← Chapters

အခန်း (၇၁၁)

Vol. 48 Ch. 711

အခန်း (၇၁၁)

Vol. 48 Ch. 711

ရှောင်လင်ကျောင်းက သိုင်းနတ်ဘုရား

အပိုင်း (၇၁၁) {စာစဉ် ၄၈ - အပိုင်း(၆)}

ရေလှိုင်းမီးတောက်ဓားက နေလုံးကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ပတ်ပတ်လည်သို့ အလင်းတန်းများ ထုတ်လွှတ်ခဲ့သည်။ ဓားမောက်အရှိန်အဝါက အလွန်သိသာထင်ရှားလွန်းလှပြီး သူ၏အစွမ်းများအားလုံးက ဓားထိပ်ဖျားတွင် စုစည်းနေသလိုထင်မှတ်ရသည်။

ထိုအရာက အလွန်ကြောက်စရာကောင်းသော ဝဲကတော့ကြီးတစ်ခုအဖြစ် တစ်နေရာတည်းကို စုစည်းသွားခဲ့၏။ ထိုအရာ(၂)ခုက လေထဲတွင် ပြင်းထန်စွာ တိုက်ခိုက်မိခဲ့သည်။

"ဘုန်း ..."

တောင်တန်းကြီးများ လှုပ်ရှားသွားပြီး ကောင်းကင်ပေါ်မှ ငှက်များ ပြုတ်ကျလာသည်။ တောရိုင်းတိရစ္ဆာန်များ၏ အော်သံများကလည်း ရပ်တန့်သွားပြီး ဖြူဖွေးနေသော အလင်းရောင်များ ပျံ့နှံ့လာသည့်အတွက် သွေးကလေးငယ်ဘိုးဘေးနှင့် အရိုးခြောက်နတ်ဆိုးဧကရာဇ်တို့၏ မြင်ကွင်းများကို ဖုံးလွှမ်းသွားသည်။ ထိုနယ်မြေထဲတွင် ရှိနေသော ဖုန်မှုန့်များအားလုံးကတော့ အမှုန့်ဖြစ်သွားသည့်အလား ဖုန်မှုန့်များ ပြည့်နှက်လာခဲ့၏။

ခြစ်ခြစ်တောက် ပူလောင်နေသော အပူရှိန်က ရေလှိုင်းများပုံစံနှင့် ထိုနယ်မြေကြီးကို လွှမ်းမိုးသွားခဲ့ပြီး အဝေးတွင် ရှိနေသော သစ်တောကြီးများက မီးသွေး ဖြစ်သွားခဲ့သည်။ အဝေးတွင် ရှိနေသော ဝေကျင်းအဆင့် ပညာရှင်များကတော့ ပို၍ဝေးဝေးကို ပြေးသွားကြသော်လည်း သူတို့၏ဆံပင်များက လောင်ကျွမ်းပြီး ခန္ဓာကိုယ်က မည်းတူးသွားကြသေးသည်။

သွေးကလေးငယ်ဘိုးဘေးက သူ၏ပုံရိပ်ယောင်ခန္ဓာကို ထုတ်ဖော်အသုံးပြုလိုက်ရာ အရေပြားမရှိဘဲ ရယ်နေသော သွေးရောင်ကလေးငယ်တစ်ယောက်၏ ပုံသဏ္ဍာန် ပေါ်လာခဲ့သည်။ ထိုအရာက သွေးအရိပ်တစ်ခု ဖြစ်ပေါ်လာပြီး သွေးပင်လယ်ကြီးတစ်ခု ဖန်တီးလိုက်သည်။ သူက အလွန်မြင့်မားသောအပူရှိန်ကို ရင်ဆိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရ၏။‌

ထိုအရာက သွေးအရိပ်တစ်ခုနှင့် သွေးပင်လယ်တစ်ခု ဖြစ်ပေါ်လာပြီး အလွန်မြင့်မားသောအပူရှိန်၊ ကြောက်စရာကောင်းသော ပေါက်ကွဲမှုနှင့် အဖြူရောင်အလင်းတန်း၏ ကြောက်မက်ဖွယ်ရာ စွမ်းအင်များကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်။

အဖြူရောင်အလင်းတန်းက တဖြည်းဖြည်းပို၍ ပျံ့နှံ့လာသည့်အချိန်တွင် သွေးပင်လယ်ကြီးက အငွေ့ပျံပြီး ပျက်စီးသွားခဲ့၏။ သွေးကလေးငယ်က ချက်ချင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အပူရှိန်‌ကြောင့် သူ၏ကြွက်သားများက အနည်းငယ် ပြောင်းလဲလာသည်။ သွေးကလေးငယ်ဘိုးဘေးက အတော်လေးကို ပြဿနာတက်နေခဲ့၏။

အရိုးခြောက်နတ်ဆိုးဧကရာဇ်က အနည်းငယ် ပိုကောင်းသော်လည်း သူ၏အဝါရောင်အရိုးများက လောင်ကျွမ်းခံလိုက်ရသည်။ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ချင်စိတ်များကလည်း အလွန်မြင့်မားသောအပူရှိန်နှင့်အတူ ပျောက်ကွယ်သွားခဲ့ရ၏။

