← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း။ ၆၉

ရွမ်အိမ်တော်၏ ခန်းမဆောင်ကြီးအတွင်း၌ အကြီးအကဲ မဟူရာသည် ခြောက်သွေ့သော မြေပြင်မှ မုန်လာဥတစ်ဥကို ဆွဲနုတ်သကဲ့သို့ လင်းဖုန်းကို လေထဲသို့ မြှောက်ကိုင်ထားသည်။ လင်းဖုန်းမှာ မည်မျှပင် ရုန်းကန်နေပါစေဦးတော့ လက်မဝက်မျှပင် လှုပ်ရှားနိုင်ခြင်း မရှိပေ။

"ချန်ကျီရှင်း မင်းရဲ့ အရှိန်အဝါကို သုံးပြီး လူကိုအနိုင်ကျင့်တာက ဘာထူးဆန်းလို့လဲ။ မင်း တကယ်စွမ်းရင် ငါ့ကို အောက်ချပေးစမ်း။ ငါတို့ တစ်ယောက်ချင်း ယှဉ်တိုက်ကြမယ်"

ဆံပင်ဖရိုဖရဲနှင့် ရန်ငြိုးအတေးတို့ ပြည့်နှက်နေသော လင်းဖုန်းသည် အထက်နေရာတွင် ထိုင်နေသည့် ချန်ကျီရှင်းကို စိုက်ကြည့်ကာ လည်ချောင်းထဲမှ အော်ပြောလိုက်သည်။

ဖြန်း…

အကြီးအကဲ မဟူရာ၏ ပြင်းထန်သော လက်ဝါးရိုက်ချက်မှာ လင်းဖုန်း၏ ပါးထက်သို့ ကျရောက်သွားရာ မျက်စိထဲတွင် ကြယ်စင်များ မြင်သွားပြီး မူးဝေသွားတော့သည်။

"ဟက်... တောက် မင်းက ဘာကောင်မို့လို့ ငါ့သခင်လေးကို စိန်ခေါ်ရတာလဲ"

အကြီးအကဲ မဟူရာက လင်းဖုန်းကို အထင်သေးစွာ ကြည့်ကာ လှောင်ပြောင်လိုက်သည်။

"တိုက်မယ် မင်း တိုက်ခိုက်တတ်လို့လား ဒီလောကထဲ ရောက်နေရင် နောက်ခံနဲ့ အင်အားအကြောင်း သိထားရမယ်။ ဒါလေးတောင် နားမလည်ဘဲနဲ့များ အလှလေးကို ကယ်တင်တဲ့ သူရဲကောင်းလုပ်ချင်နေသေးတယ်ပေါ့"

"အားးးးးးးးးး"

လင်းဖုန်း၏ ပါးမှာ ဖူးရောင်တက်လာပြီး သူ၏ စိတ်ထဲတွင် အလွန်အမင်း အောင့်သက်သက် ဖြစ်ကာ ရူးသွပ်မတတ် ခံစားနေရသည်။ သူသည် သူ့ကိုယ်သူ ထူးကဲသော ပါရမီ၊ ကြီးမားသော ခွန်အားနှင့် ကံကြမ္မာတို့ကို ပိုင်ဆိုင်ထားပြီး အနာဂတ်တွင် ကြီးကျယ်သော ပုဂ္ဂိုလ်ဖြစ်လာမည့်သူဟု ဂုဏ်ယူခဲ့သူ ဖြစ်သည်။

သို့သော် ယခုမူ အသုံးမကျသော ဒုတိယမျိုးဆက် သူဌေးသားတစ်ဦး၏ လက်ထဲတွင် အဓိပ္ပာယ်မဲ့စွာ ရှုံးနိမ့်နေရကာ သူ၏ နှလုံးသားမှာ အသက်ရှူရကျပ်နေသကဲ့သို့ ခံစားနေရသည်။

ထို့ထက်ပို၍ မမျှတသော ကောင်းကင်ဘုံကို သူ မုန်းတီးမိသည်။

သူက ဘာကြောင့် အစေခံဘဝကနေ ခက်ခက်ခဲခဲ ကျင့်ကြံခဲ့ရပြီး အသုံးမကျဘူးဟု နာမည်ကြီးသော ဤသခင်လေးကတော့ ထိုင်ခုံပေါ်မှာ အေးဆေးထိုင်ရင်း စကားတစ်ခွန်းတည်းနဲ့ လူ့အသက်ကို ဆုံးဖြတ်နိုင်နေရတာလဲ။

"သခင်လေး... တခြားခိုင်းစရာ မရှိရင် ကျွန်တော် သူ့ကို အပြင်ထုတ်သွားလိုက်တော့မယ်နော်" အကြီးအကဲ မဟူရာက ချန်ကျီရှင်းကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။

"သွားတော့လေ"

ချန်ကျီရှင်းက လက်ဖက်ရည် တစ်ငုံသောက်ကာ အသာအယာ ခေါင်းညိတ်လိုက်သည်။

အကြီးအကဲ မဟူရာက ထူးဆန်းသော အပြုံးတစ်ခုဖြင့် လင်းဖုန်းကို ကြည့်လိုက်ရာ လင်းဖုန်းမှာ ထိတ်လန့်သွားပြီး …..

