တပည့်ရင်းများကြားမှာ နာမည်ကြီးသွားခြင်း
Vol. 6-10 Ch. 101
အခန်း (၁၀၁) : တပည့်ရင်းများကြားမှာ နာမည်ကြီးသွားခြင်း
တခြားတစ်ဖက်တွင် ဂိုဏ်းချုပ်စံအိမ်တော်ထဲမှ လွင့်ထွက်သွားပြီးနောက် ရှန်ထျန်းက အူကြောင်ကြောင်လေးနှင့် ခပ်တွေတွေ ငေးငိုင်နေလေ၏။
ဒီတော့ ဒီလိုကြီးပဲ ပြီးသွားရောလား … အခု ငါ့မှာ ဂိုဏ်းချုပ်ဆရာ တစ်ယောက် ရှိသွားပြီပေါ့နော် …
လုံခြုံမှု ရှိသွားသလို ခံစားရသောကြောင့် ဂိုဏ်းချုပ်၏ တပည့်ဖြစ်ရတာ ကောင်းသော်လည်း သူ့ဆရာက နည်းနည်းတော့ သိပ်ပြီး အားကိုးမရလောက်ဘူးဟု ရှန်ထျန်း ခံစားနေမိဆဲပင်။ ထို့အပြင် ဆရာက နားလည်း သိပ်မကောင်းဘူးနှင့် တူသည်။
မည်းနက်နေပြီး သဏ္ဍာန်ကွက်တွေ ပေါ်နေသည့် လိပ်နက်ဒိုင်းကာကို ကြည့်လိုက်ပြီးနောက် ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ ခရမ်းရောင် ရွှေတူကို ထုတ်ယူလိုက်သည်။
ရေး …
ရှန်ထျန်းက ဘယ်ဘက်လက်၌ လိပ်နက်ဒိုင်းကာကို ကိုင်ကာ ညာဘက်လက်၌ ခရမ်းရောင် ရွှေတူကို ကိုင်လိုက်သည်။
ဘယ်နားမှာမှန်း မပြောတတ်ပေမဲ့ ဒါမျိုးနှင့် ပုံစံတူကို သူ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ။
ဒါက အပေါ်ယံမှာတော့ တူကိုတောင် မနိုင်တဲ့ပုံ မရှိဘဲ တကယ်တမ်းမှာကျ တူနဲ့ဒိုင်း တွဲလျက် တိုက်ကွက်တွေကို ခိုးကျင့်နေတဲ့ တစ်ယောက်သောသူနဲ့ သွားတူမနေဘူးလား…
ငါလေး တကယ်ကို သိချင်မိပါရဲ့။ သူ့ဒိုင်းနဲ့ ယှဉ်ရင် ဘယ်သူ့ဒိုင်းက ပိုမာမလဲ ဆိုတာကိုလေ…
သို့သော် လိပ်နက်ဒိုင်းကာကို ကိုင်ဆောင်ထားသည့် ပုံစံက အရမ်း မိုက်လိမ့်မည် ဆိုတာကိုတော့ ဝန်ခံရပေမည်။
မိုးကြိုးကျင့်စဉ်တွေ ကျင့်ရာတွင် ကျင့်ကြံနှုန်း ပိုမြန်စေမည် ဖြစ်၍ နောက်ကျောမှာ အမြဲသယ်ထားဖို့ ပြောသော ဂိုဏ်းချုပ်၏ စကားများကိုတော့ ရှန်ထျန်း လျစ်လျူရှုပစ်လိုက်သည်။ ဒီလိုမျိုး အပို အထောက်အပံ့ကြီးကို သူ မလိုအပ်ပေ။
“ ကြည့်ရတာ ငါလေး သူတော်စင် လုပ်ကိုလုပ်ရတော့မယ်နဲ့ တူပါရဲ့” ရှန်ထျန်းက သက်ပြင်းချကာ “ ဒီလိုဆိုမှတော့ … လက်ရှိ အစီအစဉ်က အစိမ်းရောင်လေး မြန်မြန် အရောင်ရင့်လာဖို့ကိုပဲ ဦးတည်ရတော့မှာပေါ့”
