← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း။ ၆၅

"အော်..."

ချန်ကျီရှင်း၏ အကြည့်များသည် ရွမ်ကျန့်လုံနှင့် ရွမ်နန်ထျန်းတို့၏ မျက်နှာထက်သို့ ဝေ့ဝဲသွားသည်။ သူတို့နှစ်ဦးစလုံး၏ မျက်နှာတွင် ခက်ခဲရခတ်နေသည့် အရိပ်အယောင်များကို မြင်လိုက်ရချိန်တွင် ချန်ကျီရှင်းမှာ အခြေအနေကို အနည်းငယ် ရိပ်မိသွားပြီ ဖြစ်သည်။

ကြည့်ရသည်မှာ ရွမ်နန်ကျူးက သူ့အား ကြိုဆိုလိုဟန် မရှိပေ။

"တတိယသခင်လေး... ကျွန်တော့်ညီမလေးက အရှက်အကြောက်ကြီးပြီး လူပုံအလယ် ထွက်ရတာကို သိပ်မကြိုက်လို့ပါ။ သူမ အိမ်မှာပဲ စောင့်နေပါတယ်။ စိတ်မပူပါနဲ့... စိတ်မပူပါနဲ့ဗျာ"

ရွမ်နန်ထျန်းက အခြေအနေကို ထိန်းရန် အမြန်ပင် ပြုံး၍ ပြောလိုက်၏။

"တတိယသခင်လေး... ကြွပါခင်ဗျာ အိမ်တော်မှာ အကောင်းဆုံးဝိုင်တွေနဲ့ ထူးခြားတဲ့ ဟင်းလျာတွေ အဆင်သင့် ပြင်ထားပြီးပါပြီ သခင်လေးကိုပဲ စောင့်နေကြတာပါ"

ထိုသို့ပြောပြီးနောက် ရွမ်နန်ထျန်းက တစ်စုံတစ်ဦးကို လမ်းပြခိုင်းလိုက်သည်။

"အော်... အဲဒီလိုလား"

ချန်ကျီရှင်းက တစ်ခုခုကို သဘောပေါက်သလို ပြုံးလိုက်သော်လည်း ထပ်မံ၍ မေးခွန်းထုတ်မနေတော့ဘဲ ရွမ်မိသားစုနောက်သို့ လိုက်ပါကာ ရွမ်အိမ်တော်ဆီသို့ ဦးတည်ခဲ့သည်။

ရွမ်နန်ကျူးနှင့် ပတ်သက်၍မူ သူ အထူးတလည် ဂရုမစိုက်ပေ။ သူမသည် ဇာတ်လမ်းတစ်ပုဒ်၏ အမျိုးသမီးဇာတ်ဆောင်တစ်ဦးမျှသာ ဖြစ်ပြီး သူ့အတွက်တော့ ဘာမှ ထူးခြားမှု မရှိပေ။ သို့သော်လည်း ရွမ်နန်ကျူး၏ အမူအရာက သူ့ကို အနည်းငယ် ရယ်ချင်စိတ် ဖြစ်စေသည်။

ဒါတွေအားလုံးက ကောင်းကင်ဘုံရွေးချယ်ထားတဲ့ ဇာတ်ဆောင်နဲ့ ပတ်သက်နေတာများလား။

လူအုပ်ကြီး၏ နောက်ဆုံးနားတွင် ရွမ်ကျန့်လုံ၏ မျက်နှာမှာ မှောင်ကျသွားပြီး မိသားစုအကြီးအကဲများကို အေးစက်စွာ ပြောလိုက်သည်။

"မင်းတို့ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် လုပ်ကြစမ်း တတိယသခင်လေး အိမ်တော်ကို မရောက်ခင်မှာ အဲဒီကလေးမ နန်ကျူးကို အိမ်ရှေ့မှာ အသင့်စောင့်ပြီး ကြိုခိုင်းလိုက် ငါ သူမကို မြင်ချင်တယ်"

ထို့နောက် ရွမ်ကျန့်လုံက သူ၏ဝတ်ရုံစကို ခါလိုက်ကာ ဒေါသတကြီး နှာမှုတ်ရင်း ထွက်ခွာသွားတော့သည်။ ဤသည်ကို မြင်သောအခါ ရွမ်နန်ထျန်းမှာလည်း ခါးသက်သက် အပြုံးဖြင့် ခေါင်းခါယမ်းကာ "တတိယသခင်လေးက ငါတို့မိသားစုတစ်ခုလုံးရဲ့ အနာဂတ်နဲ့ ပတ်သက်နေတာ။ ငါ့ညီမကတော့ ဒီတစ်ခါ တော်တော်လေး လွန်သွားပြီ" ဟု ရေရွတ်လိုက်မိ၏။

ရွမ်မိသားစု၏ အကြီးအကဲများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တိတ်ဆိတ်စွာပင် လူစုခွဲသွားကြတော့သည်။

ချန်ကျီရှင်းသည် မျက်လုံးထောင့်မှနေ၍ ဤမြင်ကွင်းကို ရိပ်မိလိုက်ပြီး အနည်းငယ် ပြုံးလိုက်မိသည်။

ရွမ်သားအဖကတော့ တကယ့်ကို ပါးနပ်ကြတာပဲ။

...

...

တစ်ချိန်တည်းမှာပင် ဝူရွှမ်းမြို့ရှိ ဝူရွှေမြစ်ကမ်းဘေး၌ မိုးမခပင်များ၏ နူးညံ့လှပသော သစ်ကိုင်းလေးများက မြစ်ရေပြင်ပေါ်သို့ ငိုက်ကျနေ၏။

