← Chapters

ကမ္ဘာသစ် တစ်ခု ဆီသို့ တံခါးချပ်

Vol. 6-10 Ch. 102

ကမ္ဘာသစ် တစ်ခု ဆီသို့ တံခါးချပ်

Vol. 6-10 Ch. 102

အခန်း (၁၀၂) : ကမ္ဘာသစ် တစ်ခု ဆီသို့ တံခါးချပ်

အခုတော့ တပည့်ရင်းတွေ အကုန်လုံးက ငါ့နာမည်ကို သိနေကြပြီတဲ့…

အခုမူ ရှန်ထျန်းတစ်ယောက် အလွန်လန့်ဖြန့်သွားလေပြီ။ သူ့ရောင်ဝါစက်ဝန်း စိမ်းသထက် စိမ်းလာအောင် လုပ်ဖို့ ဆက် အချိန်ဆွဲနေလို့ မဖြစ်တော့ပေ။

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည် “ ဂိုဏ်းတူအစ်မ ယွင်ရှီးဆီကနေ ညီလေးအကြောင်း အစ်ကို ကြားထားပါတယ်”

ချင်ယွင်တိက စိတ်ပျက်လက်ပျက် ပြုံးကာ ပြောလိုက်၏ “ဂိုဏ်းတူအစ်မက ကျွန်တော့်ကို မှန်တာ မလုပ်ဘူးဆိုပြီး ပြောနေတာမလား”

ချင်ယွင်တိက လုံးလုံး မအံ့သြမိပါချေ။ အားလုံးက အထွတ်အမြတ်မြေထဲတွင် သူ့အကြောင်းကို ထိုသို့ ပြောနေကြသည်လေ။ အကြီးအကဲကိုးယောက်ကလည်း ဘယ်သူမှ သူ့မိုးကြိုးအဆောင် သုတေသနကို မယုံကြည်ကြပေ။

ဒီသူတော်စင်အသစ်ကလည်း ငါ့ကို ဖျောင်းဖျဖို့ ရောက်လာတာပဲလား…

ချင်ယွင်တိက စကားဆက်ပြောရမှာကို စိတ်မပါတော့ချေ။

သို့သော် ရှန်ထျန်းက နွေးထွေးစွာ ပြုံးရင်း ပြောလိုက်သည် “စိတ်လျော့ပါ ဂိုဏ်းတူညီလေးရာ… အစ်ကို ပြောချင်တာက အစ်ကိုလည်း မိုးကြိုးအဆောင် သုတေသနကို စိတ်ဝင်စားတယ်လို့ ပြောမလို့ပါ”

ထိုစကားကို ကြားသောအခါ ချင်ယွင်တိ မျက်လုံးများမှာ အရောင်လက်သွား၏။။ သူက စိတ်လှုပ်ရှားစွာ အလောတကြီး မေးလိုက်သည် “တကယ်ကြီးလားဗျ ဂိုဏ်းတူအစ်ကိုရ… လိမ်နေတာတော့ မဟုတ်ပါဘူးနော်”

ရှန်ထျန်းက ခေါင်းကို ငြိမ့်ကာ “အဆောင် ပေါက်ကွဲသွားတဲ့ အချိန် ထွက်လာတဲ့ မီးတောက်နဲ့ အလင်းတွေက တကယ့် အနုပညာ လက်ရာတစ်ခုပါပဲ”

ချင်ယွင်တိ နားမလည်နိုင် ဖြစ်သွားသည် “အနုပညာလား … အနုပညာဆိုတာ ဘာလဲ”

ရှန်ထျန်းက ရှင်းပြလိုက်သည် “အင်း … ညီလေး စိတ်ထဲ အရမ်းလှတယ်လို့ ထင်တဲ့အရာက အနုပညာပေါ့ဗျာ”

ချင်ယွင်တိက ရှန်ထျန်း ပြောပြသည်ကို မျက်စိမှိတ်ကာ သေသေချာချာ စဉ်းစားလိုက်သည်။ ထို့နောက် သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ အခုအချိန်မှာတော့ မျက်လုံးများထဲတွင် မျှော်လင့်ချက်နှင့် စိတ်ဆန္ဒတို့ ပြည့်နှက်နေလေ၏။

