အခန်း (၇၁၂)
Vol. 48 Ch. 712
ရှောင်လင်ကျောင်းက သိုင်းနတ်ဘုရား
အပိုင်း (၇၁၂) {စာစဉ် ၄၈ - အပိုင်း(၇)}
သူတို့(၃)ယောက်က တောင်တန်းများကြားထဲတွင် အလွန်လျင်မြန်စွာ ပြေးလွှားနေကြသည်။ ပျံသန်းသွားမည်ဆိုလျှင် သူတို့ကို အလွယ်တကူ ရှာတွေ့သွားနိုင်၏။ နာရီဝက်အတွင်း သူတို့က မြွေရှည်တောင်တန်းနှင့် အတော်ဝေးဝေးကို ရောက်လာခဲ့ကြသည်။ ထိုအချိန်ကျမှသာ မုန့်ချီက စိတ်အေးလက်အေး နေရဲခဲ့၏။
သွေးဘိုးဘေး ကလေးငယ်နှင့် အရိုးခြောက် နတ်ဆိုးဧကရာဇ်တို့ကို ခြောက်လန့်ရန် လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်ခြင်းကြောင့် မုန့်ချီက သူ့ကိုယ်သူ အလွန်ကျေနပ်နေခဲ့သည်။ မဟုတ်လျှင် သားရဲနတ်ဘုရားကပါ တိုက်ပွဲထဲသို့ ပူးပေါင်းလာသည့်အချိန်တွင် သူက ရတနာများကိုမသုံးဘဲ ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ချေ။
ထို့ပြင် မိန်းကလေးရူနှင့် စုန့်ပင်းတီတို့ကိုလည်း သူနှင့်အတူ ခေါ်ဆောင်သွား၍ မရနိုင်တော့ပေ။ တခြားပညာရှင်များ၏ အထောက်အပံ့နှင့် အကူအညီကြောင့် ဉာဏ်ရည်နိမ့်ပါးသော မှော်သားရဲ၏ အားနည်းချက်က ပျောက်ကွယ်သွားနိုင်ပြီး အလွန်ကြောက်စရာကောင်းသော စွမ်းအားနှင့် ခန္ဓာကိုယ်အခြေအနေက မြင့်တက်လာနိုင်သည်။
ထို့ကြောင့် မုန့်ချီက တိုက်ခိုက်မှုတိုင်းတွင် အန္တရာယ် ရှိနေနိုင်၏။ ထို့ပြင် သွေးဘိုးဘေးကလေးငယ်နှင့် အရိုးခြောက် နတ်ဆိုးဧကရာဇ်တို့ဆီတွင် သားရဲနတ်ဘုရား၏ မတူညီသော စွမ်းရည်နှင့် ကျင့်စဉ်များ ရှိနေခဲ့သည်။
တစ်ယောက်ဆီတွင် အလွန်လျှို့ဝှက်ဆန်းကြယ်သော အရည်အချင်းများ ရှိနေပြီး မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်မှ အမွေဆက်ခံထားသော ကြောက်မက်ဖွယ်ရာ ရတနာများရှိနေသည်။
တခြားတစ်ယောက်တွင်တော့ လူတစ်ယောက်၏အသက်ကို ခြိမ်းခြောက်တိုက်ခိုက်နိုင်သော ထူးခြားသည့်ခန္ဓာကိုယ် အခြေအနေတစ်ခု ရှိနေခဲ့သည်။ ထို့ကြောင့် သူက သားရဲနတ်ဘုရားကို မည်သို့တိုက်ခိုက်စေကာမူ အချိန်အများစုတွင် သူတို့ကို တားဆီးနေမည်ဆိုလျှင် သူတို့၏ တိုက်ခိုက်မှုများကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ရှေ့တွင် မှော်သားရဲရှိနေပြီး ဘေးနှစ်ဖက်တွင်တော့ အရိုးခြောက်နတ်ဆိုးဧကရာဇ်နှင့် သွေးဘိုးဘေးကလေးငယ်တို့ ရှိနေမည်ဆိုလျှင် မုန့်ချီက သိုင်းသခင်တစ်ယောက်ခွဲကို တိုက်ခိုက်နေရသလို ဖြစ်ပါလိမ့်မည်။ ထိုအချိန်အတောအတွင်း နှုတ်ဆက်ခြင်းအဘွားအိုက စုန့်ပင်းတီနှင့် မိန်းကလေးရူတို့ကို ဖမ်းဆီးပြီး သူ၏တိုက်ခိုက်ချင်စိတ်ကို နှောင့်ယှက်နိုင်သည်။