လူနှစ်ဦးမှာ ယှဉ်တွဲလျက် လမ်းလျှောက်လာကြသည်။

ဘယ်ဘက်တွင် လျှောက်လှမ်းလာသူမှာ အရွယ်ကောင်း မိန်းမပျိုလေးတစ်ဦးဖြစ်ပြီး ခရမ်းရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားရာ သူမ၏ ကိုယ်လုံးကိုယ်ပေါက် အလှတရားမှာ ပေါ်လွင်နေသည်။ ဖြူစင်နုနယ်သော မျက်နှာဝိုင်းလေး၊ တောက်ပသော မျက်ဝန်းများနှင့် ဖြူဖွေးသော သွားလေးများ၊ မျက်ခုံးမျက်ဖျားတွင် ဝိညာဉ်စွမ်းအားရိပ်များ ယှက်သန်းနေပြီး နှာတံစင်းစင်းနှင့် နီမြန်းသော နှုတ်ခမ်းလေးများမှာ တကယ့်ကို တောတောင်ထဲမှ သစ်ခွပန်းလေးတစ်ပွင့်ကဲ့သို့ ထူးကဲသော အရှိန်အဝါရှိလှသည်။

သူမ၏ နက်မှောင်သော ဆံနွယ်များမှာလည်း ရေတံခွန်တစ်ခုကဲ့သို့ ကျောပြင်ထက်တွင် ပြောင်လက်စွာ စီးကျနေ၏။ သူမကို မြင်လိုက်ရသူတိုင်း "ဒီလောက်လှတဲ့ အလှမျိုး ဒီလောကမှာ ရှိနိုင်ပါ့မလား" ဟု အံ့သြချီးကျူးမိပေလိမ့်မည်။

ညာဘက်တွင် လျှောက်လှမ်းလာသော လူငယ်မှာမူ အသွင်အပြင်အားဖြင့် အားနည်းလှသည်။ မချောသလို မရုပ်ဆိုးဘဲ သာမန်မျှသာ ဖြစ်သည်။

"လင်းဖုန်း... နင် ငါ့ကို ဘာလို့ ဒီကို ခေါ်ထုတ်လာတာလဲ ဘာကိစ္စရှိလို့လဲ"

ရွမ်နန်ကျူးက မျက်မှောင်ကြုတ်ကာ မကျေမနပ် ပြောလိုက်သည်။

ဒီနေ့က မိသားစုအတွက် အလွန်အရေးကြီးတဲ့နေ့ပင်။ ထာဝရရှင်သန်ခြင်းမိသားစု ဖြစ်သော ဇီဝေချန်

မိသားစု၏ တတိယသခင်လေး ရွမ်အိမ်တော်သို့ ရောက်ရှိလာမည့်နေ့ပင်။ ရွမ်မိသားစုအနေဖြင့် ချန်မိသားစုနှင့် ပြန်လည် ဆက်သွယ်နိုင်မလား ဆိုသည်မှာ ယနေ့အပေါ်တွင်သာ မူတည်နေသည်။ အကယ်၍ အရာအားလုံး အဆင်ပြေသွားပါက ရွမ်မိသားစုသည် တစ်ဟုန်ထိုး တိုးတက်လာနိုင်ပြီး မြို့ပြင်ရှိ ရွမ်မိသားစုကို ဒုက္ခပေးနေသော ရွှမ်ယင်တောင်မှ အုပ်စုမှာလည်း ပြဿနာ မဟုတ်တော့ပေ။

သို့သော် ဤကဲ့သို့ အရေးကြီးသော အချိန်တွင် လင်းဖုန်းက အရေးကြီးကိစ္စရှိသည်ဟုဆိုကာ သူမကို ခေါ်ထုတ်လာခဲ့ခြင်းပင်။

"နန်ကျူး... နင်က အဲဒီ ချန်မိသားစုက တတိယသခင်လေးဆိုတဲ့ တစ်ယောက်ကို တကယ်ပဲ တွေ့ချင်နေတာလား"

လင်းဖုန်းက လက်နှစ်ဖက်ကို နောက်ပစ်ကာ လမ်းလျှောက်ရင်း အထင်သေးသော အပြုံးဖြင့် ပြောလိုက်သည်။

"ဇီဝေ ချန်မိသားစုက ကျဆုံးသွားတာ ကြာလှပြီ။ သူတို့မိသားစုမှာ ထာဝရရှင်သန်ခြင်းနယ်ပယ်အဆင့်ရှိတဲ့သူ တစ်ယောက်မှ မရှိတော့ဘဲနဲ့ ထာဝရရှင်သန်ခြင်းမိသားစုလို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ဝံ့နေသေးတာလား အဲဒီ တတိယသခင်လေးဆိုတဲ့ တစ်ယောက်ကိုလည်း ငါစုံစမ်းပြီးပြီ။ မိသားစုနာမည်ကို အသုံးချပြီး လေလွင့်နေတဲ့သူ တစ်ယောက်ပါပဲ။ သူက ဘာကောင်မို့လို့လဲ"

"ငါ့ကို အချိန်သာပေးပါ။ အဲဒီ တတိယသခင်လေးဆိုတဲ့သူတင်မကဘူး... ဇီဝေ ချန်မိသားစုတစ်ခုလုံးကိုတောင် ငါဖြိုလှဲပစ်နိုင်တယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် ရွမ်နန်ကျူးသည် နှုတ်ခမ်းကို ဟလိုက်ပြီး ဇီဝေချန်မိသားစုက ဘယ်လောက်ပဲ ကျဆုံးနေပါစေဦးတော့... လင်းဖုန်းလို နောက်ခံမျိုးနဲ့လူက ဝေဖန်ဖို့ အနေအထားမျိုး မဟုတ်ကြောင်း ပြောရန် ပြင်လိုက်မိသည်။ သို့သော်လည်း စကားလုံးများက လည်ချောင်းဝသို့ ရောက်လာချိန်တွင် သူမ အတင်းပြန်မျိုချလိုက်ရ၏။

လင်းဖုန်းသည် နိမ့်ကျသော ဘဝမှ လာသူဖြစ်သော်လည်း မာနအလွန်ကြီးပြီး သူ၏ ဂုဏ်သိက္ခာကို အလွန်အလေးထားသူဖြစ်သည်။ ဤစကားကို ပြောလိုက်ပါက သူ့ကို အားလျော့သွားစေမည်မှာ အသေအချာပင်။

"အင်း... နင့်ရဲ့ ပါရမီကို ငါယုံပါတယ်။ နောင်တစ်ချိန်မှာ နင် အောင်မြင်မှာပါ။ ငါ အမြဲတမ်း အဲဒီလိုပဲ ထင်ခဲ့တာ"

ရွမ်နန်ကျူးက လင်းဖုန်းကို ပြုံးပြလိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။

