← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁) - ကျိုယန်နတ်သိုင်း

တောင်လေရိုင်းက ဝုန်းခနဲ တိုက်ခတ်သွားသဖြင့် ခြောက်သွေ့နေသော သစ်ကိုင်းများက နာကျင်စွာ ညည်းညူနေသည့်အလား တကျွိကျွိ မြည်ဟည်းသွား၏။ တောင်ခါးပန်းရှိ ဘုရားကျောင်းပျက်ကြီး၏ နံရံများမှာ ပြိုကျပျက်စီးနေပြီး ရွှံ့အုတ်ချပ်များ ကွာကျကာ အတွင်းမှ ကျောက်တုံးကျိုးများပင် ပေါ်လွင်နေသည်။

ဘုရားကျောင်းပျက်အတွင်း၌မူ မီးပုံတစ်ခု လောင်ကျွမ်းနေ၏။

မြေပြင်ပေါ်တွင် အလောင်းတစ်လောင်း လဲလျောင်းနေပြီး ၎င်း၏ဘေး၌ ဓားကိုင်ထားသော လူငယ်တစ်ဦး မတ်တပ်ရပ်နေသည်။ လူငယ်၏ မျက်နှာထားမှာ တင်းမာနေပြီး မျက်လုံးများကို အနက်ရောင် အဝတ်စဖြင့် စည်းနှောင်ထားသဖြင့် မျက်မမြင်တစ်ဦးနှင့် တူလှ၏။

သူ၏ဘေးတွင်တော့ အသက်ပြင်းပြင်းရှူနေသော မိန်းကလေးငယ်တစ်ဦး ရှိနေသည်။

မိန်းကလေးက အလောင်းကို လှန်ကြည့်လိုက်ပြီး ဝမ်းသာအားရ ရေရွတ်လိုက်၏။

"အစ်ကို... ကျွန်မတို့ ချမ်းသာတော့မယ်ထင်တယ်... သူက... အာဏာပိုင်တွေဆီကနေ ငွေသုံးရာနဲ့ အလိုရှိနေတဲ့ မိန်းမတဏှာရူး ကျိုးထုံနဲ့ တူတယ်..."

"သူပဲ..."

"အစ်ကိုက မမြင်ရဘဲနဲ့ ဘယ်လိုလုပ် သေချာနေတာလဲ..."

"ငါ သိတာပေါ့..."

လူငယ်လေး ကူမော့က မရှင်းပြဘဲ ဓားကို မြေပြင်ပေါ် ပစ်ချကာ ဆိုလိုက်၏။

"သူ့ခေါင်းကို ဖြတ်ပြီး ဆုကြေးသွားထုတ်ဖို့ လင်းကျန်းမြို့ကို ပြန်ကြမယ်..."

ကူမော့သည် မျက်မမြင်တစ်ဦး ဖြစ်သည်။ အသတ်ခံလိုက်ရသူမှာ အလိုရှိနေသော ရာဇဝတ်ကောင်မှန်း သူ တပ်အပ်သေချာ သိနေခြင်းမှာ သူ၏ စိတ်ထဲတွင် စနစ်တစ်ခု ပေါ်လာသောကြောင့်ပင်။

[ ကြယ်သုံးပွင့်အဆင့် အလိုရှိရာဇဝတ်ကောင်ကို သတ်ဖြတ်ခြင်း ]

[ ကြယ်သုံးပွင့်အဆင့် ဆုလာဘ်ရရှိပါသည် - အမြင့်ဆုံးအဆင့် ကျိုယန်နတ်သိုင်း ]

[ ယခု ရယူမည်လား ]

ဤအခိုက်အတန့်၌ ကူမော့၏ စိတ်အခြေအနေမှာ အပြင်ပန်းတွင် တည်ငြိမ်နေသယောင် ရှိသော်လည်း အတွင်းစိတ်၌မူ အလွန်အမင်း လှုပ်ရှားတက်ကြွနေလေ၏။

သူ၏ ထူးကဲလှသော စနစ်ကြီးသည် နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ မဟုတ်လော။

သူ မွေးရာပါ အသိဉာဏ် ပွင့်လင်းလာခဲ့သည်မှာ သုံးရက်ရှိပြီ ဖြစ်ပြီး ထိုသုံးရက်တာ ကာလပတ်လုံး ကြောက်ရွံ့စိုးရိမ်မှုများနှင့်အတူ ကြီးမားသော စိတ်ဆင်းရဲမှုကို ခံစားခဲ့ရသည်။ အကြောင်းမှာ ဤကမ္ဘာသည် တိုက်ခိုက်သတ်ဖြတ်မှုများဖြင့် ပြည့်နှက်နေသော အလွန်အန္တရာယ်များလှသည့် သိုင်းလောကကြီး ဖြစ်နေသောကြောင့်ပင်။ သူသည် သိုင်းပညာရှင်တစ်ဦး ဖြစ်သော်ငြားလည်း အမှောင်ထုထဲတွင် ပိတ်လှောင်ခံထားရသည့် မျက်မမြင်တစ်ဦး ဖြစ်နေပြီး သူ၏ သိုင်းပညာများမှာလည်း လုံးဝနီးပါး သုံးမရအောင် ပျက်စီးနေခဲ့ပြီ ဖြစ်သည်။

တကယ်တမ်းတွင် ကူမော့သည် မူလကတည်းက မျက်မမြင်တစ်ဦး မဟုတ်ခဲ့ပေ။ သူသည် လင်းကျန်းမြို့ရှိ ချန်ဖုန်း အစောင့်အရှောက်အဖွဲ့၏ အသက်အငယ်ဆုံး အစောင့်အရှောက် တစ်ဦးဖြစ်သည်။ ပြောင်မြောက်လှသော ဓားသိုင်းပညာကို ပိုင်ဆိုင်ထားပြီး လင်းကျန်းနယ်တစ်ဝိုက်တွင် လူသိများသော လူငယ်ပါရမီရှင်တစ်ဦး ဖြစ်ကာ ချန်ဖုန်း အစောင့်အရှောက်အဖွဲ့၏ ရာစုနှစ်တစ်ခုစာ သမိုင်းတစ်လျှောက်တွင် အသက်အငယ်ဆုံး အစောင့်အရှောက်ခေါင်းဆောင် ဖြစ်လာရန် အလားအလာ အရှိဆုံးသူလည်း ဖြစ်ခဲ့၏။

