အခန်း (၇၁၀)
Vol. 48 Ch. 710
ရှောင်လင်ကျောင်းက သိုင်းနတ်ဘုရား
အပိုင်း(၇၁၀) {စာစဉ် ၄၈ - အပိုင်း(၅)}
“ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်လား၊ မသေမျိုး လျှို့ဝှက်ချက်တွေလား...”
နှုတ်ဆက်ခြင်းအဘွားအိုနှင့် အရိုးခြောက်နတ်ဆိုးဧကရာဇ်တို့၏ မျက်လုံးများက ရုတ်တရက် မီးဝင်းဝင်းတောက်ပလာခဲ့သည်။ ထို့နောက် သူတို့က မိန်းကလေးရူ၏ စကားလုံးများကို မကြားသည့်အလား အနားကို ထပ်မံစုရုံးလာခဲ့ကြ၏။
နူးညံ့သော မျက်နှာလေးတစ်ခု ရှိနေသည့် သွေးဘိုးဘေးကလေးငယ်က အပြုံးနှင့် ပြောလိုက်၏။
“မင်းကို ဖမ်းရတာက စိတ်ဝိညာဉ်တွေကို ဖမ်းရတာနဲ့ အတူတူပဲ၊ ပြီးတော့ ငါတို့ သွေးဝတ်ရုံဂိုဏ်းက လျှို့ဝှက်နည်းလမ်းကို ရပြီးသွားပြီ၊ ငါတို့က ထူးချွန်တဲ့ ပါရမီရှင်တွေကို အဲဒီအရာတွေ အမွေဆက်ခံခိုင်းထားတယ်၊ မင်းရဲ့လှည့်ကွက်တွေက အသုံးမဝင်တော့ဘူး….”
အရိုးခြောက်နတ်ဆိုးဧကရာဇ်နှင့် နှုတ်ဆက်ခြင်းအဘွားအိုတို့က မျက်လွှာချထားသည့်အတွက် သူတို့၏မျက်လုံးများကို မတွေ့ရပေ။ သို့သော် သူတို့က တခဏအတွင်း အဆင်သင့် တိုက်ခိုက်နိုင်ရန် ပြင်ဆင်ထားကြသည်။
“သွေးဝတ်ရုံဂိုဏ်းက ခန္ဓာကိုယ်ထဲမှာ အဆိပ်တစ်မျိုးထည့်ပြီး ထိန်းချုပ်ထားတဲ့ ဝေ့ကျင်းအဆင့်ပညာရှင်တွေ ရှိတယ်၊ မဟုတ်ရင် သူတို့က ဒီလိုအခွင့်ကောင်းမျိုးကနေ ရုန်းထွက်နိုင်ကြမှာလား….”
စုန့်ပင်းတီက အံကြိတ်ပြီး ပြောလိုက်သည်။ သူ၏လေသံထဲတွင် ဒေါသနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့၏။
သွေးဝတ်ရုံဂိုဏ်းမှ ဝေ့ကျင်းအဆင့် ပညာရှင်အရေအတွက်က အလယ်ကုန်းမြေကြီးထဲတွင် ရှိနေသော အဖွဲ့အစည်းအများစုနှင့် စွမ်းအားချင်း တူညီနေခဲ့သည်။ သို့သော် သူတို့က တောင်ပိုင်းဖုန်းဆိုးမြေကို အုပ်စိုးနိုင်ခဲ့၏။ သူတို့က အဆိပ်ပိုးကောင်နတ်ဘုရားနှင့် ဆက်သွယ်နေကြသည့်အတွက် လမ်းမှားနတ်ဆိုးများကို ထိန်းချုပ်ရန် လွယ်ကူလှသည်။
သူတို့ တစ်ဖွဲ့လုံး၏အစွမ်းက အလွန်ကြောက်စရာ ကောင်းလွန်းလှ၏။ စုန့်ပင်းတီ၏ သုံးသပ်ချက်ကို မုန့်ချီလည်း သံသယမဝင်ခဲ့ပေ။ သွေးဘိုးဘေးကလေးငယ်ဆီမှ ရခဲ့သောအချက်က သူတို့နှစ်ယောက်လုံးကို လုံးဝထိန်းချုပ်ထားနိုင်ခဲ့သည်။
“သူတို့က အလျင်မလိုကြဘူး...”