ဖရိုဖရဲဝဲကတော့နှင့် တာအိုလောကကို ပေါင်းစပ်ထားသော ကြယ်ဖျက်ဆီးခြင်းသိုင်းကွက်က အဝေးမှ တိုက်ခိုက်ရသော တိုက်ခိုက်မှုတစ်ခု မဟုတ်ချေ။ သို့သော် သူ ထိန်းချုပ်၍ မရနိုင်သော ပေါက်ကွဲစွမ်းအားများက အဝေးပစ်မှော်အစွမ်းတစ်ခုကဲ့သို့ ညီမျှနေခဲ့၏။ ထိုအရာကြောင့် သွေးကလေးငယ်ဘိုးဘေးနှင့် အရိုးခြောက်နတ်ဆိုးဧကရာဇ်တို့က လာရောက်ကယ်တင်နိုင်ခြင်းမရှိဘဲ မုန့်ချီနှင့် နှုတ်ဆက်ခြင်းအဘွားအိုတို့က မြင်ကွင်းထဲမှ ပျောက်ကွယ်နေရသည်။

အလွန်သန့်စင်သော အဖြူရောင်အလင်းတန်းများက မိုးရေစက်များကဲ့သို့ ကျဆင်းလာနေခဲ့၏။ ထိုအရာက ကြယ်ဖျက်ဆီးခြင်းသိုင်းကွက်၏ ဒုတိယလှိုင်းလုံးလည်း ဖြစ်သည်။

"ဝုန်း..."

ဝေ့ကျင်းအဆင့် ပညာရှင်ပေါင်းများစွာက ယာယီနားမကြားတော့သလိုဖြစ်သွားပြီး အိမ်မှ (၁၀)မိုင် ပတ်လည်အတွင်း ရှိနေသော အရာအားလုံးက ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားခဲ့သည်။

အပူလှိုင်းနှင့် အလင်းတန်းများ ပျောက်ကွယ်သွားသည့် အချိန်တွင် အနက်ဝတ် လူတစ်ယောက် ပျံသန်းလာခဲ့၏။ ထိုအရာက ငွေရောင်ချိတ်နှင့် မျက်လုံးမရှိတော့သော နှုတ်ဆက်ခြင်းအဘွားအိုဖြစ်သည်။

သွေးကလေးငယ်ဘိုးဘေးက ဝမ်းသာသွားပြီး အကူအညီပေးရန် ပျံသန်းသွားခဲ့သည်။ သူတို့အားလုံးပေါင်းစပ်မှသာ မုန့်ချီကို တားဆီးနိုင်မည်ဟု သူက ယုံကြည်နေခဲ့၏။

ထိုအချိန်တွင် လေလှိုင်းတစ်ခု တိုက်ခတ်လာပြီး နှုတ်ဆက်ခြင်းအဘွားအိုက မီးစာကုန်သွားသော ရုပ်တုတစ်ခုကဲ့သို့ ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ကြွက်သားအမျှင်များကပင် သဲမှုန်လေးများအဖြစ် ပျောက်ကွယ်သွားခဲ့သည်။ နှုတ်ဆက်ခြင်းအဘွားအိုက မိနစ်ပိုင်းလေးအတွင်း ကမ္ဘာလောကကြီးထဲမှ ပျောက်ကွယ်သွားပြီး သူမ၏ငွေရောင်ချိတ်နှင့် ရှားပါးတွင်းထွက်ပစ္စည်း(၂)စုံ၊ သူမ၏ သိုလှောင်အိတ်ထဲတွင် ရှိနေသော ပစ္စည်းများသာ ကျန်နေတော့သည်။ တခြားအရာများအားလုံးကတော့ ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားခဲ့၏။

သူမဆီတွင် အသက်ကယ်လျှို့ဝှက်ကျင့်စဉ်များ ရှိနေသော်လည်း ကြယ်ဖျက်ဆီးခြင်းသိုင်းကွက်နှင့် ဝိုင်းရံခံထားရသည့်အချိန်တွင် သူတို့က အသုံးမဝင်ခဲ့ပေ။ သူမက ဝင်္ကပါထဲမှ ထွက်လာသည်နှင့် သေဆုံးသွားပြီးသား ဖြစ်သည်။ မြွေရှည်တောင်တန်းတွင် နေထိုင်ခဲ့သော သိုင်းပညာရှင် တစ်ယောက်ဖြစ်သည့် နှုတ်ဆက်ခြင်းအဘွားအိုက သေဆုံးသွားခဲ့၏။

သိုင်းကွက်အနည်းငယ်လေးအတွင်း မုန့်ချီက သူ၏နိယာမဖြစ်စဉ်ကို အသုံးပြုနိုင်သေးသည်။ သူက သွေးကလေးငယ်ဘိုးဘေးကို ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်နေစဉ် သာမန်လူသားများကို ကြည့်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။

