အခန်း (၇၁၃)
Vol. 48 Ch. 713
ရှောင်လင်ကျောင်းက သိုင်းနတ်ဘုရား
အပိုင်း (၇၁၃) {စာစဉ် ၄၈ - အပိုင်း(၈)}
မုန့်ချီက အိပ်မက်နယ်မြေတစ်ခု သို့မဟုတ် အလင်းတန်းများ ပြည့်နေသော ပင်လယ်ကြမ်းခင်းတစ်ခုထဲကို ရောက်သွားသည့်အလား အလင်းရောင်နှင့် အရိပ်များက တစ်လှည့်ဆီ လျင်မြန်စွာပြောင်းလဲနေခဲ့သည်။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော လေဟာနယ်ကလည်း နံရံတစ်ခုအဖြစ် စုစည်းအေးခဲလာခဲ့၏။ နံရံပေါ်တွင်တော့ အလွန်တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာနေပြီး တစ်ခုချင်းဆီက ပတ်ပတ်လည်တွင် မတူညီသောမြင်ကွင်းများကို ပြသနေခဲ့သည်။
မုန့်ချီက အလွန်နက်ရှိုင်းသော ပင်လယ်ကြီး၊ မြက်ခင်းစိမ်း၊ တောင်တန်းများ၊ ကျယ်ပြန့်သော ကောင်းကင်၊ ကြယ်တာရာများ၊ နဂါးငွေ့တန်း၊ ရွှေကျီးကန်းနှင့် ကျောက်စိမ်းယုန်တို့ကို မြင်ခဲ့ရသည်။ သူက ကမ္ဘာကြီး၏အဆုံးသတ်၊ ရေအောက်မျိုးနွယ်စု၊ ကမ္ဘာနှင့်လ၊ ယူအက်ဖ်အို(UFO)များ၊ အာကာသယာဉ်များကို မြင်တွေ့ရသည်။
ထိုအရာများအားလုံးက နံရံပေါ်တွင် ပေါ်လာသော လက်သန်းအရွယ် တံခါးငယ်လေး ပေါင်းများစွာ ဖြစ်ပုံရသည်။ တံခါးများ၏ အတွင်းထဲတွင် ရှိနေသော မြင်ကွင်းများက ဆက်တိုက်ပြောင်းလဲနေပြီး အရာအားလုံးက အလွန်ကျယ်ပြန့်၍ အဆုံးမဲ့ ဖြစ်နေပုံရသည်။
ထိုမြင်ကွင်းများကြောင့် မုန့်ချီက ဇဝေဇဝါဖြစ်သွားပြီး သူတို့၏အရင်းအမြစ်ကို ဝိုးတဝါး နားလည်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက သူ၏ကမ္ဘာ့အမြင်နှင့် ကိုယ်တွင်းကမ္ဘာကြီးကို အသုံးချပြီး ထိုမြင်ကွင်းများကို ရှင်းပြနိုင်သည်။
အပြိုင်စကြဝဠာများနှင့် လေဟာနယ် အလင်းတန်းအပိုင်းအစများက ကမ္ဘာပေါင်းများစွာကို ကိုယ်စားပြုနေပြီး ထိုကမ္ဘာများအားလုံးက ကောင်းကင်(၉)သွယ်ဆီကို စုစည်းလာကြခြင်းဖြစ်သည်။ ယခုသူမြင်နေရသည်မှာ ကမ္ဘာပေါင်းများစွာ၏ ပုံရိပ်ရောင်တစ်ခုသာ ဖြစ်၏။
‘ဒီမှော်နေရာက အင်မော်တယ်နယ်မြေနဲ့ တစ်ခုခုပတ်သက်နေတာများ ဖြစ်နိုင်မလား..’