သို့သော်လည်း လွန်ခဲ့သော တစ်လခန့်က အစောင့်အရှောက်ခေါင်းဆောင်အဖြစ် ရာထူးမတိုးမီ နောက်ဆုံးတာဝန်ကို ထမ်းဆောင်စဉ် ဓားပြတစ်စုနှင့် ကြုံတွေ့ခဲ့ရသည်။ တိုက်ပွဲအတွင်း အဆိပ်ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး အံ့ဖွယ်တလည် အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း အဆိပ်ဒဏ်နှင့် အချိန်မီ ကုသမှုမရခြင်းတို့ကြောင့် သူ၏ မျက်လုံးနှစ်ဖက်စလုံး လုံးဝ ကွယ်သွားခဲ့ရသည်။

တစ်ခဏချင်းအတွင်းမှာပင် သိုင်းလောက၌ ကျော်ကြားလာမည့် သူ၏ လမ်းခရီးမှာ ရုတ်တရက် အဆုံးသတ်သွားခဲ့ရ၏။ သိုင်းလောက၏ တောက်ပသော ကြယ်ပွင့်လေးတစ်ပွင့်မှာ ကိုယ့်ကိုယ်ကိုယ်ပင် ဂရုမစိုက်နိုင်တော့လောက်အောင် ကျဆုံးသွားခဲ့ရလေသည်။

ကူမော့၏ ရင်ထဲတွင် နာကြည်းမှုများ ပြည့်နှက်နေ၏။ ဆေးကုသရန် သူ၏ စုဆောင်းငွေ အားလုံးကို အကုန်ခံခဲ့ရပြီး ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ချန်ဖုန်း အစောင့်အရှောက်အဖွဲ့က သိုင်းလောက၏ စည်းမျဉ်းများကိုပင် ဂရုမစိုက်ဘဲ သူ့ကို အတင်းအဓမ္မ နှင်ထုတ်ခဲ့သည်။ သူ သွားရောက် အကျိုးအကြောင်းပြောပြသောအခါတွင်လည်း အရှက်ခွဲခံခဲ့ရ၏။ ဒေါသထွက်လွန်းသဖြင့် သွေးအန်ကာ သတိလစ်သွားခဲ့ပြီး ဝေဝါးနေသော အခြေအနေတွင် သူ၏ မွေးရာပါ အသိဉာဏ်များ ပွင့်လင်းလာကာ သူ၏ ဘဝဇာတ်ကြောင်းနှင့် အတိတ်၊ ပစ္စုပ္ပန် ဘဝများကိုပါ မှတ်မိသွားခဲ့သည်။

ကံကောင်းသည်မှာ သူ ဒုက္ခရောက်နေချိန်တွင် ငယ်စဉ်ကတည်းက တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ခဲ့သည့် ညီမဖြစ်သူက သူ့အပေါ် သံယောဇဉ် မပျက်ခဲ့ခြင်းပင်။ သူ သတိရလာသောအခါ သိုင်းလောကမှ ရှောင်တိမ်းရန် ဇာတိရွာသို့ ပြန်ကြရန် တိုင်ပင်ခဲ့ကြသည်။ လက်ရှိ အခြေအနေအရ သူကလည်း မငြင်းဆန်ခဲ့ဘဲ ညီမဖြစ်သူ ကူချူတုန်းနှင့်အတူ လင်းကျန်းမြို့မှ ဝမ်းသာအားရ ထွက်ခွာလာခဲ့ကြသည်။

ခရီးရှည်ကြီး နှင်လာပြီးနောက် ဤဘုရားကျောင်းပျက်၌ ညအိပ်ရပ်နားရန် ရောက်လာခဲ့ကြရာ အခြားသူတစ်ဦး ကြိုတင်ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

သိုင်းလောကတွင် အတွေ့အကြုံများပြားသော အစောင့်အရှောက်ဟောင်း ကူမော့သည် မျက်စိမမြင်ရသော်လည်း ဝင်ဝင်ချင်း သွေးနံ့ကို ရလိုက်သဖြင့် အတွင်းရှိ လူများမှာလည်း သိုင်းသမားများဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။ သတိကြီးသူပီပီ ပြဿနာမဖြစ်စေရန် ညီမဖြစ်သူကို ထွက်ခွာရန် အချက်ပြလိုက်သည်။

သို့သော် အတွင်းရှိ လူများမှာ လန့်နေသော ငှက်များအလား အလွန်အမင်း ထိတ်လန့်နေကြ၏။ ကူမော့တို့ မောင်နှမ ထွက်သွားမည်ကို မြင်ပြီး ရုတ်တရက် ဝင်ရောက်တိုက်ခိုက်တော့သည်။

ကံကောင်းစွာပင် ကူချူတုန်းသည်လည်း ကူမော့ကဲ့သို့ပင် ငယ်စဉ်ကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့သူ ဖြစ်သည်။ သူမ၏ ပညာမှာ ကူမော့လောက် မထက်မြက်သော်လည်း အတော်အတန် အဆင့်ရှိလေရာ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး တိုက်ခိုက်သူနှင့် ရင်ဆိုင်လိုက်သည်။ သို့သော် သူမမှာ မနည်း ခုခံနေရပြီး အန္တရာယ်နှင့် ရင်ဆိုင်နေရ၏။

ကူမော့သည် မျက်စိမမြင်သည်ကို မြင်ပြီး ထိုသူက အနည်းငယ် ပေါ့ဆသွားသဖြင့် ကူမော့အတွက် အခွင့်အရေး ရသွားသည်။ မျက်စိမမြင်ရသော်လည်း ကူမော့နှင့် သူ၏ညီမတို့မှာ ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းလာသူများပီပီ ဟန်ချက်ညီညီ ပူးပေါင်းလှုပ်ရှားနိုင်ကြသည်။ ကူချူတုန်း၏ လမ်းညွှန်မှုဖြင့် ကူမော့ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လိုက်ရာ ရန်သူမှာ မမျှော်လင့်ထားသဖြင့် တစ်ချက်တည်းနှင့် ပွဲသိမ်းသွားလေတော့သည်။

ထိုသူ လဲကျသွားသည်နှင့်...

