← Chapters

တကယ်လို့ ငါသာ နောင်တရမိရင် ငါက ခွေးမသားပဲကွ

Vol. 6-10 Ch. 100

တကယ်လို့ ငါသာ နောင်တရမိရင် ငါက ခွေးမသားပဲကွ

Vol. 6-10 Ch. 100

အခန်း (၁၀၀) : တကယ်လို့ ငါသာ နောင်တရမိရင် ငါက ခွေးမသားပဲကွ

လီယွင်ဖုန်း ပုံစံက စိတ်ရင်းမှန်နှင့် ပြောနေဟန် ပေါ်သော်လည်း လူစုက အချင်းချင်း အကြည့်ချင်း ဖလှယ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

ဆရာကောင်းကင် အကြောင်း သူများတွေကို ပြောပြရန် သိပ်မသင့်တော်ဘူးဟု သူတို့ ခံစားမိကြသည်။

သို့ပေမဲ့ ဂိုဏ်းတူအစ်ကို လီယွင်ဖုန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ အကြောင်း အတွင်းရေး၊ အပြင်ရေး၊ ဘာဆိုဘာမှ ထိန်ချန်ထားခြင်း မရှိဘဲ ရှင်းပြခဲ့သည် မဟုတ်ပါလော။

လီယွင်ဖုန်းကို ကြည့်ရသည်မှာ ဆရာကောင်းကင်နှင့် သူတော်စင်မတို့ ကြားက ဆက်ဆံရေးကို အတော်လေး သိချင်နေပုံ ပေါ်၏။ ထို့အပြင် သူက တခြားတစ်ယောက်ကို လုံးဝ မပြောပြပါဘူးဟုလည်း အာမခံထားသေးသည်။

ထို့ကြောင့် ဒီလို ကိစ္စသေးသေးလေးတောင် ထုတ်မပြောပြချင်ပါက သူတို့တွေ ကျေးဇူးမသိတတ်ရာ ကျလိမ့်မည် မဟုတ်ပေဘူးလား။

“ဂိုဏ်းတူအစ်ကို… စိတ်အေးအေးထားပါဗျာ။ ခင်ဗျားကို အကြောင်းမပြန်ခင် ကျုပ်တို့အချင်းချင်း အရင် ဆွေးနွေးပါရစေဦး”

လျှိုထိုက်ယီက သူ့လက်ထဲမှာ ကျောက်စိမ်းပေလွှာကို တစ်ချက် ကြည့်လိုက်သောအခါ အကြံတစ်ခု ရသွားသည်။ သူက အားလုံးကို ဘေးသို့ ဆွဲခေါ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏ “ကျုပ်ထင်တာတော့ ကျုပ်တို့ သူ့ကို ပြောပြလို့ ရမယ်နဲ့ တူတယ်။ ဆရာကောင်းကင်က အထွတ်အမြတ်မြေထဲ ဝင်ပြီးသွားရင် သူတော်စင် ဖြစ်လာမှာလေ။ လူတွေ အများကြီးက ဆရာ့ကို ဒီရာထူးနဲ့ မထိုက်တန်ဘူးလို့ စိတ်ထဲမှာ တွေးနေကြမှာ ပုံမှန်ပဲ မဟုတ်လား။

ဂိုဏ်းတူအစ်ကိုလီက ဟောက်ရန်တောင်ရဲ့ ပင်မတပည့်ဆိုတော့ သာမန်မဟုတ်တဲ့ ရာထူးမျိုး ရှိနေတယ်။ ပြီးတော့ သူက ဆရာကောင်းကင် အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်လည်း ရှိမနေပြန်ဘူး။ တကယ်လို့ ကျုပ်တို့သာ ဆရာကောင်းကင်ရဲ့ အကြိုက်တွေ သူ့ကို ပြောပြလိုက်ရင် အဲဒါက သူတို့နှစ်ယောက်ကို မိတ်ဆွေတွေ ဖြစ်အောင် လုပ်ရင်လုပ်ပေးနိုင်မှာဗျ”