မုန့်ချီက မူမမှန်မှုကို ချက်ချင်း ထောက်ပြလိုက်သည်။ အားနည်းသောပြိုင်ဘက်များကို တွေ့ရသည့်အချိန်တွင် မည်သူက ချက်ချင်း မတိုက်ခိုက်ဘဲ ထိုကဲ့သို့သော စကားမျိုးကို ပြောနေမည်နည်း။
မိန်းကလေးရူ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်လာပြီး ခရမ်းရောင်သန်းလာခဲ့သည်။
“သူတို့က နင့်ကို သတိထားမိကြတယ်လေ၊ နင့်ရဲ့အစွမ်းကို စဉ်းစားပြီး အရင်ဆုံး ဝိုင်းရံထားဖို့ပဲ တွေးထားတာ ဖြစ်ရမယ်..။ သူတို့က သိုင်းသခင်အဆင့်အစွမ်းထက်ပညာရှင်နှစ်ယောက်နဲ့ ထိပ်တန်းစွမ်းအားရှိနေတဲ့ ပိုးကောင်ဘိုးဘေးကို စောင့်နေကြတာ….”
တောင်တန်းများထဲတွင် စောင့်ကြည့်နေသော မျက်လုံးထောင်ပေါင်းများစွာ ရှိနေသည့်အတွက် မုန့်ချီ ရှိနေခြင်းကို သူတို့က သိနေကြသည်။
“နင် ပြောတာ မှန်တယ်…”
မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်ပြီး ညာဖက်လက်နှင့် ဓားလက်ကိုင်ကို ပွတ်သပ်နေခဲ့သည်။
မုန့်ချီ၏ တည်ငြိမ်မှုကြောင့် မိန်းကလေးရူကလည်း သက်ရောက်ခံလိုက်ရ၏။ သူမက ရုတ်တရက် ပြောလိုက်သည်။
“တကယ်လို့ နင်သာ ငါတို့ကို အန္တရာယ်ထဲကနေ ကူညီကယ်ထုတ်ပေးနိုင်မယ်ဆိုရင် သွေးပင်လယ်ယက္ခတောင် မသိသေးတဲ့ ထာဝရမျိုးနွယ်စုရဲ့အရေးကြီးဆုံး လျှို့ဝှက်ချက်တစ်ခုကို ပြောပြမယ်...”
မုန့်ချီက မသေသေးသော ဝေ့ကျင်းအဆင့် ဖုတ်ကောင်ကို အနိုင်ရခဲ့ကြောင်း သူမနှင့် စုန့်ပင်းတီတို့က မြင်ဖူးထားသည်။ သူ့အစွမ်းက သိုင်းသခင်အဆင့်ကို ရောက်လုနီးပါး ဖြစ်နေသည်ဟု သူတို့က ယုံကြည်ချက်ရှိနေကြ၏။ သူက အိမ်အပြင်ဘက်တွင် ရပ်နေသော အစွမ်းထက်ပညာရှင်(၃)ယောက်ထက်ပင် ပို၍အစွမ်းထက်နိုင်သည်။
သူက (၃)ယောက်လုံးကို အနိုင်ရရန် ခက်ခဲသော်လည်း ထိုအရာက သူတို့အတွက် အခွင့်အရေးတစ်ခုဖြစ်၏။
“ထာဝရရှင်သန်ခြင်းနည်းလမ်းအပြင် နောက်ထပ်အရေးပါတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိသေးတာလား...”
မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့သည်။ သူက ထိုအရာကို မထင်ထားခဲ့ပေ။ ထို့ကြောင့်လည်း သွေးပင်လယ်ယက္ခက ထာဝရမျိုးနွယ်စု၏ မျိုးဆက်များကို လိုက်လံရှာဖွေနေခြင်းဖြစ်သည်။
မုန့်ချီက ထိုပြဿနာထဲသို့ အလွန်အကျွံ ပတ်သက်မိနေပြီဖြစ်သည့်အတွက် ရှောင်ဖယ်နေ၍ မရနိုင်တော့ပေ။ သူက သွေးဝတ်ရုံအဖွဲ့အစည်း၏ ရက်စက်ကြမ်းကြုတ်မှုကို မုန်းတီးခဲ့သည်။
တချိန်တည်းတွင် မိန်းကလေးရူက အဆိပ်ပိုးကောင်နတ်ဘုရားနှင့် လျင်မြန်စွာ သစ္စာဆိုပြီး ပြောလိုက်သည်။
“နင်က ငါ့ရဲ့လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဖို့ပဲလိုတယ်….”