ကူမော့၏ စိတ်ထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာပြီး ထိုသူမှာ မကြာသေးမီက လင်းကျန်းမြို့၌ နာမည်ဆိုးဖြင့် ကျော်ကြားနေသော မိန်းမတဏှာရူး ကျိုးထုံဖြစ်ကြောင်း သိလိုက်ရ၏။

သူ၏ စနစ်မှာ "ကြေးစားဓားသမားစနစ်" ဖြစ်သည်။ လုပ်ဆောင်ချက်မှာ အလွန်ရိုးရှင်းပြီး အလိုရှိနေသော ရာဇဝတ်ကောင်များကို ဖမ်းဆီးသတ်ဖြတ်ပါက ဆုလာဘ်များ ရရှိမည်ဖြစ်သည်။ ဆုလာဘ်များမှာ သိုင်းပညာများ၊ နတ်လက်နက်များ၊ ရှားပါး ရတနာများ အစရှိသည်တို့ ဖြစ်နိုင်၏။ စနစ်က တာဝန်ကို အဆင့်သတ်မှတ်ပေးကာ ထိုက်တန်သော ဆုလာဘ်များကို ပေးအပ်မည်ဖြစ်သည်။

ဤကျိုးထုံကို စနစ်က ကြယ်သုံးပွင့်အဆင့် သတ်မှတ်ထားပြီး ဆုလာဘ်မှာ အမြင့်ဆုံးအဆင့်ရောက်နေသည့် ကျိုယန်နတ်သိုင်း ပင်ဖြစ်သည်။

ဘုရားကျောင်းပျက်အတွင်း၌ မီးပုံမှာ လောင်ကျွမ်းနေဆဲ။

ကူချူတုန်းက ကျိုးထုံ၏ ခေါင်းကို လျင်မြန်စွာ ဖြတ်ယူလိုက်ပြီးနောက် သူ၏ဝတ်ရုံရှည်ကို ဆွဲဆုတ်ကာ ခေါင်းကို ထုပ်ပိုးလိုက်ရင်း မေးလိုက်သည်။

"အစ်ကို... ကျွန်မတို့ မိုးလင်းတဲ့အထိ ဒီမှာပဲ နေမလား၊ ဒါမှမဟုတ် ထွက်သွားကြမလား..."

"လမ်းကို မြင်ရရဲ့လား..."

"လရောင်က တော်တော်လင်းတယ်..."

"ဒါဆို သွားကြတာပေါ့... ကျိုးထုံက လတ်တလော လင်းကျန်းမြို့မှာ နာမည်အကြီးဆုံး ရာဇဝတ်ကောင်ပဲ... ကြေးစားဓားသမားအများကြီးက သူ့ကို စောင့်ကြည့်နေကြတာ... ငါတို့ အချောင်ရလိုက်တာပဲ... ဒီကောင်က အရင်ကတည်းက ဒဏ်ရာရထားပြီး သွေးထွက်နေသေးတာကို ကြည့်ရင် ဒဏ်ရာအသစ်ပဲ... အနီးအနားမှာ ကြေးစားဓားသမားတွေ ရှိနေနိုင်တယ်... အုပ်စုလိုက်တောင် ဖြစ်နိုင်တယ်... ပြဿနာမဖြစ်ရအောင် ခပ်ဝေးဝေး သွားကြတာ ပိုကောင်းမယ်..."

"ကောင်းပြီလေ..."

ကူချူတုန်းသည် သိုင်းလောကတွင် အတွေ့အကြုံမရှိသူ မဟုတ်ပေ။ ကျိုးထုံ၏ ခေါင်းမှာ တန်ဖိုးရှိကြောင်း သူမ သိသည်။ အကယ်၍ အခြားကြေးစားဓားသမားများနှင့် ဆုံတွေ့ပါက ငွေကို မက်မောသွားနိုင်၏။ ငွေသုံးရာဆိုသည်မှာ လူများစွာ အသက်စွန့်ရဲလောက်အောင် တန်ဖိုးကြီးလှသည်။

ချက်ချင်းပင် ကူချူတုန်းက ကူမော့၏ လက်ကိုဆွဲကာ ထွက်ခွာလာခဲ့သည်။

ကူမော့သည် ဆုလာဘ်ကို ရယူခြင်းကြောင့် တစ်စုံတစ်ရာ ထူးခြားသော လက္ခဏာများ ဖြစ်ပေါ်လာမည်ကို မသေချာသဖြင့် အလောတကြီး မရယူရဲသေးပေ။ သူတို့ မောင်နှမ နှစ်ဦး ခရီးအတော်ဝေးဝေး လျှောက်လာပြီးနောက် ဂူတစ်ခုကို တွေ့လိုက်ရ၏။

ဂူအတွင်းသို့ ရောက်သည်နှင့် ကူမော့ စနစ်နှင့် ပြန်လည်ဆက်သွယ်ကာ ဆုလာဘ်ကို ရယူလိုက်သည်။

ထိုအခိုက်အတန့်၌...