"ဒါပေမဲ့... အဲဒါက အနာဂတ်အတွက်လေ လင်းဖုန်းရယ်။ နင် ငါ့ကို ဘာလို့ ဒီကို ခေါ်ထုတ်လာတာလဲ ဘာကိစ္စမှ မရှိရင် ငါပြန်တော့မယ်။ ငါတို့ ရွမ်မိသားစုက ယဉ်ကျေးမှုမရှိဘူးလို့ တတိယသခင်လေး အထင်မခံချင်ဘူး"

ထိုသို့ပြောပြီးနောက် ရွမ်နန်ကျူးမှာ နောက်လှည့်ပြန်ရန် ပြင်လိုက်သည်။

"နန်ကျူး"

လင်းဖုန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အသံနှိမ့်ကာ ပြောလိုက်သည်။

"နင် မမြင်ဘူးလား နင့်အဖေက နင့်ကို ချန်မိသားစုဆီ ကပ်ဖို့အတွက် တန်ဆာပလာတစ်ခုလို အသုံးချချင်နေတာ"

ရွမ်နန်ကျူး ခြေလှမ်းများ ရပ်သွားသော်လည်း နောက်လှည့်မကြည့်ခဲ့ပေ။ လင်းဖုန်းသည် စိတ်ထဲတွင် ဝမ်းသာသွားပြီး အခွင့်ကောင်းယူကာ ဆက်ပြောတော့သည်။

"နန်ကျူး... နင် အခုပြန်သွားတာဟာ ကျားပါးစပ်ထဲ နွားဝင်သလိုပဲဆိုတာ သိလား အဲဒီ တတိယသခင်လေးဆိုတာ ဘာမှအသုံးမကျတဲ့သူ သူ့အဖေ ချန်ထျန်းလျန်ဆိုတာလည်း ကျင့်ကြံခြင်းလောကမှာ လုယက်သတ်ဖြတ်နေတဲ့သူအဖြစ် နာမည်ကြီးတာ နင်က တကယ်ပဲ ကံကြမ္မာကို အရှုံးပေးပြီး အဲဒီလို လူယုတ်မာဆီမှာ နင့်ဘဝကို ပုံအပ်တော့မလို့လား"

ရွမ်နန်ကျူး တိတ်ဆိတ်သွား၏။

လင်းဖုန်းသည် နောက်ထပ် အသက်တစ်ချက်ကို ပြင်းပြင်းရှူလိုက်ပြီး ရှေ့သို့ အမြန်တိုးကာ အလွန်အမင်း ချစ်မြတ်နိုးဟန်ရှိသော မျက်နှာပေးဖြင့် ပြောလိုက်သည်။

"နန်ကျူး... ငါ့ကို အချိန်လေးပဲ ပေးပါ။ ဇီဝေချန်မိသားစုတို့ အဲဒီ တတိယသခင်လေးတို့ဆိုတာ ခဏတဖြုတ် ဖြတ်သန်းသွားမယ့် မြူခိုးတွေပဲဆိုတာ နင် တွေ့ရပါလိမ့်မယ်"

ထိုသို့ပြောပြီးနောက် သူသည် ဤအခွင့်အရေးကို အသုံးချကာ ရွမ်နန်ကျူး၏ လက်ကို ပထမဆုံးအကြိမ် ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ၏လက်က နန်ကျူး၏လက်ကို မထိမိခင်မှာပင်...

"လင်းဖုန်း... ငါ့ကို ဒီလိုစကားမျိုး ပြောတာ တစ်ခါပဲ ရှိပါစေဦး။ ဒီတစ်ခါတော့ နင့်ကို ငါ အပြစ်မယူတော့ဘူး။ နောက်နောင် ဒါမျိုး ဘယ်တော့မှ ထပ်မပြောပါနဲ့"

"မိသားစုက ငါ့ကို ပြုစုပျိုးထောင်ပေးခဲ့တာတွေ အများကြီးပဲ။ အဲဒါကြောင့်... အကယ်၍ သူတို့က ငါ့ကို တကယ်ပဲ စတေးချင်တယ်ဆိုရင်တောင်... ငါ... ငါ ငြင်းလို့မရဘူး"

နန်ကျူးသည် နောက်ဆုံးစကားလုံးများကို တုန်ရီနေသော နှုတ်ခမ်းများဖြင့် ပြောလိုက်ရင်း တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသကဲ့သို့ သူမ၏ လှပသော မျက်ဝန်းအစုံမှာ နီမြန်းလာကာ အလျင်အမြဲပင် ထွက်ခွာသွားတော့သည်။

"နန်ကျူး"

လင်းဖုန်းသည် ထွက်ခွာသွားသော ရွမ်နန်ကျူး၏ ကျောပြင်ကို ကြည့်ရင်း သူ၏လက်သီးကို တင်းတင်းဆုပ်ထားမိရာ လက်သည်းများမှာ အသားထဲသို့ နစ်ဝင်ပြီး သွေးစအချို့ ထွက်လာသည်အထိပင်။ သို့သော် သူ သတိမထားမိပေ။

"နန်ကျူး... စိတ်မပူပါနဲ့ နင် မီးပုံထဲကို ခုန်ဆင်းသွားတာကို ငါ ဒီအတိုင်း ရပ်ကြည့်မနေဘူး"

လင်းဖုန်းသည် သူ၏စိတ်ထဲတွင် သစ္စာဓိဋ္ဌာန်ပြုလိုက်ပြီး သူ၏မျက်နှာထက်တွင် ပြတ်သားမှုများ ယှက်သန်းသွားသည်။ ဒီနေ့ သူ၏ လျှို့ဝှက်ချက်များကို ထုတ်ပြရမည်ဆိုလျှင်တောင်မှ သူသည် ရွမ်နန်ကျူးကို မစွန့်လွှတ်နိုင်ပေ။

သူ့တွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိနေသည်။ ဤလျှို့ဝှက်ချက်ကြောင့်သာလျှင် သူသည် တတိယသခင်လေးကိုလည်းကောင်း၊ ဇီဝေ ချန်မိသားစုကိုလည်းကောင်း မကြောက်ရွံ့ဘဲ အနာဂတ်တွင် အကြီးအကျယ် အောင်မြင်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေခြင်းပင်...