ပဉ္စမကောင်းကင်ဝေ့ကျင်းအဆင့်ကို ရောက်လာပြီး နိယာမဖြစ်စဉ်ကဲ့သို့သော အစွမ်းထက် စွမ်းရည်များနှင့် ပေါင်းစည်းလိုက်သည့်အချိန်တွင် သူက သိုင်းသခင် တစ်ယောက်နီးပါး အစွမ်းထက်သည်။ အစွမ်းထက်သော ပညာရှင်များထဲတွင် ကူရှောင်စန်းတစ်ယောက်တည်းကသာ သူ့ကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိ၏။
အကယ်၍ အရိုးခြောက်နတ်ဆိုးဧကရာဇ်၊ သွေးဘိုးဘေးကလေးငယ်နှင့် နှုတ်ဆက်ခြင်းအဘွားအိုတို့ကသာ သူ့ကို တစ်ယောက်ချင်းတိုက်ခိုက်ကြမည်ဆိုလျှင် သူက သေချာပေါက် အနိုင်ရမည်ဟု ယုံကြည်ချက်ရှိသည်။ အများဆုံး သူက အရိုးခြောက်နတ်ဆိုးဧကရာဇ်ကို ရင်ဆိုင်ရန် အချိန်နည်းနည်း ပေးရနိုင်သော်လည်း သေချာပေါက် အနိုင်ရနိုင်သည်။ သူတို့(၃)ယောက် ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်တော့ အချိန်တိုလေးအတွင်း အနိုင်ရရန် မဖြစ်နိုင်ပေ။
အကယ်၍ သူ့ဆီ၌ အချိန် လုံလုံလောက်လောက်ရှိလျှင်တော့ အခွင့်အရေးတစ်ခု ရှိနိုင်သေးသည်။ ပြဿနာကကတော့ တိုက်ပွဲကသာ ကြာသွားမည်ဆိုလျှင် နောက်ထပ် သိုင်းသခင်အဆင့်ပညာရှင်(၂)ယောက်နှင့် ပိုးကောင်ဘိုးဘေးတို့ ရောက်လာနိုင်သည်။
သူတို့ရောက်လာသည့်အချိန်တွင် သူက လေဟာနယ်ထိုးဖောက်ရေးအဆောင်ကို သုံးလျှင်ပင် လွတ်မြောက်နိုင်ခြင်း မရှိချေ။ ယခုချိန်ထိ ရောက်မလာသေးသော လူ(၃)ယောက်က သူ့ကို တစ်ယောက်ချင်း ထိပ်တိုက်ရင်ဆိုင်နိုင်သည့်အစွမ်းမျိုး ရှိနေကြသည်။
အကူအညီပေးရန် သဘောတူလိုက်ပြီးနောက် မုန့်ချီက ခေါင်းထဲတွင် နှစ်ဖက်စလုံး၏ အခြေအနေကို သုံးသပ်နေပြီး အခြေအနေမှ လျင်မြန်စွာ ရုန်းထွက်နိုင်သော နည်းလမ်းတစ်ခုကို ရှာဖွေကြည့်နေခဲ့သည်။
နှုတ်ဆက်ခြင်းအဘွားအိုနှင့် အရိုးခြောက်နတ်ဆိုးဧကရာဇ်တို့ကို သွေးဝတ်ရုံအဖွဲ့အစည်းက ထိန်းချုပ်ထားသည့်အတွက် သူတို့ကလည်း သေရေးရှင်ရေး အခြေအနေမျိုးတွင် သေချာပေါက် ရုန်းကန်တိုက်ခိုက်ကြလိမ့်မည်။ အကယ်၍ သူတို့ကသာ နောက်မဆုတ်တမ်း တိုက်ခိုက်နိုင်မည်ဆိုလျှင် ရလဒ်က တခြားသူများကို သတိပေးသလို ဖြစ်သွားပါလိမ့်မည်။ သူတို့၏အပြုအမူက တိုက်ပွဲထဲတွင် အားနည်းချက် ပေါ်မလာစေရန် အလွန်အမင်းကို သင့်တော်နေသည်။
`ငါ၊ ထူးခြားမှုနှင့် အမှန်တရား´ သိုင်းကွက်က သူတို့အပေါ် သုံးထားသော မှော်အစွမ်းများကို ဖိနှိပ်ပြီး ဖယ်ရှားပေးနိုင်ခြင်းရှိမရှိ သူက သေချာမသိရသေးပေ။ မုန့်ချီက ကူအဆိပ်ပိုးကောင်၏ အသေးစိတ်ကို မသိခဲ့သည့်အတွက် ထိုအခြေအနေကို မသေချာသလို ဖြစ်နေခဲ့သည်။
သူက `ငါ၊ ထူးခြားမှုနှင့် အမှန်တရား´ သိုင်းကွက်ကိုလည်း မသုံးရဲခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အကယ်၍ သူသာ လွဲချော်သွားမည်ဆိုလျှင် အဖိုးတန် အခွင့်အရေးတစ်ခုကို လက်လွှတ်ဆုံးရှုံးရပါလိမ့်မည်။
ထိုအချိန်တွင် သွေးဘိုးဘေးကလေးငယ်က အနည်းငယ်ပြုံးပြီး ပြောလိုက်၏။
“မင်းမှာ အကူအညီရှိတယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ သူ့ရဲ့အစွမ်းက ငါတို့ ဝိုင်းရံထားတာကို ချိုးဖောက်ဖို့ မလုံလောက်ဘူးဆိုတာ ငါသိတယ်။ သားရဲနတ်ဘုရား၊ လူရိုင်းဘိုးဘေးနှင့် ပိုးကောင်ဘိုးဘေးတို့ ရောက်လာပြီဆိုရင် မင်းတို့က သေရလိမ့်မယ်။ အခုချိန်မှာ အညံ့ခံမယ်ဆိုရင်တော့ နှိပ်စက်တာ မခံရတော့ဘူး မဟုတ်လား...”
