အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်း။ ၆၇
ရွမ်အိမ်တော်၏ အဓိက ခန်းမဆောင် အဓိက နေရာတွင် ချန်ကျီရှင်းသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး မောက်မာရိုင်းစိုင်းနေသော လင်းဖုန်းကို ငုံ့ကြည့်ကာ အသာအယာ ခေါင်းခါယမ်းလိုက်မိသည်။
အင်း... သူ့ရဲ့ မျက်လုံးတွေကတော့ တကယ့်ကို ကြည်လင်နေတာပဲ။ ဒါပေမဲ့ အတော်လေးကို အသုံးမကျတဲ့ ပုံစံမျိုးပေါ့။
ထို့နောက် ချန်ကျီရှင်းသည် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူ့ကို ထပ်မံကြည့်မနေတော့ပေ။
ဂုဏ်သရေရှိ ဗီလိန်တစ်ယောက်အနေနဲ့ ဘယ်သူကပဲလာခေါ်ခေါ် ငါက ဘာလို့ ပြန်ထူးနေရမှာလဲ။
"ရိုင်းစိုင်းလှချည်လား မင်းက ဘာကောင်မို့လို့ တတိယသခင်လေးကို တိုက်ရိုက် ခေါ်ဝံ့ရတာလဲ"
ရွမ်ကျန့်လုံသည် ထပ်မံ၍ သည်းမခံနိုင်တော့ဘဲ သူ၏ မျက်ဝန်းထဲတွင် ဒေါသအဟုန်များ ပြင်းထန်စွာ ခုန်ပေါက်နေတော့သည်။
"လင်းဖုန်း... မင်း ငါတို့ ရွမ်မိသားစုထဲကို ဝင်လာကတည်းက အစေခံတစ်ယောက်ပဲ ဖြစ်နေပေမဲ့ ငါတို့က မင်းအပေါ် နည်းနည်းလေးတောင် ညှာတာမှု ကင်းခဲ့ဖူးလို့လား။ မင်းရဲ့ စားဝတ်နေရေး အားလုံးကို ငါတို့ ရွမ်မိသားစုကပဲ ထောက်ပံ့ပေးခဲ့တာ မဟုတ်ဘူးလား"
"ဒါကိုမှ မင်းက အခု မျက်နှာပြောင်ပြောင်နဲ့ ငါတို့ ရွမ်မိသားစုကို ဒီမှာလာပြီး အပြစ်တင်ရဲသေးတာလား"
လင်းဖုန်းက ထိုစကားကို ကြားသောအခါ အေးစက်စွာ ခေါင်းခါယမ်းလိုက်ပြီး "ဒါတွေကို အလှူဒါနလုပ်သလိုမျိုး လာမပြောနဲ့။ ငါ့ရဲ့ ပါရမီကို အသုံးချချင်လို့သာ မင်းတို့ ငါ့ကို ဒီလောက် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာ မဟုတ်လား။ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းတို့ရဲ့ ရည်ရွယ်ချက်က ငါ့အပေါ်မှာ ရင်းနှီးမြှုပ်နှံတာထက် မပိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးရှင်ကြီးတွေလို လာပြီး ဟန်မဆောင်စမ်းပါနဲ့" ဟု ပြောလိုက်သည်။
ထိုစကားများကို ကြားရသောအခါ ချန်ကျီရှင်း၏ စိတ်ထဲတွင် အနည်းငယ် ပြုံးလိုက်မိ၏။
လာပြီ... ဒါပဲလေ။
ဒါက ဇာတ်ဆောင်တွေရဲ့ ဝိသေသလက္ခဏာ တစ်ခုပဲ မဟုတ်ဘူးလား။ သူ့ဘေးနားက ကောင်းကင်ဘုံကပေးတဲ့ အခွင့်အရေးမှန်သမျှကို သူက သူ့အတွက် ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ပဲ ယူဆတတ်ပြီး တစ်ဖက်လူက နည်းနည်းလေး မှားလိုက်တာနဲ့ ရန်ငြိုးဖွဲ့ပြီး အသည်းထဲအထိ မှတ်ထားတတ်တာမျိုးပေါ့။
"ဟားဟားဟားဟား... ပါရမီ ဟုတ်လား အမှန်အတိုင်း ပြောရရင် ဒီနေ့မတိုင်ခင်အထိ ငါ မင်းဆီမှာ ဘာပါရမီမှ မတွေ့ခဲ့ရဖူးဘူး"
ရွမ်ကျန့်လုံက ရယ်မောလိုက်သော်လည်း သူ၏ မျက်ဝန်းများမှာမူ အေးစက်လှသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
သူသည် မူလက လင်းဖုန်းကို အခွင့်အရေး တစ်ကြိမ် ပေးချင်သော်လည်း အခုတော့...ထုကျေးဇူးကန်းသော သတ္တဝါမှာ သူ၏ ညှာတာမှုကို ခံယူရန် လုံးဝ မထိုက်တန်တော့ပေ။
"သေပေတော့"
ဒေါသအဟုန် ပြင်းထန်နေသော ရွမ်ကျန့်လုံက စတင်တိုက်ခိုက်လိုက်ရာ နတ်ဘုရားခရီးသွားနယ်ပယ်၏ ကိုးဆင့်မြောက် အထွတ်အထိပ် အရှိန်အဝါများ ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။
ခဏချင်းအတွင်းမှာပင် ခန်းမဆောင်ကြီးတစ်ခုလုံးမှာ လေပြင်းများ တိုက်ခတ်လာသကဲ့သို့ ဖုန်မှုန့်များနှင့် ကျောက်ခဲများ လွင့်စင်လာပြီး စားပွဲ၊ ကုလားထိုင်များမှာလည်း ပြင်းထန်စွာ တုန်ခါနေတော့သည်။ ဟင်းလင်းပြင်ထဲမှ စုစည်းလိုက်သော ဖိအားပြင်း လက်ဝါးရိုက်ချက်ကြီးတစ်ခုသည် လင်းဖုန်းထံသို့ ပြင်းထန်စွာ ဦးတည်သွား၏။