အလွန်တောက်ပသော အလင်းရောင်ကို ပြန်လှည့်ကြည့်လိုက်ရာ မုန့်ချီက အလွန်ထူးခြားသော ပုံစံကွက်များရှိနေသည့် ရှေးဟောင်းမှန်တစ်ချပ်ကို မြင်လိုက်ရသည်။ ထိုမှန်၏မျက်နှာပြင်ပေါ်တွင် ပုံရိပ်ထင်ခြင်းကို တားဆီးနိုင်သော အမည်းရောင်မျက်နှာပြင်တစ်ခု ရှိသည်။
လေဟာနယ်ထဲမှ မှန်ပေါ်သို့ ကျရောက်လာသော အလင်းတန်းများကတော့ ဖြာထွက်သွားခြင်း မရှိဘဲ ထိုးဖောက်သွားသည့်အတွက် ထိုမှန်က ပုံရိပ်ရောင်တစ်ခုကဲ့သို့ ထင်မှတ်ရ၏။ တန်ပြန်လာသော အလင်းတန်းများကတော့ လေဟာနယ်ထဲတွင် တံခါးများကို ဖန်တီးပေးနေခဲ့သည်။ ထိုမှန်ဟောင်းကြီးက ပုံရိပ်ယောင်နန်းတော်၏ အလယ်တွင် လှုပ်ရှားလွင့်မျောနေခဲ့သည်။ သူက ဤနေရာတွင် မရှိသလို ထင်မှတ်ရ၏။
"အဲဒါက ဒီနေရာရဲ့မှော်အစွမ်းပဲ။ ငါတို့ရဲ့ရေကန်တွေက ငါတို့ရဲ့ရှေ့မှာ ပေါ်လာသလိုမျိုးပဲ။ တကယ်လို့ ငါတို့ကသာ အဲဒီအရာတွေကို သေချာအာရုံစိုက်ပြီး စစ်ဆေးကြည့်လိုက်မယ်ဆိုရင် တံခါးတစ်ချပ်ချင်းဆီထဲမှာ မတူညီတဲ့ ငါတို့ကိုပြန်တွေ့နိုင်တယ်…"
မိန်းကလေးရူ၏အသံက လှုပ်ရှားနေပြီး သူမ၏မျက်လုံးများကတော့ ထိုမှော်ဆန်သော မြင်ကွင်းများကိုကြည့်ပြီး မူးဝေနေပုံရသည်။ ထာဝရမျိုးနွယ်စုကတော့ ထိုမှော်အစွမ်း၏ နောက်ကွယ်တွင် ရှိနေသော ပို၍လေးနက်သည့် တာအိုနှင့် အကြောင်းပြချက်ကို နှစ်ပေါင်းများစွာ ရှာဖွေလေ့လာနိုင်ခဲ့ခြင်း မရှိချေ။
“မတူညီတဲ့ ငါတို့လား ...”
မုန့်ချီက အတွေးတစ်ခု ရသွားခဲ့သည်။ အစောပိုင်းတွင် သူ၏သုံးသပ်ချက်နှင့် ပေါင်းစပ်လိုက်သည့်အခါ ထာဝရမျိုးနွယ်စုက လေဟာနယ်အလင်းတန်း အပိုင်းအစထဲမှနေ၍ ကိုယ့်ကိုယ်ကိုယ် ငါးမျှားခြင်း ဖြစ်နိုင်သည်ဟု ဆုံးဖြတ်လိုက်သည်။
ခေါင်းထဲတွင် ထိုအတွေး ပေါ်လာသည့်အချိန်၌ သူ၏ပတ်ပတ်လည်တွင် ပြောင်းလဲနေသော တံခါးများစွာက မျက်နှာများ ဖြစ်လာကြောင်း ခံစားမိခဲ့သည်။ စက္ကန့်အနည်းငယ်လေးအတွင်း သူတို့က မုန့်ချီအတွက် ထင်ရှားလာခဲ့၏။ သူတို့အားလုံးက တစ်ခုတည်းသာ ဖြစ်သည်။ ကမ္ဘာပေါ်မှ မုန့်ချီ၏မျက်နှာသာ ဖြစ်၏။ အလွန်များပြားသော သူ့ကိုယ်သူ ပြန်ကြည့်ပြီး မုန့်ချီကတော့ ထိုတံခါးများကို စစ်ဆေးခြင်းမရှိတော့ဘဲ မူလအခြေအနေကို ပြန်ရောက်လာခဲ့သည်။