သွေးဘိုးဘေးကလေးငယ်က နှုတ်ဆက်ခြင်းအဘွားအိုနှင့် အရိုးခြောက်နတ်ဆိုးဧကရာဇ်ကိုကြည့်ပြီး ပို၍ယုံကြည်ချက်ရှိလာခဲ့သည်။ ယီရှင်း၏ ခန္ဓာကိုယ်ထဲရှိ လျှို့ဝှက်နည်းလမ်း၏ မှတ်တမ်းများအရ အဖြူဝတ်ဓားသမားက အစွမ်းထက်သော်လည်း သူ့ဆီတွင် ကန့်သတ်ချက်များ ရှိနေသည်။ သူက ဝေ့ကျင်းအဆင့် ဖုတ်ကောင်ကို ရင်ဆိုင်နိုင်သော်လည်း တိုက်ပွဲကိုပိုကြာစေရန် အချိန်ဆွဲခြင်းသာဖြစ်သည်။
မုန့်ချီက သူ၏ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး တည်ငြိမ်အောင် ကြိုးစားလိုက်၏။ သူ့ခေါင်းထဲတွင် တစ်ခုတည်းသောအရာကတော့ စိတ်နှင့် စွမ်းအားနှစ်ခုလုံးကို အတတ်နိုင်ဆုံး ထိန်းချုပ်ရန်ဖြစ်သည်။
သွေးဘိုးဘေးကလေးငယ်က သွေးဝတ်ရုံအဖွဲ့အစည်းထဲတွင် အရေးပေးခံခဲ့ရသည့်အတွက် သူ မအောင်မြင်လျှင်ပင် သူ့အတွက်အပြစ်ပေးမှုက ကြောက်စရာမကောင်းချေ။ ထို့ကြောင့် သူက တိုက်ပွဲထဲတွင် သူ့အသက်ကို အမှန်တကယ် စွန့်စားမည်လော။ ဤနေရာကို လာနေသော အစွမ်းထက် အကူအညီများ ရှိနေသည့်အတွက် သူက တိုက်ပွဲကို အမှန်တကယ် သူသေကိုယ်သေ တိုက်ခိုက်မည်လော။သူက အချိန်ဆွဲနေရန် ပို၍လိုလားသည်။
မုန့်ချီက သူ၏ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ဘယ်ဖက်လက်ထဲသို့ ပြောင်းလိုက်၏။ ထို့နောက် ထိုင်ခုံမှ မတ်တပ်ရပ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ကြည့်လိုက်သည်။
“ငါက ထပ်ပြီးတော့ အချိန်ဆွဲလို့ မရတော့ဘူး။ မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်...”
သွေးဘိုးဘေးကလေးငယ်က စကားလုံးများနှင့် ဆက်၍ တိုက်ခိုက်နေသေးသည်။
“တကယ်လို့ သူတစ်ယောက်တည်းဆိုရင်တော့ အခွင့်အရေးတစ်ခု ရှိနိုင်သေးတယ်။ ဒါပေမဲ့ မင်းတို့နှစ်ယောက်ရှိနေမှတော့ သူလည်း အိပ်မက်မက်နေရုံပဲ ရမယ်။ တကယ်လို့ သူ့ဆီမှာ ဝူမင်ဆိုတဲ့ နာမည်ရှိနေရင်တောင် ဒီလောကကြီးထဲမှာ စုဝူမင်ဆိုတာ တစ်ယောက်တည်းပဲ ရှိတယ်….”