"မင်း... မင်း ငါ့ကို ဘာလုပ်မလို့လဲ"

အကြီးအကဲ မဟူရာ၏ အပြုံးကို မြင်လိုက်ရချိန်တွင် လင်းဖုန်း၏ ရင်ထဲ၌ အကြောင်းရင်းမရှိဘဲ အေးစိမ့်သွားတော့သည်။

"ဘာမှမဟုတ်ပါဘူး... ငါ့ရဲ့ လက်ကြောတွေ မလှုပ်ရှားရတာ ကြာပြီဆိုတော့ မင်းနဲ့အတူ ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ကြည့်မလို့ပါ"

အကြီးအကဲ မဟူရာက သွားဖြူဖြူကြီးများကို ပေါ်အောင် ဖြဲပြုံးပြုံးလိုက်ပြီးနောက် လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် လင်းဖုန်းကို ခန်းမဆောင်အပြင်သို့ ဆွဲထုတ်သွားတော့သည်။

ချန်ကျီရှင်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အသာအယာ ခေါင်းခါယမ်းမိ၏။ မိသားစုအတွင်းမှာပင် အကြီးအကဲ မဟူရာ၌ မိတ်ဆွေဟူ၍ အလွန်ရှားပါးသည်။ အကြောင်းမှာ သူသည် ချန်တောက်ယန်၏ ဘေးနားတွင်သာ အမြဲရှိနေပြီး လူမြင်ကွင်းသို့ ထွက်လေ့မရှိသည့်အပြင် သူ၏ နည်းလမ်းများမှာလည်း ပုံမှန်မဟုတ်ဘဲ ကောက်ကျစ်လွန်းသောကြောင့်ပင်။

ဇီဝေချန်မိသားစု၏ ရန်သူ အတော်များများမှာ အကြီးအကဲ မဟူရာ၏ လက်ချက်ဖြင့် တိုက်ရိုက်သေဆုံးသွားကြခြင်း မဟုတ်ဘဲ သူ၏ ကစားခြင်းကို ခံရရင်း စိတ်ဓာတ်ပြိုလဲပြီး သေဆုံးသွားကြခြင်းပင်။

တစ်ယောက်ယောက်တော့ ဒုက္ခလှလှ တွေ့တော့မှာပဲ။

ချန်ကျီရှင်းက သက်ပြင်းချရင်း တွေးလိုက်မိသည်။

ခဏအကြာတွင်...

"မင်း... မင်း ဘာလုပ်မလို့လဲ"

"အနားမလာနဲ့ ဖယ်စမ်း"

"အားးးးးးး"

ခန်းမဆောင် အပြင်ဘက်ဆီမှ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အော်ဟစ်သံကြီးများ ပဲ့တင်ထပ်လာတော့သည်။ ခန်းမအတွင်းရှိ ရွမ်မိသားစုဝင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ရင်း လည်ပင်းများ ကျုံ့ဝင်သွားကြကာ ရင်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများ စိမ့်ဝင်လာကြ၏။

လင်းဖုန်း၏ အော်ဟစ်သံများကို ကြားရသည်မှာ အလွန်ပင် ရင်နာစရာကောင်းပြီး ရက်စက်ကြမ်းကြုတ်သည့် မြင်ကွင်းတစ်ခုခု ဖြစ်ပျက်နေသည်ဟု သူတို့ ခံစားနေရသည်။

မကြာမီမှာပင် ထိုအော်ဟစ်သံကြီးမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။

ချန်ကျီရှင်း၏ စိတ်ထဲတွင်မူ အေးစက်စက် အသိပေးချက် အသံများ ဆက်တိုက် ထွက်ပေါ်လာပြန်သည်။

[တင် သင်သည် ကောင်းကင်ဘုံရွေးချယ်ထားသော ဇာတ်ဆောင်တစ်ဦးကို သတ်ဖြတ်လိုက်ပြီဖြစ်၍ သဋတို့၏ ကံကြမ္မာနှင့် ပါရမီစွမ်းရည် အစိတ်အပိုင်းများကို သိမ်းပိုက်လိုက်ပါပြီ]

[တင် သင်၏ ကံကြမ္မာတန်ဖိုး မူလ ၇၀% မှ ၃၀% ထပ်မံတိုးလာပါပြီ စုစုပေါင်း ကံကြမ္မာတန်ဖိုး ၁၀၀%]

[တင် သင်သည် ဘွဲ့အမည်အသစ် ရရှိပါပြီ။ မဟာကံထူးရှင်]

[တင် သင်သည် ကိုးထပ် လက်ရာမြောက် စေတီတော်၏ အပိုင်းအစတစ်ခုကို ရရှိပြီး ကိုးပါးသော နတ်ဘုရားနည်းစနစ်ထဲမှ တစ်ခုဖြစ်သည့် မြေလျှိုးခြေလှမ်းကို ရယူနိုင်ပါပြီ]

[တင် သင်သည် ချိပ်ပိတ်ထားသော ကိုးထပ် လက်ရာမြောက် စေတီတော်ကို ရရှိပါပြီ]

ထိုအသံများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် မြေလျှိုးခြေလှမ်းနှင့် ပတ်သက်သည့် များပြားလှသော အသိပညာ ဗဟုသုတများမှာ ချန်ကျီရှင်း၏ မှတ်ဉာဏ်အတွင်းသို့ တဟုန်ထိုး စီးဝင်လာတော့သည်။

ခဏချင်းအတွင်းမှာပင် ချန်ကျီရှင်းသည် ထိုပညာရပ်ကို အကုန်အစင် နားလည်သဘောပေါက်သွားပြီး သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် မည်သူမျှ သတိမထားမိလိုက်ဘဲ သူ၏ ညာဘက်လက်ဖဝါးမှာ အနည်းငယ် နိမ့်ဆင်းသွားသည်။ သူ၏ လက်ထဲတွင် ဖုန်မှုန့်များနှင့် သံချေးများ တက်နေသော မည်သည့် ထူးခြားသောအရှိန်အဝါမျှ မရှိသည့် စေတီငယ်တစ်ဆူ ရောက်ရှိနေပြီဖြစ်သည်။ လက်ဖဝါးခန့်သာရှိသော ထိုစေတီငယ်မှာ တောင်ငယ်တစ်လုံးကို မထားရသကဲ့သို့ အလွန်တရာ လေးလံလှသည်။

အကယ်၍ ချန်ကျီရှင်းသာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို ကျော်ဖြတ်ပြီး စစမှန်သော ကိုယ်ပိုင်နယ်ပယ်သို့ ရောက်မနေပါက ဤစေတီငယ်၏ အလေးချိန်ကြောင့် လူပုံအလယ်တွင် အရှက်ရသွားနိုင်လောက်သည်။

