သမိုင်းမှာ မှတ်ကျောက်တင်သွားသော ဂိုဏ်းတူအစ်ကို
Vol. 6-10 Ch. 104
အခန်း (၁၀၄) : သမိုင်းမှာ မှတ်ကျောက်တင်သွားသော ဂိုဏ်းတူအစ်ကို
ရှန်ထျန်းက သေသေချာချာ စဉ်းစားသုံးသပ်ကြည့်လိုက်ပြီးနောက် အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
“ဂိုဏ်းတူညီလေး … အစ်ကို့နောက်လိုက် လုပ်မယ်ဆိုတာမျိုး ပြောတာကြီးက မင်း အစ်ကို့ကို တစိမ်းလူလို့ သဘောထားနေတဲ့အတိုင်းပဲ။ အစ်ကိုတို့က တစ်ဂိုဏ်းတည်းသားတွေ ဖြစ်တဲ့အပြင် ညီနောင်တွေဆိုလည်း ဟုတ်တယ်လေ။
ဒါကြောင့် ကျင့်ကြံရေး ခရီးလမ်းမှာ အစ်ကိုတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်းကူညီသင့်တာ ဓမ္မတာပဲလေ။ ပြီးတော့ အစ်ကိုကော မင်းကော နှစ်ယောက်စလုံးက ပေါက်ကွဲခြင်း အနုပညာကို မြတ်နိုးကြသူတွေ ဆိုတဲ့ အချက်နဲ့တင် တို့တွေက မိတ်ဆွေရင်းချာတွေ ဖြစ်နေပြီလေကွာ ”
ရှန်ထျန်းက ဆက်ပြောလိုက်သည် “မိတ်ဆွေရင်းချာတွေ ဆိုတာ ဘာလဲ … မိတ်ဆွေရင်းချာတွေ ဆိုတာ ကံကောင်းခြင်းတွေကို အတူတူ စံစားပြီး ကံဆိုးခြင်းတွေကိုလည်း မျှဝေ ခံစားကြတဲ့ သူတွေပဲ။ အစ်ကိုက အစ်ကို သိသမျှ မင်းကို အကုန် သင်ပေးမယ်။ ဒါပေမဲ့ … နောင်တစ်ချိန် အစ်ကို ဒုက္ခရောက်ရင် မင်းရဲ့ အိမ်က အကြီးအကဲတွေ မသိအောင် အစ်ကို့ကို လာကူညီပေးနိုင်မလား”
ချင်ယွင်တိက စိတ်ပိုင်းဖြတ်ပြီးသား ပုံစံနှင့် ခေါင်းငြိမ့်လိုက်ကာ “ဂိုဏ်းတူအစ်ကို … အစ်ကို့ကို တစိမ်းလူ တစ်ယောက်လို ဆက်ဆံမိတာ ကျွန်တော့် အမှားပါ။ အစ်ကို့ကို ကျေးဇူးတင်ပါတယ်”
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည် “တကယ်တော့ ပေါက်ကွဲအားကို တိုးမြှင့်ပေးနိုင်မည့် နည်းလမ်းတစ်ခုကို အစ်ကို သိထားသေးတယ်”
မျက်လုံးမှေးလေး ချင်ယွင်တိက သူ့အား တလက်လက် တောက်နေသည့် အကြည့်တို့ဖြင့် စိုက်ကြည့်နေတာကို မြင်သောအခါ ရှန်ထျန်းက နှုတ်ခမ်းပါးတို့ကို တွန့်ကွေးလိုက်သည်။ သူက ပြုံးရင်း ပြောလိုက်သည် “ဂိုဏ်းတူညီလေး … အစ်ကို့ နည်းလမ်းအတိုင်း ယင်ယန် နတ်မိုးကြိုး ၂ ခု အရင် လုပ်ကြည့်လိုက်”
ချင်ယွင်တိက ခေါင်းငြိမ့်လိုက်ပြီး သူ့လက်ထဲမှ ကန်ရေလုံးကို လျှပ်စစ်သွင်းပြီး ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင် အဖြစ် ခွဲထုတ်လိုက်လေသည်။ သူက အဆောင်တစ်ခု ထုတ်ယူကာ ချီစုစည်းရေး အစီအရင်တစ်ခုကို အမြန် ရေးဆွဲလိုက်သည်။ ထို့နောက် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်တို့က အဆောင်ထဲ အစုပ်ယူခံလိုက်ရလေ၏။
