အခန်း (၉၇၉-၉၈၀)
Vol. 82 Ch. 979-980
အခန်း ၉၇၉ -
နတ်ဆေးပင်နှင့် တောင်ပိုင်းတောင်ထွတ် တံဆိပ်ရရှိခြင်း။
“ ဝူး ... ။ ”
ဆယ်ပေကျော်ရှည်လျားသော ဓားရှည်ကြီးသည် မျက်စိကျိန်းလောက်အောင် နီရဲရဲအလင်းတန်းတစ်ခုကို ထုတ်လွှတ် လာလေသည်။
ဥပဒေစွမ်းအားသည် ဓားအလင်းတွင် ပြည့်နှက်နေပြီး ကောင်းကင်နှင့်မြေကြီးအကြား ပိုင်းဖြတ်သွားသကဲ့သို့ ထင်မှားရစေ၏။
စုရီသည် ရှောင်တိမ်းခြင်း မပြုတော့ဘဲ မဟူရာရွှေနွယ်ပင်ကို ဓားအဖြစ်ပြောင်းလဲကာ အလင်းတန်းအလား ပြန်လည်ထိုးဖောက် ထွက်လိုက်လေသည်။
“ ကလန် ... ကလန် ... ။ ”
နားစည်ပေါက်ကွဲလုမတတ် ပေါက်ကွဲမှုတစ်ခု ပဲ့တင်ထပ်သွားတော့သည်။ တစ်ဖက် အမျိုးသမီး၏ ဓားရှည်သည် လမ်းကြောင်းပြောင်းသွား၏။
အနက်ရောင် သံချပ်ဝတ်အောက်မှ သူမ၏ခန္ဓာကိုယ်သည် အနည်းငယ်ယိမ်းနွဲ့သွား လေသည်။
“ ဟိတ် ... ။ ”
ထို့နောက် ခြေဖျားဖြင့် မြေပြင်ပေါ် ပုတ်လိုက်ကာ ဓားနှစ်လက်ဆုပ်ကိုင်လျက် အလျားလိုက် ခုတ်ပိုင်းချလိုက်သည်။
တောက်ပနေသော နီရဲရဲဓားစွမ်းအင်သည် ယခင်တိုက်ခိုက်မှုထက် များစွာသာလွန်သော စွမ်းအားဖြင့် ပေါက်ကွဲထွက်လာ၏။
နတ်ဘုရားများ၏ ကျမ်းစာရွတ်ဆိုသံ နှင့်အတူ လွှမ်းမိုးနိုင်လွန်းပြီး တုံ့ယွီအစောပိုင်း အဆင့် တစ်စုံတစ်ဦးကို အလွယ်တကူ သတ်နိုင်သည့်စွမ်းအားပေပင်။
“ ဟမ့် ... ။ ”
သို့သော် စုရီသည် လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး သူ့ဓားဖြင့် ခုတ်ဖယ် ပစ်လိုက်၏။
“ ကလန့် ... ။ ”
“ ဝုန်း ... ။ ”
ဓားနှင့် ဓားရှည်တို့ ထိပ်တိုက် တွေ့ဆုံသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်းသည် ရုတ်တရက် ပေါက်ကွဲ ထွက်လာလေသည်။
ပေတစ်ထောင် ဧရိယာအတွင်း လေဟာနယ်ပြိုကျသွားကာ အဖျက်စွမ်းအား ပြင်းထန်သော ဥပဒေလှိုင်များ ပြန့်ကားသွား၏။ ပေါက်ကွဲမှုအတွင်း စုရီသည် ကျောက်တုံးကြီး တစ်တုံးလို တည်ငြိမ်စွာ ရပ်နေနိုင်ခဲ့သည်။
တစ်ဖက်တွင် အမျိုးသမီးသည် ယိမ်းယိုင်သွားပြီး လေထုအလယ်မှ ပြုတ်ကျလု နီးပါး ဖြစ်သွားတော့၏။
သူမ၏ အပြာရောင်မျက်လုံးများသည် မသေချာမရေရာမှုများနှင့် သံသယများစွာတို့ ချက်ချင်းပြည့်နှက်လာလေသည်။
ဤလောကကြီးတွင် သည်မျှ ကြောက်စရာကောင်းလွန်းသော နယ်ပယ်ဘုရင် တစ်ပါး မည်သို့ထွက်ပေါ်လာသနည်း။
“ သွေးလောင်ကျွမ်းခြင်းနည်းစနစ် ... သွေးအသွင်ပြောင်းနတ်ဘုရားဓားရှည် ... အိပ်မက်မိစ္ဆာသံချပ်ဝတ် ...
... ကြည့်ရတာ မင်းက အပြာရောင်လွမ်ဝိညာဉ်မျိုးနွယ် ဌာနခွဲတစ်ခုရဲ့ ကာကွယ်သူတစ်ယောက်ပဲ ဖြစ်ရမယ် ...