သူက အတွေ့အကြုံရှိပြီး ဉာဏ်ကောင်းသည်မှာ ကံကောင်းသွားခဲ့၏။ သူက ထိုကဲ့သို့ ခက်ခဲသောအခြေအနေကို ရှောင်တိမ်းရန် ပြီးပြည့်စုံသော အစီအစဉ်တစ်ခု ဖန်တီးနိုင်ခဲ့သည်။
မိန်းကလေးရူက မုန့်ချီကို တိတ်တဆိတ် စိုက်ကြည့်လိုက်၏။ သူမက တောင်ပိုင်းဖုန်းဆိုးမြေထဲတွင် နေထိုင်ခဲ့သော်လည်း နှစ်ပေါင်း (၁)သောင်းအတွင်း ကောင်းကင်အပြစ်ပေးမှု (၄)ကြိမ်ကြုံခဲ့ရသော ပထမဆုံးလူသားကို သိနေခဲ့သည်။ သို့သော် သူက ထိုမျှအစွမ်းထက်လွန်းပြီး တောင်ပိုင်းဖုန်းဆိုးမြေကြီးတစ်ခုလုံးကို ရှင်းထုတ်ပစ်နိုင်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
မိန်းကလေးရူက နှေးနှေးပြေးနေရင်း စုန့်ပင်းတီကို စိုက်ကြည့်၍ လုံးဝမမြင်ဖူးသော လေသံမျိုးနှင့် မုန့်ချီကို ရှင်းပြလိုက်သည်။
“ရိုးရိုးသားသားပြောရမယ်ဆိုရင် ထာဝရမျိုးနွယ်စုက ထာဝရမရှင်နိုင်ဘူး...”
သူမက ကတိအတိုင်းပြောလိုက်ပုံရသည်။
“ဟမ် .”
မုန့်ချီ၏အမူအရာက ပြောင်းလဲသွားခဲ့သည်။
“တကယ်လို့ ထာဝရမျိုးနွယ်စုအတွက် ထာဝရရှင်သန်ခြင်းက ဒီလောက်လွယ်ကူနေမယ်ဆိုရင် ဘာလို့ရှေးဟောင်းပညာရှင်တွေက ဒီအရာကို စွမ်းအားတွေ အကုန်ခံပြီး ကြိုးစားအားထုတ်ခဲ့ရမှာလဲ...”
စုန့်ပင်းတီက အံ့သြသွားပုံရသည်။
“သူတို့အားလုံးက လိမ်ခဲ့တာလား….”
မိန်းကလေးရူက စုန့်ပင်းတီကို နောက်တစ်ကြိမ်စိုက်ကြည့်လိုက်၏။
“လိမ်ခဲ့တာတော့ မဟုတ်ဘူး။ ကျွန်မတို့က သာမန်ဝေ့ကျင်းအဆင့် ပညာရှင်တွေထက် ပိုပြီးတော့ အသက်ရှည်ရှည်နေနိုင်ကြတယ်….”
ခဏရပ်လိုက်ပြီးနောက် သူမက ဆက်ပြောလိုက်သည်။ “
“တစ်ကြိမ် လူဝင်စားတဲ့အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် မှတ်မိနိုင်စွမ်းက လျော့ကျသွားတယ်။ အကြိမ်ပေါင်းများစွာ ပြန်ဝင်စားပြီးသွားရင်တော့ ကိုယ့်ရဲ့မူလခန္ဓာကိုယ်ကိုတောင် သူစိမ်းတစ်ယောက်လို တွေးမိလာလိမ့်မယ်။ မှတ်ဉာဏ်တွေကလွဲရင် သူ့ကိုယ်သူ ‘ငါ’ ဆိုတဲ့ခံစားချက်မျိုးတောင် မရှိတော့ဘူး။ အဲဒါက မှတ်ဉာဏ်တေ ပါဝင်နေတဲ့ အမွေအနှစ်တစ်ခုကို ရလိုက်သလိုမျိုးပဲ။ ဒီလိုအခြေအနေမျိုးကပဲ ဆက်ပြီးတော့ ရှိလာတယ်...”