သူက သူ့ကိုယ်သူ ပြောလိုက်သည် “ကျွန်တော် သဘောပေါက်ပြီ။ အနုပညာဆိုတာ ပေါက်ကွဲခြင်းတွေပဲ”

ထို့နောက် ချင်ယွင်တိက ရှန်ထျန်းအား ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ အသက်ပြင်းပြင်း ရှုပြီးနောက် သူက မေးလိုက်ပြန်သည် “ဂိုဏ်းတူအစ်ကို … အစ်ကိုလည်း မိုးကြိုးအဆောင် သုတေသနကို တကယ်ကြီး စိတ်ဝင်စားတာလား”

ချင်ယွင်တိတစ်ယောက် အင်မတန် စိတ်လှုပ်ရှားနေပုံကို ကြည့်ကာ ရှန်ထျန်း ရယ်ချင်မိသွားသည်။ သူက အပြုံးတစ်ခုနှင့် ပြောလိုက်သည် “ဒါပေါ့။ ညီလေးသာ ဆန္ဒရှိရင် အဲဒီအကြောင်းကို အစ်ကိုတို့ ပြောလို့ရတယ်လေ”

ရှန်ထျန်းက ကြေးမုံလဝန်း ရေကန်နား သွားလိုက်ပြီး ဟာရီတီ ပုတီးကို ထုတ်ယူလိုက်သည်။ ပုတီးစေ့များဆီမှ မှိန်ဖျော့ဖျော့ အလင်းလေးတွေ ထွက်လာကာ အလင်းတန်းတို့က ချက်ချင်းပဲ ရေကန်ပေါ်သို့ ကျရောက်သွားလေ၏။ ထို့နောက် ကန်ထဲမှ ရေအလုံး တစ်လုံး ပျံတက်လာကာ လေဟာနယ်ထဲ မျောလွင့်လျက် ရှိသည်။

ချင်ယွင်တိက နားမလည်ပေ။ သူ့ဂိုဏ်းတူအစ်ကို ဘာလုပ်ဖို့ ကြိုးစားနေမှန်း သူ သဘောမပေါက်ချေ။

“အစ်ကို လေ့လာကြည့်သလောက်ဆို ညီလေးက အဆောင်ရေးဆွဲခြင်းနဲ့ အစီအရင်အပေါ်မှာ အာရုံစိုက်လွန်းနေတဲ့ ပုံပဲ။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ အဲဒါနှစ်ခုက မိုးကြိုးအဆောင်ရဲ့ အစွမ်းကို တိုးလာစေတယ်လေ။

ဒါပေမဲ့ တခြားနည်းလမ်းတွေလည်း ရှိသေးတယ်ကွ။ တစ်ခါတစ်လေမှာ အတွေးဘောင်ထဲကနေ ကျော်လွန်ပြီး တွေးကြည့်လိုက်ရုံနဲ့ သုတေသနမှာ နောက်ထပ် အသစ်အဆန်းတွေ အများကြီး ရှိသေးတာကို ရှာနိုင်သွားလိမ့်မယ်”

ရှန်ထျန်းက ရေအလုံးထဲသို့ မိုးကြိုးစွမ်းအင်တွေ စတင် ထည့်သွင်းလိုက်သည်။

သိပ်မကြာခင်မှာပဲ အလုံးထဲမှ ရေများ စတင် ဆူပွက်လာ၏။ ရေလုံးထဲမှ ရေငွေ့ပျံသွားသည့် ရေပူဖောင်းများ များလာလေလေ၊ ရေလုံး၏ အရွယ်အစားက သေးလာလေလေပင်။

ချင်ယွင်တိက ရှန်ထျန်း ဘာလုပ်ဖို့ ကြိုးစားနေမှန်း အခုအချိန်အထိ လုံးလုံး စဉ်းစား၍ မရသေးချေ။

စောစောလေးကတင် ရေတွေ အများကြီး ရှိနေတာကနေ အခု ဘယ်လိုလုပ် အဲလောက် မြန်မြန်ကြီး ပျောက်သွားရတာပါလိမ့်…

