အခန်း (၇၀၆)
Vol. 48 Ch. 706
ရှောင်လင်ကျောင်းက သိုင်းနတ်ဘုရား
အပိုင်း(၇၀၆) {စာစဉ် ၄၈ - အပိုင်း (၁)}
သက်လတ်ပိုင်းအရွယ်လူကြီး၏ နဖူးပေါ်မှနေ၍ ချွေးများစီးကျလာနေခဲ့သည်။ သူက လက်ဝါးနှင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည့်အချိန်တွင် မြေပုံ၏ပတ်ပတ်လည်၌ အနီရောင်ကြိုးမျှင်လေးများ ထွက်ပေါ်လာခဲ့၏။ ထိုအရာလေးများက အတွင်းထဲသို့ စုစည်းလာပြီး မုန့်ချီ၏ဖြူဖပ်ဖြူလျော်လက်ကို လွှမ်းခြုံသွားခဲ့သည်။
များပြားလွန်းလှသော အပ်ငယ်လေးများကလည်း ရွှံ့ထဲသို့ ပျံသန်းသွားခဲ့ကြ၏။ တစ်ချိန်တည်းတွင် သူ၏ညာဖက်လက်က ပျော့ပြောင်းပြီး ချောမွတ်သွားကာ အစွမ်းကုန် နောက်ဆုတ်သွားခဲ့သည်။
ဖြူဖပ်ဖြူလျော် အရေပြားက လှုပ်ရှားသွားခဲ့ပြီး အနီရောင်ကြိုးမျှင်လေးများကို ပျက်စီးသွားစေခဲ့သည့်အတွက် ငွေအပ်ကလေးများက နောက်သို့လွင့်သွားခဲ့သည်။
သက်လတ်ပိုင်းလူကြီးကတော့ သူ ထွက်ပြေး၍ မရနိုင်ရန် သူ့လက်ကို ချုပ်နှောင်ထားသော အေးတိအေးစက် လက်တစ်စုံကိုသာ ခံစားမိနေခဲ့၏။ သူက အလွန်စိတ်ပျက်သွားသည့်အတွက် ဘယ်လက်ကို သုံးလိုက်ပြီး အတွင်းထဲတွင် ရှိနေသော ရှေးဟောင်းကြေးနီမှန်တစ်ချပ်ကို ထုတ်လိုက်သည်။
ထိုမှန်၏အတွင်းထဲတွင် နေလုံးကြီးတစ်ခု ပုန်းအောင်းနေသလို ထင်မှတ်ရပြီး အလွန်ပြင်းထန်သော အပူလှိုင်းများ ထွက်ပေါ်လာနေခဲ့၏။
ရှေးဟောင်းမှန်က အစိမ်းရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး အနက်ရောင်စွမ်းအင်များ ပျောက်ကွယ်မသွားစေရန် တားဆီးထားသည်။ ထို့နောက် မှန်က အောက်ဖက်သို့ လင်းထိန်လာခဲ့၏။
မုန့်ချီ၏ လက်ထဲတွင် အလင်းတန်းတစ်ခု စုစည်းလာပြီးနောက် ဆူညံသောအသံများ ထွက်ပေါ်လာခဲ့၏။ သို့သော် သူ၏လက်ကတော့ ဖြူဖပ်ဖြူလျော်ဖြစ်နေဆဲသာဖြစ်ပြီး လောင်ကျွမ်းပြီး အရည်ပျော်ကျသွားပုံမရချေ။
သက်လတ်ပိုင်းလူကြီးက အလွန်အမင်းကိုကြောက်စရာကောင်းသော ဖုတ်ကောင်တစ်ကောင်နှင့် တွေ့လိုက်ရကြောင်း သိလိုက်ရသည့်အတွက် သူ၏နှလုံးခုန်သံက တဖြည်းဖြည်း မြန်လာခဲ့သည်။
သူက မှန်ကိုလွှတ်ချလိုက်ပြီး လက်ညှိုးကိုသုံး၍ အနီရောင်နှင့်အစိမ်းရောင်အလင်းတန်းတစ်ခု ထုတ်လိုက်သည်။ သူက ထိုအရာကို ဖန်သားနှင့်လုပ်ဆောင်ထားသလို ထင်မှတ်ရ၏။
“ချွမ် .”
