← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း။ ၆၃

တောင်တန်းများကြားတွင် မြူခိုးရိပ်များ ဝိုင်းရံကာ မှောင်ရိပ်ကျဆင်းနေ၏။

တောင်ထိပ်များ၏ အထက်တည့်တည့်တွင်ပင် ရှိနေသယောင် ထင်မှတ်ရသော ကြီးမားဝိုင်းစက်သည့် လမင်းကြီးမှာ ကြည်လင်တောက်ပစွာ သာထွန်းနေသည်။ ထိုလပြည့်ဝန်းကြီး၏ အောက်တွင် ဖြူစင်ဝင်းပသော အသားအရေနှင့် ပြိုင်ဘက်ကင်းသည့် တင့်တယ်မှုရှိသော ချန်ကျီရှင်းက တင်ပလ္လင်ခွေ ထိုင်နေ၏။ ဆီးနှင်းကဲ့သို့ ဖြူစင်ကာ ဖုန်မှုန့်တစ်စမှ မတင်သော ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး မှင်ကဲ့သို့ နက်မှောင်သော သူ၏ဆံနွယ်များက နတ်ဘုရားအလင်းတန်းများ ခပ်ဖွဖွ ဖြာထွက်နေကာ ကျောပြင်ထက်သို့ စီးကျနေသည်။

စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်သို့ ဖောက်ထွက်နိုင်ခဲ့ခြင်းကြောင့် ချန်ကျီရှင်း၏ အရှိန်အဝါမှာ သာမန်လူတို့ထက် ကျော်လွန်ကာ နတ်ဘုရားတစ်ပါးကဲ့သို့ပင် ပို၍ ထူးခြားမြင့်မြတ်လာခဲ့သည်။ အထူးသဖြင့် သူ၏ ကြည်လင်စူးရှသော မျက်ဝန်းအစုံမှာ အံ့မခန်းလှသော ကြယ်တာရာ ဂလက်ဆီကြီးတစ်ခုကို ပိုင်ဆိုင်ထားသည့်အလား ထင်မှတ်ရသည်။

အကယ်၍ လွန်ခဲ့သောဘဝက တန်မင်းဆက်မှ ကဗျာဆရာနတ်သမီးသာ ဤမြင်ကွင်းကို မြင်တွေ့ခဲ့လျှင် "ကျောက်စိမ်းတောင်ထိပ်မှာ မတွေ့ရရင်တောင် လရောင်အောက်က နန်းဆောင်မှာတော့ ဆုံတွေ့ရလေရဲ့" ဟု ရေရွတ်မိပေလိမ့်မည်။

"နောက်ဆုံးတော့... စစ်မှန်တဲ့ ကိုယ်ပိုင်နယ်ပယ်ကို ရောက်ပြီပေါ့"

ချန်ကျီရှင်းက ညင်သာစွာ ပြုံးလိုက်မိသည်။ သူ၏ ဒန်တျန်ဝိညာဉ်ပင်လယ်အတွင်း၌ တိတ်ဆိတ်စွာ လွင့်မျောနေသော မဟာတာအို မျိုးစေ့ကို သူ အာရုံခံနိုင်နေပြီဖြစ်သည်။ သူ၏ စိတ်ဆန္ဒ အနည်းငယ်ဖြင့်ပင် ထိုမျိုးစေ့လေးမှနေ၍ တောင်တန်းနှင့် ပင်လယ်များကို တိမ်းစောင်းစေနိုင်သော ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်နိုင်ပေတော့မည်။

နတ်ဘုရားခရီးသွား နယ်ပယ်မှ စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်သို့ ကူးပြောင်းခြင်းက တစ်မှ နှစ်သို့ တိုးခြင်းမျှသာ မဟုတ်ဘဲ တစ်မှ တစ်ရာသို့ တိုက်ရိုက်ခုန်ပျံသွားခြင်းဖြစ်ကြောင်း သူ ထင်ထင်ရှားရှား ခံစားနေရသည်။ ထိုနယ်ပယ်နှစ်ခုကြားရှိ ကွာဟချက်မှာ စကားလုံးများဖြင့်ပင် ဖော်ပြရန် ခဲယဉ်းလှ၏။

ရုတ်တရက် တောင်အောက်ဘက်မှ ဆူညံပွက်လောရိုက်နေသော အသံများ ကြားလိုက်ရသည်။

"စီနီယာ... စီနီယာ ဘယ်မှာလဲခင်ဗျာ"

"စီနီယာကြီး... ကျွန်တော့်ကို ကျင့်ကြံခြင်းပညာတွေ သင်ပေးပါဦး"

"စီနီယာကြီးရဲ့ ဘွဲ့နာမလေး သိခွင့်ပြုပါဦး ကျွန်တော်တို့ရဲ့ ရိုင်းစိုင်းသော နတ်ဘုရားဂိုဏ်းကို ကြွခဲ့ပါလားခင်ဗျာ စီနီယာ့ကို ဒုတိယဂိုဏ်းချုပ် ရာထူးပေးပါ့မယ်။ ကျွန်တော် သေသွားရင် စီနီယာကပဲ ဂိုဏ်းချုပ် ဖြစ်ရမှာပါ"

"မိတ်ဆွေ... ကျွန်တော်က ချန်ဝမ်ထန်ပါ မိတ်ဆွေဖွဲ့ခွင့် ရမလား"

"စီနီယာ... အိမ်ထောင်ရှိပြီလားခင်ဗျာ ကျွန်တော့်အိမ်မှာ အရွယ်ကောင်း သမီးပျိုလေး ရှိပါတယ်။ စီနီယာ့ရဲ့ မယားငယ်အဖြစ် ခစားဖို့ ဝန်မလေးပါဘူး"

"အရှင်... ကျွန်တော်က ကျင့်ကြံခြင်းလောကရဲ့ အလုံးစုံသိသုတေတီပါ။ အရှင်ရဲ့ အကြောင်းတွေကို မှတ်တမ်းတင်ပြီး တစ်လောကလုံး သိအောင် ဖြန့်ဝေပေးပါရစေ"

