အခန်း (၇၀၉)
Vol. 48 Ch. 709
ရှောင်လင်ကျောင်းက သိုင်းနတ်ဘုရား
အပိုင်း(၇၀၉) {စာစဉ် ၄၈ - အပိုင်း (၄)}
သူ၏သွေးကြောများက လှုပ်ရှားနေသည့်အချိန်တွင် မုန့်ချီကတော့ ဦးနှောက်ဗဟိုထဲ၌ ဓားနှင့် ထိုးစိုက်ခံရသလို ခံစားနေရသည်။ သို့မဟုတ် သူ၏ပင်မဝိညာဉ်က ပျက်စီးသွားသလို ခံစားနေခဲ့ရ၏။
နာကျင်မှုက အလွန်အမင်းကို ပြင်းထန်လွန်းလှသည့်အတွက် သူလည်း မအော်မိစေရန် အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့ရသည်။ သူက ခန္ဓာကိုယ်အတွင်းပိုင်းကို အသက်သွင်းလိုက်ပြီး သူ၏ပင်မဝိညာဉ်ထဲတွင် အင်မော်တယ်ဘိုးဘေးခန္ဓာကို ဖန်တီးလိုက်သည်။
ရွှေရောင်ဗုဒ္ဓနှင့် ပေါင်းစပ်လိုက်သည့်အချိန်တွင် သူက `ငါ၊ ထူးခြားမှုနှင့် အမှန်တရား ´ ဟူသော သိုင်းကွက်ကို အသက်သွင်းလိုက်သည်။ အလွန်ပြင်းထန်သော နာကျင်မှုက ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့ပြီး နောက်ဆုံးတွင်တော့ မုန့်ချီက မျက်လုံးများကို တစ်ဝက်ခန့် ပြန်ဖွင့်နိုင်ခဲ့သည်။
သူ၏နဖူးပေါ်မှာ ချွေးသီးချွေးပေါက်များ ပြည့်နှက်နေပြီး တစ်ကိုယ်လုံး လောင်ကျွမ်းနေသလို ခံစားနေရ၏။ သူက မျက်လုံးကို ပြည့်ပြည့်၀၀ ပြန်ဖွင့်လိုက်သည့် အချိန်တွင်တော့ သူ၏ဘယ်ဖက်မျက်လုံးထဲတွင် ဝေဝါးနေပြီး အရပ်မျက်နှာများအားလုံးက တစ်နေရာတည်းကို ကျုံ့သွားသလို ခံစားလိုက်ရသည်။
ဝေဝါးနေသော သူ၏ဘယ်ဖက်မျက်လုံးထဲတွင် တာအိုဘုန်းတော်ကြီးတစ်ပါး၏ ပုံရိပ်ယောင်တစ်ခုကို မြင်တွေ့နေရသလို ထင်မှတ်ရ၏။ ညာဖက်မျက်လုံးထဲတွင်တော့ လက်တစ်ဖက်က ကောင်းကင်ပေါ်ကို လက်ညှိုးထိုးပြီး လက်တစ်ဖက်က မြေပြင်ကိုထိ၍ ထိုင်နေသော ဧရာမရွှေရောင်ဗုဒ္ဓပုံရိပ်ကို မြင်နေရသည်။ ထိုအရာက အဆုံးမဲ့ငြိမ်းချမ်းရေးနှင့် အဆုံးမဲ့ဉာဏ်ပညာကို ကိုယ်စားပြုသည်။
ဗုဒ္ဓနှင့် တာအိုသခင်က မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ပြီး မုန့်ချီ၏ မျက်လုံးများက ပြန်ကောင်းလာခဲ့သည်။
သူက မြင်တွေ့ခဲ့ရသည့်မြင်ကွင်းများကို ပြန်လည်စဉ်းစားကြည့်လိုက်ပြီး ခေါင်းထဲတွင် ရှုပ်ထွေးနေခဲ့၏။ ထာဝရမျိုးနွယ်စုမှ မိန်းကလေးရူ၏စကားအရ သူမက မြောက်များလွန်းလှသော မြင်ကွင်းများကို မြင်တွေ့နေရပြီး မြင်ကွင်းတစ်ခုချင်းဆီတွင်လည်း သူမ၏ကိုယ်ပွားတစ်ခု ပါဝင်နေသည်။
ထိုအရာက ရှေးဟောင်းအမူအကျင့်များနှင့် လိုက်ဖက်ညီနေပြီး သူတို့ ဟူသောစကားလုံးနှင့်လည်း ကိုက်ညီနေခဲ့သည်။