ထိုအကြည့်ကြောင့် သွေးကလေးငယ်ဘိုးဘေးက တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ပြီး သူ့ခေါင်းထဲတွင် နာမည်တစ်ခု ပေါ်လာခဲ့သည်။ ထူးခြားသောဓားမောက်၊ အဆုံးမဲ့တိုက်ခိုက်စွမ်းရည်များနှင့် ကြောက်စရာကောင်းသော အပြုအမူက လူတစ်ယောက်တည်းကို ရည်ညွှန်းနေသည်။ သူက တိုးတိုးလေးရေရွတ်လိုက်၏။

"စုမုန့် ... သတ်ဖြတ်ရေးဓား…"

သွေးဘိုးဘေးကလေးငယ်က မုန့်ချီကို ချက်ချင်း မှတ်မိသွားခဲ့သည်။ သွေးဝတ်ရုံအဖွဲ့အစည်း၏ ထိပ်တန်းပညာရှင်တစ်ယောက်ဖြစ်သည့်အတွက် သူက ကျင်းအင်ပါယာ၊ မြောက်ပိုင်းကျိုးအင်ပါယာ၊ အနောက်ပိုင်းနယ်မြေနှင့် မြက်ခင်းလွင်ပြင်ထဲတွင် ရှိနေသော ပညာရှင်များကို အလေးထားရသည်။

သွေးဝတ်ရုံအဖွဲ့အစည်းက လောကတစ်ခွင်လုံးကို သိမ်းပိုက်ရန် ကြံစည်ထားသည့်အတွက် တောင်ပိုင်းဖုန်းဆိုးမြေထဲတွင် ရှိနေသော တစ်ခြားဝေ့ကျင်းအဆင့် ပညာရှင်များထက် ပို၍ဗဟုသုတပြည့်စုံသည်။ ထို့ကြောင့် သူက မုန့်ချီကို ချက်ချင်းမှတ်မိသွားခဲ့၏။

"တစ်ကြိမ်တည်းနဲ့ ဝေ့ကျင်းအဆင့်ကို ရောက်ခဲ့ပြီး ကောင်းကင်အပြစ်ပေးမှု(၄)ကြိမ် ကြုံခဲ့ရတယ်။ လူသားဧကရာဇ်ပြီးရင် ပထမဆုံး လူသားတစ်ယောက်။ သူက ဝေ့ကျင်းအဆင့်ကို ရောက်ရောက်ခြင်းပဲ မိုင်ပေါင်း(၁)ထောင်ကျော် ခရီးသွားပြီး ငိုကြွေးခြင်းအကြီးအကဲရဲ့စံအိမ်ထဲမှာ ဝေ့ကျင်းအဆင့်ပညာရှင် ကျိလော်ကျူးကို သတ်ပစ်ခဲ့တယ်။ သူက ဓမ္မကာရအဆင့်ပညာရှင်ပေါင်းများစွာရဲ့လက်ထဲကနေ ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်ကိုလည်း လုပြေးခဲ့တယ်…”

“လန်းယာ့မြစ်အရှေ့ပိုင်းမှာ ဝေ့ကျင်းအဆင့် ပညာရှင်များစွာနဲ့ ပြိုင်ဘက်ကင်း သိုင်းပညာရှင်အဆင့် သွေးပြာလူသားတွေကို ဘာမှမဟုတ်သလို သတ်ပစ်ခဲ့တယ်။ ပျက်စီးနေတဲ့ နတ်ဘုရားလက်နက်တစ်ခုနဲ့ လော်အဖွဲ့အစည်းက စာရင်းကိုင်နတ်ဆရာကို အနိုင်ရခဲ့တယ်။ သူ့နောက်ကို လေဟာနယ်မိန်းမပျိုဂိုဏ်းနဲ့ ဖျက်ဆီးရေးဂိုဏ်းတို့က လိုက်ပြီး ရှာဖွေနေကြပေမယ့် အခုအချိန်အထိ ဘေးကင်းနေတုန်းပဲ…"

မုန့်ချီနှင့် ပတ်သက်သော သတင်းများက သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။ သူ့ရှေ့တွင် ရှိနေသော လူက အလွန်များပြားသော ရတနာများနှင့် ကံကောင်းမှုများ ပြည့်နှက်နေသော ကြောက်မက်ဖွယ်ရာ ပညာရှင် တစ်ယောက်ဖြစ်ကြောင်း နားလည်သွားခဲ့၏။

"ပျက်စီးနေတဲ့ သူ့ရဲ့ နတ်ဘုရားလက်နက်က နောက်တစ်ကြိမ် ထပ်ပြီးအသုံးပြုနိုင်သေးတယ်လို့ ပြောကြတယ်…"