"ဆရာကြီး... ကျွန်တော်က လုမုံပါ။ ခွန်အားတာအိုမှာ ထူးခြားတဲ့ အမြင်ရှိတယ်လို့ ကိုယ့်

ကိုယ်ကိုယ် ယူဆထားပါတယ်။ ကျွန်တော်နဲ့ ယှဉ်ပြိုင်ပေးပါဦး ကျွန်တော် ရှုံးရင် ဆရာကြီးရဲ့ တပည့်အဖြစ် ခံယူပါ့မယ်"

"လုမုံ... မင်းရဲ့ ကောက်ကျစ်တဲ့ အကြံကို ငါက နားမကြားရင်တောင် သိတယ် စီနီယာ... ကျွန်တော့်ကိုပဲ ရွေးချယ်ပါ။ ကျွန်တော့်မှာ ထူးခြားတဲ့ ပါရမီနဲ့ ပါရမီအရင်းအမြစ်တွေ ရှိပါတယ်"

"အားလုံး ဖယ်ကြစမ်း ဗေဒင်ဆရာတွေက ငါ့ကို နောင်တစ်ချိန်မှာ ဧကရာဇ်ဝတ်စုံ ဝတ်ရမယ့်သူလို့ ဟောထားကြတာ။ စီနီယာ... ကျွန်တော့်ကို ရွေးတာက အနာဂတ်ရဲ့ အင်ပါယာအရှင်သခင်ကို ရွေးတာနဲ့ အတူတူပါပဲ"

"စီနီယာ... သားရှိလားခင်ဗျာ အကယ်၍ စီနီယာ မကန့်ကွက်ဘူးဆိုရင် စီနီယာ အိုမင်းတဲ့အခါ ပြုစုဖို့ ကျွန်တော်က မွေးစားသားအဖြစ် ခံယူချင်ပါတယ်"

တောင်အောက်မှ ဆူညံပွက်လောရိုက်နေသော အော်ဟစ်သံများမှာ ဟိန်းထွက်နေတော့သည်။

"ပါရမီရှင်တွေ အများကြီးပါလား"

ချန်ကျီရှင်းက တစ်ဦးတည်း ရေရွတ်လိုက်ပြီးနောက် ခြေတစ်လှမ်း လှမ်းလိုက်ရာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဆုံးမဲ့ တောင်တန်းကြီးများကြားတွင် ပျောက်ကွယ်သွားတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက် လူအုပ်ကြီး တောင်ထိပ်ပေါ်သို့ တက်လာကြချိန်တွင်မူ စီနီယာကြီး၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့သဖြင့် ရင်ဘတ်ကို တဗုန်းဗုန်းထုကာ နှမြောတသဖြစ်ရင်း အခွင့်အရေး လွဲချော်သွားသည့်အတွက် ငိုချင်းချနေကြတော့သည်။

...

...

တစ်ချိန်တည်းမှာပင် ကံကောင်းခြင်းတည်းခိုခန်းရှိ အဆင့်မြင့် နတ်ဘုရားခန်းဆောင်အတွင်း ဖွင့်ထားသော ပြတင်းပေါက်မှ ရုတ်တရက် လေတိုးသံတစ်ခု ကြားလိုက်ရ၏။ မကြာမီမှာပင် အလင်းတစ်ချက် လက်သွားပြီးနောက် ချန်ကျီရှင်းသည် အခန်းအတွင်း၌ မတ်တပ်ရပ်လျက် ပေါ်လာတော့သည်။ သူသည် ပြတင်းပေါက်နားတွင် ရပ်လိုက်ပြီး လက်လှမ်း၍ ပြတင်းပေါက်ကို ပိတ်လိုက်၏။

ထို့နောက် သူသည် အခန်းအတွင်းကို ဝေ့ဝဲကြည့်လိုက်ရာ အနှောင့်အယှက်ပေးထားသည့် အမှတ်အသား သို့မဟုတ် အခြားသူတစ်ဦးဦး ဝင်ရောက်ထားသည့် ခြေရာလက်ရာမျိုး မတွေ့ရသဖြင့် ချက်ချင်းပင် အိပ်ရာဝင်လိုက်တော့သည်။

...

...

နောက်တစ်နေ့ နံနက်ခင်း မိုးသောက်ယံ အလင်းရောင်လေးများ စတင်ထွက်ပေါ်လာချိန်၌ တံခါးကို ခပ်မှန်မှန် ခေါက်သံတစ်ခု ထွက်ပေါ်လာသည်။ ချန်ကျီရှင်းသည် မျက်လုံးများကို ဖွင့လိုက်ပြီး တံခါးကို သွားဖွင့်ပေးလိုက်၏။

တံခါးနောက်ကွယ်တွင် အကြီးအကဲ မဟူရာသည် တစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေသည့် ပုံစံဖြင့် တောက်ပစွာ ပြုံးလျက် နှုတ်ဆက်လိုက်သည်။

"တတိယသခင်လေး... မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား"

"အင်း... အတော်လေး ကောင်းကောင်း အိပ်ပျော်ပါတယ်။ စီနီယာကတော့ တကယ့်ကို အားအင်တွေ ပြည့်ဖြိုးပြီး သစ်လွင်လန်းဆန်းနေပုံပဲနော်"

ချန်ကျီရှင်းက ပြုံးလျက် ပြန်ဖြေလိုက်၏။

အကြီးအကဲ မဟူရာက ခပ်တိုးတိုး ရယ်မောကာ ခေါင်းကို ပြုံး၍ ခါယမ်းလိုက်ပြီး "သခင်လေးရယ်... မနေ့ညက ကျွန်တော့်နောက်ကို မလိုက်ခဲ့တာ တကယ့်ကို နှမြောစရာပါပဲ။ ဟိုပန်းချီကားလိုလှတဲ့ လှေကြီးပေါ်မှာ အချစ်အကြောင်းတွေ နက်နက်နဲနဲ ဆွေးနွေးခဲ့ကြတာတွေကို စိတ်ကူးကြည့်လို့ ရမလား လှိုင်းလေးတွေက တအိအိနဲ့၊ လှေကလေးကလည်း အသာအယာ ယိမ်းလို့... ကျွန်တော်ကတော့ မြင်းစီးသလို ဆံပင်ကိုဆွဲပြီး လှိုင်းတွေနဲ့အတူ စည်းချက်ကျကျ လှုပ်ရှားနေခဲ့တာပေါ့"

ထိုသို့ပြောရင်း အကြီးအကဲ မဟူရာသည် မျက်လုံးများကို မှိတ်လိုက်ပြီး ထိုအရသာကို ပြန်လည်ခံစားနေသကဲ့သို့ လျှာကို တသသ လုပ်နေသည်။

ချန်ကျီရှင်း : "..."

