ဂိတ်တံခါး၏ ပြောင်းလဲမှုများ...
Vol. 77 Ch. 1078
" ငါက အတိတ်ကို သွားပြီး ပြောင်းလဲပစ်နိုင်ရင် အချိန်အရှင်သခင်အောက်က ဘယ်အချိန်သက်ရှိကိုမဆို သတ်ပစ်နိုင်တာပေါ့။ " လင်းယွမ်က ပြုံးလိုက်သည်။
ဒုတိယအဆင့် အချိန်သက်ရှိများပင် မွေးကတည်းက သန်မာနေခြင်းမဟုတ်ပေ။ သူတို့ အားနည်းခဲ့သော အချိန်တစ်ခု သေချာပေါက်ရှိခဲ့သည်။ လင်းယွမ်က ထိုအချိန်သက်ရှိ၏ အားနည်းသော အချိန်ကို သွားပြီး သူတို့ကို နှိမ်နင်းနိုင်သည်။ ထိုသို့ဖြင့် အတိတ်တွင် သေဆုံးသွားသော အချိန်သက်ရှိက အနာဂတ်တွင် တည်ရှိတော့မည်မဟုတ်ပေ။
" ဒီနည်းလမ်းနဲ့ဆိုရင် ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်ကို သတ်တာက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို တိုက်ရိုက်အသုံးပြုတာထက် အရင်းအနှီး ပိုနည်းသွားလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
တတိယအဆင့် အချိန်သခင်များက သူတို့၏ အချိန်အတိုင်းအတာများကို ခိုင်မာအောင် တည်ဆောက်ထားကြသည်။ အတိတ်တွင် သူတို့ကို တိုက်ခိုက်ခံရလျှင် အနာဂတ်မှ အချိန်အရှင်သခင်ကလည်း သိရှိသွားမည်ဖြစ်သည်။ ထို့နောက် သူတို့က သူတို့၏ အတိတ်ကို ကာကွယ်ရန်အတွက် အတိတ်သို့ ပြန်လာကြပေလိမ့်မည်။ ၎င်းက အချိန်အရှင်သခင်တစ်ယောက်၏ စွမ်းအားပင်ဖြစ်သည်။
အချိန်အရှင်သခင်တစ်ယောက်ကို သတ်ရန်အတွက် အကြွးမဲ့စွမ်းအားကိုသာ အားကိုးရမည်ဖြစ်သည်။ သို့သော် အရှင်သခင်တစ်ယောက်ကို သတ်နိုင်သော စွမ်းအားမျိုးရရှိရန် ထိုမျှမလွယ်ကူပေ။ ထို့ကြောင့် အချိန်အရှင်သခင်များ၏ သေဆုံးမှုမှာ သူတို့ကိုယ်တိုင်ကြောင့်သာ ဖြစ်သည်။
" အနာဂတ်...." လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို အသုံးပြု၍ အနာဂတ်အချိန်အတိုင်းအတာများကို တစ်ခုပြီးတစ်ခု ကြည့်ရှုလိုက်သည်။
သူက ထိုအချိန်အတိုင်းအတာများကို စောင့်ကြည့်နိုင်ရုံသာမက ဂိတ်တံခါးမှတစ်ဆင့် သွားလာနိုင်ကြောင်း ခံစားမိသည်။ သို့သော် အနာဂတ်ဆိုသည်မှာ မရေရာသော အပြောင်းအလဲများဖြင့် ပြည့်နှက်နေသည်။