သို့သော် ဘာကြောင့် သူက အရင်ဘဝမှ သူကိုယ်တိုင်နှင့် အထွဋ်အမြတ်တောင်တန်းထဲမှ သူ့ပုံစံကိုပြန်မြင်နေရကြောင်း မသိတော့ပေ။ သူက တုတ်တစ်ချောင်း ကိုင်ထားသော တန်ခိုးရှင်ကို ကြည့်နေခဲ့ရ၏။
ရွှေဓားပညာရှင် ယီမုန့်က သူ့ကိုယ်သူတစ်ယောက်တည်း ပြန်မြင်ရသည်မှာ သူက ထိုလျှို့ဝှက်ကျင့်စဉ်ကို မသိခြင်းကြောင့်ဖြစ်သည်။ သူ၏အစွမ်းကလည်း ရှေးဟောင်းပညာရှင်များထက် ပို၍နိမ့်ကျ၏။
သို့သော် မုန့်ချီကတော့ လျှို့ဝှက်ချက်ကို သိနေပြီး မိန်းကလေးရူ သေသွားခဲ့သည့်အချိန်ကထက် အဆပေါင်းများစွာပို၍ အစွမ်းထက်သည်။ သူက ဘာကြောင့် သူကိုယ်တိုင်၏ ကိုယ်ပွားတစ်ခုတည်းကိုသာ မြင်တွေ့နိုင်ရသနည်း။
အဆိပ်ပိုးကောင်နတ်ဘုရားနှင့် သစ္စာဆိုခဲ့သည့်အချိန်တွင် မုန့်ချီက အလွန်အမင်းကို သတိထားခဲ့သည်။ အသေးစိတ် အချက်အလက်များအားလုံးကို စဉ်းစားကြည့်လိုက်ပြီးနောက် မိန်းကလေးရူ သူ့ကို ပေးခဲ့သော နည်းလမ်းက အစစ်အမှန်ဖြစ်ကြောင်း မုန့်ချီက သေချာနေခဲ့၏။မိန်းကလေးရူက သူ့ကို ထိန်ချန်ထားခြင်းမရှိသည့်အတွက် သူလည်းအဓိကအချက်များကို ဖယ်ထုတ်နိုင်သည်။
"ဒါက အချိန်ခရီးသွားမှုရဲ့ထူးခြားမှုကြောင့်များလား "
မုန့်ချီက မတ်တပ်ရပ်လိုက်ပြီး သူ၏အင်္ကျီပေါ်မှ ဖုန်မှုန့်များကို ဖယ်ရှားလိုက်သည်။
မိန်းကလေးရူက သူမ၏အတိတ်ဘဝကို နောက်တစ်ကြိမ် ပြန်မမြင်နိုင်ကြောင်း သေချာနေခဲ့၏။ သူမကတော့ လက်ရှိဘဝ သို့မဟုတ် မမွေးဖွားရသေးသော ဘဝကိုသာ ပြန်မြင်နိုင်သည်။ သူမက အစိတ်အပိုင်းလေးများကို နည်းနည်းချင်းဆီ မှတ်မိနေသော်လည်း ထိုအရာတစ်ခုတည်းသာဖြစ်သည်။ ထို့ကြောင့် အရာအားလုံးက အနည်းငယ် ရှုပ်ထွေးနေခဲ့၏။
“ငါက တစ်ခါမှလူမဝင်စားရသေးဘဲ အတိတ်ဘဝအကြောင်းကိုပဲ သေချာဖမ်းဆုပ်ထားလို့လည်း ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အထွဋ်အမြတ်တောင်တန်း ပျက်စီးသွားတဲ့အရာက မကောင်းဆိုးဝါးသူတော်စင် မသေခင်ဖြစ်ခဲ့တာ၊ ဒါကို ဘယ်လိုရှင်းပြမှာလဲ၊ မိန်းကလေးရူနဲ့ ထာဝရမျိုးနွယ်စုရဲ့ထူးခြားတဲ့ အာရုံခံနိုင်စွမ်းရယ် ၊ လျှို့ဝှက်နည်းလမ်းတွေရယ်က ကန့်သတ်ချက်တွေ ရှိနေတာများ ဖြစ်နိုင်မလား... .”
“ဒါပေမဲ့ အမှန်အတိုင်းပြောရရင်တော့ ငါ့ရဲ့အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်က ပုံရိပ်ယောင်တွေလို ပေါ်လာနိုင်တယ် မဟုတ်လား....”