လင်းဖုန်း၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသော်လည်း သူ၏လက်ထဲတွင် တင်းတင်းဆုပ်ထားသော အဆောင်တစ်ခုကို ထိမိလိုက်ချိန်တွင်မူ သူ၏ စိတ်မှာ သိသိသာသာ တည်ငြိမ်သွားတော့သည်။
ဝုန်းးး
ရွမ်ကျန့်လုံ၏ လက်ဝါးရိုက်ချက်သည် လင်းဖုန်းထံသို့ မကျရောက်မီမှာပင် လင်းဖုန်း၏ လက်ဖဝါးအတွင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပွင့်ထွက်လာပြီး သူ့ကို လုံခြုံစွာ ကာကွယ်ပေးထားသည့် အကာအကွယ် အလင်းတံတိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဂလောင်…
ကြည်လင်ပြတ်သားသော အသံတစ်ခုနှင့်အတူ ရွမ်ကျန့်လုံ၏ လက်ဝါးရိုက်ချက်မှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။ ထိုအကာအကွယ် အလင်းတံတိုင်းမှာမူ အနည်းငယ်မျှသာ တုန်ခါသွားပြီး လင်းဖုန်း၏ ကိုယ်ဟန်ကို ဆက်လက် တည်ငြိမ်စေခဲ့၏။
"ဟင်"
ရွမ်ကျန့်လုံမှာ ချက်ချင်းပင် အံ့အားသင့်သွားရသည်။
လင်းဖုန်းမှာမူ ၎င်းကို မြင်သောအခါ လုံးဝ စိတ်ချသွားပြီး ပျာယာခတ်ခြင်း မရှိတော့ပေ။
"မိသားစုခေါင်းဆောင် ရွမ်... ကျွန်တော်က ဘာပြင်ဆင်မှုမှ မရှိဘဲနဲ့ ဒီကို တစ်ယောက်တည်း လာရဲတယ်လို့ ခင်ဗျား ထင်နေတာလား"
လင်းဖုန်းသည် ဝင့်ကြွားစွာဖြင့် သူ၏ ပုခုံးကို တွန့်လိုက်ပြီးနောက် ချန်ကျီရှင်း၏ ဘေးတွင်ရှိသော ရွမ်နန်ကျူးကို မော့ကြည့်ကာ သူ၏ မျက်နှာကို အချစ်ရိပ်များ လွှမ်းစေလျက် နူးညံ့စွာ ဆိုလိုက်သည်
"နန်ကျူး... မကြောက်နဲ့နော် ငါ ရှိတယ်။ နင့်ကို ငါ ဒီကနေ ခေါ်ထုတ်သွားပေးမယ်"
ဤအခိုက်အတန့်တွင် လင်းဖုန်း၏ စိတ်ထဲတွင် ယုံကြည်ချက်များ တဟုန်ထိုး မြင့်တက်နေတော့သည်။
ရွမ်နန်ကျူး... နင် ဘယ်လောက်ပဲ အေးစက်ပြနေပါစေ ဒီနေ့ ငါလုပ်ပြခဲ့တာတွေကို မြင်ရင် နင် တကယ်ပဲ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ့မလား။ နင် မျက်ရည်တွေဝဲပြီး ငါ့ရင်ခွင်ထဲကို အတင်းပြေးဝင်လာစေရမယ်။ ဒီလောက်အထိ လုပ်ပြတာတောင် နင့်နှလုံးသားကို ငါမသိမ်းပိုက်နိုင်ရင်တော့... ငါ့အကြောင်းကို နင် ကောင်းကောင်းသိစေရမယ်။
လင်းဖုန်းက စိတ်ထဲတွင် အသေအချာ တွက်ဆထားသည်။
ထိုစကားကို ကြားသောအခါ ရွမ်နန်ကျူး၏ မျက်ခုံးလေးများမှာ အနည်းငယ် တွန့်ချိုးသွားသည်။ သူမ၏ ဖခင်ဖြစ်စေ၊ ဦးလေးများဖြစ်စေ၊ တတိယသခင်လေးပင်ဖြစ်စေ သူမအပေါ် မည်သည့် တောင်းဆိုမှုမျိုးမှ မလုပ်ခဲ့ကြကြောင်း သူမ ပြောပြချင်နေသည်။
မိသားစုက ငါ့ကို ငယ်ငယ်ကတည်းက အမြဲ ကောင်းကောင်းမွန်မွန်နဲ့ ပြုစုပျိုးထောင်ပေးခဲ့တာ။ အခုလို အခြေအနေမျိုး ဒီလိုမြင်ကွင်းမျိုးကိုသာ သူတို့ မြင်သွားရင် ငါ့အပေါ် ဘယ်လိုမြင်သွားကြမလဲ။
သို့သော် သူမ စကားမပြောမီမှာပင် တစ်ချိန်လုံး တည်ငြိမ်စွာဖြင့် လက်ဖက်ရည် သောက်နေသော ချန်ကျီရှင်းက ရုတ်တရက် ရွမ်နန်ကျူးကို ကြည့်လိုက်ပြီး သူ၏ ဘယ်ဘက် ပေါင်ပေါ်သို့ လက်ညှိုးထိုးပြကာ အေးဆေးစွာ ပြောလိုက်သည်။
"ထိုင်စမ်း"
ရှပ်…
ထိုစကားလုံး ထွက်ပေါ်လာသည်နှင့် ခန်းမဆောင်တစ်ခုလုံးရှိ လူတိုင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပေါ်လာတော့သည်။
ထိုင်ခိုင်းတာလား။
လင်းဖုန်း၏ အပြုံးမှာ ချက်ချင်းပင် တောင့်ခဲသွားရသည်။
မဖြစ်နိုင်ဘူး မဖြစ်နိုင်တာ... မမလေး နန်ကျူးက အဲဒီလောက် အိန္ဒြေကြီးတာ။ ငါတောင် သူမလက်ကို တစ်ခါမှ မထိဖူးသေးဘူး...
