← Chapters

အခန်း (၇၁၄)

Vol. 48 Ch. 714

အခန်း (၇၁၄)

Vol. 48 Ch. 714

ရှောင်လင်ကျောင်းက သိုင်းနတ်ဘုရား

အပိုင်း (၇၁၄) {စာစဉ် ၄၈ - အပိုင်း(၉)}

တောင်ပိုင်းဖုန်းဆိုးမြေသို့ ခရီးမသွားခင် မုန့်ချီက (၃)ဘဝကျောင်းဆောင်အပါအဝင် အင်မော်တယ်နယ်မြေတစ်ခုလုံးကို ဝါးမြိုနိုင်သည့် အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်ကို ယူဆောင်သွားရန် ဆုံးဖြတ်ခဲ့သည်။

ထိုအရာကလည်း ပြန်လည်ဝင်စားမှုနှင့် ပတ်သက်သော ပြဿနာကို ထည့်သွင်းစဉ်းစားထားသည်ဟု သတ်မှတ်နိုင်သည်။ သူ၏တုံ့ပြန်မှုအပေါ် အခြေခံပြီး သဲလွန်စများကို ရှာဖွေရန်နှင့် အရေးကြီးသော အခြေအနေများတွင် ဖြေရှင်းနိုင်ရန် မျှော်လင့်ထားခဲ့သည်။

အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်၏ သစ်ကိုင်းများနှင့် အစိမ်းရောင်သစ်ရွက်လေးများက လှုပ်ရှားနေပြီး အထွဋ်အမြတ်နတ်ဘုရားကြေးမုံ၏ ပတ်ပတ်လည်တွင် ဝေဝါးနေသော ခံစားမှုတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက သူ့ကို လာထိနေသော ရေလှိုင်းလေးများကဲ့သို့ ပျံ့နှံလာခဲ့၏။ သွေးပင်လယ်ယက္ခက အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်နှင့် သူ၏လုပ်ဆောင်မှုများကို မသိခဲ့သော်လည်း မုန့်ချီ၏လုပ်ရပ်ကြောင့် သူလည်း အတော်လေး မသက်မသာ ခံစားနေရသည်။

ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်ဖြစ်သော သူ၏အဆင့်နှင့် အတွေ့အကြုံများကြောင့် ထိုသစ်ပင်ကို အထွဋ်အမြတ် နတ်ဘုရားကြေးမုံနှင့် ထိခွင့်မပေးသင့်ကြောင်း ပြောပြနေခဲ့သည်။ မဟုတ်လျှင် နှစ်ပေါင်းများစွာ သူ၏ကြိုးစားအားထုတ်မှုများက ပျောက်ကွယ်သွားရမည်ဖြစ်၏။

အနီရောင်လှိုင်းလုံးကြီးများက မုန့်ချီဆီသို့ ဒေါသတကြီး ရောက်လာပြီး သူနှင့် ထိတွေ့သည့်နေရာတိုင်းတွင် ပျက်စီးဆွေးမြည့်သွားခဲ့၏။ စုန့်ပင်းတီက မမြင်ရသော သွေးအရိပ်တစ်ခုအဖြစ် ပြောင်းလဲပြီး နေရာတိုင်းကို တိုက်ခိုက်၍ မုန့်ချီ ထွက်ပြေး၍ မရစေရန် တားဆီးလိုက်သည်။ သူသာ မုန့်ချီကို တိုက်ခိုက်မိလိုက်မည်ဆိုလျှင် သူ၏ပင်မဝိညာဉ်၊ သွေးအဆီအနှစ်နှင့် ကြွက်သားများကို စုပ်ယူပြီး အရေပြားတစ်ခုသာ ကျန်နေခဲ့ပါလိမ့်မည်။

ထိုအချိန်တွင် သူက အသံတစ်ခုကိုသာ ကြားလိုက်ရသည့်အတွက် မျက်လုံးများက အေးစက်သွားခဲ့၏။ ထိုသစ်ကိုင်းက မှန်၏မျက်နှာပြင်ကို ထိသွားနိုင်ခဲ့သည်။ အထွဋ်အမြတ်နတ်ဘုရားကြေးမုံက ချက်ချင်း ပျက်စီးသွားခဲ့ပြီး အငွေ့များအဖြစ် ပြောင်းလဲ၍ သစ်ပင်ထဲသို့ ရောက်သွားခဲ့၏။