ချီစုစည်းရေး အဆောင်၏ တန်ဖိုးမှာ အတော်လေး ဈေးချိုသည်။ မိုးကြိုးပေါက်ကွဲခြင်း အဆောင်၏ ဆယ်ပုံ တစ်ပုံပင် မရှိချေ။ သို့သော် ချီစုစည်းရေးအဆောင် စုပ်ယူနိုင်သည့် ဓာတ်ငွေ့ပမာဏမှာ အကန့်အသတ် တစ်ခု ရှိသည်။ ထို့ကြောင့် ချင်ယွင်တိက အဆောင်ထဲ ဓာတ်ငွေ့တွေ လျင်မြန်စွာ ပြည့်လာကြောင်း ခံစားလိုက်ရသည်။
ချီစုစည်းရေး အဆောင်က အလင်းတန်းချောင်းများဖြင့် လင်းလက်နေကာ လှပလွန်းသည့် သြချစရာမြင်ကွင်း တစ်ခုကို ဖန်တီးပေးနေသည်။
ချင်ယွင်တိက နောက်ထပ် ချီစုစည်းရေးအဆောင် တစ်ခုကို ထုတ်ယူလိုက်ကာ ဓာတ်ငွေ့များ တစ်ခေါက် ထပ်စုစည်းလိုက်ပြန်သည်။
အချိန်ခဏ ကြာပြီးနောက် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်တို့ဖြင့် ပြည့်လျှံနေသော ချီစုစည်းရေးအဆောင် ၂ ခုက ချင်ယွင်တိ လက်ထဲ ရောက်ရှိသွားလေပြီ။
သူက ချီစုစည်းရေးအဆောင် ၂ ခုပေါ်တွင် ရိုးရှင်းသော ဖောက်ကွဲခြင်း မှော်အက္ခရာ တစ်မျိုးကို ရေးဆွဲလိုက်ပြီးနောက် ရှန်ထျန်းအား ပေးလိုက်သည်။
ရှန်ထျန်းက ခေါင်းငြိမ့်လိုက်၏။
ချင်ယွင်တိက တကယ့်ကို ကံကြမ္မာ ကောင်းချီးအပေးခံရတဲ့သူပဲ … ငါ မိုးကြိုး သုံးပြီး ရေကို ဓာတ်ခွဲတဲ့နည်း သင်ပေးလိုက်ပြီးတဲ့နောက် သူက အဲဒါကို ကိုးကားပြီးတော့ တစ်ခါတည်း လျှပ်စစ်သုံး ဓာတ်ခွဲထားတဲ့ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်ကို သိမ်းဆည်းသိုလှောင်ထားဖို့အတွက် ချီစုစည်းရေး အဆောင်ကို သုံးဖို့ပါ စဉ်းစားမိသွားတယ်။ သူက ဒါတွေကို အမြောက်အမြား လက်ကား ထုတ်လုပ်ဖို့ တန်းလုပ်နိုင်လိုက်တယ်။
အင်း… သူက ချင်လားဗိုးစီယားယွင်တိ ဖြစ်နေတာလည်း မထူးဆန်းတော့ပါဘူး…
ရှန်ထျန်းက ခပ်မိုက်မိုက် ပြုံးကာ ချီစုစည်းရေး အဆောင်တစ်ခုကို ရေကန်ဘေး ကမ်းစပ်က မြေကွက်လပ် ဆီသို့ ပစ်လွှတ်လိုက်သည်။ မီတာ ၂၀ ကျော်လောက်အထိ ချီစုစည်းရေး အဆောင် ရောက်သွားသည့်အချိန်၌ ရှန်ထျန်းက လက်သင်္ကေတ တစ်ခု ပြုလုပ်၍ ချီစုစည်းရေးအဆောင်ကို ဖောက်ခွဲပစ်လိုက်သည်။
ဘုန်း…