မိန်းကလေးရူ၏ မျက်နှာအမူအရာက လုံးဝကို ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သွေးဘိုးဘေးကလေးငယ်၏ စကားလုံးများက မှန်ကန်နေကြောင်း နားလည်သွားခြင်းကြောင့်ဖြစ်၏။
အကယ်၍ အမည်မဲ့ပညာရှင်ကသာ သူတို့နှစ်ယောက်ကို ခေါ်ဆောင်သွားခြင်းမရှိလျှင် တိုက်ပွဲထဲမှ ဘေးမသီရန်မခ ထွက်သွားနိုင်သည်။ ထိုအချိန်တွင် သူမကတော့ မုန့်ချီ၏ ညာဖက်လက်ထဲတွင် ပေါ်လာသော ခရမ်းရောင်မိုးကြိုးအလင်းတန်းများနှင့် မိုးကြိုးဓားမောက်တစ်ချောင်းကို မြင်လိုက်ရသည်။
အရုဏ်တက်ချိန်အလှတရားများက ပျက်စီးသွားခဲ့ပြီး သွေးဘိုးဘေးကလေးငယ်က စကားပြောပြီးသွားသည့်အချိန်တွင် စံအိမ်ထဲမှ ထွက်ပေါ်လာသော ဓားအလင်းရောင်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုအရာက နှစ်ပိုင်းကွဲသွားပြီး ထို့နောက် (၄)ပိုင်း ထို့နောက် ဓားအလင်းတန်း(၁၀၀)ခန့် ပြောင်းလဲ၍ ရိုးရှင်းသော ဝင်္ကပါတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဓားအလင်းတန်းဝင်္ကပါက အရိုးခြောက်နတ်ဆိုးဧကရာဇ်ကို တိုက်ခိုက်လိုက်၏။ သူက အစွမ်းထက်ဆုံး တိုက်ခိုက်မှုနှင့် ပထမဆုံး တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
အရိုးခြောက်နတ်ဆိုးဧကရာဇ်က တူလုံတောင်တန်းမှ အရိုးစုတစ်ခုသာဖြစ်သည်။ သူက အခွင့်အရေးတစ်ခု ရသွားပြီး အသိဉာဏ် ရှိလာခဲ့သည့်အပြင် ခန္ဓာကိုယ်၏ ထူးခြားမှုကြောင့် ကောင်းကင်(၆)သွယ် ဝေ့ကျင်းအဆင့်ကို ရောက်လာခဲ့၏။ ယခု သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရှိနေသော နယ်မြေများက ရန်သူ၏ဓားမောက်ချီစွမ်းအင်များကို နှေးကွေးသွားစေနိုင်သော အဆိပ်နယ်မြေတစ်ခု ဖြစ်ပေါ်နေသည်။ ထို့ကြောင့် သူက အချိန်တိုလေးအတွင်း သိုင်းသခင်တစ်ယောက်ကို ရင်ဆိုင်နိုင်ခြင်းဖြစ်သည်။
“ဂျိမ်း … ဂျိမ်း … ဂျိမ်း .”
ဓားအလင်းတန်းများက လုံးဝမဆုံးနိုင်သည့်အလား ကျဆင်းလာနေခဲ့၏။ အလင်းတန်းတစ်ခုချင်းဆီကလည်း အလွန်အမင်းကို ထက်မြက်ပြီး ကြောက်စရာ ကောင်းနေခဲ့သည်။
ကောင်းကင်နှင့် မြေကြီးက ရုတ်တရက် မည်းမှောင်လာပြီး ဖုန်မှုန့်များက သူတို့ကို လွှမ်းခြုံလာခဲ့၏။ ဓားအလင်းတန်းက အမှောင်ထုကို ချိုးဖျက်လာနိုင်သော်လည်း တဖြည်းဖြည်း နှေးကွေးပြီး အားနည်းလာခဲ့သည်။ မုန့်ချီ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများကလည်း တဖျစ်ဖျစ်မြည်သံများ ထွက်လာခဲ့၏။
သွေးဘိုးဘေးကလေးငယ်က နှာခေါင်းရှုံ့လိုက်ရာ လက်ထဲတွင် သွေးရောင်အလုံးတစ်ခု ပေါ်လာခဲ့သည်။ ထိုသွေးရောင်အလုံးထဲမှ ရေငွေ့များ ထွက်လာနေသလို ထင်မှတ်ရပြီး သွေးဘိုးဘေးကလေးငယ်က ထိုအရာနှင့် မုန့်ချီကို တိုက်ခိုက်ရန် အဆင်သင့်ပြင်လိုက်၏။ နှုတ်ဆက်ခြင်းအဘွားအိုကလည်း သူမ၏ငွေရောင်ချိတ်နှင့်အတူ စတင်တိုက်ခိုက်လိုက်သည်။ တစ်ယောက်က လှုပ်ရှားလိုက်သည့်အချိန်တွင် လူတိုင်းက လှုပ်ရှားလိုက်၏။ ထိုနေရာကို အပြင်ဖက်မှ ပညာရှင်များက လုံးဝပိတ်ဆို့ထားခြင်းဖြစ်သည်။