"ခလွပ်…"

အထောက်အပံ့ မရှိတော့သော လေဟာနယ်ကြီးက အက်ကွဲလာသည်။ အက်ကွဲကြောင်းများက နတ်ဆိုးများ၊ တစ္ဆေများ၏ပါးစပ်များကဲ့သို့ ဖြစ်ပေါ်လာပြီး အလွန်နက်ရှိုင်း၍ အေးစက်သည်။ သွေးပင်လယ်ကြီးက တစ်စစီပျက်စီးသွားခြင်း သို့မဟုတ် အပြာရင့်ရောင် ပြောင်းလဲလာခဲ့၏။

မိန်းကလေးရူက အနည်းငယ် မှင်တက်သွားမိခဲ့သည်။

"ငါတို့မျိုးနွယ်စုတောင် နှစ်ပေါင်း(၁)ထောင်ကျော် ဘာမှမတတ်နိုင်ခဲ့တဲ့ အထွဋ်အမြတ် နတ်ဘုရားကြေးမုံရဲ့ဝိညာဉ်က ဘယ်လိုဖြစ်ပြီး ဒီလောက်အလွယ်တကူ စုပ်ယူနိုင်ခဲ့ရတာလဲ ..။ လေဟာနယ်ကရော ဘာလို့ဒီလောက်အလွယ်တကူ ပျက်စီးသွားနိုင်ရတာလဲ…"

အခွင့်အရေးကို အရယူပြီး မုန့်ချီက ရှေးဟောင်းလေဟာနယ် ထိုးဖောက်ခြင်းအဆောင်ကို အသက်သွင်းလိုက်သည်။ သူက တစ်ကြိမ်သာ အသုံးပြုခွင့်ရှိတော့သော်လည်း နတ်ဘုရားလက်နက် ပင်မပစ္စည်းများကိုသုံးပြီး စုန့်ပင်းတီကို တိုက်ခိုက်ရန် ကြိုးစားခဲ့ခြင်း မရှိချေ။

သိပ်မကြာခင် ပိုးကောင်ဘိုးဘေးနှင့် သွေးပင်လယ်ယက္ခတို့ ရောက်လာကြမည် ဖြစ်သည်။ သူတို့ ရောက်လာသည့်အချိန်တွင် သူလည်း ထွက်ပြေးရန် လုံးဝမဖြစ်နိုင်တော့ပေ။

အဆောင်က ချက်ချင်းပင် လောင်ကျွမ်းပြီး လင်းလက်တောက်ပလာခဲ့သည်။ အလင်းတန်းတစ်ခုက လေဟာနယ်ထဲတွင် လမ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။ မုန့်ချီက မိန်းကလေးရူကို ခေါ်လိုက်ပြီး ထိုလမ်းကြောင်းထဲသို့ ပျောက်ကွယ်၍ မြောက်ဘက်သို့ ထွက်ပြေးရန် ရွေးချယ်လိုက်၏။

စုန့်ပင်းတီကတော့ မျက်နှာပျက်ပျက်နှင့် ရူးသွပ်သွားခဲ့သည်။ သူက ဒေါသတကြီး အော်ဟစ်လိုက်မိပြီး သူ့ပုံစံက အလွန်ရက်စက်ကြမ်းကြုတ်ပုံရ၏။ ရုတ်တရက်ဆိုသလို သူ၏အမူအရာက ပြောင်းလဲသွားခဲ့သည်။ လေဟာနယ်အလွှာများကလည်း အက်ကွဲသွားခဲ့ပြီး မုန့်ချီ၏ ပင်မဝိညာဉ်ကပင် မူးဝေလာသလို ခံစားလာခဲ့ရ၏။

သူ့ခန္ဓာကိုယ်က အနည်းငယ် လှုပ်ရှားလာပြီး မြင်ကွင်းများကလည်း ဝေဝါးလာခဲ့သည်။ သူက အဆုံးမဲ့လေဟာနယ်ကြီးတစ်ခုထဲကို ကျရောက်သွားသလို ထင်မှတ်ရသည်။ ထိုအရာက ကြယ်၊ လေနှင့် မဟာတွင်းနက်ကြီးများ မရှိသော စကြဝဠာကြီးတစ်ခုကဲ့သို့ ထင်ရ၏။

ဝေဝါးနေသော မုန့်ချီ၏ မြင်ကွင်းများက အနီရင့်ရောင် ပြောင်းလဲသွားခဲ့ပြီး နှာခေါင်းထဲတွင်လည်း သွေးရနံ့တစ်ခု ရောက်လာခဲ့သည်။ ထိုအချိန်တွင် အလွန်ကြောက်စရာကောင်းပြီး အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားက လေဟာနယ်ထဲသို့ လိုက်လာခဲ့၏။ ထိုအရာက ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်၏ အစွမ်းဖြစ်သည်။

“ငါက အရမ်းနောက်ကျသွားသေးတာပဲ ...”