ချိပ်ပိတ်ထားတဲ့ အခြေအနေမို့လို့ သုံးလို့မရသေးတာလား။

ချန်ကျီရှင်းသည် သူ၏ ဝိညာဉ်စွမ်းအင်နှင့် နတ်ဘုရားအာရုံကို ထိုစေတီငယ်ထဲသို့ ထည့်သွင်းရန် ကြိုးစားကြည့်သော်လည်း ၎င်းမှာ သာမန်စေတီအစုတ်လေးတစ်ခုကဲ့သို့ပင် မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

ဒီစေတီကို ပြန်နိုးထလာအောင် လုပ်ဖို့ဆိုရင် ကျင့်ကြံဆင့်က မှန်းဆလို့မရတဲ့အထိ မြင့်မားနေရမယ်။ ဒါမှမဟုတ်ရင်လည်း ငါ့ရဲ့ ကံကြမ္မာတန်ဖိုးက လင်းဖုန်းရဲ့ အဆင့်အထိ ရှိနေရမယ်ထင်တယ်။

ချန်ကျီရှင်းက ခဏမျှ စဉ်းစားပြီးနောက် ထိုစေတီငယ်ကို သူ၏ သိုလှောင်လက်စွပ်ထဲသို့သာ ပစ်ထည့်ထားလိုက်သည်။ လင်းဖုန်း လုပ်ခဲ့သလို ကျင့်ကြံဆင့် တစ်ဆင့်တက်တိုင်း စေတီရဲ့ နတ်ဘုရားစွမ်းရည်တွေကို တစ်လွှာချင်း ဖွင့်ဖို့ဆိုတာ အခုလောလောဆယ် သူ့အတွက် မဖြစ်နိုင်သေးပေ။ သို့သော်လည်း ဤအရာမှာ ဖျက်ဆီး၍မရနိုင်ဘဲ အလွန်လေးလံလှသဖြင့် ရံဖန်ရံခါတွင် တစ်စုံတစ်ယောက်ကို ပစ်ပေါက်ထုနှက်ရန်အတွက်တော့ အတော်လေး အဆင်ပြေပေလိမ့်မည်။

ချန်ကျီရှင်း တွေးတောနေစဉ်မှာပင် အကြီးအကဲ မဟူရာမှာ လန်းဆန်းတက်ကြွသော အမူအရာဖြင့် ပြန်လည်ရောက်ရှိလာသည်။

"သခင်လေး... အားလုံး ပြီးပါပြီ"

အကြီးအကဲ မဟူရာသည် သူ၏နှာခေါင်းကို တစ်ချက်ရှုံ့လိုက်ပြီး ချန်ကျီရှင်း၏ နောက်တွင် ပြန်လည်ရပ်နေလိုက်သည်။ ယခုအခါတွင်မူ ရွမ်မိသားစုဝင်များ၏ အကြည့်များမှာ အကြီးအကဲ မဟူရာနှင့် ချန်ကျီရှင်းအပေါ် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မူလက သူတို့သည် ဤအဘိုးအိုကို သာမန်အစေခံတစ်ဦးဟုသာ ထင်မှတ်ခဲ့ကြသော်လည်း စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်ထဲကို ခြေလှမ်းစဝင်ကာစဖြစ်သော ရွှမ်ယင်ဆရာသခင်ကို ထိုမျှ လွယ်ကူစွာ သတ်ဖြတ်နိုင်ခြင်းမှာ အကြီးအကဲ မဟူရာ၏ ကျင့်ကြံဆင့်မှာ အနည်းဆုံး စစ်မှန်သော ကိုယ်ပိုင်နယ်ပယ်၏ သတ္တမအဆင့်နှင့် အထက်မှာ ရှိနေသည်ဟု ဆိုလိုခြင်းပင်။

ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ ဘယ်နေရာသွားသွား အင်အားကြီး ပညာရှင်ကြီးအဖြစ် သတ်မှတ်ခံရသူမျိုး ဖြစ်သည်။

ကိုယ်ရံတော်ကဲ့သို့သော အဆင့်အတန်းမှာ ရှေးဟောင်းသန့်စင်နယ်မြေ သို့မဟုတ် ထာရရှင်သန်ခြင်းမျိုးနွယ်စုများမှ ပုဂ္ဂိုလ်များတွင်သာ ရှိတတ်သည့် အရာဖြစ်သည်။ အကြီးအကဲ မဟူရာ၏ အဆင့်အတန်းကို ရိပ်မိသွားကြသောအခါ ရွမ်မိသားစုဝင်များ၏ အကြည့်မှာ ချန်ကျီရှင်းအပေါ် အလွန်အမင်း ရိုသေလေးစားမှုနှင့် အားကိုးလိုစိတ်တို့ဖြင့် ပြည့်နှက်သွားတော့သည်။

ချန်ကျီရှင်း၏ ဘေးတွင် အနည်းဆုံး စစ်မှန်သော ကိုယ်ပိုင်နယ်ပယ် သတ္တမအဆင့်ရှိသော ကိုယ်ရံတော်တစ်ဦးပါလာခြင်းမှာ သူသည် မိသားစုအတွင်း မည်မျှအရေးပါသောသူ ဖြစ်ကြောင်းကို သက်သေပြနေခြင်းပင်။

"မကြာသေးခင်ကမှ ထွက်ပေါ်နေတဲ့ ကောလာဟလတစ်ခုရှိတယ်... ဇီဝေချန်မိသားစုရဲ့ ပါရမီရှင် ရှေးဟောင်းပုံစံ ကိုးခုပိုင်ရှင်က ကံဆိုးမိုးမှောင်ကျသွားတယ်ဆိုပဲ..."