အကြီးအကဲ မဟူရာမှာ ဒီလို တစ်ဖက်ရှိလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ

အကြီးအကဲ မဟူရာသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ချန်ကျီရှင်းကို ပြုံးစိစိဖြင့် ကြည့်ကာ "တတိယသခင်လေးက နားမလည်သေးလို့ပါ။ အကယ်၍ သခင်လေးသာ နားလည်သွားရင်တော့ အဲဒီထဲမှာ နစ်မွန်းပြီး ပြန်ထွက်ချင်တော့မှာ မဟုတ်ဘူး"

ခေတ္တမျှ ရပ်လိုက်ပြီးနောက် အကြီးအကဲ မဟူရာသည် ရုတ်တရက် အနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"တတိယသခင်လေး... နောက်တစ်ခါကျရင် သခင်လေး ကြည့်လို့ရအောင် ကျွန်တော် အဲဒါတွေကို အလင်းမှန်ထဲမှာ မှတ်တမ်းတင်လာပေးရမလား။ အဲဒါဆိုရင် သခင်လေးလည်း စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားလို့ ရတာပေါ့"

ချန်ကျီရှင်း၏ မျက်နှာမှာ ချက်ချင်း မှောင်ကျသွားတော့သည်။

ဘုရားရေ…

စီနီယာက ဘာလဲဟ... သူကလျှို့ဝှက် ဗီဒီယိုရိုက်တဲ့သူ လုပ်မလို့လား။

"စီနီယာ မှတ်တမ်းတင်မလား မတင်ဘူးလားဆိုတာတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ စီနီယာ အခုပြောလိုက်တဲ့ စကားတွေကိုတော့ ကျွန်တော် မှတ်တမ်းတင်ထားလိုက်ပြီ။ ပြန်ရောက်ရင်တော့ မိသားစုခေါင်းဆောင်ကို လက်ဆောင်ပေးလိုက်မယ်"

ထိုသို့ပြောကာ ချန်ကျီရှင်းသည် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ မြင်ကွင်းများကို မှတ်တမ်းတင်နိုင်သည့် အလင်းမှန်တစ်ခု သူ၏ လက်ဖဝါးပေါ်တွင် ပေါ်ထွက်လာသည်။

"……"

အကြီးအကဲ မဟူရာ၏ မျက်နှာမှာ ရေခဲခဲသလို အေးစက်တောင့်တင်းသွားပြီး ချန်ကျီရှင်းကို အံ့ဩတကြီး ကြည့်နေမိသည်။

ဒီကိစ္စကို တကယ်ကြီး လုပ်တော့မလို့လား။

မနောက်ပါနဲ့ သခင်လေးရာ။

ချက်ချင်းပင် အကြီးအကဲ မဟူရာမှာ စိုးရိမ်တကြီး ဖြစ်သွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

"တတိယသခင်လေး... အကယ်၍ ဒီကိစ္စသာ မိသားစုဆီ ရောက်သွားရင် ကျွန်တော့်အဖိုးကြီးမျက်နှာ ဘယ်နားသွားထားရတော့မလဲ"

"စီနီယာ့ရဲ့ ချစ်သူလေးတွေဆီမှာ သွားထားလိုက်ပေါ့"

ချန်ကျီရှင်းက စနောက်လိုက်သည်။ အကြီးအကဲ မဟူရာမှာ တကယ်ကြီး စိတ်ပူနေသည်ကို မြင်သောအခါ သူက ခပ်တိုးတိုး ရယ်မောလိုက်ပြီး "နောက်တာပါ စီနီယာရယ်။ ဘာလဲ... စီနီယာကကျတော့ ကျွန်တော့်ကို စလို့ရပြီး ကျွန်တော်ကကျတော့ စလို့မရဘူးလား"

အကြီးအကဲ မဟူရာ၏ မျက်နှာမှာ အရောင်အမျိုးမျိုး ပြောင်းသွားပြီးနောက် နောက်ဆုံးတွင် လက်မထောင်ပြကာ "တတိယသခင်လေး... သခင်လေးကတော့ တကယ့်ကို ပါးနပ်လွန်းပါတယ်" ဟု ချီးကျူးလိုက်ရတော့သည်။

မကြာမီမှာပင် သူတို့နှစ်ဦးသည် တည်းခိုခန်းမှ ထွက်ခွာကာ မြို့ပြင်သို့ ဦးတည်လိုက်ကြပြီး ခရီးစဉ်ကို ဆက်လက် စတင်ရန် ပြင်ဆင်ကြတော့သည်။

လမ်းတစ်လျှောက်တွင် အကြီးအကဲ မဟူရာက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် လေးနက်စွာ မေးလိုက်သည်။

"ဒါနဲ့ သခင်လေး... မနေ့ညက မြို့ပြင်မှာ တစ်ယောက်ယောက် စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်ကို ဖောက်ထွက်သွားတာ မြင်လိုက်လား"

ချန်ကျီရှင်းက ခေါင်းညိတ်ပြကာ "ဟုတ်ကဲ့... ခံစားမိပါတယ် ဒါပေမဲ့ မနေ့ညက ကျွန်တော်လည်း ကျင့်ကြံနေတာဆိုတော့ သေသေချာချာကြီးတော့ သတိမထားမိလိုက်ဘူး" ဟု ပြန်ဖြေလိုက်၏။