စိတ်ထဲတွင် မသေမချာဖြစ်နေသည့်အတွက် မုန့်ချီက ပင့်သက်ရှိုက်လိုက်ပြီး ကောင်းကင်ကြီးပေါ်ကို မော့ကြည့်လိုက်သည်။
သူက မိန်းကလေးရူကို ရှာဖွေပြီး သူ၏ အခြေအနေနှင့် ပတ်သက်၍ အဖြေတချို့ကို ရှာဖွေချင်ခဲ့၏။ ထာဝရမျိုးနွယ်စုတွင် အလားတူအဖြစ်အပျက်မျိုး မှတ်တမ်းတင်ထားခြင်းရှိမရှိ သိချင်နေခဲ့သည်။
သူ၏မျက်လုံးများက ဗလာဖြစ်သွားသော်လည်း အလွန်တောက်ပသော ကြယ်အလင်းတန်းလေးတစ်ခုက သူ့ခန္ဓာကိုယ်ထဲမှ ထွက်သွားပြီး ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့သည်။
ယခု ကံကြမ္မာက အလွန်ထင်ရှားနေသည့်အတွက် မုန့်ချီက တစ်ဖက်လူ၏ တည်နေရာကို ကံကြမ္မာနှင့် ခြေရာခံနိုင်သည်။ အစွမ်းထက်သော လူအများစုက ကံကြမ္မာကို မမြင်နိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက အလွန်ရှားပါးသောကျင့်စဉ်တစ်ခု ဖြစ်နေခြင်းကြောင့်ဖြစ်သည်။
ကံကြမ္မာနှင့် ပတ်သက်၍ တူညီသောတွက်ချက်မှုများ ရှိနေသော်လည်း မုန့်ချီကတော့ ကံကြမ္မာကွင်းစက်ကျင့်စဉ်ကို ပိုင်ဆိုင်ထားပြီး ကံကြမ္မာမျိုးစေ့အားလုံး၏ ကျောက်စိမ်းပုံရိပ်ယောင်တွက်ချက်မှုအစွမ်းဖြင့် တိုးတက်လာခဲ့ရသည်။ ဤကမ္ဘာကြီးထဲတွင် လူအနည်းစုကသာ ထိုစွမ်းရည်ကို ယှဉ်ပြိုင်နိုင်ကြ၏။
မုန့်ချီက မတ်တပ်ရပ်လိုက်ပြီး ဖုံးကွယ်ထားခြင်းမရှိသော ကံကြမ္မာလမ်းကြောင်းဆီကို လျှောက်သွားခဲ့သည်။ ရုတ်တရက်ဆိုသလို သူက တိရိစ္ဆာန်များနှင့် မှော်သားရဲများ၏အော်သံများကို ကြားနေရ၏။ သူတို့က တစ်စုံတစ်ခုကို တိုက်ခိုက်နေသလို ထင်မှတ်ရသည်။
မြွေပုံစံ မှော်သားရဲတစ်ကောင်က တခြားပြိုင်ဖက်များကို တိုက်ခိုက်၍ ခန္ဓာကိုယ်တစ်ခုကို ယူဆောင်သွားကြောင်း မြင်သည့်အခါ မုန့်ချီက အလွန်အံ့သြသွားခဲ့မိသည်။ထိုခန္ဓာကိုယ်ကတော့ အသွေးအသားအများစု ဆုံးရှုံးနေသော အိတ်ကြီးတစ်အိတ်ကဲ့သို့ ဖြစ်နေ၏။
သို့သော် မုန့်ချီကတော့ ထိုခန္ဓာကိုယ်ကို မှတ်မိနေသေးသည်။ ထိုအရာက သူ့ရှေ့တွင် ထွက်သွားခဲ့သော ငွေရောင်ဓားသမားယီရှင်း၏ခန္ဓာကိုယ် ဖြစ်သည်။
ဓားအလင်းတန်း တောက်ပလာသည့်အချိန်တွင် သူက တောင်ကုန်းလေး၏တစ်ဝက်ခန့်ကို ရောက်သွားခဲ့၏။ ကျောက်တုံးများ၊ ဖုန်မှုန့်များ လုံးဝထွက်ပေါ်လာခြင်းမရှိဘဲ ထိန်းချုပ်မှုက အလွန်တိကျနေသည်။ မှော်သားရဲက အေးခဲသွားခဲ့ပြီး ခန္ဓာကိုယ်ကိုလွှတ်ချကာ အဝေးသို့ ထွက်ပြေးသွားခဲ့၏။
မုန့်ချီက ထိုခန္ဓာကိုယ်၏အနားတွင် ဆင်းသက်လိုက်ပြီး စတင်စစ်ဆေးကြည့်နေခဲ့သည်။ ထိုအခါ ယီရှင်းက သေဆုံးသွားသည်မှာကြာပြီ ဖြစ်ကြောင်း နားလည်သွားခဲ့၏။
ထိုအရာနှင့် ပတ်သက်ပြီး မှော်သားရဲများကြောင့်ရသော ဒဏ်ရာများ၊ အမာရွတ်များလည်း လုံးဝမရှိချေ။ သူ၏ဦးနှောက်၊ ခန္ဓာကိုယ်အတွင်းပိုင်း၊ အရိုးစု၊ အသွေးနှင့်အသားများက ပျောက်ကွယ်နေခဲ့သည်။ ထိုအရာက ဖော်ပြ၍မရနိုင်သော ထူးဆန်းသည့်ဖြစ်စဉ်တစ်ခုဖြစ်၏။
“သူ့ရဲ့သိုလှောင်အိတ်က ပျောက်သွားပြီ၊ သူ့ရဲ့ငွေရောင်ဓားရောပဲ၊ သူက ဓားပြတိုက်ခံရတာများလား....”