မုန့်ချီက သွေးဘိုးဘေးကလေးငယ်၏ အတွေးများကို ခန့်မှန်းမိပုံရသည်။ သူက သူ၏စွမ်းအားများကို ထပ်မံဖုံးကွယ်နေခြင်း မရှိတော့ဘဲ အရေးပေါ်အနေနှင့် ပစ္စည်းတစ်ခုကို ထုတ်လိုက်၏။ ထိုအရာက နက်မှောင်နေပြီး အက်ကွဲကြောင့်များ ပြည့်နှက်နေသည့်အပြင် ပတ်ပတ်လည်သို့ အနီရောင်မြူခိုးများ ထုတ်ပေးနိုင်ခဲ့သည်။

သူ၏အငွေ့အသက်များကို ထိန်းချုပ်ထားသော်လည်း သွေးဘိုးဘေးကလေးငယ်က ထိုအရာကို ချက်ချင်း မှတ်မိသွားခဲ့၏။

"အဲဒီ နတ်ဘုရားလက်နက်ပဲ…"

သွေးဘိုးဘေးကလေးငယ်က အလွန်ထိတ်လန့်သွားခဲ့ပြီး လှုပ်ပင်မလှုပ်နိုင်ခဲ့ပေ။

ထိုအချိန်တွင် မုန့်ချီက အရိုးခြောက်နတ်ဆိုးဧကရာဇ်ဆီသို့ နတ်ဘုရားလက်နက်နှင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သူက ထိုလက်နက်ကို ဓားတစ်ချောင်းအဖြစ် အသုံးပြုပြီး သွေးဘိုးဘေးကလေးငယ်ကို ရှင်းပစ်ရန် ရောက်လာသလို ထင်ရသည်။ နတ်ဘုရားလက်နက်တစ်ခု မသုံးသော်လည်း မုန့်ချီ၏အစွမ်းက သိုင်းကွက်(၂)ကွက်၊ (၃)ကွက်တည်းနှင့် နှုတ်ဆက်ခြင်းအဘွားအိုကို ဖျက်ဆီးပစ်နိုင်ခဲ့သည့်အတွက် လူတိုင်းကို ကြောက်လန့်သွားစေနိုင်သည်။

ဘိုးဘေးက သူမထက်ပို၍အစွမ်းထက်ပြီး အနည်းငယ် ပို၍ခံနိုင်ရည်ရှိနိုင်သော်လည်း အရိုးခြောက်နတ်ဆိုးဧကရာဇ်ကတော့ နတ်ဘုရားလက်နက်နှင့် တိုက်ရိုက်တိုက်ခိုက်ခံရမည်ဆိုလျှင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ အရေးကြီးဆုံးအရာကတော့ စုမုန့်က ဗုဒ္ဓလမ်းစဉ်ထိပ်တန်းကျင့်စဉ်များကို လေ့ကျင့်ထားပြီး အဆင့်တူ သွေးအရိပ်နှင့် သွေးကလေးငယ်ကို လုံးဝမကြောက်ပေ။

သူ့ခေါင်းထဲတွင် ချက်ချင်း ဆုံးဖြတ်လိုက်ပြီး သွေးရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့၏။

သွေးဘိုးဘေးကလေးငယ်က အကြောက်တရားကြောင့် ထွက်ပြေးသွားသည်ကို မြင်သည့်အခါ အရိုးခြောက်နတ်ဆိုးဧကရာဇ်ကလည်း တစ်စုံတစ်ခု လွဲမှားနေကြောင်း သိခဲ့ရသည်။ သူ့ရှေ့တွင် ရှိနေသော လျှို့ဝှက်ဆန်းကြယ်သည့် ပညာရှင်က အလွန်ကြောက်စရာကောင်းပြီး တောင်ပိုင်းဖုန်းဆိုးမြေထဲတွင်ပင် နာမည်ကျော်ကြားနိုင်ကြောင်း နားလည်သွားခဲ့၏။ သူ့လက်ထဲတွင် ရှိနေသော အလံငယ်လေးကလည်း အလွန်ထူးခြားနိုင်သည်။

ခေါင်းဆောင်က ထွက်ပြေးသွားသည့်အတွက် သူလည်း တိုက်ခိုက်ချင်စိတ် မရှိတော့ချေ။ သွေးဘိုးဘေးကလေးငယ်က အပြစ်ပေးခံရမှာကို မကြောက်ခြင်းပေလော။ နှုတ်ဆက်ခြင်းအဘွားအိုကလည်း သေဆုံးသွားသည့်အတွက် ပိုးကောင်ဘိုးဘေး၏ ဒေါသကို မည်သူက ခံနိုင်ရည်ရှိကြမည်နည်း။ သူလည်း မစွန့်စားချင်သည့်အတွက် အနက်ရောင်တိမ်တိုက်အဖြစ် ပြောင်းလဲပြီး အဝေးသို့ ထွက်ပြေးသွားခဲ့သည်။