" ဒါ့အပြင် အခု ငါက နောက်ထပ် ရင်းမြစ်ကမ္ဘာတစ်ခုကို ဆင်းသက်ရင် အရင်လိုကျပန်းရောက်သွားတာမျိုးမဟုတ်ဘဲ ဘယ်ခန္ဓာကိုယ်ထဲကို ဆင်းသက်မလဲဆိုတာ ရွေးချယ်နိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
ထိုလုပ်ဆောင်ချက်က သူ့အတွက် များစွာ အထောက်အကူဖြစ်သည်။ အနည်းဆုံးတော့ ရောက်ရှိချိန်တွင် သူ၏ စမှတ်ကို ဆုံးဖြတ်နိုင်လေသည်။ သူက အန္တရာယ်ရှိသော အခြေအနေများကို ရင်ဆိုင်ရတော့မည်မဟုတ်ပေ။ သူက ထူးခြားသော ရုပ်ခန္ဓာနှင့် သွေးမျိုးဆက်ရှိသည့် ခန္ဓာကိုယ်များကို ရွေးချယ်ဆင်းသက်နိုင်လေသည်။
သို့သော် မည်သို့ပင်ဖြစ်စေ သူဆင်းသက်ရန် ရွေးချယ်လိုက်သော ခန္ဓာကိုယ်အားလုံးမှာ သေဆုံးပြီးသား ဖြစ်ရပေလိမ့်မည်။ အကယ်၍ သူတို့သာ အသက်ရှင်နေသေးလျှင် လင်းယွမ်၏ အတင်းအကျပ် သိမ်းပိုက်မှုအရ ထိုရုပ်ခန္ဓာ၏ ဗီဇအရ ခုခံမှုကို နှိုးဆွပေးပေလိမ့်မည်။
၎င်းက ရင်းမြစ်ကမ္ဘာ၏ စိတ်အသိကို ဆွဲဆောင်နိုင်မည့်အပြင် အခြားသော ကိစ္စများလည်း ဖြစ်လာနိုင်သည်။ ရင်းမြစ်ကမ္ဘာများ သို့မဟုတ် ဒိုင်မန်းရှင်းနယ်မြေတစ်ခုစီက ပြင်ပမှ အချိန်သက်ရှိများ၏ ဝင်ရောက်လာမှုကို တင်းကျပ်စွာ ကန့်သတ်ထားသည်။
" မဆိုးဘူး မဆိုးဘူး။ " လင်းယွမ်က ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။
အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ လုပ်ဆောင်ချက်နှစ်ခုက အကျိုးသက်ရောက်မှုကြီးမားလှသည်။ ၎င်းတို့က လင်းယွမ်ကို များစွာ အထောက်အကူပြုနိုင်လေသည်။
" ငါတစ်ချက်ကြည့်လိုက်ဦးမယ်။ " လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ တတိယမြောက် ရင်းမြစ်ကမ္ဘာ၏ ဆုံမှတ်များကို ကြည့်လိုက်သည်။
ယခုတစ်ကြိမ်တွင် ဂိတ်တံခါးမှ မည်သည့်သတိပေးချက်မှ ထွက်ပေါ်လာခြင်းမရှိတော့ပေ။ အလွှာဆယ့်သုံးသို့ တက်လှမ်းသွားသော လင်းယွမ်အတွက် ထိုရင်းမြစ်ကမ္ဘာက စစ်မှန်သော ခြိမ်းခြောက်မှုမပေးနိုင်ကြောင်း ဖော်ပြနေသည်။
ဝုန်း.....