“အတိတ်က ငါ မဟုတ်ဘူး။ ပြန်လည်ဝင်စားခြင်းဆိုတာက သေဆုံးခြင်းကို ဆိုလိုနေတယ်။ သက်ရှိတိုင်းမှာ ဝိညာဉ်(၃)ခုရှိတယ်။ ပြန်လည်ဝင်စားခြင်းက သူတို့တွေထဲက တစ်ခုကို အစားထိုးလိုက်တာပဲ….”
မုန့်ချီက အင်မော်တယ်နယ်မြေထဲရှိ အတိတ်ခန်းမထဲတွင် ကြားခဲ့ဖူးသောအရာများကို အမှတ်ရသွားပြီး ထိုအရာနှင့် ပတ်သက်၍ မိန်းကလေးရူ၏ရှင်းပြမှုကို ယုံကြည်နေခဲ့သည်။
ထိုအရာက ဝိညာဉ်ကို ပြန်လည်အသက်သွင်းနိုင်သည့် ဖြစ်စဉ်တစ်ခု ဖြစ်နေသည်။ ထာဝရမျိုးနွယ်စု၏ လျှို့ဝှက်ကျင့်စဉ်ကတော့ ထိုဖြစ်စဉ်ကို နှေးကွေးသွားစေခြင်းသာဖြစ်ပြီး လုံးဝဖြေရှင်းနိုင်ခြင်းတော့ မရှိခဲ့ချေ။ ထိုဖြစ်စဉ်က နှေးကွေးနိုင်ကြောင်း သူတို့က သိနေသော်လည်း ဘာကြောင့် သူတို့၏ နှေးကွေးမှုရလဒ်မျိုး ထွက်လာကြောင်း သူတို့က မသိခဲ့ချေ။ လျှို့ဝှက်ကျင့်စဉ်က ကမ္ဘာလောကကြီးဆီသို့ ထုတ်ပြလိုက်သည်မှာ အဓိကသော့ချက် မဟုတ်ခြင်းလည်း ဖြစ်နိုင်သည်။
မုန့်ချီ၏ ခေါင်းထဲတွင် အတွေးများ ပေါ်လာပြီး သူက ခံစားချက်ကင်းမဲ့စွာ မေးလိုက်၏။
“လူတစ်ယောက်က မူလခန္ဓာနဲ့ လုံးဝကင်းကွာသွားဖို့အတွက် ပြန်လည်ဝင်စားမှု ဘယ်နှစ်ကြိမ်လိုအပ်တာလဲ…”
“လွန်ခဲ့တဲ့နှစ်ပေါင်း(၁)သောင်းလောက်တုန်းကတော့ ငါတို့ရဲ့ဘိုးဘေးက မြွေရှည်တောင်တန်းရဲ့ ထူးခြားတဲ့ အခြေအနေတွေကို သတိထားမိပြီး ဒီလျှို့ဝှက်ကျင့်စဉ်ကို ဖန်တီးခဲ့တဲ့အချိန်မှာ လူဝင်စားမှု (၁၅)ကြိမ်ကနေ (၁၆)ကြိမ်အတွင်း မေ့ပျောက်သွားနိုင်တယ်လို့ ပြောတယ်...”
“လွန်ခဲ့တဲ့နှစ်ပေါင်း (၁)ထောင်လောက်မှာတော့ (၄) ကြိမ်ကနေ (၅)ကြိမ် လူဝင်စားမှုအတောအတွင်း ကိုယ့်ကိုယ်ကိုယ်သိစိတ်က လုံးဝပျောက်ကွယ်သွားနိုင်တယ်ဆိုတာ အတည်ပြုခဲ့တယ်...”
မိန်းကလေးရူက ပြောလိုက်ပြီး ပို၍တည်ငြိမ်အေးချမ်းလာခဲ့သည်။
“ပြီးတော့ ပြန်လည်ဝင်စားခြင်းက လူတစ်ယောက်ရဲ့စွမ်းရည်နဲ့ အစွမ်းကို လျော့ကျသွားစေနိုင်တယ်။ အရင်ဘဝမှာ ငါက မျိုးနွယ်စုရဲ့ ထိပ်တန်းသိုင်းသခင် တစ်ယောက်ပဲ။ အစောပိုင်းမှာ ငါက တော်တော်လေးကို လျင်လျင်မြန်မြန် အဆင့်တက်ခဲ့ပေမဲ့ ငါက ဒုတိယကောင်းကင်လှေကားကို မကျော်နိုင်ဘူး။ ငါက အများဆုံး ကောင်းကင်(၆)သွယ်ဝေ့ကျင်းအဆင့်ပဲ ရောက်နိုင်တယ်….”
“လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀၀)ကျော်အတောအတွင်း ထာဝရမျိုးနွယ်စုမှာ ဓမ္မကာရအဆင့်ပညာရှင်တစ်ယောက်မှတောင် မရှိဘူးလား…”
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
“သူတို့က ပြန်လည်ဝင်စားမှုတွေအတွက် အကြီးအကျယ် ပေးဆပ်ခဲ့ရတယ်။ ဒါပေမဲ့ ဘယ်သူ့အတွက်လဲ။ လူဝင်စားအရေအတွက် လျော့ကျသွားတာက ကမ္ဘာမြေကြီးရဲ့သက်တမ်းတွေ လျော့ကျသွားတာနဲ့ မက်မွန်ဥယျာဉ်ထဲက ထူးဆန်းတဲ့ ပြောင်းလဲမှုတွေကြောင့် လျော့ကျသွားတာဖြစ်သင့်တယ်….”
မိန်းကလေးရူက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်လိုက်သည်။
“မဟုတ်ဘူး။ လူတစ်ယောက်က ပြန်လည်ဝင်စားမှုကို ရွေးချယ်လိုက်မယ်ဆိုရင် သိုင်းပညာနဲ့ ထာဝရရှင်သန်မှုကတော့ လုံးဝပြတ်တောက်သွားရလိမ့်မယ်။ ငါတို့က သိုသိုသိပ်သိပ် နေထိုင်ပြီး နေရာတိုင်းမှာ ပုန်းအောင်းနေခဲ့တယ်။ ပြီးတော့ အဲဒီအတောအတွင်း ရတနာတွေ၊ ကျင့်စဉ်တွေ အများကြီးကို ရှာဖွေစုဆောင်းခဲ့တယ်။ ငါတို့ဆီမှာ အရမ်းကြီးတဲ့ ဝင်္ကပါတစ်ခုရှိတဲ့အပြင် လျှို့ဝှက်ကျင့်စဉ် အမြောက်အများ တီထွင်ဖန်တီးခဲ့တယ်….”
“ဒါပေမဲ့ အဆုံးမှာတော့ ငါတို့ကို သတ်လိုက်တဲ့ သွေးပင်လယ်ယက္ခကိုကာကွယ်လို့မရခဲ့ဘူး။ ငါတို့က ဓမ္မကာရအဆင့် ပညာရှင်တွေကို ရင်မဆိုင်နိုင်တဲ့ ပုရွက်ဆိတ်လေးတွေပဲ...”
အပြစ်ကင်းစင်သော သူမ၏မျက်နှာလေးက သူမ၏စကားလုံးများနှင့် လုံးဝလိုက်ဖက်ညီခြင်း မရှိချေ။ သို့သော် ရင့်ကျက်တည်ငြိမ်သော သူမ၏အမူအရာက ထိုပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့၏။ မိန်းကလေးရူက ဝမ်းနည်းနေသောအမူအရာနှင့် မျက်လွှာချထားခဲ့သည်။
ရုတ်တရက်ဆိုသလို စိတ်ထဲတွင် မုန့်ချီက သူမ၏အသံကို ကြားလိုက်ရ၏။
“ဒါက ထာဝရမျိုးနွယ်စုရဲ့အကြီးမားဆုံး လျှို့ဝှက်ချက် မဟုတ်ဘူး။ ငါ့ဆရာက ငါ့အပေါ် သံသယဝင်နေတယ်လို့ ငါ သံသယရှိတယ်….”
“စိတ်ဝိညာဉ်အစွမ်းနဲ့ ပြောတာလား။ လျှို့ဝှက်ချက်က ဘာလဲ….”
မုန့်ချီက တိတ်တဆိတ် ပြန်မေးလိုက်သည်။
“စုန့်ပင်းတီမှာ ပြဿနာရှိနေတာလား...”
