← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း။ ၆၁

ထိုညတွင် ချန်ကျီရှင်းနှင့် အကြီးအကဲ မဟူရာတို့သည် ဟုန်အန်းဟုခေါ်သော မြို့လေးတစ်မြို့တွင် ခရီးတစ်ထောက် နားခဲ့ကြသည်။ ဟုန်အန်းမြို့သည် ယို့ကျိုးနယ်မြေ၏ မြို့ကြီးများထဲမှ တစ်ခုဖြစ်ရာ ညအချိန် ရောက်ရှိနေပြီဖြစ်သော်လည်း လူစည်ကားလျက် သက်ဝင်လှုပ်ရှားနေဆဲပင်။

ချန်ကျီရှင်းနှင့် အကြီးအကဲ မဟူရာတို့သည် တည်းခိုရန်အတွက် ကံကောင်းခြင်းဟု အမည်ရသော တည်းခိုခန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

"တည်းခိုခန်းပိုင်ရှင်... အကောင်းဆုံး အခန်းနှစ်ခန်း ပေးပါဦး"

အကြီးအကဲ မဟူရာသည် ကောင်တာရှေ့ရှိ ဈေးနှုန်းစာရင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ဝိညာဉ်ကျောက်တုံးတစ်တုံးကို စားပွဲပေါ်သို့ ဖုန်းကနဲ မြည်အောင် ရိုက်တင်လိုက်သည်။

မုတ်ဆိတ်မွှေး ကွေးကွေးနှင့် မျက်လုံးသေးသေးလေးများ ရှိသော ဝဝတုတ်တုတ် တည်းခိုခန်းပိုင်ရှင်မှာ မူလက လက်တစ်ဖက်ဖြင့် မုတ်ဆိတ်ကိုသပ်ကာ ကျန်လက်တစ်ဖက်က ခါးပတ်ပျဉ်ကို ခေါက်ရင်း ပြုံးပျော်နေခဲ့သော်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ဆတ်ကနဲ တုန်သွားကာ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

"ဘာ... ဘာ ဝိ... ဝိညာဉ်ကျောက်တုံးလား"

တည်းခိုခန်းပိုင်ရှင်သည် [ဒါ အတည်ကြီးလား အရှင်] ဆိုသည့် မျက်နှာပေးမျိုးဖြင့် အကြီးအကဲ မဟူရာကို အံ့ဩတကြီး မော့ကြည့်လိုက်မိသည်။

"ဘာလဲ ဝိညာဉ်ကျောက်တုံး တစ်တုံးနဲ့ မလောက်ဘူးလား"

အကြီးအကဲ မဟူရာက မကျေမနပ်ဖြစ်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။

ဤသည်ကို ဘေးမှမြင်နေရသော ချန်ကျီရှင်းမှာ ခေါင်းကိုက်သွားပြီး နဖူးကို လက်ဖြင့် အသာအယာ ဖိလိုက်မိသည်။ ဤအကြီးအကဲ မဟူရာမှာ ထာဝရရှင်သန်ခြင်းမိသားစုထဲတွင် အနေကြာလွန်းသဖြင့် လူ့လောက၏ အခြေအနေအရပ်ရပ်ကို တကယ်ပင် မသိနားမလည်တော့ပုံပင်။

သူတို့အတွက် ဝိညာဉ်ကျောက်တုံး တစ်တုံးမှာ ဘာမှမဟုတ်သော်လည်း လူ့လောကတွင်မူ ဝိညာဉ်ကျောက်တုံး တစ်တုံးမှာ ရွှေစင်အလေးချိန် တစ်ထောင်နှင့် ညီမျှသည်။

အကြီးအကဲ မဟူရာ၏ ယခုလုပ်ရပ်မှာ ယခင်ဘဝက သာမန်တည်းခိုခန်းလေးတစ်ခုသို့ သွားပြီး ကောင်တာပေါ်သို့ ဒေါ်လာတစ်သန်း ပစ်တင်လိုက်ကာ "အခန်းခအတွက် လောက်ရဲ့လား" ဟု မေးနေသကဲ့သို့ပင် ဖြစ်ရာ အလွန်ပင် ရယ်စရာကောင်းလှသည်။

"လောက်ပါတယ်... လောက်ပါတာမှ ပိုတောင်ပိုပါသေးတယ် ကြွပါ... အရှင်နှစ်ပါး ကြိုက်သလောက် ကြာကြာတည်းနိုင်ပါတယ်ခင်ဗျာ"

တည်းခိုခန်းပိုင်ရှင်မှာ ပါးစပ်ကြီး နားရွက်တက်ချိတ်မတတ် ပြုံးဖြီးသွားတော့သည်။

ယခုအချိန်တွင် သူ၏မျက်လုံးထဲ၌ အကြီးအကဲ မဟူရာသည် အဘိုးကြီးတစ်ယောက် မဟုတ်တော့ဘဲ ဆင်းရဲသားတွေကို ကယ်တင်ဖို့ ကြွလာသည့် ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေသော ဘုရားလောင်းတစ်ပါးလိုပင် ဖြစ်နေတော့သည်။

"ထူးထူးဆန်းဆန်းပါလား... ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းကို ဒီလောက်တောင် ပျော်နေရသလား"

အကြီးအကဲ မဟူရာက အထင်သေးသလို ခေါင်းခါယမ်းလိုက်ပြီး ချန်ကျီရှင်းနှင့်အတူ အပေါ်ထပ်သို့ တက်ရန် ပြင်လိုက်သည်။

ချန်ကျီရှင်းသည် စိတ်ပျက်စွာ သက်ပြင်းချလိုက်မိ၏။

ဒါ ဘယ်လိုအခြေအနေကြီးလဲ။ ဒီအကြီးအကဲ မဟူရာနဲ့ ပတ်သက်လေလေ ဒီအစောင့်အရှောက်ကြီးက ပိုပြီး အားမကိုးရလေလေပဲ။