သူဌေးစုန့်က မျက်မှောင်ကြုတ်ကာ “ဒါပေမဲ့… ဆရာကောင်းကင်က စိတ်ကျေနပ်ပါ့မလား”

လျှိုထိုက်ယီက ဂုဏ်ယူစွာ ပြုံးလိုက်သည် “အစ်ကိုစုန့် မသိသေးဘူးလား… ဆရာကောင်းကင်က သူ့ကိုယ်သူ ကောင်းကင်ဘုံနဲ့တောင် ခိုင်းနှုန်းသတ်မှတ်ထားတာလေ။ ဆရာက ရဲရင့်ပြီး လွတ်လပ်ပွင့်လင်းတယ်။ ဒီလိုကိစ္စလေးကြောင့်နဲ့ ဘယ်လိုလုပ် စိတ်မကျေနပ်ဘဲ နေမှာလဲ ဆရာက...

ကျုပ်အမြင်အရတော့ အထွတ်အမြတ်မြေထဲက တပည့်တော်တော်များများက ဆရာကောင်းကင် အကြောင်း မသိကြသေးဘူး။ ဆရာကောင်းကင်ရဲ့ ရာထူးနဲ့ ပတ်သက်ပြီးလည်း ကျေနပ်ကြမှာ မဟုတ်လောက်ဘူး။

ဒီလိုအခြေအနေမျိုးမှာ ကျုပ်တို့တွေက အလုပ်ပိုကြိုးစားပြီးတော့ ဆရာ့ရဲ့ ကောင်းကျိုးဆောင်မှုတွေကို လူအများသိအောင် ချပြပြီး ဆရာကောင်းကင်ကို ကူညီရမှာလေ။ ဒါမှ ဆရာ့အပေါ် သူတို့တွေ အထင်ကြီးလေးစားလာမှာပေါ့”

လျှိုကျစ်ကျား ကြည့်ရတာ အတွေးနက်နေဟန် ရှိသည် “အစ်ကိုထိုက်ယီ ပြောတာ အဓိပ္ပာယ်ရှိတယ်ဗျ။ ကျုပ် သူ ပြောတာ သဘောတူတယ်”

ရှုန်းမုန့်က လီယွင်ဖုန်းကို တစ်ချက် ကြည့်ကာ “ကျုပ်လည်း သဘောတူတယ်။ သူက လူဆိုးဖြစ်မယ်လို့ ကျုပ်တော့ မထင်ဘူး”

သူဌေးစုန့်က အင်တင်တင်ဖြင့် မေးလိုက်သည် “အစ်ကိုကွေ့၊ အစ်ကိုကောင်း… ခင်ဗျားတို့ရော ဘယ်လိုထင်သလဲ”

ကွေ့ကုန်းကုန်းက လီယွင်ဖုန်းက သေသေချာချာ စိုက်ကြည့်လိုက်ပြီးမှ “နန်းတွင်းထဲမှာ နှစ်ပေါင်းများစွာ နေလာတဲ့ ကျုပ်ရဲ့ အတွေ့အကြုံအရ ဒီပုဂ္ဂိုလ်ကို ကြည့်ရတာ ကောက်ကျစ်စဉ်းလဲတတ်တဲ့ လူမျိုး ဟုတ်ပုံ မပေါ်ဘူး။

ဒါပေမဲ့ ကျုပ်တို့တွေ သူများတွေကို ဒုက္ခမပေးသင့်သလို သူများတွေ လာပြီး ဒုက္ခပေးမှာကိုလည်း သတိထား ကာကွယ်ဖို့ လိုတယ်။ ကျုပ်တို့ အရှင့်သားရဲ့ လျို့ဝှက်ချက်တွေကိုတော့ လုံးဝ ထုတ်ပြောလို့ မဖြစ်ဘူး”

လျှိုထိုက်ယီက အနည်းငယ် ကြောင်အမ်းသွားကာ “ဆရာကောင်းကင်ရဲ့ လျို့ဝှက်ချက်တွေ… ဆရာကောင်းကင်မှာ လျို့ဝှက်ချက် ကြီးကြီးမားမား ရှိလို့လားဗျ”