အဝေးကို လှမ်းကြည့်လိုက်ရာ စုန့်ပင်းတီကတော့ သူမ ပြောသည့်အရာများကို စိတ်ဝင်တစား နားထောင်နေကြောင်း တွေ့လိုက်ရသည်။
မိန်းကလေးရူ၏အသံက တဖြည်းဖြည်းပို၍လေးနက်လာပြီး ပြောလိုက်၏။
“ပြန်လည်ဝင်စားမှုထဲမှာ ရှိတဲ့အမှားတွေနဲ့ ပြန်လည်ဝင်စားနိုင်တဲ့အရေအတွက် လျော့ကျမှုကို နားလည်သွားတဲ့အချိန်မှာ ငါတို့က ထာဝရတောင်ကြားကို နှစ်ပေါင်းများစွာ ရှာဖွေခဲ့တယ်။ နောက်ဆုံးမှာတော့ ငါတို့ရဲ့လျှို့ဝှက်နည်းလမ်းကို အသုံးပြုနိုင်တဲ့နေရာတစ်ခု ရှာတွေ့ခဲ့တယ်။ အဲဒီနေရာက ကမ္ဘာမြေကြီးထဲကို ဝင်ပေါက်ထွက်ပေါက်နှစ်မျိုးလုံး လုပ်နိုင်တဲ့နေရာတစ်ခုပဲ….”
“ထာဝရတောင်ကြားပျက်စီးသွားခဲ့ပေမဲ့ မြွေရှည်တောင်တန်းကတော့ သက်ရောက်ခံရတာ မရှိဘူး။ သူ့ရဲ့အငွေ့အသက်တွေကလည်း ထာဝရတောင်ကြားရဲ့ ထူးခြားမှုကြောင့်ပဲ….”
“ဘယ်လိုမျိုးထူးခြားတာလဲ….”
ထိုအရာက ထာဝရတောင်ကြား၏ ဇစ်မြစ်ဖြစ်ကြောင်း နားလည်သွားသည့်အချိန်တွင် မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့သည်။
ဤကမ္ဘာကြီးထဲတွင် ရှိနေသော အရာအားလုံးတွင် အကြောင်းတရားနှင့် အကျိုးတရားများ ရှိနေခဲ့၏။ မိန်းကလေးရူက အလွန်ရှုပ်ထွေးသွားခဲ့သည်။
“ငါက စကားလုံးတွေနဲ့ သေချာရှင်းမပြနိုင်ဘူး။ နင် အဲဒါကို မြင်တဲ့အချိန်ကျရင် ငါဘာတွေပြောနေလဲဆိုတာ သိလိမ့်မယ်။ ပြီးတော့ နင်က ဒီကိစ္စကို ငါ့ဆရာမသိအောင် ဖုံးကွယ်ပေးဖို့ လိုအပ်တယ်….”
“ဘာလို့လဲ...”
မုန့်ချီက မနေနိုင်တော့ဘဲ သူမ၏တောင်းဆိုမှုကို ပြန်မေးလိုက်သည်။
မိန်းကလေးရူက ခဏကြာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။
“ငါ့ဆရာက အရမ်းကို လျှို့ဝှက်တယ်။ သူ့ပုံစံက ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်နီဉာဏ်နက်များပေမဲ့ သူ့ရဲ့အစွမ်းက တတိယကောင်းကင်ဝေ့ကျင်းအဆင့်မှာပဲ ပိတ်မိနေတယ်။ ငါမှတ်မိသလောက်ပြောရရင် သူ့မှာ နှစ်ရှည်ဒဏ်ရာ လုံးဝမရှိခဲ့ဘူး...”
“ငါတို့က ထာဝရတောင်ကြားကို လာခဲ့တယ်ဆိုတာကလည်း ငါ့ရဲ့မှတ်ဉာဏ်တွေကြောင့်ပဲ။ သူက အဲဒါကို လုံးဝမတားခဲ့ဘူး။ သူက ဒါကိုကြိုပြီးတော့ မျှော်လင့်ထားပြီး အကျိုးအမြတ် လိုချင်နေတာ ဟုတ်မဟုတ်တောင် ငါက သေချာမသိဘူး...”
သူ၏မျက်လုံးအကြည့်က ပြောင်းလဲသွားခဲ့ပြီး မုန့်ချီ၏ခေါင်းထဲတွင် စုန့်ပင်းတီ၏ ပုံရိပ်ပေါ်လာခဲ့သည်။
‘သာမန်ရုပ်ရည်နဲ့ ဉာဏ်နီဉာဏ်နက်များတဲ့လူတစ်ယောက် ၊ ဖုတ်ကောင်တိုက်ခိုက်မှု အတောအတွင်း ငါ့ကို အဖေတွေ၊ အဘိုးတွေတောင် ခေါ်တဲ့လူတစ်ယောက် ၊ ဒီလို လူတစ်ယောက်က ဘယ်လိုလုပ်ပြီး လျှို့ဝှက်ဆန်းကြယ်နိုင်မှာလဲ..´
“ညီလေးစု …
မင်းက တောင်ပိုင်းဖုန်းဆိုးမြေထဲကို လျှောက်သွားချင်သေးလား၊ ဒါမှမဟုတ် ကျင်းအင်ပါယာကို ပြန်သွားမှာလား….”