မုန့်ချီက ပတ်ပတ်လည်ကို လှည့်ကြည့်နေခဲ့သော်လည်း ပြိုင်ဘက်ကင်း သိုင်းပညာရှင်များ၏ တိုက်ပွဲမျိုးကို မတွေ့ခဲ့ရပေ။
ယီရှင်းက ရုတ်တရက် သေဆုံးသွားခြင်း သို့မဟုတ် သူ၏ခန္ဓာကိုယ်ထဲမှ တစ်နေရာကို ရွှေ့သွားခြင်းများ ဖြစ်နိုင်မည်လော။ ယီရှင်းက သူနှင့်မရင်းနှီးသလို သူနှင့်လည်း မပတ်သက်သည့်အတွက် သဲလွန်စမရှိသည့်အခါ မုန့်ချီလည်း ဖြစ်နိုင်ချေများအားလုံးကို လက်ခံလိုက်ပြီး သူ့အလုပ်သူ ဆက်လုပ်လိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် သူက သီးသန့်အိမ်တစ်လုံးရှေ့တွင် ရပ်လိုက်မိသည်။
“ဒေါက် ဒေါက် ဒေါက် ....”
သူက လေစီးကြောင်းကို သေချာထိန်းချုပ်ပြီး ကျောက်တုံးတံခါးကို ခေါက်လိုက်သည်။ ဤနေရာက လူသူကျဲပါးသော်လည်း မုန့်ချီကတော့ ဆက်၍ခေါက်နေသေးသည်။
ခဏကြာပြီးနောက် စုန့်ပင်းတီက အံ့သြနေသည့်အသံနှင့် ပြောလိုက်သည်။
“ညီလေးဝူမင်...
မင်းကဘယ်လိုဖြစ်ပြီး ရောက်လာရတာလဲ....”
သူက ထိုကဲ့သို့ ချောင်ကျသောစံအိမ်တစ်ခုကို မည်သို့ရှာဖွေနိုင်ခဲ့သနည်း။
`ဒီလိုနေရာမျိုးကို ခြေရာခံနိုင်တဲ့ ငါ့ရဲ့အရည်အချင်းကို အမြဲတမ်းယုံကြည်ချက်ရှိတယ်၊ ဒီစကားကိုသုံးလိုက်ရင်တော့ တော်တော်လေး ရယ်ဖို့ကောင်းလိမ့်မယ်...´
ထို့ကြောင့် မုန့်ချီက စိတ်ထဲတွင်စဉ်းစားပြီး လေးလေးနက်နက် ပြောလိုက်သည်။
“ငါ့ဆီမှာ လျှို့ဝှက်ကျင့်စဉ်နဲ့ ပတ်သက်ပြီး မေးခွန်းတချို့ ရှိနေတယ်၊ ဒါကြောင့် မိန်းကလေးရူကို လာပြီးတော့မေးတာ...”
စုန့်ပင်းတီက သက်ပြင်းရှည်ကြီးချပြီး ပြောလိုက်သည်။
“မင်းမှာမေးခွန်းတွေ ရှိနေတာလား၊ ကောင်းပြီလေ... .”
သူက အကာအကွယ်မှော်အစွမ်းကို ဖယ်ရှားလိုက်ပြီး ကျောက်တုံးတံခါးကို ဖွင့်ပေးလိုက်၏။
တစ်ဖက်မှနေ၍ မိန်းကလေးရူက မုန့်ချီကို နှုတ်ဆက်လိုက်သည်။
မုန့်ချီက အတွင်းထဲကို ဝင်လာပြီး ထိုင်လိုက်သည်။ ထို့နောက် သူ ကြုံတွေ့ခဲ့ရသည့်အရာများကို အသေးစိတ်ပြောပြခဲ့၏။သူက မေးလိုက်သည်။
“မိန်းကလေးရူ ...
ဒီလိုအလားတူအခြေအနေတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ထားတာတွေရှိလား....”
သူ၏ဖော်ပြချက်ကို ကြားသည့်အခါ မိန်းကလေးရူကလည်း ဇဝေဇဝါဖြစ်နေခဲ့၏။ သူမက ခေါင်းခါပြလိုက်သည်။
“လျှို့ဝှက်ကျင့်စဉ်နဲ့ ကိုယ့်ရဲ့ကိုယ်ပွားတစ်ခုတည်းကိုပဲ တွေ့ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး....”
“ဒါဆိုရင် ငါ့ရဲ့အခြေအနေက ထူးခြားပြီး ငါက အရမ်းထူးခြားတဲ့လူတစ်ယောက်ဖြစ်နေတာများလား....”
မုန့်ချီက ထိုစကားများကို ရေရွတ်ကြည့်နေပြီး ဆက်၍ မေးလိုက်သည်။
“မိန်းကလေးရူ ....