သူတို့ လှေကားပေါ်သို့ တက်လာခဲ့ကြသည်။ ချန်ကျီရှင်းသည် သူ့အခန်းထဲသို့ ဝင်ရန် ပြင်လိုက်သော်လည်း အကြီးအကဲ မဟူရာက လက်လှမ်း၍ ချန်ကျီရှင်း၏ ပုခုံးကို ပုတ်ကာ ပြုံးစိစိဖြင့် ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ စီနီယာ"

ချန်ကျီရှင်းက တစ်စုံတစ်ခုကို စိုးရိမ်သလို မျက်မှောင်ကြုတ်၍ မေးလိုက်၏။

အကြီးအကဲ မဟူရာက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ချန်ကျီရှင်း၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"တတိယသခင်လေး... သခင်လေး မသိလို့ပါ။ ကျွန်တော်က တစ်ချိန်တုန်းက ပြည့်တန်ဆာရုံတွေရဲ့ နှလုံးသားသိမ်းပိုက်သူ အဖိုးကြီးလို့ နာမည်ကြီးခဲ့တာလေ။ အခုမှ ဇီဝေတောင်ကနေ ခိုးထွက်လာနိုင်တာဆိုတော့... သခင်လေးကို ပျော်ပါးဖို့ ခေါ်သွားပေးရမလား"

"..."

ချန်ကျီရှင်းမှာ မျက်လုံးအပြူးသားဖြင့် ထိုအဘိုးကြီးကို သရဲတစ်ကောင် မြင်လိုက်ရသလိုမျိုး ကြည့်နေမိတော့သည်။

နားထောင်ကြည့်ကြပါဦး..

ဒါက နိဗ္ဗာန်နယ်ပယ် တစ်ဝက်အဆင့်ရှိတဲ့ ပညာရှင်ကြီးတစ်ယောက်၊ မိသားစုရဲ့ အစောင့်အရှောက်တစ်ယောက် ပြောရမယ့် စကားမျိုးလား။

"ဟေး... ကျွန်တော့်ကို အဲဒီလိုမျိုးကြီး ကြည့်မနေပါနဲ့ ရှက်ဖို့ကောင်းလိုက်တာ"

အကြီးအကဲ မဟူရာက ချောင်းတစ်ချက် ဟန့်လိုက်ပြီး အေးအေးလူလူပင် ပြောလိုက်သည်။ "ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်းဆိုတာ ကိုယ့်ရဲ့ စိတ်အလိုကို လိုက်ဖို့ပဲလေ။ ရသေ့ရဟန်းတွေလို ကျင့်ဖို့မှ မဟုတ်တာ။ ဒါက ပုံမှန်ကိစ္စတစ်ခုပဲ မဟုတ်ဘူးလား"

ထို့နောက် အကြီးအကဲ မဟူရာက လူငယ်လေး... မင်း ဘာမှမသိသေးပါဘူးဆိုသည့် အမူအရာမျိုးဖြင့် ကိုယ်ကို မတ်လိုက်သည်။

ချန်ကျီရှင်းက သူ၏မျက်မှောင်ကို ဖိလိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားကာ တိုးတိုးလေး မေးလိုက်သည်။

"အကြီးအကဲ မဟူရာ... မိသားစုခေါင်းဆောင်က စီနီယာ့ကို တခြားဘယ်သူ့ရဲ့ အစောင့်အရှောက်အဖြစ်မှ အရင်က တစ်ခါမှ မခိုင်းဖူးဘူး မဟုတ်လား"

အကြီးအကဲ မဟူရာမှာ လန့်သွားပြီး အံ့ဩတကြီး မေးလိုက်သည် ဋ

"သခင်လေး ဘယ်လိုသိတာလဲ"

"ကျွန်တော် ခန့်မှန်းကြည့်တာလို့ပဲ မှတ်ထားလိုက်ပါတော့"

ချန်ကျီရှင်းက သက်ပြင်းရှည်ကြီးကို တစ်ချက်ချလိုက်ပြီး "သွားပါ... ကျွန်တော်ကတော့ မလိုက်ဘူး"

"ဒါဆိုရင်တော့... တတိယသခင်လေးရဲ့ အမိန့်အတိုင်း ကျွန်တော် ဝမ်းမြောက်ဝမ်းသာ နာခံပါ့မယ်"

အကြီးအကဲ မဟူရာက ချက်ချင်းပင် လက်အုပ်ချီကာ လေးနက်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် အကြီးအကဲ မဟူရာသည် သူ၏ဝတ်ရုံစကို ခါလိုက်ပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ တစ်ချက်မျှ ဟုန်းကနဲ ထွက်ပေါ်လာကာ …

"သခင်လေး... ကျွန်တော် သွားပြီ"

"ဓားဖြူဖြူနဲ့ ဝင်သွားပြီး ဓားနီနီနဲ့ ပြန်ထွက်လာစေရမယ်။ အချီပေါင်း သုံးထောင်ရှစ်ရာလောက်အထိ တိုက်ခိုက်ပြီး တစ်ညလုံး ဥဒေါင်းတွေ တွန်မြည်သံကို ကြားစေရမယ်"

ထိုသို့ပြောပြီးသည်နှင့် အကြီးအကဲ မဟူရာသည် တည်းခိုခန်းအတွင်းမှ ထွက်ခွာသွားတော့သည်။ သူ၏ခြေလှမ်းများမှာ ပို၍မြန်ဆန်လာကာ နောက်ဆုံးတွင် ထိုအဘိုးကြီးမှာ ဝူးဟူး ဟု အော်ဟစ်ပျော်ရွှင်လျက် ခုန်ပေါက်ရင်း ချန်ကျီရှင်း၏ အမြင်အာရုံအတွင်းမှ ပျောက်ကွယ်သွားတော့သည်။