ရွမ်မိသားစုဝင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း ရင်ထဲတွင် တုန်လှုပ်သွားကြသည်။ ဒီကောလာဟလက အခုမြင်နေရတဲ့ အခြေအနေအရဆိုရင် ကိုးဆယ်ရာခိုင်နှုန်းလောက် မှန်နေပြီ။

အကယ်၍သာ ထိုသို့ဆိုလျှင် သူတို့အားလုံး ချန်ကျီရှင်းကို လှည့်ကြည့်လိုက်ကြရာ သူတို့၏ မျက်ဝန်းများထဲတွင် သစ္စာရှိမှုနှင့် စိတ်အားထက်သန်မှုတို့ အပြည့်အဝ စီးဝင်သွားတော့သည်။ သူတို့ရှေ့တွင် ထိုင်နေသူမှာ ဇီဝေချန်မိသားစု၏ တတိယသခင်လေးမျှသာ မဟုတ်တော့ဘဲ အနာဂတ်တွင် ဇီဝေကြယ်တာရာ၏ အရှင်သခင်ဖြစ်လာမည့်သူပင်။

နောက်တစ်ခဏတွင်

ဒုန်း ဒုန်း ဒုန်း ဒုန်း

ရွမ်မိသားစုဝင် အားလုံးမှာ ချန်ကျီရှင်း၏ ရှေ့တွင် တညီတညွတ်တည်း ဒူးတစ်ဖက် ထောက်လိုက်ကြတော့သည်။

"ကျွန်တော် ရွမ်ကျန့်လုံက တတိယသခင်လေးနဲ့ ဂုဏ်သရေရှိ အကြီးအကဲကြီးတို့ရဲ့ အသက်ကယ်ကျေးဇူးအတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ"

"ဒါမျိုးသာ မဟုတ်ခဲ့ရင် ဒီနေ့ ကျွန်တော်တို့ ရွမ်မိသားစုက မိသားစုလိုက် မျိုးပြုတ်သွားရမယ့် ဘေးဒုက္ခနဲ့ ရင်ဆိုင်ရတော့မှာပါ"

"ဒီနေ့ ကျွန်တော် ရွမ်ကျန့်လုံက ဒီနေရာကနေ သစ္စာဆိုပါတယ်... ဇီဝေချန်မိသားစု တည်ရှိနေသရွေ့ ရွမ်မိသားစုဝင် တစ်ယောက်ယောက် အသက်ရှင်ကျန်နေသရွေ့ ကျွန်တော်တို့က ဇီဝေချန်မိသားစုအပေါ် ထာဝရ သစ္စာရှိသွားမှာဖြစ်ပြီး၊ အသက်ပေး ကာကွယ်ပေးမယ့် ထောက်တိုင်တွေ ဖြစ်နေပါ့မယ်"

ထိုသို့ပြောပြီးနောက် ရွမ်ကျန့်လုံသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ချန်ကျီရှင်းကို အလွန်အမင်း ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။ ကျန်ရှိသော ရွမ်မိသားစုဝင်များကလည်း ထိုနည်းအတိုင်း လိုက်နာကြပြီး အားလုံး၏ မျက်နှာတွင် အလွန်တည်ကြည် လေးနက်သော အမူအရာများ ရှိနေကြ၏။

ဤအခိုက်အတန့်တွင် သူတို့သည် သူတို့၏ အသက်ကို ဇီဝေချန်မိသားစုထံသို့ လုံးဝ ပုံအပ်လိုက်ကြပြီ ဖြစ်သည်။ ၎င်းထဲတွင် ရွမ်နန်ကျူးလည်း အပါအဝင်ပင်။

လင်းဖုန်းအပေါ် သူမ ထားရှိခဲ့သော ခံစားချက်များမှာ လုံးဝကို ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် မျက်လွှာချကာ လက်ဖက်ရည် သောက်ရင်း တည်ငြိမ်စွာ စဉ်းစားနေသော ချန်ကျီရှင်းကို ကြည့်ရင်း သူမ၏ နှလုံးသားထဲတွင် ဖော်ပြရန် ခက်ခဲသော ခံစားချက်တစ်ခုမှာ တိုးဝင်လာခဲ့သည်။ ဤခံစားချက်မှာ ချစ်ခြင်းမေတ္တာမျိုးတော့ မဟုတ်သေးပေ။ ထိုအဆင့်အထိ မရောက်သေးသော်လည်း ၎င်းမှာ တစ်စုံတစ်ဦးကို အလွန်အမင်း အထင်ကြီးကာ လေးစားသွားခြင်းပင်။

"ကောင်းပြီ... ခင်ဗျားတို့ ပြောတာကို ငါ မှတ်ထားလိုက်မယ်"

ချန်ကျီရှင်းက ပြုံးလိုက်ပြီးနောက် မတ်တပ်ရပ်ကာ အပျင်းကြောဆန့်လိုက်သည်။

"ဒီနေ့တော့ တော်တော်ပင်ပန်းသွားပြီ ဒီလောက်နဲ့ပဲ နားကြစို့"

"ဟုတ်ကဲ့ပါခင်ဗျာ"

ရွမ်ကျန့်လုံမှာ ချက်ချင်း ထရပ်လိုက်ပြီး ချန်ကျီရှင်းကို အထူးပြင်ဆင်ထားသော အနားယူဆောင်သို့ ပို့ဆောင်ရန် တစ်ဦးတစ်ယောက်ကို အမြန်ခေါ်လိုက်တော့သည်။

သူတို့အားလုံး၏ စိတ်ထဲတွင် ချန်ကျီရှင်းက အကြောင်းပြချက် ပေးနေမှန်း သိသော်လည်းအမှန်တကယ်တွင်မူ သူသည် ယနေ့ လင်းဖုန်းဆီမှ လုယူခဲ့သော ထိပ်တန်း နတ်ဘုရားစွမ်းရည်သုံးခုကို အသေအချာ လေ့လာရန် စိတ်အားထက်သန်နေခြင်းပင်။

ဤထိပ်တန်း နတ်ဘုရားစွမ်းရည်သုံးခုမှာ သူ ထင်ထားသည်ထက်ပင် ပိုမို အစွမ်းထက်နေပုံပင်။

အခန်း။ ၇၀

ရွမ်မိသားစု၏ အစေခံဦးဆောင်မှုဖြင့် ချန်ကျီရှင်းသည် စင်္ကြံလမ်းများနှင့် မျှော်စင်များကို ဖြတ်ကျော်လာခဲ့ပြီးနောက် နောက်ဆုံးတွင် ဆိတ်ငြိမ်သော ဝန်းကျင်တစ်ခုရှိ အဆောင်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။

"တတိယသခင်လေး... ဒီမှာပဲ အနားယူနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော် အပြင်ဘက်မှာ ရှိနေပါ့မယ်။ တစ်ခုခု လိုအပ်တာရှိရင် အခန်းထဲက လူခေါ်ခေါင်းလောင်းကိုသာ ဆွဲလိုက်ပါ"