လျှိုထိုက်ယီ၏ မေးခွန်းကြောင့် ကွေ့ကုန်းကုန်းကလည်း ကြောင်အမ်းသွားသည်။ ထိုအတွက် သူ့မှာ အဖြေ အတိအကျ မရှိပါချေ။

ကြည့်ရတာ မင်းသားလေး နန်းတွင်းကနေ ထွက်လာကတည်းက လုပ်သမျှ အကုန်လုံးက အရှင်းသား မြင်သာနေတာတွေချည်းပဲ။ တိတိကျကျ ပြောရရင် မင်းသားလေးဆီမှာ သူ့လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လျို့ဝှက်ချက် ကြီးကြီးမားမား ဘာတစ်ခုမှ မရှိဘူးနဲ့ တူတယ်။

ထိုသို့တွေးမိပါမှ ကွေ့ကုန်းကုန်းက စိတ်အေးသွားကာ သက်ပြင်းမောကြီး ချလိုက်လေ၏။ ထို့နောက် သူက လျှိုထိုက်ယီတို့တတွေကို လီယွင်ဖုန်းနှင့် ဆက်စကားပြောဖို့ ခွင့်ပြုလိုက်သည်။

………………………

“ဘာ… သူတော်စင်က ဝိညာဉ်သတ္တုရိုင်းတုံး အကဲဖြတ်ရာမှာ အရမ်း ကျွမ်းတာပဲလား… သူ ရွေးလိုက်တဲ့ သတ္တုရိုင်းတုံးတွေက တစ်ခုမှ အလွတ်မဟုတ်ဘူး ဟုတ်လား…

ဘာ… လီလျန်အာရဲ့ နတ်ဘူးသီးစေ့ ထွက်လာတဲ့ သတ္တုရိုင်းတုံးကိုလည်း သူတော်စင် ရွေးပေးခဲ့တာပဲလား…

ဘာ… ယာဉ်ပျံပေါ်မှာတုန်းက သူတော်စင်က သူတော်စင်မနဲ့ နှစ်ကိုယ်တူ ကျင့်ကြံနေကြတယ် ဟုတ်လား…

လခွမ်း… တကယ့် သတင်းကြီးတွေပဲ။ တချို့သတင်းတွေကို ခင်ဗျားတို့တွေ ဒီလိုကြီး ထုတ်မပြောသင့်ဘူးလေ။ အထူးသဖြင့် သူတော်စင်နဲ့ သူတော်စင်မတို့ နှစ်ကိုယ်တူ ကျင့်ကြံတဲ့ အပိုင်းပေါ့။ ဒီသတင်း လုံးဝ ပျံ့သွားလို့ မဖြစ်ဘူးဗျ။

ခင်ဗျားတို့ မသိလို့ရယ်… ဂိုဏ်းတူအစ်ကို ဖန်ချန်းက ဂိုဏ်းတူအစ်မ ယွင်ရှီးကို စွဲလမ်းရူးသွပ်နေတာ။ အင်း… ပြောရရင်တော့ တစ်ဖက်သတ်အချစ်ပေါ့ဗျာ။ တကယ်လို့ သူနဲ့ ဂိုဏ်းတူအစ်ကိုနှစ်တို့ ဂူပိတ်ကျင့်ကြံတာ ပြီးသွားလို့ ထွက်လာခဲ့ရင်… ဒီသတင်းတွေသာ ကြားသွားရင် သူ သေချာပေါက် ဒေါသထွက်လွန်းလို့ ရူးသွားလောက်တယ်ဗျ။

စိတ်တော့ မပူနဲ့။ ခင်ဗျားတို့တွေ ဒီကိစ္စကို လျှောက်မဖြန့်သရွေ့ ကျွန်တော်က ဒီလျို့ဝှက်ချက်ကို သေသည်အထိ အုတ်ဂူထဲ ယူသွားမှာပါ။