ကူမော့၏ ခန္ဓာကိုယ်ထဲတွင် အလွန်ပြင်းထန်ပူပြင်းပြီး တက်ကြွသော အတွင်းအားများ ရေလှိုင်းကြီးတစ်ခုအလား ရုတ်တရက် စီးဆင်းဝင်ရောက်လာသည်။ ထိုစွမ်းအင်များက ဟိန်းဟောက်မြည်ဟည်းကာ သူ၏ စွမ်းအင်လမ်းကြောင်းများတစ်လျှောက် လွတ်လပ်စွာ လှည့်ပတ်သွားတော့၏။

အရေးအကြီးဆုံးမှာ ကျိုယန်နတ်သိုင်း၏ နက်နဲလှသော လျှို့ဝှက်ချက်များနှင့် ကျင့်ကြံခြင်းနည်းလမ်းများက သူ၏ စိတ်ထဲသို့ အလုံးအရင်း ဝင်ရောက်လာပြီး သူ၏ ဝိညာဉ်ထဲတွင် အမှတ်အသားတစ်ခုအလား စွဲထင်သွားခြင်းပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင်... သူသည် ကျိုယန်နတ်သိုင်းကို ပြီးပြည့်စုံစွာ တတ်မြောက်သွားခဲ့သည်။ မည်သည့် ထူးခြားသော လက္ခဏာမျှ မပေါ်လာသလို မသက်မသာ ဖြစ်မှုမျိုးလည်း မရှိဘဲ နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ရသကဲ့သို့ သဘာဝကျကျ အားစိုက်စရာမလိုဘဲ တတ်မြောက်သွားခြင်း ဖြစ်သည်။

ကူမော့ အလွန်အမင်း ဝမ်းသာသွား၏။

ကျိုယန်နတ်သိုင်းအကြောင်းကို သူ ကောင်းကောင်းသိသည်။ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိပါက အတွင်းအားများမှာ မိမိဘာသာ လည်ပတ်နေပြီး မကုန်ခမ်းနိုင်တော့ဘဲ ကာကွယ်ရေး အတွင်းအားကို အလိုအလျောက် ထုတ်လွှတ်ပေးကာ ခန္ဓာကိုယ်ကို ဖျက်ဆီး၍မရနိုင်အောင် စွမ်းဆောင်ပေးနိုင်သည်။ ထို့အပြင် ကျိုယန်အတွင်းအားမှာ အလွန်အရည်အသွေးမြင့်မားပြီး အရွတ်နှင့် ခြင်ဆီများကို ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိရုံသာမက ကုသနိုင်စွမ်းလည်း အလွန်ထက်မြက်ကာ အဆိပ်အားလုံးနီးပါးကို ခုခံနိုင်စွမ်းရှိပြီး သာမန်ထက် လွန်ကဲသော အသိဉာဏ်ပညာကိုပါ ပေးစွမ်းနိုင်သည်။

ထိုအချိန်မှာပင်...

သူ၏ ပတ်ဝန်းကျင် ပြောင်းလဲသွားသည်ကို သူ ခံစားလိုက်ရ၏။ ပို၍ တိတိကျကျ ဆိုရလျှင် သူ၏ အာရုံခံနိုင်စွမ်းမှာ ကြောက်မခန်းလိလိ တိုးတက်လာခြင်းပင်။ ယခင်က မျက်စိကွယ်နေပြီး စိတ်ဓာတ်ကျနေသဖြင့် အသံများကိုသာ ကြားနိုင်ပြီး အသိစိတ်မှာ ဝေဝါးနေခဲ့သည်။ သို့သော် ယခုမူကား မတူတော့ချေ။

သူ၏ဘေးရှိ ညီမဖြစ်သူ၏ တည်ရှိမှုကို သူ ရှင်းလင်းစွာ အာရုံခံနိုင်ပြီး သူမ၏ ပုံရိပ်မှာ သူ၏ အသိစိတ်ထဲတွင် အကြမ်းဖျင်း ပေါ်လွင်နေသည်။ ကျောဘက်မှ ခပ်ဖွဖွ တုန်ခါမှုလေးကိုပင် အာရုံခံနိုင်ပြီး အကြားအာရုံမှာလည်း အဆများစွာ တိုးတက်လာကာ တစ်မီတာခန့် အကွာရှိ သစ်ကိုင်းပေါ်သို့ ကျေးငှက်တစ်ကောင် လာနားသည်ကိုပင် တိကျစွာ သိရှိနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ဤသည်မှာ အတွင်းအား အထွတ်အထိပ်သို့ ရောက်ရှိမှသာ ရနိုင်သော စွမ်းရည်မျိုး ဖြစ်၏။

ဤကမ္ဘာ၏ သိုင်းပညာများမှာ ကြီးကျယ်ခမ်းနားလှသော်လည်း ဝတ္ထုများထဲတွင်ကဲ့သို့ တိကျသော အဆင့်သတ်မှတ်ချက်များ မရှိပေ။ လူတိုင်းတွင် ကိုယ်ပိုင် အားသာချက်များ ရှိကြသည်။ အချို့က အပြင်သိုင်းကို ကျွမ်းကျင်ကြပြီး အချို့က အတွင်းအားကို အဓိကထား လေ့ကျင့်ကြသည်။ အချို့က ဓားရှည်ကို ကိုင်ဆောင်ကာ အချို့က ဆေဘာဓားကို အသုံးပြုကြသည်။ အဆိပ်၊ လျှို့ဝှက်လက်နက်များနှင့် အခြားသော ထူးခြားသည့် သိုင်းပညာ အမျိုးအစားများစွာလည်း ရှိသေး၏။ ထို့အပြင် တူညီသော နယ်ပယ်တစ်ခုတည်းတွင်ပင် သိုင်းပညာကျင့်စဉ် မတူညီပါက ရောက်ရှိမည့် အဆင့်မှာလည်း ကွဲပြားသွားမည်ဖြစ်ရာ ပုံသေ အဆင့်သတ်မှတ်ချက်များ ရှိမနေနိုင်ပေ။

ဥပမာအားဖြင့် ကူမော့ကို ကြည့်လျှင်...