“ဘာလို့ ငါ့မှာ မူလ ငါ တစ်ယောက်ပဲ ရှိရတာလဲ…။ ငါးတစ်ကောင်နဲ့ တံငါသည်တစ်ယောက်ရဲ့ ကြားထဲက ကွာခြားမှုက ဘာလဲ။ တကယ်လို့ မိန်းကလေးရူက ငါးမျှားနိုင်တယ်ဆိုရင် ဘာလို့ ငါက မရနိုင်တာလဲ…”
သံသယများ ရှိနေသော မုန့်ချီက မှော်ဆန်သော ရှေးဟောင်းမှန်ဆီသို့ လျှောက်သွားခဲ့သည်။ သူက လက်ကို ဆန့်ထုတ်လိုက်ပြီး ကိုယ်ပွားတစ်ခုဖန်တီး၍ ထိုမှန်ကို စစ်ဆေးကြည့်ရန် အနားသို့ ကပ်သွားခဲ့သည်။
"အဲဒါက အသုံးမဝင်ဘူး…"
မိန်းကလေးရူ၏ အသံတိုးတိုးကို ကြားလိုက်ရသည်။
မုန့်ချီက မှင်တက်သွားခဲ့သော်လည်း လှုပ်ရှားနေခြင်းကိုတော့ ရပ်တန့်ခဲ့ခြင်း မရှိချေ။ သူ၏ညာဘက်လက်က ရှေးဟောင်းမှန်ဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာခဲ့သည်။ သူက မည်သည့်အရာကိုမျှခံစားမိခဲ့ခြင်း မရှိဘဲ တိုက်ရိုက်ဖြတ်ကျော်သွားခဲ့သည်။
မုန့်ချီက မျက်မှောင်ကြုတ်ပြီး တွေးလိုက်မိ၏။
“ဒါက အစစ် မဟုတ်ဘူးလား…”
သို့သော် အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်၏ တုံ့ပြန်မှုကြောင့် ထိုအရာက အင်မော်တယ်နယ်မြေနှင့် ပတ်သက်နေကြောင်း သေချာသွားခဲ့သည်။
မိန်းကလေးရူက မချိပြုံးပြုံးလိုက်၏။
"တကယ်လို့ ငါတို့ကသာ ဒါကိုထိပြီး ယူနိုင်တယ်ဆိုရင် ဘာကြောင့် ငါတို့မျိုးနွယ်စုက နှစ်ပေါင်းများစွာ ဒီနေရာမှာ ချန်ထားရမှာလဲ။ ငါတို့က နှစ်ထောင်ပေါင်းများစွာ နည်းလမ်းတွေ အများကြီးနဲ့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက်ကွယ်မှာရှိတဲ့ အမှန်တရားကို မမြင်ရသေးဘူး…"
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။
ထာဝရမျိုးနွယ်စုက ဤနေရာကို ရှာတွေ့သည်မှာ အတော်လေးကြာခဲ့ပြီ ဖြစ်သည်။ သူတို့က ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်များကို ဆက်လက်လေ့လာရန်အတွက် ထိုမှန်ကို အဝေးသို့ ယူဆောင်သွားနိုင်သည်။
"ဒါ ဘာလဲဆိုတာ နင်သိလား…"
ခဏတာ စဉ်းစားပြီးနောက် မုန့်ချီက မေးလိုက်သည်။ ရှေးဟောင်းမှန်ပေါ်တွင် ရှိနေသော အင်းကွက်များက ရှေးဟောင်းချိပ်တံဆိပ်များနှင့် လုံးဝကို ကွဲပြားနေသည့်အတွက် မုန့်ချီက သူ၏ဇစ်မြစ်ကို သုံးသပ်နိုင်ခြင်း မရှိချေ။