ကဲပါ… ဂိုဏ်းတူညီလေးတွေနဲ့ စကားစမြည်ပြောရတာ ပျော်စရာကောင်းပါပေ့ဗျာ။ ဒါဆို ကျွန်တော်လည်း သွားလိုက်ပါဦးမယ်။ ဂိုဏ်းတူညီလေးတို့ကို ကျွန်တော့်ဟောက်ရန်တောင်ဆီ နောင်ကျရင် လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ ခင်ဗျားတို့ သိချင်တာ ရှိရင်လည်း ဘာမှ စိတ်မပူပါနဲ့။ ကျွန်တော့်ကိုသာ လာရှာလှည့်ပါ။

ကျွန်တော်က အံ့ဖွယ်မိုးကောင်းကင် အားလုံးသိ လေ။ ကျွန်တော့်ကို မေးလာရင် ကျွန်တော်က ကျွန်တော်သိသမျှ အကုန်လုံးကို သေချာပေါက် ခင်ဗျားတို့ကို ပြောပြပါ့မယ်”

သူသိချင်တာတွေ သိပြီးသည့်နောက် ထွက်ခွာသွားသော လီယွင်ဖုန်းကို ကြည့်နေရင်း ကွေ့ကုန်းကုန်း၏ မျက်နှာမှာ တည်ကြည်လေးနက်သွား၏။ သူက တစ်ခုခုတော့ မှားနေတယ် ဆိုသည့် ခံစားချက်မျိုးကို ရနေလေသည်။

တစ်ချိန်တည်းမှာပဲ အထွတ်အမြတ်မြေ ဂိုဏ်းချုပ် စံအိမ်တော်၏ တခြားတစ်ဖက်၌…

တံခါးမကြီးက ဖြည်းဖြည်းချင်း ပွင့်လာသည်။ ရှန်ထျန်းက စံအိမ်တော်ထဲ ဝင်သွားလိုက်သည်။ သူက စံအိမ်တော်၏ တစ်ဖက်တစ်ချက်ရှိ နတ်သားရဲ မိုးကြိုးတိုင်လုံးများကို ကြည့်ကာ ခန္ဓာကိုယ်အနှံ့ ကျေနပ်သာယာမှု ခံစားချက်တစ်ခုကို ခံစားလို့ ရလိုက်သည်။

ထိုဟာက ယင်ယန်ဓာတ်နှော မူလနတ်မိုးကြိုးက သူ့သွေးသားရင်းချာနှင့် လာတွေ့နေသည့်အလား ဖြစ်နေသည်။

ဤသည်မှာ အမှန် ဖြစ်သည်။ အကြောင်းမှာ ဓာတ်နှောနတ်မိုးကြိုးက ယင်နှင့်ယန်ဓာတ်တို့ ပေါင်းစပ် ရောနှောထားသည့် နတ်မိုးကြိုးမှ ရရှိလာသည့် ထွက်ကုန်ဖြစ်သောကြောင့် ဖြစ်သည်။ သဘာဝ ယင်ယန်ဓာတ်နှော မူလနတ်မိုးကြိုးကတော့ အကောင်းဆုံး ဖြစ်လေ၏။

စိတ်လှုပ်ရှားမှုတို့ကို ပြေပျောက်စေရန် အလိုငှာ အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီးနောက် စံအိမ်တော် အလယ်ရှိ ခမ်းနားမြင့်မြတ်လှသော လူရိပ်ကြီးအား ရှန်ထျန်း လှမ်းကြည့်လိုက်သည်။

စံအိမ်တော် အလယ်ရှိ ပလ္လင်ထက်တွင် အမျိုးသား တစ်ဦးက မတ်မတ် ထိုင်နေသည်။ သူ့တစ်ကိုယ်လုံးကို မိုးကြိုးများ ဝန်းရံနေကာ အတွင်းအားနှင့် စွမ်းအင်သဘာဝလှိုင်းတို့ကို ထုတ်လွှင့်နေလေ၏။