ထိုအချိန်တွင် မုန့်ချီ၏ခန္ဓာကိုယ်က နတ်ဘုရားတစ်ပါးကဲ့သို့ စတင်ကြီးမားလာခဲ့၏။ သူက မိုးကြိုးဓားကို ကိုင်ထားပြီး မိုးကြိုးများအားလုံးက ဆူညံသောအသံများနှင့်အတူ စတင်ပြီး စုစည်းလာခဲ့၏။ ထို့နောက် သူက ခုတ်ချလိုက်သည်။
အရိုးခြောက်ဧကရာဇ်၏ ခန္ဓာကိုယ်ကလည်း စတင်ကြီးထွားလာပြီး ဧရာမအရိုးစုကြီးတစ်ခု ဖြစ်နေသည်။ သူ၏အရိုးအဆစ်များအားလုံးက လိုဏ်ဂူလူသားတစ်ယောက်ကဲ့သို့ ပို၍ကြီးမားနေခဲ့၏။ သူက ညာဖက်လက်နှင့် ရိုက်ချလိုက်ရာ အဆိပ်အလင်းတန်းများအားလုံးက စုစည်းသွားပြီး ဓားမောက်ကို တားဆီးထားလိုက်သည်။
“ဗုန်း….”
ကောင်းကင်ကြီးပေါ်တွင် အလင်းတန်းတစ်ခု ပေါ်လာပြီး မိုးကြိုးအလင်းတန်းများက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားသော တိမ်တိုက်မှိုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအရာက အလွန်ကြီးမားလွန်းလှသည့်အတွက် မိုးကြိုးပင်လယ်တစ်ခုပင် ဖြစ်ပေါ်လာပုံရ၏။ အနီးအနားတွင် ရှိနေသော တောင်ကုန်းများအားလုံးက ပျက်စီးသွားပြီး သစ်ပင်များအားလုံးက မည်းတူးသွားခဲ့သည်။
အပြင်ဖက်မှ ကြည့်နေကြသော ဝေ့ကျင်းအဆင့် ပညာရှင်များအားလုံးကတော့ အလွန်ထိတ်လန့်အံ့သြနေကြ၏။ သူတို့က နောက်ပြန်ဆုတ်လိုက်ကြပြီး လှုပ်ရှားမှုလှိုင်းလုံးများကို ရင်ဆိုင်ရန် မနည်းကြိုးစားနေရသည်။
ထိုသို့ဆိုရာတွင် တိုက်ခိုက်ခံရသည့် ပင်မနယ်မြေထဲတွင် ရှိနေသော သွေးဘိုးဘေးကလေးငယ်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့၏။ သူ မြင်နေရသည်မှာ ခရမ်းရောင်လျှပ်စီးကြောင်းများနှင့် အစိမ်းရောင်မိုးကြိုးများသာ ဖြစ်သည်။ သူက မုန့်ချီကို ခြေရာခံနိုင်ခြင်း မရှိသည့်အတွက် လက်နက်နှင့် တိုက်ခိုက်ရန် ရှာမတွေ့ခဲ့ပေ။
တချိန်တည်းတွင် မိုးကြိုးပင်လယ်ကြီးက လျင်မြန်စွာ ပျံ့နှံ့လာပြီး အလွန်ပြင်းထန်သော အဖျက်စွမ်းအားများကို သယ်ဆောင်လာခဲ့သည်။ ထိုအရာက ဖျက်စီးရေးစွမ်းအားများ ဖြစ်၏။ သူက လက်ဝါးနှစ်ဖက်ကို ဆက်၍ တွန်းပို့နေပြီး လက်ဝါးအရိပ်(၉)ခုခန့် ဖြစ်ပေါ်လာခဲ့သည်။ ထိုအခါ အလွန်ထူးဆန်းသောတံဆိပ်တစ်ခုအဖြစ် စုစည်းလာခဲ့၏။
ထို့နောက် သွေးကြာပန်းပွင့်လေးများက သူ့ခြေထောက်အောက်တွင် ကြီးထွားလာပြီး လက်ဖဝါးထဲမှ စွမ်းအားများနှင့် ပေါင်းစပ်သွားခဲ့သည်။ ထိုအချိန်ကျမှသာ သူက မိုးကြိုးအလင်းတန်းများကို ကာကွယ်နိုင်ခဲ့၏။
နှုတ်ဆက်ခြင်းအဘွားအို၏ အခြေအနေကလည်း ပိုကောင်းနေခြင်း မရှိချေ။ သူမက ငွေရောင်ချိတ်ကို ကိုင်ထားပြီး လေထဲကို တိုက်ခိုက်လိုက်သော်လည်း မိုးကြိုးများ၏ တားဆီးခြင်းကို ခံခဲ့ရသည်။
“ဝေါ့ .”