ရွမ်မိသားစု၏ အစေခံက ရိုသေစွာ ပြောကြားပြီးနောက် ဦးညွှတ်ကာ ဆုတ်ခွာသွားတော့သည်။

ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် အဆောင်၏ သစ်သားတံခါးကို တွန်းဖွင့်ကာ အတွင်းသို့ လှမ်းဝင်လိုက်၏။

အကြီးအကဲ မဟူရာကတော့ သူ၏ ဝါသနာအတိုင်း တစ်နေရာရာမှာ သွားရောက် ပျော်ပါးနေ၏။ အကြီးအကဲ မဟူရာ၏ အဆိုအရဆိုလျှင် “တစ်သက်လုံး ဇီဝေတောင်ကို စောင့်ရှောက်လာခဲ့ပြီးမှ အခုလို အချိန်မျိုးမှာ သူ အနည်းငယ်လောက် ပျော်ပါးခွင့် မရှိဘူးလား” ဟူ၍ပင်။ ချန်ကျီရှင်းမှာလည်း သက်ပြင်းသာ အသာချပြီး သူ့သဘောအတိုင်း လွှတ်ထားလိုက်ရတော့သည်။

ကျွီ...

ချန်ကျီရှင်းသည် တံခါးကို ပိတ်လိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းကာ စူးစမ်းထောက်လှမ်းမှုများကို ကာကွယ်ရန် မြူဆိုင်းအစီအရင်အချို့ကို ချလိုက်ပြီးမှ တင်ပျဉ်ခွေ ထိုင်လိုက်သည်။

ပထမဆုံးအနေနဲ့... နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်တဲ့ စွန့်ပစ်မျက်ဝန်းပဲ။

ချန်ကျီရှင်းက စိတ်ထဲမှ တိုးတိုးလေး ရွတ်ပြောလိုက်သည်။

ခဏချင်းအတွင်းမှာပင် ချန်ကျီရှင်း၏ မျက်ဝန်းအစုံအတွင်းသို့ မီးခိုးဖြူရောင် မြူခိုးများ ရုတ်တရက် တိုးဝင်လာပြီး သေခြင်းတရား၏ အရှိန်အဝါများမှာ သူ၏ မျက်ဝန်းများမှတစ်ဆင့် ချက်ချင်းပင် ပျံ့လွင့်ထွက်ပေါ်လာတော့သည်။

"သေခြင်းတရားရဲ့ စွမ်းအားလား"

ချန်ကျီရှင်းက အနည်းငယ် စဉ်းစားရင်း တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အပြင်ဘက်ရှိ ကုက္ကိုပင်များနှင့် မြက်ခင်းပြင်များမှာ မျက်ဝါးထင်ထင်ပင် ချက်ချင်း ညှိုးနွမ်းသွားကြ၏။ သူတို့၏ သက်စောင့်အားမာန်များမှာ အမျှင်တန်းလိုက် ထုတ်ယူခြင်း ခံလိုက်ရသည်။

သို့သော် ချန်ကျီရှင်းသည် ဤနတ်ဘုရားစွမ်းရည်၏ စွမ်းအား တစ်ထောင်ပုံ တစ်ပုံလောက်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ မျက်ဝန်းအတွင်းရှိ မီးခိုးဖြူရောင် မြူခိုးများကို အပြည့်အဝ ထုတ်သုံးလိုက်မည်ဆိုပါက ဝူရွှမ်းမြို့၏ တစ်ဝက်ခန့်မှာ စက္ကန့်ပိုင်းအတွင်း သေခြင်းတရား လွှမ်းမိုးရာ အရပ်ဖြစ်သွားမည်ကို သူ စိုးရိမ်မိသည်။

သူ၏ အကြည့်ရောက်ရာ အရပ်တိုင်းမှာ အရာအားလုံးက ဖျက်ဆီးခြင်း ခံရပေလိမ့်မည်။

"ဒီလောက် အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည်ကို လင်းဖုန်းက အဲဒီလိုမျိုးပဲ သုံးခဲ့တာလား... တကယ်ကို အလဟဿ ဖြစ်စေတာပဲ"

ချန်ကျီရှင်းက ခေါင်းခါယမ်းလိုက်ပြီးနောက် သူ၏ မျက်ဝန်းအတွင်းမှ မီးခိုးဖြူရောင် မြူခိုးများကို ဒီရေအလား ဖြည်းဖြည်းချင်း ပြန်လည် ရုပ်သိမ်းလိုက်တော့သည်။

"ဒုတိယမြောက် နတ်ဘုရားစွမ်းရည် လက်ဝါးမိုးကြိုးအကျဉ်းထောင်"

ချန်ကျီရှင်းသည် သူ၏စိတ်ထဲတွင် ပေါ်လာသော နတ်ဘုရားစွမ်းအား လမ်းညွှန်မြေပုံအတိုင်း ဒုတိယမြောက် စွမ်းရည်ကို တိတ်တဆိတ် စတင်လည်ပတ်လိုက်သည်။

ဝုန်းးးး

ရုတ်တရက်ဆိုသလို မိုးခြိမ်းသံကြီးမှာ ဟိန်းခနဲ ထွက်ပေါ်လာတော့သည်။ ကောင်းကင်ဘုံ၏ စည်တော်ကြီးများကို တီးခတ်လိုက်သကဲ့သို့ အခန်းတွင်း လေထုထဲတွင် မိုးခြိမ်းသံများ ပေါက်ကွဲသွား၏။

ချန်ကျီရှင်းသည် သူ၏ ညာဘက်လက်ဝါးကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ သူ၏ ဖြူဖွေးသော လက်ဖဝါးပေါ်တွင် အဆမတန် သေးငယ်အောင် ချုံ့ထားသော မိုးကြိုးလျှပ်စီးတန်းပေါင်း မြောက်မြားစွာမှာ ဟင်းလင်းပြင်ထဲ၌ အဆက်မပြတ် ပေါက်ကွဲနေကြသည်။ ငွေရောင်မြွေနဂါးများ သောင်းကျန်းနေသကဲ့သို့ နတ်ဘုရားမိုးကြိုးများမှာ ဖျက်ဆီးလိုစိတ် ပြင်းပြစွာဖြင့် လှုပ်ရှားနေကြ၏။