"စကားတစ်လုံးပဲ ရှိတယ်... အံ့ဩစရာပဲ"

ချန်ကျီရှင်းက ခေါင်းခါယမ်းလိုက်ပြီးနောက် အခန်းတံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်လာခဲ့သည်။ အခန်းအတွင်းပိုင်းကို ရှေးဟောင်းဆန်ဆန် ကျနလှပစွာ ပြင်ဆင်ထားပြီး စားပွဲပေါ်တွင် သစ်သီးဝလံများနှင့် အရသာရှိသော ဝိုင်များ ရှိနေသည်။ တော်တော်လေး စိတ်ကျေနပ်စရာ ကောင်းလှသည်။

"သူသွားတာ ကောင်းတာပဲ။ ငါလည်း နောက်ဆုံးတော့ ဖောက်ထွက်လို့ ရပြီ"

ချန်ကျီရှင်းသည် ခုတင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်၏။

ဝူးးးး

ကြီးမားလှသော ဝိညာဉ်စွမ်းအင်များမှာ ချန်ကျီရှင်းထံသို့ ရုတ်တရက် အလုံးအရင်းနှင့် တိုးဝင်လာတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်ကျီရှင်းသည် နွေးထွေးလှသော ဝိညာဉ်စွမ်းအင် ပင်လယ်ကြီးတစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် သူ၏ စိတ်အခြေအနေနှင့် ခန္ဓာကိုယ်စွမ်းအားကို အဆက်မပြတ် ညှိနှိုင်းနေခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက်...

"အချိန်ကျပြီ"

ချန်ကျီရှင်း၏ မျက်လုံးများမှာ ရုတ်တရက် ပွင့်လာပြီး သူ၏မျက်ဝန်းများအတွင်း၌ ထူးခြားဆန်းပြားသော နတ်ဘုရားအလင်းတန်းများ လှည့်ပတ်နေတော့သည်။ ထိုပုံစံမှာ လူသားတစ်ယောက်နှင့် တူသော်လည်း နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါလွန်းလှ၏။

ဒိုင်း…

ချန်ကျီရှင်းသည် အခန်းအတွင်းမှ ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွာခဲ့သည်။ မျက်တောင်အနည်းငယ် ခတ်လိုက်ရုံမျှဖြင့် သူသည် ဟုန်အန်းမြို့အပြင်ဘက်ရှိ လူသူကင်းမဲ့သော တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိသွားပြီး တင်ပလ္လင်ခွေ ထိုင်လိုက်သည်။

တောင်တန်းများစွာ၏ အထက်တွင် လပြည့်ဝန်းကြီးက မြင့်မားစွာ သာထွန်းနေ၏။

"စလိုက်ကြစို့"

ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် သူ၏လက်ထဲတွင် စစ်မှန်သော ကိုယ်ပိုင်ဆေးလုံးတစ်လုံး ပေါ်လာသည်။ ထိုဆေးလုံးကို ကောက်ယူ၍ ပါးစပ်အတွင်းသို့ မျိုချလိုက်၏။

ဆေးလုံးမှာ ပါးစပ်အတွင်းသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက်...

ဝုန်းးးး

အလွန်အမင်း အားကောင်းပြီး ဟုန်းဟုန်းတောက်နေသော ဆေးအာနိသင်များမှာ တစ်ကိုယ်လုံးသို့ ချက်ချင်း ပျံ့နှံ့သွားတော့သည်။ ထိုဆေးစွမ်းအားမှာ အဆုံးမရှိ စီးဆင်းနေသော မြစ်ကြီးတစ်စင်းကဲ့သို့သော်လည်းကောင်း ညဉ့်နက်သန်းခေါင်ယံကို ဖြတ်သန်းသွားသော နတ်ဘုရားလျှပ်စီးကြောင်းကဲ့သို့သော်လည်းကောင်း ခံစားရသည်။

၎င်းသည် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး၊ အရိုးအဆစ်များနှင့် ထူးခြားသော သွေးကြောမကြီး ရှစ်ခုအတွင်းသို့ ကြမ်းတမ်းစွာ ဝင်ရောက်စီးဆင်းသွားတော့၏။

နောက်တစ်ခဏတွင် ချန်ကျီရှင်းနှင့် တစ်ပုံစံတည်းတူသော အလွန်ခိုင်မာလှသည့် အရိပ်တစ်ခုမှာ သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။ ထိုအရိပ်သည် ချန်ကျီရှင်း၏ ရှေ့တည့်တည့်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်၏။

ထို့နောက် ချန်ကျီရှင်းနှင့် ထိုအရိပ်တို့မှာ မျက်လုံးများကို တစ်ပြိုင်နက်တည်း ဖွင့်လိုက်ကြပြီး တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြသည်။

"ဗောဓိပင်မှာ ဘယ်လိုလုပ် အသီးအပွင့်တွေ ရှိနိုင်မှာလဲ"

ထိုယင်ဝိညာဉ်အရိပ်က ပြုံးလျက် မေးခွန်းထုတ်လိုက်သည်။

ချန်ကျီရှင်းသည် အသက်ကို ဝအောင်ရှူလိုက်ပြီးနောက် လေးနက်သော လေသံဖြင့် ပြန်လည်

ရွတ်ဆို လိုက်သည်။

စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်၏ အနှစ်သာရမှာ မိမိကိုယ်ကို မေးခွန်းပြန်ထုတ်ခြင်းပင်။

"ဒီနေ့မှ... ငါက ငါကိုယ်တိုင် ဖြစ်တယ်ဆိုတာကို ငါသိလိုက်ပြီ"