လင်းဖုန်းမှာ ရွမ်နန်ကျူးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး သူ၏ စိတ်အစုံမှာလည်း ဟိုမရောက်ဒီမရောက် ဖြစ်နေတော့သည်။
သို့သော် သူ မြင်လိုက်ရသည်မှာ ရွမ်နန်ကျူးသည် သူမ၏ မိဘများကို တစ်ချက်ကြည့်လိုက်ပြီးနောက် မင်ရည်ကဲ့သို့ နက်မှောင်သော ဆံနွယ်များ၊ အနှိုင်းမဲ့ချောမောသော မျက်နှာနှင့် တည်ငြိမ်သော အမူအရာရှိသည့် ချန်ကျီရှင်းကို ကြည့်လိုက်သည်ကိုပင်။
သူမ၏ မျက်နှာထက်တွင် ဝေခွဲမရဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လာပြီးနောက် လင်းဖုန်းဘက်သို့ အားနာစရာကောင်းလှသော အကြည့်တစ်ချက် ပေးလိုက်သည်။
နောက်တစ်ခဏတွင် လင်းဖုန်း၏ မယုံကြည်နိုင်သော အကြည့်အောက်၌ ရွမ်နန်ကျူးသည် ခေါင်းလေးငုံ့ကာ တောင့်တင်းနေသော သူမ၏ နုနယ်သည့် ခန္ဓာကိုယ်လေးနှင့်အတူ နီမြန်းနေသော မျက်နှာလေးဖြင့် ချန်ကျီရှင်း၏ ပေါင်ပေါ်သို့ ဖြည်းညှင်းစွာ ထိုင်ချလိုက်တော့သည်။
"တ... တတိယသခင်လေး ဒီလိုဆိုရင် ရပါသလားရှင်"
ရွမ်နန်ကျူး၏ အသံမှာ ခြင်သံလောက်သာရှိပြီး သူမ၏ လည်ပင်းမှ နားရွက်များအထိ နီမြန်းမှုများ ပျံ့နှံ့သွားသည်။
ဝုန်းးးး
ချက်ချင်းဆိုသလိုပင် လင်းဖုန်းမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ရေခဲတိုက်ထဲသို့ ရောက်သွားသလိုပင်။ သူသည် ချန်ကျီရှင်း၏ ပေါင်ပေါ်တွင် ရှက်သွေးဖြာကာ ထိုင်နေသော ရွမ်နန်ကျူးကို ကြည့်ရင်း သူ၏ရင်ထဲမှ နက်ရှိုင်းသောအရာတစ်ခုမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေပျက်စီးသွားသလို ခံစားလိုက်ရတော့သည်။
ဒါက ငါ လက်ဖျားနဲ့တောင် မထိဖူးသေးတဲ့ ငါ့ရဲ့ အိပ်မက်နတ်ဘုရားမလေ။ အခုတော့ သူမက တခြားတစ်ယောက်ရဲ့ ပေါင်ပေါ်မှာ ထိုင်နေပြီလား။
တစ်ချိန်တည်းမှာပင် သူ၏ ပေါင်ပေါ်မှ နွေးထွေးနူးညံ့မှုနှင့်အတူ အနည်းငယ် တုန်ရီနေမှုကို ခံစားမိရင်း ချန်ကျီရှင်းမှာ ရွမ်နန်ကျူး၏ စိုးရိမ်ပူပန်မှုကို ကြည့်စရာမလိုဘဲ သိနေသည်။
"ရပါတယ်"
ချန်ကျီရှင်းက ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်ပြီး သူ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းအစုံကို အနည်းငယ် မှေးစင်းကာ မျှော်လင့်ချက် ကင်းမဲ့နေသော လင်းဖုန်းကို စနောက်သလို ကြည့်လိုက်သည်။
ဟက်... မင်းက တော်တော်လေး အိုက်တင်ခံနေတာပေါ့ ဟုတ်လား။
ငြင်းလို့မရတာကတော့ ဒီလိုမျိုး အာဏာနဲ့ အရှိန်အဝါကို သုံးပြီး တစ်ဖက်လူကို ဖိနှိပ်လိုက်ရတဲ့ ခံစားချက်က တကယ်ကို ဇိမ်ရှိတာပဲ။
အင်း... အဓိပ္ပာယ်မရှိတဲ့ ကစားပွဲပဲ။ အဆုံးသတ်ဖို့ အချိန်တန်ပြီ။
ချန်ကျီရှင်းက လင်းဖုန်းကို ရှင်းပစ်ရန် စိတ်ကူးလိုက်စဉ်မှာပင်...
[တင် သင်သည် ကောင်းကင်ဘုံရွေးချယ်ထားသော ဇာတ်ဆောင်တစ်ဦးကို ဖိနှိပ်လိုက်ပြီဖြစ်၍ တစ်ဖက်လူ၏ ကံကြမ္မာနှင့် ပါရမီစွမ်းရည် အစိတ်အပိုင်းအချို့ကို သိမ်းပိုက်လိုက်ပါပြီ]
[တင် သင်၏ ကံကြမ္မာတန်ဖိုး မူလ ၃၇% မှ ၁၃% တိုးလာပါပြီ စုစုပေါင်း ကံကြမ္မာတန်ဖိုး ၅၀%]
[သင်၏ လက်ရှိဘွဲ့အမည် ကောင်းကင်ဘုံအရာရှိ၏ ကောင်းချီး]
[တင် သင်သည် ကိုးထပ် လက်ရာမြောက် စေတီတော်၏ အပိုင်းအစတစ်ခုကို ရရှိပြီး ကိုးပါးသော နတ်ဘုရားနည်းစနစ်ထဲမှ တစ်ခုဖြစ်သည့် စွန့်ပစ်မျက်ဝန်းကို ရယူနိုင်ပါပြီ]
ချန်ကျီရှင်း၏ စိတ်ထဲတွင် ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သော ဒင် ဒင် ဒင် မြည်သံမှာ ရုတ်တရက် ပြန်လည် ပဲ့တင်ထပ်သွားသည်။
နောက်တစ်ခဏတွင် ချန်ကျီရှင်း၏ မျက်ဝန်းများအတွင်း ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။ သူ၏ မျက်ဝန်းအစုံအတွင်း တစ်စုံတစ်ရာ ထပ်မံတိုးပွားလာသကဲ့သို့ ခံစားလိုက်ရသည်။
"အော်..."