ဒီဂိုဏ်းတူအစ်ကိုက ဘာတွေ လုပ်နေတာလဲ…

မကြာမီ ရေလုံး တစ်လုံးလုံး ပျောက်ကွယ်သွားကာ ထိုရေလုံးအစား လေထုထဲတွင် ဖိနှိပ်ထားသော ရေငွေ့အလုံးလေး တစ်လုံး ရောက်ရှိနေလေပြီ။

ရေငွေ့ကို ချင်ယွင်တိ မမြင်နိုင်မည် စိုး၍ ရှန်ထျန်းက ကျိုးအာကို ရေငွေ့ပတ်လည်တွင် အစိမ်းရောင် အကာတစ်ထပ် ဖွဲ့စည်းရန် ပြောလိုက်သည်။

သူက လျို့ဝှက်ပြုံးလေးဖြင့် ချင်ယွင်တိအား ပြောလိုက်သည် “ကဲ… အခုဆို မဖြစ်နိုင်တဲ့အရာကို ပြသဖို့ အချိန်ကျသွားပါပြီဗျာ”

နောက်တစ်စက္ကန့်၌ သူက ရေငွေ့လုံးကို ကြေးမုံလဝန်း ရေကန်ဆီသို့ လွင့်ပစ်လိုက်ကာ လက်ချောင်းထိပ်၌ မိုးကြိုးစွမ်းအင်ကို စုစည်းလိုက်သည်။

မိုးကြိုးစွမ်းအင်မှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အခြေခံအကျဆုံး မိုးကြိုးကျင့်စဉ် ဖြစ်ကာ ဘာဓာတ်သဘောမှ မဆောင်နေကြောင်း ချင်ယွင်တိက ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။

သူ လေ့လာကြည့်ရသလောက်ဆို ရှန်ထျန်းက (၁) ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူ၏ စွမ်းအားကိုသာ အသုံးပြုလိုက်လေသည်။

အဲဒီတော့ ဘာဖြစ်လဲ… သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…

ချင်ယွင်တိတစ်ယောက် အတွေးနက်နေစဉ် ရှန်ထျန်းက မိုးကြိုးကို ရေငွေ့လုံးဆီသို့ လှမ်းပစ်လိုက်လေ၏။ မိုးကြိုးကို ကြည့်ရသည်မှာ အလွန် မတည်မငြိမ် ဖြစ်နေပုံ ပေါ်ကာ အချိန်မရွေး လေထဲ ပျောက်ကွယ်သွားတော့မယောင် ရှိနေသည်။ သို့ပေသည့် မိုးကြိုးက ရေငွေ့လုံးဆီ ရောက်ရှိသွားလေသည်။

ချက်ချင်းဆိုသလို ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခုက ပဲ့တင်ထွက်သွားသည်။ ပေါက်ကွဲမှု၏ အပြာရောင် အလင်းများက ပတ်ဝန်းကျင် ဧရိယာ တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ လှိုင်းလုံးကြီးများကိုလည်း ဖြစ်ပေါ်လာစေ၏။

အလင်းရောင်က ချင်ယွင်တိ မျက်လုံးများကို လာစူးနေသည်။ ထို့နောက် သူက အံ့သြတကြီး ထအော်လိုက်သည် “ဘာ… ဒါ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဖြစ်စဉ်ကို သူသေချာ စောင့်ကြည့်ခဲ့ပါသည်ဟု သူ တွေးလိုက်သည်။ စောစောတုန်းက ရှန်ထျန်း သုံးလိုက်သည့် မိုးကြိုးတွင် (၁)ဆင့်မြောက် ချီသန့်စင်ခြင်း အဆင့် စွမ်းအင်သာ ပါဝင်နေသည်။

ပေါက်ကွဲအားက ဘယ်လိုလုပ် ဒီလောက်ထိ ပြင်းထန်နေရတာလဲ။ ဒါ လုံးဝကို အဓိပ္ပာယ် မရှိဘူး။

