← Chapters

အခန်း (၇၁၅)

Vol. 48 Ch. 715

အခန်း (၇၁၅)

Vol. 48 Ch. 715

ရှောင်လင်ကျောင်းကသိုင်းနတ်ဘုရား

အပိုင်း (၇၁၅) {စာစဉ် ၄၈ - အပိုင်း(၁၀)}

သန့်စင်နေမင်းဂိုဏ်းထဲတွင် ရှိနေသော ကုသိုလ်ခန်းမထဲတွင် မုန့်ချီကတော့ ခွင့်တောင်းခြင်းကို စောင့်စားရန် မလိုအပ်သည့်အတွက် သူ၏အငွေ့အသက်ကို ထိန်းချုပ်မထားဘဲ သန့်စင်နေမင်းဂိုဏ်းထဲသို့ ဝင်ရောက်လာခဲ့သည်။

သူ အတွင်းထဲကို ရောက်လာသည့်အချိန်တွင် ချုံဟယ်ဆီမှနေ၍ စိတ်ဝိညာဉ် စကားပြောဆိုမှုကို လက်ခံရရှိခဲ့သည်။ ထို့နောက် သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး လေထဲသို့ ပျံသန်းသွားကာ ကုသိုလ်ခန်းမထဲတွင် တိုက်ရိုက်ပေါ်လာခဲ့၏။

ဆံပင်ဖြူနှင့် မုတ်ဆိတ်ဖြူ ရှိနေသော ဘိုးဘေးတိုတီ၏ ရုပ်တုက ခန်းမ၏ အပေါ်ဘက်တွင် တည်ရှိနေသည်။ သူ့လက်ထဲတွင်တော့ ကျမ်းစာတစ်ခုကို ကိုင်ထားပြီး နောက်ကျောဘက်တွင် ထိုက်ကျိစက်ဝိုင်းတစ်ခု ရှိနေသည်။

ထိုအချိန်တွင် အနက်ရောင်နှင့် အဖြူရောင် ယင်ယန်ဝတ်စုံ ဝတ်ဆင်ထားသော တာအိုသခင်ချုံဟယ်ကတော့ ရုပ်တုအောက်တွင် တင်ပျဉ်ခွေထိုင်နေခဲ့၏။ သူ၏မျက်ခုံးနှင့် မုတ်ဆိတ်များအားလုံးက ဖြူဖွေးနေပြီး သူ၏အသားအရေကတော့ ကလေးတစ်ယောက်ကဲ့သို့ ချောမွတ်နေသည်။ ထိုနေရာတွင် အလွန်တည်ငြိမ်အေးချမ်းပုံရသော ရွှေရောင်အလင်းတန်းတစ်ခု ရှိနေပြီး လောကကြီး၏ ပဋိပက္ခများနှင့် ကင်းကွာနေသလို ဖြစ်နေခဲ့၏။

သူတို့အပြင် ခန်းမကြီးထဲ၌ မည်သည့်အရာမျှမရှိဘဲ အနက်ရောင်အုတ်ခဲများသာ ရှိနေခဲ့သည်။ ပစ္စည်းများအားလုံးက ဗလာနတ္ထိ အခြေအနေထဲတွင် ရောက်နေသလို ထင်မှတ်ရ၏။ တွေဝေမိန်းမော၍ စိတ်ရှုပ်သွားခဲ့သော မုန့်ချီအတွက်တော့ တာအိုသခင်ချုံဟယ်ဆီတွင်လည်း ဘိုးဘေးတိုတီ၏ ရုပ်တုကဲ့သို့ တူညီသော အငွေ့အသက်တစ်ခု ရှိနေသည်ဟု ဝိုးတဝါး ခံစားမိနေခဲ့သည်။

"မကြာခင် အဆင့်တက်တော့မယ့်အတွက် ဂုဏ်ယူပါတယ် အကြီးအကဲ…"

တာအိုလောကကျင့်စဉ်မှနေ၍ ကောင်းကင်လမ်းညွှန်ချက်(၇)သွယ်ကို ဆက်ခံရရှိခဲ့ပြီးနောက် တာအိုသခင်ချုံဟယ်က အဆင့်တက်တော့မည့်ပုံပေါ်သည်။

တာအိုချုံဟယ်က အပြုံးနှင့် ပြန်ဖြေလိုက်၏။

"အချိန်နည်းနည်းတော့ လိုပါသေးတယ်…"

"အကြီးအကဲက အချိန်ကန့်သတ်ချက် အတိအကျကိုတောင် ပြောနိုင်နေတာပဲ။ ဒီတော့ သေချာပေါက် အဆင့်တက်ဖို့ နီးနေပြီလို့ ပြောလို့ရတယ်…"

မုန့်ချီက ရယ်ပြီး ပြန်ဖြေလိုက်သည်။ သူက အေးအေးဆေးဆေး အမူအရာနှင့် အနက်ရောင်အုတ်ခဲများပေါ်တွင် ထိုင်ချလိုက်၏။

ချုံဟယ်က အောင်မြင်စွာ လေ့ကျင့်ပြီးသွားပြီဖြစ်သည့်အတွက် အတော်လေးကို စိတ်လက်ပေါ့ပါးနေပုံရသည်။ မုန့်ချီကတော့ သူနှင့် နွေးနွေးထွေးထွေး စကားပြောဆိုခဲ့ပြီးနောက် မည်သည့်အရာကိုမျှ ထိန်ချန်မထားတော့ပေ။

ချုံဟယ်က အပြုံးနှင့် ပြောလိုက်၏။

"မင်းက အခက်အခဲတစ်ခုခု မရှိရင် ငါ့ဆီလာမှာမဟုတ်ဘူး။ ပြောစမ်းပါဦး ဘာကိစ္စလဲ…."