အကြီးအကဲ မဟူရာ၏ မျက်နှာမှာ တည်ကြည်သွားပြီး "အဲဒီလူက နွားနတ်ဆိုး ငါးရာကို သူ့ရဲ့ ဓမ္မရုပ်သွင်အဖြစ် ပြောင်းလဲနိုင်ခဲ့တာ။ သူ့ရဲ့ ခွန်အားကတော့ ကြောက်စရာကြီးပဲ ဖြစ်လိမ့်မယ်။ ဒီလောကမှာ နောက်ထပ် ပြိုင်ဘက်ကင်းတဲ့ စစ်မှန်သော ကိုယ်ပိုင်နယ်ပယ် ပိုင်ရှင်တစ်ယောက် ပေါ်လာပြီဆိုတာ သေချာတယ်"

ချန်ကျီရှင်းက အနည်းငယ် အားကျသလို ဟန်ဆောင်ကာ ချက်ချင်းပင် ညည်းညူလိုက်သည်။

"စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်... အင်း... ကျွန်တော်ကော ဘယ်တော့မှ အဲဒီနယ်ပယ်ကို ရောက်မှာပါလိမ့်"

"သခင်လေး စိတ်မပျက်ပါနဲ့။ သခင်လေးရဲ့ အသက်အရွယ်နဲ့ နတ်ဘုရားခရီးသွား နယ်ပယ်ကို ရောက်နေတာပဲ။ စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်ကို ရောက်ဖို့ကတော့ သေချာပေါက် အာမခံချက် ရှိပါတယ်။ သခင်လေးက အဲဒီလူထက်တောင် ပိုပြီး သန်မာလာဦးမှာပါ"

အကြီးအကဲ မဟူရာက ချန်ကျီရှင်း၏ ပုခုံးကို ပုတ်ကာ အားပေးလိုက်သည်။ ထို့နောက် နှမြောတသဟန်ဖြင့် ထပ်ပြောသည်။

"နှမြောစရာပဲ... မနေ့ညကသာ လရောင်အောက်မှာ မပျော်ပါးနေခဲ့ရင် အဲဒီလူကို သွားတွေ့ပြီး ချန်မိသားစုအတွက် အင်အားကြီးမားတဲ့ မဟာမိတ်တစ်ယောက်အဖြစ် စည်းရုံးလိုက်ရမှာ"

ချန်ကျီရှင်းကလည်း ထောက်ခံသည့်အနေဖြင့် "စီနီယာ ပြောတာ မှန်ပါတယ်" ဟု ပြောလိုက်၏။

သူတို့နှစ်ဦးသည် စကားတပြောပြောနှင့် လျှောက်လာကြရာ မကြာမီမှာပင် ဟုန်အန်းမြို့မှ ထွက်ခွာခဲ့ကြသည်။ လွတ်လပ်ပြီး လူသူကင်းမဲ့သော နေရာတစ်ခုသို့ ရောက်သောအခါ အကြီးအကဲ မဟူရာက သူ၏လက်ဖဝါးပေါ်တွင် လေယာဉ်ပျံသင်္ဘောငယ်လေးတစ်ခုကို ထုတ်ဖော်လိုက်သည်။

"ကြီးထွားစမ်း"

အကြီးအကဲ မဟူရာက ထိုသင်္ဘောငယ်ကို လေထဲသို့ မြှောက်တင်လိုက်ရာ ၎င်းမှာ လေနှင့်အတူ ကြီးထွားလာပြီး ခဏချင်းအတွင်းမှာပင် ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေသော ဧရာမ သင်္ဘောကြီးတစ်စင်း ဖြစ်သွားတော့သည်။

ချန်ကျီရှင်းနှင့် အကြီးအကဲ မဟူရာတို့မှာ ကုန်းပတ်ပေါ်သို့ တက်လိုက်ကြ၏။ ထို့နောက် အကြီးအကဲ မဟူရာက လက်ဟန်တစ်ခုပြုလုပ်ကာ သင်္ဘောကို ထိန်းကျောင်းလိုက်ရာ သင်္ဘောကြီးမှာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး အဆုံးမဲ့ မြူတိမ်ပင်လယ်ကြီးကို ဖြတ်သန်းကာ ဝူရွှမ်းမြို့ဆီသို့ လျင်မြန်စွာ ဦးတည်သွားတော့သည်။

နာရီအနည်းငယ် ကြာပြီးနောက် လေယာဉ်ပျံကဲ့သို့သင်္ဘောကြီးသည် တောင်တန်းကြီးများနှင့် ယွမ်ဟူရွှံ့နွံအိုင်ကြီးကို ဖြတ်ကျော်လာခဲ့သည်။

အဝေးတစ်နေရာမှနေ၍ စည်ကားလှသော မြို့ကြီးတစ်မြို့ကို စတင်မြင်တွေ့လိုက်ရသည်။

ယို့ကျိုးနယ်မြေ၊ ဝူရွှမ်းမြို့၊ ရွမ်မိသားစု…

အခန်း။ ၆၄

တစ်ချိန်တည်းမှာပင်...

ဝူရွှမ်းမြို့၏ မြို့ဂိတ်တံခါးဝ၌ ရွမ်မိသားစု၏ အကြီးအကဲ ရွမ်ကျန့်လုံသည် သူ၏ဇနီး၊ သားသမီးများ၊ အကြီးအကဲများနှင့် မြောက်မြားစွာသော အစေခံ၊ အခြွေအရံများကို ခေါ်ဆောင်၍ မြို့ဂိတ်တံခါးပြင်ပတွင် စောစောစီးစီးကတည်းက စောင့်ကြိုနေခဲ့သည်။

နေမင်းမှာ အစွမ်းကုန် ပူပြင်းနေပြီး မြေပြင်မှာ ခြောက်သွေ့အက်ကွဲနေ၏။ သို့သော်လည်း ရွမ်ကျန့်လုံမှာမူ လေးနက်တည်ကြည်စွာ မတ်တပ်ရပ်နေပြီး စိတ်မရှည်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြသပေ။ အစေခံတစ်ဦး နွမ်းနယ်နေသည့် လက္ခဏာပြသည်ကို မြင်လိုက်ရချိန်တွင် သူက ငေါက်ငမ်းလိုက်သည်