ထိုအမျိုးသားသည် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂိုဏ်းချုပ်၊ ကျန်းလုံယွမ် ဖြစ်ကြောင်း ရှန်ထျန်း သိသည်။ ကောလဟာလများတွင် သူသည်ကား အတိဒုက္ခလွန် အဆင့်ကို ရောက်နေသည့် အားကောင်းသော တည်ရှိမှု တစ်ခု ဟု ဆိုကြသည်။

ပိုပြီး အရေးပါသည်မှာ ဂိုဏ်းချုပ်ခေါင်းပေါ်မှ ရောင်ဝါစက်ဝန်း ဖြစ်သည်။ ထိုစက်ဝန်းက ရွှေရောင်သန့်သန့် ရောင်ဝါစက်ဝန်း တစ်ခု ဖြစ်နေ၏။

အမည်းကွက်တွေ ပါနေသည့် အဖြူရောင် ဖြစ်သော တာအိုကိုယ်တော်၏ ရောင်ဝါစက်ဝန်းနှင့် ယှဉ်လိုက်ပါက မိုးနှင့်မြေအလား ကွာနေပေသည်။

ရာထူးအဆင့်အတန်း၊ ရုပ်ရည်သွင်ပြင်၊ ငွေကြေးဥစ္စာ၊ ရောင်ဝါစက်ဝန်း၏ အရောင် သို့မဟုတ် သမီး… ဘယ်အရာမဆို၌ ဂိုဏ်းချုပ်က တာအိုကိုယ်တော်ကို အပြတ်အသတ် နိုင်နေပေ၏။

တာအိုကိုယ်တော်က ဂိုဏ်းချုပ်ရှေ့ မတ်တပ်ရပ်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ “ဆရာတူညီလေး… ငါ မင်းအတွက် ဒီအထိ လူခေါ်လာခဲ့ပြီ”

မိုးကြိုး ဖုံးထားသည့် လူရိပ်က ဖြည်းညင်းစွာ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် နွေဦးက နေမင်းအလား နွေးထွေးနေသည့် အကြည့်တို့ဖြင့် ရှန်ထျန်းအား ကြည့်လိုက်သည်။

တာအိုကိုယ်တော်တစ်ယောက် မနေနိုင်ဘဲ အံ့သြဆွံ့အသွားရသည်။

နတ်လီမီးမျက်လုံးက အဲလိုမျိုး သုံးလို့ ရတယ်လား…

ဂိုဏ်းချုပ်က ခေါင်းငြိမ့်ပြီးနောက် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “လူငယ်လေး… မင်းရဲ့ အဆုံးမရှိတဲ့ အလားအလာတွေကို ငါ ကြိုတင်မျှော်မှန်းပြီးသား။ အနာဂတ်မှာ မင်းက ငါတို့တွေကို ကျော်တက်သွားလိမ့်မယ်ကွယ့်”

ရှန်ထျန်းမှာ ကြောင်အသွားသည်။

သူ ဒီလိုစကားမျိုး တီဗွီမှာ ကြားဖူးသလိုပဲ…

“အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ကိုယ်စားပြုပြီး ငါက ငါတို့ဂိုဏ်းအတွက် အကျိုးထူးဆောင်ပေးခဲ့လို့ မင်းကို ကျေးဇူးတင်ပါတယ်။ မင်းမှာ လိုအင်ဆန္ဒ ရှိခဲ့မယ်ဆိုရင် ပြောပြနိုင်တယ်။ ဘာမဆို ငါ လိုက်လျောပေးမယ်”

ရှန်ထျန်း မျက်လုံးတို့ အရောင်လက်သွားကာ “ဘာမဆို ရတယ်လားဟင်”

ဂိုဏ်းချုပ်က အေးတိအေးစက် တုံ့ပြန်လိုက်သည် “မင်း ငါ့တပည့်ရင်း ဖြစ်ချင်တယ် ဆိုရင်တောင်မှာပေါ့”

ရှန်ထျန်းက အလောတကြီး မေးလိုက်သည် “ဒါဆို ကျွန်တော် သူတော်စင် မလုပ်လို့ ရမလားဟင်… ဝန်ထုပ်ဝန်ပိုးကြီးက နည်းနည်းတော့ အရမ်းကြီး ကြီးလေးနေသလားလို့ပါ”