...

ရွမ်နန်ကျူး တစ်ယောက် ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် မိသားစုအိမ်တော်သို့ ပြန်ရောက်လာချိန်တွင် တံခါးဝ၌ သူမကို လိုက်ရှာနေသော အကြီးအကဲများနှင့် ထိပ်တိုက်တိုးတော့သည်။

"အို... သမီးလေး နောက်ဆုံးတော့ ပြန်လာပြီပဲ"

ရွမ်နန်ကျူးကို မြင်လိုက်ရသည့်အခါ မိသားစုအကြီးအကဲမှာ သက်ပြင်းအကြီးကြီး တစ်ချက်ချလိုက်ပြီး "မြန်မြန်... မြန်မြန်လာ ငါနဲ့အတူ တံခါးဝမှာ တတိယသခင်လေးကို ကြိုဆိုဖို့ လိုက်ခဲ့ဦး" ဟု အလျင်အမြဲ ပြောလိုက်သည်။

"ဟုတ်ကဲ့"

နန်ကျူးက ငိုင်တိုင်တိုင်နှင့် ခေါင်းညိတ်လိုက်၏။ သူမ ဤသို့ဖြစ်နေရခြင်းမှာ လင်းဖုန်းကြောင့် မဟုတ်ပေ။ လင်းဖုန်း၏ ပါရမီကို သူမ အသိအမှတ်ပြုသော်လည်း သူတို့၏ ဆက်ဆံရေးမှာ လက်ရှိအချိန်တွင် သူမ၏ စိတ်လှုပ်ရှားမှုကို လွှမ်းမိုးနိုင်လောက်သည့် အခြေအနေမျိုး မရှိသေးပေ။

သူမသည် သူမ၏ ကံကြမ္မာအပေါ် ဝေခွဲမရဖြစ်နေခြင်းပင်။

"ငါ ဖတ်ဖူးတဲ့ ဝတ္ထုတွေနဲ့ အတ္ထုပ္ပတ္တိတွေထဲမှာတော့ ဒီလို ဒုတိယမျိုးဆက် ချမ်းသာတဲ့ သခင်လေးတွေဆိုတာ ဗိုက်ရွှဲရွှဲ၊ ရုပ်ဆိုးဆိုးနဲ့ မောက်မာရိုင်းစိုင်းကြတဲ့သူတွေချည်းပဲ။ ဒီ တတိယသခင်လေးဆိုတဲ့သူကလည်း ထူးခြားမှာ မဟုတ်ပါဘူး..."

ရွမ်နန်ကျူး၏ စိတ်ထဲတွင် ရှုပ်ထွေးနောက်ကျိနေစဉ်မှာပင် ဘေးရှိ မိသားစုအကြီးအကဲမှာ ရုတ်တရက် မျက်နှာဝင်းပသွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"တတိယသခင်လေး ရောက်လာပြီ"

ရွမ်နန်ကျူးသည် မတတ်သာဘဲ ခေါင်းကို မော့လိုက်ပြီး အတင်းဖန်တီးထားသော အပြုံးတစ်ခုဖြင့် ရှေ့သို့ လှမ်းကြည့်လိုက်သည်။

အခန်း။ ၆၆

ချန်ကျီရှင်းသည် လူအုပ်ကြီး၏ ဝိုင်းရံမှုကို ခံယူရင်း ရွမ်နန်ကျူး၏ ဘေးမှနေ၍ လေပြေအေးလေး တစ်ချက်ကဲ့သို့ ဖြတ်သန်းသွားခဲ့သည်။

သူသည် သူမ၏ မျက်နှာကို နွေးထွေးမှု အစအနမျှပင် မပါဘဲ ခပ်စိမ်းစိမ်း တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် သူမဘက်သို့ ထပ်မံ၍ လှည့်မကြည့်တော့ပေ။ ဤသည်က စိတ်ထဲတွင် ဒရာမာ ဇာတ်လမ်းကြီးများ ကြိုတင်ခင်းကျင်းထားသည့် ရွမ်နန်ကျူးကို ကြောင်အမ်းအမ်းဖြစ်ကာ ကျန်ရစ်စေခဲ့သည်။ သူမ၏ ဦးနှောက်မှာ ခဏတာ ရပ်တန့်သွားသလိုပင်။

ဘာ... ဘာဖြစ်သွားတာလဲ။

ငါ စိတ်ကူးထားတာတွေနဲ့ ဘာလို့ တစ်ခြားစီ ဖြစ်နေရတာလဲ။

"နန်ကျူး နင် တကယ့်ကို ပြဿနာပဲ ဘယ်တွေ လျှောက်သွားနေတာလဲ"

သူမ မိခင်၏ အသံထွက်ပေါ်လာမှသာ ရွမ်နန်ကျူးမှာ "အာ..." ဟု အသံထွက်ကာ သတိပြန်ဝင်လာတော့သည်။

"အမေ... ဘာဖြစ်လို့လဲဟင်"

ရွမ်နန်ကျူးက အနည်းငယ် ပျာပျာသလဲ မေးလိုက်၏။

"နင်က ငါ့ကို ဘာဖြစ်လို့လဲ လို့ ပြန်မေးနေသေးတယ်ပေါ့။ ဒီနေ့ တတိယသခင်လေး ကြွလာတာလေ။ နင် ခုနက ဘယ်တွေ သွားပုန်းနေတာလဲ"

ရွမ်ကတော်က စိတ်ပျက်လက်ပျက် အမူအရာဖြင့် ကြည့်ကာ ဆက်ပြောသည်။

"နင့်အဖေ အခု တော်တော်လေး စိတ်တိုနေတယ် မြန်မြန်သွားပြီး သူ့ကို တောင်းပန်လိုက်တော့"

"ဟုတ်... ဟုတ်ကဲ့ သိပါပြီ"

ရွမ်နန်ကျူးက လိမ်မာစွာ ခေါင်းညိတ်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။

"အမေ... အခုနက ဖြတ်သွားတာ တကယ်ပဲ တတိယသခင်လေးလား သတင်းတွေထဲမှာတော့ သူက ငယ်သေးတယ်လို့ ပြောကြတာ ဘယ်လိုလုပ်ပြီး....."