... ဒါကြောင့် မင်းရဲ့ကျင့်ကြံမှုက တုံ့ယွီအဆင့်မှာ ရှိနေပေမယ့်လည်း ပင်မဌာနရဲ့ မျိုးဆက်တူတွေထက် နိမ့်ကျနေတယ်။ ”
စုရီက တစ်ဖက်လူကိုကြည့်ကာ ပေါ့ပေါ့ပါးပါးမှတ်ချက်ချပြီး ခြေတစ်လှမ်းတိုး လိုက်တော့၏။
“ ဝမ် ... ။ ”
ပတ်ဝန်းကျင်ကို ဖုံးအုပ်ထားသော ဝင်္ကပါအစီရင်ကန့်သတ်ချက်သည် ပြင်းစွာ တုန်ခါလျက် အသက်ဝင်လာသည်။
“ ဝူး ... ။ ”
ရှေးဟောင်း ဆင်နဂါးတစ်ကောင်မှ ရေခဲပြင်ကိုနင်းခြေလိုက်သကဲ့သို့ နားကွဲမတတ် ဟိန်းဟောက်သံမျိုးပြုလာ၏။
“ ဟမ့် ... ။ ”
“ ဝှစ် ... ။ ”
အမျိုးသမီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ထပ်မံတိုက်ခိုက်ရန် အတွက် ဓားရှည်ကိုဝှေ့ယမ်းလိုက်သည်။
အနက်ရောင်သံချပ်ဝတ်သည် နတ်မီးတောက်များ လောင်ကျွမ်းလျက်ဖြင့် မရေမတွက်နိုင်သော တာအိုရူရ်များ အသက်ဝင်လာခဲ့သည်။
လက်ထဲရှိ အရိုးရှည်ဓားသည် ပြင်းစွာလောင်ကျွမ်းနေခဲ့ပြီး သွေးနီရောင် အလင်းများ ကောင်းကင်ပေါ် ထိုးတက်လာ၏။
သို့သော် စုရီသည် သူ့ဦးခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ အခြားသော မျိုးရိုးတစ်ခု၏ မိသားစုဝင် နယ်ပယ်ဘုရင်များ ဆိုပါက ကိုင်တွယ်ဖြေရှင်းရန် သူ့အတွက် အချိန်အချို့ပေးရပေမည်။
ယခုမူ အပြာရောင်လွမ် ဝိညာဉ်မျိုးနွယ်၏ နယ်ပယ်ဘုရင်တစ်ပါးဖြစ်လေရာ အခက်အခဲ မရှိလှချေ။
“ ဝှစ် ... ဝှစ် ... ဝှစ် ... ။ ”
စုရီ၏ အင်္ကျီလက်များ ချက်ချင်းဖောင်းကြွသွားပြီး တစ်ချက်တည်းနှင့် ဓားအလင်းသုံးလက် ဖန်တီးလိုက်တော့၏။
“ ကလန် ... ကလန် ... ။ ”
ပထမဓားသည် တောင်နှင့်မြစ်ကို ခွဲထုတ်နိုင်သောဓားကဲ့သို့ အမျိုးသမီးဓားရှည်၏ တိုက်ခိုက်မှုကို ခွဲဖြတ်ပျက်ပြယ်သွားစေသည်။
“ ဘောင်း ... ။ ”
ဒုတိယဓားသည် ကောင်းကင်ကနေ ကျဆင်းလာသော ငွေရောင်မြစ်တစ်စင်းအလား သူမပေါ်ဖုံးအုပ်လျက် အနက်ရောင်ချပ်ဝတ်ကို ချိုးဖျက်လေသည်။
“ ဝုန်း ... ။ ”
တတိယဓားသည် အမျိုးသမီးကို တည့်တည့်ခွဲထုတ်လိုက်ပြီး အနက်ရောင် တောင်တန်းကြီးထံသို့ ပြန်လည်လွင့်စင် ပြုတ်ကျသွားစေတော့၏။
တိုက်ခိုက်မှုသည် သန့်ရှင်းပြီး ထိရောက်မှုရှိချေပြီ။ တစ်ကြိမ်တည်းဖြင့် ခံစစ်များကိုချိုးဖြတ်ကာ ဒဏ်ရာများ ပြည့်နှက်သွားစေ၏။
“ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ မင်းလိုဌာနခွဲရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ နတ်သစ်သားနဲ့ လေဥပဒေတွေကို နားလည်ဖို့ အရည်အချင်းမပြည့်မီဘူး ...
... ပြီးတော့ အပြာရောင် ဖီးနစ်ဓားကိုးလက် နည်းစနစ်ကိုလည်း ... အရည်အချင်းမပြည့်မီဘူး မင်းရဲ့ခွန်အားက ပင်မဌာနမျိုးဆက်တွေထက် အများကြီး နိမ့်ကျနေတယ်။ ”
စုရီမှ ပျင်းရိသွားလေသည်။ ဝေးလံသော အနက်ရောင်တောင်ထိပ်ပေါ်၌ မီးခိုးငွေ့များနှင့် ဖုန်မှုန့်များကြား အမျိုးသမီးသည် ယိမ်းထိုးကာ ထရပ်လာတော့၏။
သူမ၏ သံချပ်ကာများ ကွဲအက်နေပြီး ဆွဲဆောင်မှုရှိသောမျက်နှာနှင့် သွယ်လျသော ကောက်ကြောင်း ထွက်ပေါ်လာသည်။