မုန့်ချီက ပြုံးလိုက်သည်။

"ကျွန်တော့်မှာ ဆရာကြီးကိုပြောဖို့ အရေးကြီးသတင်းတွေ ရှိတယ်…"

သူက အစမှနေ၍ ဟန်ကွမ်းနှင့် ကောင်းလန်တို့၏ လျှို့ဝှက်အကြံအစည်အကြောင်း၊ အရူးမင်းသားကို လူသားဧကရာဇ်ဓားက အသိအမှတ်ပြုလိုက်သည့် အရာ အပါအဝင် လျှို့ဝှက်ချက်အားလုံးကို ပြောပြခဲ့သည်။ လက်ရှိအချိန်တွင် လောကကြီးက ဘေးအန္တရာယ် ထူပြောနေပြီဖြစ်ပြီး ပဋိပက္ခကြီးများကလည်း မလွဲမသွေ ကြုံရတော့မည်ဖြစ်သည်။ နတ်ဘုရားလက်နက်မျိုးစုံက အမှန်တကယ်ကို ထွက်ပေါ်လာပြီဖြစ်၏။

တာအိုသခင်ချုံဟယ်က ထိတ်လန့်တုန်လှုပ်နေခြင်းမရှိဘဲ သက်ပြင်းချလိုက်မိသည်။ သူက ဆက်ပြောလိုက်၏။

"တကယ်လို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကသာ လူသားဧကရာဇ်ဓားက ဒကာကြီးကောင်းကို အသိအမှတ်ပြုလိုက်တဲ့အကြောင်း ကြားခဲ့ရမယ်ဆိုရင် ငါက စိတ်တည်ငြိမ်ဖို့ တော်တော်လေး ခက်ခဲနိုင်တယ်…”

ယခု ချုံဟယ်၏ အဆင့်တက်မှုက မလွဲမသွေ ဖြစ်လာတော့မည်ဖြစ်သည်။ ကောင်းလန်ကတော့ လူသားဧကရာဇ်ဓားကို နိုးထစေနိုင်ရုံသာ ရှိနေသေး၏။ ထိုအရာက အထွဋ်အထိပ်ကို တက်လှမ်းနေသော ရသေ့တစ်ပါးကဲ့သို့ဖြစ်နေသည်။

မုန့်ချီကတော့ ချုံဟယ်၏ စိတ်ထဲမှ ပြောချင်နေသော အဓိပ္ပာယ်ကို တိတ်တဆိတ် တွေးတောကြည့်နေခဲ့၏။ သူက မြေပြင်အင်မော်တယ် တစ်ယောက် ဖြစ်လာပြီး ဓမ္မအဆင့် သို့မဟုတ် ကဒြာမုနိ ဗောဓိတဗ္ပအဆင့်ကို ရောက်သွားပြီဆိုလျှင် ချန်းကယ်ဝင်္ကပါနှင့် ပေါင်းစပ်ထားနိုင်သော ကောင်းလန်ကတော့ တစ်ဝက်တစ်ပျက် နိုးထလာသော လူသားဧကရာဇ်ဓား၏ စွမ်းဆောင်ရည်ကြောင့် အနည်းငယ် နိမ့်ကျနေဦးမည်သာ ဖြစ်သည်။ ထို့ပြင် ဆရာကြီးလုက ဟန်ကွမ်းကို ကြောက်စရာ မလိုအပ်ပေ။

တစ်ခုတည်းသော ပြဿနာကတော့ သူတို့က နတ်ဆိုးလမ်းစဉ်နှင့် ပူးပေါင်းနေနိုင်ခြင်းဖြစ်သည်။ ထိုအချိန်တွင် ကျောင်းထိုင် ကုံဝမ်၊ ကွေချင်းဟယ်နှင့် ဟယ်ချီတို့ကလည်း ဝင်ရောက်နှောင့်ယှက်လာနိုင်၏။

မုန့်ချီက ထိုအခွင့်အရေးကို အရယူပြီး တခြားကိစ္စရပ်များကိုလည်း ဆက်လက်ပြောပြခဲ့သည်။ သူက ကံကြမ္မာကွင်းဆက်ကျင့်စဉ်ကိုသုံးပြီး ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားကို သတ်ပစ်ခဲ့သည်။ ထို့နောက် လေဟာနယ် မိန်းမပျိုဂိုဏ်းထဲတွင် လောကသခင် ပျက်သုဉ်းခြင်းဓားကို အာရုံခံစားမိခဲ့၏။

ထို့နောက် သူက ကူရှောင်စန်းနှင့် လျှို့ဝှက်စာချုပ်တစ်ခု ချုပ်ဆိုခဲ့ရပြီး သူက ကောင်းကင်(၉)သွယ်ကို ရှာဖွေရာတွင် ကူညီပေးရန် လိုအပ်သည်ဟု ပြောခဲ့သည်။ သို့သော် ကူရှောင်စန်းက သူ့ကို ယောကျ်ားဟုခေါ်သည့် ကိစ္စနှင့် သူတို့နှစ်ယောက်က ပြဿနာထဲမှ ရုန်းထွက်ရန် နှစ်မွှာကျင့်စဉ် ကျင့်ကြံခဲ့သည့်အရာကိုတော့ ဖုံးကွယ်ထားခဲ့သည်။

“သန့်စင်မှော်အရှင်က ကောင်းကင်(၉)သွယ်ထဲကို သွားခဲ့တာတော့ အမှန်ပဲ။ သူတို့အားလုံးက ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ထဲကို ဝင်သွားခဲ့ကြတယ်…”