ထိုလက်ညှိုးက မုန့်ချီ၏သွေးကြောမှတ်များကို အလွန်လျှို့ဝှက်ဆန်းကြယ်သောအစွမ်းတစ်ခုနှင့် ပိတ်ဆို့လိုက်သည်။သို့သော် မုန့်ချီ၏ခန္ဓာကိုယ်က ထိုးဖောက်၍ မရနိုင်သော သတ္ထုတစ်ခုကဲ့သို့ ခံစားနေရ၏။
သက်လတ်ပိုင်းလူကြီးက မျက်လုံးပြူးပြီးအော်ပြောလိုက်သည်။
“ငါ့ကိုလွှတ်ပေးပါ၊ ငါက မင်းရဲ့အုတ်ဂူကို မထင်မှတ်ဘဲ တူးမိခဲ့တာပါ၊ ဒါက နားလည်မှုလွဲတာပါ။ ငါ မင်းအတွက် ငွေစက္ကူတွေဝယ်ပြီး မီးရှို့ပေးပါ့မယ်၊ ဒါမှမဟုတ် မင်းခိုင်းတာတစ်ခုခု လုပ်ပေးပါ့မယ်၊ ငါ့ကိုပြောသာ ပြောလိုက်ပါ၊ .”
သူက အလွန်ကြောက်လန့်သွားသည့်အတွက် စကားလုံးများကိုပင် ကောင်းမွန်စွာ ရွေးချယ်နိုင်ခြင်း မရှိခဲ့ပေ။ လက်ရှိအချိန်တွင် သူက အရှက်ရမှာကိုလည်း စိုးရိမ်နေခြင်း မရှိတော့ချေ။
သူက အလွန်ကြီးမားသော ကျင့်စဉ်တစ်ခုကို အသုံးပြုချင်ခဲ့၏။ သို့သော် ယခု သူ့လက်ကို အလောင်းက ထိန်းချုပ်ထားသည့်အတွက် သူလည်း သေရမှာကို ကြောက်နေခဲ့သည်။
သူ၏မျက်လုံးထောင့်တွင်တော့ သူ့တပည့်ကို မြင်လိုက်ရပြီး သူ့တပည့်၏ရယ်သံကို ကြားလိုက်ရသည်။ ထိုအရာကို မြင်သည့်အခါ သူက ကျယ်လောင်စွာအော်ခေါ်လိုက်သည်။
“တပည့်လေးရူ ကြည့်မနေနဲ့၊ ဒီကိုလာပြီးကူပေးဦး.....”
သူ ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ညာဖက်လက်ထဲမှ အလွန်ကြီးမားသောစွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး မြေသားများက အပေါ်သို့ ကြွတက်လာခဲ့သည်။ထို့နောက် အဖြူရောင်လူရိပ်တစ်ခုပေါ်လာခဲ့၏။
သူက မျက်လုံးပြူးသွားခဲ့ပြီး အလွန်ထိတ်လန့်အံ့သြသွားခဲ့သည်။
“ညီလေး.... အစ်ကို.... မဟုတ်ဘူး.....၊အဖေ.... အဘိုး.... ကျေးဇူးပြုပြီး ဒီကမြေးလေးကို သွားခွင့်ပေးပါ.....”
မုန့်ချီ၏ပင်မဝိညာဉ်များက သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာပြီး သေဆုံးခြင်းအငွေ့အသက်များအားလုံးလည်း ပျောက်ကွယ်သွားခဲ့သည်။ဖြူဖပ်ဖြူလျော်နှင့် ကြောက်စရာကောင်းသော အငွေ့အသက်ပုံစံများကလည်း ချက်ချင်းပျောက်ကွယ်သွားခဲ့၏။
သူက သက်လတ်ပိုင်းလူကြီး၏ မျက်လုံးထဲကို စူးစူးနစ်နစ်စိုက်ကြည့်နေခဲ့သည်။
“အဘိုး.... အဘိုး....ဟမ် .”
ထိုအရာကိုမြင်သည့်အခါ သက်လတ်ပိုင်းလူကြီးက မှင်တက်သွားမိသည်။ တပည့်လေးရူ၏ရယ်သံကတော့ ဆက်လက်ထွက်ပေါ်လာနေခဲ့၏။
“သူက အသက်ရှင်နေသေးတာလား၊ သေစမ်း.... ငါက ခရီးတွေ အများကြီးသွားခဲ့သလို ငါ့ရဲ့လက်ကို ဖုတ်ကောင်တွေ အများကြီးက ဖမ်းခဲ့ဖူးတယ်၊ အခုတော့ သူက ဒီလောက်မြန်မြန် ဖုတ်ကောင် ပြောင်းသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး၊ အခုတော့ ဖုတ်ကောင်တစ်ကောင်က အသက်ပြန်ရှင်လာပြီး ဘယ်လိုများ ဓားသမားတစ်ယောက် ဖြစ်လာနိုင်တာလဲ... .”