သူက လေဟာနယ်ထိုးဖောက်ခြင်း အဆောင်ကို သုံးလိုက်ပြီး ချက်ချင်းဆိုသလို သွေးပင်လယ်ယက္ခ ပေါ်လာခဲ့သည့်အတွက် ထိုအတွေးမျိုး မတွေးနိုင်ခဲ့ပေ။ သူ၏အငွေ့အသက်ကို မကောင်းဆိုးဝါးက ချုပ်နှောင်ထားပြီး ဤနေရာတွင် ပိတ်မိနေစေခဲ့သည်။ သူက ဖြစ်နိုင်ခြေရှိသော ရလဒ်များကို ကြိုတင်တွေးထားမိခဲ့သည့်အတွက် ကံကောင်းသည်ဟု သတ်မှတ်နိုင်၏။ အကယ်၍ သူသာ သေသွားမည်ဆိုလျှင် လျှို့ဝှက်ချက်များအားလုံးက အသုံးမဝင် ဖြစ်သွားပါလိမ့်မည်။

"ရပ်လိုက်စမ်း ..."

မုန့်ချီ၏နားထဲတွင် အေးစက်ပြီး ကြောက်စရာကောင်းသော အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံကြောင့် မုန့်ချီက တစ်ကိုယ်လုံးတုန်လှုပ်သွားခဲ့ပြီး သူ၏ပင်မဝိညာဉ်ကလည်း နောက်တစ်ကြိမ် မူးဝေသွားခဲ့၏။

သူက သွေးပင်လယ်ကြီးတစ်ခုထဲကို ပစ်ချခံလိုက်ရသလို ခံစားလိုက်ရပြီး ညှီစို့စို့ရနံ့တစ်ခုကလည်း နှာခေါင်းထဲတွင် ပြည့်နှက်လာခဲ့သည်။ အလင်းစက်တစ်ခုက တဖြည်းဖြည်း ကြီးမားလာသည်မှာ သူတို့၏ရှေ့တွင် တောင်တန်းကြီးများ ၊ သစ်တောကြီးများ ပေါ်လာသလို ထင်ရ၏။ရှေးဟောင်းလေဟာနယ် ထိုးဖောက်ခြင်းအဆောင်က နှောင့်ယှက်ခံလိုက်ရ၏။ သူ့ခန္ဓာကိုယ်က လေဟာနယ်ကို ထိုးဖောက်ပြီး သစ်တောနှင့် တောင်တန်းကြီးထဲကို ရောက်သွားခဲ့ရသည်။

သူက တောင်ပိုင်းဖုန်းဆိုးမြေထဲတွင်သာ ရှိနေသေးကြောင်း မုန့်ချီက သိနေ၏။ သို့သော် မည်သည့်နေရာတွင် ရောက်နေကြောင်း သေချာမသိခဲ့ချေ။ သူ့ရင်ထဲတွင်တော့ အန္တရာယ်အငွေ့အသက်များကို ခံစားမိပြီး သွေးပင်လယ်ယက္ခက သူ့နောက်မှ လိုက်လာနေသေးကြောင်း သိနေခဲ့သည်။ သူက ဓမ္မကာရအဆင့် လေဟာနယ်ထိုးဖောက်ခြင်းစွမ်းရည်ကိုသုံးပြီး စက္ကန့်ပိုင်းလေးအတွင်း မှီလာနိုင်သည်။

မိန်းကလေးရူကလည်း ထိုအကြောင်းကို သိနေခဲ့၏။ သူမကလည်း ပြန်လည်ဝင်စားမှုများစွာ အတောအတွင်း မျိုးရိုးစဉ်ဆက် အတွေ့အကြုံများစွာ ရှိနေခဲ့သည်။ အလွန်လှပသော သူမ၏မျက်နှာလေးက ဖြူဖတ်ဖြူရော်ဖြစ်နေပြီး သူမ၏ခန္ဓာကိုယ်က တုန်လှုပ်နေခဲ့သည်။