မိုးကြိုးများ ပြင်းထန်းစွာ တုန်ရီလာပြီးနောက် ဂိုဏ်းချုပ်က တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်သည် “ကောင်းပြီ။ မင်း ဆန္ဒကို ငါ ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီ။ သူတော်စင်က မိုးကြိုးကျင့်စဉ်တွေ ကျင့်ကြံရတာ ခက်ခဲတယ်လို့ ထင်တဲ့အတွက် ငါ့တပည့်ရင်း လုပ်ဖို့ ဆန္ဒရှိနေတယ်။ ဒီတော့ ငါ သဘောတူပေးရမှာပေါ့”

ရှန်ထျန်း “…”

ရှန်ထျန်း ရှင်းမပြနိုင်ခင်မှာ သူ့ကိုယ်ပေါ်သို့ အင်မတန် အားကောင်းပြင်းထန်သော ဖိအားတစ်ခု ကျရောက်လာတာကို ရုတ်တရက် ခံစားလိုက်ရပြီး သူ့ခမျာ လှုပ်ပင် မလှုပ်နိုင်တော့ချေ။

ထိုအချိန်မှာပဲ ဂိုဏ်းချုပ်၏ အသံက စံအိမ်တော်ထဲတွင် ပဲ့တင်ထွက်လာပြန်သည် “သူတော်စင်ရဲ့ ဓာတ်က ရေဓာတ်ပဲ။ ဒီတော့ မင်းကို ရေဓာတ် ဝိညာဉ်ပစ္စည်း တစ်ခု ဖြစ်တဲ့ လိပ်နက်ဒိုင်းကာကို လက်ဆောင်ပေးမယ်”

သူ့အသံ ပျောက်ကွယ်မသွားသေးခင် မိုးကြိုးတွေ လက်နေသည့် အနက်ရောင် အလင်းတန်း တစ်ချက်က လွင့်စင်ထွက်လာသည်။ ပုံသဏ္ဍာန်က လိပ်နက်တစ်ကောင်နှင့် တူနေ၏။

ထိုအနက်ရောင် အလင်းတန်း ရှန်ထျန်းရှေ့သို့ ကျလာသည့်အခိုက် ဒိုင်းကာအဝိုင်း တစ်ခုက တဖြည်းဖြည်း ပေါ်လာလေသည်။ ဤသည်မှာကား အလျား ၂ ပေခန့် ရှိပြီး မျက်နှာပြင်အနှံ့ ထူးဆန်းသော အစီအရင် တစ်ခု ပါရှိနေသည့် အနက်ရောင်ဒိုင်း တစ်ခု ဖြစ်သည်။

သေသေချာချာ အာရုံစိုက်ပြီး ကြည့်ကြည့်လိုက်လျှင် ဒိုင်းကာကို လှည့်ပတ်သွားလာနေသော လိပ်နက်တစ်ကောင်၏ ပုံရိပ်ကို အကြမ်းဖျင်း မြင်နိုင်ပေသည်။

“ဒါက အလယ်အလတ်အဆင့် ဝိညာဉ်ပစ္စည်း တစ်ခုပဲ။ အတွင်းအား ထည့်လိုက်ရင် လိပ်နက်ဒိုင်းကာက ပုံပေါ်လာလိမ့်မယ်။ အဆင့်တူတွေနဲ့ ရင်ဆိုင်တဲ့အခါ ဒါက အကြွင်းမဲ့ ခုခံရေးလက်နက်လို့ ပြောလို့ရတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ်ပေါ်မှာ ဝတ်ထားလို့ ရှိရင် ရေဓာတ်ဝိညာဉ်ချီနဲ့ မင်းနဲ့ကြားက ရင်းနှီးမှုလည်း တိုးတက်လာလိမ့်မယ်။ ဒါက မင်းရဲ့ ကျင့်ကြံရေးကို အထောက်အကူ ဖြစ်စေလိမ့်မယ်ကွယ့်”