သူ၏ အသက်အရွယ်ငယ်ရွယ်မှုကြောင့် အတွင်းအားမှာ သိပ်မမြင့်မားဘဲ သိုင်းလောကတွင် တတိယတန်းစား အဆင့်ခန့်သာ ရှိမည်ဖြစ်သည်။ သို့သော် သူ၏ အတွင်းအားမှာ ကြမ်းတမ်းပြီး ပြောင်မြောက်လှသော ဆေဘာဓားသိုင်းနှင့် ပေါင်းစပ်လိုက်သောအခါ နာမည်ကျော် ပထမတန်းစား သိုင်းပညာရှင်အချို့ကိုပင် ရင်ဆိုင်နိုင်စွမ်းရှိကာ အချိန်တိုအတွင်း အသာစီးပင် ရယူနိုင်ပေသည်။

ထို့ကြောင့် ဤကမ္ဘာရှိ သိုင်းပညာအဆင့်မှာ သိုင်းပညာရှင်တစ်ဦးချင်းစီ၏ ကိုယ်ပိုင် ကျင့်ကြံမှုအပေါ်တွင်သာ မူတည်လေသည်။

ယခုအခိုက်အတန့်တွင်မူ...

ကူမော့၏ ကျိုယန်နတ်သိုင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အလိုအလျောက် ကာကွယ်ပေးနိုင်သည့် အတွင်းအားနှင့် မကုန်ခမ်းနိုင်သော အတွင်းအား လည်ပတ်မှု စသည့် ထူးခြားသော ဝိသေသလက္ခဏာများအပေါ် အခြေခံ၍ သူသည် လောကရှိ အတွင်းအား အဓိကထား ကျင့်ကြံသူ အများစုကို အပြည့်အဝ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး သူတို့ထက်ပင် သာလွန်ကောင်း သာလွန်နေနိုင်ပေသည်။

ထို့အပြင် ကျိုယန်နတ်သိုင်း၏ သာမန်ထက် လွန်ကဲသော အသိဉာဏ်ပညာ ပွင့်လင်းမှုက သူ၏ ဓားသိုင်းကို ချက်ချင်းပင် အဆင့်မြှင့်တင်ပေးလိုက်ကာ အထွတ်အထိပ်သို့ ရောက်ရှိသွားစေခဲ့သည်။

ဤအခိုက်အတန့်၌ ကူမော့၏ စိတ်မှာ ငြိမ်းချမ်းသွားလေ၏။

ယခင်က မျက်စိမမြင်ရသဖြင့် အန္တရာယ်များလှသော ဤသိုင်းလောကကြီးတွင် လုံခြုံမှု ကင်းမဲ့နေကာ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ရသည်။ သို့သော် ယခုမူကား ယုံကြည်မှုများ ပြည့်ဝနေပြီ ဖြစ်သည်။

ပြီးပြည့်စုံနေပြီဖြစ်သော ကျိုယန်နတ်သိုင်း ရှိနေသရွေ့ သူ မျက်စိကွယ်နေလျှင်တောင် သတိထားပြီး လျှို့ဝှက်တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ပါက သိပ်ပြီး စိုးရိမ်စရာ မလိုတော့ဘဲ အသက်အန္တရာယ်နှင့် အမြဲရင်ဆိုင်နေရသကဲ့သို့ ခံစားနေရတော့မည် မဟုတ်ပေ။

အရေးအကြီးဆုံးမှာ ယခုအခါ သူ၏ အတွင်းအားမှာ ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ အာရုံခံနိုင်စွမ်းနှင့် အကြားအာရုံမှာ မယုံနိုင်လောက်အောင် ထက်မြက်နေပြီဖြစ်သည်။ သူ မျက်စိမမြင်ရသေးသော်လည်း ထူးခြားသော အမြင်အာရုံတစ်မျိုးကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေသဖြင့် လမ်းလျှောက်ရာတွင် တုံ့ဆိုင်းနေရန် မလိုတော့ချေ။

တစ်ညတာ ကုန်လွန်သွား၏။

မိုးလင်းသောအခါ ကူမော့နှင့် ကူချူတုန်းတို့ ခြောက်သွေ့သော ရိက္ခာအချို့ကို စားသောက်ပြီး လင်းကျန်းမြို့ဘက်သို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။

အခန်း (၂) - ရန်စန်းနျန်

ကူချူတုန်းသည် အသက် ဆယ့်ခုနစ်နှစ်သာ ရှိသေးသော်လည်း အသက် ခုနစ်နှစ်အရွယ်ကတည်းက ကူမော့နှင့်အတူ လောကအနှံ့ လှည့်လည်သွားလာခဲ့သူဖြစ်ရာ အတွေ့အကြုံရင့်ကျက်သူ တစ်ဦး ဖြစ်သည်။ သူမသည် အလွန် သတိကြီးစွာဖြင့် ခေါင်းကို သာမန်အထုပ်တစ်ထုပ်အလား ထင်ရအောင် သေသေချာချာ ဖုံးကွယ်ထားလိုက်၏။

လမ်းခရီးတစ်လျှောက်တွင် မည်သည့် အနှောင့်အယှက်မျှ မကြုံခဲ့ရပေ။

"အစ်ကို... အစ်ကိုက မြင်နေရသလိုပဲလို့ ကျွန်မ ဘာလို့ ခံစားနေရတာလဲ..."

"ဘာဖြစ်လို့ ဒီလို ပြောရတာလဲ..."

"အစ်ကို လမ်းလျှောက်တာ အရမ်းတည်ငြိမ်နေလို့လေ... မနေ့မနက်က ကျွန်မတို့ ထွက်လာပြီး တပောက်တောင်ကို ရောက်ဖို့ တစ်နေကုန် လမ်းလျှောက်ခဲ့ရတယ်... ဒါပေမဲ့ ဒီနေ့ အပြန်ခရီးမှာ နှစ်နာရီတောင် မကြာဘူး... ကျွန်မက တမင်တကာ အရှိန်လျှော့ဖို့တောင် မလိုခဲ့ဘူးလေ..." ဟု ကူချူတုန်းက ပြောလိုက်သည်။

ကူမော့က အနည်းငယ် ပြုံးလိုက်ပြီး "မနေ့ညက ငါ အသိဉာဏ်ပွင့်လင်းသွားတယ်... ငါ့ရဲ့ အတွင်းအားတွေ အများကြီး တိုးတက်လာပြီး မျက်မမြင်တစ်ယောက်ရဲ့ ဘဝကို အသားကျနေပြီလေ..."