သူမက သွေးအန်လိုက်ရ၏။
အလွန်ကြီးမားသော အရိုးစုကြီးဆီမှနေ၍လည်း ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာနေသည်။ သူက ဓားမောက်ချီစွမ်းအင်များ တိုက်ခိုက်မှုကို ခံနေရ၏။ အရိုးစုက အလွန်မာကျောသည့်အတွက် ခန္ဓာကိုယ်ပေါ်တွင် မီးလောင်အမှတ်အသားများသာ ပေါ်လာခဲ့သည်။
မုန့်ချီက ဓားမောက်တိုက်ခိုက်မှုတစ်ခုနှင့်အတူ ဓားကို တိုက်ခိုက်လိုက်၏။ တစ်ခုပြီးတစ်ခု၊ တစ်ခုပြီးတစ်ခု ဆိုသလို သူက ဆက်၍ တိုက်ခိုက်နေခဲ့သည်။ ခရမ်းရောင်အလင်းတန်းများကလည်း နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကြီးတစ်ခုလုံးတွင် မီးတောက်များ လောင်ကျွမ်းနေခဲ့သည်။ သူက အရိုးခြောက်နတ်ဆိုးဧကရာဇ်ကို အကြွင်းမဲ့ဖိနှိပ်ထားခဲ့ပြီး တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေး မပေးခဲ့ချေ။
မိုးကြိုးများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည့်အချိန်တွင် သွေးဘိုးဘေးကလေးငယ်က မုန့်ချီကို နောက်တစ်ကြိမ် ရှာတွေ့သွားသည်။ သူကသွေးလုံးနှင့် မုန့်ချီကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်၏။
နှုတ်ဆက်ခြင်းအဘွားအိုကလည်း လေးနှင့်မြှားအသေးလေးတစ်ခုကို ထုတ်လိုက်သည်။ ထိုအရာက ကလေးကစားစရာတစ်ခုနှင့် ပို၍တူညီနေခဲ့၏။ နောက်ဆုံးတွင်တော့ သူတို့က တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုကို တွေ့လိုက်ရသည်။
ရုတ်တရက်ဆိုသလို မုန့်ချီ၏ဘယ်ဖက်လက်ထဲမှနေ၍ ရေလှိုင်းမီးတောက်ဓား ထွက်လာပြီး လုံးဝန်းသော နေလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ နေလုံးကြီးထဲမှ ထွက်ပေါ်လာသော အလင်းတန်းများက အဆုံးအစမဲ့ဖြစ်နေပြီး ကြမ်းတမ်းခက်ထန်နေသည့်အတွက် အလင်းတန်းတိုင်းက မျက်လုံးများကို လောင်ကျွမ်းသွားစေနိုင်ပုံရသည်။
“အဆုံးမဲ့အလင်းတန်း..အဆုံးမဲ့အချိန်…
တာအိုလောကနှင့် ပေါင်းစပ်နေသောနေလုံးကြီး…”
သူတို့၏ရှေ့တွင် ရှိနေသော အရာအားလုံးက ဖြူဖွေးသွားခဲ့ပြီး သွေးဘိုးဘေးကလေးငယ်က နောက်တစ်ကြိမ် မုန့်ချီကို မမြင်ရတော့ချေ။
သူက ဓားအလင်းတန်းနှင့် ရင်ဆိုင်ရန် အလုပ်များနေပြီး နှုတ်ဆက်ခြင်းအဘွားအိုလည်း အတူတူသာဖြစ်သည်။ သူမ၏ အနက်ရောင်ဖဲပြားလေးများက အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့၏။
အရိုးခြောက်နတ်ဆိုးဧကရာဇ်ကတော့ ပို၍များပြားသော လက်ဝါးချက်များ သုံးနေရပြီး ဓားအလင်းတန်းနှင့် ရင်ဆိုင်မိသည့်အချိန်တိုင်း သူတို့က ပျောက်ကွယ်သွားခဲ့သည်။