“ဆရာ....
ကျွန်မက ဒီက အစ်ကိုနဲ့ အသက်အတူတူလောက်ပဲ....”
မုန့်ချီက သေခြင်းတရားကို ခံစားရန်အတွက် သူ၏အသက်စွမ်းအင်များကို ဖုံးကွယ်ရန် လျှို့ဝှက်ကျင့်စဉ်တစ်ခုအသုံးပြုခဲ့ကြောင်း မိန်းကလေးရူက ခန့်မှန်းမိခဲ့သည်။ သူမ၏မျက်လုံးထဲတွင် အပြစ်ကင်းစင်မှုများ ပြည့်နှက်နေပြီး သူမ၏ဆရာကို ကျေနပ်စွာ စိုက်ကြည့်နေခဲ့၏။
သက်လတ်ပိုင်းလူကြီးက ရှက်ရွံ့မှုကိုဖုံးကွယ်ရန် ချောင်းဟန့်လိုက်သည်။
“ငါက တော်တော်လေး အိုနေပြီပဲ၊ ငါက ဒီလိုအရာလေးတွေကိုတောင် မမြင်နိုင်တော့ဘူး၊ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ.... ညီလေး... .”
သူက ထိုအဖြစ်အပျက်ကို ကျော်သွားချင်နေခဲ့သည်။
မုန့်ချီက သူ့ကိုစိုက်ကြည့်ပြီး သူ ကြုံခဲ့ရသည့် အတွေ့အကြုံများကို ပြန်လည်စဉ်းစားကြည့်နေခဲ့၏။ သူက မသေခင်အကြောင်းအရာတစ်ခုကို အမှန်တကယ်တွေ့ခဲ့ရသည်။ သို့သော် ရှင်းရှင်းလင်းလင်းတော့ မဟုတ်ချေ။ ထိုအရာက လူဝင်စားနှင့်ပတ်သက်နေသောအရာ ဟုတ်မဟုတ် သူလည်း သေချာမပြောနိုင်ပေ။
"ဒီနေရာမှာ မြှုပ်ထားတဲ့ တခြားလူတွေရဲ့အတွေ့အကြုံက ဘာတွေလဲ၊ သူတို့ကရော အဲဒီမြင်ကွင်းတွေကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ကြလား၊ ဒါပေမဲ့ သူတို့အားလုံးက သေသွားတာလေ... ”
မုန့်ချီက စိုက်ကြည့်နေသည့်အတွက် သက်လတ်ပိုင်းလူကြီးက အတော်လေး မသက်မသာ ခံစားနေရ၏။ မုန့်ချီသာ သူ့ကိုဆက်၍ ကိုင်ထားခြင်း မရှိလျှင် သူကချက်ချင်း ဒူးထောက်မိပါလိမ့်မည်။
သိပ်မကြာခင် မုန့်ချီက သူ့လက်ကို လွှတ်ပေးလိုက်သည့်အတွက် သူလည်းနောက်သို့ပြန်ဆုတ်သွားခဲ့သည်။
“မင်းတို့က အုတ်ဂူဖောက်တဲ့အချိန်တိုင်း အခေါင်း ဒါမှမဟုတ် မြေကြီးပေါ်မှာရေးထားတဲ့ စာသားတစ်ခုခုကို မတွေ့ဘူးလား၊ သူတို့က ဘာမှချန်မထားခဲ့ကြဘူးလား ....”