ပထမတွင် ချုံဟယ်က တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့သည်။

ထို့နောက် သူက အဓိကအချက်ကို နားမလည်နိုင်သည့်အတွက် မုန့်ချီကို စနောက်လိုက်၏။

"မင်းနဲ့ ဒကာမလေးကူတို့ရဲ့ ကောလာဟလတွေကတော့ နေရာတိုင်းမှာ ပျံ့နှံ့နေတာပဲ။ မင်းနဲ့ ပတ်သက်ပြီး ပြောထားတဲ့သူတွေကတော့ မင်းက တော်တော်လေးကို အစွမ်းထက်တဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ မင်းက မိန်းမလှလေးတစ်ယောက်နဲ့အတူ လူအများရဲ့ အမြင်ကိုတောင် စိန်ခေါ်နေတယ်လို့ ပြောနေကြတာ။ မင်းက ဂုဏ်သတင်း ကျော်ကြားဖို့ကိုပဲ အာရုံစိုက်နေတဲ့အတွက် အရှင်သခင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မကိုက်ညီဘူးလို့လည်း တချို့က ပြောတယ်။ မင်းက အကောင်းအဆိုးကို မခွဲခြားနိုင်ဘူးတဲ့။ ဘာလို့လဲဆိုတော့ မိန်းမလှလေးကို သဘောကျပြီး နတ်ဆိုးလမ်းစဉ်ကို ရောက်သွားတယ်လို့ တွေးနေကြတယ်။ ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းမှာ မင်းနဲ့ ဒကာမလေးကူတို့ ဖက်ထားတာကို မြင်တဲ့သူတွေ ရှိနေတော့ မင်းကို အပြစ်ပေးသင့်တယ်လို့ တချို့က ပြောနေကြတယ်..”

“ဟန်ကွမ်းက ငါ့ကို ထိခိုက်အောင်လုပ်ဖို့ အခွင့်အရေးကို နည်းနည်းလေးတောင် လက်မလွှတ်ခဲ့ဘူးပဲ…"

မုန့်ချီက ထိုအရာကို မျှော်လင့်ထားပြီးသားဖြစ်သည်။ သို့သော် ထိုအရာက အစစ်အမှန် သက်သေမရှိသည့်အတွက် အရေးကြီးသောကိစ္စတစ်ခုတော့ မဟုတ်ပေ။

ဒဏ္ဍာရီအဖွဲ့၏ ကောင်းကင်ဧကရာဇ်၊ ဖျက်ဆီးရေးဂိုဏ်းရဲ့ အရှင်သခင်..။ မကောင်းဆိုးဝါးများ အားလုံးထဲတွင် အဆိုးရွားဆုံး နတ်ဆိုးတစ်ကောင်က ထိုသတင်းကို ထုတ်လွှတ်လိုက်ခြင်းဖြစ်သည့်အတွက် အကျိုးဆက်က ကြီးမားမှု မရှိသင့်ပေ။

“နေဦး ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းမှာ ငါ့ကို ကူရှောင်စန်း တွဲထားခဲ့တဲ့အတွက် သူနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနေတာလား။ အမှန်အတိုင်းပြောရရင် ငါက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေလို့ သူကိုယ်တိုင် ကယ်ထုတ်သွားတာလေ.."

“ကူရှောင်စန်း ၊ ချုံဟယ်၊ ငါနဲ့ ကျိလော်ကျူးအပြင် တခြားဘယ်သူမှ မမြင်ပါဘူး။ နောက်ပိုင်းမှပဲ လူလိမ်ဝတ်စုံဝမ်နဲ့ ဟန်ကွမ်းက ထွက်လာတာ။ ဘယ်သူမှ သတင်းမဖြန့်လောက်ဘူး။ ကူရှောင်စန်း ကိုယ်တိုင်က ငါ့ကို ပြဿနာရှာဖို့ ဒီသတင်းကို ဖြန့်လိုက်တာများလား။ ဒါဆိုရင် ဘာလို့ လူတွေကရော တစ်ဝက်ပဲမှန်တဲ့ သတင်းကို ယုံကြည်နေရတာလဲ….”

မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေမိခဲ့သည်။

အဓိကဖြစ်နိုင်ချေနှစ်ခုကိုတော့ သူကိုယ်တိုင် စဉ်းစားထားပြီးသားဖြစ်၏။ သူ့ကို မကျေမနပ်ဖြစ်နေပြီး မနာလိုနေသောသူများ၊ သူ၏အကျင့်စရိုက်ကို လက်မခံနိုင်သော သူများနှင့် လွတ်လပ်ပေါ့ပါးပြီး သက်သောင့်သက်သာရှိသော သူ၏အခြေအနေကို လေးစားအားကျနေသူများ အားလုံးနှင့် နတ်ဆိုးမ၏ အသိအမှတ်ပြုမှုကို ရလိုသောသူများ ဖြစ်နိုင်ပေသည်။

ချုံဟယ်က ပြုံးလိုက်ပြီး သူ့ကို ဆက်ပြောလိုက်၏။

"ငါက မင်းကို နည်းနည်းတော့ ပြောချင်တယ်။ ဒီကိစ္စကတော့ လေထဲမှာ အရုပ်ရေးရသလိုမျိုးပဲ။ ဖြေရှင်းဖို့လည်း သိပ်ပြီး မခက်ပါဘူး…”

အမှန်တရား လမ်းစဉ် ပညာရှင် တစ်ယောက်ဖြစ်သည့်အတွက် မုန့်ချီက ထိုကောလာဟလများအကြောင်းကို စိုးရိမ်နေခြင်းမရှိပေ။ ထိုအရာများကို မေ့ပျောက်ပစ်လိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။