“ အဟွတ် ... အဟွတ် ... ။ ”
သို့သော် သူမအတွင်းအင်္ဂါများသည် ပြင်းစွာဒဏ်ရာရရှိနေပြီး နှုတ်ခမ်းမှသွေးများ စီးကျလာကာ မျက်နှာဖြူဖျော့နေ၏။
နက်ရှိုင်းလှသော အပြာရောင် မျက်လုံးများသည် စုရီကိုကြည့်လိုက်သောအခါ သံသယများ ဖြစ်ပေါ်လာခဲ့သည်။
“ မင်းက ငါ့ရဲ့မူလကိုသိမြင်နိုင် ပြီးကတည်းက အပြာရောင်လွမ် ဝိညာဉ်မျိုးနွယ် အပေါ်ဆန့်ကျင်တာ ဘယ်လောက် ရူးမိုက်လဲ နားလည်သင့်တယ် မဟုတ်လား။ ”
ထို့ကြောင့် အေးစက်စွာဖြင့် စုရီကိုပြောကြားလိုက်သည်။ စုရီမှ ပြုံးချေ၏။ ထို့နောက် စကားမဆိုဘဲ ရှေ့သို့တိုးသွားသည်။
“ ဝုန်း ... ။ ”
ပတ်ဝန်းကျင်ကို ဖုံးအုပ်ထားသော ဝင်္ကပါကန့်သတ်ချက်များ ချက်ချင်း ပြိုကွဲကျ သွားတော့၏။ ခြေတစ်လှမ်းသည် ဖုံးကွယ် ဝင်္ကပါကို ကောင်းစွာ ဖျက်ဆီးလိုက်ချေပြီ။
“ ဝမ် ... ။ ”
အလင်းနှင့် ရွှေမှုများကြားတွင် အနက်ရောင်တောင်ကြီးသည် သိသိသာသာ တုန်ခါလျက် ရေကန်ကြီးတစ်ကန်အဖြစ် ပြောင်းလဲထွက်ပေါ်လာတော့၏။
ထိုရေကန်ထဲသို့ ကောင်းကင်မှ အလင်းတန်းတစ်ခု စီးဝင်နေပြီး သန့်ရှင်းသော ရောင်ဝါတစ်ခု လည်ပတ်နေသည်။
ရေကန်အလယ်တွင် ထိုအလင်းများကို စုပ်ယူနေသော ဆေးဖက်ဝင်အပင်တစ်ပင်သည် မှုန်ဝါးဝါး ယိမ်းနွဲ့နေခဲ့၏။
“ နတ်ဘုရား ဆေးဖက်ဝင်အပင်လား။ ”
စုရီမျက်လုံးများ တောက်ပလာသည်။
“ ဒါဆို မင်းက ဒီနေရာကိုကာကွယ်ဖို့၊ ဖုန်းကွယ်ဝင်္ကပါကြီးတစ်ခုကို တည်ဆောက်ပြီး စောင့်ဆိုင်းနေတာပေါ့။ ”
စုရီစကားကြောင့် အမျိုးသမီး၏ လှပသောမျက်နှာသည် ချက်ချင်းနှင်းခဲများလို အေးစက်သွားလေသည်။ သူမက၊
“ ဒီဆေးဖက်ဝင်အပင်ကို ငါ့တို့ အပြာရောင်လွမ် ဝိညာဉ်မျိုးနွယ်စုက ရှာတွေ့ ထားတာပဲ ဒီအပင်က သခင်ငယ်အတွက် ဖြစ်တာမို့ မင်းဒီမှာ ရပ်လိုက်တာ ...
... အကောင်းဆုံးပါ မဟုတ်ရင် သွေးကျီးကန်းတောင်ကြားကနေ အသက်ရှင်လျက် ထွက်နိုင်တော့မယ်မထင်ဘူး။ ”
“ ဒါဆို ဒီတားမြစ်နယ်မြေထဲကို မင်းတစ်ယောက်တည်း ဝင်လာခဲ့တာ မဟုတ်ဘူးပေါ့။ ”
“ မှန်တယ် ... ငါ့အပြင် သခင်ငယ်နဲ့ မျိုးနွယ်စုဝင်အကြီးအကဲတွေပါရှိတယ် မင်းသာ ထက်မြက်ရင် ဘာအကောင်းဆုံးလဲ ဆိုတာ သိသင့်ပြီ ...
... မဟုတ်ရင် မင်းရဲ့ဇာစ်မြစ်က ဘယ်သူပဲဖြစ်နေပါစေ ငါတို့အပြာရောင်လွမ် ဝိညာဉ်မျိုးနွယ်စုကို စော်ကားတာက သေချာပေါက် သေရလိမ့်မယ်။ ”
ဤစကားကို ပြောဆိုနေချိန်တွင် သူမအသွင်သည် မာနထောင်လွှားပြီး စုရီကို အထင်သေးစွာငုံ့ကြည့်နေ၏။ ယင်းသည် သာမန်ပေပင်။
ကောင်းကင်ကိုးပါး နန်းတော်ကဲ့သို့ ဂိုဏ်းကြီးတစ်ဂိုဏ်းသည်ပင် အပြာရောင်လွမ် ဝိညာဉ်မျိုးနွယ်စုထံမှ သတိပေးချက်ရရှိသော် သည်းခံပြီး ဆုတ်ခွာရပေမည်။
ဤသည်မှာ အရှေ့ဘက်ကြယ်ဒိုမိန်း၏ တာအိုအုပ်စိုးရှင်ဖြစ်သော ရှေးဟောင်းမျိုးနွယ်စု တစ်ခု၏ စွမ်းအားပေပင်။