မိန်းကလေးရူက ခေါင်းခါပြီး ပြောလိုက်၏။
"မသိဘူး…"
"ငါ သိတယ်…"
ရုတ်တရက်ဆိုသလို ဘယ်ကမှန်းမသိသော အေးတိအေးစက်အသံတစ်ခု ပေါ်လာခဲ့သည်။ ပုံရိပ်ယောင်နန်းတော်၏အစွန်တွင်လည်း ရင်းနှီးသောလူတစ်ယောက် ပေါ်လာခဲ့၏။
"ဆရာ…"
ထိုအရာက သူ့ဆရာ၏ စုန့်ပင်းတီဖြစ်ကြောင်း မြင်လိုက်ရသည့်အချိန်တွင် မိန်းကလေးရူက အတော်လေး ထိတ်လန့်သွားခဲ့သည်။
မုန့်ချီက မိန်းကလေးရူ၏ရှေ့တွင်ရပ်ပြီး သူ့ကို ကာကွယ်ပေးထားလိုက်၏။ မျက်လုံးထဲတွင်လည်း သတိထားနေခဲ့သည်။ စုန့်ပင်းတီက ဤနေရာတွင် ထူးဆန်းစွာ ပေါ်လာပြီး သူ၏မျက်နှာအမူအရာပေါ်တွင်လည်း အန္တရာယ်အငွေ့အသက်များ ရှိနေခဲ့သည်။
စုန့်ပင်းတီက သာမန်မထင်မရှား ရုပ်ရည်တစ်ခုသာ ရှိနေသေးသော်လည်း ကောက်ကျစ်စဉ်းလဲသော သူ၏သဘာဝက ပြောင်းလဲသွားပြီး မျက်လုံးများကလည်း နီရဲနေသည်။ ရက်စက်ကြမ်းကြုတ်မှု၊ ကောက်ကျစ်စဉ်းလဲမှုစသည့် သူ၏အမူအရာများက လူတိုင်းကို ကြက်သီးမွေးညင်းထသွားစေနိုင်သည်။
"ခင်ဗျားက စုန့်ပင်းတီမဟုတ်ဘူး။ ခင်ဗျားက သွေးဝတ်ရုံအဖွဲ့အစည်းက ဘယ်ဘိုးဘေးလဲ…"
မုန့်ချီက ထိုလူ၏စွမ်းရည်များကို တွက်ချက်ကြည့်နေခဲ့သည်။
စုန့်ပင်းတီက အားရပါးရရယ်လိုက်ပြီး သူ၏အနီရောင်မျက်နှာက မဲမှောင်လာခဲ့သည်။
"မင်းက ငါ့ရဲ့လူဝင်စားကိုတော့ နှောင့်ယှက်ခဲ့ပြီး ငါ့ကို မမှတ်မိဘူးလား…"
"သွေးပင်လယ်ယက္ခ…"
မုန့်ချီက ပြောလိုက်ပြီး ယခုတော့ အလွန်သတိထားနေခဲ့သည်။
“စုန့်ပင်းတီက သွေးပင်လယ်ယက္ခ ၊ ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်ရဲ့ ကိုယ်ပွားလား။ အခု သူက သိုင်းသခင်တစ်ယောက်လို ခံစားနေရတယ်…”
ထိုအချိန်ကျမှသာ သူ့ရင်ထဲတွင် အန္တရာယ်အငွေ့အသက်တစ်ခု ပေါ်လာသည်ကို ခံစားမိခဲ့သည်။ သူတို့၏အဆင့်ကွာဟမှုက အလွန်အမင်းကို ကြီးမားလှသည့်အတွက် သွေးပင်လယ်ယက္ခ၏ အစွမ်းများကိုသုံးပြီး သူ၏တွက်ချက်ခြင်းများ၊ မသိစိတ်များကို ဖိနှိပ်နိုင်သည်။ သူက ဓမ္မကာရအဆင့် ရန်သူတစ်ယောက်ကို ပထမဦးဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်းမဟုတ်သော်လည်း ယခုတစ်ကြိမ်က ပြင်ပအကူအညီမပါဘဲ ဓမ္မကာရအဆင့် ပြိုင်ဘက်တစ်ယောက်ကို ပထမဆုံးအကြိမ် တိုက်ခိုက်ရန် ကြိုးစားနေခြင်းလည်း ဖြစ်သည်။