ခေါင်းစဉ်အဆုံးသတ်သွားသည့်အချိန်တွင် ချုံဟယ်က ရုတ်တရက် မေးလိုက်၏။ "တကယ်လို့ ဒကာမလေးကူကသာ နောက်ပိုင်း မကောင်းတာတွေ ဆက်လုပ်နေမယ်၊ အပြစ်မဲ့တဲ့သူတွေကို သတ်မယ်၊ ဒီလောကကြီးထဲမှာ ပြဿနာတွေဖန်တီးဖို့ ကြိုးစားမယ်ဆိုရင် မင်း နောက်တစ်ကြိမ် သူနဲ့တွေ့တဲ့အချိန် ဘာလုပ်မှာလဲ…"

ထိုမေးခွန်းက မုန့်ချီ၏စိတ်ထဲတွင် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ပေါ်လာခဲ့ပြီး သူ ရှောင်တိမ်းချင်နေသော နှလုံးသားထဲမှ အန္တရာယ်တစ်ခုကို ဖော်ထုတ်ပြလိုက်သလို ဖြစ်နေသည်။

“ငါက သူနဲ့ နောက်တစ်ကြိမ် တွေ့ရတဲ့အချိန်မှာ သူ့ကို ရက်ရက်စက်စက် တိုက်ခိုက်ပြီး သူ သေတာကို ကြည့်နေနိုင်မှာလား။ တကယ်လို့ ငါက ကြည့်နေမယ်ဆိုရင်ရော... သူ့ရဲ့ ကန့်သတ်ချက်ထက် ကျော်လွန်ပြီး လုပ်လာတဲ့အရာတွေကို ကြည့်နေရလိမ့်မယ်။ နောက်ပိုင်း သူ့ရဲ့အပြစ်တွေနဲ့ စိတ်ထဲမှာရှိတဲ့ နတ်ဆိုးတွေက လွှမ်းမိုးမှုတွေအတိုင်း လုပ်လာနိုင်တယ်…”

ချုံဟယ်က မုန့်ချီကို ပျော့ပြောင်းစွာ စိုက်ကြည့်နေပြီး သူ့ကို အဖြေပေးရန် တွန်းအားမပေးခဲ့ပေ။

အချိန်တော်တော်ကြာ တိတ်ဆိတ်ပြီးသွားချိန်တွင် မုန့်ချီက လေပူများကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။

“သူ့မှာ ဘယ်လိုရည်ရွယ်ချက်တွေပဲရှိရှိ သူက ကျွန်တော့်ရဲ့အသက်ကို အကြိမ်ပေါင်းများစွာ ကယ်တင်ပေးခဲ့တယ်။ ယောကျ်ားတစ်ယောက် ဖြစ်နေမှတော့ ကျွန်တော်က သူ့ရဲ့စေတနာကို လက်ခံပြီး ကျေးဇူးတရားတွေကို ပြန်မပေးဆပ်နိုင်ဘူးဆိုရင်တောင် လက်တုံ့ပြန်မယ်ဆိုရင် ဘယ်လိုအဓိပ္ပာယ်မျိုး ရှိတော့မှာလဲ…”

“တကယ်လို့ သူက ပြစ်မှုကျူးလွန်နေပြီး အပြစ်မဲ့တဲ့သူတွေကို သတ်နေတဲ့အချိန် ကျွန်တော်နဲ့ တွေ့မယ်ဆိုရင်တော့ ကျွန်တော့်ရဲ့အသက်ကို စတေးပြီး သူ့ကိုတားမယ်။ ပြီးတော့ သူ့ရဲ့ သိုင်းပညာကို ဖျက်ဆီးပစ်မယ်။ အဲဒါပြီးသွားရင်တော့ ကျွန်တော်က သူ့ကို ကာကွယ်စောင့်ရှောက်ပေးမယ်။ သူ့အနားမှာ ဗုဒ္ဓတစ်ပါးလိုပဲ အဖော်ပြုပေးမယ်။ သူ့ကို ဝတ်ကြီးဝတ်ငယ်ပြုစုပေးပြီး သူနဲ့အတူ တောထဲမှာ ရိုးရှင်းတဲ့ဘဝတစ်ခုနဲ့ နေထိုင်ဖို့ ကြိုးစားပေးမယ်…”

ချုံဟယ်က သူ့စကားကို ဆုံးဖြတ်ပေးခြင်းမရှိဘဲ အေးအေးဆေးဆေး မေးလိုက်သည်။

“သူကလည်း သံသရာခရီးသွား တစ်ယောက်ပဲ။ သူ့ရဲ့သိုင်းပညာကို ဖျက်ဆီးတာက အဆုံးသတ် မဟုတ်သေးဘူးလေ။ အကြိမ်ကြိမ် ဖြစ်လာမယ်ဆိုရင် မင်းက သူနဲ့ ဆက်ပြီး ပတ်သက်ချင်သေးတာလား…”

မုန့်ချီက အလွန်ရှုပ်ထွေးသော အမူအရာနှင့် နောက်တစ်ကြိမ် တိတ်ဆိတ်သွားသည်။ အချိန်တော်တော်ကြာပြီးနောက် သူက ပြောလိုက်၏။

“ကျွန်တော် သူ့ကို အမြဲတမ်း စောင့်ကြည့်နေပါ့မယ်…”

ရှေးကျသော အဖွဲ့အစည်းများနှင့် လမ်းမှားမကောင်းဆိုးဝါးများ၏ ကြားထဲတွင် ရှိနေသော ကွာဟချက်များက အတော်လေးကို သိသာနေသည်။ မတူညီသော အတွေးအမြင် ၊ ခံစားချက်နှင့် လုပ်ဆောင်သည့် ကန့်သတ်ချက်များက အတော်လေးကို ခက်ခဲ၏။