ချင်ယွင်တိက သူ တစ်ခုခုကို ဆုပ်ကိုင်မိလိုက်သယောင် ခံစားလိုက်ရသည်။ သို့သော် သေသေချာချာတော့ နားမလည်နိုင်သေးပေ။

သူက မျက်လုံးအပြူးသားနှင့် ရေကန်ကို စိုက်ကြည့်နေရင်း တစ်ယောက်တည်း ရေရွတ်နေသည် “မဖြစ်နိုင်ဘူး… ဒါက အားကောင်းလွန်းနေတယ်။ အခြေတည်အဆင့် ကျင့်ကြံသူတွေ တောင်မှ ပေါက်ကွဲအားကြောင့် ဒဏ်ရာရသွားနိုင်တယ်”

ထို့အပြင် မိုးကြိုးအဆောင်များကို အမြောက်အမြား ထုတ်လုပ်၍ ရနိုင်သည်။ ဆိုလိုသည်မှာ ဝိညာဉ်ချီ ပမာဏ နည်းနည်းလေးနှင့်ပင် ချီသန့်စင်ခြင်း ကျင့်ကြံသူ တစ်ယောက်က အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ရင်ဆိုင်နိုင်သွားပေလိမ့်မည်။

ချင်ယွင်တိက မတုံးပေ။ ထို့ကြောင့် ဘယ်သူမှ မတွေးဖူးသည့် နည်းလမ်းတစ်ခုကို ရှန်ထျန်းက သူ့အား ပြသလိုက်မှန်း သူ ပြောနိုင်သည်။

လှည့်ကွက်က ရေငွေ့လုံးထဲတွင် ရှိနေမည်ဟု သူ ယုံကြည်သည်။ ထိုရေငွေ့လုံးကို အမြောက်အမြား ပြုလုပ်ပြီး သိုလှောင်ထားနိုင်ပါက တိုက်ခိုက်သည့် အချိန်တွင် အလွန် အသုံးဝင်လာပေလိမ့်မည်။ ဒီအကွက်နှင့်ဆို အားနည်းသည့် ရွှေအမြုတေ ကျင့်ကြံသူ တစ်ယောက်ကိုတောင် ဒုက္ခပေးနိုင်မည် ဖြစ်သည်။

ဒီနည်းသစ်၏ ကုန်ကျစရိတ်က နည်းမည်ဆိုလျှင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက တပည့် အကုန်လုံးကိုပင် ဒီလို အဆောင် တစ်ခုစီ တပ်ဆင်ပေးနိုင်ပေလိမ့်မည်။ သည်လိုဆိုလျှင် ဂိုဏ်းကြီး၏ စုစုပေါင်း အင်အားက ချက်ချင်းကို အတိုင်းအဆ မရှိ တိုးတက်သွားမည် ဖြစ်သည်။

ချင်ယွင်တိက စိတ်လှုပ်ရှားစွာ မေးလိုက်သည် “ဂိုဏ်းတူအစ်ကို… အဲဒီအကွက်ကို ဘယ်လိုခေါ်သလဲဗျ”

ရှန်ထျန်းက ခပ်ပြုံးပြုံး မေးလိုက်သည် “သင်ချင်လား… ညီလေး သင်ချင်ရင် အစ်ကို သင်ပေးမယ်”

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရှန်ထျန်း ဒီဟာကို လုပ်နိုင်လိုက်သည်မှာ ချင်ယွင်တိ၏ ရောင်ဝါစက်ဝန်းထဲမှ ရုပ်ပုံကြောင့် ဖြစ်သည်။ ချင်ယွင်တိက စမ်းသပ်နေရင်း လျှပ်စစ်သုံး ဓာတ်ခွဲခြင်း၏ စွမ်းအားကို မထင်မှတ်ဘဲ တွေ့ရှိသွားခဲ့လေ၏။

ရေအား လျှပ်စစ်သုံး ဓာတ်ခွဲခြင်း ဆိုသည်မှာ လျှပ်စစ်ကို သုံး၍ ရေကို အောက်ဆီဂျင်ဓာတ်ငွေ့နှင့် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့အဖြစ် ဓာတ်ခွဲခြင်း ဖြစ်စဉ် တစ်ရပ် ဖြစ်သည်။ အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင်တို့ကို ဖိနှိပ်ပြီး လောင်ကျွမ်းစေလိုက်ပါက ကြီးမားသည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာမည် ဖြစ်သည်။