မုန့်ချီက ပြုံးရုံလေးပြုံးလိုက်ပြီး သူ၏နတ်ဆိုးသုတ်သင်ရေးအလံကို ဆံပင်မွှေးတစ်ချောင်းအဖြစ် ပြန်ပြောင်းလိုက်သည်။ ထို့နောက် ငွေရောင်ချိတ်နှင့် ရှားပါးတွင်းထွက်ပစ္စည်းများကို ယူဆောင်လိုက်၏။ နှုတ်ဆက်ခြင်းအဘွားအိုကို သတ်ဖြတ်ခြင်းနှင့် နတ်ဆိုးသုတ်သင်ရေးအလံတို့ကို ဖန်တီးလိုက်ခြင်းက မိနစ်ပိုင်းလေးအတွင်း သွေးဘိုးဘေးကလေးငယ်တို့၏ အန္တရာယ်ကို ဖြေရှင်းနိုင်ခဲ့သည်။

"ငါ့ဆီမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိသေးတယ်…"

နိယာမဖြစ်စဉ်ကို ရုတ်သိမ်းလိုက်ပြီးနောက် မုန့်ချီက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည့်။

ထိုအခါ မူလတုန်းက မုန့်ချီကို ဝိုင်းရံနေကြသော ဝေ့ကျင်းအဆင့် ပညာရှင်များက တစ်ကိုယ်လုံး လှုပ်ရှားနေကြပြီး ထွက်ပြေးရန် ပြင်ဆင်နေကြ၏။

စုန့်ပင်းတီနှင့် မိန်းကလေးရူတို့ကလည်း အလွန်ထိတ်လန့်နေကြပြီး မုန့်ချီက တခဏအတွင်း လွယ်လွယ်ကူကူနှင့် မြန်မြန်ဆန်ဆန် အနိုင်ရလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ကြည့်ရသည်မှာ ရန်သူများကို ဖျက်ဆီးခြင်းထက် သူတို့ကို‌ခေါ်ဆောင်သွားခြင်းကပင် ပို၍ပြဿနာများပုံရသည်။

"သူက သတ်ဖြတ်ရေးဓား စုမုန့်လား။ သူ့ကိုကြည့်ရတာ လက်တွေ့ဘဝမှာ ပိုပြီးတော့ထူးချွန်သလိုပဲ…"

ထိုအချိန်အတွင်း နားထဲ၌ မှော်သားရိုင်းတစ်ကောင်၏ ကျယ်လောင်သော အော်သံကြီးကို ကြားလိုက်ရသည်။ ဝေ့ကျင်းအဆင့် ပညာရှင်များအားလုံးက ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

"သားရဲနတ်ဘုရား…"

ကျောင်းဆောင်ကြီးတစ်ခု၏ တစ်ဝက်ခန့်ရှိသော လူတစ်ယောက် ပျံသန်းလာခဲ့သည်။ သူ့ဆီတွင် ဆံပင်မရှိဘဲ ခေါင်းပေါ်တွင် အမာရွတ်များ ရှိနေခဲ့သည်။ သူ့ပုံစံက ဗုဒ္ဓလမ်းစဉ်မှ ဖယ်ရှားခံထားရသော ဘုန်းတော်ကြီးတစ်ပါးနှင့် တူညီသည်။ သူ့နောက်တွင်တော့ နဂါးခေါင်းနှင့် ဝက်ဝံခန္ဓာကိုယ် ရှိနေသော သားရဲတစ်ကောင် လိုက်လာခဲ့သည်။

သူ၏အငွေ့အသက်များက အလွန်ကြောက်စရာကောင်းပြီး ပင်မဝိညာဉ် အငွေ့အသက်များကတော့ နည်းပါးသည်။ ထို့ကြောင့် သူက သဘာဝအငွေ့အသက်များကို စိန်ခေါ်နေသလို ဖြစ်နေ၏။ ထိုအရာက သိုင်းသခင်အဆင့် မှော်သားရဲတစ်ကောင် ဖြစ်သည်။

ရောက်လာသူအသစ်ကို မှတ်မိသွားသည့်အချိန်တွင် မိန်းကလေးရူက အလွန်ကြောက်လန့်သွားခဲ့သည်။ ထိုအရာက တောင်ပိုင်းဖုန်းဆိုးမြေကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့သော သားရဲနတ်ဘုရား ဖြစ်သည်။

တောင်ပိုင်းဖုန်းဆိုးမြေ၏ တောင်ပိုင်းတွင် တခြားသော နယ်မြေတစ်ခုရှိသည်။ ထိုနေရာတွင် ဗုဒ္ဓလမ်းစဉ် မွေးဖွားလာပြီး ရှောင်လင်ကျောင်းတော်၏ တည်ထောင်သူ ဘုန်းတော်ကြီးဓမ္မကို မွေးဖွားခဲ့သည်။ ထိုနေရာက အလယ်ကုန်းမြေကြီးကို ဝိုင်းပတ်ထားသော တောင်ပိုင်းဖုန်းဆိုးမြေ၏နေရာဖြစ်ခဲ့၏။ ယနေ့ ထိုနေရာတွင် ဗုဒ္ဓလမ်းစဉ်က နည်းပါးနေပြီး တခြားကိုးကွယ်ယုံကြည်မှုများသာ ဖြစ်ပေါ်လာနေခဲ့သည်။