ဝုန်းးး

ချက်ချင်းဆိုသလိုပင် ထိုယင်ဝိညာဉ်အရိပ်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး ရေတွက်၍မရနိုင်သော တောက်ပသည့် အလင်းစက်ကလေးများအဖြစ် ပြောင်းလဲကာ ချန်ကျီရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားတော့သည်။

ချန်ကျီရှင်း၏ အရှိန်အဝါ တစ်ခုလုံးမှာလည်း နောက်ထပ် နယ်ပယ်တစ်ခုဆီသို့ အရှိန်အဟုန်ဖြင့် စတင်ဖောက်ထွက်သွားသည်။

နာရီဝက်ခန့် ကြာပြီးနောက် ချန်ကျီရှင်းသည် မျက်လုံးများကို ဖွင့်လိုက်၏။ ဤအခိုက်အတန့်တွင် သူ၏ အသားအရေ လက်မတိုင်းမှာ အလင်းတန်းများ ဖြာထွက်နေပြီး ဆံပင်တစ်ပင်ချင်းစီတိုင်းမှာလည်း မသေမျိုး အလင်းရောင်များဖြင့် ဖုံးလွှမ်းနေတော့သည်။

သူ၏ အသက်ရှူနှုန်းနှင့်အတူ သူ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည့်အခါ နေမင်း၏ ဦးဦးဖျားဖျား အလင်းစွမ်းအင်များမှာ မီးလျှံများကဲ့သို့ ပူပြင်းလာကာ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကြီးကို ပုံပျက်သွားစေပြီး ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်အားလုံးကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်သည်။

သူ အသက်ကို ပြန်ရှူထုတ်လိုက်သည့်အခါတွင်မူ ထိုဝိညာဉ်စွမ်းအင် အားလုံးမှာ ကောင်းကင်နှင့် မြေကြီးအတွင်းသို့ ပြန်လည်ဝင်ရောက်သွား၏။ သူသည် လောကကြီးနှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ရှိနေပြီး သူ၏ လှုပ်ရှားမှုတိုင်းမှာ ကောင်းကင်ဘုံ၏ အလိုတော်ကို ကိုယ်စားပြုနေသယောင် ရှိနေတော့သည်။

"စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်.."

ချန်ကျီရှင်းသည် ကျောက်စိမ်းကဲ့သို့ ဖြူစင်ဝင်းပသော သူ၏ ညာဘက်လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး လက်ချောင်းများကို ဆုပ်လိုက်ရာ ရာသီဥတုကို ပြောင်းလဲစေနိုင်ပြီး မြေကမ္ဘာကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေနိုင်သည့် စွမ်းအားမျိုး သူ၏ လက်ဖဝါးအတွင်း၌ ဟုန်းကနဲ ထွက်ပေါ်လာသည်။

ဝုန်းးးး

ဟင်းလင်းပြင်တစ်ခုလုံးမှာ မြေပြင်ပေါ်ကျသွားသော မှန်တစ်ချပ်ကဲ့သို့ အက်ကွဲသွားပြီးနောက် ဟိန်းဟောက်သံနှင့်အတူ ပြိုလဲကျသွားတော့သည်။

ချန်ကျီရှင်းသည် စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားခဲ့ကာ ယခုအချိန်တွင် ချန်ကျီရှင်းသည် အရင်ကနှင့်မတူဘဲ အဆမတန် အစွမ်းထက်လာခဲ့ပြီဖြစ်သည်။ သူသည် ခြေတစ်လှမ်း လှမ်းလိုက်ရုံမျှဖြင့် တောင်တန်းများကို တိမ်းစောင်းသွားစေနိုင်ပြီး မြေပြင်ကို ပြိုကျသွားစေနိုင်သည်ဟုပင် ခံစားနေရသည်။ သူ၏ အစွမ်းမှာ အရင်ကထက် အနည်းဆုံး ဆယ်ဆခန့် ပိုမိုသန်မာလာသည်။

အကယ်၍ ထိုပင့်ကူအိမ်က အမျိုးသမီးနှင့်သာ ထပ်မံတွေ့ဆုံပါက လက်တစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် သူမကို အလွယ်တကူ ချေမှုန်းနိုင်မည်ဟု သူ ယုံကြည်ချက် အပြည့်ရှိနေသည်။

"ဆက်သွားရမယ်"

ချန်ကျီရှင်းသည် သူ၏ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်သည်။ လက်ရှိတွင် သူသည် စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်ထဲသို့ ခြေစုံပစ် ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ၎င်းမှာ လုံးဝ ပြည့်စုံသည့် အဆင့်တော့ မဟုတ်သေးဘဲ စစ်မှန်သော ကိုယ်ပိုင်အသွင်ယောင်နယ်ပယ်မျှသာ ရှိသေးသည်။

သူ့တွင် စစ်မှန်သော ကိုယ်ပိုင်အစွမ်း ရှိနေသော်လည်း ထိုနယ်ပယ်နှင့် ထိုက်တန်သော စစ်မှန်သော ကိုယ်ပိုင်အတတ်ပညာများ မရှိသေးပေ။ သူသည် မဟာတာအို မျိုးစေ့ကို စုစည်းရန်နှင့် ၎င်းအပေါ်တွင် ကောင်းကင်နှင့် မြေကြီး ဓမ္မရုပ်သွင်ကို ထွင်းထုရန် လိုအပ်နေသေးသည်။

ထိုအရာမှာမှ စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်၏ တကယ့် ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းဖြစ်ပြီး ချန်ကျီရှင်း၏ အစစ်အမှန် ခွန်အားကို နောက်ထပ် အဆင့်တစ်ခုသို့ အမှန်တကယ် ခုန်ပျံကျော်လွှားသွားစေမည့် အရာပင်။

အခန်း။ ၆၂

"ခွန်အားတာအိုဆိုတာ ဘာလဲ"