ချန်ကျီရှင်းက မျက်ခုံးတစ်ချက် ပင့်လိုက်မိပြီး အံ့အားသင့်သွားသည်။
ကောင်းကင်ဘုံရွေးချယ်ထားတဲ့ ဇာတ်ဆောင် တစ်ယောက်ကို သတ်ပစ်မှသာ သူတို့ရဲ့ ကံကြမ္မာနဲ့ ပါရမီတွေကို သိမ်းပိုက်လို့ရတာ မဟုတ်ဘဲ သူတို့ကို ဖိနှိပ်ရုံနဲ့လည်း ရနိုင်တာလား။
ဒါဆို ပြီးခဲ့တဲ့တစ်ခေါက် ရဲချန်တုန်းကတော့ ဘာလို့ ဘာမှမရခဲ့တာလဲ။ ငါ သတ်တာ မြန်သွားလို့လား ဒါမှမဟုတ် ပြီးခဲ့တဲ့တစ်ခေါက် ငါ ရဲချန်ကို ဖိနှိပ်ခဲ့တယ်လို့ ထင်ရပေမဲ့ သူ့ရဲ့ စိတ်ထဲမှာ ဘာမှမဖြစ်ခဲ့ဘဲနဲ့ သူ တကယ် မနာကျင်ခဲ့လို့လား။
ဆိုလိုတာက ဇာတ်ဆောင်တစ်ယောက်ရဲ့ အားနည်းချက်ကို မိအောင်ဖိနှိပ်ရမယ်။ သူတို့ရဲ့ စိတ်ခံစစ်ကို ဖြိုဖျက်ရမယ်။ ဒါမှသာ ထိရောက်တဲ့ ဖိနှိပ်မှု ဖြစ်မှာလား။
ဒါဆိုရင် ရွမ်နန်ကျူးက လင်းဖုန်းရဲ့ အားနည်းချက်ပေါ့...
ခဏချင်းအတွင်းမှာပင် ချန်ကျီရှင်း၏ အတွေးများမှာ အရှိန်အဟုန်ဖြင့် လည်ပတ်သွားတော့သည်။
ပြီးခဲ့တဲ့တစ်ခေါက်က ငါ ကံကြမ္မာတန်ဖိုး ၃၀% ရခဲ့တယ်။ လင်းဖုန်းရဲ့ ကံကြမ္မာက ရဲချန်ထက် ပိုမြင့်ရမှာဆိုတော့ အခုရတဲ့ပမာဏက မနည်းသင့်ဘူး။ ဆိုလိုတာက ဖိနှိပ်ရုံနဲ့ရတဲ့ ကံကြမ္မာတန်ဖိုးက တိုက်ရိုက်သတ်ပစ်တာထက်တော့ နည်းတာပေါ့။
ဒါပေမဲ့... သတ်ပစ်တာက တစ်ခါတည်းနဲ့ ပြီးသွားတာ။ ဖိနှိပ်တာကတော့ မြက်ပင်ကို ရိတ်သလိုပဲ နောက်ထပ် ပြန်ပေါက်လာဦးမှာ။ ငါ သူ့ကို ထပ်ခါတလဲလဲ ဖိနှိပ်ပြီးမှ နောက်ဆုံးကျမှ သတ်ပစ်လို့ ရတာပဲ မဟုတ်လား။
ပြီးတော့ ဒီစွန့်ပစ်မျက်ဝန်းက ငါ့မှတ်ဉာဏ်ထဲမှာဆိုရင် လင်းဖုန်းရဲ့ လက်ဆောင်က သူ့စိတ်ထဲမှာရှိတဲ့ လျှို့ဝှက်ဆန်းပြားတဲ့ ကိုးထပ် လက်ရာမြောက် စေတီတော်ပဲ။ ဒီစေတီက ကိုးထပ်ရှိပြီး နယ်ပယ်တစ်ခု ဖောက်ထွက်တိုင်း တစ်ထပ်ပွင့်တယ်။ ပြီးတော့ ထိပ်တန်း နတ်ဘုရားစွမ်းရည် တစ်ခုစီ ပေးတာ။
ဒီစွန့်ပစ်မျက်ဝန်းက အဲဒီထဲက တစ်ခုပေါ့။
ယခင်ဘဝက မဟာကျင့်ကြံခြင်း လောကထဲမှာ လင်းဖုန်းက ဒီစေတီတော်ကို အားကိုးပြီး အနှိုင်းမဲ့ အစွမ်းထက်ခဲ့တာလေ။ အထူးသဖြင့် ကိုးထပ်စလုံး ပွင့်သွားတဲ့အခါမှာတော့ အဲဒီခေတ်ရဲ့ အင်အားကြီးသူအားလုံးကို ဒီစေတီတော်နဲ့ပဲ ဖိနှိပ်ပစ်ခဲ့တာလေ။
ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ထိုးထွင်းသိမြင်မှုတို့ဖြင့် တောက်ပနေပြီး အရာအားလုံးကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ထားလိုက်ပါတော့ တခြား လျှို့ဝှက်ချက်တွေကိုတော့ နောက်မှပဲ စူးစမ်းတော့မယ်။ အခုလောလောဆယ်တော့...