ရုတ်ခြည်းဆိုသလို အသံကျယ်ကြီးတစ်ခုက ပဲ့တင်မြည်ဟီးသွားကာ နောက်ထပ် အပြာရောင် ကြာပွင့်တစ်ပွင့် ပွင့်အာသွားလေ၏။ နောက်တစ်စက္ကန့်တွင် မူလက ချောမွေ့ညီညာနေသော ကမ်းခြေပေါ်တွင် ၇ ပေ ၈ ပေလောက် ကျယ်သည့် တွင်းကြီး တစ်ခု ဖြစ်ပေါ်သွားလေသည်။ တွင်းကြီးက ထောင်ထောင်မောင်းမောင်း လူတစ်ယောက်လောက် နက်ကာ တွင်းအောက်ခြေ၌ ကြည်လင်နေသော သလင်းကျောက် တစ်လွှာကို မြင်နိုင်လေသည်။
တွင်းကြီးအား ကြည့်၍ လက်ဖျားခါသွားကာ ချင်ယွင်တိ၏ မျက်လုံးများက အရောင်လက်သွားသည် “ဂိုဏ်းတူအစ်ကို … ဒီအဆောင်ရဲ့ ပေါက်ကွဲအားက အခြေတည်အဆင့် ကျင့်ကြံသူတွေကိုတောင် အသက်အန္တရာယ်ပေးနိုင်တယ်ဗျ။ ဒါပေမဲ့ သူ့ရဲ့ ပေါက်ကွဲအား အကွာအဝေးက အရမ်းသေးလွန်းတယ်။ အဆောင် ပျံသန်းနှုန်းကလည်း အရမ်း နှေးနေတယ်။ သူ့ကို အလွယ်လေး ရှောင်နိုင်ကြမှာပဲ”
ရှန်ထျန်းက ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူက တွင်းကြီး၏ အောက်ခြေနားသို့ ဖြည်းဖြည်းချင်း တိုးသွားလိုက်ပြီး သလင်းကျောက်များကို ကောက်ယူလိုက်၏။ သူက သလင်းကျောက်များကို အဆောင်ပေါ်သို့ တင်လိုက်ကာ လက်သီးတစ်လုံးစာ အရွယ်ရှိ အလုံးတစ်လုံး ဖြစ်အောင် လုံးယူလိုက်သည်။ ထို့နောက် ထိုအလုံးလေးကို မြေပြင်ပေါ်တွင် ချကာ ရှန်ထျန်းက မီတာ ၂၀ အဝေးသို့ ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်လိုက်၏။
တစ်ခဏတာ စဉ်းစားလိုက်ပြီးနောက် မလုံခြုံသေးဘူးဟု ခံစားရ၍ သူက သူ့လိပ်နက်ဒိုင်းကာကို ထုတ်ယူလိုက်လေသည်။ သူက ချင်ယွင်တိဘက်သို့ လှည့်ကာ သတိပေးလိုက်သည် “ဂိုဏ်းတူညီလေး လာ။ အစ်ကို့နောက်မှာ နေတာက ပိုလုံခြုံတယ်”
ချင်ယွင်တိက သူ့မျက်လုံးမှေးမှေးလေးများနှင့် ပြုံးလိုက်ပြီး ပြောလိုက်သည် “ဂိုဏ်းတူအစ်ကိုက အစိုးရိမ်လွန်နေတာပါ။ ဒီလို မိုးကြိုးပေါက်ကွဲခြင်း အဆောင်ရဲ့ ပေါက်ကွဲအားလောက်တော့ ကျွန်တော် မကြောက်ပါဘူးဗျာ”
ရှန်ထျန်းက သေချာစဉ်းစားကြည့်လိုက်ပြီးမှ ခေါင်းငြိမ့်လိုက်၏။ ရုတ်တရက် လိပ်နက်ဒိုင်းကာမှ အနက်ရောင် အလင်းတန်းတွေ ထွက်လာပြီး အနက်ရောင် စွမ်းအင် အတားအဆီး အလွှာ တစ်ခုအဖြစ် စုစည်းဖြစ်တည်လာသည်။
သူ့တစ်ကိုယ်လုံး လိပ်နက်ဒိုင်းကာ၏ စွမ်းအင်အလွှာအောက် ရောက်ရှိနေတာ သေချာပါမှ ရှန်ထျန်းက ဖောက်ကွဲခြင်း မှော်အက္ခရာကို အသက်သွင်းလိုက်၏။
ဘုန်း…