အရှေ့ဘက် ကြယ်ဒိုမိန်းဟူသည် ထိုရှေးဟောင်းမျိုးနွယ်စု (၆)ခု၏ မူလနေအိမ် ဖြစ်လေသည်။ ကံမကောင်းစွာဖြင့် သူတို့ယနေ့ ရင်ဆိုင်နေရသည်မှာ စုရီဖြစ်နေခဲ့၏။
စုရီက စိတ်မဝင်စားဘဲ ပြုံးလိုက်ပြီး ရှေ့သို့လှမ်းတက်လာခဲ့သည်။ အမျိုးသမီးခမျာ အံ့အားသင့် ဒေါသထွက်လာ၏။
“ မင်းတို့ရဲ့ ကျန်တဲ့မိသားစုဝင်တွေ ဘယ်ကိုသွားနေကြတာလဲ။ ”
စုရီက ပေါ့ပေါ့ပါးပါးမေးလိုက်သည်။ သူ့အကြည့်သည် အမျိုးသမီးကိုကျော်လွန်ပြီး ရေကန်ပေါ်ကျဆင်းနေ၏။
ရေကန်သည် ပေသုံးထောင်မျှသာရှိပြီး အင်မော်တယ်မြူများရစ်သိုင်းကာ ကျက်သရော ရှိလွန်းသောရောင်ဝါ ပျံ့နှံ့နေလေသည်။
ရေကန်အလယ်ရှိ နတ်ဆေးပင်သည် အစိမ်းရောင်ပင်စည်၊ ရွှေရောင်အကိုင်းအခက် နှင့် အရွက်များပါရှိနေသည်။
၎င်းသည် ရေမျက်နှာပြင်တွင်မျောလျက် နစ်မြုပ်ခြင်း-ထွက်ပေါ်ခြင်းတို့ကို တစ်လှည့်စီ လုပ်ဆောင်နေသည်။ ဤမျှအကွာအဝေး၌ပင် လန်းဆန်းသောရနံ့တစ်ခုကို ရရှိစေ၏။
“ သူတို့ဘယ်သွားသွား မင်းနဲ့ဘာဆိုင်လဲ ငါမင်းကို နောက်ဆုံးအကြိမ် သတိထပ်ပေးမယ် ... ။ ”
“ ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ် အဲဒီတံဆိပ်ကိုထားခဲ့ပြီး ... ငါ့မျက်စိရှေ့ကနေ ချက်ချင်းထွက်သွားပါ ... မဟုတ်ရင် မင်းသေလိမ့်မယ်။ ”
သို့သော် သူမစကားမဆုံးခင်မှာ စုရီက စကားဖြတ်ပြောလာ၏။ စကားလုံးတိုင်းသည် ပေါ့ပေါ့ပါးပါးဖြင့် သိမ်မွေ့သောလေထုကို ပေးစွမ်းနေသည်။
တစ်ဖက်တွင် အမျိုးသမီးသည် မျက်မှောင်ကြုတ်လိုက်၏။ အပြာရောင်လွမ် ဝိညာဉ်မျိုးရိုး၏ ခြိမ်းခြောက်မှုအပေါ် လျစ်လျူရှု ဝံ့သော တစ်စုံတစ်ဦးကို ပထမဦးဆုံးအကြိမ် သူမမြင်ဖူးခြင်းပေပင်။
သူမဟူသည် အုပ်စိုးရှင်တစ်ပါးရှေ့ ရောက်ရှိနေသော အစေခံတစ်ယောက်အလား ဖိအားများကိုခံစားလိုက်ရ၏။ ဤသည်မှာ စစ်မှန်သော ကြီးစိုးမှုရောင်ဝါပေပင်။
“ ဝှစ် ... ။ ”
လေထုသည်ပင် တင်းကြပ်လာပြီး ထူးဆန်းသော ဥပဒေစည်းမျဉ်းဖြင့် ချက်ချင်း ပြည့်နှက်လာတော့၏။ အဆုံး၌ အံကြိတ်ကာ တာအိုတံဆိပ်ကို ပစ်ချပေးလျက် လှည့်ထွက်လိုက်လေသည်။
စုရီက အံ့သြမှုမရှိဘဲ ပြုံးလိုက်၏။
“ ဒါမပြီးသေးဘူး ... ။ ”
ရုတ်တရက် အဝေးရောက်ရှိသွားသော ထိုအမျိုးသမီးသည် နာကျည်းမုန်းတီးနေသည့် လေသံဖြင့် ပြောကြားသွားလေသည်။
စုရီက သူမကိုလျစ်လျူရှုလျက် မြေပြင်ရှိတံဆိပ်ထံ ဆွဲယူလိုက်တော့သည်။ တံဆိပ်သည် ရှေးကျပြီး သေးငယ်သော်လည်း အလေးချိန်မှာ နတ်တောင်ကြီးအလားပေပင်။
တံဆိပ်အောက်ခြေတွင် ‘တောင်ပိုင်းတောင်ထွတ်’ ဟူသောအမည်ကို ရေးထိုးထား၏။ ကံမကောင်းစွာဖြင့် ဓား သို့မဟုတ် ပုဆိန်ဖြင့် ထိမှန်ခံထားရသည်။
မျက်နှာပြင်၌ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်နေပြီ သူ့စွမ်းအားကိုများစွာလျော့ကျ သွားစေတော့၏။
“ ဒီရတနာရဲ့ စွမ်းအားက နယ်ပယ်ဘုရင်အဆင့်ရတနာထက် အများကြီး သာလွန်နေပေမယ့် ... အင်မော်တယ်မီးတောက် ပေတံ ... နတ်မိစ္ဆာအင်မော်တယ်လှံတွေထက် အများကြီးနိမ့်ကျနေတယ် ... ။ ”