"အားလုံး စိတ်ကို တင်းထားကြစမ်း ဇီဝေချန်မိသားစုရဲ့ တတိယသခင်လေးက မကြာခင် ရောက်တော့မှာ။ ဘယ်သူမဆို ပေါ့လျော့တဲ့ အမူအရာမျိုး နည်းနည်းလေးတောင် ပြခဲ့မယ်ဆိုရင်... မင်းတို့ခေါင်းကို ဖြတ်ပြီး ကျင်ငယ်ခွက်အဖြစ် သုံးပစ်လို့ ငါ့ကို အပြစ်မတင်နဲ့"

ထိုစကားကို ကြားလိုက်ရသည်နှင့် အစေခံများမှာ ချက်ချင်းပင် ကျောကိုဆန့်ကာ အသက်ပြင်းပြင်းပင် မရှူရဲတော့ပေ။ ၎င်းကို မြင်သောအခါ ရွမ်ကျန့်လုံမှာ အတန်ငယ် ကျေနပ်သွားပုံရသည်။ သူ၏ အကြည့်တို့မှာ မြို့ဂိတ်တံခါးမှတစ်ဆင့် မြို့ထဲသို့ မကြာခဏ ဝေ့ဝဲကြည့်နေပြီး တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေပုံရကာ သူ၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုနှင့် ဂဏာမငြိမ်ဖြစ်မှုများမှာ သိသိသာသာ ပေါ်လွင်နေ၏။

မကြာမီမှာပင် အသက် ၂၀ ဝန်းကျင်ခန့်ရှိပြီး ရွမ်ကျန့်လုံနှင့် အနည်းငယ် ဆင်တူကာ အတော်လေး ချောမောသော လူငယ်တစ်ဦး ပြေးလာခဲ့သည်။

"ထျန်းအာ... မင်း သူမကို ရှာမတွေ့ခဲ့ဘူးလား"

ရွမ်ကျန့်လုံက အနားသို့ အမြန်တိုးသွားကာ မေးလိုက်သည်။ ရွမ်မိသားစု၏ သားကြီးဖြစ်သူ ရွမ်နန်ထျန်းက ခေါင်းခါယမ်းလိုက်ပြီး "မိသားစုဝင်တွေ ပြောတာအရဆိုရင် ညီမလေးက အစောကြီးကတည်းက ဟိုလင်းဖုန်းနဲ့အတူ အပြင်ထွက်သွားတာ အခုထိ ပြန်မလာသေးဘူး" ဟု ပြောလိုက်သည်။

"လင်းဖုန်း"

ရွမ်ကျန့်လုံ၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားရသည်။

"ဒီကောင်... ဘယ်ကမှန်းမသိတဲ့ သာမန်အစေခံတစ်ယောက် ဖြစ်နေပြီးတော့ ပါရမီလေး နည်းနည်းရှိတာနဲ့ ငါတို့မိသားစုထဲမှာ စည်းမဲ့ကမ်းမဲ့ လုပ်လို့ရမယ် ထင်နေတာလား"

ရွမ်နန်ထျန်း၏ မျက်ဝန်းများမှာလည်း အုံ့မှိုင်းသွားကာ "ဒီလင်းဖုန်းက နောင်တစ်ချိန်မှာ ပြဿနာဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ပြောဖူးသားပဲ။ သူ ရွမ်မိသားစုထဲ ဝင်လာကတည်းက ရည်ရွယ်ချက်က မရိုးသားဘူး" ဟု ပြောလိုက်သည်။

ခေတ္တမျှ ရပ်လိုက်ပြီးနောက် ရွမ်နန်ထျန်းက သက်ပြင်းရှည်ကြီးကို ချလိုက်ကာ "အဖေ... အခုက ဒါတွေကို ဆွေးနွေးရမယ့်အချိန် မဟုတ်တော့ဘူး။ ညီမလေးက ဘယ်လောက်ပဲ ကလေးဆန်ပါစေ။ ဇီဝေချန်မိသားစုက ကျွန်တော်တို့အတွက် ဘယ်လောက် အရေးကြီးလဲဆိုတာ သူမ သိပါတယ်။ သူမ ဒီအချိန်မှာတော့ မိုက်မိုက်ကန်းကန်း လုပ်မှာ မဟုတ်ပါဘူး။ မကြာခင် ပြန်လာမှာပါ။ အခုလောလောဆယ်တော့ ဒီကိစ္စကို အရင် ကိုင်တွယ်ဖို့ ကျွန်တော် အကြံပြုချင်တယ်" ဟု ပြောလိုက်၏။

ထိုစကားကို ကြားရသောအခါ ရွမ်ကျန့်လုံက ခေါင်းညိတ်လိုက်ပြီး သူ၏ အမူအရာမှာ အနည်းငယ် ပြေလျော့သွားတော့သည်။

သူက ဆက်ပြီးစကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ...

ရုတ်တရက် ကောင်းကင်ဘုံ ကိုးထပ်လွှာ၏ အထက်ဆီမှ နက်ရှိုင်းလှသော ဟိန်းဟောက်သံကြီးတစ်ခု ဟိန်းထွက်လာသည်။

"သူတို့ ရောက်လာကြပြီ"

ရွမ်ကျန့်လုံ၏ စိတ်များ လန်းဆန်းတက်ကြွသွားပြီး အပေါ်သို့ အမြန်မော့ကြည့်လိုက်သည်။ မြူတိမ်ပင်လယ်ကြီးကြားမှ ကိုက်တစ်ရာကျော် ရှည်လျားသည့် ဧရာမ ဘီးတပ်လေယာဉ်ပျံသင်္ဘောကြီးတစ်စင်းမှာ တရွေ့ရွေ့ဖြင့် ချဉ်းကပ်လာနေသည်။ လေယာဉ်ပျံသင်္ဘောကြီးတစ်ခုလုံးကို နက်မှောင်သော နဂါးသွေးကျောက်များဖြင့် ထုဆစ်ထားပြီး အနုစိတ်လှသည့် အစီအရင် အင်းကွက်ပုံစံများဖြင့် ဖုံးလွှမ်းနေသည်။ သင်္ဘောဦးပိုင်း၌မူ လက်ရာမြောက်လှပြီး အသက်ဝင်လွန်းသည့် ကြောက်မက်ဖွယ် နဂါးခေါင်းကြီးတစ်ခု ရှိနေသည်။