စုန့်ပင်းတီက အပြုံးနှင့်မေးလိုက်သည်။
မုန့်ချီက စဉ်းစားမနေဘဲ ပြန်ဖြေလိုက်၏။
“ကျွန်တော်က သွေးပင်လယ်ယက္ခနဲ့ ပြဿနာတချို့ရှိတယ်။ အခု ကျွန်တော့်ရဲ့ အဆင့်အတန်းက ပေါ်သွားပြီဆိုတော့ တောင်ပိုင်းဖုန်းဆိုးမြေကနေ ချက်ချင်း ထွက်သွားဖို့လိုအပ်တယ်….”
“သွေးပင်လယ်ယက္ခနဲ့ ပြဿနာရှိနေတာလား….”
စုန့်ပင်းတီက ထိတ်လန့်မှုကြောင့်မျက်လုံးပြူးသွားခဲ့၏။
“ဒါကြောင့်လည်း စုမုန့်က သတ်ဖြတ်ရေးဓားဆိုပြီး နာမည်ကျော်တာပဲ။ သူက ဓမ္မကာရအဆင့်ပညာရှင်တွေကိုတောင် ရန်စရဲတယ်…”
ထိုသတင်းကြောင့် မိန်းကလေးရူကလည်း ပင့်သက်ရှိုက်လိုက်မိသည်။ ကောင်းကင်ပေါ်တွင် ရှိနေသော ဖရိုဖရဲအခြေအနေကို အခွင့်ကောင်းယူပြီး သူတို့(၃)ယောက်က ပုန်းအောင်း၍ မုန့်ချီက သူတို့ကို အဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။
ညအချိန်ရောက်လျှင် သူတို့(၃)ယောက်က လေ့ကျင့်ပြီး အလွန်နက်ရှိုင်းသော လျှို့ဝှက်လိုဏ်ဂူတစ်ခုထဲတွင် အနားယူခဲ့ကြသည်။ နောက်တစ်နေ့တွင် လူချင်းခွဲသွားကြ၏။
ရုတ်တရက်ဆိုသလို မိန်းကလေးရူ၏ လက်ဝါးထဲမှနေ၍ အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ထိုအရာများက အရောင်မဲ့ ၊ အနံ့ကင်းမဲ့နေသည်။ ထို့နောက် စုန့်ပင်းတီ၏ နှာခေါင်းထဲကို ဝင်ရောက်သွား၏။ ရုတ်တရက်ဆိုသလို စုန့်ပင်းတီ၏ အသက်ရှူသံက လေးလံလာခဲ့သည်။ သူက ဆက်၍လေ့ကျင့်နေသေးသော်လည်း ပြန်လည်နိုးထလာရန် ခက်ခဲနေပုံရသည်။
မိန်းကလေးရူက နိုးလာသော မုန့်ချီကို ပြုံးပြလိုက်၏။
“ငါတို့မျိုးနွယ်စုက ကန့်သတ်ထားတဲ့စွမ်းအားတွေနဲ့ မျိုးရိုးစဉ်ဆက် အသက်ရှင်လာခဲ့တာဆိုတော့ လျှို့ဝှက်ကျင့်စဉ်တွေ အများကြီးကို ဖန်တီးခဲ့တယ်….”
မုန့်ချီကတော့ များများမပြောခဲ့ပေ။ သူက မတ်တပ်ရပ်ပြီး အမိန့်ပေးလိုက်၏။
“ဒါဆိုလည်း ထာဝရတောင်ကြားကို သွားကြစို့...”
………..
ဆံပင်များက အဖြူရောင်မြွေများကဲ့သို့ဖြစ်နေသော ပိုးကောင်ဘိုးဘေးက သွေးဘိုးဘေးကလေးငယ်နှင့် အရိုးခြောက်နတ်ဆိုးဧကရာဇ်တို့ကို ကြောက်စရာကောင်းစွာ စိုက်ကြည့်နေသည့်အတွက် သူတို့နှစ်ယောက်လုံးက တုန်လှုပ်နေကြသည်။
သူက ဒေါသထွက်နေသည်ဟု သူတို့က တွေးနေကျသည့်အချိန်တွင် ပိုးကောင်ဘိုးဘေးက ပြောလိုက်၏။
“အောက်ကိုသွားပြီး စိတ်ဝိညာဉ်ရုပ်သေးတုတ်တံနှင့် (၁၀)ချက်အရိုက်ခံလိုက်….”