လင်းယွမ်၏ စိတ်အသိအပိုင်းအစတစ်ခုကို ခွဲထုတ်လိုက်ပြီး သူက ကျယ်ပြောလှသော ကမ္ဘာကြီး၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။ ထိုကမ္ဘာကြီးက ယခင်ရင်းမြစ်ကမ္ဘာနှစ်ခုထက် သိသိသာသာ သာလွန်နေပြီး နေရာအများစုက မြူနှင်းများနှင့် ဖုံးလွှမ်းနေသည်။
ထို့အပြင် လင်းယွမ်က ထိုကမ္ဘာအတွင်း ပိတ်ဆို့ထားသော အချိန်အတိုင်းအတာ သုံးခုရှိသည်ကိုလည်း ခံစားလိုက်ရသည်။ ထိုရင်းမြစ်ကမ္ဘာအတွင်း၌ အချိန်အရှင်သခင် သုံးယောက်ရှိနေနိုင်သည်။ အချိန်အရှင်သခင်များကသာ သူတို့၏ အချိန်အတိုင်းအတာများကို သီးခြားခွဲထုတ်ပြီး စူးစမ်းရှာဖွေမှုများကို ပိတ်ဆို့ထားနိုင်သည်။
လင်းယွမ်က သူငယ်အိမ်များကျုံ့သွားသည်။ ထိုရင်းမြစ်ကမ္ဘာက သာမန်မဟုတ်သည်ကို သူနားလည်သွားသည်။ ပုံမှန်အားဖြင့် တတိယအဆင့် အချိန်အရှင်သခင်တစ်ယောက်ကို တွေ့ရှိရန်ပင် အလွန်ခက်ခဲလှသည်။
" ရင်းမြစ်ကမ္ဘာ...." လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။
အချိန်သက်ရှိတစ်ယောက်ဖြစ်လာပြီးနောက် လင်းယွမ်၏ အမြင်ကလည်း ကွဲပြားသွားခဲ့သည်။ ရင်းမြစ်ကမ္ဘာက အလွန်ထူးခြားလှသည်။ ကောင်းကင်အလင်းအရှင်သခင်ပင် ဒုတိယရင်းမြစ်ကမ္ဘာ၏ ထူးခြားမှုကို သိရှိခဲ့သောကြောင့် ပေါင်းစည်းရန်အတွက် ကြီးမားသော အရင်းအနှီးကို ပေးဆပ်ရန် ဆန္ဒရှိခဲ့ခြင်းဖြစ်သည်။
ရင်းမြစ်ကမ္ဘာတစ်ခုစီက အခြားထိပ်တန်းဒိုင်မန်းရှင်းနယ်မြေများနှင့် ကွဲပြားစွာ လည်ပတ်နေပြီး တတိယအဆင့် အချိန်အရှင်သခင်များအတွက်ပင် ကြီးမားသော အထောက်အကူ ပေးသည်။
လက်တွေ့တွင် တတိယအဆင့် အချိန်အရှင်သခင်များက ထိပ်တန်းဒိုင်မန်းရှင်းနယ်မြေများကို စိတ်ဝင်စားမှု နည်းပါးကြသည်။ ပထမအဆင့်နှင့် ဒုတိယအဆင့် အချိန်သက်ရှိများသာလျှင် သူတို့ကိုသူတို့ ဖြည့်ဆည်းရန်အတွက် ဒိုင်မန်းရှင်းနယ်မြေများကို စူးစမ်းလေ့လာကြခြင်းဖြစ်သည်။
လင်းယွမ်က ရင်းမြစ်ကမ္ဘာ၏ လည်ပတ်မှုကို တန်ဖိုးထားခြင်းမှာ သူ၏ အတွင်းစကြာဝဠာ အသွင်ကူးပြောင်းမှုနှင့် ဆက်စပ်နေသောကြောင့် ဖြစ်သည်။ ရင်းမြစ်ကမ္ဘာ၏ အနှစ်သာရလည်ပတ်မှုကို ပေါင်းစည်းခြင်းဖြင့် အတွင်းစကြာဝဠာက ပိုမိုပြည့်စုံလာမည်ဖြစ်သည်။