သားရဲနတ်ဘုရားက သစ်တောထဲသို့ ထုတ်ပယ်ခံလိုက်ရသော ဗုဒ္ဓလမ်းစဉ်တပည့် တစ်ယောက်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူက နဂါးဝက်ဝံတစ်ကောင်ကို သိမ်းသွင်းနိုင်ခဲ့ပြီး သူနှင့်အတူ တိုးတက်လာခဲ့ရသည်။ ထိုအရာက အလွန်အမင်းကို ပါရမီရှိပြီး သိုင်းသခင်တစ်ယောက်နှင့် ညီမျှမှုမရှိချေ။ သို့သော် နိမ့်ကျသော သူ၏ဉာဏ်ရည်ကြောင့် သူက လူသားတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ခြင်းတော့ မရှိချေ။ ဗုဒ္ဓတပည့်က ထိုသားရဲကြောင့် သားရဲနတ်ဘုရားဟု နာမည်ကျော်ကြားလာခြင်းဖြစ်သည်။

သူက သားရိုင်းတိရစ္ဆာန်၏ သက်ရောက်မှုကို ခံခဲ့ရပြီး ဗုဒ္ဓလမ်းစဉ်မှ သွေဖယ်၍ တဖြည်းဖြည်း ရက်စက်ကြမ်းကြုတ်လာခဲ့သည်။ ယခု သူက ကောင်းကင်(၆)သွယ် ဝေ့ကျင်းအဆင့်ကို ရောက်နေပြီဖြစ်၏။ သားရဲနတ်ဘုရားကိုယ်တိုင်က အရည်အချင်း မရှိသော်လည်း သူ၏တိရစ္ဆာန်က အလွန်ကြောက်စရာကောင်းသည်။

လူနှင့်မှော်သားရဲက တောင်ပိုင်းဖုန်းဆိုးမြေတွင် နာမည်ကျော်ကြားလာခဲ့ပြီး နှုတ်ဆက်ခြင်းအဘွားအို၊ ရွှေငွေဓားညီနောင်နှင့် အရိုးခြောက်နတ်ဆိုးဧကရာဇ်တို့ထက် နိမ့်ကျနေခြင်း မရှိချေ။ သွေးဝတ်ရုံအဖွဲ့အစည်းအပါအဝင် တောင်ပိုင်းဖုန်းဆိုးမြေတခွင်လုံး၌ သိုင်းသခင်များထက် ပို၍အန္တရာယ်များသော လူ(၁၀)ယောက်ကျော်သာရှိသည်။

ထိုလူများထဲတွင် သားရဲနတ်ဘုရား၊ လူရိုင်းဘိုးဘေး၊ မက်မွန်သခင်မနှင့် ဒေါသမကောင်းဆိုးဝါးသူတော်စင်တို့က အစွမ်းထက်ဆုံး ဖြစ်ကြသည်။ ပြောရမည်ဆိုလျှင် သားရဲနတ်ဘုရားက တောင်ပိုင်းဖုန်းဆိုးမြေ၏ ထိပ်တန်းပညာရှင်(၁၅)ယောက်ထဲတွင် အပါအဝင်ဖြစ်သည်။

ထိုကဲ့သို့ ပညာရှင်တစ်ယောက် ရောက်လာသည့်အတွက် အဝေးတွင် ရှိနေသော ဝေ့ကျင်းအဆင့် ပညာရှင်များက ဝမ်းသာအားရ ခုန်ပေါက်နေကြသည်။ စုန့်ပင်းတီနှင့် မိန်းကလေးရှုတို့ကတော့ ဝမ်းနည်းနေမိကြ၏။

ထို့ပြင် မုန့်ချီက တိုက်ပွဲတစ်ပွဲ တိုက်ခိုက်ပြီးသား ဖြစ်သည့်အတွက် သူက သဘာဝချုပ်နှောင်ခြင်းကျင့်စဉ်ကို မသုံးသရွေ့ သူ့ထက် ပို၍ အစွမ်းထက်သော ရန်သူကို ရင်ဆိုင်ရာတွင် အခြေအနေက ပို၍ဆိုးရွားသွားနိုင်သည်။

သို့သော် မုန့်ချီကတော့ မေပြခဲ့ပေ။ ထိုအစား သူက ရောက်လာသူကို တိုက်ရိုက်စိန်ခေါ်ပြီး ဆီးကြိုတိုက်ခိုက်လိုက်၏။ ရေလှိုင်းမီးတောက်ဓားက ပျံသန်းလာပြီး ဓားအလင်းတန်း(၁၀၀)ခန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဓားအလင်းတန်းပေါင်းများစွာက သားရဲနတ်ဘုရား ရှိနေသော တစ်နေရာတည်းကို ခုတ်ချလိုက်သည်။

