ငါတောင် သူ့ကို ယုံမိတော့မလို့
Vol. 6-10 Ch. 103
အခန်း (၁၀၃) : ငါတောင် သူ့ကို ယုံမိတော့မလို့
ရှန်ထျန်း၏ စိတ်အားထက်သန်စွာ သင်ပေးချင်နေမှုကြောင့် ချင်ယွင်တိမှာ အကြီးအကျယ် အံ့သြဝမ်းသာသွားကာ သူ့မျက်လုံးမှေးမှေးလေးတွေထဲ မျက်ရည်စတို့ ရစ်သီလာလေ၏။
သူ့အမေ ရွှေကြာ ကောင်းကင်အသျှင်က သူ့ကို မုန့်ဖိုးဖြတ်လိုက်တုန်းကတောင် သူ ဒီလောက် စိတ်ခံစားချက် မပြင်းထန်ခဲ့ပေ။ သို့သော် အခု သူတော်စင်ဖြစ်သည့် ဂိုဏ်းတူအစ်ကိုက သူ့ကို အားလာပေးနေသောအခါ သူ တကယ်ကြီး ရင်ထဲ ထိသွားလေသည်။
နောက်ဆုံးတော့… နှစ်တွေအကြာကြီး စောင့်ပြီးတဲ့နောက်မှာ ငါ့ကိုနားလည်တဲ့ လူတစ်ယောက် ရှိလာခဲ့ပြီပဲ။ သူက ငါ့ကို ဒီလိုမျိုး ထူးခြားအံ့သြဖွယ် နည်းပညာကို သင်ကြားပေးဖို့တောင် လိုလားနေသေးတယ်။
ချင်ယွင်တိက အခုတော့ ရှန်ထျန်းအား စတင် သဘောကျလာချေပြီ။
အစပိုင်း၌ ကံပါသူကို သူတော်စင်အဖြစ် ရွေးချယ်တင်မြောက်မည်ဟု ကြားသောအခါ သူက အလွန် လက်သင့်မခံနိုင် ဖြစ်ခဲ့ရသည်။ ပြောရမည်ဆို အထွတ်အမြတ်မြေထဲရှိသည့် တပည့်တိုင်းက အင်မတန် အရည်အချင်း ရှိကြသလို မာနလည်း ကြီးကြလေသည်။
တော်ဝင်ကျမ်း၏ ပျောက်ဆုံးနေသည့် ကျမ်းတွဲကို ပြန်ရယူပေးနိုင်သဖြင့် ရှန်ထျန်းဆီတွင် သူတော်စင် ဖြစ်ခွင့် အပြည့်အဝ ရှိသည်မှာ မှန်၏။ သို့သော် သူ့ကို လူတွေ သဘောကျမည် မကျမည်ကတော့ တခြားတစ်ကဏ္ဍ ဖြစ်သည်။
ရာစုနှစ်တစ်ခုစီတိုင်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက သူတော်စင် အသစ် တစ်ယောက် ရွေးကောက်တင်မြောက်လေ့ရှိကာ ရာစုနှစ် ဆယ်ခုလျှင် တစ်ခါ ဂိုဏ်းချုပ်အသစ် တင်မြောက်လေ့ရှိသည်။
တခြားသူတွေ၏ အသိအမှတ်ပြုခြင်းကို မရရှိနိုင်ပါက နှစ်(၁၀၀)လုံး သူတော်စင် ဘဝမှာပဲ ကျန်နေရစ်ကာ ဂိုဏ်းချုပ် ဖြစ်ခွင့်နှင့် လွဲချော်သွားမည် ဖြစ်သည်။ ထို့ကြောင့် မိသားစုထဲတွင် ကောင်းကင်အသျှင် ရှိနေသည့် ချင်ယွင်တိတို့လို တပည့်ရင်းများက သူတော်စင်များအကြောင်း သိပ်စိတ်မဝင်စားပေ။
တစ်ဖက်တွင် သူတော်စင် ၁၀ ယောက်က ဂိုဏ်းချုပ်ရာထူးအတွက် ယှဉ်ပြိုင်ရန် တပည့်ရင်းများ၏ သဘောကျနှစ်လိုမှုကို ရရှိနိုင်ဖို့ ကြိုးစားကြရလေသည်။