စုန့်ပင်းတီက သိုင်းသခင်အဆင့် ကိုယ်ပွားတစ်ယောက်သာ ဖြစ်သော်လည်း သူ့ထက် ပို၍အတွေ့အကြုံပိုများသည်။ သူက ထွက်မပြေးချင်သလို ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်ကဲ့သို့ မဟုတ်ချေ။ သူက ကောင်းမှု(၅)မျိုး စွမ်းရည်များရှိနေသော ကျိကို တိုက်ခိုက်ရသည်ထက်ပင် ပို၍ကြောက်စရာကောင်းနိုင်သည်။ ထို့ပြင် ဤနေရာက တောင်ပိုင်းဖုန်းဆိုးမြေဖြစ်သည့်အတွက် သူ၏အစစ်အမှန်ခန္ဓာက အချိန်မရွေး ပေါ်လာနိုင်သည်။
မုန့်ချီ၏ အတွေးများက လှုပ်ရှားနေပြီး သူက အဖြေတစ်ခုကို လျင်မြန်စွာ ရှာဖွေနေခဲ့၏။ ရုတ်တရက်ဆိုသလို သူက အကြံတစ်ခု ရသွားပြီး ရှေးဟောင်းမှန်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။
ပထမတွင် မိန်းကလေးရူက ယာယီမှင်တက်နေခဲ့၏။ ထို့နောက် သူမက မုန်းတီးနေသော မျက်လုံးများနှင့် စိုက်ကြည့်ပြီး အံကြိတ်လိုက်သည်။
“ဒါကြောင့်လည်း ရှင်က ကျွန်မကို မှတ်ဉာဏ်တွေပဲ ချန်ထားပြီး မွေးစားခဲ့တာကိုး..”
စုန့်ပင်းတီက အပြုံးနှင့် ပြောလိုက်သည်။
"ငါက ကိစ္စတစ်ခုကို မပြီးဘဲ ဘယ်တော့မှ မထားခဲ့ဘူး။ ငါက ဒီမှော်ဆန်တဲ့နေရာကို သိနေတဲ့ အချက်ကြောင့်သာ မဟုတ်ရင် ငါ မင်းကို သတ်ပစ်တာကြာပြီ။ ဘာလို့ မင်းရဲ့ဆရာအဖြစ် ဟန်ဆောင်ပြီး မင်းရဲ့မှတ်ဉာဏ်တွေကို နိုးထလာအောင် ကြိုးစားရမှာလဲ…"
သူက မိန်းကလေးရူကို ဂရုမစိုက်ဘဲ ယခုရှေးဟောင်းမှန်ကို တည့်တည့်စိုက်ကြည့်၍ ရှင်းပြလိုက်သည်။
“ဒါက အထွဋ်အမြတ် နတ်ဘုရားကြေးမုံပဲ…"
"အထွဋ်အမြတ် နတ်ဘုရားကြေးမုံလား…"
မုန့်ချီက အလွန်အံ့သြသွားခဲ့သည်။
"ဒီဒဏ္ဍာရီပစ္စည်းက အသူရာအင်ပါယာရဲ့ အသုံးအဆောင်ပစ္စည်းဖြစ်ခဲ့တယ်…"
ထိုအချိန်တွင် သွေးပင်လယ်ယက္ခ၏ ခန္ဓာကိုယ်ထဲမှနေ၍ သွေးစီးကြောင်းများစွာ ထွက်ပေါ်လာကြောင်း ခံစားမိခဲ့ပြီး ထိုအရာက ပုံရိပ်ယောင်နန်းတော်တစ်ခုလုံးကို ပိုက်ကွန်တစ်ခုသဖွယ် လွှမ်းခြုံသွားခဲ့သည်။
သွေးပင်လယ်ယက္ခက အပြုံးနှင့်ပြောလိုက်၏။