လေထဲတွင် တဖျတ်ဖျတ်လွင့်နေသော ဧရာမ အလံတော်ကြီးဆီမှ အသံများကိုလည်း ကြားနေရသည်။ ထိုအလံနက်ကြီးပေါ်၌မူ ရွှေချည်ထိုးထားသော စာလုံးကြီးတစ်လုံး ရှိနေသည်။ ထိုအရာကတော့ ချန်ဆိုသည့် စာလုံးပင်။

အားလုံးက ဤဧရာမ လေယာဉ်ပျံသင်္ဘောကြီးကို မော့ကြည့်နေကြပြီး တိတ်ဆိတ်လှသော ဖိအားကြီးတစ်ခု သူတို့အပေါ်သို့ သက်ရောက်လာသလို ခံစားနေရသည်။ ထိုဖိအားကြောင့် သူတို့၏ နှလုံးခုန်သံများပင် ခဏတာ နှေးကွေးသွားရသည်။

"ဒါက ထာဝရရှင်သန်ခြင်းမိသားစုရဲ့ အရှိန်အဝါလား။ ဒီလေယာဉ်ပျံသင်္ဘောကြီး တစ်စင်းတည်းတင် ဝိညာဉ်ကျောက်တုံး တစ်သန်းလောက် တန်တယ်လို့ ပြောကြတယ်"

အစေခံတစ်ဦးက အံ့ဩတကြီးဖြင့် ရေရွတ်လိုက်သည်။

"ဒါက ဘာဆန်းလို့လဲ ချန်မိသားစုက အရင်ကထက် အင်အားကျဆင်းသွားပြီလို့ ပြောကြတာပဲ။ သူတို့ အထွတ်အထိပ်ရောက်ခဲ့စဉ်တုန်းကဆိုရင် ချန်မိသားစုရဲ့ ရထားလုံးကို စစ်မှန်တဲ့ နဂါးကိုးကောင်က ဆွဲရတာ။ နောက်ကနေ ဖီးနစ်ငှက် သုံးကောင်က လိုက်ပါရပြီး ရွှေချပ်ဝတ်ဝတ် နတ်စစ်သည် ခုနစ်ဆယ့်နှစ်ယောက်က ဘေးတစ်ဖက်တစ်ချက်မှာ ခစားကြတာတဲ့။ အဲဒါမှ တကယ်ကို ကောင်းကင်ဘုံကို တုန်လှုပ်စေတဲ့ ဂုဏ်သရေရှိ မိသားစုကြီးပေါ့"

"ဟုတ်တယ်... အဲဒီတုန်းက ချန်မိသားစုမှာ ပါရမီရှင်တွေ အပြည့်ပဲ။ ပညာရှင်ကြီးတွေကလည်း အလွှာလိုက် အထပ်လိုက်ပဲလေ။ တကယ့်ကို မသေမျိုးနဲ့ အမြဲတည်တံ့နေတဲ့ အရှိန်အဝါမျိုးပေါ့"

"ရှူး... တိုးတိုးပြောစမ်းပါ။ ဇီဝေချန်မိသားစုက အရင်ကထက် ကျဆင်းသွားတယ်ဆိုပေမဲ့ တစ်ချိန်တုန်းက ထာဝရရှင်သန်ခြင်းနယ်ပယ်ထိ ရောက်ခဲ့တဲ့သူ ရှိခဲ့တာပဲ။ ငါတို့ ရွမ်မိသားစုအတွက်တော့ သူတို့က လက်လှမ်းမမီနိုင်တဲ့ ဧရာမ အင်အားစုကြီး ဖြစ်နေတုန်းပဲ"

တိုးတိုးတိတ်တိတ် စကားသံများကြားမှာပင် ဧရာမ လေယာဉ်ပျံသင်္ဘောကြီးက

ဖြည်းညှင်းစွာ ဆင်းသက်လာပြီး လူတိုင်း၏ ရှေ့မှောက်တွင် ရပ်တန့်သွားသည်။ ထို့နောကတွင်မူ လူရိပ်နှစ်ခု သင်္ဘောပေါ်မှ ထွက်ပေါ်လာသည်။

အရှေ့ဆုံးမှ ပုဂ္ဂိုလ်မှာ ငယ်ရွယ်သောပုံပေါက်သော်လည်း အရပ်ရှည်၍ ခန့်ညားထည်ဝါလှသည်။ ချောမောပြီး မြင့်မြတ်သည့် အရှိန်အဝါရှိကာ ဖုန်မှုန့်တစ်စမျှ မတင်သော ဖြူစင်သည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ စူးရှသည့် မျက်ခုံးအစုံနှင့် တောက်ပသော မျက်ဝန်းများကမူ အလွန်ပင် ဆွဲဆောင်မှု ရှိလွန်းသည်။

သူသည် ပန်းချီကားတစ်ချပ်ထဲမှ ထွက်ပေါ်လာသည့်အတိုင်း တကယ့်ကို မြင့်မြတ်သော သခင်လေးတစ်ဦး၏ အသွင်အပြင်မျိုး ရှိနေသည်။

အခြားတစ်ဦးမှာမူ ခန့်ညားစွာ ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးဖြစ်ပြီး သူ၏ ကျင့်ကြံဆင့်မှာ ခန့်မှန်းရခဲလှ၏။ သူသည် မြင့်မြတ်သော သခင်လေး၏ နောက်မှ ခြေတစ်လှမ်းခန့် ခွာ၍ လိုက်ပါလာသည်။

"ဝါး... တကယ့်ကို ချောမောတဲ့ သခင်လေးပဲ"

"ဒါက ချန်မိသားစုရဲ့ တတိယသခင်လေးလား သူက အရမ်းငယ်သေးတယ်လို့ ကြားထားတာ။ ကလေးတစ်ယောက်ပဲ ဖြစ်မယ်လို့ ထင်နေတာ။ ဘယ်လိုလုပ် ဒီလောက်အထိ ထူးကဲနေရတာလဲ"