ဖြစ်နိုင်သမျှ မြန်မြန် ပိုမို အစိမ်းရင့်လာနိုင်ပါမှ၊ သို့မဟုတ် အနီရောင်အထိ ဖြစ်လာနိုင်ပါမှ ဒီရာထူးမှာ သူ နေနိုင်ပေလိမ့်မည်။
အချိန်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက် ရှန်ထျန်းက ဂိုဏ်းချုပ်တောင်မှ အမြန် ထွက်သွားကာ ကမ္ဘာငယ်နားက ကြေးမုံလဝန်း ရေကန်ဆီသို့ အပြေးလေး သွားလိုက်၏။ မျက်လုံး မှေးမှေးလေးနှင့် ဆံပင်ရွှေရောင် လူငယ်လေးကို သူ မှတ်မိသေးသည်။ ထိုကောင်လေးက သူ့ကို အစိမ်းရင့်လာအောင် ကူညီပေးနိုင်လိမ့်မည်သာ။
……………………………
ဘုန်း…
ကြေးမုံလဝန်း ရေကန်ပေါ်တွင် နောက်ထပ် ပေါက်ကွဲမှုကြီး တစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်သည်။ မိုးကြိုးနှင့် မြင့်မားသော အပူချိန်တို့အောက် ဖွာကျလာသော ရေပန်းဖြူတို့က ကောင်းကင်တစ်ခုလုံး ပြည့်လျှံသွားသည့် အဖြူရောင် မြူခိုးအဖြစ် ပြောင်းလဲသွားရ၏။
မြူခိုးဖြူတို့အပေါ် နေရောင်ခြည် ကျရောက်သွားသောအခါ သက်တန့်ရောင်စင် အရောင် ခုနစ်ရောင်က မြူခိုးတို့အပေါ်မှ ရောင်ပြန်ဟပ်လာသည်။ ထိုအရာသည်ကား တကယ့် သက်တန့် တစ်စင်းသဖွယ် ထင်ရပေသည်။
မြူခိုးဖြူတွေထဲ ရောက်ရှိနေသော ချင်ယွင်တိက စိတ်ဓာတ်ကျစွာ သက်ပြင်းချလိုက်လေ၏။ “ဟင်း… စွမ်းအားက အရမ်းကို အားနည်းနေသေးတယ်”
ဟုတ်ပေသည်။ ချင်ယွင်တိက မိုးကြိုးပေါက်ကွဲခြင်း အဆောင် အမျိုးအစား အသစ်ကို သုတေသနလုပ်ဖို့ ကြိုးစားနေဆဲပင်။ သူက မရပ်မနား ဆက်လက် စမ်းသပ်နေဆဲသာ။
အဆောင် ပေါက်ကွဲသွားတိုင်း ပိုက်ဆံတွေ အများကြီးကို ကြေးမုံလဝန်း ရေကန်ထဲတွင် ဖြုန်းတီးလိုက်ရသည်။ ဒီလောက် ပိုက်ဆံတွေ အများကြီး ကုန်သွားသည့် အဖြစ်ကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တပည့်ရင်း တစ်ယောက်ပင်လျှင် နာကျင်နှမြောမိမည် ဖြစ်၏။
မိုးကြိုးကျင့်စဉ် ထည့်သွင်းမည့် အဆောင်ကို သာမန်စက္ကူပေါ်တွင် ရေးဆွဲလို့ မရပေ။ ဤကဲ့သို့ အဆောင်တစ်ခုကို သားရဲကောင်ကြီးတို့၏ အမွေးမှ ထုတ်လုပ်ထားသော ဝိညာဉ်စက္ကူနှင့်သာ ဖန်တီးယူနိုင်ပေသည်။ ထို့အပြင် အောင်မြင်နိုင်ခြေမှာလည်း အတော် နည်းသည်။
ချင်ယွင်တိက သူ့ပိုက်ဆံ အများစုကို ဝိညာဉ်စက္ကူတွေ၊ သားရဲနတ်ဆိုးသွေးနှင့် ဝိညာဉ်မှင်တို့ ဝယ်ရန်အတွက် အသုံးပြုရသည်။ သို့သော် ထိုဟာကလည်း စမ်းသပ်ချက် အကြိမ်ရေ အနည်းငယ်လောက် လုပ်ဖု့ိသာ လုံလောက်လေ၏။