" အချိန်အရှင်သခင် သုံးယောက်တောင်လား။ အလွှာဆယ့်သုံးကို မတက်လှမ်းခင် ဂိတ်တံခါးက သတိပေးတာ မထူးဆန်းဘူး။ " လင်းယွမ်က တွေးလိုက်သည်။
ယခု သူက အလွှာဆယ့်သုံး အချိန်သက်ရှိဖြစ်လာပြီဖြစ်သောကြောင့် လင်းယွမ်အတွက် ထိုခြိမ်းခြောက်မှုများက စစ်မှန်သော ခြိမ်းခြောက်မှုမဟုတ်တော့ပေ။ အဆိုးဆုံး သူက တတိယရင်းမြစ်ကမ္ဘာမှ မူလခန္ဓာကိုယ်ကို စွန့်လွှတ်ရုံသာဖြစ်ပြီး အခြားကမ္ဘာများမှ မူလခန္ဓာကိုယ်များကို ထိခိုက်စေမည်မဟုတ်ပေ။
" ဒီတစ်ခါ ဆင်းသက်ဖို့အတွက် ရုပ်ခန္ဓာ..." လင်းယွမ်က ကျယ်ပြောလှသော ကမ္ဘာကြီးကို အဝေးမှ ကြည့်လိုက်သည်။
လင်းယွမ်၏ မျက်လုံးများက လင်းလက်သွားပြီး အဝေးမှ ရင်းမြစ်ကမ္ဘာအတွင်းရှိ သက်ရှိများ၏ အချိန်အတိုင်းအတာများက သူ၏ မြင်ကွင်းခဲတွင် ပေါ်လာခဲ့သည်။ လင်းယွမ် ရွေးချယ်လိုက်သော သက်ရှိများက သေဆုံးတော့မည်အခြေအနေများတွင် ရှိနေကြသည်။
ထိုအနာဂတ်အချိန်အတိုင်းအတာအားလုံးတွင် သူတို့က သေဆုံးပြီးမှ ပြန်လည်ရှင်သန်လာကြခြင်းဖြစ်သည်။ ထိုပြန်လည်ရှင်သန်ခြင်းက လင်းယွမ် ဆင်းသက်လာခြင်းပင်ဖြစ်သည်။ အကယ်၍ လင်းယွမ်က မဆင်းသက်ခဲ့လျှင် သေခြင်းမှာ အမှန်တကယ် သေဆုံးခြင်းသာ ဖြစ်ပေလိမ့်မည်။
ထိုကဲ့သို့သော အနာဂတ်အချိန်အတိုင်းအတာများကို ကြည့်ရှုခြင်းဖြင့် လင်းယွမ်က အခြေအနေကိုက်ညီသော ရုပ်ခန္ဓာတစ်ခု၏ အလားအလာကို အကဲဖြတ်ပြီး ဆင်းသက်ရန် ရွေးချယ်နိုင်သည်။
" ဘယ်တစ်ခုကို ရွေးချယ်ရမလဲ။ " လင်းယွမ်က အသက်ရှူချိန်အနည်းငယ်အတွင်း အချိန်အတိုင်းအတာ တစ်သောင်းကျော်ကို ကြည့်ရှုခဲ့ပြီး သူနှင့် သင့်တော်သော ရုပ်ခန္ဓာဆယ်ခုကျော်ကို ရွေးချယ်ခဲ့သည်။
ထိုခန္ဓာကိုယ်များက ထူးခြားသော သွေးမျိုးဆက် သို့မဟုတ် ရုပ်ခန္ဓာများရှိကြပြီး လင်းယွမ်အတွက် အကျိုးရှိသော ရုပ်ခန္ဓာနတ်စွမ်းရည်ကို နိုးထနိုင်ပေလိမ့်မည်။
" နောက်ထပ် ခဏလောက် စောင့်ကြည့်တာပေါ့။ " လင်းယွမ်က ချက်ချင်း ဆုံးဖြတ်ချက်မချသေးပေ။
တတိယရင်းမြစ်ကမ္ဘာက အခိုက်အတန့်တိုင်းတွင် မရေတွက်နိုင်သော သက်ရှိများ သေဆုံးနေကြသည်။ ထိုသေဆုံးသွားသော သက်ရှိများထဲတွင် လင်းယွမ်အတွက် ပိုမိုသင့်တော်သော ခန္ဓာကိုယ်များ သေချာပေါက်ရှိပေလိမ့်မည်။