သူမ၏မျက်လုံးထဲတွင် အကြောက်တရား၊ စိတ်ဓာတ်ကျမှုနှင့် လက်မခံနိုင်သော ခံစားချက်များက ပြည့်နှက်နေပြီး သူမက ထာဝရမျိုးနွယ်စုကို ချန်ထားပြီး မသေချင်သေးပေ။ ထိုခဏတွင် သတ်ဖြတ်ရေးဓားက မျက်လုံးမှိတ်လိုက်ကြောင်း သူမ မြင်လိုက်ရသည်။ သူက မည်သည့်ခံစားချက်မျှမရှိဘဲ မျက်လုံးကို မှိတ်လိုက်ခြင်းဖြစ်၏။

“သူလည်း မျှော်လင့်ချက်ကို လက်လျှော့လိုက်တာလား ..”

မိန်းကလေးရူက အံ့ဩမှင်တက်မိသွားခဲ့သည်။

………

သွေးပင်လယ်ယက္ခက အနီရောင်လှိုင်းလုံးများကို ဖန်တီးလိုက်ပြီး စုမုန့်နဲ့ မိန်းကလေးရူတို့ ရှိနေသော လေဟာနယ်ထဲကို အရှိန်အဟုန်ဖြင့် သွားလာခဲ့သည်။ သူက အထွဋ်အမြတ်နတ်ဘုရားကြေးမုံကို ဆုံးရှုံးသွားခဲ့ရသော်လည်း အနည်းငယ် ဝမ်းသာနေမိသေး၏။ သူ၏ဝိညာဉ်ကို ဝါးမြိုခဲ့သော ထိုသစ်ပင်ငယ်လေးက ပို၍အံ့သြစရာကောင်းပုံရသည်။ ထိုအထဲတွင် တာအို၏လျှို့ဝှက်ချက်များပင် ဖုံးကွယ်ထားသလို ထင်ရသည်။

“ငါ့ရဲ့နှစ်ပေါင်းများစွာ အစီအစဉ်တွေက အကျိုးမဲ့မဟုတ်တော့ဘူး ...”

လေဟာနယ်ထဲမှ ထွက်လာသည့်အချိန်တွင် သူက စိမ်းလန်းစိုပြေသော သစ်ပင်များ၊ မိုးသစ်တောကြီးကို မြင်လိုက်ရသည်။ သို့သော် စုမုန့်နှင့် မိန်းကလေးရူတို့ကတော့ ပျောက်ကွယ်သွားခဲ့၏။

“ငါက သူတို့ကို သေချာပစ်မှတ်ထားခဲ့တာပါ ... ဘယ်လိုဖြစ်ပြီး ပျောက်သွားနိုင်ရတာလဲ..”

သွေးပင်လယ်ယက္ခ၏သိစိတ်က အဝေးသို့ပြန့်နှံ့သွားသည်မှာ သွေးပင်လယ်ကြီးထဲတွင် ပွင့်လန်းလာခဲ့သော ကြာပန်းပွင့်များကဲ့သို့ ဖြစ်နေခဲ့သည်။ သို့သော် ထိုအရာတွင် အကျိုးသက်ရောက်မှုတစ်ခုမျှ မရှိခဲ့ချေ။ သူတို့(၂)ယောက်က အမှန်တကယ်ကို ပျောက်ကွယ်သွားခဲ့၏။

“တကယ်လို့ ငါသာ လက်တုံ့မပြန်ဘူးဆိုရင် နာမည်ပါ ပြောင်းပစ်မယ် ...”