အဘယ့်ကြောင့်ဆိုသော် ငရဲဘုံကိုးပါးဓားသည် ဤရတနာအပေါ် လုံးဝ စိတ်ဝင်စားမှု မပြခြင်းကြောင့် ဖြစ်သည်။
စုရီက တံဆိပ်ကို သိမ်းဆည်းလျက် ရေကန်ထံ လျှောက်လှမ်းသွား၏။ ရေကန်ထဲရှိ နတ်ဆေးပင်သည် တောက်ပပြီး သန့်ရှင်းသော ရောင်ဝါများ ထုတ်လွှတ်နေခဲ့သည်။
ထိုဆေးပင်သည် ရေကန်အတွင်းရှိ အနှစ်သာရများထံ လောဘတကြီးစုပ်ယူနေပြီး ကောင်းကင်ရှိ အလင်းများကိုလည်း အလွတ်မပေးချေ။
ရေကန်ထဲရှိ ထိုရေများသည် အင်မော်တယ်ချီများဖြင့် ပြည့်နှက်နေပြီ ရွှမ်ဟွမ် မိခင်ချီပင်လယ်ထက်ပင် အစွမ်းထက်ချေပြီ။
“ ကောင်းကင်အဆင့် နတ်ဆေးပင် မဟုတ်ရင်တောင် မြင့်မြတ်တဲ့နတ်ဆေးပင် တစ်ပင် ဖြစ်နေမှာသေချာတယ်။ ”
စုရီမျက်ဝန်းများ တောက်ပသွားသည်။ တစ်ဆက်တည်းမှာပင် ဤနတ်ဆေးပင်သည် အသွင်ပြောင်းမှုများစတင်ပြီး နှစ်ရက်အတွင်း ရင့်မှည့်တော့မည်ကို ပြသနေ၏။
“ နှစ်ရက်လောက် စောင့်ရဦးမယ် ... ဒီနှစ်ရက်အတွင်း အဲဒီတောင်ပိုင်းတောင်ထွတ် တံဆိပ်မှာပါရှိတဲ့ စွမ်းအင်သန့်စင်ရအောင်။ ”
စကားဆုံးသည်နှင့် စုရီတစ်ယောက် ရေကန်အစပ်တွင် ချက်ချင်းတင်ပျဉ်ခွေထိုင်ချ လိုက်တော့၏။
***
အခန်း ၉၈၀ -
တိုက်ပွဲ ... ။
“ ဂျိန်း ... ။ ”
ကျီးကန်းတောင်ကြားတစ်နေရာတွင် မှောင်မိုက်လွန်းသော မိုးတိမ်များ တဟုန်ထိုး တက်လာပြီး မိုးကြိုးများပစ်နေခဲ့သည်။
အပျက်အစီးများပြည့်နေသော မြေပြင်ပေါ်တွင် ရှေးဟောင်းအဆောက်အအုံ အချို့ပျက်စီးပြန့်ကျဲနေတော့၏။
ထိုအပျက်အစီးလွင်ပြင်ပေါ်ရှိ ဘုံကျောင်းတစ်ခုထဲတွင် အစွမ်းထက်လှသော အပြာရောင်လွမ် ဝိညာဉ်မိသားစုဝင်များ နေရာယူထားသည်။
ကျောက်စိမ်းခေါင်းပေါင်းနှင့် ခရမ်းရောင်ဝတ်လုံဝတ်ဆင်ထားသော လူငယ် တစ်ယောက်သည် အဖွဲ့ကိုဦးဆောင်၏။
ထိုလူငယ်လက်ထဲတွင် ရှေးဟောင်းတိရစ္ဆာန်အရေခွံ မြေပုံတစ်ချပ်ကို ကိုင်ဆောင်ထားပြီး၊
“ ဒီကျီးကန်းတောင်ကြားက ထာဝရအင်မော်တယ်ခေတ်မှာ ထိပ်တန်း ဆေးဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ပြီး သူ့အမည်က ကောင်းကင်ကျီးကန်းတောင်ပဲ ... ။ ”
-ဟု ပြောကြားလိုက်၏။
“ ကောင်းကင်ကျီးကန်းတောင်ဟာ တစ်ချိန်က တန်ခိုးရှင်တွေကိုမွေးထုတ်ပေးခဲ့ပြီး အင်မော်တယ်အမွေတွေကို ပိုင်ဆိုင်ခဲ့တယ် ...
... ကံမကောင်းစွာနဲ့ပဲ၊ ဒီလောက်အစွမ်းထက်တဲ့ ဂိုဏ်းကြီးတောင်မှ ကျရှုံးခဲ့ရတယ်။ ”
လူငယ်က လေးနက်စွာ သက်ပြင်းချ လိုက်သည်။ ထာဝရအင်မော်တယ်ခေတ်သည် အင်မော်တယ်နယ်ပယ်ကို ဖြတ်တောက်ခြင်း ခံလိုက်ရပြီးနောက် ပျောက်ကွယ်သွားရ၏။
ထိုကာလအတွင်း မရေမတွက်နိုင်သော ကျင့်ကြံဂိုဏ်းများ ပျောက်ကွယ်သွားလေသည်။ ၎င်းအချိန်မှစကာ အရှေ့ဘက်ကြယ်ဒိုမိန်းသည် သေမျိုးကမ္ဘာအဖြစ်သာ ကျန်ရစ်ခဲ့သည်။
အင်မော်တယ်လမ်းသည် လုံးဝ ပျောက်ကွယ်သွား၏။ အပြာရောင်လွမ်ဝိညာဉ် မျိုးနွယ်စု၏ မှတ်တမ်းများအရ ကျီးကန်းသည် ယိုကျင့်ကြံသူများ နေထိုင်ရာအရပ်ပေပင်။