မုန့်ချီဆီတွင် အတွေးတစ်ခုပေါ်လာပြီး မတ်မတ်ရပ်လိုက်သည်။
ဤနေရာတွင် မြှုပ်နှံထားကြသော လူအများစုက ဝေ့ကျင်းအဆင့် ပညာရှင်များ ဖြစ်ကြ၏။ အကယ်၍ သူတို့ကသာ မသေခင် အစွမ်းကို သုံးလိုက်မည်ဆိုလျှင် ကမ္ဘာမြေကြီး၏စွမ်းအားကိုသုံးပြီး စာများချန်ထားခဲ့နိုင်သည်။
သက်လတ်ပိုင်းလူကြီးက စဉ်းစားပြီး တီးတိုးပြောလိုက်၏။
"ဂူဖောက်တဲ့ ဘယ်လိုလူက သေသွားတဲ့အလောင်းရဲ့ခံစားချက်တွေကို ဂရုစိုက်ဦးမှာလဲ... ”
သို့သော် သူကတော့ ခံစားချက်များကို ထိန်းချုပ်ထားလိုက်ပြီး တည်ငြိမ်စွာ ရှင်းပြလိုက်၏။
“ငါတို့ ဖောက်ခဲ့တဲ့ အုတ်ဂူတွေအားလုံးမှာ အကာအကွယ်မှော်အစွမ်းတွေရှိတယ်၊ သူတို့က အလုံးစုံဖောက်ခွဲပစ်တာမျိုး ဒါမှမဟုတ် တချို့ပစ္စည်းတွေ ကျန်ခဲ့တာမျိုးပဲရှိတယ်၊ ဒီတော့ ကျန်နေတဲ့စာတွေကို လုံးဝမမြင်နိုင်ဘူး.. .”
အလွန်လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေးရူက ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မရဲ့ဆရာက လိမ်ပြောတတ်ပေမဲ့ ဒီစကားကတော့ သူ့ရဲ့ရင်ထဲက လာတာပါ... .”
“တပည့်လေးရူ....
ဒီနေရာမှာ ရင်ထဲကလာတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးကိုသုံးဖို့ မသင့်တော်ဘူးလေ....”
သက်လတ်ပိုင်းလူကြီးက တီးတိုးပြောလိုက်သည်။
မုန့်ချီက သူ၏မျက်လုံးထဲကို စူးစူးနစ်နစ်စိုက်ကြည့်လိုက်ရာ ခံစားချက်များပြောင်းလဲမှုကို မသိသည့်အတွက် သူ မလိမ်ကြောင်း သုံးသပ်မိခဲ့သည်။
ထို့နောက် သူက မေးလိုက်၏။
“ခင်ဗျားက ကျင်းအင်ပါယာကလား....”
“ညီလေး...
မင်းကရော ကျင်းအင်ပါယာကပဲလား.... .”
သက်လတ်ပိုင်းလူကြီးက ရုတ်တရက် ခံစားချက်များ ပြည့်နှက်လာသလို ထင်မှတ်ရပြီး မွေးရပ်မြေမှ လူများ ပြန်ဆုံစည်းရသလို ခံစားချက်မျိုးပေါ်လာခဲ့သည်။
“ငါ့နာမည်က စုန့်ပင်းတီလို့ခေါ်တယ်၊ ငါကမွေးရပ်မြေကနေ ထွက်လာပြီး တောင်ပိုင်းဖုန်းဆိုးမြေမှာ သွားလာနေတာ နှစ်ပေါင်းများစွာ ကြာပြီ၊ အခု ငါက ဝေ့ကျင်းအဆင့်ပညာရှင်တစ်ယောက်ဖြစ်ပေမဲ့ ငါ့ရဲ့ဆွေမျိုးတွေ၊ မိတ်ဆွေတွေကို ဂုဏ်ယူဝင့်ကြွားစွာပြန်တွေ့ဖို့ မွေးရပ်မြေကို မပြန်နိုင်ဘူး....”
“အိမ်ကိုမပြန်နိုင်ဘူးလား....”
မုန့်ချီက အေးစက်စွာ မေးလိုက်သည်။
` သူက ဘယ်လိုပြစ်မှုမျိုးကို ကျူးလွန်ခဲ့တာလဲ...´
စုန့်ပင်းတီက သက်ပြင်းချပြီး ပြန်ဖြေလိုက်သည်။
“ငါက မျိုးနွယ်စုတချို့က ဘိုးဘေးတွေရဲ့အုတ်ဂူကို ဖောက်မိခဲ့တယ်၊ အဲဒါကြောင့် ကျိန်စာမိခဲ့ပြီး တောင်ပိုင်းဖုန်းဆိုးမြေကနေ ထွက်မသွားနိုင်ဘူး....”
ပိန်ပိန်ပါးပါးနှင့် မိန်းကလေးရူက တစ်ယောက်တည်း ရေရွတ်နေပြီး အဆုံးတွင်တော့ သူမ၏ဆရာကို မည်သည့်စကားမျှ မပြောချင်ခဲ့ပေ။
စုန့်ပင်းတီက အဆင်မပြေနိုင်ကြောင်း သိနေသည့်အတွက် မုန့်ချီက ကျောက်စိမ်းပုံရိပ်ယောင်တွက်ချက်ခြင်းနည်းလမ်းကို သုံးပြီး သူ၏ကံကြမ္မာကို စစ်ဆေးကြည့်ရန် စဉ်းစားခဲ့သည်။
သို့သော် ထိုအချိန်တွင် တောင်ကြားထဲသို့ ဝင်ရောက်လာပြီး သူတို့ဆီသို့ ပျံသန်းလာနေသော အစွမ်းထက်အငွေ့အသက်နှစ်ခုကို ရုတ်တရက် ခံစားလိုက်မိသည်။
“ယီညီအစ်ကို ....”