ချန်ကျီရှင်းသည် လင်းဖုန်းကို ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
အခုက... ဒဏ်ချက်ကို ပိုပြီး ပြင်းထန်အောင် လုပ်ရမယ့် အချိန်ပဲ။
နောက်တစ်ခဏတွင် ချန်ကျီရှင်း၏ ဘယ်ဘက်လက်မှာ ရွမ်နန်ကျူး၏ သွယ်လျသော ခါးလေးကို ဖက်လိုက်ပြီး သူမ၏ ပေါင်ပေါ်သို့ တင်လိုက်သည်။ ရန်ငြိုးအတေးနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေသော လင်းဖုန်း၏ အကြည့်အောက်မှာပင် ချန်ကျီရှင်းသည် အေးဆေးစွာ လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး အတည်ငြိမ်ဆုံး အသံဖြင့် ပြောလိုက်သည်။
"မမလေးရွမ်... ဒီည ကျွန်တော့်ရဲ့ အိပ်ဆောင်မှာ စောင့်နေပါ။ ကျွန်တော်တို့ ကျင့်ကြံခြင်းကိစ္စ တွေအကြောင်း ဆွေးနွေးကြတာပေါ့ ဘယ်လိုလဲ"
ထိုစကားလည်း ဆုံးရော ရွမ်နန်ကျူး၏ တစ်ကိုယ်လုံး တောင့်ခဲသွားပြီး ဦးနှောက်မှာ ဗလာဖြစ်သွားတော့သည်။ သူမ ဘာမှ ပြန်မပြောနိုင်သေးခင်မှာပင်...
"အားးးးးးးးးး ချန်ကျီရှင်း... မင်း တော်တော်လွန်သွားပြီ။ ငါ မင်းကို သတ်ပစ်မယ်"
လင်းဖုန်းမှာ ပါးစပ်မှ သွေးတစ်လုပ် ပန်းထွက်သွားပြီး လုံးဝ ရူးသွပ်သွားတော့သည်။
အခန်း။ ၆၈
ဝုန်းးး ဝုန်းးး ဝုန်းးး
ဤအခိုက်အတန့်တွင် လင်းဖုန်း၏ အရှိန်အဝါမှာ ကမောက်ကမဖြစ်သွားပြီး သူသည် ထပ်မံ၍ အောင့်အည်းမထားနိုင်တော့ဘဲ သွေးတစ်လုပ် ထပ်မံပန်းထွက်သွားတော့သည်။
ခန်းမဆောင်အတွင်းရှိ ရွမ်မိသားစုဝင်အားလုံး ဤမြင်ကွင်းကို ကြည့်နေရင်း သူတို့၏နှလုံးသားထဲတွင် သိမ့်ခနဲ တုန်လှုပ်သွားကြ၏။
တတိယသခင်လေး... ဒါက တကယ့်ကို စိတ်ပိုင်းဆိုင်ရာ အပြင်းအထန် ထိုးနှက်ချက်ပဲ။
ချက်ချင်းဆိုသလိုပင် ရွမ်ကျန့်လုံနှင့် ဇနီးဖြစ်သူအပြင် ရွမ်မိသားစု၏ အဓိကပုဂ္ဂိုလ်များအားလုံး ရွမ်နန်ကျူးကို မျက်ရိပ်ပြနေကြတော့သည်။
သဘောတူလိုက်…
မြန်မြန် သဘောတူလိုက်စမ်း…..
သုမသာ ယခုသဘောတူလိုက်လျှင် ရွမ်နန်ကျူးသည် နောင်တစ်ချိန်တွင် ဇီဝေချန်မိသားစု၏ သခင်မဖြစ်လာနိုင်ပြီး ရွမ်မိသားစုသည်လည်း ကောင်းကင်ဘုံအထိ မြင့်တက်သွားနိုင်သည်။
ချန်ကျီရှင်း၏ ပေါင်ပေါ်တွင် ထိုင်နေသော ရွမ်နန်ကျူးမှာ ထိုစကားကို ကြားလိုက်ရချိန်တွင် တစ်ကိုယ်လုံး တုန်ရီသွားပြီး သူမ၏မျက်နှာမှာ ချက်ချင်းပင် ဖြူစော်သွားတော့သည်။ သူမသည် လင်းဖုန်းကို တစ်လှည့်၊ ရွမ်ကျန့်လုံနှင့် ရွမ်ကတော်ကို တစ်လှည့် ကြည့်လိုက်ရင်း ရင်ထဲတွင် သက်ပြင်းရှည်ကြီးတစ်ခုကို မချဘဲ မနေနိုင်ပေ။
လူအုပ်ကြီးရဲ့ ရှေ့မှာသာ ငါ ဒီတတိယသခင်လေးကို ငြင်းလိုက်ရင်... သူ ဘယ်လောက်တောင် ဒေါသထွက်သွားမလဲ။ သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် သူ ဘယ်လိုလက်စားချေလာမလဲဆိုတာ မတွေးရဲစရာပဲ။ ငါ့ရဲ့ ငြင်းဆန်မှုတစ်ခုတည်းနဲ့တင် ရွမ်မိသားစုတစ်ခုလုံး ပျက်စီးသွားနိုင်တယ်။
သူမသည် စိတ်ပျက်အားငယ်စွာဖြင့် စကားပြောရန် ပြင်လိုက်စဉ်မှာပင်...