သူမ၏ ဘေးမှ ဖြတ်သွားစဉ်က မြင်လိုက်ရသော ချန်ကျီရှင်း၏ ဘေးတိုက်ပုံရိပ်ကို ပြန်လည် မြင်ယောင်ရင်း သူမက "ဘယ်လိုလုပ် ဒီလောက်အထိ ထူးခြားခန့်ညားနေရတာလဲ" ဟု ပြေဋလိုက်မိသည်။

ထိုစကားကို ကြားသောအခါ ရွမ်ကတော်က စိတ်မရှည်စွာဖြင့် "သူက ထာရရှင်သန်ခြင်းမိသားစုရဲ့ တိုက်ရိုက်အနွယ်ဝင်လေ။ ဒီနားက သာမန်လူတွေနဲ့ တူမယ် ထင်နေတာလား။ သူက ထူးထူးခြားခြား ဖြစ်နေတာက သဘာဝပဲလေ" ဟု ပြောလိုက်သည်။ ထို့နောက် ရွမ်နန်ကျူးကို ထပ်မံ ဆုံးမပြီးမှ ထွက်ခွာသွားတော့သည်။

တစ်ချိန်တည်းမှာပင် ရှေ့ဆုံးမှ လျှောက်လှမ်းနေသော ချန်ကျီရှင်း၏ နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ရှိနေသည်။

အနာဂတ်မှာ အရှေ့ဘက် ဝိညာဉ်နယ်မြေရဲ့ နာမည်ကျော် အမျိုးသမီးဖြစ်လာမယ့် ရွမ်နန်ကျူးကတော့ တကယ်ပဲ အလှဘုရင်မလေးပါပဲ။

သူ၏ ဘဝနှစ်ခုလုံးမှာ ရွမ်နန်ကျူးထက် လှသည့် မိန်းကလေးမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။

သူက တွေးလိုက်မိသည်မှာ “ဒီလောက်လှတဲ့ မိန်းကလေးမျိုးကို လက်သီးနဲ့ တစ်ချက်လောက် ထိုးလိုက်ရင် အကြာကြီး ထိုင်ငိုနေမလား မသိဘူး….”

.....

.....

ထိုည၌ ကြယ်တာရာများ လင်းလက်နေပြီး လမင်းကြီးမှာ ကောင်းကင်ယံတွင် ချိတ်ဆွဲထားသကဲ့သို့ပင်။

ရွမ်အိမ်တော်၏ အဓိက ခန်းမဆောင်အတွင်း၌ ဆီးနှင်းထက် ဖြူစင်သော ဝတ်စုံဖြူကို ဝတ်ဆင်ထားသည့် ချန်ကျီရှင်းသည် အဓိက နေရာတွင် ထိုင်နေပြီး မျက်လွှာကို အသာချလျက် လက်ဖက်ရည် သောက်နေသည်။

ရွမ်မိသားစုဝင် လူငယ်အများအပြားသည် ချန်ကျီရှင်းကို အရိုအသေပေးကာ ဝိုင်ဖြင့် လာရောက် တည်ခင်း နှုတ်ဆက်နေကြတော့သည်။

ချန်ကျီရှင်းသည် ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်ပြီး တုံ့ပြန်မှုကို ပြသခဲ့သည်။

သူ၏ ဘေးတွင်မူ ရွမ်နန်ကျူးမှာ အနည်းငယ် စိုးရိမ်စိတ်ဖြင့် မတ်မတ်ထိုင်နေပြီး ချန်ကျီရှင်း၏ ဘေးတိုက် ပုံရိပ်ကို မကြာခဏ ခိုးကြည့်နေမိ၏။ သူမ ဝန်မခံချင်သော်လည်း ပြောရမည်ဆိုလျှင် ဤဇီဝေချန်မိသားစု၏ တတိယသခင်လေးမှာ သူသည် သာမန် လေလွင့်သခင်လေး ဟုတ်မဟုတ် မသေချာပေမဲ့ သူ၏ ရုပ်ရည်မှာတော့ တကယ့်ကို ထူးကဲလွန်းသည်။ အနည်းဆုံးတော့ ဝူရွှမ်းမြို့အတွင်းမှာ သူထက်ချောသော အမျိုးသားမျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

အခု ငါက စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်ရဲ့ ပထမအဆင့်ကို ရောက်ပြီဆိုတော့ နောက်ထပ် ဒုတိယအဆင့်ကို ဖောက်ထွက်ဖို့ နည်းလမ်းရှာရမယ်။

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ အတွေးများဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ အခြားသူများမှာမူ ဒုတိယအဆင့်သို့ ရောက်ရန်အတွက် မဟာတာအိုကို နက်ရှိုင်းစွာ ဆက်တိုက် လေ့လာနေရသော်လည်း ကိုးနတ်ဘုရား နည်းစနစ်ကို ပိုင်ဆိုင်ထားသော သူ့အတွက်မူ ဒုတိယမြောက် မဟာတာအို မျိုးစေ့တစ်ခုကိုသာ စုစည်းနိုင်ပါက ဒုတိယအဆင့်သို့ တိုက်ရိုက် ရောက်ရှိနိုင်မည် ဖြစ်သည်။

သို့သော်လည်း ဒုတိယမြောက် မျိုးစေ့အဖြစ် ဘယ်အရာကို ရွေးချယ်ရမလဲဆိုသည်ကို သူ အနည်းငယ် ဝေခွဲမရဖြစ်နေ၏။ ဝိညာဉ်အာရုံတာအိုမှာ အလွန်နက်နဲလွန်းလှသဖြင့် သူ အပြည့်အဝ နားမလည်သေးသော အချက်များ ရှိနေသေးသည်ဟု ခံစားနေရသည်။

ချန်ကျီရှင်း စဉ်းစားနေစဉ်မှာပင်...