စုန့်ပင်းတီက ထိတ်လန့်သွားခဲ့ပြီး သူ့တပည့်ကို လှည့်ပြောလိုက်သည်။
“သွားပြီးပုန်းနေလိုက်၊ ယီမုန့်က ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်ဖြစ်တာ နှစ်ပေါင်းများစွာ ကြာနေပြီ၊ သူက သိုင်းသခင် တစ်ယောက်တောင် ဖြစ်ခါနီးနေပြီ၊ သူ့ရဲ့သက်တမ်းက အဆုံးသတ်ခါနီးပြီဆိုတော့ သူ့က ဒီနေရာမှာလာပြီး မြှုပ်တာပဲဖြစ်လိမ့်မယ်... .”
မိန်းကလေးရူက မျက်ခုံးပင့်၍ သူ့ဆရာကိုကြည့်လိုက်သည်။
“ယီမုန့်က သေတော့မှာလေ၊ ဒါပေမဲ့ ယီရှင်းက အသက်ရှင်နေသေးတယ်၊ သူတို့က အရမ်းရင်းနှီးတယ်ဆိုတော့ အုတ်ဂူကိုသေချာပေါက် စောင့်ကြည့်မှာပဲ၊ ကျွန်မတို့နှစ်ယောက်လုံးက တတိယကောင်းကင်အဆင့်ပဲရှိသေးတယ်၊ ပြိုင်ဘက်ကင်းသိုင်းပညာရှင်တစ်ယောက်ကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး... .”
“အဲဒါတော့ အမှန်ပဲ.....”
စုန့်ပင်းတီက တီးတိုးပြောလိုက်သည်။သို့သော် မုန့်ချီကိုမြင်သည့်အခါ သူ၏မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့၏။
“ဒါပေမဲ့ ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက် ဒါမှမဟုတ် သိုင်းသခင်တစ်ယောက်လည်း ဒီမှာရှိနေတာပဲ....”
မုန့်ချီကတော့ သူ့မျက်လုံးကို လျစ်လျူရှုထားပြီး လူသစ်များ၏ အဆင့်အတန်းကိုတွက်ချက်ရန် သူတို့၏စကားလုံးများကို နားထောင်နေခဲ့သည်။
ယီညီအစ်ကိုက သူတို့ကိုယ်သူတို့ ရွှေငွေဓားညီနောင်ဟုခေါ်ကြသည်။ သူတို့က တောင်ပိုင်းဖုန်းဆိုးမြေထဲတွင် ရှိနေသော လမ်းမှားပညာရှင်များထဲတွင် ထိပ်တန်းပညာရှင်များဖြစ်ကြသည်။ သူတို့က ကောင်းကင်(၆)သွယ်ဝေ့ကျင်းအဆင့် ဖြစ်ကြပြီး သူတို့၏စံအိမ်က ဟွမ်တန်းတောင်တန်းဖြစ်သည်။
သူတို့က မကောင်းဆိုးဝါးများဟု သတ်မှတ်၍ မရနိုင်သော်လည်း သူတို့၏ စိတ်ခံစားချက်အတိုင်း လုပ်ဆောင်ပြီး လူပေါင်းများစွာကို သတ်ပစ်တတ်သည်။
တောင်ကြားထဲသို့ ဝင်လာသည့်အချိန်တွင် ထိုညီအစ်ကိုနှစ်ယောက်က အတော်လေးကို တူညီနေကြောင်း မုန့်ချီက တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်လုံးက မျက်ခုံးဖြူပြီး နှာခေါင်းကောက်သည်။ တစ်ယောက်က ရွှေရောင်ဓားကို ကိုင်ထားပြီး တစ်ယောက်က ငွေရောင်ဓားကို ကိုင်ထားခဲ့သည်။ ရှေ့တွင်ရှိနေသူက ယီမုန့်ဖြစ်ပြီး နောက်မှလိုက်လာသူက ယီရှင်းဖြစ်၏။
ယီမုန့်၏ အငွေ့အသက်က ယီရှင်းထက်အားနည်းနေသည်။ သူက မသေမရှင်အခြေအနေမျိုးဖြစ်ပုံရ၏။ သူ့ကိုမြင်သည့်လူတိုင်းက သေတော့မည်ဖြစ်ကြောင်း သိနိုင်သည်။
မြူခိုးများကြောင့် သူက ထောင့်စွန်းလေးကို ချိုးလာပြီးမှသာ မုန့်ချီတို့ကို တွေ့လိုက်ရသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။
“ထွက်သွားကြစမ်း .”