ဤအခိုက်အတန့်တွင် ချန်ကျီရှင်းသည် မျက်လုံးများကို မှိတ်ကာ နက်နဲစွာ တွေးတောနေမိသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ်ပေါင်း ငါးရာသည် ကြယ်တာရာ အလင်းတန်းများကဲ့သို့ တစ်ပြိုင်နက်တည်း လင်းထိန်လာပြီး တဟုန်ထိုး စီးဆင်းနေသော မြစ်ကြီးတစ်စင်းအလား ဒန်တျန်ဝိညာဉ်ပင်လယ်အတွင်းသို့ စုဆုံသွားကြသည်။

နှစ်ပေါင်းများစွာအတွင်း ခွန်အားနှင့် ပတ်သက်၍ ချန်ကျီရှင်း၏ နားလည်သဘောပေါက်မှုများသည် သူ၏ စိတ်အာရုံထဲတွင် မှတ်ဉာဏ်များအဖြစ် တရိပ်ရိပ် ပေါ်ထွက်လာ၏။

ငယ်စဉ်က ပထမဆုံးအကြိမ် ကျင့်ကြံစဉ်တွင် သူသည် အိမ်ရှိ စန္ဒကူးသား စားပွဲအစပ်ကိုပင် မနည်းမခဲ့ရသည်။ အနည်းငယ် ကြီးပြင်းလာသောအခါ သူ၏ ခွန်အားမှာ တိုးပွားလာပြီး ပေါင်တစ်ထောင်လေးသော ကျောက်တုံးကြီးကို ကစားစရာတစ်ခုကဲ့သို့ လက်ထဲ၌ လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်လာခဲ့သည်။ နောက်ပိုင်းတွင် ရတနာခန္ဓာ ပထမနယ်ပယ်ကို အထွတ်အထိပ် ရောက်ရှိခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်များကို ချိုးဖျက်ကာ သူ၏ ခွန်အားမှာ ပေါင်တစ်သောင်းထက် ကျော်လွန်သွားခဲ့သည်။

လောကဓံ၏ အနိမ့်အမြင့်၊ အတက်အကျများကြားတွင် ခွန်အားကို ကျင့်ကြံခြင်းက သူ၏ အဓိက လေ့ကျင့်ခန်း ဖြစ်ခဲ့သည်။ ချန်ကျီရှင်း၏ ဆင်ခြင်တွေးတောမှုများကြားမှာပင် သူ၏ ဒန်တျန် ဝိညာဉ်ပင်လယ် အထက်တွင် သေးငယ်သော မဟာတာအို မျိုးစေ့တစ်စေ့မှာ တဖြည်းဖြည်း ပုံဖော်လာတော့သည်။

ယခုဆိုလျှင် ချန်ကျီရှင်း၏ စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်သို့ ကူးပြောင်းမှုမှာ တစ်ဝက်ကျော်မျှ ပြီးမြောက်သွားပြီ ဖြစ်သည်။ နောက်ထပ် အဆင့်မှာ ထိုတာအိုမျိုးစေ့ပေါ်တွင် ကောင်းကင်နှင့် မြေကြီး ဓမ္မရုပ်သွင်ကို ရေးဆွဲရန်သာ ကျန်တော့ပြီး ထိုအရာပြီးမြောက်ပါက ဤနယ်ပယ်သို့ လုံးဝဥဿုံ ရောက်ရှိသွားမည် ဖြစ်သည်။

သို့သော်လည်း ချန်ကျီရှင်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ဝေခွဲမရသော အမူအရာဖြင့် အဝေးသို့ ငေးကြည့်နေမိသည်။ ခွန်အားဆိုသော စကားလုံးမှာ အလွန် ယေဘုယျဆန်ပြီး နက်နဲလွန်းလှသည်။ သူ ယခုလေးတင် နားလည်လိုက်သည်။ ရုပ်ပိုင်းဆိုင်ရာ ခွန်အားဆိုသည့် စကားလုံးနှစ်လုံးမျှသာ ရှိသေးသည်။

သို့သော် ခွန်အား၏ တာအိုမှာ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုလောက်နှင့် ရိုးရှင်းမနေပေ။ ကမ္ဘာမြေ၏ ဆွဲအား၊ စွဲဆောင်မှု စွမ်းအား၊ ဖိအား...

အခြားသူများ၏ အထင်သေးသော အကြည့်များကို သရဲမီးများကဲ့သို့သာ သဘောထားပြီး ကိုယ့်၏ ညဉ့်နက်လမ်းကို ရဲဝံ့စွာ လျှောက်လှမ်းနိုင်သည့် ကြောက်ရွံ့ခြင်းကင်းမဲ့မှု၊ ရှည်လျားသော ရှေ့ခရီးလမ်းတွင် လိုအပ်သည့် မိမိကိုယ်ကို ထိန်းကျောင်းမှု၊ သတိကြီးစွာဖြင့် တစ်ကိုယ်တည်း နေထိုင်နိုင်မှု၊ မိမိ၏ စူးရှမှုကို ဖုံးကွယ်ထားနိုင်မှု၊ မာန်မာနကို နှိမ့်ချနိုင်မှုနှင့် မိမိကိုယ်ကိုယ် ပြန်လည် ထိန်းချုပ်တည်ငြိမ်စေနိုင်သော စွမ်းအား... အစရှိသည်ဖြင့် ခွန်အားဟု ခေါ်သည်။

ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို နားလည်ရန် လွယ်ကူသော်လည်း ခွန်အားတာအိုမှာမူ ထိုထက် များစွာ ပိုမို ရှုပ်ထွေးလှသည်။