"တတိယသခင်လေး... ကျွန်တော်တို့ အိမ်တော်က ပြင်ဆင်ထားတဲ့ ဟင်းလျာတွေက သခင်လေးရဲ့ အကြိုက်နဲ့ ကိုက်ညီရဲ့လား"

ရွမ်ကျန့်လုံက ဘေးမှနေ၍ ပြုံးလျက် မေးလိုက်သည်။

ချန်ကျီရှင်းက အတွေးများကို ပြန်လည်စုစည်းကာ ခေါင်းငြိမ့်ပြလိုက်ပြီး "မဆိုးပါဘူး။ တောင်တန်းကြီး တစ်သိန်း ထဲကနေ ဖမ်းလာတဲ့ ဝိညာဉ်ငှက်တွေနဲ့ ထူးဆန်းတဲ့ သတ္တဝါတွေချည်းပဲဆိုတော့ မိသားစုခေါင်းဆောင်ရွမ်က တကယ်ကို စေ့စပ်သေချာပါတယ်" ဟု ပြောလိုက်၏။

"ဟားဟားဟား... သခင်လေး သဘောကျရင်ပဲ ကျေနပ်ပါပြီ။ ကျွန်တော်တို့က မြို့ငယ်လေးဆိုတော့ ဇီဝေချန်မိသားစုနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ တချို့ အခြေအနေတွေမှာ လိုအပ်ချက်ရှိရင်လည်း တတိယသခင်လေး နားလည်ပေးဖို့ မျှော်လင့်ပါတယ်"

ရွမ်ကျန့်လုံမှာ အလွန် စိတ်ရွှင်လန်းနေသည်။ လက်ရှိ အခြေအနေအရ ချန်ကျီရှင်းနှင့် ဆက်ဆံရေးမှာ အတော်လေး အဆင်ပြေချောမွေ့နေသည်ဟု သူ ယူဆထားသည်။

သူက တွေးနေမိသည်မှာ “ဒီတစ်ခါတော့ ငါတို့ ရွမ်မိသားစုဟာ ချန်မိသားစုဆိုတဲ့ သင်္ဘောကြီးပေါ်ကို သေချာပေါက် တက်နိုင်တော့မှာပဲ”

ရွမ်ကျန့်လုံတစ်ယောက် တောက်ပသော အနာဂတ်ကို စိတ်ကူးယဉ် နစ်မြောနေစဉ်မှာပင်...

ဝုန်းးး

ခန်းမဆောင်ကြီး၏ တံခါးမှာ ရုတ်တရက် ဝုန်းကနဲ ပွင့်သွားတော့သည်။

ထို့နောက် အနက်ရောင် အဝတ်ကြမ်းများကို ဝတ်ဆင်ထားပြီး အိမ်စေတစ်ဦး၏ အသွင်အပြင်ရှိသော လူငယ်တစ်ဦးသည် ခန်းမအတွင်းသို့ ခပ်လှမ်းလှမ်း ခြေလှမ်းများဖြင့် ဝင်လာခဲ့၏။ အားလုံးက ဘာဖြစ်မှန်း မသိဘဲ ကြောင်အမ်းနေစဉ်မှာပင်...

"အကယ်၍ မိသားစုတစ်ခုရဲ့ အနာဂတ်ကို ကိုယ့်သမီးကိုယ် စတေးပြီးမှ ရယူရမှာဆိုရင်... ကျွန်တော့်အမြင်အရတော့ အဲဒီလို အနာဂတ်မျိုးကို မရှာဖွေတာကမှ ပိုကောင်းပါလိမ့်မယ်"

ဖြောင့်မတ်သော အသံကြီးမှာ ထိုအိမ်စေလူငယ်၏ ပါးစပ်မှ ဟိန်းထွက်လာတော့သည်။

ရှပ် ရှပ် ရှပ်…

ခဏချင်းအတွင်းမှာပင် ရွမ်အိမ်တော် ခန်းမအတွင်းရှိ သက်ဝင်လှုပ်ရှားနေသော အငွေ့အသက်များမှာ အေးခဲသွားတော့သည်။ အားလုံးက ဆွံ့အမှင်သက်သွားကြပြီး သူတို့၏ အကြည့်များမှာ ထိုအိမ်စေလူငယ်ထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြ၏။

ထိုအိမ်စေလူငယ်မှာ လူတိုင်း၏ အကြည့်အောက်သို့ ရောက်နေသော်လည်း အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။ ထို့ပြင် သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ခိုင်မာသော မျက်နှာပေးဖြင့် အသံနက်ကြီးဖြင့် ပြောလိုက်သည်။

"ယောက်ျားကောင်းတစ်ယောက်က ကောင်းကင်နဲ့ မြေကြီးကြားမှာ မားမားမတ်မတ် နေထိုင်ရမယ်။ ကိုယ့်အားကိုယ်ကိုးပြီး တိုးတက်အောင် အမြဲ ကြိုးစားရမယ် ကိုယ့်ဆွေမျိုးသားချင်းကို ရောင်းစားပြီး သူတစ်ပါးရဲ့ မျက်နှာသာရအောင် လုပ်တာက ဘယ်လို စွမ်းဆောင်ရည်မျိုးလဲ"

"မမလေး နန်ကျူးက အသက်ရှင်နေတဲ့ လူသားတစ်ယောက်ပါ။ ခင်ဗျားတို့ မိသားစု အနာဂတ်အတွက် လဲလှယ်ရမယ့် တန်ဆာပလာတစ်ခု မဟုတ်ဘူး"

"မင်းတို့တွေမှာ သူမအပေါ်ထားတဲ့ လေးစားမှုဆိုတာ အစအနလေးတောင် ရှိကြရဲ့လား"

ထိုသို့ပြောပြီးနောက် ထိုအိမ်စေလူငယ်၏ နှုတ်ခမ်းအစုံမှာ လှောင်ပြောင်သော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားတော့သည်။

"ဟက်... ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ အပြည့်ရှိနေတဲ့ ဒီခန်းမကြီးက တကယ်တမ်းတော့ ကိုယ့်ကိုယ်ကိုယ်နဲ့ သူတစ်ပါးကို ရောင်းစားနေတဲ့ လူတစ်စုရဲ့ နေရာဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

ဝုန်းးးး

စကားလည်းဆုံးရော အားလုံးက သတိပြန်ဝင်လာကြသည်။ ချက်ချင်းဆိုသလိုပင် ရေအိုင်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ လှိုင်းလုံးပေါင်း ထောင်သောင်းချီ၍ ထကြွလာတော့သည်။