"အထွဋ်အမြတ် နတ်ဘုရားကြေးမုံကို ရှေးဟောင်းနယ်မြေမတိုင်မီခေတ်က ဖန်တီးခဲ့တယ်။ အဲဒါက အထွဋ်အမြတ် နတ်ဘုရားရတနာတစ်ခုပဲ။ ကံဆိုးသွားတာကတော့ အဲဒီခေတ်ရဲ့အဆုံးသတ်မှာ ပျက်စီးသွားခဲ့ပြီး သူ့ရဲ့ဝိညာဉ်တစ်ခုပဲ ကျန်နေတော့တယ်။ အဲဒီနောက်မှာတော့ အသူရာအင်ပါယာက မှန်ရဲ့ကိုယ်ထည်ကို ပြန်ပြီးတော့ ဖန်တီးခဲ့တယ်။ ဒါပေမဲ့ အင်ပါယာပျောက်မသွားခင် နောက်တစ်ကြိမ် ဖျက်ဆီးခံခဲ့ရတယ်။ ဒီမှာရှိတဲ့ ျရှေးဟောင်းပစ္စည်းကတော့ သူ့ရဲ့အနှစ်သာရ အငွေ့အသက်တွေပဲ။ ငါတို့က သူ့ရဲ့မူလလုပ်ဆောင်မှုကို မသိဘူး။ ဒါပေမဲ့ အဲဒါက အင်မော်တယ်နယ်မြေနဲ့ ဆက်သွယ်နိုင်ပြီး ငါတို့ရဲ့တခြားခန္ဓာတွေကို မြင်တွေ့နိုင်အောင် ကူညီပေးနိုင်တယ်…"
"လေဟာနယ် အလင်းတန်းအပိုင်းအစတွေထဲမှာရှိတဲ့ တခြားခန္ဓာတွေကိုလား…"
မုန့်ချီက မေးလိုက်သည်။
သွေးပင်လယ်ယက္ခက အနည်းငယ် အံ့သြသွားပုံရ၏။
"ဒါကြောင့်လည်း မင်းက ကောင်းကင်အပြစ်ပေးမှု (၄)ကြိမ် ကြုံခဲ့ရတဲ့ လူတစ်ယောက် ဖြစ်နေတာပဲ။ မင်းက အများကြီးသိနေတယ်။ အဲဒါက ငါပြောချင်တဲ့အရာပဲ…"
သူကတော့ သိထားသည့်အရာများကို ဝေမျှနေရသည့်အတွက် အလွန်ဝမ်းသာနေပုံရပြီး ဆက်ပြောလိုက်သည်။
"ဒီလောကကြီးထဲမှာ ငါတို့ရဲ့တခြားခန္ဓာတွေ အဆုံးမဲ့ရှိနေတယ်။ ပုံမှန်အားဖြင့် လူတစ်ယောက်က ဓမ္မကာရအဆင့်တစ်ခုကို ရောက်သွားတဲ့အချိန်မှပဲ သူတို့တွေကို အာရုံခံနိုင်ကြတယ်။ ပြီးတော့ ဒဏ္ဍာရီအဆင့်ကို တက်လှမ်းနိုင်ကြတယ်။ ဒါပေမဲ့ အထွဋ်အမြတ်နတ်ဘုရားကြေးမုံ ရှိနေရင်တော့ လူတစ်ယောက်က အဲဒီလိုအဆင့်မျိုးကို မရောက်သေးဘဲ အဲဒီလိုအောင်မြင်မှုတွေကို ရနိုင်တယ်။ တစ်ချိန်တည်းမှာပဲ ဆိုးကျိုးတွေလည်း အများကြီးရှိနိုင်တယ်…"
“ဒီလျှို့ဝှက်နည်းလမ်းရဲ့ အစစ်အမှန် လုပ်ဆောင်မှုက လူဝင်စားဖို့ မဟုတ်ဘဲ ငါတို့ရဲ့ တခြားပြင်ပခန္ဓာတွေကို အာရုံခံဖို့လား…”
မုန့်ချီက ခေါင်းထဲတွင် တစ်ယောက်တည်း တွေးနေမိခဲ့သည်။
သွေးပင်လယ်ယက္ခက ထိုခေါင်းစဉ်ကို ပြောင်းလဲလိုက်ပြီး ဆက်လက်ဆွေးနွေးလိုပုံ မရချေ။
"ဒီမှန်မှာ ဝိညာဉ်တစ်ခုပဲ ကျန်နေတော့တယ်။ ဒီတော့ မင်းက အဆင့်တစ်ခုကို မရောက်မချင်း ထိလို့ရမှာမဟုတ်ဘူး။ ဒီတော့ အနားကို ကပ်သွားပြီး ဘာလုပ်မလို့လဲ.."