ထိုစမ်းသပ်ချက် အနည်းငယ် လုပ်ပြီးသွားလျှင် သူ့ခမျာ အထွတ်အမြတ်မြေဆီ ပြန်ပြီး ရောင်းချပြီး ပိုက်ဆံရှာရန်အတွက် အဆောင်တွေ ထပ်ဆွဲရရှာသည်။
“ဘယ်နားမှာများ မှားသွားလို့လဲ … ငါ ဒီ့ထက် အားကောင်းတဲ့ စွမ်းအားရအောင် တစ်ခေါက် လုပ်နိုင်ခဲ့ပြီးပြီဟာကို”
ချင်ယွင်တိက မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်လုံး မှေးမှေးလေးများ၌ ဖုံးကွယ်မရနိုင်သော စိတ်ပူပန်မှုတွေ အပြည့် ဖြစ်နေသည်။ သုတေသနက ရှေ့မတက်ဘဲ တစ်နေသည့်အပြင် ဒီအဆင့်ကို ကျော်လွှားရန် ဘာလုပ်ရမှန်းလည်း သူ့ခမျာ မသိဘူး ဖြစ်နေရှာသည်။
တစ်ခါသားက မိုးကြိုးပေါက်ကွဲခြင်း အဆောင် အစီအရင်ကို သူ ခင်းကျင်းလို့ ပြီးသွားသည့်နောက် ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှုကြီးမှာ ကြောက်စရာ ကောင်းလောက်အောင် အားပြင်းလေ၏။
ကံမကောင်းစွာနှင့် ထိုအချိန်မှစ၍ ထိုကဲ့သို့ ပေါက်ကွဲမှုကြီး ရရှိစေရန် သူ အဆောင်ကို ဘယ်လို ပြင်ပြင်၊ ရလဒ်က သူ့မျှော်လင့်ချက်ကို အမြဲ ရိုက်ချိုးပစ်ဆဲသာ။ သူ သတိမမူဘဲ ခင်းကျင်းလိုက်သည့် မိုးကြိုးပေါက်ကွဲခြင်း အဆောင်နှင့် နှိုင်းယှဉ်ကြည့်ပါက ပေါက်ကွဲအားက လုံးဝ မယှဉ်နိုင်ပေ။
ပြဿနာက ဘယ်နားမှာမှန်း ချင်ယွင်တိ မသိပေ။ ထိုအခေါက်ကထက် နောက်ပိုင်းအခေါက်တွေတိုင်း သူက ပိုပြီးတော့တောင် အာရုံစိုက်ခဲ့သေးသည်။
အောင်မြင်မှုလမ်းကြောင်းကို မြင်နေပါလျက်နှင့် အနားမကပ်နိုင်သည့် ခံစားချက်ကြီးက ချင်ယွင်တိအား နှိပ်စက်နေလေ၏။
“ဟင်း …… တစ်လစာ ရောင်းချလို့ ရလာတဲ့ ဝိညာဉ်ကျောက်တုံးလေးတွေလည်း ကုန်ခါနီးသွားပြန်ပြီ”
ချင်ယွင်တိတစ်ယောက် သူ့သိုလှောင်လက်စွပ်ကို ကြည့်ကာ မျက်နှာက ဖြည်းဖြည်းချင်း မည်းလာလေသည်။
တော်သေးတာပေါ့… ဂိုဏ်းတူအစ်မ ယွင်ရှီးက ဂိုဏ်းတူဦးလေး ကြာပြာကို တားပေးလို့ … မဟုတ်ရင် ငါ့ဆီမှာ ဝိညာဉ်ကျောက်တုံး တစ်တုံးတောင် ကျန်တော့မှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် ရောင်းချဖို့ အဆောင်ဆွဲချင်ရင်တောင် ကုန်ကြမ်းတွေ ဝယ်စရာ ပိုက်ဆံ ရှိတော့မှာ မဟုတ်ဘူးလေ … အဲဒါဆို တော်တော်လေး ဒုက္ခရောက်သွားမှာ…