ထိုတောက်ပလှသော လျှပ်စီးအလင်းရောင်မှာ ချန်ကျီရှင်း၏ မျက်နှာပေါ် ထင်ဟပ်နေပြီး သူ၏မျက်နှာကို ပို၍ပင် ဖြူဖျော့သွားစေသည်။ ချန်ကျီရှင်း၏ မျက်ဝန်းများထဲတွင် ကျေနပ်အားရသည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

ဤစွမ်းအားကို အဆပေါင်း ထောင်ချီ၍ ချုံ့ထားသော်လည်း ဤနည်းစနစ်အတွင်း ကိန်းအောင်းနေသော ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေးစွမ်းအားကို ချန်ကျီရှင်း အထင်အရှား ခံစားနေရသည်။ အကယ်၍သာ ၎င်းကို အပြည့်အဝ အသက်သွင်းလိုက်မည်ဆိုပါက မီတာတစ်ရာအတွင်းရှိ နယ်မြေအားလုံးမှာ ကြောက်မက်ဖွယ်ရာ မိုးကြိုးအိုင်ကြီးအဖြစ် ပြောင်းလဲသွားပြီး အရာအားလုံးကို ပြာဖြစ်သွားစေမည်မှာ သေချာလှသည်။

ရွှမ်ယင်ဆရာသခင်ကဲ့သို့ စစ်မှန်သော ကိုယ်ပိုင်နယ်ပယ် ပညာရှင်တစ်ဦးပင် ဤမိုးကြိုးအိုင်ထဲသို့ ဆွဲသွင်းခံရပါက စက္ကန့်ပိုင်းအတွင်း အမှုန့်ဖြစ်သွားပေလိမ့်မည်။

ချန်ကျီရှင်းသည် ဤစွမ်းအားကို စက္ကန့်အနည်းငယ်မျှသာ အသက်သွင်းခဲ့သော်လည်း သူ၏ ဝိညာဉ်စွမ်းအင်များ သိသိသာသာ လျော့ပါးသွားသည်ကို ခံစားလိုက်ရသည်။ သူက လက်ငါးချောင်းကို အသာအယာ ဆုပ်လိုက်သောအခါ လက်ဖဝါးပေါ်မှ မိုးကြိုးအကျဉ်းထောင်မှာ ဘာမှမရှိခဲ့သလို ပျောက်ကွယ်သွားတော့သည်။

"ဒါကတော့ တကယ့်ကို သတ်ဖြတ်ရေး နတ်ဘုရားစွမ်းရည်ပဲ။ ငါပိုင်ဆိုင်သမျှထဲမှာ အားအကောင်းဆုံးပဲ"

ချန်ကျီရှင်း၏ နှလုံးသားမှာ တဒိတ်ဒိတ်တုန်အောင် ခုန်နေမိသည်။ သူ၏ ကောင်းကင်နှင့်

မြေပြင် ဓမ္မရုပ်သွင်ကို မသုံးဘဲနှင့်ပင် ဤနည်းစနစ်သည် သူ၏ အားအကောင်းဆုံး လျှို့ဝှက်

လက်နက် ဖြစ်လာပေလိမ့်မည်။

တတိယမြောက် နတ်ဘုရားစွမ်းရည်ဖြစ်သော မြေလျှိုးခြေလှမ်းကိုမူ ချန်ကျီရှင်း စမ်းသပ်မနေတော့ပေ။ ဤသည်မှာ ရှားပါးလှသော ကိုယ်ဟန်ပြောင်းလဲမှု နတ်ဘုရားစွမ်းအားဖြစ်ပြီး သူ၏ ယခင်ဘဝက ဒဏ္ဍာရီလာ မြေလျှိုးခြင်းနည်းစနစ်နှင့် အတော်လေး ဆင်တူလှသည်။

ဤနည်းစနစ်သည် ချန်ကျီရှင်း၏ နောက်ဆုံးအားနည်းချက်ဖြစ်သော အရှိန်ကို အပြည့်အဝ ဖြည့်ဆည်းပေးလိုက်ခြင်းပင်။

ယခုအချိန်တွင်...

ချန်ကျီရှင်း၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား၊ စိတ်စွမ်းအင်၊ ကိုယ်ဟန်အရှိန်အဝါ၊ နတ်ဘုရားစွမ်းရည် စွမ်းအား စသည်တို့မှာ အဘက်ဘက်မှ အပြည့်အစုံဆုံး အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

"ငါ အခုဆိုရင် အဘက်ဘက်က ပြည့်စုံတဲ့ ခြောက်ထောင့်ပုံ စစ်သည်တော်တစ်ယောက် ဖြစ်သွားပြီလား"

ချန်ကျီရှင်းက အသာအယာ ပြုံးလိုက်မိပြီး ရှားရှားပါးပါး ကျေနပ်မှုကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ ရှေ့ဆက်ရမည့် တာအိုမှာလည်း မှန်ကန်ကာ ကြည်လင်နေပြီ ဖြစ်သည်။

"နောက်ထပ် ငါ ကောင်းကင်မြစ်တောင်ကို သွားမယ်။ အဲဒီမှာရှိတဲ့ ရှေးဟောင်းဓားနတ်ဘုရားရဲ့ အမွေအနှစ်နေရာကို ရှာပြီး ဓားနတ်ဘုရားရဲ့ အမွေအနှစ်ကို အရယူရမယ်"

ချန်ကျီရှင်းက တိုးတိုးလေး ရေရွတ်လိုက်၏။ သူ၏ မျက်ဝန်းများမှာလည်း ပြတ်သားနေသည်။ ကောင်းကင်ဘုံရွေးချယ်ထားသည့် ဇာတ်ဆောင်ကို သတ်ဖြတ်ပြီးပြီဖြစ်သောကြောင့် ရွမ်မိသားစုမှာ ဆက်နေဖို့ အကြောင်းပြချက် မရှိတော့ပေ။ မနက်ဖြန် ကောင်းကင်မြစ်တောင်ကို ထွက်ခွာဖို့က အချိန်ကိုက်ပင်။