ငါ ကျင့်ကြံနေတဲ့ စွမ်းအားက တကယ်ပဲ ခွန်အားအားလုံးကို ကိုယ်စားပြုနိုင်ပါ့မလား။

ချန်ကျီရှင်းသည် မျက်မှောင်ကြုတ်လျက် ပို၍ နက်နဲသော အတွေးထဲသို့ နစ်ဝင်သွားသည်။ ညဉ့်အမှောင်မှာ ပို၍ နက်ရှိုင်းလာပြီး ကျောက်တုံးကြားမှ ထွက်လာသော ပုရွက်ဆိတ်တန်းလေးတစ်ခုက ဆံခြည်မျှင်လောက်သာရှိသော သူတို့၏ လက်မောင်းလေးများဖြင့် လက်သည်းခွံအရွယ် ပိုးကောင်အသေကောင်ကြီးကို အသိုက်ဆီသို့ အားစိုက်တွန်းရွှေ့နေသည်ကို သူ မြင်လိုက်ရသည်အထိပင်။

ရုတ်တရက်ဆိုသလို ချန်ကျီရှင်းသည် တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် သူ၏အကြည့်တို့မှာ ဝင်းလက်တောက်ပလာတော့သည်။

"ကျင့်ကြံခြင်းတာအိုမှာ အရေးကြီးဆုံးက ရိုးရှင်းဖို့ပဲ အရှုံးအမြတ်တွေအတွက် ပူပန်နေမယ့်အစား ကိုယ့်နှလုံးသားကိုကိုယ်သိပြီး ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်လျှောက်ဖို့ပဲ လိုတာ"

ချန်ကျီရှင်းသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး နှုတ်ခမ်းထောင့်တွင် ကြည်လင်ပြတ်သားသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

"ငါကျင့်ကြံတဲ့ ခွန်အားဆိုတာ... အရာအားလုံးကို ဖျက်ဆီးချေမှုန်းနိုင်တဲ့ အစင်ကြယ်ဆုံးသော အင်အားပဲ"

"တောင်တန်းတွေကို ရွှေ့ပြောင်းနိုင်ပြီး တစ်လောကလုံးကို လွှမ်းမိုးနိုင်တဲ့ ပြိုင်ဘက်ကင်း အစွမ်းသတ္တိ"

"လက်တစ်ချက်မြှောက်ရုံနဲ့ ကြယ်တာရာတွေကို ကြွေကျစေပြီး ခြေတစ်လှမ်းလှမ်းရုံနဲ့ အိုင်ကြီးငါးအိုင်ကို နှစ်ခြမ်းခွဲနိုင်တဲ့ မဟာခွန်အား"

"ဒါက ငါကျင့်ကြံချင်တဲ့ ခွန်အားပဲ"

ဤသို့ သိမြင်နားလည်သွားသည်နှင့် ချန်ကျီရှင်း၏ မျက်ဝန်းထဲမှ သံသယနှင့် ဝေခွဲမရမှုများမှာ ချက်ချင်းကွယ်ပျောက်သွားပြီး ကြည်လင်ပြတ်သားမှုနှင့် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။

နှလုံးသားကို သိမြင်ရင် တာအိုကို နားလည်ပြီ။

သူသည် သူ၏ ခွန်အားတာအိုအပေါ် ကိုယ်ပိုင်အမြင်ကို ရရှိသွားပြီး ရှေ့ဆက်ရမည့်လမ်းကို အထင်အသား မြင်တွေ့လိုက်ရပြီဖြစ်သည်။

နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် လက်လှမ်းလိုက်ပြီး ဟင်းလင်းပြင်ထဲတွင် တစ်စုံတစ်ခုကို စတင်ရေးဆွဲတော့သည်။ အေးစက်စက် လေပြေလေးတစ်ခုက ချန်ကျီရှင်း၏ ဝတ်စုံနှင့် ဆံနွယ်များကို ဖြတ်သန်းတိုက်ခတ်သွား၏။

ဝူးးးး.....

ရုတ်တရက်ဆိုသလို ထိုလေပြေမှာ ပိုမိုပြင်းထန်လာပြီး ကောင်းကင်ယံကို လွှမ်းမိုးသွားသည့် လေဆင်နှာမောင်းကြီးတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။

ဝုန်းးးး

တောင်ထိပ်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါလာတော့၏။

ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုမှာ ချန်ကျီရှင်းထံမှ ချက်ချင်းဖြာထွက်လာပြီး တောင်တန်းများကို ဖြတ်ကျော်ကာ ဟုန်အန်းမြို့၏ လမ်းမများအထိ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ရိုက်ခတ်သွားတော့သည်။

"ဟင်"

ချက်ချင်းပင် ဟုန်အန်းမြို့အတွင်း တင်ပလ္လင်ခွေ ကျင့်ကြံနေကြသော ကျင့်ကြံသူများသည် နှလုံးခုန်သံ တုန်ခါသွားကာ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ကြပြီး ချန်ကျီရှင်းရှိရာ ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

"ဒါ... ဒါက... တစ်ယောက်ယောက်က စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်ကို ဖောက်ထွက်ပြီး ကောင်းကင်နဲ့ မြေကြီး ဓမ္မရုပ်သွင်ကို စုစည်းနေတာလား"

အတွေ့အကြုံရင့်ပြီး ဗဟုသုတကြွယ်ဝသော ကျင့်ကြံသူအိုကြီးတစ်ဦး၏ မျက်ခုံးများမှာ ချက်ချင်းပင် တွန့်ချိုးသွားတော့သည်။

ဟုန်အန်းမြို့ရှိ ကျိရွှေမြစ်ပေါ်တွင် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသော လှေကလေးတစ်စင်းသည် လှိုင်းကြက်ခွပ်လေးများ ဖန်တီးကာ ငြိမ်သက်စွာ ရွေ့လျားနေ၏။