အရင်တစ်ခေါက်ကလိုမျိုးပဲ အသံအကျယ်ကြီး တစ်ခု ပဲ့တင်မြည်ဟီးသွားပြန်ကာ တူညီသော အပြာရောင် မီးတောက်ကြာပွင့်ကြီး ပေါ်လာပြန်သည်။ သို့သော် ဒီတစ်ကြိမ်၌ အချင်းဝက် ၈ မီတာ ပတ်ပတ်လည်တွင် တွင်းသေးသေးလေးတွေ အများကြီး ရှိနေလေ၏။ ထိုတွင်းသေးသေးလေးများက ကမ်းစပ်၏ မြေနက်ပိုင်းထဲထိ ထိုးဖောက်သွားကာ ဘယ်လောက် အနက်ထိ ရောက်ရှိသွားသလဲ ဆိုတာကိုကား မသိရပေ။
ပို၍ အံ့သြစရာကောင်းသည်မှာ မိုးကြိုးပေါက်ကွဲခြင်း အဆောင်၏ ပေါက်ကွဲအား အကွာအဝေးအတွင်း ရှိနေသည့် ကြေးမုံလဝန်း ရေကန်ပေါ်က ကျောက်မာ ကျောက်ဆောင်ကြီး တချို့၏ အခြေအနေ ဖြစ်သည်။
ထိုကျောက်မာ ကျောက်ဆောင်ကြီး တစ်ခုချင်းစီပေါ်၌ အပေါက်ကြီးတွေ၊ အက်ကြောင်းတွေနှင့် သလင်းကျောက်စတွေကိုပင် မြင်တွေ့နိုင်လေသည်။
ရှန်ထျန်းက လိပ်နက်ဒိုင်းကာကို တစ်စုံတစ်ခု လာရိုက်မှန်သွားကြောင်း ခံစားလို့ရသည်။ ရိုက်ခတ်မှု၏ တုန်ခါမှုကြောင့် သူ့လက်တွေ တော်တော်လေး ထုံကျဉ်သွား၏။ ကံကောင်းစွာနှင့် ရှန်ထျန်းက လုံလုံလောက်လောက် အားကောင်းကာ လိပ်နက်ဒိုင်းကာ၏ ခုခံအားကလည်း ထိပ်တန်း ဖြစ်သဖြင့် ပြဿနာ များများစားစား မဖြစ်လိုက်ချေ။
ချင်ယွင်တိအား လှည့်ကြည့်လိုက်စဉ် ရှန်ထျန်းမှာ မထိန်းနိုင်ဘဲ ရယ်မိသွားသည်။
သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်၊ ကောင်းကောင်းမွန်မွန် ဝတ်စားထားသော ချင်ယွင်တိ တစ်ယောက် အခုတော့ အဝတ်တွေမှာ အပေါက်တွေနှင့် ဖြစ်ကာ သူတောင်းစား တစ်ယောက်နှင့် တူနေလေတော့သည်။ ကံမကောင်းစွာပဲ အကောင်းကြီးရှိနေသော အကာအကွယ် ဝတ်စုံမှာ ချက်ချင်း အဖျက်ဆီးခံလိုက်ရလေသည်။
တစ်ချိန်တည်းမှာ အစအန တချို့က သူ့ကို သွားထိမှန်သောကြောင့် သူ့မှာ သေတော့မလိုတောင် ဖြစ်သွားကာ သူ့မျက်နှာသည်လည်း စက္ကူစ တစ်စပမာ ဖြူဖျော့နေလေ၏။
ကံကောင်းစွာနှင့် အကာအကွယ် ဝတ်စုံမှာ ပျက်ဆီးသွားသော်လည်း အစအနများကို တားဆီးကာကွယ်ပေးနိုင်ခဲ့သည်။ သူ့ ချီလှည့်ပတ်မှုနှင့် သွေးလှည်ပတ်မှုတို့တွင် အနည်းငယ် အဖုအထစ် ဖြစ်သွားသော်လည်း ဒဏ်ရာက သိပ်မပြင်းထန်လိုက်ပေ။
ချင်ယွင်တိက တံတွေးကို ခဲရာခဲဆစ် မြိုချလိုက်ပြီး အံ့သြတကြီး ပြောလိုက်သည် “အရမ်းကို အားကောင်းတဲ့ ပေါက်ကွဲမှုကြီးပဲ … နောက်ဆုံးအဆင့် အခြေတည် ကျင့်ကြံသူတွေကိုတောင် ဒဏ်ရာ ရအောင် လုပ်ဖို့ လုံလောက်နေပြီ ဒီဟာက”