သူတို့၏သေဆုံးမှုကို မည်သူကရော လူစိမ်းများ မြင်စေချင်မည်နည်း။ ယီမုန့်က သေတော့မည်ဖြစ်သည့်အတွက် အလွန်ခံစားချက် ဆိုးရွားနေသည်။ ထို့နောက် ဓားမောက်ချီစွမ်းအင်များက ကောင်းကင်ကြီးပေါ်သို့ ပျံသန်းလာပြီး သွေးနီရောင်ကျောက်တုံးများက မိုးရေများကဲ့သို့ ကျဆင်းလာခဲ့၏။
မုန့်ချီ၏ပင်မဝိညာဉ်ကတော့ ကောင်းကင်ကြီးတစ်ခုလုံး ပြည့်နှက်နေသော ရွှေရောင်ဓားမောက်တစ်ချောင်းကို ခံစားမိခဲ့သည်။သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရာ တောင်ကြားတစ်ခုလုံးက ပူလောင်လာခဲ့ပြီး ကျောက်တုံးများနှင့်မြေပြင်ကပင် အရည်ပျော်ကျလာသည်။
ကောင်းကင်ပေါ်မှ အလင်းတန်းများ ကျဆင်းလာပြီး မုန့်ချီ၏အငွေ့အသက်များက ပျောက်ကွယ်သွားခဲ့၏။ သူတို့က နေရောင်ခြည်ကဲ့သို့ဖြစ်နေသော်လည်း အမှန်အတိုင်း ပြောရလျှင်တော့ မုန့်ချီ၏ဓားဆန္ဒဖြစ်သည်။
ယီမုန့်၏ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များပေါ်လာပြီး သူက နောက်ကို ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားလိုက်ရ၏။ အကယ်၍ ထိုအရာကသာ နှစ်ယောက်ချင်းတိုက်ခိုက်ရသည့် တိုက်ပွဲဆိုလျှင် သူက မုန့်ချီ၏အရှိန်အဝါကြောင့် ဖိနှိပ်ခံထားရပြီး အားနည်းချက်များအလိုလို ပေါ်လာပါလိမ့်မည်။
ယီရှင်းက သူ၏ငွေရောင်ဓားနှင့် ရှေ့ထွက်လာပြီး သူ့အစ်ကို၏ဘေးတွင် ရပ်လိုက်သည်။ သူကတော့ ထို ဓားသမား၏ ကြီးကျယ်ခမ်းနားသော အရှိန်အဝါနှင့် ထက်မြက်သောဓားဆန္ဒများကို ခံစားမိခဲ့သည်။
ထိုဓားသမားက သိုင်းသခင်တစ်ယောက်ဖြစ်မည်ဟု သူက တွက်ချက်မိခဲ့၏။
ထိုအချိန်တွင် ဟွမ်က ဝင်ပြောလိုက်သည်။ “တကယ်လို့ မင်းတို့ကသာ ဒီနေရာကို ဖျက်စီးလိုက်မယ်ဆိုရင် တက်လှမ်းခြင်းမျိုးနွယ်စုက မင်းတို့ကိုခွင့်လွှတ်မှာ မဟုတ်ဘူး ....”
ယီညီအကိုက သူတို့၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး မုန့်ချီကလည်းသူ၏အငွေ့အသက်ကို ထိန်းချုပ်လိုက်သည်။သူ့ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာခဲ့၏။
မုန့်ချီက လမ်းဖယ်ပေးသည်ကို မြင်သည့်အခါ ယီညီအစ်ကိုက တောင်ကြားထဲသို့ ဝင်လာခဲ့ကြ၏။
စုန့်ပင်းတီက သက်ပြင်းချလိုက်မိသည်။ သူက ထိုအုတ်ဂူကိုတူး၍မရကြောင်း နားလည်သွားခဲ့၏။
မိန်းကလေးရူက မုန့်ချီကို ဦးညွတ်ပြီး အပြုံးနှင့်ပြောလိုက်၏။
“ကျွန်မတို့က ဒီမှာမတော်တဆတွေ့ခဲ့မှတော့ မိတ်ဆွေဖြစ်ဖို့ ရေစက်ရှိတာပဲပေါ့၊ ကျွန်မက ရှင့်ကိုဘယ်လိုခေါ်ရမလဲ....”