"ဪ..." ကူချူတုန်းက ခေါင်းညိတ်ကာ "ဒါဆိုလည်း ကောင်းတာပေါ့... ဒါပေမဲ့ အစ်ကို မပူပါနဲ့... နောင်တစ်ချိန်ကျရင် အစ်ကို့မျက်လုံးတွေကို ကုသဖို့ နည်းလမ်းတစ်ခုခုကို ကျွန်မ သေချာပေါက် ရှာတွေ့မှာပါ..."

"အင်းပါ..."

ကူမော့ အသာပြုံးလိုက်၏။ ထိုကိစ္စအတွက် သူ သိပ်ပြီး စိုးရိမ်မနေတော့ပေ။

ယခုအခါ သူ၏ဘေးတွင် စနစ်ကြီး ရှိနေပြီဖြစ်ရာ မျက်လုံးများ ပြန်မကောင်းလာမည်ကို သိပ်ပြီး ပူပန်မနေတော့ချေ။ ကြေးစားဓားသမားတစ်ဦး ဖြစ်လာရန် သူ စီစဉ်ထားသည်။ ပထမအချက်အနေဖြင့် နာမည်ကျော် သမားတော်များကို ငှားရမ်းရန် ငွေရှာနိုင်သည်။ ဤကမ္ဘာသည် သိုင်းပညာများ အလွန်ထွန်းကားပြီး တောက်ပသော ကမ္ဘာတစ်ခုဖြစ်ရာ 'ဆေးနှင့် သိုင်းသည် ခွဲခြား၍မရ' ဟူသော ဆိုရိုးစကားအတိုင်း နတ်သမားတော်များ ရှားပါးမည်မဟုတ်ပေ။ သူ၏ မျက်လုံးများကို ကုသပေးနိုင်မည့် သမားတော်တစ်ဦးကို ရှာတွေ့ရန် အခွင့်အရေး အမြဲရှိနေမည်သာ ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် သူ့ကို ကုသပေးမည့်သူ မရှာတွေ့နိုင်လျှင်ပင် အလိုရှိနေသော ရာဇဝတ်ကောင်များကို ဆက်လက်ဖမ်းဆီးနေသမျှ ကာလပတ်လုံး စနစ်၏ ဆုလာဘ်များထဲတွင် တစ်နေ့နေ့၌ သူ၏ မျက်လုံးများကို ကုသပေးနိုင်မည့် အရာတစ်ခုခု ပါလာနိုင်ပေသည်။

"အစ်ကို ပြုံးလိုက်ရင် တော်တော် ကြည့်ကောင်းတာပဲ..."

"ဒါဆိုရင် ငါ နောက်ပိုင်း ပိုပြီး ပြုံးရမလား..."

"ဟုတ်တယ်... အစ်ကို ပြုံးတာကို ကျွန်မ ကြည့်ချင်တယ်... အစ်ကို မျက်လုံးတွေ ဒုက္ခရောက်ကတည်းက တိတ်ဆိတ်ပြီး စိတ်တိုလွယ်နေတာ... ကျွန်မ တော်တော် လန့်နေခဲ့တာ..."

"ငါ အဲ့ဒီလို မဖြစ်စေရတော့ပါဘူး..."

ကူမော့က လက်လှမ်းကာ ပွတ်သပ်ပေးဟန် ပြလိုက်လျှင် ကူချူတုန်းက လိမ်မာစွာဖြင့် ခေါင်းကို ငဲ့ကာ ကူမော့၏ လက်ဖဝါးနှင့် ပွတ်သပ်လိုက်လေ၏။

ဤသည်မှာ သူတို့ မောင်နှမနှစ်ဦး ငယ်စဉ်ကတည်းက ရှိခဲ့သော အကျင့်တစ်ခုပင်။

ကူမော့သည် ကူချူတုန်းထက် သုံးနှစ် ကြီးသည်။ လွန်ခဲ့သော ဆယ်နှစ်က သူတို့၏ မိဘများ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရာ မောင်နှမနှစ်ဦးသာ အားကိုးရာမဲ့ ကျန်ရစ်ခဲ့၏။ အသက် ဆယ်နှစ်အရွယ်သာ ရှိသေးသော ကူမော့သည် ညီမငယ်ကို ပြုစုပျိုးထောင်ရင်း မိဘများကို ရှာဖွေမည့် ခရီးလမ်းကို စတင်ခဲ့ရသည်။ ကံကောင်းသည်မှာ မောင်နှမနှစ်ဦးစလုံး အသက် သုံးလေးနှစ် အရွယ်ကတည်းက မိဘများထံမှ သိုင်းပညာများ သင်ယူခဲ့ရခြင်းပင်။ ငယ်ရွယ်သော်လည်း မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အနည်းငယ် ရှိခဲ့ကြသည်။ သို့သော် အလွန် ငယ်ရွယ်လွန်းသေးသဖြင့် ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရပြီး မောင်နှမနှစ်ဦး စိတ်ဓာတ်ခွန်အား အချင်းချင်းဖေးမကာ ဤအရာအားလုံးကို ကျော်ဖြတ်ခဲ့ကြရသည်။

သို့သော် မကြာမီကမူ... သူ၏ အမြင်အာရုံ ဆုံးရှုံးသွားရသည့် ဒဏ်ကို သူ မခံနိုင်ခဲ့ဘဲ စိတ်ဓာတ်များ လုံးဝပြိုလဲလုမတတ် ဖြစ်ခဲ့ရကာ စိတ်အခြေအနေမှာ ခန့်မှန်းရခက်ပြီး ဒေါသထွက်လွယ်နေခဲ့သည်။ ကူချူတုန်းမှာ အမှန်တကယ်ပင် ဆင်းရဲဒုက္ခ ရောက်ခဲ့ရရှာသည်။