ရွမ်မိသားစု၏ ခန်းမဆောင်ကြီးတစ်ခုလုံး ရုတ်ချည်းပင် ဆူညံပွက်လောရိုက်သွား၏။

"ရိုင်းစိုင်းလှချည်လား"

နောင်ရေးအတွက် စိတ်ကူးယဉ်နေသော ရွမ်ကျန့်လုံ၏ မျက်နှာမှာ ရုတ်တရက် အကြီးအကျယ် ပျက်ယွင်းသွားသည်။ သူသည် ထိုင်ခုံလက်ရန်းကို ဝုန်းကနဲ မြည်အောင် ရိုက်လိုက်ပြီး မတ်

တပ်ရပ်လျက် ဟိန်းဟောက်လိုက်သည်။

"လင်းဖုန်း ဒီနေ့က ငါတို့ ရွမ်မိသားစုရဲ့ စားသောက်ပွဲကွ။ မင်းက ဘာကောင်မို့လို့ ဒီမှာ လာပြီး ဆူပူသောင်းကျန်းနေတာလဲ"

"ဘယ်သူရှိသလဲ... ဒီကောင့်ကို အခုချက်ချင်း ဖမ်းစမ်း"

ခဏချင်းမှာပင် မိသားစုအကြီးအကဲများအားလုံးမှာ ကြောက်မက်ဖွယ် အရှိန်အဝါများဖြင့် ထရပ်လိုက်ကြသည်။

ရွမ်နန်ထျန်း၏ မျက်နှာမှာလည်း အေးစက်သွားကာ "လင်းဖုန်း... ဒါ ငါတို့ ရွမ်မိသားစုရဲ့ ပြည်တွင်းရေးကွ။ မင်းလို အစေခံတစ်ယောက်က ဒီမှာ ဘာတွေဝင်ပါပြီး ဝေဖန်နေတာလဲ" ဟု ဆိုလိုက်၏။

မိသားစုအကြီးအကဲများ၏ ဝိုင်းရံမှုကို ခံထားရသော်လည်း လင်းဖုန်းမှာ အနည်းငယ်မျှ ပျာယာခတ်ခြင်း မရှိပေ။ ဤမြင်ကွင်းကို သူ ကြိုတင်တွေးဆထားပြီးသည့်အလား သူက ရှေ့သို့ တစ်လှမ်းတိုးကာ လှောင်ပြောင်လိုက်သည်

"ဒီမှာ ရှိနေတဲ့သူတွေထဲမှာ ခင်ဗျားတို့အားလုံးက မမလေး နန်ကျူးရဲ့ ဦးလေးအရင်းတွေချည်းပဲ။ ဒါပေမဲ့ တစ်ယောက်မှ သူမဘက်ကနေ ရပ်တည်ပြီး စကားပြောပေးရဲတဲ့ သတ္တိမရှိကြဘူး"

"ကျွန်တော် မေးပါရစေ... ဒီလောကမှာ တရားမျှတမှုဆိုတာ ဘယ်မှာလဲ ဖြောင့်မတ်ခြင်းဆိုတာရော ဘယ်မှာလဲ"

ဝုန်း…

လင်းဖုန်းက ရှေ့သို့ တစ်လှမ်းထပ်တိုးလိုက်ပြီး လူတိုင်း၏ မျက်နှာကို ဝေ့ဝဲကြည့်ကာ စကားလုံးတိုင်းကို အလေးအနက် ပြောလိုက်သည်။

"ကျွန်တော့်ကို နိမ့်ကျတဲ့ အစေခံတစ်ယောက်လို့ သဘောထားပြီး ခင်ဗျားတို့ အထင်သေးနေကြမှန်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောချင်တာက..."

"အကယ်၍ ဒီလောကမှာ တရားမျှတမှု မရှိဘူးဆိုရင်... ဒီနေ့ ကျွန်တော် လင်းဖုန်းက ကျွန်တော့်ရဲ့ လက်သီးတွေနဲ့ တရားမျှတမှုကို တည်ဆောက်ပြမယ်"

"အကယ်၍ ဒီလောကမှာ ဖြောင့်မတ်ခြင်း မရှိဘူးဆိုရင်... ဒီနေ့ ကျွန်တော် လင်းဖုန်းက ဖြောင့်မတ်ခြင်းကို ဖော်ဆောင်ဖို့ မားမားမတ်မတ် ရပ်တည်ပြမယ်"

နောက်ဆုံးစကားလုံးများမှာ ခေါင်းကို တူဖြင့် အရှိန်အဟုန်ပြင်းပြင်း ထုလိုက်သကဲ့သို့ပင် ခန်းမအတွင်း ဟိန်းထွက်သွားတော့သည်

"မင်း... မင်း... မင်း....."

ရွမ်ကျန့်လုံသည် လင်းဖုန်းကို လက်ညှိုးငေါ့ငေါ့ထိုးကာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေ၏။ ရွမ်ကတော်၊ ရွမ်နန်ထျန်းနှင့် အခြားသူများ၏ မျက်နှာမှာလည်း သံရောင်ကဲ့သို့ မည်းမှောင်သွားတော့သည်။

ဒီကောင်က ရွမ်မိသားစုကို ပျက်စီးအောင် လုပ်ချင်နေတာလား။

ဤအခိုက်အတန့်တွင် ရွမ်မိသားစုဝင် အားလုံးမှာ လင်းဖုန်းကို အစိမ်းလိုက် ဝါးစားမတတ် ကြည့်နေကြသည်။

"တ... တတိယသခင်လေး ကျွန်တော့်ကို အချိန်လေး နည်းနည်းပေးပါ။ ဒါကို ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်"

ရွမ်ကျန့်လုံသည် အသက်ကို အလုအယက် ရှူသွင်းရင်း ချန်ကျီရှင်းဘက်သို့ လှည့်ကာ အတင်းအကျပ် ပြုံးပြရင်း ပြောလိုက်ရရှာသည်။

"အင်း..."