နင်မသေခင် မြင်ခဲ့ရတဲ့အရာတွေ ငါ့ကိုပြောပြနိုင်မလား....”
မိန်းကလေးရူက ခဏကြာ စဉ်းစားပြီးနောက် ကြာပန်းပွင့်လေးများ ပြည့်နေသောရေကန်ငယ်လေးတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ မနက်ခင်းနေရောင်ခြည်က ရေထဲတွင် အလင်းပြန်နေပြီး ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာနေခဲ့၏။
သူမက လက်ချောင်းလေးများကို လှုပ်ရှားလိုက်ရာ လေစီးကြောင်းလေးက ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲသွားပြီး ရေကန်ထဲသို့ ကျဆင်းသွားသည့်အတွက် လှိုင်းလုံးများ၊ ဝဲကတော့လေးများ ပေါ်လာခဲ့သည်။ မျက်နှာပြင်ပေါ်တွင်လည်း ရွှေရောင်အလင်းစက် သန်းပေါင်းများစွာအဖြစ် ပြောင်းလဲသွားခဲ့၏။ထိုမြင်ကွင်းက အလွန်အမင်းကို လှပလွန်းသည်။
“ဒါက ငါ မသေခင် မြင်ခဲ့ရတဲ့မြင်ကွင်း အတိအကျပဲ၊ ဒီအလင်းစက် တစ်ခုချင်းဆီတိုင်းက ငါ့ရဲ့ကိုယ်ပွားတွေပဲ၊ နင်က ရေကန်ထဲကနေ ဆယ်ထုတ်လိုက်ရုံပဲ...” မိန်းကလေးရူက ပြန်ဖြေလိုက်သည်။
“နင်က ဒီနယ်မြေထဲကို ကြည့်နေရသလိုပုံစံမျိုးလား....”
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် အထွဋ်အမြတ်တောင်မှ လူကတော့ ထာဝရမျိုးနွယ်စုမှ ထွက်သွားတော့မည့်အလား အပေါ်ကိုဆက်၍ မြင့်တက်လာနေခဲ့သည်။
မိန်းကလေးရူက ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တယ်၊ နင်ပြောပြသလို အဖြစ်အပျက်မျိုးက လုံးဝဖြစ်မလာဖူးဘူး။နေရာပြောင်းသွားရင်တော့ ဖြစ်နိုင်ချေရှိတယ်....”
သူမက အကြောင်းတရားကို ရှာတွေ့သွားသည့်အလား မျက်မှောင်ကြုတ်နေခြင်းက ပြေလျော့သွားခဲ့သည်။
မုန့်ချီကတော့ ဆက်၍ရှုပ်ထွေးနေခဲ့၏။ ထို့ကြောင့် သူက မေးလိုက်သည်။
“နေရာ ပြောင်းလဲသွားတာလား....”
“ဟုတ်တယ်....”
မိန်းကလေးရူက လှုပ်ရှားနေသော ရွှေရောင်အလင်းစက်လေးများကို လက်ညှိုးထိုးပြပြီး ပြန်ဖြေလိုက်သည်။
“နင်က နေရာတစ်ခုကို ကြည့်တဲ့အချိန်ကျရင် အလင်းစက်တစ်ခုချင်းဆီတိုင်းက မတူညီတဲ့နေရာတွေမှာ ရှိနေသလိုမျိုးပဲ၊ ဒါကြောင့် သူတို့တွေက အချင်းချင်း မမြင်ရဘူး၊ ဒါပေမဲ့ နင်က နေရာပြောင်းသွားရင်
ကော၊ နင်က ရေကန်ထဲမှာရှိနေတဲ့ ငါးတစ်ကောင်လိုမျိုး ဒါမှမဟုတ် ရွှေရောင်အလင်းစက်လိုမျိုး ဖြစ်နေရင်ကော... .”
ထိုသို့ဆိုလျှင်တော့ သူက အပေါ်သို့တက်လာသည့်အချိန်တွင် ငါးဖမ်းသမားတစ်ယောက်တည်းကိုသာ တွေ့မြင်ရပါလိမ့်မည်။
မုန့်ချီက ရုတ်တရက် နားလည်သွားခဲ့ပြီး အလွန်ဒေါသထွက်၍ အလွန်ကြောက်လန့်သွားခဲ့သည်။
“ငါက တခြားလူရဲ့ရေကန်ထဲမှာရှိတဲ့ ငါးတစ်ကောင်လား၊ တံငါသည်က အချိန်မရွေး ဖမ်းလို့ရတဲ့ ငါးတစ်ကောင်လား....”