ချုံဟယ်က အနည်းငယ် ပြုံးပြီး ပြောလိုက်သည်။

“ဘာမှမစိုးရိမ်ပါနဲ့၊ ငါက မင်းနဲ့ စကားနည်းနည်းပြောပြီး မင်းရဲ့ စိတ်ကို ဆန်းစစ်လိုက်ရုံပါပဲ။ မင်းရဲ့အဖြေက ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး…”

မုန့်ချီက ချုံဟယ်ကို နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး သူ့စိတ်သူ ပေါ့ပါးအောင် ကြိုးစား၍ ပြန်လှည့်ပြောလိုက်သည်။

“ကျွန်တော်က တောင်ပိုင်းဖုန်းဆိုးမြေထဲမှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ဆရာကြီးနဲ့ မျှဝေပေးချင်တယ်…”

ထို့နောက် သူက တောင်ပိုင်း ဖုန်းဆိုးမြေသို့ သွားသော ခရီးစဉ်အကြောင်းကို အသေးစိတ် ရှင်းပြလိုက်ပြီး လျှို့ဝှက်လှုပ်ရှားမှုအကြောင်း ချုံဟယ်ကို ပြောပြလိုက်သည်။

ချုံဟယ်က လျှို့ဝှက်လှုပ်ရှားမှုအကြောင်းကို တိုက်ရိုက် မေးမြန်းရန် ကြိုးစားခဲ့ခြင်းမရှိဘဲ အနည်းငယ်လေးသာ မသိမသာ မေးလိုက်၏။

“တကယ်လို့ မင်းကသာ အဲဒီအချိန်မှာ အထွဋ်အမြတ် နတ်ဘုရားကြေးမုံကို စွန့်လွှတ်ပြီး လေဟာနယ် ထိုးဖောက်ခြင်းအဆောင်နဲ့ တိုက်ရိုက် ထွက်ပြေးလာခဲ့မယ်ဆိုရင် သွေးပင်လယ် ယက္ခက မင်းအပေါ် ဒီလောက်ထိ မုန်းမနေသင့်ဘူး။ ဘာလို့ သူက မင်းကို မုန်းတီးနေရမှာလဲ…”

“အကြောင်းပြချက်က နှစ်ခုရှိတယ်။ ပထမတစ်ခုကတော့ အထွဋ်အမြတ် နတ်ဘုရားကြေးမုံကို သူ ရသွားတာနဲ့ သူ့ရဲ့တိုးတက်မှုအပေါ် အရမ်း အကျိုးသက်ရောက်မှု ရှိသွားနိုင်တယ်…”

“သွေးဝိညာဉ်အဖွဲ့အစည်းက ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ မကောင်းဆိုးဝါးတွေ ပြည့်နှက်နေတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ ဖြစ်နိုင်မယ်ဆိုရင် သူတို့ကို ဖျက်ဆီးဖို့အတွက် တိုက်ခိုက်ဖို့ ကြိုးစားရမှာပဲ…”

မုန့်ချီက သက်ပြင်းချလိုက်သည်။ ထိုအရာက လက်တုံ့ပြန်ခြင်းနှင့် ထပ်မံ လုပ်ဆောင်မှု၏ အနှစ်သာရလည်း ဖြစ်၏။

“ဒုတိယတစ်ခုကတော့ အစောပိုင်းမှာ ကျွန်တော် ပြောခဲ့သလိုပဲ ။ ကျွန်တော့်ရဲ့ အရှိန်အဟုန်က ပုံမှန်မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်က မထင်မှတ်ထားတဲ့ အရာတစ်ခုခုအတွက် အနာဂတ်မှာ ပြင်ဆင်ဖို့ အကောင်းဆုံးအချိန်တစ်ခု ဖြစ်ချင်တယ်။ ဖြစ်လာနိုင်တဲ့ အရှိန်အဟုန်ကို အခွင့်ကောင်းယူတာမျိုး၊ ဒါမှမဟုတ် ကျွန်တော့်ရဲ့ အရှိန်အဟုန် ပျက်စီးသွားတာမျိုး ဖြစ်မဖြစ် သိချင်တယ်…”

အထွဋ်အမြတ် ဉာဏ်ပညာ သစ်ပင်က သံသရာ အရှင်သခင်ကိုပင် အံ့ဩမှင်သက်သွားအောင် လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် မုန့်ချီက အခွင့်အရေးကို အရယူပြီး ထိုအရာ တိုးတက်သွားနိုင်သည့် အခွင့်အရေးကို လက်မလွှတ်နိုင်ပေ။

ထိုအချိန် ပြီးဆုံးသွားပြီးနောက် အထွဋ်အမြတ် ဉာဏ်ပညာသစ်ပင်ပေါ်တွင် အစိမ်းရောင်သစ်ရွက်အပိုင်းအစတစ်ခု လုံးဝထွက်ပေါ်လာခဲ့၏။ ထိုအစိမ်းရောင် သစ်ရွက်လေး၏ အတွင်းထဲတွင် အလွန်ထူးခြားသော အရာတစ်ခု ပေါ်လာသလို အသက်စွမ်းအင်များ ပြည့်နှက်နေသည်။