တပည့်ရင်းတွေ အားလုံးက ရှန်ထျန်းနှင့် ရှန်ထျန်း၏ လုပ်ဆောင်ချက်ကြီးများကို ကြားထားပြီးသော်လည်း သူတို့က ရှန်ထျန်းသည် အလွန်ဆုံးရှိလှ လာဘ်ကောင်လေး တစ်ကောင်ပဲ ဖြစ်လိမ့်မည်ဟု တွေးထားကြသည်။
ထိုသို့ဆိုလျှင်တောင်မှ အခုမူ ချင်ယွင်တိက ဘယ်လိုပဲဖြစ်ဖြစ် ရှန်ထျန်းကို ထောက်ခံအားပေးရန် စိတ်ပိုင်းဖြတ်လိုက်လေပြီ။ အဘယ်ကြောင့်ဆိုသော် … သူ ရှန်ထျန်းအပေါ် ကျေးဇူးကြွေးတင်သွားပြီ မဟုတ်ပါလော။
ချင်ယွင်တိက ရှန်ထျန်းအား မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်ကာ “ဂိုဏ်းတူအစ်ကို … အစ်ကို တကယ်ပဲ ကျွန်တော့်ကို သင်ပေးမှာလား”
ရှန်ထျန်းမှာ ငိုရခက်၊ ရယ်ရခက် ဖြစ်သွားသည်။ သူက ချင်ယွင်တိအား ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည် “ဒါပေါ့ကွ။ ကဲ သေသေချာချာ ကြည့်ပြီး သေသေချာချာ နားထောင်နော်”
ရှန်ထျန်းက ကျိုးအာကို ရေစက် တစ်စက် ဖန်တီးခိုင်းလိုက်၏။ သူက ရေစက်ကို လက်ညိုးထိုးကာ ပြောလိုက်သည် “ဂိုဏ်းတူညီလေး ဒီမှာကြည့်လိုက် … ဒီရေစက်ထဲမှာ ဟိုက်ဒရိုဂျင် အက်တမ် နှစ်လုံးနဲ့ အောက်ဆီဂျင် အက်တမ် တစ်လုံး ပါဝင်နေတယ်”
ချင်ယွင်တိက တကယ် သဘောမပေါက်သော်လည်း ခေါင်းငြိမ့်ပြလိုက်ကာ “ဟုတ်ပြီ။ ယင်ဓာတ် နှစ်လုံးနဲ့ ယန်ဓာတ် တစ်လုံး”
ရှန်ထျန်းက ဆက်ပြောလိုက်သည် “အစ်ကိုတို့က လျှပ်စစ်သွင်းပြီးတော့ ရေကနေ ဒီအက်တမ်တွေကို ခွဲထုတ်ယူဖို့ မိုးကြိုးကို အသုံးပြုလို့ရတယ်”
ချင်ယွင်တိက စဉ်းစားလိုက်ကာ “မိုးကြိုးက… ရေကို ယင်နဲ့ယန် ဓာတ်တွေ ဖြစ်အောင် ခွဲထုတ်ပေးနိုင်တာလား”
ချင်ယွင်တိသည် အင်မတန် ဉာဏ်ထက်၏။ ပြောရမည်ဆိုလျှင် သူက မိုးကြိုးပေါက်ကွဲခြင်း အဆောင် တိုးတက်အောင် သူ့အစွမ်းအစနှင့်သူ တီထွင်လုပ်ယူခဲ့သည် မဟုတ်ပါလော။ ယင်အက်တမ်နှင့် ယန်အက်တမ် ဆိုသည်မှာ ဘာတွေမှန်း သူ နားမလည်သော်လည်း ကျင့်ကြံခြင်း သဘောတရားအတိုင်း ကြည့်မည်ဆိုပါက ယင်နှင့်ယန် ပါနေသည့် အရာမှန်သမျှက အလွန် အစွမ်းထက် အားကောင်းပေလိမ့်မည်။
လက်စသတ်တော့ ဟိုတစ်ခေါက်က ငါ့မိုးကြိုးပေါက်ကွဲခြင်း အဆောင်အစီအရင်က အရမ်း အားကောင်းသွားတာ ဒါကြောင့်ကိုး…
ချင်ယွင်တိသည် ထိုနေ့က အဖြစ်အပျက်၏ အကြောင်းအရင်းကို နောက်ဆုံးတော့ သဘောပေါက်သွားသည်။ သူက ရှန်ထျန်းအား လေးစားမှုအပြည့်နှင့် ကြည့်ကာ “ကျွန်တော် အခု သဘောပေါက်သွားပြီ ဂိုဏ်းတူအစ်ကို။ ယင်နဲ့ယန် ဓာတ်တွေက ဆန်းကြယ်ပညာရပ်နဲ့ မွမ်းမံခံလိုက်ရပြီးတဲ့နောက် ပေါင်းစပ်သွားခဲ့မယ်ဆိုရင် စွမ်းအင်ပေါက်ကွဲမှု အကြီးကြီး ထွက်လာမှာ ဟုတ်တယ်မလား”