“ဝူမင်...
ငါ့ရဲ့ဓားနဲ့ ငါ့ကိုယ်ငါအတွက်လို့ ပြောလို့ရတယ်....”
မုန့်ချီက အေးအေးဆေးဆေး ပြောလိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ် အစ်ကိုဝူမင်.. .”
မိန်းကလေးရူက ဘယ်ဖက်ပါးလေးကိုလက်ထောက်ထားပြီး ထိုအရာက သူမ၏ အလှတရားအပေါ် သက်ရောက်မှုမရှိခဲ့ပေ။
မိန်းကလေးရူက အတော်လေးထူးခြားသည်ဟု မုန့်ချီက ခံစားမိခဲ့သည်။ သူမ၏ပုံစံက ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသလို ထင်မှတ်ရသည့်အပြင် သူမ၏ပုံစံက ဉာဏ်နီဉာဏ်နက်များပုံ မရချေ။ သို့သော် သူမ၏အသက်နှင့် ရင့်ကျက်တည်ငြိမ်မှုကလည်း လိုက်ဖက်ညီမှုမရှိချေ။ သူမက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူ့ထက်ပို၍ငယ်ရွယ်သည်ဟု မုန့်ချီက မယုံကြည်နိုင်ခဲ့ပေ။
မုန့်ချီက အေးစက်ချင်ယောင်ဆောင်ပြီး စကားများများ မပြောခဲ့ချေ။ သူကစိတ်ရှည်လက်ရှည် စောင့်နေခဲ့၏။ ခဏကြာပြီးနောက် မုန့်ချီက ပြောင်းလဲသွားသော ချီစွမ်းအင်များကို စစ်ဆေးပြီး ယီမုန့်ကိုမြှုပ်နှံလိုက်ပြီဖြစ်ကြောင်း နားလည်သွားခဲ့၏။သူက ထိုနေရာသို့ လျှောက်သွားပြီး အုတ်ဂူကို ကြည့်လိုက်သည်။
ယီရှင်းက ဝမ်းနည်းမှုများ ပြည့်နှက်နေပြီး ကျောက်တုံးများကြားထဲတွင် တင်ပျဉ်ခွေထိုင်နေခဲ့၏။
“ထာဝရမျိုးနွယ်စုက လူတွေက သူတို့မသေခင် သူတို့ရဲ့လူဝင်စားတွေ ပြန်ရှာတွေ့နိုင်အောင်လို့ သဲလွန်စတွေ၊ တံဆိပ်ပြားတွေ ချန်ထားခဲ့ကြတယ်၊ မင်းက ဒီနေရာမှာထိုင်နေပြီး မင်းရဲ့အစ်ကို လာရှာအောင်စောင့်နေချင်တာလား....”
မုန့်ချီက အေးအေးဆေးဆေး ပြောလိုက်သည်။
ထိုစကားကြောင့် ယီရှင်းက ချက်ချင်းမတ်တပ်ရပ်လိုက်သည်။
“ဟုတ်တယ်၊ ငါက သဲလွန်စတွေအပေါ် အခြေခံပြီး သူ့ရဲ့လူဝင်စားကိုရှာဖို့ လိုတယ်၊ ငါက ဘာလို့ဒီလိုမျိုး စောင့်နေရမှာလဲ....”