ထို့ပြင် ထိုအချိန်၌ သွေးပင်လယ်ယက္ခက မုန့်ချီကို သတ်ချင်နေခဲ့၏။ သူက မုန့်ချီ ထွက်မပြေးနိုင်အောင် တားဆီးချင်ပုံရသည်။ အကယ်၍ မုန့်ချီကသာ အထွဋ်အမြတ် နတ်ဘုရားကြေးမုံကို ယူပြီး အာရုံပျံ့လွင့်အောင် လုပ်ဆောင်ခဲ့ခြင်းမရှိလျှင် သူက လေဟာနယ် ထိုးဖောက်ခြင်း အဆောင်ကို သုံးလိုက်မည်ဆိုလျှင်ပင် နှောင့်ယှက်ရန် တခြားနည်းလမ်းတစ်ခု ရှိသွားနိုင်သည်။ အကယ်၍ သူက နတ်ဘုရားလက်နက်များ၏ နေရာမှ ထွက်လာနိုင်ခြင်း မရှိလျှင် လန်ကီကျောင်းဆောင်ထဲသို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။

သွေးပင်လယ်ယက္ခ အပြင်ဘက်တွင် စောင့်မနေခဲ့သည့် အကြောင်းပြချက်ကတော့ သူ၏ပင်မခန္ဓာ ရောက်လာပြီးနောက် သူက အခြေအနေကို မထိန်းချုပ်နိုင်သလို အလွန် သတိထားနေခြင်းကြောင့်လည်း ဖြစ်သည်။ သို့သော် မုန့်ချီဆီတွင် လေဟာနယ်ကို အစားထိုးရန် ရတနာတစ်ခု ရှိနေပြီး အထွဋ်အမြတ် နတ်ဘုရားကြေးမုံ၏ ကျန်ရှိနေသည့် စိတ်ဝိညာဉ်ကို ယူဆောင်သွားမည်ဖြစ်ကြောင်း သူက မည်သို့ သိနိုင်မည်နည်း။

ချုံဟယ်က ကျေနပ်သောအပြုံးနှင့် ပြောလိုက်သည်။

“သွေးပင်လယ် ယက္ခက ကောက်ကျစ်စဉ်းလဲတယ်။ ရန်ငြိုးသေးသေးလေးကိုတောင် လက်တုံ့ပြန်တတ်တယ်။ တကယ်လို့ မင်းက သူနဲ့ ဆိုးဆိုးဝါးဝါး ပြဿနာမရှိဘူး ဆိုရင်တောင် မင်းက မကောင်းဆိုးဝါးကမ္ဘာကြီးထဲကို ဝင်လာတယ်ဆိုတာ သိတာနဲ့ သူက မင်းကို လက်တုံ့ပြန်ဖို့ နည်းလမ်းမျိုးစုံ ကြိုးစားမှာပဲ။ ဒီနေ့အတွက်လည်း ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက မအောင်မြင်ခင်မှာ ပေါ်လာဖို့ မဖြစ်နိုင်တော့ဘူး…”

“တကယ်လို့ မင်းက ခရီးသွားနေမယ်ဆိုရင်တော့ တော်တော်လေးကို အန္တရာယ်များလိမ့်မယ်။ ငါက တစ်နှစ်အတွင်း သူ့ရဲ့ တွက်ချက်မှုတွေ၊ လျှို့ဝှက်လှုပ်ရှားမှုတွေကို ရှောင်တိမ်းနိုင်တဲ့ ဆန်းကြယ်မှုပြောင်းပြန် အဆောင်တစ်ခု ရေးပေးထားမယ်…”

“တကယ်လို့ ငါ အဆင့်တက်ပြီးသွားရင်တော့ ငါ ကိုယ်တိုင် တောင်ပိုင်း ဖုန်းဆိုးမြေကို သွားမယ်။ တကယ်လို့ ငါက သွေးဝိညာဉ် အဖွဲ့အစည်းကို မဖျက်ဆီးနိုင်ဘူးဆိုရင်တောင် သူတို့တွေကို တောင်ပိုင်း ဖုန်းဆိုးမြေကနေ ဆယ်စုနှစ်တစ်ခုစာလောက် ထွက်မသွားနိုင်အောင် ခြောက်လှန့်ထားနိုင်မှာပါ…”

“ချုံဟယ်ဆီမှာလည်း ဒီလိုအတွေးမျိုး ရှိနေတာပဲ…”

မုန့်ချီက သူ့ကို အလွန်လေးစားသွားခဲ့ပြီး ထိုကဲ့သို့ အစွမ်းထက်သည့် အထောက်အပံ့တစ်ခု ရှိနေသည့်အတွက်လည်း သူ့ကိုယ်သူ ယုံကြည်သွားခဲ့သည်။

ချုံဟယ် စကားပြောပြီးသွားသည့်အချိန်တွင် သူက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် အမူအရာနှင့် ပြောလိုက်၏။

"တကယ်လို့ ငါက ဒကာကြီးလုကိုပါ ဖိတ်ခေါ်လိုက်မယ်ဆိုရင်တောင် ပိုးကောင်ဘိုးဘေး ကာကွယ်ပေးထားတဲ့ သွေးဝိညာဉ်အဖွဲ့အစည်းကို ဖျက်ဆီးနိုင်ဖို့တော့ မလွယ်ဘူး…”

ဓမ္မကာရအဆင့် နတ်ဘုရားလက်နက်များနှင့် ဝင်္ကပါကို ပေါင်းလိုက်မည်ဆိုလျှင် သူက သာမန် ဓမ္မကာရအဆင့် ပညာရှင် (၂)ယောက် (၃)ယောက်၏ ဝိုင်းဝန်းတိုက်ခိုက်မှုကိုပင် ထိန်းထားနိုင်သည်။

“ပိုးကောင်ဘိုးဘေးက တကယ်ပဲ ရှိတာလား…"