ထူးခြားသည်မှာ ဤတတိယသခင်လေးသည် အစကတည်းက သူမကို တစ်ချက်ကလေးမှ လှည့်မကြည့်ခဲ့ဖူးသလို သူ၏မျက်ဝန်းများမှာလည်း အလွန်ကြည်လင်နေပြီး မည်သည့် ယုတ်ညံ့သော အတွေးမျိုးမှ မရှိနေသည်ကို သူမ ရုတ်တရက် သတိပြုမိသွားသည်။ အထူးသဖြင့် ချန်ကျီရှင်း၏လက်မှာ သူမ၏ပေါင်ပေါ်တွင် တင်ထားသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင် လက်မအနည်းငယ်ခန့် ကွာဝေးနေပြီး သူမ၏အသားကို လုံးဝ မထိမိပေ။
ခဏချင်းအတွင်းမှာပင် ရွမ်နန်ကျူး၏နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူမ၏မျက်ဝန်းထဲတွင် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။ ကြည့်ရသည်မှာ ဤတတိယသခင်လေးသည် အစကတည်းက သူမအပေါ်တွင် စိတ်ဝင်စားမှု လုံးဝမရှိခဲ့ပေ။
သူသည် သူမကို အသုံးချပြီး လင်းဖုန်းကို တမင်တကာ ပစ်မှတ်ထားနေခြင်းသာ။
"ဟားဟားဟား... တပည့်လေး မင်းရဲ့ဆရာ ရောက်လာပြီဟေ့"
ထိုအချိန်မှာပင် ခန်းမဆောင်၏ အပြင်ဘက်ဆီကနေ ကျယ်လောင်သော ရယ်မောသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာသည်။
ထို့နောက် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများနှင့် အဘိုးအိုတစ်ဦးသည် ခန်းမအတွင်းသို့ လှမ်းဝင်လာခဲ့၏။
"ဆရာ"
ယခင်က စိတ်ပျက်အားငယ်နေသော လင်းဖုန်း၏ မျက်ဝန်းများမှာ ချက်ချင်းပင် အတိုင်းထက်အလွန် ဝမ်းသာအားရမှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။
ဒါကတော့ တကယ့်ကို ပုံစံခွက်အတိုင်း သွားနေတဲ့ ဇာတ်ညွှန်းတစ်ခုပါပဲ။
ဝုန်းးးးး
ခန်းမဆောင်အတွင်း၌ စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်၏ ဖိအားများက လှိုင်းလုံးကြီးများအလား ရိုက်ခတ်နေသဖြင့် ရွမ်မိသားစုဝင်အားလုံး မျက်နှာများဖြူဖျော့သွားတော့သည်။ ရွှမ်ယင်ဆရာသခင်၏ ရုတ်တရက် ပေါ်ထွက်လာမှုမှာ လင်းဖုန်းအတွက်မူ ကောက်ရိုးတစ်မျှင်မျှသာမကဘဲ အားကိုးရာ တောင်ကြီးတစ်လုံး ဖြစ်သွားခဲ့သည်။
"မင်း... မင်းက ရွှမ်ယင်တောင်နဲ့ ပေါင်းပြီး ငါတို့မိသားစုကို သစ္စာဖောက်တယ်ပေါ့"
ရွမ်ကျန့်လုံ၏ အသံမှာ တုန်ရီနေသည်။ သူတို့ ရွမ်မိသားစုက ကျွေးမွေးစောင့်ရှောက်ထားသူတစ်ဦးက ရန်သူတော်ကြီးကို ဆရာတင်ထားလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။
လင်းဖုန်းမှာမူ ယခုအချိန်၌ ဘာကိုမျှ ဂရုမစိုက်တော့ဘဲ သူ၏မျက်နှာမှာ လူသတ်လိုစိတ်များဖြင့် မည်းမှောင်နေတော့သည်။ သူသည် ချန်ကျီရှင်းကို လက်ညှိုးထိုးကာ အော်ပြောလိုက်တော့သည်။
"ဆရာ... အဲဒီကောင့်ကို အသေသတ်ပေးပါ။ ပြီးတော့ ရွမ်နန်ကျူး... အဲဒီမိန်းမကိုလည်း ကျွန်တော့်အတွက် ဖမ်းပေးပါ။ သူမကို ကျွန်တော်ကိုယ်တိုင် ပညာပေးရမယ်"
ချန်ကျီရှင်းကမူ ခန်းမဆောင်၏ အဓိကနေရာတွင် အေးဆေးစွာ ထိုင်နေဆဲပင်။ သူက လင်းဖုန်း၏ ဇာတ်ညွှန်းကို စိတ်ထဲမှနေ၍ လှောင်ပြောင်နေမိသည်။
ကြည့်ရတာ သူက ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့ ဇာတ်ဆောင်ပီပီ အောင်ပွဲခံဖို့ ပြင်နေတာ မဟုတ်ဘူးလား။
ပထမဆုံးအနေနဲ့ လူတိုင်း အံ့ဩသွားအောင် သူ့ရဲ့ ဖုံးကွယ်ထားတဲ့ အစွမ်းတွေကို ထုတ်ပြမယ်။ ပြီးရင် ဒုတိယအဆင့်အနေနဲ့ မိသားစုခေါင်းဆောင်က ဖိအားပေးလာရင်လည်း မမှုဘဲ လက်ထဲက ရတနာတစ်ခုခုကို ထုတ်သုံးပြီး ပြန်ခုခံပြဦးမှာပဲ။
နောက်ဆုံးကျတော့မှ...ငါ့နောက်မှာ ဘယ်သူရှိလဲ သိလားဆိုတဲ့အတိုင်း အင်အားကြီးတဲ့ ဆရာကြီးကို နောက်ခံအဖြစ် ထုတ်ပြပြီး အားလုံးကို အပြတ်အသတ် အနိုင်ယူလိုက်မှာပေါ့။ ဒါတွေက သူတို့လို ဇာတ်ဆောင်တွေ လုပ်နေကျ ထုံးစံတွေပဲ မဟုတ်လား။