ထိုလှေအတွင်းရှိ ပန်းရောင်ကုလားကာများ ကာရံထားသော အခန်းတွင်း၌ အကြီးအကဲ မဟူရာသည် ရင်ဘတ်ဗလာဖြင့် မျက်နှာတစ်ခုလုံး နီမြန်းလျက် ကုတင်ပေါ်တွင် လဲလျောင်းနေသည်။

သူ၏ ရင်ခွင်ထဲတွင် တစ်ဖက်တစ်ချက်စီ၌ အသားအရေမှာ ကျောက်စိမ်းဖြူကဲ့သို့ ဝင်းမွတ်နူးညံ့ပြီး ခြေတံရှည်သွယ်လျသည့် ဆွဲဆောင်မှုရှိသော မိန်းမပျိုနှစ်ဦးကို ပွေ့ဖက်ထားသည်။

ထိုအမျိုးသမီးနှစ်ဦးမှာ ရင်စေ့အင်္ကျီပါးလေးများကိုသာ ဝတ်ဆင်ထားပြီး သူ၏ရင်ခွင်ထဲတွင် ချွဲနွဲ့နေကြ၏။ အမျိုးသမီးတစ်ဦးက ဝိုင်ကို တစ်ငုံသောက်ကာ အကြီးအကဲ မဟူရာ၏ ပါးစပ်ထဲသို့ ပြန်လည်ခွံ့ကျွေးနေသည်။ အခြားတစ်ဦးကမူ သူမ၏ ဆံနွယ်တစ်ပင်ကို လက်ဖြင့် အသာအယာလိပ်ကာ အကြီးအကဲ မဟူရာ၏ ရင်ဘတ်ပေါ်တွင် ပျင်းရိပျင်းတွဲနှင့် စက်ဝိုင်းပုံစံ ဆွဲနေသည်။

"အရက်သောက်တယ်ဆိုတာ ပါးစပ်ထဲ တိုက်ရိုက်ဝင်မှ အရသာအစစ်ကို ရတာကွ"

အကြီးအကဲ မဟူရာက မျက်လုံးလေးမှိတ်ကာ တဟားဟား ရယ်မောရင်း ပြောလိုက်သည်။

"အဘိုးကြီးကလည်း... အသက်ကသာ ကြီးတာ တကယ်ကို ပျော်တတ်ပါပေ့တော်"

ဆွဲဆောင်မှုရှိသော မိန်းမပျိုလေးက မူနွဲ့ကာ ပြန်ပြော၏။

"ဟားဟားဟား... ဒါကို အိုသော်လည်း မင်းသားလို့ ခေါ်တာကွ"

အကြီးအကဲ မဟူရာက အားရပါးရ ရယ်မောလိုက်သည်။

ရုတ်တရက် အကြီးအကဲ မဟူရာသည် တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ နားကိုစွင့်လိုက်ပြီး သူ၏ရင်ခွင်ထဲမှ မိန်းမပျိုလေးနှစ်ဦးကို ဆတ်ကနဲ တွန်းဖယ်လိုက်သည်။ သူသည် ထရပ်ကာ လှေကုလားကာကို ဆွဲဖွင့်လိုက်ပြီး မြို့ပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။

တောင်တန်းများစွာနှင့် အဆုံးမဲ့ညအမှောင်ထုကြားတွင် အံ့သြဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။ နေမင်းနှင့် လမင်းမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခြင်းပင်။

ထို့နောက် တောင်ထိပ်တစ်ခု၏ အထက်တွင် အဆုံးမဲ့ကြယ်တာရာ ပင်လယ်ကြီးတစ်ခုမှာ ကော်ဇောတစ်ချပ် ဖြန့်ခင်းလိုက်သကဲ့သို့ ပေါ်ထွက်လာတော့သည်။

"တစ်ယောက်ယောက်က ကောင်းကင်နဲ့ မြေကြီး ဓမ္မရုပ်သွင်ကို စုစည်းနေတာလား နေဦး... ဒီဓမ္မရုပ်သွင်ရဲ့ အဆင့်က... တော်တော်လေး အဆင့်မြင့်ပုံပဲ"

အကြီးအကဲ မဟူရာသည် စူးစိုက်ကြည့်လိုက်ရာ သူ၏မျက်နှာထက်တွင် စိတ်ဝင်စားမှုများ တဖြည်းဖြည်း ပိုမိုပေါ်လွင်လာသည်။

နောက်တစ်ခဏတွင် ထိုကြယ်တာရာ ပင်လယ်ကြီးအတွင်း၌ နေဝန်းကြီး ထွက်ပေါ်လာကာ လဝန်းကြီး ငုပ်လျှိုးသွားပြီး ကြယ်တာရာများမှာလည်း ရွေ့လျားပြောင်းလဲသွားကြသည်။ ထိုကြယ်တာရာပင်လယ်အတွင်းမှ ဧရာမ သတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာ၏။

ထိုသတ္တဝါကြီးမှာ စူးရှပြီး ကွေးညွှတ်နေသော ဦးချိုများရှိကာ ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်နေသည်။ သူသည် ကောင်းကင်ယံကို မော့ကြည့်ကာ နက်ရှိုင်းသော ဟိန်းဟောက်သံကြီးကို လွှတ်လိုက်တော့သည်။

မူးးးး

ထိုဟိန်းဟောက်သံတစ်ချက်တည်းနှင့်ပင် ကြယ်တာရာများမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်

ကုန်တော့၏။

"ခွန်အားကြီး နွားနတ်ဆိုးကို ကိုယ့်ရဲ့ ဓမ္မရုပ်သွင်အဖြစ် သုံးထားတာလား"

အကြီးအကဲ မဟူရာသည် အတန်ငယ် ကျေနပ်သည့်ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။

ထိုသူမှာ ခွန်အားတာအိုကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သိသာလှသည်။ နွားနတ်ဆိုးသည် ခွန်အားတာအို၏ ပြယုဂ်တစ်ခုဖြစ်ပြီး နေ၊ လ၊ ကြယ်တို့နှင့် ပေါင်းစပ်ထားသည့် အဆင့်မြင့် ဓမ္မရုပ်သွင်အတွက် သင့်တော်သော ရွေးချယ်မှုပင်။

သို့သော်...