ယင်… ယန်… ပေါင်းစပ်မယ်… သူ ဘာတွေပြောနေတာတုန်း…
ရှန်ထျန်းက ခဏ တန့်သွားကာ သီအိုရီသဘောတရားကို သေချာပြန်သုံးသပ်လိုက်သည်။ ထိုအခါ ချင်ယွင်တိ၏ ကောက်နုတ်ချက် သဘောတရားက မမှားကြောင်း သိလိုက်ရလေ၏။
ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကို ၂ ဆ ၁ ဆ အချိုးကျ ရောပြီး မီးရှို့လိုက်မည် ဆိုပါက သူတို့တွေက ပေါင်းစပ်သွားပြီး စွမ်းအင် ပမာဏ အကြီးကြီး တစ်ခုကို ထုတ်လုပ်ပေးနိုင်သည်။
ထိုသဘောတရား နောက်ကွယ်မှ သိပ္ပံပညာကို ချင်ယွင်တိ နားလည်လာစေရန် ရှင်းပြချင်ပါက ရှန်ထျန်းအနေနှင့် ချင်ယွင်တိအား တစ်နေကုန် တစ်နေခန်း ဓာတုဗေဒအကြောင်း သင်ပေးရန် လိုအပ်ပေမည်။
ရှန်ထျန်းလည်း မတတ်သာဘဲ ပြောလိုက်ရသည် “ဟုတ်တယ် မှန်တယ်။ ဆန်းကြယ်ပညာတော့ မလိုဘူးရယ်။ မီးတောက်လောင်ဖို့အတွက် မိုးကြိုးစလေး တစ်စဆိုရင်ကို လုံလောက်နေပါပြီ။ အစ်ကိုက အစ်ကို့ရဲ့ ရေဓာတ် မိုးကြိုးကျင့်စဉ်ကို လေ့ကျင့်နေရင်း ဒါကို ရှာတွေ့ခဲ့တာ”
ချင်ယွင်တိက ခေါင်းငြိမ့်လိုက်သည်။
“အစ်ကိုက ကျွန်တော်တို့ရဲ့ သူတော်စင် ဖြစ်လာတာလည်း မထူးဆန်းတော့ပါဘူး ဂိုဏ်းတူအစ်ကို။ အစ်ကိုက ကံကောင်းခြင်းတွေ ပြည့်နေတဲ့ သူပဲဗျာ။ ကျွန်တော်တော့ အရမ်းကို ရှက်မိပါတယ်။ ဒီအကြောင်းအရာကို ကျွန်တော် သုတေသန လုပ်နေတာ လချီနေပြီ။ ဒါပေမဲ့ ယင်နဲ့ယန် ဓာတ်တွေမှာ ဒီလောက် အံ့သြစရာကောင်းတဲ့ အစွမ်းသတ္တိတွေ ရှိနေမှန်း သဘောမပေါက်ခဲ့ဘူး…
ဂိုဏ်းတူအစ်ကို… အစ်ကိုက ရေဓာတ် မိုးကြိုးကျင့်စဉ် ကျင့်ကြံနေရင်းနဲ့တောင် အမှတ်မထင်ပဲ ဒီသဘောတရားကို နားလည်ခဲ့တယ်။ အဲဒါကိုက အရမ်း အံ့သြလေးစားစရာ ကောင်းနေပြီဗျ…
ရေက အသက်ဓာတ်ကို မွေးဖွားပေးတယ်။ ဒါပေမဲ့ သူက အသက်ဓာတ်ဆီက ဘာမှ ပြန်မယူသွားဘူး။ ဝူကျိသဘောတရားလိုမျိုးပေါ့။ ဝူကျိက ထိုက်ကျိကို မွေးဖွားတယ်။ ထိုက်ကျိက ယင်နဲ့ယန်ကို မွေးဖွားတယ်။ ရေကို ယင်နဲ့ယန် ဓာတ်တွေနဲ့ ဖွဲ့စည်းထားတယ်။ ဒီသဘောတရားက အရမ်းကို သိသာရှင်းလင်းလိုက်တာ…
ဂိုဏ်းတူအစ်ကို… အစ်ကိုက အရမ်း ဉာဏ်ကောင်းတာပဲ။ ဒါကို အရင်တုန်းက ဘယ်သူမှ မလုပ်ဖူးသေးဘူး။ ပြောမရဘူး တစ်နေ့နေ့ကျ အစ်ကိုက ယင်ယန်ဧကရာဇ်တောင် ဖြစ်ရင် ဖြစ်လာနိုင်တယ်”