သားရဲနတ်ဘုရားက ခနဲ့သလို ပြုံးလိုက်ပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းရန် နောက်ကျွမ်းထိုးလိုက်သည်။ အလွန်လျှို့ဝှက်ဆန်းကြယ်သော မှော်သားရဲက အော်ဟစ်လိုက်ပြီး အစိမ်းရောင်မီးတောက်များကို မှုတ်ထုတ်လိုက်၏။ ထို့နောက် တောင်တန်းကြီးများကို ဖျက်ဆီးပစ်နိုင်သော အစွမ်းနှင့် ရိုက်ချလိုက်သည်။

မုန့်ချီက တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းခဲ့ပြီး ကောင်းကင်ပြစ်ဒဏ်ဓားနှင့် ထိုးလိုက်သည်။ သူ၏လှုပ်ရှားမှုက လျှပ်စီးကြောင်းသဖွယ် လျင်မြန်လွန်းလှပြီး မှော်သားရဲ၏ဘေးဘက်သို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့၏။ လျှပ်စီးကြောင်းများက တိတ်တဆိတ် ပေါက်ကွဲသွားခဲ့ပြီး အသားစတွင် ကပ်နေသော ကြွက်သားများကဲ့သို့ မှော်သားရဲ၏ ပတ်ပတ်လည်တွင် ပျံ့နှံ့နေခဲ့သည်။မှော်သားရဲက အမှန်တကယ်ကို ဉာဏ်ထိုင်းပြီး တိုက်ခိုက်မှုကို အချိန်မီ တုံ့ပြန်နိုင်ခဲ့ခြင်း မရှိချေ။

သို့သော် သူ့ဆီတွင် သူ့အဖော် သားရဲနတ်ဘုရား ရှိနေသေး၏။ သားရဲနတ်ဘုရား၏ ညာဘက်လက်ဖဝါးက ကြီးထွားလာပြီး သူ၏လက်(၅)ချောင်းက အနည်းငယ် ကွေးသွားခဲ့သည်။ ထိုလက်ဝါးက အမိုးတစ်ခုကဲ့သို့ အလယ်တွင် ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာပြီး သွေးရောင်အလင်းတန်းများ ပေါ်လာခဲ့သည်။ ထိုအရာက လမ်းမှားနေသော ကြာပန်းမိုးကြိုးလက်ဝါး ဖြစ်သည်။ ထိုအရာက တောင်ပိုင်းဖုန်းဆိုးမြေ ဗုဒ္ဓလမ်းစဉ်၏ လျှို့ဝှက်ကျင့်စဉ်တစ်ခုလည်းဖြစ်၏။

မုန့်ချီက အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး ရှောင်တိမ်းခဲ့ခြင်း မရှိချေ။ သူက ဓားမောက်ကို အပေါ်သို့ တိုက်ခိုက်လိုက်သည်။ ထို့နောက် တစ်နေရာတည်းတွင် တိုက်ခိုက်မှုများအားလုံးကို စုစည်းလိုက်ပြီး ဖရိုဖရဲဝဲကတော့တစ်ခု ဖန်တီးလိုက်၏။

"ဘုန်း ..."

သားရဲနတ်ဘုရား၏ လက်ဝါးက မုန့်ချီ၏အင်္ကျီလက်ကို တိုက်ခိုက်ဖျက်ဆီးလိုက်သည်။

သို့သော် မုန့်ချီ၏ခန္ဓာကိုယ်ထဲမှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ လက်ဖဝါးက သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာမရစေဘဲ အမှတ်အသားလေး အနည်းငယ်သာ ပေါ်လာစေခဲ့သည်။

"ဘုန်း ..."

လျှပ်စီးကြောင်းများက မှော်သားရဲနှင့် ရင်ဆိုင်လိုက်မိသည့်အချိန်တွင် မုန့်ချီ၏ ဖရိုဖရဲဝဲကတော့က တိုက်ခိုက်လိုက်မိသည့်အတွက် သူလည်း နာနာကျင်ကျင် အော်ဟစ်လိုက်ရသည်။

သားရဲနတ်ဘုရားက အလွန်အံ့သြသွားခဲ့ပြီး ကြာပန်းမိုးကြိုးလက်ဝါးကို နောက်တစ်ကြိမ် သုံးလိုက်ပြန်သည်။ ယခုတစ်ကြိမ်တော့ မုန့်ချီ၏ဦးခေါင်းကို ပစ်မှတ်ထားခဲ့၏။

"ဂျိမ်း ... ဘုန်း…"

မုန့်ချီက လက်ဝါးကို ခေါင်းနှင့် နောက်တစ်ကြိမ် ရင်ဆိုင်လိုက်ပြီး ဖရိုဖရဲဝဲကတော့နှင့် မှော်သားရဲကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်သည်။ ထို့ကြောင့် မှော်သားရဲက နာနာကျင်ကျင် အော်ဟစ်နေခဲ့၏။