ရှန်ထျန်းမှာ သေချင်စော်နံနေလေပြီ “ဂိုဏ်းချုပ်ကြီး မှားများ ကြား…”

“သူတော်စင်က ခရီးဝေးကနေ လာခဲ့ရလို့ ပင်ပန်းနေမှာပေါ့။ ပြန်ပြီး သွားနားလိုက်ပါတော့”

နောက်တစ်စက္ကန့်၌ ရှန်ထျန်းတစ်ယောက် သူ့ကိုယ်က သူ့ထိန်းချုပ်မှု အောက်မှာ မရှိတော့ကြောင်း ခံစားလိုက်ရသည်။ ထို့နောက် သူက ဂိုဏ်းချုပ်စံအိမ်တော်မှ ချက်ချင်း လွင့်စင်သွားလေ၏။

ထို့နောက် အသံအကျယ်ကြီး မြည်ဟီးသွားကာ ဂိုဏ်းချုပ်စံအိမ်တော်၏ တံခါးမကြီးက တဖန် ပိတ်သွားပြန်လေပြီ။

တာအိုကိုယ်တော်မှာ ပါးစပ်တွန့်သွား၏ “မင်းမှာ တကယ် စိတ်ခံစားချက် မရှိတော့တာလား” သူက စနောက်ကာ မေးလိုက်သည်။

ဂိုဏ်းချုပ်က အေးစက်စွာ တုံ့ပြန်လိုက်သည် “ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်အရ သူ့ကို ဒီမှာ နေကိုနေခိုင်းမှ ရမယ်”

တာအိုကိုယ်တော်က ခနဲ့တဲ့တဲ့ ရယ်ကာ “ညီလေးကို ဒီလောက် အရေထူ နေလိမ့်မယ်လို့ ဘယ်သူကများ တွေးမိမှာလဲ… ကြုံတောင့်ကြုံခဲပဲ”

ဂိုဏ်းချုပ်၏ လေသံတွင် ခံစားချက်တို့ ကင်းမဲ့နေကာ “ကျွန်တော့်မျက်နှာနဲ့ ဂိုဏ်းရဲ့တိုးတက်မှုနဲ့ကို အလေး ချိန်ကြည့်လိုက်ရင် ကျွန်တော် အရေထူ နိုင်တယ်လေ”

တာအိုကိုယ်တော်က အံ့သြသွား၏ “သူက ကံကြမ္မာသားတော် ဆိုတာကို မင်း တကယ် သေချာနေတယ်ပေါ့… သူက မီးစာကျမ်းကို ကျင့်နေတာနော်” သူက အင်တင်တင်နှင့် ပြောလိုက်သည်။

ဂိုဏ်းချုပ်က အေးစက်စွာ တုံ့ပြန်လိုက်သည် “အသေချာကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်အရာမှ အမြဲမှန်မနေဘူး။ သူ့ဆီမှာ ကျွန်တော်တို့ကို ကျော်တက်နိုင်တဲ့ အလားအလာ ရှိနေတယ်။ ကြိုးစားကြည့်တာက ဘယ်အန္တရာယ်မှ မရှိဘူးလေ… ဟုတ်တယ်မလား”

တာအိုကိုယ်တော်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ “ဟုတ်ပါတယ်လေ။ ဘာပဲဖြစ်ဖြစ် မင်းက ချမ်းသာတာပဲ။ ပိုက်ဆံ ပေါနေမှာပေါ့”

ဂိုဏ်းချုပ်က တည်တည်ငြိမ်ငြိမ် ပြောပြလိုက်သည် “ဆရာတူအစ်ကိုကြီး… အစ်ကိုကြီး သိပ်မကြာခင် နောင်တရတော့မယ်လို့ ကျွန်တော် ထင်တယ်”

တာအိုကိုယ်တော်က မျက်လုံးပြူးသွားပြီး “နောင်တလား… ဘာကို နောင်တ ရရမှာလဲကွ”