သွေးဘိုးဘေးကလေးငယ်နှင့် အရိုးခြောက်နတ်ဆိုးဧကရာဇ်တို့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူတို့က ပိုးကောင်ဘိုးဘေး၏ မြင်ကွင်းထဲမှ အလျင်အမြန် ထွက်သွားခဲ့ကြ၏။ ဘာကြောင့် ယနေ့ သူတို့အကြီးအကဲက သနားငဲ့ညှာပေးနေကြောင်း သူတို့လည်း နားမလည်နိုင်ခဲ့ကြပေ။
……………
ညကောင်းကင်ကြီးပေါ်တွင် လမင်းကြီးက ငွေပန်းကန်ပြားတစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။ လရောင်က သွေးစီးကြောင်းများ ပြည့်နှက်နေသော ထာဝရတောင်ကြား အပျက်အစီးပေါ်သို့ ကျဆင်းလာနေသည့်အတွက် ငွေရောင်အလင်းတန်းများထဲတွင် ကြောက်စရာကောင်းပြီး သဘာဝမဟုတ်သော အငွေ့အသက်များ ထွက်ပေါ်လာနေခဲ့သည်။
မုန့်ချီနှင့် မိန်းကလေးရူတို့က အစီအစဉ်မကျသော ကျောက်တုံးကြီးများကြားထဲတွင် လှုပ်ရှားသွားလာနေကြ၏။ သိပ်မကြာခင် သူတို့က မိန်းကလေးရူ၏ သဲလွန်စများနှင့် ချီစွမ်းအင် လှုပ်ရှားမှုများအတိုင်း နေရာကို တွေ့လိုက်ရပြီး မုန့်ချီက သူ့ကိုယ်သူ မြေမြှုပ်လိုက်သည်။
သွေးများကို မြင်သည့်အခါ မုန့်ချီက သွေးပင်လယ်ယက္ခကို တွေးမိသွားပြီး အေးအေးဆေးဆေး ပြန်မေးလိုက်သည်။
“ဒီမှော်နေရာက ဘယ်နေရာမှာလဲဆိုတာ သွေးပင်လယ်ယက္ခသိလား….”
“ မသိနိုင်လောက်ပါဘူး….”
မိန်းကလေးရူက ခေါင်းခါပြလိုက်သည်။
“သူက ဒီနေရာကို ပြန်လည်ဝင်စားမှုလျှို့ဝှက်ချက်အတွက် ရောက်လာခဲ့တာ။ တကယ်လို့ သူက ငါတို့ရဲ့စိတ်ဝိညာဉ်နဲ့ မှတ်ဉာဏ်တွေကို ရှာဖွေနိုင်မယ်ဆိုရင်တောင် ငါတို့က လျှို့ဝှက်မှော်အစွမ်းတွေနဲ့ အဲဒါကို ဖုံးကွယ်ထားနိုင်သေးတယ်။ ငါတို့ဆီမှာ သစ္စာဖောက်မရှိသရွေ့ သူက သိမှာမဟုတ်ဘူး.. .”
သူတို့နှစ်ယောက်က တင်ပျဉ်ခွေထိုင်လိုက်ပြီး မိန်းကလေးရူက စိတ်ဝိညာဉ်အသံ ပို့ဆောင်မှုကိုသုံး၍ မုန့်ချီကို နောက်ထပ် အကူအညီကျင့်စဉ်တစ်ခု သင်ကြားပေးခဲ့သည်။
“ဒီကျင့်စဉ်နှစ်ခုကို သုံးလိုက်မယ်ဆိုရင် နင်က ရေကန်ပေါ်မှာ ပေါ်လာတဲ့ အကြေးခွံတွေကို မြင်ရလိမ့်မယ်။ ပြီးရင် ရေမျက်နှာပြင်ကို ရှာဖွေရမယ်...”