ပတ်ဝန်းကျင်ရှိ လူတိုင်းက ကျင့်ကြံခြင်း၌ နှစ်မြှုပ်နေသည့် ဤကမ္ဘာကြီးထဲတွင် လူထူဆန်း သူက ဒီလမ်းကို တစ်ယောက်တည်း အထီးကျန်စွာ လျှောက်လှမ်းရမည့် ကံဇာတာ ပါနေလေတော့၏။
……………………
စက္ကန့်မိနစ် အချိန်တွေ ကျော်လွန်သွားပြီးနောက် ရေကန်ပေါ်မှ မြူခိုးဖြူတို့က ဖြည်းဖြည်းချင်း လွင့်စင်ပျောက်ကွယ်သွားသည်။
“အစီအရင် ခင်းကျင်းဖို့ နောက်ထပ် အဆောင် နှစ်ခု ကျန်သေးတယ်။ တစ်ခေါက်လောက်တော့ အောင်မြင်ပါစေလို့ မျှော်လင့်ရတာပဲ”
ချင်ယွင်တိက မိုးကြိုးအဆောင်များကို ဂရုတစိုက် ထုတ်ယူလိုက်ပြီးနောက် နေရာတကျ ခင်းကျင်းလိုက်သည်။ အဆောင်တွေက ကြေးမုံလဝန်း ရေကန် ထက်၌ မျောလွင့်နေ၏။ အဆောင်တစ်ခုချင်းစီကို သူ့နေရာနှင့်သူ စနစ်တကျ ချထားကာ အားလုံးပေါင်းလိုက်လျှင် စက်ဝိုင်းတစ်ခု ပုံစံ တည်ဆောက်ထားသည်။
အသက်ပြင်းပြင်း ရှုကာ ချင်ယွင်တိက ဂါထာရွတ်ရင်း လက်သင်္ကေတများကို ပြုလုပ်လိုက်၏။ ထို့နောက် သူက ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်သည် “ပေါက်ကွဲစေ”
မိုးကြိုးပေါက်ကွဲခြင်း အဆောင်ပေါ်တွင် ရေးထွင်းထားသော အဆောင်သင်္ကေတများက ချက်ချင်း အသက်ဝင်လာကာ မျက်စိတစ်မှိတ်စာအတွင်း မိုးကြိုးအဆောင် အားလုံး အတူတူ ပေါက်ကွဲသွားကြလေ၏။
အားပြင်းလှသော ရိုက်ခတ်အားကြောင့် ကြေးမုံလဝန်း ရေကန်ထဲတွင် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။ ကောင်းကင်တွင်လည်း ရေခိုးရေငွေ့ မြူခိုးဖြူတို့ တဖန် ဖုံးလွှမ်းသွားပြန်၏။
ရေကန် မျက်နှာပြင်ပေါ်တွင် လျှပ်စီးကြောင်းတို့က ငွေရောင် မြွေသေးသေးလေးများ အလား ပြေးလွှားစီးဆင်းနေကြသည်။ အလွန်လှပသည့် မြင်ကွင်းလေး တစ်ခုပင်။ သို့ပေမဲ့ ချင်ယွင်တိ၏ မျက်နှာမှာကား တည်ငြိမ်နေသော်လည်း သူက အနည်းငယ်တော့ စိတ်ပျက်မိလေသည်။
ထင်တဲ့အတိုင်းပဲ… အဲဒီ ဖြစ်ရပ်ဆန်းကို ပြန်ဖန်တီးဖို့ ဆိုတာ မဖြစ်နိုင်လိုက်ပြန်ဘူးပဲ…
ချင်ယွင်တိက သက်ပြင်းလေး ခပ်ဖွဖွ ချလိုက်သည်။
အချက်အလက်ကို မှတ်တမ်းတင်ပြီး နောက်တစ်ခေါက် ထပ်လုပ်ကြည့်တော့မည့်ဆဲဆဲတွင် ရုတ်တရက် ခပ်လှမ်းလှမ်းဆီမှ တအံ့တသြ ရေရွတ်သံတစ်ခုကို သူ ကြားလိုက်ရသည်။