သူတို့၏တည်ထောင်သူသည် ကပ်ဘေးစွမ်းအားများအတွင်း မွေးဖွားလာသည့် သွေးကျီးကန်း တစ်ကောင်ဖြစ်သည်။
၎င်းမှ ဉာဏ်အလင်းရရှိပြီးနောက် အင်မော်တယ်နယ်ပယ်ကို မတက်လှမ်းခင်တွင် မွေးရာပါအရိုးတစ်ပိုင်းချန်ထားခဲ့သည်။
ထိုအရိုးသည် အမွေအနှစ် ကျောက်စိမ်းအဖြစ် ပြောင်းလဲသန့်စင်ခံရကာ ကျီးကန်းတောင်၏ ရှေးအကျဆုံးအမွေတစ်ပါး ဖြစ်လာခဲ့သည်။
ဆိုလိုသည်မှာ တစ်စုံတစ်ဦးသည် ထိုကျောက်စိမ်းပြားကိုရရှိပါက ဤဂိုဏ်းကြီး၏ အမွေကိုရရှိခြင်းမည်ချေမည်။ ၎င်းကျောက်စိမ်း အတွင်း အင်မော်တယ်လမ်းသို့တက်လှမ်းရာ အချက်အလက်များ ပါရှိနေသည်။
ထိုလျှို့ဝှက်ချက်များအားလုံးကို ကောင်းကင်ကိုးပါးနန်းတော်သည်ပင် မသိချေ။ အပြာရောင်လွမ်ဝိညာဉ်မျိုးရိုးကဲ့သို့ ရှေးဟောင်း မျိုးရိုး(၆)ပါးသည်သာ သိရှိထားသည်။
“ ဒါက အခွင့်အရေးပဲ ... ဘာပဲဖြစ်ဖြစ်၊ ဒီကံကြမ္မာကို ငါတို့မျိုးနွယ်စုဆီ ပြန်ယူရမယ်။ ”
လူငယ်က အဝေးသို့ငေးကာ ပြောကြားလိုက်သည်။ ထိုစဉ် အနက်ရောင် ဝတ်လုံဝတ်ထားသော လူတစ်ယောက်သည် ပျက်စီးနေသည့် ဘုံကျောင်းထဲကို ပြေးဝင်ပြီး အလျင်စလို သတင်းပို့လာတော့၏။
“ သခင်ငယ် ... အကြီးအကဲမုယွမ်က ခရမ်းအစိမ်းရောင် ခုနစ်ရွက်မှော်ဆေးပင်ကို လက်လွှတ်လိုက်ရပါတယ်။ ”
သူ့စကားကြောင့် ခန်မအတွင်းရှိ လူတိုင်း အံ့အားသင့်သွားကြ၏။ လေထုသည် ချက်ချင်း လေးလံလာတော့သည်။ ခေါင်းဆောင်လူငယ်က လက်ထဲရှိ တိရစ္ဆာန်အရေခွံမြေပုံကို ပြန်ကြည့်ပြီး၊
“ ဒီလောက် အရေးမပါတဲ့ကိစ္စတစ်ခုကို သတင်းလာပို့ရလား မင်းတို့တွေကိုခေါ်လာတာ ဘာများအသုံးဝင်လို့လဲ။ ”
-ဟု ရေရွတ်လိုက်တော့၏။
လူငယ်၏စကားသံသည် ပေါ့ပါးတည်ငြိမ်လှသော်လည်း လူအုပ်ကြီးကို ချွေးစေးများ ပြန်လာစေသည်။
သူတို့အားလုံးသည် အပြာရောင်လွမ် ဝိညာဉ်မျိုးနွယ်စု၏ အဆင့်မြင့်ပုဂ္ဂိုလ်များဖြစ်ပြီး ကြယ်စုအသီးသီး၌ ထိပ်တန်းဂိုဏ်းချုပ်များနှင့် တန်းတူအဆင့်အတန်းရှိ၏။ သို့သော်ယခုမူ လူတိုင်း မသက်မသာ ခံစားနေရသည်။
ဤရှေးဟောင်းတာအိုအုပ်စိုးရှင် မိသားစုသည် နှစ်ပေါင်းများစွာတိုင်အောင် အလွန်ရက်စက်သော နည်းလမ်းများဖြင့် သခင်ငယ်ကိုးဦးကို ရွေးချယ်ခဲ့သည်။
တစ်ဦးချင်းစီသည် ထူးချွန်ကြပြီး ပြိုင်ဘက်မိသားစုဝင်များကို သတ်ဖြတ်ကာ ကျော်ဖြတ်ခဲ့ရ၏။
ယခုအချိန်၌ ထိုသခင်ငယ်ကိုးဦးသည် မျိုးနွယ်စုခေါင်းဆောင်ရာထူးအတွက် နန်းလုပွဲ ဆင်နွှဲကာ (၃)ဦးသာကျန်ရှိတော့သည်။
ထိုသုံးဦးအနက်တစ်ဦးသည် ဤနေရာ၌ ရှိနေသောသခင်ငယ် ဖုန်းယွင်လျဲ့သည်လည်း အပါအဝင်ဖြစ်၏။
သူသည် မွေးရာပါဉာဏ်ရည်ထူးချွန် ထက်မြက်လှပြီး အသက်(၃၉၀၀၀)ဖြင့် ကွေ့ယွီ အဆင့် ရောက်ရှိလာခဲ့သည်။ အထူးခြားဆုံးမှာ အဆင့်ဖြတ်ကျော် တိုက်ခိုက်နိုင်ခြင်းပေပင်။
“ တခြားကိစ္စတွေ ထားလိုက်တော့ ... အဲဒီနတ်ဆေးပင်ကို မပျက်စီးစေနဲ့ မဟုတ်ရင် မင်းခေါင်းကို ကိုယ်တိုင်ဖြတ်ယူလာခဲ့။ ”