လင်းကျန်းနယ်၏ မြို့တော်ဖြစ်သော လင်းကျန်းမြို့သည် နယ်စပ်တွင် တည်ရှိသော်လည်း အလွန်ပင် စည်ကားလှသည်။ နိုင်ငံများစွာ၏ နယ်စပ်တွင် တည်ရှိနေသော ပထဝီဝင် အနေအထားကြောင့် ကုန်သွယ်ရေး ဗဟိုချက်တစ်ခု ဖြစ်လာခဲ့သည်။ လွန်ခဲ့သော နှစ်ဆယ်က တော်ဝင်အစိုးရမှ ကန့်သတ်ချက်များကို ဖြေလျှော့ပေးကာ ကုန်သွယ်ခွင့်ပြုခဲ့ချိန်မှစ၍ လင်းကျန်းမြို့သည် နိုင်ငံအတွင်း နာမည်ကျော် စည်ကားသော မြို့ကြီးတစ်မြို့ ဖြစ်လာခဲ့၏။

သို့သော် ကုန်သွယ်ရေးသည် စီးပွားရေးကို လျင်မြန်စွာ တိုးတက်စေခဲ့သော်လည်း ပြဿနာများစွာကိုလည်း ယူဆောင်လာခဲ့သည်။ အထင်ရှားဆုံးမှာ ကံတရားကို လာရောက်စမ်းသပ်ကြသည့် သိုင်းသမားများ ပိုမိုများပြားလာခြင်းပင်။ ရှေးယခင်ကတည်းက သိုင်းပညာရှင်များသည် ဥပဒေကို မကြာခဏ ချိုးဖောက်လေ့ရှိကြရာ လင်းကျန်းမြို့တွင် ကမောက်ကမဖြစ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး ရာဇဝတ်ကောင်များစွာကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။

အစိုးရ၏ တံခါးခြောက်ချပ်အဖွဲ့က သူတို့ကို နှိမ်နင်းရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း လူအင်အား အမြဲလိုနေခဲ့၏။ ထို့ကြောင့် အစိုးရအနေဖြင့် အင်အားသုံးရန် ဆုံးဖြတ်ခဲ့ပြီး သိုင်းပညာရှင်များအား ကူညီရန် ဖိတ်ခေါ်သည့် ဆုကြေးငွေများ ထုတ်ပြန်ခဲ့ရသည်။ ရလဒ်အနေဖြင့် လင်းကျန်းနယ်တွင် ကြေးစားဓားသမား အဖြစ် အသက်မွေးဝမ်းကျောင်း ပြုခြင်းမှာ ခေတ်စားလာခဲ့သည်။ တံခါးခြောက်ချပ်အဖွဲ့ကပင် ဤကြေးစားဓားသမားများနှင့် ဆက်သွယ်ရန် သီးသန့်ဌာနတစ်ခုကို ဖွဲ့စည်းပေးခဲ့ရလေသည်။

ကူချူတုန်းသည် ကူမော့ကို အစိုးရရုံးသို့ ခေါ်သွားပြီး မိန်းမတဏှာရူး ကျိုးထုံ၏ ခေါင်းကို အပ်နှံလိုက်သည်။ စစ်ဆေးမှုများကို လျင်မြန်စွာ ပြုလုပ်ပြီးနောက် ဆုကြေးငွေ ငွေစင် သုံးရာကို သူတို့ ရရှိခဲ့ကြ၏။

ငွေစင်သုံးရာ ဆိုသည်မှာ အလွန်များပြားသော ပမာဏ ဖြစ်သည်။ ယခင်က ကူမော့ ချန်ဖုန်း အစောင့်အရှောက်အဖွဲ့တွင် အစောင့်အရှောက် အဖြစ် အလုပ်လုပ်စဉ်က သူ၏ သတ္တိနှင့် စွန့်စားရဲသော သဘာဝရှိသော်ငြားလည်း တစ်နှစ်လျှင် ငွေစင် တစ်ရာခန့်သာ ရရှိခဲ့သည်။ အသုံးစရိတ် အမျိုးမျိုးကို နုတ်လိုက်ပါက သူ၏ လက်ထဲတွင် အနည်းငယ်သာ ကျန်တော့၏။

ထို့ကြောင့် ငွေစင်သုံးရာမှာ သူတို့အတွက် ကြီးမားသော ငွေကြေးတစ်ရပ် ဖြစ်နေပေသည်။

ငွေများကို ပိုက်ကာ ကူချူတုန်းက အစိုးရရုံးမှ ဝမ်းသာအားရ ထွက်လာပြီး အကြံပြုလိုက်သည်။

"အစ်ကို... ကျွန်မတို့ ရထားလုံးတစ်စီး ဝယ်ကြရအောင်... အစ်ကို လမ်းလျှောက်ရတာ အဆင်မပြေဘူး၊ မြင်းလည်း မစီးနိုင်ဘူးဆိုတော့ ရထားလုံးက အတော်ပဲ... ဇာတိကို ပြန်ရောက်ဖို့ လဝက်လောက်ပဲ ကြာမှာ... ပြီးရင် အိမ်လေးတစ်လုံး ဝယ်လို့ရတယ်... ငွေနည်းနည်းလည်း ကျန်ဦးမယ်... ကျွန်မ ဈေးရောင်းလေး ဘာလေး လုပ်လို့ရတယ်... ပြီးတော့ ကျွန်မ သိုင်းပညာ ကျွမ်းကျင်သွားရင် စီးပွားရေးအကြီးကြီးတွေ လုပ်ပြီး ငွေတွေ အများကြီး ရှာမယ်... ပြီးရင် အစ်ကို့မျက်လုံးတွေကို သွားကုမယ်... ပြီးရင် ကျွန်မတို့ မရီးတစ်ယောက်လောက် ရှာပေးမယ်... အဲ့ဒီအခါကျရင် အစ်ကို့အတွက် ကျန်းမာသန်စွမ်းတဲ့ သားလေးတွေ အများကြီး မွေးပေးလိမ့်မယ်..."

ကူမော့က ခေါင်းကို အသာယမ်းလိုက်ပြီး "ငါ ပြန်မသွားချင်ဘူး..."