မထင်မှတ်ထားသည့်အရာများ ဖြစ်မလာခဲ့လျှင် ချန်ကျီရှင်းသည် ဓားတာအိုကို သူ၏ ဒုတိယမြောက် မဟာတာအိုအဖြစ် ပြောင်းလဲကာ ဓားတာအိုမျိုးစေ့တစ်ခုကို ဖန်တီးရန် စီစဉ်ထားပြီးဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရဲချန်ကို အနိုင်ယူစဉ်က ရရှိခဲ့သည့် အဆင့်မြင့် ဓားတာအိုပါရမီကိုမူ အလဟဿ အဖြစ်မခံနိုင်ပေ။

"ဆောင်းဦးရဲ့ အအေးဓာတ်ကတော့ လာနေပြီပဲ…."

ချန်ကျီရှင်းက ပျင်းရိစွာ အပျင်းကြောဆန့်လိုက်ပြီးနောက် နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။

တစ်ချိန်တည်းမှာပင် ရွမ်အိမ်တော်အတွင်းရှိ အိပ်ဆောင်တစ်ခု၌။

ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်သော မျက်ဝန်းများနှင့် ဝေးကွာသော တောင်တန်းများအလား လှပသည့် မျက်ခုံးအစုံကို ပိုင်ဆိုင်ထားသော အနှိုင်းမဲ့အလှလေးတစ်ဦးသည် စောင်ပုံထဲ၌ စိုးရိမ်တကြီးဖြင့် ကွေးနေရှာသည်။ သူမသည် ရံဖန်ရံခါ စောင်ကို မျက်လုံးအထိ ဆွဲတငလိုက် တံခါးဝကို လှမ်းကြည့်လိုက်နှင့် ဂနာမငြိမ် ဖြစ်နေတော့သည်။

မလာပါစေနဲ့... မလာပါစေနဲ့... မလာပါစေနဲ့...

သူမသည် စိတ်ထဲမှနေ၍ ဂါထာမန္တန် ရွတ်ဆိုနေသကဲ့သို့ ထပ်ခါတလဲလဲ ဆုတောင်းနေမိသည်။ သို့သော် သန်းခေါင်ယံအချိန်အထိ တံခါးဝဆီမှ မည်သည့်လှုပ်ရှားမှုမျှ ထွက်ပေါ်မလာခဲ့ပေ။

“သူ တကယ်ပဲ မလာဘူးလား”

ရွမ်နန်ကျူးသည် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီး စိတ်သက်သာရာ ရသွားသော်လည်း ရင်ထဲ၌မူ တစ်မျိုးတစ်မည် ခံစားနေရသည်။ ၎င်းမှာ စိတ်ပျက်ခြင်းမျိုးတော့ မဟုတ်သော်လည်း ရင်ထဲမှ အလေးကြီးတစ်ခု လွတ်ကျသွားသကဲ့သို့သော ခံစားချက်နှင့်အတူ “သူကတော့ အလကား ပြောလိုက်တာကို ငါကတော့ အတည်ကြီး မှတ်နေမိတယ်” ဆိုသည့် ခံစားချက်မျိုးပင်။

"ဒါပေါ့လေ... သူက ထာရရှင်သန်ခြင်းမျိုးနွယ်စုရဲ့ တရားဝင် အမွေခံ သခင်လေးပဲ။ ငါက ဘာမို့လို့လဲ"

"ဒီနေ့ သူလုပ်ခဲ့သမျှက ဟန်ဆောင်ကစားပြနေတာ သိသာနေတာပဲ"

"သူ့လို လူမျိုးကတော့ ကျင့်ကြံခြင်းနဲ့ မိသားစု အကျိုးစီးပွားကိုပဲ အာရုံစိုက်နေမှာပေါ့ ဟုတ်တယ်မလား"

"တောက် မြူဆွယ်ပြီးတော့ ပစ်ထားခဲ့တာပဲ။ စာအုပ်တွေထဲက ဖော်ပြထားတဲ့ ကောင်လေးတွေလို ကစားသမားမျိုးပေါ့ ဟုတ်လား"

ရွမ်နန်ကျူးခမျာ တစ်ညလုံး ထိုကဲ့သို့သော အတွေးစုံများဖြင့် လုံးချာလိုက်နေခဲ့သည်။

"အားးး စိတ်တိုစရာကြီး လုံးဝ အိပ်လို့မရဘူး"

ရွမ်နန်ကျူးသည် ကုတင်ပေါ်တွင် ထထိုင်လိုက်ပြီး သူမ၏ ဆံနွယ်များကို ငှက်သိုက်သဏ္ဌာန် ဖြစ်သွားသည်အထိ ကုတ်ဖဲ့လိုက်မိသည်။

အင်း... သူမ၏ စိတ်အစုံမှာ လုံးဝကို ရှုပ်ထွေးနေတော့သည်။

...

...

နောက်တစ်နေ့ အရုဏ်တက်ချိန်၌ ရွမ်ကျန့်လုံသည် နံနက်ခင်း စားသောက်ပွဲကြီးကို စောစောစီးစီး ပြင်ဆင်ထားခဲ့သည်။

ရွမ်နန်ကျူးတစ်ယောက် ညအိပ်ဝတ်စုံကြီးနှင့် ဖရိုဖရဲဖြစ်နေသော ဆံနွယ်ငှက်သိုက်ကြီးနှင့် အခန်းတံခါးကို ဖွင့်လိုက်ချိန်တွင် သူမကို လာခေါ်သော ရွမ်ကတော်နှင့် ပက်ပင်းတိုးတော့သည်။

"နိုးပြီလား... အို ညက ဘာတွေလုပ်နေလို့ ဒီလောက်တောင် လူက နွမ်းနယ်နေရတာလဲ သမီးရဲ့" ရွမ်ကတော်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး"