“အဆင့်မြင့် မိုးကြိုးပေါက်ကွဲခြင်း အဆောင်အစီအရင် တစ်ခုပဲ … မိုးကြိုးပေါက်ကွဲခြင်း အဆောင်အစီအရင်ရဲ့ သုတေသန စမ်းသပ်ချက်တွေမှာ ညီနောင်က တကယ့်ကို လေးစားထိုက်ပါပေတယ်ဗျာ”
ချင်ယွင်တိက လန့်သွားသည်။ ခေါင်းလှည့်ကြည့်လိုက်သောအခါ ရေခိုးမြူတွေအတွင်းမှ လမ်းလျှောက်ထွက်လာသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ထိုပုံရိပ်သည်ကား တောက်ပြောင်ကျော့ရှင်းလှသည့် ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော လူငယ်လေး တစ်ယောက် ဖြစ်နေ၏။ သူ့ကိုကြည့်ရသည်မှာ ပေါ်လွင်ထင်ရှား ခန့်ညားချောမောနေသည်။ သူ့ရုပ်ရည်မှာကား ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် ထာဝရနတ်သား တစ်ပါးအလား ပြစ်မျိုးမှဲ့မထင် ပြိုင်ဖက်ကင်းလှ၏။
ထိုလူငယ် မြူခိုးများဆီမှ သူ့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခိုက် သက်တန့်ရောင် အလင်းတို့က သူ့ကိုယ်ပေါ် ဖြာကျလာလေသည်။ သူသည်ကား ပန်းချီကား တစ်ချပ်မှ အသက်ဝင်ပြီး အပြင်ထွက်လာသည့်နှယ် ရင်သပ်ရှုမောဖွယ်ပင်။
ချင်ယွင်တိ ဒီလူငယ်ကို သိသည်။ သူက သူတော်စင်မရယ်၊ ကြာပြာ ကောင်းကင်အသျှင်တို့ရယ် နှင့်အတူ ပြန်လာသော လူတွေထဲမှ အချောဆုံး တစ်ယောက် ဖြစ်သည်။
ဤမျှလောက် လွန်လွန်ကဲကဲ ချောမောခန့်ညားနေသည့်သူမှာ သာမန်တော့ မဟုတ်တန်ရာချေ။
ချင်ယွင်တိက သူ့အား တိတ်တိတ်ကလေး မှတ်ထားလိုက်သည်။ သူက အစွမ်းအားကို သုံးပြီး ရှန်ထျန်း၏ တည်ရှိမှုနှင့် ကျင့်ကြံဆင့်ကို အာရုံခံကြည့်လိုက်သည်။ သို့သော် သူ့ရှေ့မှ ကိုလူချောမှာ ခန့်မှန်း၍ မရနိုင်ကြောင်း ချင်ယွင်တိ သိလိုက်ရ၏။
သူ ဘယ်လိုနည်းနှင့်ပဲ အာရုံခံဖို့ ကြိုးစားကြိုးစား၊ ရှန်ထျန်းဆီမှ ဘာမှ အာရုံခံလို့ မရနိုင်ပေ။
ဖြစ်နိုင်ခြေမှာ သုံးခုသာ ရှိသည်။ သို့သော် ဘယ်တစ်ခုပဲ ဖြစ်ဖြစ်၊ ဒီကိုလူချောက သာမန်မဟုတ်ကြောင်း ညွှန်ပြနေတာချည်းသာ။
ကျဉ်းမြောင်းသွားသော ချင်ယွင်တိ၏ မျက်လုံးမှေးမှေးလေးများက သူ ရှန်ထျန်းအပေါ် သတိထားနေကြောင်း ဖော်ပြနေလေ၏ “ မိတ်ဆွေက ဘယ်သူလဲဆိုတာ သိပါရစေလား … ပြီးတော့ ဒီကို ရောက်လာတာ ဘာကိစ္စများ ရှိလို့ပါလဲ”