မုန့်ချီက အလွန်အံ့ဩစွာ မေးလိုက်မိသည်။

ချုံဟယ်က ခေါင်းညိတ်ပြီး ပြောလိုက်၏။

"အဆိပ်ပိုးကောင်နတ်ဘုရားက အထွဋ်အထိပ်ကို နီးကပ်နေတဲ့ ပူဇော်ခံနတ်ဘုရားတစ်ပါးပဲ။ တကယ်လို့ သူ့ရဲ့သက်တမ်း ကုန်သွားမယ်ဆိုရင်တောင် တောင်ပိုင်းဖုန်းဆိုးမြေရဲ့ ယုံကြည်မှုရှိနေသေးသရွေ့ သူက ပူဇော်မှုတွေကနေ ပြန်လည်ပေါက်ဖွားလာနိုင်တယ်။ သူ့ရဲ့အစွမ်းထက်ဆုံးအချိန်က ကဒြာမုနိ၊ ဗောဓိတဗ္ပနဲ့ အတူတူပဲ။ သူ့ရဲ့အနိမ့်ဆုံးအဆင့် အစွမ်းကတောင် လူသားအင်မော်တယ်အဆင့် အထွဋ်အထိပ်မှာ ရှိနေသေးတယ်။ ဒါပေမဲ့ သူက ငါမသိတဲ့ ကန့်သတ်ချက်တချို့ကြောင့် နည်းနည်းလေးပဲ တိုက်ခိုက်နိုင်တယ်။ ဒါကြောင့် သူနဲ့ သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းတွေကို ဘယ်သူမှ သေချာမသိရတာပဲ…"

သူက ကိစ္စရပ်ရဲ့ အနည်းငယ်ကို ပြောပြီးနောက် ချုံဟယ်က မျက်လုံးမှိတ်၍ လျှို့ဝှက်ကျင့်စဉ်ကို အသက်သွင်းပြီး သူ၏ ပြင်ပခန္ဓာကို အာရုံခံရန် ကြိုးစားနေခဲ့သည်။ ခဏကြာပြီးနောက် သူက မျက်လုံးဖွင့်ပြီး ခေါင်းခါပြလိုက်၏။

“ပထမဆုံး ကြိုးစားတဲ့အချိန်မှာ အထွဋ်အမြတ် နတ်ဘုရားကြေးမုံရဲ့ အငွေ့အသက် အကူအညီမပါဘဲ အဲဒီလျှို့ဝှက်ချက်ကို အာရုံခံလို့ မရနိုင်ဘူး...။ ဒါကြောင့် သွေးပင်လယ်ယက္ခက ထာဝရတောင်ကြားကို ပထမခြေလှမ်းအဖြစ် ရွေးချယ်ခဲ့တာလား…”

မုန့်ချီက ထိုအချက်ကို နားလည်သွားခဲ့ပြီးနောက် လျှို့ဝှက်ကျင့်စဉ်အကြောင်း၊ အထွဋ်အမြတ် နတ်ဘုရားကြေးမုံနှင့်လောကကြီးထဲတွင် ရှိနေသော ပြင်ပခန္ဓာအကြောင်း ပြောပြလိုက်သည်။

နောက်ဆုံးတွင်တော့ သူက မေးလိုက်၏။

“ဆရာကြီး…

ငါးမျှားသူ နဲ့ ငါးရဲ့ ကြားထဲမှာ ကွာဟမှုက ဘာလဲ…”

ချုံဟယ်က ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။

“ငါက မင်းရဲ့ မေးခွန်းကို ရေရေရာရာ အဖြေမပေးနိုင်သေးဘူး။ ဒါပေမဲ့ ရှေးမတိုင်မီခေတ်ရဲ့အစမှာ သက်ရှိတွေ မွေးဖွားလာတယ် ဆိုတာတော့ နည်းနည်းသိတယ်။ သူတို့တွေက မွေးလာကတည်းက ဒဏ္ဍာရီအစွမ်းမျိုးကို ပိုင်ဆိုင်ထားကြတယ်။ အဲဒီနောက်မှာတော့ အဲဒီလိုအရာမျိုး မရှိတော့ဘူး။ ကွာခြားချက်က အဲဒီအရာနဲ့ ပတ်သက်နေလိမ့်မယ်…”

“ရှေးမတိုင်မီခေတ်ရဲ့ အစမှာ ဒဏ္ဍာရီတွေအဖြစ် မွေးဖွားလာတာလား…”

မုန့်ချီက ခေါင်းထဲတွင် ထိုသတင်းများကို တိတ်တဆိတ် မှတ်သားနေခဲ့သည်။ ထိုအချိန်တွင် သူက တစ်စုံတစ်ခုကို အမှတ်ရသွားပြီး တာအိုတိကျင်း ဟူသည့် ထူးဆန်းသော စာအုပ်ကို ထုတ်၍ မေးလိုက်၏။

“ဆရာကြီး…

ကျွန်တော်က အနောက်သို့ ခရီးသွားခြင်းကမ္ဘာထဲမှာ ဒီစာအုပ်ကို ရခဲ့တယ်။ ဒါပေမဲ့ ဘာမှထူးဆန်းတာ မတွေ့ခဲ့ရဘူး…”

ချုံဟယ်က ထိုစာအုပ်ကို ကောက်ယူပြီး လှန်ကြည့်လိုက်သည်။ ရုတ်တရက် ဆိုသလို သူက သေချာအာရုံစိုက်၍ မျက်မှောင်ကြုတ်နေမိ၏။

“ဆရာကြီး ဒါက တကယ်ထူးဆန်းလို့လား…”