ရွှမ်ယင်ဆရာသခင်က ချန်ကျီရှင်းကို ကြည့်ကာ အထင်သေးစွာဖြင့် ရယ်မောလိုက်သည်။
"ဒီကလေးက ဇီဝေချန်မိသားစုက ဆိုတာလား။ ကြည့်ရတာတော့ အိမ်ကနေ ခိုးထွက်လာတဲ့ ကြက်ပေါက်လေး တစ်ကောင်နဲ့ တူသားပဲ"
ဇာတ်လိုက်၏ အလှည့် ပြီးဆုံးသွားပြီဖြစ်ရာ ယခုမှာမူ ဗီလိန်၏ အလှည့်ပင်။
လင်းဖုန်းသည် သူ၏ဆရာကို အားကိုး၍ ဝင့်ကြွားနေသော်လည်း အချက်တစ်ခုကိုမူ မေ့လျော့နေသည်။ ထိုအရာမှာ ချန်ကျီရှင်း၏ ဘေးတွင် အကြီးအကဲ မဟူရာရှိနေခြင်းပင်။ စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်အတွင်းသို့ ခြေတစ်လှမ်း စတင်ဝင်ရောက်ရုံမျှသာ ရှိသေးသော ရွှမ်ယင်ဆရာသခင်မှာ အကြီးအကဲ မဟူရာ၏ ရှေ့မှောက်၌မူ ဖုန်မှုန့်တစ်စမျှသာ။
ဝုန်းးးးး
ခန်းမဆောင်တစ်ခုလုံး သွေးညှီနံ့များဖြင့် ဖုံးလွှမ်းသွားပြီး တိတ်ဆိတ်ခြောက်ကပ်သွားတော့သည်။ စက္ကန့်ပိုင်းအလိုကမှ ဝင့်ကြွားနေခဲ့သော စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်ပညာရှင် ရွှမ်ယင်ဆရာသခင်မှာ အော်ဟစ်ချိန်ပင်မရဘဲ သွေးမြူမှုန်များအဖြစ် ဘဝပြောင်းသွားခဲ့သညါ။
အကြီးအကဲ မဟူရာကတော့ ဘာမှမဖြစ်ခဲ့သလိုပင် သူ၏လက်ကို ပြန်ခါလိုက်ရင်း "ဒါပဲလား ငါက အားနည်းနည်း လျှော့သုံးထားတာတောင် ဒါလောက်ပဲ ခံနိုင်တာလား" ဟု ပျင်းရိပျင်းတွဲပုံစံဖြင့် ရေရွတ်လိုက်သည်။
ချန်ကျီရှင်း တွေးခဲ့သလိုပင်။
တကယ်လို့သာ ငါ ဒီဇာတ်လမ်းထဲကို ရုတ်တရက် ရောက်မလာခဲ့ဘူးဆိုရင်... ငါတို့ရဲ့ လင်းဖုန်း တစ်ယောက် ဘယ်လိုတွေ မင်းသားလုပ်သွားမလဲဆိုတာ ငါ အလွတ်ရနေပြီသား။
သူ့ရဲ့ ဇာတ်ညွှန်းက အစဉ်လိုက်အတိုင်းပဲလေ။ အရင်ဆုံး သူရဲကောင်းကြီးလိုလို ဘာလိုလိုနဲ့ သူ့စွမ်းအားတွေကို တစ်ဆင့်ချင်း ထုတ်ပြပြီး ရွမ်မိသားစုတစ်ခုလုံးကို ပါးစပ်အဟောင်းသား ဖြစ်အောင် လုပ်မယ်။ ပြီးရင်တော့... လှပတဲ့ ရွမ်နန်ကျူးရဲ့ အချစ်ကိုရော၊ ရွမ်ကျန့်လုံရဲ့ ယုံကြည်မှုကိုပါ သိမ်းပိုက်ပြီး ရွမ်မိသားစုရဲ့ သားမက်တော်ကြီး ဒါမှမဟုတ် အားကိုးရတဲ့ အိမ်ထောင်ဦးစီးနေရာကို ယူမှာပေါ့။
ဒါတင် ဘယ်ကမလဲ... သူ့ရဲ့ ဆရာ ရွှမ်ယင်နဲ့ ရွမ်မိသားစုကို ပြန်စေ့စပ်ပေးပြီး အင်အားစု အားလုံးကို သူ့ခြေဖဝါးအောက်မှာ စုစည်းပစ်ဦးမှာ။ အဆိုးဆုံးကတော့ သူက ကြောင်သူတော်ကြွက်သူခိုးလို လူစားမျိုးဆိုတော့ ရွမ်ကတော်ကိုတောင် ချန်ထားမှာ မဟုတ်ဘူး။ အိမ်တော်တစ်ခုလုံးကို သူ့အပျော်စခန်း လုပ်ပစ်မှာပဲ။
ဒါပေမဲ့... စိတ်မကောင်းပါဘူး လင်းဖုန်းရာ။ ဒီလို ဇာတ်ကွက်တွေက ငါ ချန်ကျီရှင်း အတွက်တော့ ရိုးအီနေတဲ့ ကစားပွဲတစ်ခုထက် ဘာမှမပိုဘူး။
လင်းဖုန်းမှာ ယခုအခါ မျက်လုံးပြူး၍ ပါးစပ်ဟောင်းလောင်းဖြင့် ကျောက်ရုပ်တစ်ခုလို ဖြစ်နေတော့သည်။ သူ၏ အနှိုင်းမဲ့ ဆရာကြီးမှာ ချန်ကျီရှင်းနောက်က အစေခံတစ်ယောက်၏ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ပွဲချင်းပြီး သေသွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ
အိပ်မက်မမက်ခဲ့ဖူးပေ။
"မ... မဖြစ်နိုင်ဘူး... ဆရာ... ဒါ မဖြစ်နိုင်တာ"
လင်းဖုန်း၏ အသံမှာ တုန်ရီနေပြီး သူ၏ စိတ်ဓာတ်များမှာ လုံးဝ ပြိုလဲသွားခဲ့သည်။
ချန်ကျီရှင်းကတော့ ခွက်ထဲမှ လက်ဖက်ရည်ကို နောက်ဆုံးတစ်ငုံ သောက်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။
"ကဲ... လင်းဖုန်း... မင်းရဲ့ ဆရာလည်း သေပြီဆိုတော့ မင်းမှာ ဘာတွေ ကျန်သေးလဲ"
ရွမ်မိသားစုဝင်များ "……"
လင်းဖုန်း "……."