သူက ထိုအရာကို ဝန်မခံချင်သော်လည်း မိန်းကလေးရူ၏သုံးသပ်မှုက ဖြစ်နိုင်ချေရှိကြောင်း မုန့်ချီက သိနေခဲ့သည်။ ထိုအရာက သူ၏သံသယနှင့် အကြောက်တရားများကို ဖယ်ရှားပေးနေခဲ့သည်။
`ဒါဆိုရင် အထွဋ်အမြတ်တောင်က လူက အဲဒီတံငါသည်လား... ´
မုန့်ချီက နောက်တစ်ကြိမ် ရှုပ်ထွေးသွားခဲ့ပြန်သည်။
`ဒါပေမဲ့ အထွဋ်အမြတ်တောင်မှာ ဖြစ်ခဲ့တဲ့အခြေအနေက အတိတ်တုန်းကဖြစ်ခဲ့တာ၊ ဒါကြောင့် အဲဒီလူကသာ အသက်မရှင်တော့ရင် လျှို့ဝှက်ကျင့်စဉ်ကိုသုံးပြီး သူ့ကိုမြင်ရမှာ မဟုတ်ဘူး၊ ဒါဆိုရင် အဲဒီလူက အသက်ရှင်နေသေးတာလား...´
သူ၏နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များပြည့်နှက်လာသည်။
သူ၏စိုးရိမ်မှုများကလည်း မှန်ကန်နေကြောင်း သက်သေပြနေခဲ့၏။ မုန့်ချီက ကျန်းကျိဝေနှင့် ပြောဖြစ်ခဲ့သော အကြောင်းအရာများကို ပြန်လည်စဉ်းစားမိခဲ့ပြီး သက်ပြင်းချလိုက်မိသည်။ကောင်းကင်ဘုံမှ နတ်ဘုရားများအားလုံးကသာ သူတို့ကို ကျားစေ့လေးများအဖြစ် အသုံးချနေမည်ဆိုလျှင် မည်သည့်အရာများ ဖြစ်လာမည်နည်း။
သူက တဖြည်းဖြည်း တည်ငြိမ်သွားခဲ့၏။အဘယ်ကြောင့်ဆိုသော် သူက ထိုရလဒ်ကို မျှော်လင့်ထားခဲ့ပြီးသားဖြစ်သည်။ လက်ရှိအချိန်တွင် သူလုပ်နိုင်သည်မှာ လက်မလျော့ဘဲ အခွင့်အရေးအတွက် တိုက်ခိုက်ရန်သာဖြစ်၏။ သူက အခြေအနေတစ်ရပ်လုံးအတွက် အသေးစိတ် ပြင်ဆင်ထားရန် လိုအပ်၏။
သူက ဒုတိယကောင်းကင်လှေကားသို့ရောက်ပြီး သိုင်းသခင်တစ်ယောက် ဖြစ်လာမည့်အချိန်တွင် လေဟာနယ်မိန်းမပျိုဂိုဏ်းနှင့် ဆွေးနွေး၍ လူလိမ်ဝမ် ပြောခဲ့သော လောကသခင် ဓားသိုင်း(၆)ကွက်ထဲမှ ` ပြီးခဲ့တာတွေ ပြီးပါစေတော့ ´ ဟူသော သိုင်းကွက်ကို လျင်မြန်စွာ လေ့ကျင့်နိုင်သည်။
သူက ဒုတိယကောင်းကင်လှေကားကို ရောက်သွားပြီး သိုင်းသခင်တစ်ယောက်ဖြစ်လာလျှင် လေဟာနယ်မိန်းမပျိုဂိုဏ်းနှင့် ဆွေးနွေးနိုင်မည်ဖြစ်သည်။ ထို့နောက် အနာဂတ်ခန်းမထဲမှ ကြေးမုံအပိုင်းအစလေးများလည်း ရှိနေသေးသည်။ သူက သဲလွန်စများရှိမရှိ ထိုအရာများကို လေ့လာကြည့်ချင်ခဲ့၏။
သူက အထွဋ်အမြတ်တောင်ထိပ်သို့ နောက်တစ်ကြိမ် သွားရောက်ရမည်ဖြစ်ကြောင်း သိနေခဲ့သည်။
`အဲဒီတံငါသည်က ဘယ်သူလဲ၊ ဘယ်လိုအင်အားကြီးပညာရှင်မျိုးလဲ... ´
မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေကြောင်း စုန့်ပင်းတီနှင့် မိန်းကလေးရူတို့က သိနေကြသည်။
သူတို့က အချင်းချင်း ကြည့်နေမိကြပြီး ထိုအမည်မဲ့ဓားသမားဆီတွင် ခန့်မှန်း၍မရနိုင်သော အစွမ်းမျိုး ရှိနေကြောင်း တွေးမိနေကြ၏။
မုန့်ချီက လေပူများကို မှုတ်ထုတ်လိုက်ပြီး တချိန်တည်းတွင် အကြောက်တရားများအားလုံးကို ဖယ်ရှားလိုက်သည်။ သူက ထာဝရတောင်ကြားနှင့် ပတ်သက်သောအရာတစ်ခုကိုသာ သံသယဝင်နေခဲ့၏။