ကျယ်ပြောလှသော ကောင်းကင်မြစ်ဒိုင်မန်းရှင်းတွင် အလွှာဆယ်သုံး အချိန်သက်ရှိများက ဖုံးကွယ်နေကြသည်။ ထိုက်ရှုနယ်မြေမှ အချိန်သက်ရှိကိုးယောက်က ကောင်းကင်မြစ်၏ တစ်နေရာတွင် ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်သက်ရှိခုနှစ်ယောက်နှင့် ရင်ဆိုင်နေကြသည်။
" အဲ့ဒီအရှင်မိုရှုက ပြဿနာကြီးပဲ။ သူမှာ ဘယ်လိုအားနည်းချက်မှမရှိဘူး။ ပထမအဆင့်မှာတောင် အရမ်းသန်မာပြီး အချိန်အရှင်သခင်ဖြစ်နိုင်တဲ့ သူ့ရဲ့ တာအိုကိုလည်း သူ ရှာတွေ့ထားတယ်။ " ထိုက်ရှုနယ်မြေ၏ အရှင်သခင်က မျက်မှောင်ကြုတ်နေသည်။
သူက ထိုက်ရှုနယ်မြေတွင် ပထမဆုံးမွေးဖွားလာသော အချိန်သက်ရှိဖြစ်ပြီး အသန်မာဆုံးလည်း ဖြစ်သည်။ သို့သော် အရှင်မိုရှုကို ရင်ဆိုင်ရန် သူ့အတွက် စိုးရိမ်စရာဖြစ်နေဆဲပင်ဖြစ်သည်။
သူတို့ ထိပ်တိုက်မရင်ဆိုင်ရသေးသော်လည်း ထိုက်ရှုအရှင်သခင်က အရှင်မိုရှုနှင့် တွေ့ဆုံရမည့် အနာဂတ်အချိန်အတိုင်းအတာများကို ကြည့်ရှုပြီးဖြစ်ရာ ပြိုင်ဘက်ကို ဖိနှိပ်နိုင်မည့် အာမခံချက်မရှိပေ။ အနာဂတ်အချိန်အတိုင်းအတာများ၏ ခြောက်ဆယ် ရာခိုင်နှုန်းကျော်တွင် သူက အားနည်းချက်ရှိနေပြီး အရှင်မိုရှုကို အနိူင်မရနိုင်ဘဲ ဖြစ်နေသည်။
အကယ်၍ ထိုက်ရှုနယ်မြေတွင် ဖရိုဖရဲဟင်းလင်းပြင်ထက် အချိန်သက်ရှိနှစ်ယောက်ပိုမများနေလျှင် မကြာမီထွက်ပေါ်လာမည့် ကောင်းကင်မြစ်နှလုံးသားကို လုယူရာတွင် ထိုက်ရှုနယ်မြေက ရှုံးနိမ့်ရပေလိမ့်မည်။
"အခု ဘာလုပ်ကြမလဲ။ " ထိုက်ရှုနယ်မြေမှ အချိန်သက်ရှိများက ထိုက်ရှုအရှင်သခင်ကို ကြည့်လိုက်သည်။ ထိုသို့အခြေအနေတင်းမာနေခြင်းက နောက်ဆုံးတွင် နှစ်ဖက်လုံးကို ထိခိုက်စေပေလိမလိမ့်မည်။
" အဲ့ဒီတစ်ယောက်ကို ဆက်သွယ်လိုက်။ " ထိုက်ရှုအရှင်သခင်က ပြောလိုက်သည်။
ထိုက်ရှုနယ်မြေက ကောင်းကင်မြစ်နှလုံးသားကို ရယူလိုခြင်းမှာ အချိန်သက်ရှိတစ်ယောက်က ရုပ်ခန္ဓာကို သန့်စင်ပြီး ဖုံးကွယ်နေသော အန္တရာယ်များကို ဖယ်ရှားရန်ဖြစ်သည်။ သို့သော် ထိုက်ရှုနယ်မြေက ထိုအကြောင်းပြချက်ကို တမင်ထုတ်ပြထားခြင်းဖြစ်သည်။