နန်းလုပွဲအတွင်း ကနဦး တုံ့ယွီအဆင့် နယ်ပယ်ဘုရင် ပြိုင်ဘက်သခင်ငယ်တစ်ပါးကို သတ်ဖြတ်ခဲ့ဖူးလေသည်။ သတင်းလာရောက် ပေးပို့သည့် အမျိုးသားခမျာ တုန်ယင်သွား၏။
ထို့နောက် သခင်ငယ်ဖုန်းယွင်လျဲ့က အခန်းထောင့်ရှိ အဖြူဝတ်အဖိုးကြီးတစ်ဦးထံ လှည့်ကြည့်ကာ၊
“ ရှင်းယာ ... မင်းလည်း လိုက်သွား။ ”
-ဟု ခိုင်းစေလိုက်သည်။
အခန်းထောင့်တွင် အရက်မူးနေသော ထိုအဖိုးကြီးက ထရပ်လိုက်လေသည်။ သူသည် အပြာရောင်လွမ်မျိုးနွယ်စု၏ ပင်မဌာနအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး အစွမ်းထက်လှ၏။
တစ်ချိန်တည်းမှာပင် အနက်ရောင် ရေကန်ဘေးတွင် စုရီသည်မျက်ဝန်းများမှိတ်ကာ ထိုင်နေ၏။ သူ့ရှေ့လေထုအလယ်၌ တံဆိပ်ပြား တစ်ခုပျံဝဲနေသည်။ ၎င်းထံမှ စွမ်းအင်များသည် သူ့ခန္ဓာကိုယ်အတွင်း ပါးလျစွာစီးဝင်နေ၏။
“ ဝှစ် ... ။”
ထိုစဉ် လေဟာနယ်အတွင်း လှိုင်းတွန်များဖြစ်ပေါ်လာပြီး လူရိပ်သုံးရိပ် ထွက်ပေါ်လာသည်။
ဤသည်မှာ ထွက်ပြေးသွားသော အမျိုးသမီးဖုန်းမုယွမ်၊ အနက်ဝတ်အမျိုးသား ဖုန်းရှန်းဟူနှင့် အရက်အိုးကိုင်ထားသော အဖြူဝတ်ဖုန်းရှင်းယာတို့ပေပင်။
“ ဟမ့် ... အင်မော်တယ်တံဆိပ်လား ... ။ ”
ဖုန်ရှင်းယာက မျက်ခုံးပင့်လိုက်သည်။ ဖုန်းမုယွမ်မှ စုရီနှင့်သူမတိုက်ပွဲကို တိုးညှင်းစွာ ရှင်းပြလိုက်၏။
“ ဟမ့် ... ထုံရှောက်အဆင့်နဲ့ တုံ့ယွီအဆင့်နယ်ပယ်ဘုရင်ကို တကယ်ပဲ အနိုင်ယူနိုင်တာလား။ ”
သူမစကားကြောင့် ဖုန်းရှန်းဟူပင် တုန်လှုပ်သွားရသည်။ ဖုန်းရှင်းယာမှာမူ သာ၍ စိတ်လှုပ်ရှားသွားပြီး၊
“ စိတ်ဝင်စားစရာပဲ ... သူက သူ့ရဲ့ ကျင့်ကြံမှုကိုဖုံးကွယ်ထားတဲ့ မြေခွေးအိုကြီး တစ်ယောက်ဖြစ်ရမယ် ... ။ ”
-ဟု ဆိုကာ အမှန်တရာမျက်ဝန်း နည်းစနစ်ကို အသက်သွင်းကြည့်လိုက်သည်။ ငွေရောင်အလင်းများသည် လျှပ်စီးအလား စုရီအပေါ် ချက်ချင်းလွှမ်းခြုံသွားတော့၏။
“ ဟမ့် ... ရိုင်းလိုက်တာ ... ။ ”
စုရီ၏ အေးစက်စက်နှာခေါင်းရှုံ့သံ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကိုထက်ရှသော ဓားရောင်ဝါများဖြင့် သိုင်းခြုံလိုက်တော့၏။
ဖုန်းရှင်းယာခမျာ သူ့မျက်ဝန်းများကို အပ်ချွန်ချွန်ဖြင့် အထိုးခံလိုက်ရသည့်အလား စူးအောင့်သွားသဖြင့် ယိမ်းယိုင်သွားရသည်။
“ ကြောက်စရာကောင်းလိုက်တဲ့ ဓား။ ”
ထို့ကြောင့် ဒေါသထွက်ရမည့်အစား စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်လေသည်။ ထိုစဉ် စုရီသည်နေရာမှ ထရပ်လိုက်ပြီး မျက်မှောင်ကြုတ်လျက်၊
“ မင်းတို့ သုံးယောက်ပဲလား။ ”
-ဟု မေးမြန်းလိုက်သည်။
လေသံသည် အထင်အမြင်သေးဟန် ပါဝင်နေသဖြင့် ဖုန်းရှင်းယာမှ မျက်ခုံးပင့်ပြီး ရယ်မောတော့၏။
“ ဟားဟားဟား ... ဒီတစ်ခါတော့ ငါတစ်ယောက်တည်းနဲ့ မင်းကိုတိုက်ခိုက်မှာပါ သုံးယောက်မဟုတ်ဘူး။ ”
စကားဆုံးသည်နှင့် သူ့ခန္ဓာကိုယ်တွင် ငွေရောင်လျှပ်စီးပမာ ဥပဒေစည်းမျဉ်းများဖြင့် သိုင်းခြုံလျက် လေထုတစ်ခုလုံးကို ဖိနှိပ်လိုက်သည်။