မုန့်ချီက ခံစားချက်ကင်းမဲ့သော အမူအရာနှင့် တစ်ကြိမ်ပြီး တစ်ကြိမ် တိုက်ခိုက်နေပြီး လျှပ်စီးကြောင်းများ ဝိုင်းရံခံထားရသော မှော်သားရဲက စိုးရိမ်ထိတ်လန့်လာသည့်အတွက် နောက်ဆုတ်သွားခဲ့သည်။

တစ်ဖက်တွင်တော့ သားရဲနတ်ဘုရားက အသုံးမဝင်သော ခြင်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူက လက်ဝါးချက်နှင့် လျှို့ဝှက်ရတနာများကိုသုံးပြီး မုန့်ချီကို တိုက်ခိုက်နေသော်လည်း အသုံးမဝင်ခဲ့ပေ။ သူကမ ျက်ခုံးကြားထဲကို တိုက်ခိုက်ရန် ဆန္ဒရှိနေသော်လည်း မုန့်ချီကတော့ ရေလှိုင်းမီးတောက်ဓားကိုသုံးပြီး တခြားခန္ဓာကိုယ်အစိတ်အပိုင်းများဆီကိုသာ လမ်းလွှဲေပေးနေခဲ့သည်။

တစ်ချက်ပြီး တစ်ချက်ဆိုသလို မုန့်ချီက သွေးဆူလာပြီး အော်ဟစ်လိုက်သည်။

"လုပ်လိုက်စမ်း…"

သူ၏ဓားမောက်က လေထဲတွင် ရပ်တန့်သွားခဲ့ပြီး လေဟာနယ်ကို ထိုးဖောက်လိုက်သည်။ ထိုအချိန်တွင် အကြောက်တရားတစ်ခုကို ပေးလိုက်ပြီး ဖရိုဖရဲစွမ်းအင်များနှင့် ယင်ယန်စွမ်းအားများက မှော်သားရဲကို ခုတ်ပိုင်းလိုက်သည်။

" ဂါးး…"

အလွန်ဆိုးဝါးသော အော်သံကြီးတစ်ခုနှင့်အတူ မှော်သားရဲက ခံနိုင်ရည်မရှိတော့ဘဲ ထွက်ပြေးသွားခဲ့၏။

ပတ်ဝန်းကျင်တွင် သူ၏လွှမ်းမိုးမှုများက မုန့်ချီအပေါ် သက်ရောက်မှု မရှိခဲ့ဘဲ သူ၏နဖူးမှ ဗိုက်ထိအောင် နက်ရှိုင်းသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာခဲ့သည်။ မှော်သားရဲ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင် သူက သေဆုံးသွားရမည်ဖြစ်၏။

မှော်သားရဲကို အဝေးသို့ မောင်းထုတ်လိုက်ပြီးနောက် မုန့်ချီက တိုက်ခိုက်နေသော သားရဲနတ်ဘုရားကို အပြုံးနှင့် လှည့်ကြည့်လိုက်သည်။

"တော်လောက်ပြီလား…"

သားရဲနတ်ဘုရားက မျက်မှောင်ကြုတ်သွားပြီး သူ၏အသက်ကယ်အဆောင်ကိုသုံး၍ ထွက်ပြေးလိုက်သည်။ မုန့်ချီက သူ့နောက်မှ လိုက်သွားချင်နေသော်လည်း မှော်သားရဲက သတိပြန်ဝင်လာသည့်အတွက် သူလည်း ထိုအတွေးကို လက်လျှော့လိုက်သည်။ သူက ထိုကဲ့သို့ သိုင်းသခင်များကို မည်သည့်အချိန်တွင် ကြောက်လန့်နေရမည်နည်း။

မုန့်ချီက ပတ်ပတ်လည်ကို နောက်တစ်ကြိမ်လှည့်ကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

"ဘယ်သူကျန်သေးလဲ…"

ထိုခဏတွင် ဝေ့ကျင်းအဆင့် ပညာရှင်ပေါင်းများစွာ ပုန်းအောင်းနေခဲ့သော တောင်တန်းကြီးတစ်ခုလုံးက တိတ်ဆိတ်သွားခဲ့၏။ သူတို့၏ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ ပေါ်လာခဲ့သည်။

“အရင်တုန်းက ဓားနတ်ဘုရားဝူမင်ရှိတယ်။ အခု ဓားမောက်အရှင်သခင် စုမုန့်ရှိတယ်။ သူက သိုင်းသခင်မဟုတ်ဘဲ တောင်ပိုင်းဖုန်းဆိုးမြေရဲ့ ထိပ်ဆုံး(၁၀)ယောက်ထဲကို ရောက်နေသလိုပဲ…”

မုန့်ချီက လက်ကိုဝှေ့ယမ်းလိုက်ပြီး စုန့်ပင်းတီနှင့်မိန်းကလေးရူတို့ဆီကို ပျံသန်းသွားခဲ့သည်။ ပတ်ဝန်းကျင်ကတော့ အလွန်တိတ်ဆိတ်နေသည့်အတွက် အပ်ကျသံကိုပင် မကြားရပေ။

Translated by Hein Htet.

All Chapters