ချန်ကျီရှင်းက တည်ငြိမ်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး လက်ဖက်ရည်ကို တစ်ငုံသောက်ကာ လင်းဖုန်းကို စိတ်ဝင်တစား ကြည့်နေ၏။

အစေခံဆိုတဲ့ အထောက်အထား... ကိုက်ညီတယ်။

နိမ့်ကျတဲ့ မျိုးရိုးက လာပေမဲ့ မာနက ကောင်းကင်ထိရှိနေတာ... ကိုက်ညီတယ်။

လူတိုင်းက သူ့ကို အထင်သေးနေတယ်လို့ တစ်ဦးတည်း ထင်မြင်နေတဲ့ စိတ်ရောဂါ... ကိုက်ညီတယ်။

ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့ စိတ်ဓာတ်... ဒါလည်း ကိုက်ညီတယ်။

အရေးကြီးဆုံး အချက်ကတော့... ဒီလောက်အထိ အိုက်တင်ခံနိုင်တာပဲ။

သံသယဖြစ်စရာ မလိုတော့ဘူး။ ဒီလင်းဖုန်းဆိုတဲ့ကောင်က အိမ်စေကဏ္ဍရဲ့ ကောင်းကင်ဘုံရွေးချယ်ထားတဲ့ ဇာတ်ဆောင်ဖြစ်ရမယ်။

ဒီလို ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်းဆိုရင် နောက်ထပ် သူက သူ့ရဲ့ ပါရမီနဲ့ အစွမ်းတွေကို ထုတ်ပြမယ်။ ပြီးတော့ အကြီးအကဲ ရှစ်ယောက်စလုံးကို အနိုင်ယူပြီး လူတိုင်းကို အံ့အားသင့်အောင် လုပ်ပြဦးမှာပေါ့ ဟုတ်လား။

ချန်ကျီရှင်း စဉ်းစားနေစဉ်မှာပင်...

"ဒီလူယုတ်မာကို အခုချက်ချင်း ဖမ်းစမ်း"

ရွမ်ကျန့်လုံက လှည့်ပြီး ဟိန်းဟောက်လိုက်သည်။

ချက်ချင်းပင် ကြည်လင်ခြင်းနယ်ပယ်ပဉ္စမအဆင့်ရှိသော မိသားစုအကြီးအကဲ ရှစ်ဦးမှာ လင်းဖုန်းကို ဖမ်းဆီးရန် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြတော့သည်။

"ဘယ်သူက ငါ့ကို ထိရဲလဲ"

လင်းဖုန်းက မျက်တောင်ကို ပင့်လိုက်ရာ သူ၏ ကိုယ်ပေါ်မှ ကြည်လင်ခြင်းနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံခြင်းအရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ အပြေးအလွှား ရောက်လာသော ရွမ်မိသားစု အကြီးအကဲ ရှစ်ဦးကို ကြည့်ကာ သူက အကျယ်ကြီး ရယ်မောလိုက်သည်။

"ဒီလောက် အဆင့်လေးနဲ့ ငါ လင်းဖုန်းကို ဖမ်းချင်တာလား အားကိုးမရတဲ့ အမှိုက်တစ်သိုက်ပဲ"

"နတ်ဘုရားစွမ်းရည် အဆုံးမဲ့ စွန့်ပစ်မျက်ဝန်း"

ဝုန်းးး

ရုတ်တရက်ဆိုသလို လင်းဖုန်း၏ မျက်ဝန်းများဆီမှ မြင်မရသော အားကောင်းသည့် စွမ်းအားများ ထွက်ပေါ်လာသည်။ ရွမ်မိသားစု အကြီးအကဲ ရှစ်ဦးမှာ မြင်မရသော တူကြီးတစ်လက်ဖြင့် ထုရိုက်ခံလိုက်ရသကဲ့သို့ လွင့်ထွက်သွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်ကုန်ကြတော့သည်။

တစ်ကွက်တည်းဖြင့် ကြည်လင်ခြင်းနယ်ပယ် အကြီးအကဲ ရှစ်ဦးစလုံး ရှုံးနိမ့်သွားခဲ့သည်။

ထိုခဏတွင် ခန်းမဆောင်ကြီးတစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်သွား၏။ လူတိုင်းက လင်းဖုန်းကို မယုံနိုင်စရာ ကောင်းလောက်အောင် ကြည့်နေကြသည်။

"ဘာ... သူက ကြည်လင်ခြင်းနယ်ပယ်ကို ဖောက်ထွက်သွားပြီလား"

"ဟား... ကျင့်ကြံဆင့် နိမ့်တာတောင် အဆင့်မြင့်တဲ့သူတွေကို ယှဉ်နိုင်တယ်ပေါ့။ ကြည်လင်ခြင်းနယ်ပယ်ထဲ ခုမှဝင်တာကို အဆင့် ၅ ရှိတဲ့ အကြီးအကဲ ရှစ်ယောက်လုံးကို အလဲထိုးပစ်လိုက်တာပဲ"

"ဒါတော့ မလွယ်တော့ဘူး"

ဆူညံပွက်လောရိုက်သော စကားသံများ ထွက်ပေါ်လာသည်။

လင်းဖုန်းက သူ၏ ပုခုံးကို တွန့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ဝင့်ကြွားသော အပြုံးတစ်ခု ပေါ်လာသည်။ ဒီနေ့ ဖြစ်ပျက်သမျှ အရာအားလုံးက သူ ကြိုတင်ရေးဆွဲထားသည့် ဇာတ်ညွှန်းအတိုင်း ဖြစ်လာနေခြင်းပင်။

နောက်ထပ် လုပ်ရမဲ့အဆင့်ကတော့ ဟို တတိယသခင်လေးဆိုတဲ့သူကို အရှက်ခွဲဖို့ပဲ။

ထိုသို့ တွေးရင်း လင်းဖုန်းက ခေါင်းကို မော့လိုက်ကာ တစ်ချိန်လုံး တည်ငြိမ်စွာ ထိုင်နေသော ချန်ကျီရှင်းကို ကြည့်ပြီး အကျယ်ကြီး ပြောလိုက်သည်။

"မင်းက ဇီဝေချန်မိသားစုရဲ့ တတိယသခင်လေးဆိုတဲ့ သူပေါ့ ဟုတ်လား"

All Chapters