ရှင်းရှင်းပြောရလျှင် အခြေအနေ မကောင်းပါက ချက်ချင်း ထွက်ပြေးဖို့ ချင်ယွင်တိက အသင့်ပြင်ထားပြီးသား ဖြစ်သည်။ ရှန်ထျန်းက ကြာပြာ ကောင်းကင်အသျှင်နှင့်အတူ ရောက်လာသူ ဖြစ်လေရာ အလိုအလျောက် မယုံကြည်ရသူ စာရင်းထဲ ပါသွားပြီးသား ဖြစ်နေ၏။
မတော်လို့ သူက ဂိုဏ်းတူဦးလေး ကြာပြာရဲ့ လက်ပါးစေ ဖြစ်နေပြီး ငါ့ဆီက ငွေညှစ်ဖို့ ရောက်လာတာဆိုရင် ဘယ်လိုလုပ်မလဲ…
ချင်ယွင်တိ သူ့အပေါ် သတိထားနေကြောင်း ရှန်ထျန်းကတော့ မသိပေ။ “ကျွန်တော်က ရှန်ထျန်းပါ” သူက အပြုံးလေးနှင့် ပြောလိုက်သည်။
သက်တန့်ရောင် မြူခိုးများအကြား ရှန်ထျန်းအပြုံးကြောင့် မျက်စိကန်းသွားသည့်အလား ချင်ယွင်တိက ခဏတာလောက် တွေတွေကြီး ငေးမောမှင်သက်သွားလေ၏။
သို့သော် သူက ခပ်မြန်မြန်ပဲ ပြန်သတိဝင်လာကာ “ရှန်ထျန်းလား… ဒါဆို ဂိုဏ်းရဲ့ သူတော်စင်အသစ် ဆိုတဲ့ အဲဒီရှန်ထျန်းလား”
ရှန်ထျန်းမှာ အံ့အားသင့်သွားရသည်။
ဟေ … မင်းက ဘယ်လိုလုပ် သိနေတာလဲ … ငါက သူတော်စင် လုပ်ဖို့ စောစောလေးကမှ သဘောတူလိုက်တာလေ…
ရှန်ထျန်းမျက်နှာပေါ်မှ နားမလည်နိုင် ဖြစ်နေသည့် ရုပ်ကလေးကို မြင်သောအခါ ချင်ယွင်တိက ရှင်းပြလိုက်သည်။
“အရမ်းကြီးလည်း အံ့သြစရာ မလိုပါဘူး ဂိုဏ်းတူအစ်ကိုရဲ့…
လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက ဂိုဏ်းတူအစ်ကို လီယွင်ဖုန်းက ဂိုဏ်းရဲ့ အထွတ်အထိပ် တားမြစ်ကျင့်စဉ်၊ ကပ်ဘေးတဖန်ကို ပြန်လည်ရယူနိုင်ခဲ့ပြီ ဆိုပြီး ကျွန်တော်တို့ကို သတင်းပေးခဲ့တယ်။ အဲဒါကို ရှာတွေ့ခဲ့တဲ့ ကံပါတဲ့သူက ဂိုဏ်းရဲ့ သူတော်စင် ဖြစ်လာမှာ ဖြစ်ပြီး သူတော်စင်မကိုပါ လက်ထပ်ခွင့်ရှိတယ်လေ။ အခုဆို တပည့်ရင်း အားလုံးနီးပါးက ဂိုဏ်းတူအစ်ကိုရဲ့ နာမည်ကို သိနေပြီးသားဗျ”
မျက်လုံးမှေး ချင်ယွင်တိ၏ အပြုံးကို ကြည့်နေရင်း ရှန်ထျန်းမှာ ပါးစပ်တွန့်သွားသည်။
လူမသိသူမသိလေး နေပြီး အရင်ဆုံး အားကောင်းလာအောင် လုပ်ချင်တဲ့ ငါလေးကို အဲလို လုပ်ခွင့် မပေးနိုင်ကြဘူးလားဟင် … လီယွင်ဖုန်းဆိုတဲ့ အကောင် … မင်း ငါ့ရှေ့ ပေါ်လာရဲ ပေါ်လာကြည့်စမ်း … မင်းကို မသေရုံတမယ် ရိုက်ပစ်မယ် … ဟင်း …