တစ်ခါသားက ချင်ယွင်တိသည် ကြေးမုံလဝန်း ရေကန်ပေါ်တွင် မိုးကြိုးပေါက်ကွဲခြင်း အဆောင်အစီအရင် တစ်ခု ခင်းကျင်းပြီးသည့်နောက် မတော်တဆ အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင် ပမာဏ အများကြီးကို ရရှိနိုင်လိုက်သည်။ နောက်ပြီး သူ အစီအရင်ကို အသက်သွင်းလိုက်သောအခါ ဓာတ်ငွေ့များကို ချက်ချင်း မီးရှို့ပြီးသား ဖြစ်သွားလေ၏။

ထို့ကြောင့် ထွက်ပေါ်လာသည့် ပေါက်ကွဲအားမှာ သူထင်ထားတာထက် ကျော်လွန်သွားခဲ့သည်။

ထိုအဖြစ်ကို နောက်တစ်ခေါက် ထပ်ရရှိနိုင်ရန် ချင်ယွင်တိ ဂရုတစိုက် ကြိုးစားနေသည်မှာ လအနည်းငယ်ပင် ရှိနေလေပြီ။

သို့သော် သူ ပိုပြီး ဂရုစိုက်လေလေ၊ ပေါက်ကွဲမှု မဖြစ်ခင် လိုအပ်သည့် ပြင်ဆင်ချိန် ပိုကြာလေလေပင်။ ဤသည်က ရေကန်မျက်နှာပြင်ပေါ်တွင် စုစည်းနေသည့် ဓာတ်ငွေ့များကို လေထဲ ပျောက်ကွယ်လွင့်ပါးသွားစေလေ၏။ ထို့ကြောင့် သူလည်း ထိုရလဒ်ကို နောက်တစ်ခေါက် ထပ်မရနိုင်တော့ပေ။

ဘယ်လိုပဲဖြစ်ဖြစ် ချင်ယွင်တိက ထိုရလဒ် ထပ်ရအောင် ပြန်ဖန်တီးရန် စိတ်ပိုင်းဖြတ်ထားသည်။ သူ ကြိုးစားသည့် အကြိမ်ရေ လုံလောက်သရွေ့ ထိုရလဒ် ရရှိစေခဲ့သည့် အကြောင်းအရင်းကို သူ နားလည်လိမ့်မည်ဟု ယုံကြည်ထားသည်။

ရှန်ထျန်း အခု သူ့ကို သင်ပေးတော့မည့် အရာမှာ ထိုရလဒ်၏ နောက်ကွယ် အကြောင်းတရား ဖြစ်ပေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရှန်ထျန်းလည်းပဲ စိတ်လှုပ်ရှားနေသည်။

“သိပ္ပံ” သဘောတရားကို နားလည်သွားပြီးနောက် ဒီလူငယ်လေး ဘယ်လောက်ထိ ရောက်အောင် သွားနိုင်မလဲ ဆိုတာကို ရှန်ထျန်းက မြင်ချင်မိသည်။

ရှန်ထျန်း အရင်ဘဝတုန်းက အပူနှင့် ပေါက်ကွဲခြင်း သဘောတရားများကို တချို့သော အလွန်အမင်း အစွမ်းထက်သည့် လက်နက်ပစ္စည်းများတွင် အသုံးပြုကြသည်။ ကျင့်ကြံခြင်း သဘောတရားနှင့် သိပ္ပံ သဘောတရားတို့ကို ပေါင်းစပ် အလုပ်လုပ်ကြည့်လိုက်ပါက ဒီကမ္ဘာမှာလည်း ဖြစ်ရပ်ဆန်းတွေ တီထွင်ဖန်တီးနိုင်လေမလားဟု သူက သိချင်မိ၏။

တကယ်ပါ … ရှန်ထျန်း အလွန်ပင် သိချင်မိပါသည်။

All Chapters