သွေးပင်လယ်ယက္ခက ဒေါသတကြီး အံကြိတ်လိုက်မိ၏။ ထိုအချိန်တွင် ကောင်းကင်ပေါ်မှ ငှက်များ ပြုတ်ကျလာပြီး သူတို့ကတော့ ဘာဖြစ်သွားမှန်းပင် မသိခဲ့ချေ။ တောရိုင်းတိရစ္ဆာန်များကလည်း ရူးသွပ်သွားပြီး အချင်းချင်း တိုက်ခိုက်နေကြ၏။

မုန့်ချီက သူ၏လူဝင်စားကို နှောင့်ယှက်လိုက်သည့်အချိန်တွင် သူက အနည်းငယ်လေးသာ ဒေါသထွက်ခဲ့သည်။ လက်တုံ့ပြန်ရန် ဆန္ဒမရှိခဲ့ပေ။ သို့သော် သူ ဓမ္မကာရအဆင့်ကို ရောက်လာခဲ့သည့်အချိန်ကတည်းကစပြီး ရှာဖွေနေခဲ့သည့်အရာကို ယခုလို ခိုးယူသွားခဲ့သည့်အတွက် ပို၍ဒေါသထွက်လာခဲ့ပြီး လက်တုံ့ပြန်ရန် ကျိန်ဆိုခဲ့သည်။

…………

တောင်တန်းများက အေးစက်တည်ငြိမ်နေပြီး မုန့်ချီနှင့် မိန်းကလေးရူတို့ကတော့ ကျောင်းဆောင်သို့သွားသော လမ်းမပေါ်တွင် လမ်းလျှောက်နေခဲ့သည်။ မုန့်ချီက လက်အုပ်ချီပြီး အပြုံးနှင့် ပြောလိုက်၏။

"ဗောဓိတဗ္ပ ….

ကျွန်တော် ဒီနေရာကို နောက်တစ်ကြိမ် ရောက်လာပြန်ပြီ…"

"နောက်တစ်ကြိမ်လား ..."

မိန်းကလေးရူက မှင်တက်နေမိခဲ့သည်။

လန်ကီကျောင်းဆောင်၏ သန့်စင်နယ်မြေထဲမှ ထွက်လာပြီးနောက် မုန့်ချီနှင့် မိန်းကလေးရူတို့က မြောက်ပိုင်းကျိုးအင်ပါယာ၏ သန့်စင်နေမင်းဂိုဏ်းအနားတွင် ပြန်ပေါ်လာခဲ့သည်။ သူက တာအိုသခင်ချုံဟယ်ကို လူဝင်စားခြင်းနှင့် ပတ်သက်သော လျှို့ဝှက်ချက်များ ပြောပြရန် ဆန္ဒရှိနေပြီး သူ့ကို ကူညီပေးချင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သူ၏အဆင့်တက်မှုကို ကူညီပေးနိုင်သည်။

ထို့ပြင် သူက နောက်ဆုံးအကြိမ် ဟန်ကွမ်းနှင့် ကောင်းလန်တို့၏ ပူးပေါင်းမှုအကြောင်း သတင်းတစ်ခု ချန်ထားရန် မသက်မသာ ခံစားနေခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာက အလွန်ကြီးမားသော ပြဿနာတစ်ခု ဖြစ်နေနိုင်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် သူက ထိုနေရာကို သွားပြီး ဆွေးနွေးချင်ခဲ့၏။

"မိန်းကလေးရူ …

တကယ်လို့ မင်းကသာ သန့်စင်နေမင်းဂိုဏ်း၊ ဟွာမေ့တောင်တန်းနဲ့ ရှောင်လင်ကျောင်းတော်အနားမှာ နေမယ်ဆိုရင်တော့ လက်တုံ့ပြန်မှာကို ကြောက်ဖို့မလိုဘူး။ ဒါပေမဲ့ ချန်းကယ်၊ လော့ရန်နဲ့ ပင်ကျင်းကိုတော့ မသွားနဲ့…"

မုန့်ချီက ထွက်မသွားခင် သူမကို သတိပေးခဲ့သည်။

မုန့်ချီ ကိုယ်တိုင်ကလည်း ထိုအချက်နှင့် ပတ်သက်ပြီး မလုံခြုံသလို ခံစားနေရသေး၏။ သူ၏အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်က ဓမ္မကာရအဆင့် ပညာရှင်များကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ သူက အမှန်တရားလမ်းစဉ် ဓမ္မကာရအဆင့် ပညာရှင်များ၏ အနီးတွင် နေထိုင်ခြင်း သို့မဟုတ် သူ့ကို လုပ်ကြံသတ်ဖြတ်မှုများမှ ကာကွယ်တွက်ချက်ပေးနိုင်သော ရတနာများကို ဆောင်ထားခြင်းမျိုးသာ လုပ်နိုင်သည်။