"သိပ်တော့ မဆိုး..."

အကြီးအကဲ မဟူရာက ပြုံးလျက် သူ၏ အမြင်ကို ပြောရန် ပြင်လိုက်ရုံရှိသေးသည်။

ရုတ်တရက်...

ဝုန်း ဝုန်း ဝုန်း

ဝုန်း ဝုန်း ဝုန်း

ဧရာမ သတ္တဝါကြီးများမှာ တစ်ကောင်ပြီးတစ်ကောင် ဆက်တိုက် ထွက်ပေါ်လာတော့သည်။

နှစ်ကောင်... သုံးကောင်... လေးကောင်... ဆယ်ကောင်

ငါးဆယ်….

တစ်ရာ….

သုံးရာ…

ငါးရာ….

မျက်တောင်တစ်ခတ်အတွင်းမှာပင် နွားနတ်ဆိုးပေါင်း ငါးရာတိတိသည် ကြယ်တာရာ ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့ပြီ နွားနတ်ဆိုး တစ်ကောင်ချင်းစီတိုင်းသည် အလွန်အမင်း ထွားကျိုင်းခန့်ညားလှပြီး ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။

နွားနတ်ဆိုး ငါးရာ တစ်ပြိုင်နက်တည်း မတ်တပ်ရပ်နေသည့် မြင်ကွင်းမှာ တစ်လောကလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့မည့်အလား ထင်မှတ်ရသည်။

"... မ... မဟုတ်ဘူး... ဘာ..."

အကြီးအကဲ မဟူရာ၏ စကားလုံးများမှာ လည်ချောင်းဝတွင် တစ်ဆို့သွားခဲ့ကာ သူ၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး မေးစေ့မှာလည်း ကြက်ဥတစ်လုံး ငုံထားနိုင်လောက်အောင် ဟစိဟစိ ဖြစ်သွားတော့သည်။

ဘုရားရေ... ငါပဲ မျက်စိမှားနေတာလား။

"နွားနတ်ဆိုး ငါးရာ... တစ်ယောက်ယောက်က နွားနတ်ဆိုး ငါးရာကို သူ့ရဲ့ ကောင်းကင်နဲ့ မြေကြီး ဓမ္မရုပ်သွင် အဖြစ် တကယ်ပဲ သုံးနိုင်တယ်လား"

အကြီးအကဲ မဟူရာမှာ တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားပြီး ဆွံ့အမှင်သက်သွားရသည်။ ကောင်းကင်နှင့် မြေကြီး ဓမ္မရုပ်သွင်ဆိုသည်မှာ ကျင့်ကြံသူ၏ တာအိုနှင့် စွမ်းဆောင်

ရည်တို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက နွားနတ်ဆိုး ငါးရာကို ဓမ္မရုပ်သွင်အဖြစ် ပြောင်းလဲနိုင်သည်ဆိုပါက ထိုသူ၏ ခွန်အားမှာ အနည်းဆုံး ထိုနွားနတ်ဆိုး ငါးရာပေါင်းစာထက် မနည်းဘူးဟု ဆိုလိုခြင်းပင်။

"ဒါ... ဒါက...."

အကြီးအကဲ မဟူရာမှာ လည်ချောင်းများ ခြောက်ကပ်လာသလို ခံစားလိုက်ရသည်။

နွားနတ်ဆိုး ငါးရာကို ဓမ္မရုပ်သွင်အဖြစ် သုံးနိုင်ဖို့ဆိုရင် အဲဒီလူရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ဘယ်လောက်အထိ သန်မာနေရမှာလဲ။

"ဒါ့အပြင်... နွားနတ်ဆိုးတွေဆီမှာတင် ရပ်သွားမယ့်ပုံ မဟုတ်ဘူး။ နောက်ထပ် တစ်ခုခု ရှိသေးတယ်..."

အကြီးအကဲ မဟူရာက ဆက်လက် အကဲခတ်ရန် ပြင်လိုက်စဉ်မှာပင်...

ရှူးးးး

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုနွားနတ်ဆိုး ငါးရာနှင့် ကြယ်တာရာ ပင်လယ်ပြကွက်ကြီးမှာ တောင်တန်းများကြားတွင် ပျောက်ကွယ်သွားတော့သည်။ ဟုန်အန်းမြို့ရှိ ရေတွက်၍မရနိုင်သော ကျင့်ကြံသူများမှာမူ ထိတ်လန့်တုန်လှုပ်စွာဖြင့် ကောင်းကင်ကြီးကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့ကြ၏။

"ဒီနေ့ကစပြီး ဒီလောကမှာ ထိပ်တန်းအဆင့် ဓမ္မရုပ်သွင်တစ်ခုနဲ့ ပြိုင်ဘက်ကင်းတဲ့ စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်ပိုင်ရှင်တစ်ယောက် တိုးလာပြီ"

အကြီးအကဲ မဟူရာက လေးနက်သော အမူအရာဖြင့် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။

ထို့နောက် တိတ်ဆိတ်ငြိမ်သက်နေသော ဟုန်အန်းမြို့လေးမှာ ရုတ်ချည်းပင် ဆူညံပွက်လောရိုက်သွားတော့သည်။

လှိုင်းလုံးကြီးများအလား ဟိန်းဟောက်သံများ ပေါ်ထွက်လာပြီးနောက် ကျင့်ကြံသူ အမြောက်အမြားက မြို့ပြင်ရှိ တောင်ထိပ်ဆီသို့ အလုအယက် စတင်ထွက်ခွာလာကြတော့သည်။

All Chapters