မုန့်ချီကတော့ ပညာရှင်တစ်ယောက်၏ ကိုယ်ပွားကို မျက်နှာချင်းဆိုင်နေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ခင်ဗျားက ကျုပ်ကို အချိန်ဆွဲပြီး အကူအညီ စောင့်နေဖို့ ကြိုးစားနေတာပဲလေ…"
"ဟုတ်လား…"
သွေးပင်လယ်ယက္ခက ရယ်လိုက်ပြီး စိတ်သက်သာရာရသွားခဲ့သည်။ သူ၏နှုတ်ခမ်းများက သွေးသောက်ထားသည့်အလား နီရဲနေခဲ့၏။
"ခင်ဗျားရဲ့ကိုယ်ပွားက ကောင်းကင်(၇)သွယ် ဝေ့ကျင်းအဆင့် ရှိတယ်။ ကျုပ်ဆီမှာ နတ်ဘုရားလက်နက်တွေ၊ တခြားရတနာတွေ ရှိနေမယ်ဆိုရင် ခင်ဗျားအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေမှာကို ခင်ဗျားက စိုးရိမ်တယ်လေ။ ဒါကြောင့် ကျုပ်ကို အချိန်ဆွဲဖို့အတွက် လျှို့ဝှက်ချက်တွေ ပြောပြနေပြီး အကူအညီကို စောင့်နေတာ။ အဲဒါက ပိုးကောင်ဘိုးဘေးလား ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင်များ ဖြစ်နေမလား…"
မုန့်ချီက ကိုယ်ပွားကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။
မိန်းကလေးရူဆီမှ ချွေးစေးများ စီးလာပြီး သူမက တစ်ကိုယ်လုံး စိုရွှဲနေခဲ့သည်။
သွေးပင်လယ်ယက္ခက ပြုံးလိုက်၏။
"မင်းက ဒါတွေ နားလည်သွားတဲ့အချိန် အရမ်းနောက်ကျသွားတာကတော့ ကံဆိုးတာပေါ့။ ငါက ဒီနေရာမှာ သွေးဝင်္ကပါတစ်ခုကို တိတ်တဆိတ်ဖန်တီးပြီးသွားပြီ။ တကယ်လို့ ငါက မင်းကို မဖမ်းနိုင်ရင်တောင် မင်းက ထွက်ပြေးနိုင်မှာ မဟုတ်ဘူး.."
သူက အလွန်ရက်စက်ကြမ်းကြုတ်သူတဟ်ယောက်ဖြစ်သည့်အတွက် မုန့်ချီကို မည်သို့နှိပ်စက်ရမည်ဖြစ်ကြောင်း စဉ်းစားနေခဲ့သည်။ ထိုအရာက ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်၏ ယုံကြည်မှုလည်း ဖြစ်၏။
"ဒုတ်ဒုတ် .. ဒုတ်ဒုတ် .. ဒုတ်ဒုတ် ..."
မိန်းကလေးရူ၏နှလုံးခုန်သံများက ဗုံတစ်လုံးကဲ့သို့ မြန်လာခဲ့သည်။
"အဲဒီလိုလည်း မဟုတ်သေးဘူးလေ…"
မုန့်ချီက ပြုံးလိုက်သည်။ သူ့လေသံက ရုတ်တရက်ဆိုသလို အက်ရှသွားခဲ့၏။
သူ၏ဘယ်ဘက်လက်ထဲတွင် သစ်ပင်ငယ်လေးတစ်ခု ပေါ်လာပြီး အထွဋ်အမြတ်နတ်ဘုရားကြေးမုံဆီသို့ လက်လှမ်းလိုက်သည်။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်ထဲမှ လက်အပို(၂)ဖက် ထွက်ပေါ်လာပြီး မိန်းကလေးရူကိုဖက်၍ ရှေးဟောင်း လေဟာနယ်ထိုးဖောက်ခြင်းအဆောင်ကို အသက်သွင်းလိုက်သည်။
"တကယ်လို့ ကျုပ်က မရနိုင်ရင်တောင် ကျုပ်ရဲ့သစ်ပင်ကို အစာကျွေးလိုက်လို့ရတယ်.."
ပထမဆုံးအကြိမ်အဖြစ် သွေးပင်လယ်ယက္ခ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော သွေးပင်လယ်ကြီးကလည်း ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့လေ၏။
Translated by Hein Htet.