နောက်ဆုံးအဆင့် ရွှေအမြုတေ သားရဲကောင်ကြီးကို ပိတ်လှောင်ပြီး သတ်ပစ်ခဲ့သော မိုးကြိုးပေါက်ကွဲခြင်း အဆောင်အစီအရင်ကို ခင်းကျင်းရန် ချင်ယွင်တိမှာ မိုးကြိုးပေါက်ကွဲခြင်း အဆောင် ၆၀၀ ကို အသုံးပြုခဲ့ရသည်။ သို့သော် ထိုမိုးကြိုးပေါက်ကွဲခြင်း အဆောင် တစ်ခုစီက အလယ်အလတ်အဆင့် အခြေတည် ကျင့်ကြံသူကို ဒဏ်ရာ အနည်းငယ် ရစေရုံသာ တတ်နိုင်လေသည်။
အရေးအကြီးဆုံးကတော့ မိုးကြိုးပေါက်ကွဲခြင်း အဆောင် ၆၀၀ ၏ ကုန်ကျစရိတ်က ချင်ယွင်တိအား မွဲပြာကျတော့ မတတ် ဖြစ်သွားစေခဲ့ခြင်းပင်။
ဂိုဏ်းတူအစ်ကို ဖန်တီးလိုက်တဲ့ ယင်ယန်နတ်မိုးကြိုး အဆောင်က နဂိုအဆောင်ရဲ့ ဆယ်ပုံ တစ်ပုံပဲ ကုန်ကျစရိတ် ရှိရုံတင်မကဘူး လုပ်ရတာလည်း လွယ်တယ်…
သူ့အစွမ်းက ပစ္စည်းအမာတွေ ထပ်ထည့်လိုက်လို့ ရှိရင် သိသိသာသာ တိုးတက်သွားပြီး ပေါက်ကွဲအားကို ပိုပြီး ပြင်းထန်သွားစေတာပဲ…
တကယ်လို့ ငါသာ ဒီလို အဆောင်မျိုး အခု ၆၀၀၀ လောက် ငါ့ကိုယ်ပေါ်မှာ ဆောင်ထားနိုင်ရင် ထိပ်သီးအဆင့် ရွှေအမြုတေ ကျင့်ကြံသူတွေကိုတောင် ငါလေး သတ်ရဲပါ့…
ချင်ယွင်တိ၏ အံ့သြမှင်သက်နေသည့် ပုံစံကို သတိထားမိကာ ရှန်ထျန်းက သဘောတကျ ပြုံးလိုက်ရင်း “ဒါက အရိုးရှင်းဆုံးနဲ့ အကြမ်းထည် ပုံစံပဲ ရှိသေးတယ်။ တကယ်လို့ ဂိုဏ်းတူညီလေးသာ စိတ်ဝင်စားမယ် ဆိုရင် အဲဒီသလင်းကျောက်တွေ အစား ပိုမာတဲ့ ဝိညာဉ်သံမဏိလုံးတွေကို ပြောင်းထည့်သုံးလို့ ရတယ်။ ပြင်းထန်တဲ့ ပေါက်ကွဲအားအောက်မှာ အဲဒီဝိညာဉ်သံမဏိလုံးတွေက အရပ်လေးမျက်နှာလုံးကို အရှိန်ပြင်းပြင်း သွားထိမှန်လိမ့်မယ်။ သူ့ရဲ့ စွမ်းအားကို ညီလေး ခန့်မှန်းကြည့်ပေါ့ကွာ”
ချင်ယွင်တိ မျက်လုံးများမှာ ပိုပိုပြီး တောက်ပလာလေသည်။ သူ့ဂိုဏ်းတူအစ်ကိုက သူ့အတွက် တံခါးအသစ် တစ်ချပ် ဖွင့်ပေးလိုက်သည်ဟု သူ ခံစားမိလိုက်၏။
အရင်ကဆို ချင်ယွင်တိက မိုးကြိုးပေါက်ကွဲခြင်း အဆောင်ကို သုတေသန လုပ်စဉ် အမြဲတမ်းပင် အစီအရင် သို့မဟုတ် မှော်အက္ခရာတို့ကို ဘယ်လို အဆင့်မြှင့်ရမလဲကိုသာ စဉ်းစားနေမိခဲ့သည်။ ထို့ကြောင့် တခြားကုန်ကြမ်းပစ္စည်းတွေကို ထပ်ပေါင်းထည့်ပြီး သူ့အစွမ်းကို တိုးတက်အောင် လုပ်နိုင်ကြောင်း မသိခဲ့ပေ။
ဥပမာကောင်း ၂ ခုမှာ ယင်နှင့်ယန် ဓာတ်များ ပါဝင်နေသည့် ယင်ယန်နတ်မိုးကြိုးအဆောင် နှင့် ဝိညာဉ်သံမဏိလုံးမျာ ပါဝင်နေသည့် ယင်ယန် ဖောက်ခွင်း နတ်မိုးကြိုး အဆောင် တို့ပင် ဖြစ်သည်။
ဒီလိုအဆောင်များကို သူ တကယ် ဖန်တီးတီထွင်နိုင်ခဲ့လျှင် အရှေ့ပိုင်းလွင်ပြင်၏ မိုးကြိုးအဆောင် ဈေးကွက် တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားမည်မှာ ကြိမ်းသေသည်။