မူလတုန်းကတော့ ထာဝရတောင်ကြားကိုရောက်လာကြသော ဝေ့ကျင်းအဆင့်ပညာရှင်အများစုက ထာဝရမျိုးနွယ်စု၏ အပြုအမူကို အတုယူပြီး သူတို့သေသွားပြီးလျှင် ဤနေရာ၌ မြှုပ်နှံပစ်ကြသည်။သို့သော် သဲလွန်စများ ချန်မထားခဲ့ကြပေ။
ထို့နောက် မြေမျက်နှာသွင်ပြင်က ပြန်လည်ဝင်စားမှုအတွက် အဓိကသော့ချက်ဟု စဉ်းစားမိသွားကြသည့်အတွက် သူတို့က မြှုပ်နှံသည့်နေရာကို ပြောင်းလဲလိုက်ပြီး ပြန်လည်ဝင်စားရန် တောင်ကြား၏အစွမ်းများကို ငှားယူနေကြသည်။
သို့သော် သွေးပင်လယ်ယက္ခက ထာဝရမျိုးနွယ်စု၏ ပတ်ဝန်းကျင်ကို အလုံးစုံဖျက်စီးပစ်လိုက်သည့်အတွက် ထာဝရမျိုးနွယ်စုကို အတုယူနိုင်ခြင်းမရှိတော့ချေ။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် ဤနေရာတွင် မြှုပ်နှံထားသည့် သဲလွန်စများကိုပင် မည်သူကမျှ မမှတ်မိခဲ့ကြတော့ပေ။
ယီရှင်းက ထွက်လာပြီး ကျိန်စာများနှင့် အကာအကွယ်မှော်အစွမ်းများကို ဖယ်ရှားလိုက်သည့်အတွက် စုန့်ပင်းတီကပင် အံ့သြမှင်တက်သွားခဲ့သည်။
"ယီရှင်းက သူ့ဆွေမျိုးရဲ့အုတ်ဂူကို ဘယ်လိုဖြစ်ပြီး ကိုယ်တိုင်ဖောက်နေရတာလဲ.."
အချိန်တော်တော်ကြာပြီးနောက် အခေါင်းက ပွင့်သွားခဲ့၏။ ယီရှင်းက ပင့်သက်ရှိုက်လိုက်ပြီး သေချာဂရုတစိုက် ဖွင့်လိုက်၏။ ထိုအချိန်တွင် ပွတ်တိုက်သည့်အသံများထွက်ပေါ်လာပြီး အခေါင်း၏အတွင်းပိုင်းက ပေါ်လာခဲ့၏။
စုန့်ပင်းတီက အတွင်းထဲကိုစိုက်ကြည့်ပြီး မှင်တက်သွားမိခဲ့သည်။ ယီမုန့်က အမှန်တကယ် သေသွားသော်လည်း မျက်လုံးများက ပြူးကျယ်နေခဲ့၏။ သူ့ပုံစံက လူတိုင်းကို ကျောရိုးထဲ စိမ့်သွားစေနိုင်သည်။
မုန့်ချီနှင့်ယီရှင်းတို့က သူတို့၏ စိတ်ဝိညာဉ်ကိုသုံးပြီး အခေါင်းကို စစ်ဆေးကြည့်လိုက်ရာ သိပ်မကြာခင် အခေါင်းပေါ်တွင် ရေးထားသော စကားလုံးများကို နားလည်သွားခဲ့၏။
"ငါက နောက်ထပ် ငါကို ပြန်မြင်လိုက်ရတယ်... "
“နောက်ထပ် ငါလား....”
မုန့်ချီက အတော်လေးကို အံ့သြသွားမိခဲ့၏။
“ထာဝရတောင်ကြားက တကယ်ထူးဆန်းတယ်၊ ဘာလို့ ငါကျ ငါ့ကိုယ်ငါ ပြန်မမြင်ရတာလဲ၊ ငါက သေချင်ယောင်ဆောင်ခဲ့တာကြောင့်လား....”
သူက ထိုအရာကို စဉ်းစားနေသည့်အချိန်တွင် သူ့နောက်မှ လိုက်လာသော ဟွမ်ကလည်း အလွန်ဝမ်းသာသွားခဲ့၏။
ဟွမ်က ချက်ချင်း နောက်ပြန်ပြေးသွားပြီး ကူ၏အလောင်းကို ဖျက်စီးပစ်၍ အကြီးအကဲ၏ လူဝင်စား သတင်းတစ်ခုကိုရှာဖွေရန် ကြိုးစားခဲ့သည်။
မုန့်ချီက တိတ်တဆိတ်စောင့်ကြည့်နေရင်း သူ့ရင်ထဲ၌ အန္တရာယ်အငွေ့အသက်တစ်ခု ရုတ်တရက် ခံစားမိလိုက်သည့်အတွက် ကျယ်လောင်စွာ အော်ပြောလိုက်၏။
“ရပ်လိုက် ....”
ဟွမ်က အကာအကွယ်မှော်အစွမ်းကို လုံးဝဖယ်ရှားလိုက်သည်။ ထိုအချိန်တွင် အခေါင်းကို အတွင်းထဲက တွန်းဖွင့်လိုက်ပြီး အလွန်ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုက ကောင်းကင်ပေါ်သို့မြင့်တက်လာခဲ့လေ၏။
Translated by Hein Htet