မြင်ကွင်းများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ကမ္ဘာမြေပေါ်ရှိ မြင်ကွင်းများအားလုံး ပေါ်လာခဲ့သည်။ သို့သော် မုန့်ချီက ထိုအရာကို စစ်ဆေးရန် မည်မျှကြိုးစားစေကာမူ ရေမျက်နှာပြင်ဟုခေါ်သော အရာကို မတွေ့နိုင်ခဲ့ပေ။
ထိုအချိန်တွင် သူက အလွန်ထူးခြားသော ငါးတစ်ကောင်ဖြစ်ကြောင်း နားလည်သွားခဲ့၏။ သူက ကြေးခွံ၏တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သူက တံငါသည် မဟုတ်ချေ။ ထို့ကြောင့် ရေမျက်နှာပြင်က သူ့အပေါ်တွင် ရှိနေသင့်သည်။ အပေါ်ကို အာရုံခံကြည့်လိုက်သည့်အတွက် ရွှေရောင်အပိုင်းအစလေးနှင့် နောက်တစ်ကြိမ် ထိလုနီးပါးဖြစ်သွားသည့်ချိန်တွင် မုန့်ချီက အလွန်တည်ငြိမ်ပြီး လစ်ဟာနေသော ရေမျက်နှာပြင်ကို စစ်ဆေးမိခဲ့သည်။
ထိုအရာက လေဟာနယ်နှင့် ပေါင်းစပ်နေပုံရပြီး ထိုအရာ၏တစ်စိတ်တစ်ပိုင်း ဖြစ်နေပုံရသည်။ လျှို့ဝှက်ကျင့်စဉ်ကိုသုံး၍ မုန့်ချီက သူ့ကိုယ်သူ ရေထဲမှ တွန်းထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် ဝဲကတော့များ ပေါ်လာပြီး သူ့ရှေ့တွင် ရှိနေသော အလင်းစက်လေးတစ်ခုက တဖြည်းဖြည်း စတင်ကြီးထွားလာခဲ့၏။
“ထာဝရတောင်ကြားက တော်တော်ထူးခြားတယ်ဆိုတာ သက်သေပြနိုင်တယ်။ ဒါပေမဲ့ ဘာလို့ သွေးဝတ်ရုံအဖွဲ့အစည်းက ဒီနေရာကို မပိတ်ထားခဲ့ရတာလဲ…”
မုန့်ချီ၏ခေါင်းထဲတွင် သံသယများ ပြည့်နှက်လာသည်။
သူတို့နှစ်ယောက်က ဝင်ရောက်သွားပြီး တောင်ကြားထဲမှ ပျောက်ကွယ်သွားခဲ့၏။
ငွေရောင်လမင်းကြီးသာ ကျန်ရှိနေပြီး အလွန်ကြောက်စရာကောင်းသော အနီရောင်အလင်းတန်းများပေါ်တွင် ပေါ်နေခဲ့သည်။ ရုတ်တရက်ဆိုသလို ပုံမှန်အရပ်၊ ပုံမှန်မျက်နှာအမူအရာ ရှိနေသော လူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုအရာက စုန့်ပင်းတီ ဖြစ်၏။ သူ့ဆီတွင် ယခင်တုန်းကကဲ့သို့ ကောက်ကျစ်စဉ်းလဲသော အမူအရာမျိုး မရှိတော့ပေ။
သူက နှုတ်ခမ်းကို ညာဖက်လက်နှင့် အုပ်ထားပြီး ချောင်းဆိုးလိုက်သည်။
“သြော်…ဒီလိုမျိုးလား….”
သူပြောလိုက်သည့်အချိန်တွင် ထာဝရတောင်ကြားပေါ်၌ ရှိနေသော လျှပ်စီးကြောင်းများက အသက်ဝင်လာပြီး ပတ်ပတ်လည်မှနေ၍ စုန့်ပင်းတီဆီကို ရောက်လာခဲ့သည်။တောင်ကြားက ပုံမှန်အခြေအနေကို ပြန်ရောက်သွားခဲ့၏။
သွေးများက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အချိန်တွင် စုန့်ပင်းတီ၏ အငွေ့အသက်များက လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ သာမန်ပုံစံသာရှိသော သူ့ခန္ဓာကိုယ်က ယခုတော့ အလွန်ကြောက်စရာကောင်းသော စွမ်းအားများ ရှိနေပြီး သူ၏မျက်လုံးထဲတွင် သွေးရောင်အလွှာတစ်ခု လွှမ်းခြုံနေခဲ့လေသည်။
Translated by Hein Htet.