သူသည်လည်း ကနဦးတုံ့ယွီအဆင့် မျှသာဖြစ်သော်လည်း အမျိုးသမီးထက်များစွာ သန်မာချေပြီ။ သာမန်တုံ့ယွီနှောင်းပိုင်းအဆင့် ပြိုင်ဘက်များကို နှိမ်နင်းနိုင်စွမ်းရှိ၏။
သို့သော် စုရီမှ ဂရုမစိုက်ချေ။ လှောင်လိုပြောင်သော အပြုံးမျိုးဖြင့်၊
“ ငါ့စကားကို နားထောင်ပြီ အခုချက်ချင်း ထွက်သွားလိုက်ပါ မဟုတ်ရင် ဒီနေ့ဟာ မင်းရဲ့ နောက်ဆုံးရှင်သန်ခြင်း ဖြစ်သွားလိမ့်မယ်။ ”
- ဟု သတိပေးလိုက်သည်။
သူသည် လောကသခင်ဘဝ၌ အပြာရောင်လွမ် ဝိညာဉ်မျိုးနွယ်စုမှ အဖိုးကြီး တစ်ဦးနှင့် ပြိုင်ပွဲတစ်ခုလုပ်ခဲ့ဖူးပြီး တစ်ဖက်လူ ရှုံးနိမ့်သွားရသည်။
ထို့ကြောင့် သူ့ထံတွင် နှစ်ပေါင်း တစ်ထောင်တိုင်တိုင် ဝေဟင်သားရဲတစ်ကောင် အဖြစ် အမှုထမ်းခဲ့ရဖူး၏။ ဆိုလိုသည်မှာ သူသည် ဤမျိုးနွယ်စု၏ လျှို့ဝှက်ချက်များကို များစွာသိရှိထားချေပြီ။
“ ငါ့ရဲ့ နောက်ဆုံးနေ့လား ... ဟားဟားဟား။ ”
တစ်ဖက်တွင် ဖုန်းရှင်းယာသည်လည်း ရယ်မောလျက် လှောင်ပြုံးဖြင့်ပြန်ကြည့်ကာ၊
“ လာခဲ့ ... ငါက သေခြင်းတရားကို တောင်းဆိုနေတာ ... မင်းသာငါ့ကိုမသတ်နိုင်ရင် မင်းကိုလည်းသေတာထက် ပိုမိုဆိုးရွားတဲ့ အခြေအနေမျိုး ပို့ဆောင်ပေးမယ်။ ”
-ဟု ဖိတ်ခေါ်လိုက်တော့၏။
စကားအဆုံးတွင် ဖုန်းရှင်းယာ၏ အပြုံးများသည်ပို၍သက်ဝင်လာပြီး ရူးသွပ်မှု အရိပ်အယောင်များ ယှက်သန်းလာ၏။
စုရီက မျက်ဝန်းများ မှေးစင်းလျက် တစ်ဖက်လူ၏ သွေးနှင့်ချီများ စီးဆင်းနေမှုထံ စိုက်ကြည့်လိုက်တော့၏။
ဤသူသည် အရူးနတ်ဘုရား မျိုးဆက်သွေးကြောင့် ကျိုးကြောင်းဆင်ခြင်မှု ပျောက်ဆုံးနေသူဖြစ်သည်။
အပြာရောင်လွမ် ဝိညာဉ်မျိုးနွယ်စုတွင် ထူးခြားမျိုးဆက်သွေးများစွာ ရှိနေသည့်အနက် ဤမျိုးဆက်သွေးသည် ထိပ်တန်းအဆင့်ဖြစ်၏။
သို့သော် ၎င်းမျိုးဆက်သွေးပိုင်ရှင်များ၌ ပုံမှန်မဟုတ်သော အမူအကျင့်များ ရှိနေချေ၏။ ဥပမာအားဖြင့် အချို့သည် လူ့သွေးသောက်ရ သည်ကိုနှစ်ချိုက်ကာ အချို့သည် အိပ်စက် ရသည်ကို ဝါသနာထုံ၏။
အတိတ်က သူ့လက်ထဲတွင် ရှုံးနိမ့်ခဲ့သော အဖိုးကြီးသည် လောင်းကစားပြုလုပ်ရခြင်းကို ရူးသွပ်သူပေပင်။ ယခု သူ့ရှေ့မှ အဖိုးကြီးမှာမူ တိုက်ပွဲကို ရူးသွပ်နေသူဖြစ်၏။
“ လာခဲ့ ... မင်းကို သေခြင်းတရား ပေးသနားလိုက်မယ်။ ”
ထို့ကြောင့် စကားမဆိုတော့ဘဲ စုရီတစ်ယောက် လေထဲပျံတက်ပြီး ရွှမ်ဟွမ် ရွှေနွယ်ပင်ကိုကိုင်ကာ ဖိတ်ခေါ်လိုက်သည်။
“ ဟားဟားဟား ... ။ ”
တစ်ဖက်တွင် ဖုန်းရှင်းယာသည်လည်း ပို၍ပင်သဘောကျလာပြီး ရယ်မောလျက်ဖြင့် သတ်ဖြတ်လိုခြင်းဆန္ဒများ ပေါက်ကွဲလာကာ ရှေ့သို့ တစ်လှမ်းတိုးလာတော့သည်။
ပြင်းထန်သော လေမုန်တိုင်းတစ်ခု ကောင်းကင်ပေါ်ထိုးတက်သွားပြီး တိမ်လွှာများ ဖယ်ရှားပေးလိုက်ရသည်။
ပတ်ဝန်းကျင်လေဟာနယ်သည်ပင် တွန့်လိမ်ပျက်စီးသွား၏။ စူးရှတောက်ပသော လေဥပဒေစည်းမျဉ်းသည် ငွေရောင်အဆင်းဖြင့် ဝဲပျံနေခဲ့သည်။
“ လေနတ်ဘုရား ဥပဒေစည်းမျဉ်း။ ”
***