ချင်ယွင်တိ၏ ကောက်ချက်များကြောင့် ရှန်ထျန်းတစ်ယောက် ပြောစရာစကားမရှိ ဆွံ့အသွားရ၏။
ရေက အသက်ဓာတ်ကို မွေးဖွားပေးတယ်။ ဒါပေမဲ့ သူက အသက်ဓာတ်ဆီက ဘာမှ ပြန်မယူသွားဘူး။ ဝူကျိသဘောတရားလိုမျိုးပေါ့။ ဝူကျိက ထိုက်ကျိကို မွေးဖွားတယ်။ ထိုက်ကျိက ယင်နဲ့ယန်ကို မွေးဖွားတယ်။
ဒီတော့ လျှပ်စစ်သွင်းလိုက်ရင် ရေက ယင်ဓာတ်နဲ့ယန် ဓာတ်တွေ ထုတ်လုပ်ပေးမှာပေါ့…
လခွမ်း… ကြားလိုက်ရတာ တကယ်ကို ယုံချင်စရာကြီး… သိပ္ပံပညာကိုသာ မသင်ခဲ့ရရင် ငါတောင် ယုံမိတော့မလို့…
နောင်ကျရင် ငါမင်းကို “ချင် လားဗိုးစီယား ယွင်တိ” လို့ ခေါ်မယ် ဟုတ်ပြီလား… မင်းက ကျင့်ကြံရေးကမ္ဘာကြီးကို ပြောင်းလဲပစ်မယ့် အကြီးမြတ်ဆုံး လူသားတစ်ယောက်ပဲ…
ထိုအခိုက် ရှန်ထျန်းက သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားတာကို ခံစားမိလိုက်သည်။ သူက ကြေးမုံကို အမြန် ထုတ်ကာ ခေါင်းပေါ်ကို ကြည့်ကြည့်လိုက်၏။ ထင်ထားသည့်အတိုင်းပင် သူ့ရောင်ဝါစက်ဝန်းက အခုဆို ပိုပြီး စိမ်းသွားလေပြီ။
သူ့အစီအစဉ် အမှန်တကယ် အလုပ်ဖြစ်သွားတာကို မြင်တော့ ရှန်ထျန်းက ပျော်သွားသည်။
ဟား ဟား ဟား… ကြည့်ရတာ တစ်ချိန်က ပျင်းရိနေအောင် သင်ခဲ့ရတဲ့ဟာတွေက တစ်နေ့တစ်နေ့ တစ်ချိန်တစ်ချိန်မှာတော့ အသုံးဝင်သွားပုံပဲ…
ရှန်ထျန်း ရုတ်တရက် ကြေးမုံထုတ်ပြီး ကြည့်လိုက်သည့် မြင်ကွင်းကြောင့် ချင်ယွင်တိမှာ မှင်သက်သွားရသည်။
ဂိုဏ်းတူအစ်ကိုက ဘာလုပ်နေတာလဲ … သူက ငါ့ကို ကိုယ့်ကိုယ်ကို သိပ်အထင်မကြီးဖို့ အရိပ်အကဲ ပြနေတာလား … ငါလည်း ခဏခဏ ကြေးမုံ ထုတ်ကြည့်ရင် ငါဘာလိုအပ်လဲ ဆိုတာ သိနိုင်မှာလား … တကယ့်ကိုပဲ အစ်ကိုက သူတော်စင် ပီသပါပေတယ်…
ချင်ယွင်တိက သူ့ကိုယ်သူ စိတ်ပြန်ငြိမ်အောင် လုပ်လိုက်ကာ ပြောလိုက်၏ “တောင်းပန်ပါတယ်။ ကျွန်တော် အရမ်းကြီး စိတ်လှုပ်ရှားမိသွားတယ်”
ရှန်ထျန်းက ကြေးမုံ ကြည့်မပျက် ပြောလိုက်သည် “ရတယ် ရတယ် ကိစ္စမရှိဘူး။ ညီလေး ပျော်ရင် ပြီးတာပဲ”
ချင်ယွင်တိက လျှပ်စစ်သွင်းခြင်းကို စတင် လေ့ကျင့်လိုက်ရင်း မေးလိုက်သည် “ဂိုဏ်းတူအစ်ကို … ဒီဥစ္စာကို နာမည် ပေးပြီးပြီလားဟင်”
ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရှန်ထျန်းက ပြောလိုက်သည် “ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် ပါနေတော့ အစ်ကိုတို့ ဒီဟာကို ဟိုက်ဒရောက်ဆီ နတ်မိုးကြိုးလို့ ခေါ်ကြမယ်လေ”
ချင်ယွင်တိက တုံ့ပြန်လိုက်၏ “ယင်ယန်နတ်မိုးကြိုး လား … ကောင်းသားပဲ … တစ်ခုပဲ ယင်ယန်ဓာတ်နှော နတ်မိုးကြိုးနဲ့ ရောမှာပဲ စိုးရတယ်”
ရှန်ထျန်း “…”
ရှန်ထျန်းက သက်ပြင်းချလိုက်သည်။ သူ့မှာ ပြောစရာ စကားလည်း မရှိသလို မောလည်း မောသွားလေပြီ။
ယင်နဲ့ယန်ရဲ့ အသံထွက်က ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်ရဲ့ အသံထွက်နဲ့ ဘာကြောင့် တူနေရတာလဲ…
သူ ထွက်သွားတော့မည့်ဆဲဆဲတွင် ချင်ယွင်တိက တားလိုက်၏။
“ဂိုဏ်းတူအစ်ကို … ကျွန်တော် အစ်ကို့ရဲ့ နောက်လိုက် လုပ်လို့ရမလားဟင်”
ဘာကြီး…
ရှန်ထျန်းက ကြောင်သွားကာ “ဟင်”
ချင်ယွင်တိက စိတ်ရင်းမှန်နှင့် ပြောလိုက်သည်။
“ဂိုဏ်းတူအစ်ကိုက ကျွန်တော်တို့ အထွတ်အမြတ်မြေရဲ့ သူတော်စင် ဖြစ်နေပြီ ဆိုမှတော့ နောင်ကျရင် အစ်ကို့မှာလည်း တပည့်တပန်းတွေ ရှိလာမှာပဲလေ။ ကျွန်တော် ဂိုဏ်းတူအစ်ကို နောက်ကို လိုက်ဖို့ ဆန္ဒရှိပါတယ် … ဂိုဏ်းတူအစ်ကိုက ကျွန်တော့်ကို ယင်ယန်အနုပညာ အကြောင်း တစ်ခုနှစ်ခုလောက် သင်ပေးနိုင်ဖို့ကိုပဲ ကျွန်တော် မျှော်လင့်မိတာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို လက်ခံပေးပါနော်”
ရိုးသားစွာ ဝန်ခံရမည်ဆိုလျှင် ချင်ယွင်တိ၏ လုပ်ရပ်ကြောင့် ရှန်ထျန်းက အင်မတန် ရင်ထဲထိသွားသည်။
သူက တပည့်ရင်း တစ်ယောက် ဖြစ်ပေမဲ့ ငါ့ကို တိုလျှိုးတောင်းဆိုနေရှာပါလား…
အဟမ်း… ထိုစကားသည်ကား အလကား ပြောနေခြင်းသာ။ ရှန်ထျန်း တကယ်တွေးနေသည်မှာ နောင်ကျရင် ချင်ယွင်တိအား အသုံးချလို့ ရနိုင်ကြောင်းကို ဖြစ်သည်။
ချင်ယွင်တိကို လက်ပစ်ဗုံးတွေ၊ လျှပ်စစ်စက်သေနတ်တွေနဲ့ စွမ်းအင်လျှပ်စစ်သံလိုက်ဒုံးတွေ ထုတ်လုပ်နိုင်သွားအောင် ငါလေး ကူညီပေးလိုက်မယ်ဆိုရင် အဲဒါတွေက သူ့အတွက် ကံအပြောင်းအလဲ အခွင့်အရေးတွေ ဖြစ်သွားမှာလား…
ဖြစ်သွားခဲ့မယ် ဆိုရင် ငါလည်း အဲဒီ ကံအပြောင်းအလဲ အခွင့်အရေးတွေကို မျှဝေလို့ ရသွားမှာမလား … အခွင့်အရေးက ငါ့ဆီမလာရင် ငါက အခွင့်အရေး ဖြစ်လာအောင် လုပ်ယူရုံပဲပေါ့…
ဟုတ်ပြီ… ငါ ဒါကို စမ်းကြည့်ရမယ်...