မိန်းကလေးရူကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာ အတွေ့အကြုံရှိနေသော ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမက ဘာမျှမသိသော ကလေးမလေးတစ်ယောက် မဟုတ်ချေ။

ကြောက်နေရာမှ သတိပြန်ဝင်လာပြီးနောက် သူမက ဦးညွတ်လိုက်သည်။

"ကျွန်မကို ကယ်တင်ပေးခဲ့တဲ့အတွက် သခင်လေးစုကို ကျေးဇူးတင်ပါတယ်။ နောက်ပိုင်း ကျွန်မဆီက အကူအညီလိုရင်လည်း ဘာမှစိုးရိမ်မနေဘဲ ပြောသာပြောပါ…"

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး တံငါသည်နှင့် ငါးတို့၏ကွာခြားချက်ကို နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။ မိန်းကလေးရူက ခေါင်းခါပြလိုက်၏။ သူမက ထိုကိစ္စအကြောင်းကို လုံးဝမသိကြောင်း ပြောလိုက်ခြင်းလည်းဖြစ်သည်။

သူမက သက်ပြင်းချပြီး ပြောလိုက်၏။

"အထွဋ်အမြတ် နတ်ဘုရားကြေးမုံရဲ့ဝိညာဉ်က မရှိတော့ဘူး။ ထာဝရတောင်ကြားရဲ့ ထူးခြားတဲ့ သက်ရောက်မှုတွေကလည်း မကြာခင် ပျောက်ကွယ်သွားတော့မယ် ...။ ဒီတော့ နောက်ပိုင်းမှာ ပြန်လည်ဝင်စားခြင်းနဲ့ ထာဝရမျိုးနွယ်စုဆိုတာ မရှိနိုင်တော့ဘူး။ ဒဏ္ဍာရီပညာရှင်တွေရဲ့ အစစ်အမှန် လူဝင်စားခြင်းကတော့ ထာဝရတောင်ကြားနဲ့ အထွဋ်အမြတ်နတ်ဘုရားကြေးမုံတို့အပေါ် မှီခိုနေတာ မဟုတ်နိုင်ဘူး ..."

မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေမိပြီး သူတို့က တံငါသည်များ ၊ ငါးများ ဟုတ်မဟုတ် သူ့မိတ်ဆွေများကို သင်ကြားပေးရန် တိတ်တဆိတ် စဉ်းစားနေခဲ့သည်။ ထိုသို့ဆိုလျှင် ထိုအရာ(၂)ခု၏ ကွဲပြားမှုကို ရှာတွေ့ရန် ပို၍လွယ်ကူနိုင်၏။ သို့သော် ယခုတော့ ထာဝရတောင်ကြားက ဖျက်ဆီးခံလိုက်ရသည့်အတွက် သူတို့က ပြင်ပအကူအညီနှင့် လျှို့ဝှက်ချက်မရှိဘဲ သူတို့၏ပြင်ပခန္ဓာများကို မြင်တွေ့ရန် မဖြစ်နိုင်တော့ပေ။

မိန်းကလေးရူက နောက်တစ်ကြိမ် နှုတ်ဆက်လိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်မိ၏။

"အခုတော့ ကျွန်မရဲ့ဘဝကြီးကို ကောင်းကောင်းနေထိုင်သွားလို့ရပြီ။ ကျွန်မက လူဝင်စားမှုကို အားကိုးလို့မရနိုင်တော့ဘူး…."

ထို့နောက် သူမက ပျံသန်းသွားခဲ့လေသည်။

မုန့်ချီကတော့ သူမ၏အသံထဲတွင် အလွန်ရှုပ်ထွေးသော ခံစားချက်များကို သတိထားလိုက်မိသည့်အတွက် သက်ပြင်းချလိုက်မိသည်။ သူက တစ်ယောက်တည်း တီးတိုးပြောပြလိုက်၏။

"ပြန်လည်ဝင်စားမှုသာမရှိရင် မင်းက သတ်မှတ်ချက်တွေကို ချိုးဖောက်နိုင်ပါလိမ့်မယ်…"

ဦးတည်ချက်ကို စစ်ဆေးလိုက်ပြီးနောက် သူလည်း သန့်စင်နေမင်းဂိုဏ်းဆီကို ပျံသန်းသွားလိုက်လေသည်။

Translated by Hein Htet.

All Chapters