`သူတို့က ဘယ်လိုဖြစ်ပြီး ပြန်လည်ဝင်စားခြင်းမှော်အစွမ်းကို အလွယ်တကူရခဲ့တာလဲ...´
မိန်းကလေးရူက သူမ၏မှတ်ဉာဏ်များ ပေါ်လာခဲ့သည့်အချိန်တွင် ထာဝရတောင်ကြားကို ပြန်လာရန် ရွေးချယ်ပြီး အုတ်ဂူများကို အလွယ်တကူ ဖောက်ခဲ့သည်။ သူတို့၏လမ်းကြောင်းများက ဆန့်ကျင်ဘက် ဖြစ်နေသည်မှာ သေချာ၏။
သို့သော် အခြေအနေများကတော့ ထူးဆန်းနေသည်။ ဝေ့ကျင်းအဆင့် အလောင်းများတစ်ခုမျှ ထွက်ပေါ်လာခြင်းမရှိပေ။ ထိုအရာက ရှေးတုန်းကသာ ဖြစ်ပေါ်လာခဲ့ဖူး၏။
မိန်းကလေးရူနှင့်စုန့်ပင်းတီတို့က သူတို့၏ အစစ်အမှန်နာမည်များကို ဝန်ခံခဲ့ပြီး သူ့ကိုလျှို့ဝှက်ကျင့်စဉ် သင်ကြားပေးခဲ့သည်မှာလည်း အနည်းငယ် ထူးခြားနေသည်။
ဝေ့ကျင်းအဆင့် ပညာရှင်အများစုနှင့် ဓမ္မကာရအဆင့် ပညာရှင်များအတွက်ပင် ထိုကျင့်စဉ်က ထုတ်ဖော်၍ မရနိုင်သောအရာတစ်ခုဖြစ်သည်။
“အင်မော်တယ် မဖြစ်ချင်တဲ့လူရော ရှိသေးလို့လား....”
ခေါင်းထဲတွင် ထိုမေးခွန်းများ ပေါ်လာသည့်အတွက် သူက မိန်းကလေးရူကို မေးလိုက်ရာ သူမက မချိပြုံး ပြုံးပြီးပြန်ဖြေလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါ့ကို ငွေရောင်ဓားသမားယီရှင်းက မှတ်မိသွားခဲ့လို့လေ၊ သူက နင့်ရဲ့ရှေ့မှာပဲ ငါ့ကိုတူညီတဲ့မေးခွန်းမျိုးမေးခဲ့တယ်... "
“ငွေရောင်ဓားသမားယီရှင်းလား..."
မုန့်ချီက အံ့သြသွားခဲ့ပြီး မျက်နှာပျက်ပျက်နှင့်ပြောလိုက်သည်။
“သူ သေသွားပြီ..."
“ဘယ်လို.... "
စုန့်ပင်းတီနှင့် မိန်းကလေးရူတို့ နှစ်ယောက်လုံး ထိတ်လန့်သွားခဲ့၏။
ထိုအချိန်တွင် အလွန်အစွမ်းထက်သော စွမ်းအင်အငွေ့အသက်များက အနားကိုရောက်လာခဲ့သည်။ သူတို့၏ပတ်ပတ်လည်တွင် ဝေ့ကျင်းအဆင့် ပညာရှင် အတော်များများ ရှိနေခဲ့၏။အရိပ်များကလည်း သူတို့ဆီကို ပျံသန်းလာပြီး စံအိမ်၏ဘယ်ဖက် လေထဲတွင် ပျံဝဲနေကြသည်။
သူမ၏ခန္ဓာကိုယ်က ငယ်ရွယ်ခြင်းမရှိသော်လည်း သူမ၏ဆံပင်ကို အဝတ်နှင့်စည်းထားခဲ့၏။ သူမ၏မျက်နှာက ရှည်မျောမျောဖြစ်ပြီး အေးစက်သောမျက်လုံးများ ရှိနေသည်။ သူမက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ငွေရောင်ချိတ်တစ်ချောင်းကို လက်နက်အဖြစ်သယ်ဆောင်ထားသည်။
"နှုတ်ဆက်ခြင်း အဘွားအို.."
စုန့်ပင်းတီက တိတ်တဆိတ် ရေရွတ်လိုက်သည်။
ထိုအရာက မြွေရှည်တောင်တန်းတွင် နာမည်ကျော် လမ်းမှားနတ်ဆိုးတစ်ယောက် ဖြစ်သည်။ သူမက ရွှေငွေဓားညီနောင်ကို ယှဉ်နိုင်သော ကောင်းကင်(၆)သွယ် ဝေ့ကျင်းအဆင့်ကို ရောက်နေခဲ့၏။
နောက်ထပ် အလင်းတန်းတစ်ခု ရောက်လာပြီး ထိုအရာကတော့ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများ ရှိနေသည့် ခြေဗလာကလေးငယ် တစ်ယောက်ဖြစ်သည်။
"သွေးဘိုးဘေးကလေးငယ် .."