"ကျွန်မတော့ မရတော့ဘူး။ သခင်လေးက ကျွန်မကို ကြည့်လိုက်သလိုပဲ... ရင်တွေလည်း တုန်နေပြီ"

ထိုသို့ တိုးတိုးတိတ်တိတ် ရေရွတ်သံများကြားမှာပင် ရွမ်ကျန့်လုံသည် မျက်နှာတွင် အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်ပြီး သူ၏ သားကြီး ရွမ်နန်ထျန်းနှင့် အခြားသူများကို ဦးဆောင်ကာ အပြေးအလွှား သွားရောက်ကြိုဆိုတော့သည်။

"ကျွန်တော်က ရွမ်မိသားစုက ရွမ်ကျန့်လုံပါ။ တတိယသခင်လေးကို ဂါရဝပြုပါတယ်"

အတော်လေး ဝေးနေသေးသော်လည်း ရွမ်ကျန့်လုံမှာ ရိုသေစွာဖြင့် အလျင်အမြဲ ဦးညွှတ်လိုက်၏။ သူ၏ စကားနှင့်အတူ ဝူရွှမ်းမြို့ ဂိတ်တံခါးဝရှိ ရွမ်မိသားစုဝင် အယောက်ပေါင်းများစွာမှာ တစ်ပြိုင်နက်တည်း ညီညီညာညာ ဦးညွှတ်လိုက်ကြသည်။

"ကျွန်တော်တို့အားလုံး တတိယသခင်လေးကို ဂါရဝပြုပါတယ်"

သူတို့၏ အသံများမှာ ထပ်တူကျနေပြီး ဟိန်းထွက်သွားတော့သည်။

ချန်ကျီရှင်းမှာမူ ၎င်းကို ကြည့်နေရင်း ချက်ချင်း စကားမပြောသေးဘဲ အချိန်ခဏ စောင့်ဆိုင်းနေလိုက်သည်။ လူတိုင်းမှာ ဦးညွှတ်ထားသည့် အနေအထားအတိုင်း ရှိနေကြပြီး စိတ်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်လာကာ နဖူးမှ ချွေးစက်များပင် ထွက်လာချိန်ကျမှ သူက တည်ငြိမ်စွာ ပြောလိုက်သည်။

"အားလုံး ထကြပါ"

အကြီးအကဲ မဟူရာသည် ဤမြင်ကွင်းကို ကြည့်နေရင်း တိတ်တဆိတ် ခေါင်းညိတ်လိုက်မိ၏။

တတိယသခင်လေး၏ ယခု ရွမ်မိသားစု ခရီးစဉ်မှာ သူကိုယ်တိုင်အတွက်သာမက ဇီဝေချန်

မိသားစုတစ်ခုလုံးကိုပါ ကိုယ်စားပြုနေခြင်းပင်။ အကယ်၍ သူက စရောက်ချင်းမှာတင် အားနာစရာမရှိဘဲ ရင်းရင်းနှီးနှီးကြီး သွားလုပ်ပြနေပါက ၎င်းမှာ မသင့်တော်ပေ။ ယခုကဲ့သို့ အနေအထားနှင့် အကွာအဝေးကို မှန်ကန်စွာ ထိန်းညှိထားခြင်းကသာ တကယ့်ကို ကျွမ်းကျင်သော ကိုင်တွယ်မှုမျိုး ဖြစ်သည်။

"တတိယသခင်လေး... ကျွန်တော်က ရွမ်ကျန့်လုံပါ။ ဒါကတော့ ကျွန်တော့်ရဲ့ ဇနီးပါ။ ပြီးတော့ ဒါက ကျွန်တော့်သား ရွမ်နန်ထျန်း။ မင်းတို့နှစ်ယောက်... တတိယသခင်လေးကို အမြန် ဂါရဝပြုကြဦးလေ"

ရွမ်ကျန့်လုံက သက်ပြင်းရှည်ကြီးကို တစ်ချက်ချလိုက်ပြီး ချက်ချင်းပင် ပြုံးရွှင်စွာဖြင့် မိတ်ဆက်ပေးတော့သည်။

"ကျွန်မ တတိယသခင်လေးကို ဂါရဝပြုပါတယ်။ နောင်ကျရင်လည်း အများကြီး လမ်းညွှန်ပေးပါဦးရှင်"

ရွမ်ကတော်သည် ကိုယ်လုံးကိုယ်ပေါက် ထွားကျိုင်းလှပပြီး ဆွဲဆောင်မှုအပြည့်ရှိသူဖြစ်ရာ သူမက ချန်ကျီရှင်းကို နွေးထွေးစွာ ပြုံးပြရင်း အရိုအသေပေးလိုက်သည်။

"တတိယသခင်လေး... ဒီဂျူနီယာကတော့ ရွမ်နန်ထျန်းပါခင်ဗျာ"

ရွမ်နန်ထျန်းသည် ရိုသေသော အမူအရာနှင့် ဖော်ရွေသော မျက်နှာပေးကို ထိန်းသိမ်းထားသည်။ သူက ချန်ကျီရှင်းထက် ၁၂ နှစ်မက အသက်ကြီးသော်လည်း သူ့ကိုယ်သူ ဂျူနီယာအဖြစ်သာ နိမ့်ချသုံးနှုန်းသွားခဲ့သည်။

"ရွမ်မိသားစုခေါင်းဆောင်နဲ့ ရွမ်ကတော်တို့... ဒီလောက်အထိ အလေးအနက်ထားစရာ မလိုပါဘူး။ ကျွန်တော်တို့ ရွမ်မိသားစုနဲ့ ချန်မိသားစုက မျိုးဆက်နဲ့ချီပြီး မိတ်ဆွေရင်းချာတွေ ဖြစ်ခဲ့ကြတာပါ။ တကယ်တမ်း ပြောရရင် ကျွန်တော်က ခင်ဗျားတို့ကို ဦးလေးနဲ့ အဒေါ်လို့တောင် ခေါ်ရမှာပါ"