မုန့်ချီက စိုးရိမ်သွားခဲ့သည်။

ချုံဟယ်က သက်ပြင်းချပြီး ပြန်လည်တည်ငြိမ်အောင် ကြိုးစား၍ ပြောလိုက်သည်။

“ငါတို့ဂိုဏ်းက ဘိုးဘေးတိုတီရဲ့လမ်းစဉ်ကို လိုက်နာတယ်လို့ သတ်မှတ်နိုင်တယ်။ ပြီးတော့ သူ့စာအုပ်ထဲမှာရှိတဲ့ ကျင့်စဉ်တစ်ခုကိုပဲ ကျင့်ကြံတယ်။ ဒီတာအိုတိကျင်းစာအုပ်ရဲ့ လက်ရေးက ဘာအစွမ်းမှမပါတဲ့ ကြိုးစားအားထုတ်မှု သက်သက်ပဲ…”

“ဘုရားရေ …

ဒီတာအိုတိကျင်းစာအုပ်ကို ဘိုးဘေးတိုတီ ကိုယ်တိုင် ရေးသားထားခဲ့တာလား…”

မုန့်ချီက စဉ်းစားနေရင်း အလွန်အမင်း အံ့ဩသွားခဲ့သည်။

“ဒါက ထိပ်ဆုံး ဘိုးဘေး(၃)ယောက်ထဲက တစ်ယောက် ၊ တာအိုလမ်းစဉ် ဘိုးဘေး(၃)ယောက်ထဲက ထိပ်ဆုံး(၃)ယောက်ထဲ အပါအဝင်ပဲ။ ကျန်းဝူ မကောင်းဆိုးဝါးဝိညာဉ် ကိုယ်တိုင်တောင် လေးစားရတဲ့ ပညာရှင်တစ်ယောက်ပဲ။ ဒါက တိုက်ဆိုင်တာလား ဒါမှမဟုတ် တစ်ယောက်ယောက်က စီစဉ်ပေးထားတာလား။ ဘာအစွမ်းမှမရှိတဲ့ တာအိုတိကျင်းစာအုပ်ကို ငါ့လက်ထဲ ပေးတော့ရော ဘာထူးသွားမှာလဲ…”

ချုံဟယ်က မုန့်ချီ၏အတွေးများကို ခန့်မှန်းမိနေပုံ ရသည့်အတွက် သူ့ကို စနောက်လိုက်သည်။

“တစ်ယောက်ယောက်က မင်းကို ဒီစာအုပ် မကြာခဏ ဖတ်စေချင်တယ် ထင်ပါတယ်။ ပြီးတော့ မင်းကို ဒီထဲက ကိုယ်ကျင့်တရားတွေ ၊ မျှခြေတွေကို နားလည်စေချင်တာ ဖြစ်မယ်။ တကယ်လို့ ဒါကို အပေါ်ယံလို့ သတ်မှတ်မယ်ဆိုရင်တောင် မင်းက တစ်ခုခု နားလည်သွားမယ်ဆိုရင်တော့ ယင်နဲ့ယန်ရဲ့ အဓိပ္ပာယ်ကို သိသွားလိမ့်မယ်…”

တာအိုသခင် ချုံဟယ်က သူ့ကို စနောက်နေကြောင်း မုန့်ချီက နားလည်နေသည်။ သို့သော် သေမင်းတမန် တာဝန်က သေချာပေါက် ရင်ဆိုင်ရတော့မည်ဖြစ်၏။ သူက သူ၏ စိတ်အခြေအနေကို ပြင်ဆင်ရန် လိုအပ်ပြီး ခံစားချက်များကို ထိန်းချုပ်ရန် လိုအပ်သည်။ ထို့ကြောင့် သူက ချုံဟယ်၏ အကြံပေးချက်ကို ရယူရန် စဉ်းစားလိုက်၏။

ချုံဟယ်က စဉ်းစားပြီး ပြောလိုက်သည်။

“မင်း သင်ကြားရေးခန်းမထဲကို သွား၊ ဒီ တာအိုတိကျင်းစာအုပ်ကို ကိုင်ပြီး ကလေးတွေကို လိုက်ဖတ်ဖို့ သင်ပေးရမယ်…”

“ဟမ် …”

မုန့်ချီက ထိုအချက်ကို နားမလည်နိုင်ခဲ့ပေ။

သို့သော် သူက ကုသိုလ်ခန်းမထဲမှ ထွက်လာပြီးနောက် တာအိုသခင်တစ်ယောက်က သူ့ကို စောင့်နေကြောင်း မြင်လိုက်ရသည်။ မုန့်ချီကတော့ သူ့နောက်မှ လိုက်သွားပြီး အလယ်နယ်မြေထဲမှ ထွက်သွား၍ သင်ကြားရေးခန်းမထဲသို့ ဝင်သွားခဲ့၏။

“ဒါက မင်းတို့ကို တာအိုတိကျင်း သင်ပေးမယ့် ဆရာပဲ …”

တာအိုသခင်က မုန့်ချီကို မိတ်ဆက်ပေးလိုက်သည်။

ထိုအခါ ၁၀ နှစ် အရွယ် ကလေးငယ်များက မတ်တပ်ရပ်ပြီး တလေးတစား အရိုအသေပေးလိုက်ကြ၏။

“မင်္ဂလာပါ …ဆရာ…”

နေရောင်ခြည်က သင်ကြားရေးခန်းမ၏ ပြတင်းပေါက်မှတဆင့် ဖြတ်သန်းလာပြီး အပြစ်ကင်းစင်သော ကလေးငယ်များ၏ မျက်နှာပေါ်သို့ ဖြာကျလာနေသည်။ ရွှေရောင်အလင်းတန်း၊ တက်ကြွလန်းဆန်းမှုနှင့် လှုပ်ရှားမှုများက မုန့်ချီကို ခဏတာ အေးချမ်းသွားစေခဲ့၏။

Translated by Hein Htet.

All Chapters