဖိုးကြီးအလောင်းထံပါးမှ တံဆိပ်ကို ကောက်ယူလိုက်လေသည်။
“ ငါ သတိပေးတာကို ဘာလို့ နားမထောင်ရတာလဲ ... ။ ”
စုရီက အဝေးမှ သက်ပြင်းချလိုက်သည်။ ယခုမူ တံဆိပ်သည် အခြားသူလက်ထဲရောက်ရှိ သွားချေပြီ။ ချပ်ဝတ်နှင့်လူက သူကို မော့ကြည့်လိုက်ကာ၊
“ အဲဒီမှာရပ်နေ ... မဟုတ်ရင် ငါမင်းကို သက်ညှာနေမှာ မဟုတ်ဘူး။ ”
-ဟု အေးစက်စွာ သတိပေးလိုက်၏။
သူ့ချပ်ဝတ်ပေါ်တွင် ရှုပ်ထွေးသော ဥပဒေစည်းမျဉ်းများရေးထိုးထားပြီး အပြာရောင် မျက်ဝန်းတစ်စုံကိုသာ မြင်တွေ့နိုင်သည်။
ထိုလိုသည်မှာ သူမပတ်ဝန်းကျင်ကို ဥပဒေစည်းမျဉ်းတစ်ခုဖြင့် ပိတ်ဆို့ထားခြင်းဟု အဓိပ္ပါယ်ရ၏။
ထို့ကြောင့် တစ်ဖက်လူသည် အမျိုးသမီးတစ်ယောက် ဖြစ်သည်ဟုသာ ကောက်ချက်ချနိုင်ပေမည်။
“ အပြာရောင်လွမ် ... ဝိညာဉ်ငှက်မျိုးနွယ်လား ကောင်းပြီ တံဆိပ်ကို ငါ့ဆီပေးပါ ဒါဆိုရင် ငါချက်ချင်း ထွက်သွားပေးမယ်။ ”
စုရီက ဂရုမစိုက်ဘဲ ပြောကြားလိုက်သည်။ သူ့စကားနှင့်အမူအရာကြောင့် အပြာရောင်လွမ် ဝိညာဉ်ငှက်မျိုးနွယ်စုမှ ထိုအမျိုးသမီးသည် မျက်ခုံးပင့်သွားတော့၏။
“ လောဘကြောင့် လူတွေသေတယ် ... အစာကြောင့် ငှက်သေတယ်ဆိုတဲ့ စကားက တကယ်မှန်တာပဲ ရတနာတစ်ခုအတွက်နဲ့ မင်းအသက်ကို စွန့်ချင်နေတာလား။ ”
အမျိုးသမီး၏အသံသည် ပြတ်သားပြီး ကြီးစိုးနေချေပြီ။ ထို့နောက် ရှည်လျားလှသော ဓားလက်ကိုင်အရိုးကို လက်မောင်းတစ်လျှောက် ကပ်ကာပင့်မလျက် ချိန်ရွယ်လိုက်၏။
“ မင်း ... အခုချက်ချင်း ထွက်သွားမလား သေမလား။ ”
သူမထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုခြင်းဆန္ဒများမှာ မိုးတိမ်များကဲ့သို့ အုံ့မှိုင်းစွာရစ်သိုင်းလာ၏။ ထိုအရှိန်အဝါသည် တောင်နှင့်မြစ်များကိုပင် တုန်ခါစေချေပြီ။
“ ဟား ဟား ဟား ... ။ ”
ထိုမြင်ကွင်းကြောင့် စုရီမှ သဘောကျစွာ ရယ်မောခဲ့၏။ အမျိုးသမီးက မျက်မှောင်ကြုတ် သွားလေသည်။
“ အပြာရောင်လွမ် ဝိညာဉ်ငှက်ရဲ့ မိသားစုဝင်တွေကို မတွေ့ရတာကြာပြီ မင်းတို့ရဲ့ ဒေါသတွေက အရင်ထက် ပိုကြီးသလိုပဲ။ ”
“ ဝရူး ... ။ ”
စကားဆုံးသည်နှင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ မြေပြင်တလျှောက် အလင်းများ ထွက်ပေါ်လာပြီး ခင်းထားသော ဝင်္ကပါအစီရင် အသက်ဝင်လာကာ ပြိုကျလုမတတ် တုန်ခါနေတော့၏။
“ ဟမ့် ... ။ ”
ထိုအကျိုးဆက်ကြောင့် သံချပ်ဝတ် အမျိုးသမီးမှာ မျက်မှောင်ကြုတ်သွားပြီး သူမ၏ ဓားကြီးကိုတွေဝေမနေဘဲ ချက်ချင်းဝှေ့ယမ်းကာ ခုတ်ချလာခဲ့သည်။
“ သေလိုက်တော့ ... ။ ”
***