ချင်ယွင်တိ၏ အူကြောင်ကြောင် ပုံစံလေးကို မြင်သောအခါ ရှန်ထျန်းက ခပ်ပြုံးပြုံးနှင့် ဖြည့်စွက်ပြောလိုက်လေ၏။
“ဒါပေါ့လေ … အဲဒါကလည်း ရိုးရှင်းတဲ့ အကြမ်းထည် ပုံစံ ဖြစ်နေသေးတုန်းပဲပေါ့နော်။ တကယ်လို့ ဂိုဏ်းတူညီလေးသာ ဒီဝိညာဉ်သံမဏိလုံးတွေကို မြားတွေလိုပဲ သတ်မှတ်ထားတဲ့ ဦးတည်ချက်ဆီ ရောက်အောင် ပစ်လွှတ်နိုင်ခဲ့မယ် ဆိုရင် အဲဒီနတ်မိုးကြိုးရဲ့ ပေါက်ကွဲစွမ်းအားက ပိုပြီး ပြင်းထန်သွားမှာ သေချာတယ်။ အဲဒီလက်နက်ကြီးနဲ့ ဘယ်နေရာကို ထိအောင် တိုက်မလဲ ဆိုတာကို အတိတကျသာ ချိန်ရွယ်နိုင်သွားရင် ဆိုပြီး တွေးကြည့်ကြည့်ပါလား ညီလေး”
ထိုအခိုက်အတန့်၌ ဆယ်နှစ်မကစာ ဟရုံလေးသာ ဟနေသော ချင်ယွင်တိ၏ မျက်လုံးမှေးမှေးလေးများက အံ့သြလွန်း၍ ပြူးကျယ်သွားလေတော့သည်။
သူ့စိတ်ထဲ၌ မြင်ယောင်လာသည်မှာကား…
အားနည်းသည့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်။ ထိုကျင့်ကြံသူက သူ တီထွင်ထားသည့် နတ်မိုးကြိုး ဓမ္မလက်နက်ကို ကိုင်ဆောင်လျက် ထိုလက်နက်ထဲကို ယင်ယန်မိုးကြိုးပေါက်ကွဲခြင်း အဆောင် တစ်ခု ထည့်သွင်းလိုက်သည်။ ထို့နောက်မှာတော့ ကျင့်ကြံသူက ထိုဓမ္မလက်နက်ကို မတင်ကာ သူ့ရှေ့ရှိ သားရဲကောင်ကြီးဆီသို့ ချိန်ရွယ်ထားလိုက်သည်။ ထိုသားရဲကောင်ကြီးက ထိပ်သီးအဆင့် အခြေတည်အဆင့်မှာ ရှိနေသည်ပေါ့။ ထို့နောက် သူက ရုတ်တရက် မိုးကြိုးအဆောင်ကို အသက်သွင်းပြီး အထူးတီထွင်ထားသည့် ဝိညာဉ်သံမဏိလုံးများကို ပစ်လွှတ်လိုက်၏။
ကျယ်လောင်သော အသံကြီး ကြားလိုက်ရပြီးနောက် ဝိညာဉ်သံမဏိလုံးများကို ထိုအခြေတည်အဆင့် သားရဲကောင်ကြီးကို ထိုးဖောက်ထွက်သွားကာ သူ့ခန္ဓာကိုယ်အနှံ့ အပေါက်များ ဖြစ်သွားစေလိုက်သည်။
ထိုကဲ့သို့ ဓမ္မလက်နက်မျိုးကိုသာ သူ တီထွင်နိုင်လိုက်ပါက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ မှတ်ကျောက်သမိုင်းထဲတွင် သူ့ဂိုဏ်းတူအစ်ကိုနှင့်အတူ သူ့နာမည်ကို မှတ်တမ်းအတင်ခံရလောက်သည် ဟူသော ဆတ္ထမအာရုံတစ်ခုကို ချင်ယွင်တိက ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော ဓမ္မလက်နက်မျိုးက အဆင့်နိမ့် ကျင့်ကြံသူများကို ကြောက်မက်စရာကောင်းသည်အထိ အားကောင်းသွားအောင် လုပ်ပေးနိုင်သောကြောင့်ပေတည်း။