ဂိုဏ်းချုပ်က တုံ့ပြန်လိုက်သည် “ဒီနေ့ ဒီဂိုဏ်းချုပ်စံအိမ်တော်မှာ သူ့ကို တပည့်ရင်း လုပ်ခိုင်းဖို့ ကျွန်တော်နဲ့ ပြိုင်မလုမိခဲ့တဲ့အတွက် နောင်တ ပေါ့”

တာအိုကိုယ်တော်က လက်မခံနိုင်စွာ အော်ပြောလိုက်သည် “ငါသာ နောင်တရခဲ့ရင် ငါက ခွေးမသားပဲကွ”

သူပြောချင်ရာ ပြောပြီးတော့ တာအိုကိုယ်တော်အိုက ဒေါသတကြီး ထွက်သွားလေ၏။

……………………

ဟာသပဲကွာ…

ငါ့ဘဝ တစ်လျှောက်လုံး လွတ်လွတ်လပ်လပ် နေလာခဲ့တာ။ တစ်ယောက်တည်း ခရီးထွက်တယ်။ လူချမ်းသာဆီက ဓားပြတိုက်ပြီး လူဆင်းရဲတွေကို ကူညီပေးတယ်။ အပို ဝန်ထုပ်ဝန်ပိုး တစ်ကောင် မရတာကို ငါက ဘာလို့ နောင်တ ရရမှာလဲကွ… ဟေ…

ဟာသပဲ… အဲဒီကောင်လေးက မီးစာကျမ်းကို ကျင့်နေတာလေ။ သေချာပေါက် ရှေ့လျောက် ပိုက်ဆံတွေ အများကြီး သုံးဖို့ လိုလာလိမ့်မယ်။

ဒါကို သူက ဘယ်လိုလုပ်ပြီး ကံကြမ္မာသားတော် ဖြစ်နိုင်မှာလဲလို့… သူ ငါ့ရှေ့ ဒူးထောက်ပြီး တပည့်ရင်း အဖြစ် လက်ခံဖို့ တောင်းပန်ရင်တောင် ငါကတော့ လုံးဝ လက်ခံမှာ မဟုတ်ဘူး… လုံးဝပဲ…

…………………..

တာအိုကိုယ်တော်က ဂိုဏ်းချုပ်စံအိမ်တော်မှ သူထွက်သွားပြီးနောက် သိပ်မကြာခင်မှာပဲ ပလ္လင်ကို ဝန်းရံထားသည့် မိုးကြိုးတို့ တဖြည်းဖြည်း သိပ်သည်းလာကာ လူတစ်ယောက် ဖြစ်လာမှန်း မသိလိုက်ချေ။

“ငယ်ငယ်ကတည်းက အမြဲကံဆိုးခဲ့ရပြီး သူ့ဘေးနားက လူတွေကိုပါ ကံဆိုးစေတဲ့အတွက် တစ်ယောက်တည်း အထီးကျန်ဖို့ ကံဇာတာပါနေခဲ့တယ်။ ဒါပေမဲ့ အခုကျ သူက ကံကြမ္မာရဲ့ ကောင်းချီးပေးတာကို ခံနေရပြီ။

သူ့ကံကြမ္မာကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး ထိပ်ဆုံးကို တက်လာနိုင်ခဲ့တယ်။ သူက အောင်မြင်ဖို့အတွက် ကံဇာတာ ပါပြီးသား…

ဆရာတူအစ်ကိုကြီး … ဒီတစ်ခါတော့ အစ်ကိုကြီး လုံးဝကို မှားပြီး ဆုံးဖြတ်မိတာပဲ”

ဂိုဏ်းချုပ်က စံအိမ်တော်၏ တံခါးမကြီး ရှိရာသို့ လှမ်းကြည့်လိုက်၏။ သူ့ပါးပြင်တို့က အနည်းငယ် တွန့်သွားသည်။ သူက ခက်ခက်ခဲခဲနှင့် အပြုံးတစ်ခု ရအောင် ညှစ်ထုတ်ပြုံးလိုက်လေ၏။

သူ့အကြည့်တို့က ခွေးမသား ထွက်သွားတာကို ကြည့်နေသည့်အလားပင်…

All Chapters