အလင်းတန်းများ ပျောက်ကွယ်သွားသည့်အချိန်တွင် သူတို့(၃)ယောက်က မုန့်ချီကို နောက်တစ်ကြိမ် မြင်လိုက်ရ၏။ ယခု သူ့ခန္ဓာကိုယ်က ကျုံ့သွားပြီး ဓားမောက်နှင့် ဓားရှည်နှစ်လက်လုံးကို တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားခဲ့သည်။ သို့သော် နောက်တစ်ကြိမ် ကြီးမားသော အဖျက်စွမ်းအားတစ်ခု ရောက်မလာတော့ပေ။
အကယ်၍ ထိုသို့ဆက်သွားမည်ဆိုလျှင် သူတို့က ဒုက္ခရောက်တော့မည်ဖြစ်၏။ သွေးဘိုးဘေးကလေးငယ်က မုန့်ချီ၏ တည်နေရာကို ဖော်ထုတ်နိုင်သည်နှင့် သူ၏သွေးလုံးကိုသုံးပြီး တိုက်ခိုက်လိုက်သည်။ သူက တိုက်ခိုက်မှုများကို ထိန်းချုပ်ထားခြင်း မရှိတော့သလို နှုတ်ဆက်ခြင်းအဘွားအိုလည်း အတူတူသာ ဖြစ်သည်။
သူမကလည်း ပျက်စီးလုနီးပါးဖြစ်နေသော လေးအသေးလေးနှင့် တိုက်ခိုက်လိုက်သည်။ အရိုးခြောက်နတ်ဆိုးဧကရာဇ်ကတော့ ဧရာမခန္ဓာကိုယ်ကြီးကို ဆက်လက်ထိန်းသိမ်းထားပြီး သူ၏အငွေ့အသက်များက ကြီးကျယ်ခမ်းနားနေခဲ့၏။ ထို့နောက် သူက လက်ဝါးနှစ်ဖက်နှင့် ရိုက်ချလိုက်သည်။
“ဖြောက် .”
သွေးလုံး၊ မြားနှင့် အရိုးစု၏လက်ဝါးများက မုန့်ချီကို တိုက်ခိုက်မိလိုက်သည့်အချိန်တွင် ချက်ချင်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအရာက ကိုယ်ပွားတစ်ခု ဖြစ်နေခဲ့၏။
အရိုးခြောက်နတ်ဆိုးဧကရာဇ်က မျက်မှောင်ကြုတ်လိုက်မိပြီး သူက လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း နားလည်သွားခဲ့၏။ ထိုတိုက်ခိုက်မှုများအားလုံးက သူတို့ကို လှည့်စားရန် လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်သည်။
ထို့နောက် မုန့်ချီက နှုတ်ဆက်ခြင်းအဘွားအို၏နောက်ဘက်တွင် ပြန်ပေါ်လာသည်။ သူ့ဆီတွင် ခေါင်း(၂)လုံး ၊ လက်(၄)ဖက်ရှိနေပြီး ကောင်းကင်ကြီးတစ်ခုလုံးကို ချုပ်ကိုင်ထားသလို ထင်မှတ်ရ၏။ သူ၏မျက်နှာပေါ်တွင်လည်း အေးစက်သော အမူအရာတစ်ခုရှိနေပြီး သူက ဓားရှည်နှစ်လက်နှင့် ဓားမောက်နှစ်လက်ကို တိုက်ခိုက်လိုက်သည်။
“စကြဝဠာသေတမ်းစာ....”
“သတိထား .”
အရိုးခြောက်နတ်ဆိုးဧကရာဇ်နှင့် သွေးဘိုးဘေးကလေးငယ်တို့က တပြိုင်နက်တည်း အော်ဟစ်သတိပေးလိုက်ကြသည်။
နှုတ်ဆက်ခြင်းအဘွားအိုကတော့ သူမကို ဖိနှိပ်ထားသော ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုကို ခံစားမိလိုက်သည့်အတွက် ချက်ချင်းဆိုသလို မျက်နှာပျက်သွားခဲ့သည်။
မုန့်ချီက သူမကိုသုံးပြီး သွေးဘိုးဘေးကလေးငယ်ကို သတိပေးလိုက်ခြင်း ဖြစ်သည်။
“ငါက စုဝူမင် မဟုတ်ပေမဲ့ ငါလည်း လျော့တွက်လို့မရတဲ့ လူတစ်ယောက်ပဲ….”
Translated by Hein Htet.