ချန်ကျီရှင်းက ပြုံးလျက်ပြောပြီးနောက် ရွမ်နန်ထျန်းကို ကြည့်ကာ ဆက်ပြောသည်။

"ညီအစ်ကိုရွမ်... မင်းလည်း အဲဒီလို ဘွဲ့ထူးဂုဏ်ထူးတွေ ခေါ်နေစရာ မလိုပါဘူး။ ကျွန်တော်တို့ အသက်အရွယ်အရဆိုရင် ရွယ်တူတွေလိုပဲ သဘောထားပြီး ဆက်ဆံကြတာပေါ့"

ထိုစကားကို ကြားလိုက်ရချိန်တွင် သူတို့ သုံးဦးစလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်လျှံသွားတော့သည်။

မူလက ချန်ကျီရှင်းသည် အထက်စီးဆန်ပြီး အေးစက်စက်နိုင်မည့်သူဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။ ရွမ်မိသားစုနှင့် ဇီဝေချန်မိသားစုကြားရှိ အဆင့်အတန်း ကွာခြားမှုကြောင့်

လည်းကောင်း နှစ်ပေါင်းများစွာ အဆက်အသွယ် ပြတ်တောက်နေခဲ့သောကြောင့် ချန်မိသားစုက သူတို့ကို ဘယ်လိုသဘောထားမလဲဆိုသည်ကိုလည်းကောင်း သူတို့ သုံးဦးစလုံး အလွန်ပင် စိုးရိမ်နေခဲ့ကြခြင်းဖြစ်သည်။

"တတိယသခင်လေးက ကျွန်တော်တို့ကို ဒီလောက်တောင် တန်ဖိုးထားတယ်ဆိုတော့... ကျွန်တော်တို့ ရွမ်မိသားစုက ချန်မိသားစုအပေါ် အကြွင်းမဲ့ သစ္စာစောင့်သိပါ့မယ်လို့ ကတိပြုပါတယ်"

ရွမ်ကျန့်လုံက ဦးစွာ ရှေ့ထွက်ကာ အလေးအနက် ဦးညွှတ်လိုက်သည်။

အကြီးအကဲ မဟူရာသည် ဤမြင်ကွင်းကို ကြည့်ကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်မိ၏။

အထက်လူကြီးတစ်ယောက်အနေဖြင့် လက်အောက်ငယ်သားများနှင့် ဆက်ဆံရာတွင် အလွန်အမင်း အေးစက်မနေဘဲ အာဏာနှင့် မေတ္တာကို မျှတအောင် ထိန်းညှိခြင်းဖြင့် သတ်မှတ်ထားသော အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားသင့်သည်။

တတိယသခင်လေးသည် သင်္ဘောပေါ်မှ ဆင်းဆင်းချင်းမှာပင် သူတို့ကို ဦးစွာ ဦးညွှတ်စေခြင်းဖြင့် စိုးရိမ်စိတ်ကို ဖန်တီးခဲ့သည်။ ထို့နောက်မှ နွေးထွေးစွာ ဆက်ဆံပြီး စကားအနည်းငယ်ဖြင့် ထိုအကွာအဝေးကို ပေါင်းကူးပေးလိုက်သည်။ ဤနည်းလမ်းမှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလှသည်။

အကယ်၍ အစဉ်လိုက် ပြောင်းပြန်လုပ်မိပါက ဤမျှ ထိရောက်မည်မဟုတ်ပေ။ လူမှုဆက်ဆံရေးတွင် ဦးစွာ တင်းမာသောမျက်နှာပြပြီးမှ နူးညံ့ပြခြင်းက သာမန်ချီးကျူးစကားလေးကိုပင် ကြီးမားသော ဝမ်းမြောက်မှု ဖြစ်စေနိုင်သည်။ အကယ်၍ စကတည်းက နူးညံ့ပြခဲ့လျှင်မူ တန်ဖိုးနည်းသွားတတ်ပြီး နောက်မှ တင်းမာပြပါက တစ်ဖက်လူက မတရားဘူးဟု ခံစားရကာ "မင်း ပြောင်းလဲသွားပြီ" ဟု ရန်ငြိုးဖွဲ့တတ်ကြသည်။

လူ့သဘာဝမှာ လက်တစ်ကမ်းပေးလျှင် ခြေတစ်ကမ်းလိုချင်တတ်ကြသည်။ ထို့ကြောင့် ရှေ့တိုးရန်အတွက် နေရာချန်ထားခြင်းကသာ အကောင်းဆုံးပင်။

"တကယ့်ကို ထူးချွန်လိုက်တာ။ အသက်ငယ်ငယ်လေးနဲ့ လူမှုဆက်ဆံရေးကို ဒီလောက်အထိ ပါးနပ်စွာ ကိုင်တွယ်နိုင်တာပဲ"

အကြီးအကဲ မဟူရာက ချန်ကျီရှင်းအပေါ် ပို၍ပင် ကျေနပ်အားရသွားတော့သည်။

"တတိယသခင်လေး... သခင်လေးနဲ့ ဒီအကြီးအကဲတို့ ခရီးပန်းလာကြပြီ။ ကျွန်တော့်အဖေက အိမ်တော်မှာ စားသောက်ပွဲ ပြင်ဆင်ထားပါတယ်။ အဲဒီမှာပဲ အနားယူဖို့ ကြွကြမလားခင်ဗျာ"

ရွမ်နန်ထျန်းက တက်ကြွစွာ ဖိတ်ခေါ်လိုက်သည်။

ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီး လူအုပ်ကြီးကို ဝေ့ဝဲကြည့်ကာ ရုတ်တရက် မေးလိုက်သည်။

"ရွမ်မိသားစုခေါင်းဆောင်... ခင်ဗျားတို့ မိသားစုမှာ ရွမ်နန်ကျူးလို့ခေါ်တဲ့ ထူးခြားတဲ့ ပါရမီရှင်တစ်ယောက် ရှိတယ်လို့ ကျွန်တော် ကြားဖူးပါတယ်။ အဲဒီလူက အခု ဘယ်မှာလဲ"

ထိုစကားကို ကြားလိုက်ရသည်နှင့် ရွမ်ကျန့်လုံ၊ ရွမ်နန်ထျန်းနှင့် အခြားသူများ အားလုံး တောင့်ခဲသွားကြတော့သည်။

All Chapters