ရွမ်အိမ်တော် ခန်းမဆောင်ကြီးတစ်ခုလုံး သေမင်းတမျှ တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားသည်။ ရွမ်ကျန့်လုံ၊ ရွမ်နန်ထျန်းနှင့် ကျန်ရှိနေသောသူများမှာ ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားဖြင့် ဘာမှမဖြစ်ခဲ့သလို ရပ်နေသည့် အကြီးအကဲ မဟူရာကို ငေးကြည့်နေကြရုံမှတစ်ပါး ဘာမှမလုပ်နိုင်ကြတော့ပေ။
စစ်မှန်တဲ့ ကိုယ်ပိုင်နယ်ပယ်ကျင့်ကြံသူ တစ်ဦးက သူ့ရဲ့ အစွမ်းတွေကိုတောင် ထုတ်ပြခွင့်မရလိုက်ဘဲ အသတ်ခံလိုက်ရတာလား။
ဖြန်းကနဲ လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့တင် အသက်ပျောက်သွားတာတဲ့လား။ ဒါ... ဒါက ဖြစ်နိုင်ပါ့မလား။
လင်းဖုန်း၏ မျက်နှာပေါ်တွင် ယခင်က ရှိနေသော ရက်စက်ယုတ်မာသည့် အောင်နိုင်သူအပြုံးမှာ ချက်ချင်းပင် တောင့်ခဲသွားတော့သည်။ သူသည် ကြောင်အမ်းစွာဖြင့် သူ၏မျက်နှာပေါ်မှ နွေးထွေးနေဆဲဖြစ်သော သွေးမြူမှုန်များကို သုတ်လိုက်ပြီး လည်ပင်းကြီး တောင့်တင်းစွာဖြင့် ချန်ကျီရှင်းနှင့် သူ၏နောက်တွင် ရပ်နေသော အကြီးအကဲ မဟူရာကို လှည့်ကြည့်လိုက်မိသည်။
ဒါ... ဒါ... ဒါက ငါစိတ်ကူးထားတာနဲ့ လုံးဝကို တစ်ခြားစီပဲ မဟုတ်လား။
ထိုခဏမှာပင် ကျောရိုးမှတစ်ဆင့် ဦးခေါင်းထိပ်အထိ အေးစိမ့်သော အအေးဓာတ်တစ်ခုမှာ ဟုန်းကနဲ တက်လာတော့သည်။
[တင် သင်သည် ကောင်းကင်ဘုံရွေးချယ်ထားသော ဇာတ်ဆောင်တစ်ဦးကို ဖိနှိပ်လိုက်ပြီဖြစ်၍ သဋတို့၏ ကံကြမ္မာနှင့် ပါရမီစွမ်းရည် အစိတ်အပိုင်းအချို့ကို သိမ်းပိုက်လိုက်ပါပြီ]
[တင် သင်၏ ကံကြမ္မာတန်ဖိုး မူလ ၅၀% မှ ၂၀% ထပ်မံတိုးလာပါပြီ စုစုပေါင်း ကံကြမ္မာတန်ဖိုး ၇၀%]
[သင်၏ လက်ရှိဘွဲ့အမည် ကောင်းကင်ဘုံအရာရှိ၏ ကောင်းချီး]
[တင် သင်သည် ကိုးထပ် လက်ရာမြောက် စေတီတော်၏ အပိုင်းအစတစ်ခုကို ရရှိပြီး ကိုးပါးသော နတ်ဘုရားနည်းစနစ်ထဲမှ တစ်ခုဖြစ်သည့် လက်ဝါးမိုးကြိုးအကျဉ်းထောင်ကို ရယူနိုင်ပါပြီ]
အေးစက်စက် အသံကြီးက ချန်ကျီရှင်း၏ စိတ်ထဲတွင် ထပ်မံ ပဲ့တင်ထပ်သွားပြန်သည်။
"တတိယသခင်လေး... ဒီကောင်လေးကို ဘယ်လို ကိုင်တွယ်ရမလဲ"
အကြီးအကဲ မဟူရာက ထိတ်လန့်တုန်လှုပ်နေသော လင်းဖုန်းကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
"သူ့ကိုလား..."
ချန်ကျီရှင်းက လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရင်း လင်းဖုန်းကို ခပ်ပြုံးပြုံး ကြည့်လိုက်သည်။
"ကြည့်ရတာ ဒီဆရာတပည့်နှစ်ယောက်ရဲ့ သံယောဇဉ်က တော်တော်နက်ပုံပဲ။ ငါကလည်း လူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာ ဝါသနာပါတာနဲ့ပဲ... သူ့ကိုလည်း သူ့ဆရာဆီ အမြန်လိုက်သွားပြီး ပြန်ဆုံခိုင်းလိုက်ပါ"
"ဆရာနဲ့ တပည့်ဆိုတာ အတူတူရှိနေသင့်တာပဲ မဟုတ်လား"
ထိုသို့ပြောပြီးနောက် ချန်ကျီရှင်းက လက်ကို ဝှေ့ယမ်းကာ သူ့ကို အပြင်သို့ ဆွဲထုတ်၍ သတ်ပစ်ရန် အချက်ပြလိုက်သည်။
ဖိနှိပ်နေဦးမှာလား။
ချန်ကျီရှင်းသည် လင်းဖုန်းကဲ့သို့သော လူစားမျိုးနှင့် အချိန်ကုန်ခံကာ ကြောင်ဖမ်းသလို ကစားနေရန် အချိန်မရှိပေ။ သတ်ရမလိုလိုနှင့် မသတ်ဘဲထားကာ ထပ်ခါတလဲလဲ ဖိနှိပ်နေခြင်းမှာ သူ့အတွက်မူ အလွန်ပင် ပျင်းရိဖွယ်ကောင်းလှသည်။
ယခုအချိန်၌ ဓားနတ်ဘုရား၏ အမွေအနှစ်ဆီသို့ အမြန်ဆုံး သွားရောက်ပြီး ဒုတိယမြောက် မဟာတာအို မျိုးစေ့ကို ဖန်တီးရမှာက ပို၍ အရေးကြီးသည်။ ဖိနှိပ်ခြင်းမှ ရရှိမည့် ဆုလာဘ်များဟူသည်မှာ သူ့အတွက်မူ ဘေးထွက်ပစ္စည်းမျှသာ ဖြစ်သည်။
သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အနာဂတ်တွင် အန္တရာယ်ဖြစ်လာနိုင်သမျှသော အရာအားလုံးကို အမြစ်မှ ဆွဲနုတ်၍ သုတ်သင်ပစ်ရန်သာ။
"ကောင်းပါပြီ"
အကြီးအကဲ မဟူရာက ခေါင်းညိတ်လိုက်ပြီး သူ၏လက်ကြီးကို ဆန့်ထုတ်ကာ ဖွဲဖွဲတုန်နေသော လင်းဖုန်းကို ကြက်ကလေးတစ်ကောင်ကို ဖမ်းသလိုမျိုး လည်ပင်းမှ ဆွဲမလိုက်တော့သည်။