မိန်းကလေးရူက ထိတ်လန့်စွာ ပြောလိုက်သည်။ သူကလည်း ထုံကွမ်နယ်မြေသွေးဝတ်ရုံအဖွဲ့အစည်းမှ ပြိုင်ဘက်ကင်းသိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။
သူက ကောင်းကင်(၅)သွယ် ဝေ့ကျင်းအဆင့်ကိုသာ ရောက်သေးသော်လည်း သူ၏စွမ်းရည်များက အံ့သြစရာကောင်းပြီး အလွန်ရက်စက်ကြမ်းကြုတ်သည်။သူက နှုတ်ဆက်ခြင်းအဘွားအိုထက်ပင် ပို၍ကြောက်စရာကောင်း၏။
မုန့်ချီက အနောက်ဖက်ကို အနည်းငယ်လှည့်ကြည့်လိုက်ရာ အနက်ရောင်တိမ်တိုက်တစ်ခု ချဉ်းကပ်လာကြောင်း မြင်လိုက်ရသည်။
ထို့နောက် ထိုအရာက ပိန်ပိန်ပါးပါးနှင့် အနက်ရောင်ဝတ်စုံ ဝတ်ထားသော အဘိုးအိုတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့၏။သူက အငွေ့အသက်များကို ထုတ်ဖော်ပြသခြင်းမရှိသော်လည်း ထိုနေရာတွင် ရပ်နေသည့်အချိန်၌ အနီးအနား ပတ်ပတ်လည်ကပင် လွှမ်းမိုးခံလိုက်ရကြောင်း တွေ့လိုက်ရသည်။
"အရိုးခြောက် နတ်ဆိုးဧကရာဇ်..."
စုန့်ပင်းတီနှင့် မိန်းကလေးရူတို့က တပြိုင်နက်တည်း ပြောလိုက်မိကြသည်။
တောင်ပိုင်းဖုန်းဆိုးမြေတစ်ခွင်လုံးတွင် အရိုးခြောက်နတ်ဆိုးဧကရာဇ်က ပြိုင်ဘက်ကင်းဖြစ်သည်။ သူက ကောင်းကင်(၆)သွယ် ဝေ့ကျင်းအဆင့်သာ ရှိသေးသော်လည်း သူက တခဏအတွင်း သိုင်းသခင်တိုင်းကို ရှင်းပစ်နိုင်သည်။
ထို(၃)ယောက် ပူးပေါင်းထားသည့်အတွက် သိုင်းသခင်တစ်ယောက်ကပင် သူတို့ကို ကာကွယ်ပေးရန် ခက်ခဲနိုင်၏။
စုန့်ပင်းတီနှင့်မိန်းကလေးရူတို့က မျက်နှာပျက်နေကြသည်။ သူတို့အားလုံးက ဘာကြောင့် ရုတ်တရက် ဝိုင်းရံထားကြကြောင်း သူတို့လည်း နားမလည်နိုင်ကြပေ။
သွေးဘိုးဘေးကလေးငယ်က အပြုံးနှင့်ပြောလိုက်၏။
“ယီရှင်းက အဆိပ်ပိုးကောင်ကြောင့် အဆိပ်မိနေတာ ကြာပြီ၊ မင်းတို့ရဲ့ လျှို့ဝှက်ချက်တွေလည်း ပေါ်သွားပြီ၊ ငါတို့(၃)ယောက်အပြင် ငါတို့ဖက်မှာ ဝေ့ကျင်းအဆင့် ပညာရှင်တွေ အများကြီးရှိသေးတယ်၊ ပြီးတော့ အဆိပ်ပိုးကောင်တွေနဲ့အတူ သိုင်းသခင်အဆင့် ပညာရှင်နှစ်ယောက်လည်း ရောက်လာနေသေးတယ်၊ မင်းတို့က ဉာဏ်ကောင်းတယ်ဆိုရင်တော့ အခုချက်ချင်းပဲ အညံ့ခံလိုက်တော့...."
"ယီရှင်းက အဆိပ်ပိုးကောင်နဲ့ ချိတ်ဆက်ထားတာလား.."
မုန့်ချီက တစ်စုံတစ်ခုကို ဝိုးတဝါးနားလည်သွားခဲ့သည်။
စုန့်ပင်းတီနှင့် မိန်းကလေးရူတို့က အချင်းချင်း ကြည့်ပြီး ခေါင်းခါလိုက်မိကြ၏။ ထို့နောက် မိန်းကလေးရူက မုန့်ချီကို မေးလိုက်၏။
“နင်က ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်နဲ့ ပတ်သက်တာတွေကို မသိချင်ဘူးလား....”
Translated by Hein Htet.