ရွမ်နန်ကျူးက စိတ်မပါလက်မပါ ပြန်ဖြေလိုက်၏။

ရွမ်ကတော်က ရွမ်နန်ကျူး၏ ပုံစံကို ကြည့်ကာ လူကဲခတ်ညက်သူပီပီ အခြေအနေအားလုံးကို ချက်ချင်း ရိပ်မိသွားသည်။

"ဒါ... တတိယသခင်လေးကြောင့်လား"

ရွမ်ကတော်က စူးစမ်းသောလေသံဖြင့် မေးလိုက်သည်။

အစက စိတ်ပျက်လက်ပျက် ဖြစ်နေသော ရွမ်နန်ကျူးမှာ တတိယသခင်လေး ဟူသော အသံကြားသည်နှင့် ထိတ်လန့်သွားသော ယုန်ကလေးတစ်ကောင်လို ချက်ချင်းပင် အမူအရာပျက်သွားပြီး ပြန်လည် တုံ့ပြန်တော့သည်။

"မဟုတ်ဘူးနော် တကယ်မဟုတ်ပါဘူး။ အမေကလည်း လျှောက်ပြောနေတာပဲ"

ဤတုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ရွမ်ကတော်က ပါးစပ်လေးပိတ်ကာ ခိုးရယ်လိုက်ပြီး "အမေက မေးကြည့်ရုံတင်ပါ။ သမီးက ဘာလို့ ဒီလောက်တောင် တုံ့ပြန်မှု ပြင်းထန်နေရတာလဲ"

"ဘယ်သူက တုံ့ပြန်မှု ပြင်းထန်လို့လဲ သမီးက သာမန်အတိုင်းပဲ ပြန်ပြောတာလေ ဟုတ်တယ်မလား"

ရွမ်နန်ကျူးက ရင်ကိုကော့ကာ မခံချင်စိတ်ဖြင့် ပြန်ပြောလိုက်သည်။

"အေးပါ... အေးပါ... သမီးရယ်။ အမေကပဲ အပိုတွေ မေးမိတာ ဟုတ်ပြီလား"

ရွမ်ကတော်က သူမ၏သမီးကို စနောက်လိုသော မျက်ဝန်းများဖြင့် ကြည့်ကာ လေသံကို လျှော့ပြီး အလေးအနက် ဆက်ပြောလိုက်သည်။

"အမေ တစ်ခုတော့ ပြောမယ်။ တတိယသခင်လေးလို လူမျိုးက တစ်ကိုယ်ရေ သံယောဇဉ်တွေပေါ်မှာပဲ အာရုံစိုက်နေမယ့်သူ မဟုတ်ဘူး။ သမီးရဲ့ဘေးမှာ နေ့တိုင်း ဝဲလည်နေတဲ့ လင်းဖုန်းလို လူမျိုးနဲ့ လုံးဝမတူဘူး။ ဒါကြောင့် သမီးကိုယ်တိုင်ပဲ သေချာ စဉ်းစားရမယ်"

"သမီးလည်း မငယ်တော့ဘူး။ ကိုယ့်အနာဂတ်အတွက် ကိုယ့်မှာ ရှင်းလင်းတဲ့ အစီအစဉ် ရှိရမယ်"

"အကယ်၍ သမီးဘက်က ဘာစိတ်ကူးမှ မရှိဘူးဆိုရင်လည်း အစောကတည်းက စိတ်ဖြတ်

လိုက်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် သမီးပဲ စိတ်ပင်ပန်းပြီး အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေထဲမှာ နစ်မွန်းနေလိမ့်မယ်"

"ဒါပေမဲ့ တကယ်လို့ သမီးမှာ စိတ်ကူးရှိတယ်ဆိုရင်တော့... ဖုံးကွယ်မနေနဲ့ နောက်ဆုတ်မနေနဲ့ရဲရဲဝံ့ဝံ့ပဲ ရှေ့ဆက်လိုက်တော့....."

ဤနေရာသို့ ရောက်သောအခါ ရွမ်ကတော်က စကားကို ခေတ္တရပ်လိုက်ပြီး ရွမ်နန်ကျူး၏ ဖရိုဖရဲဖြစ်နေသော ဆံနွယ်များကို အသာအယာ သပ်တင်ပေးလိုက်ကာ ပြုံးလျက် ဆက်ပြောလိုက်သည်

"တတိယသခင်လေးက မြင့်မြတ်ပြီး အနာဂတ်မှာ တောက်ပမယ့်သူဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ငါ့သမီးကရော အားနည်းလို့လား သတိရစမ်းပါ... သမီးဟာ ယိုကျိုးနယ်မြေတစ်ခုလုံးမှာ အသက်အငယ်ဆုံးနဲ့ ကြည်လင်ခြင်းနယ်ပယ်ကို ရောက်ရှိခဲ့တဲ့ ပါရမီရှင်တစ်ယောက်ပဲ"

ရွမ်နန်ကျူးက ဘာမှပြန်မပြောသော်လည်း သူမ၏ မျက်ဝန်းထဲတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ပေါ်လာသည်။

"ကဲ... မြန်မြန်ပြင်ဆင်ပြီး ခန်းမဆောင်ကို သွားတော့။ တတိယသခင်လေးက ထွက်ခွာဖို့ ပြင်ဆင်နေပြီ။ သူ့ကို နှုတ်ဆက်တဲ့အခါ ဒီလိုပုံစံကြီးနဲ့ သွားတွေ့လို့ မဖြစ်ဘူးလေ"

ရွမ်ကတော်က ပြုံးကာ အကြံပေးလိုက်သည်။

"အမေကလည်း ပေါက်ကရတွေ... ဘာ သူက အခုပဲ ထွက်သွားတော့မှာလား"

ရွမ်ကတော်၏ စကားများကို ပြန်ပြောရန် ပြင်နေစဉ်မှာပင် ထွက်ခွာတော့မည် ဟူသော စကားကြောင့် ရွမ်နန်ကျူးခမျာ ဆွံ့အသွားရပြီး သူမ၏ လှပသော မျက်နှာလေးမှာ ခေတ္တမျှ ကြောင်တောင်တောင် ဖြစ်သွားတော့သည်။

All Chapters