"ဟင်..." ကူချူတုန်းက အံ့ဩသွားကာ "ကျွန်မတို့ ပြန်မသွားဘူးဆိုရင် လင်းကျန်းမြို့မှာပဲ နေမှာလား..."

"အင်း... လင်းကျန်းမြို့မှာပဲ နေကြမယ်..." ဟု ကူမော့က ပြောလိုက်သည်။

ကူချူတုန်းက ကူမော့၏ တောင်းဆိုချက်ကို ဘယ်သောအခါမျှ မငြင်းဆန်ခဲ့ဖူးပေ။ သူမက ချက်ချင်းပင်...

"ရပါတယ်... ဒါပေမဲ့ လင်းကျန်းမြို့က အိမ်ဈေးတွေ အရမ်းကြီးတယ်... ငွေသုံးရာနဲ့ အိမ်ဝယ်လို့ မရဘူးဆိုတော့ ကျွန်မတို့ အိမ်ငှားရမှာပေါ့... ဒီမှာ စီးပွားရေးလုပ်ဖို့လည်း မလွယ်ဘူး... ကျွန်မ သိုင်းသင်တန်းကျောင်း တစ်ခုခုမှာ သိုင်းဆရာမ အဖြစ် အလုပ်သွားလုပ်လို့ ရတယ်... လစာနည်းနည်း နည်းပေမယ့် ကျွန်မတို့ စားလောက်ပါတယ်... ပြီးတော့ ကျွန်မ သိုင်းပညာ သေချာလေ့ကျင့်ဖို့ အချိန်လည်း ရမှာပါ..."

ကူမော့က အသာပြုံးလိုက်ပြီး "ငါ ကြေးစားဓားသမား လုပ်ချင်တယ်..."

ကူချူတုန်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် "ဒါလည်း ရပါတယ်... အစ်ကို ပျော်ရင် ပြီးတာပါပဲ... လွယ်ကူတဲ့ ဆုကြေးပေး တာဝန်တချို့ကို ယူလို့ရတယ်လေ... ဒါဆို ကျွန်မတို့ အသက်မွေးဖို့ လုံလောက်မှာပါ..."

"ခက်ခဲတဲ့ တာဝန်တွေလည်း ရပါတယ်..."

"အစ်ကို... ကျွန်မ သူတို့ကို မနိုင်ဘူးလေ..."

"ရပါတယ်... ငါ တိုက်မယ်... နင်က လမ်းပြပေးဖို့နဲ့ အသေကောင်တွေကို ကောက်ဖို့ပဲ တာဝန်ယူ..."

ကူချူတုန်းသည် ကူမော့၏ အဝတ်စည်းထားသော မျက်လုံးများကို ကြည့်ကာ စကားပြောရန် ဝန်လေးနေ၏။ သူမသည် ကူမော့၏ လက်တွေ့မဆန်သော အတွေးကို ဖျောက်ဖျက်ပစ်ချင်သော်လည်း ကူမော့၏ စိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်ပြီး ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက်ထားရသော ကူမော့၏ စိတ်ဓာတ်များ ထပ်မံပြိုလဲပျက်စီးသွားမည်ကို မလိုလားပေ။

သူ၏ အတွင်းအားများ မနေ့ညက တိုးတက်လာကြောင်း ကူမော့ ပြောပြခဲ့သော်လည်း မျက်စိကွယ်နေခြင်းကို ကုစားနိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

"ကောင်းပါပြီ အစ်ကို... အစ်ကို့စကားကိုပဲ နားထောင်ပါ့မယ်... အရင်ဆုံး တည်းခိုဖို့ အင်းတစ်ခုလောက် ရှာကြတာပေါ့... ပြီးမှ ကျွန်မ အိမ်သွားရှာမယ်..."

ကူမော့သည် မျက်စိမမြင်ရသဖြင့် အမှန်တကယ် ကြေးစားဓားသမားတစ်ဦး အနေဖြင့် အပြင်ထွက်လုပ်နိုင်မည်မဟုတ်သောကြောင့် အန္တရာယ်ရှိမည် မဟုတ်ဟု ကူချူတုန်းက စိတ်ထဲမှ တွေးလိုက်ပြီး ကြေးစားဓားသမားလုပ်ခြင်း၏ ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ကူမော့နှင့် အငြင်းပွားမနေတော့ချေ။

မောင်နှမနှစ်ဦးသည် အင်းတစ်ခု ရှာဖွေရင်း စကားစမြည် ပြောလာခဲ့ကြသည်။

လမ်းကြားလေးတစ်ခုကို ဖြတ်ကျော်သွားစဉ်မှာပင်...

ကူမော့က ရုတ်တရက် ရပ်တန့်လိုက်ပြီး "မိတ်ဆွေ နှစ်ယောက်က လမ်းတစ်လျှောက်လုံး ကျွန်တော့်ကို နောက်ယောင်ခံလိုက်လာကြတယ်... အကြံပေးစရာရှိရင် ကိုယ်ထင်ပြပါလား..."

ကူချူတုန်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်းပင် ဓားရိုးကို ဆုပ်ကိုင်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။

ချက်ချင်းပင် လမ်းကြားထဲမှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ "သခင်လေး ကူ... သခင်လေး ကူ... ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့... ကျွန်မမှာ ဘာရည်ရွယ်ချက်ဆိုးမှ မရှိပါဘူး..."

ကူမော့သည် လူကို မမြင်ရသော်လည်း အသံကိုသာ ကြားနေရ၏။ အလွန်သာယာသော အသံတစ်ခုဖြစ်သော်လည်း နားထောင်ကောင်းသော အသံမျိုးမဟုတ်ဘဲ ထူးဆန်းသော ဆွဲဆောင်မှုအပြည့်ရှိသည့် အသံမျိုး ဖြစ်သည်။ အကယ်၍ လူ၏ ရုပ်ရည်က ဤအသံနှင့် လိုက်ဖက်ပါက သူမသည် သေချာပေါက် အလွန်စွဲမက်ဖွယ်ကောင်းသော အမျိုးသမီးတစ်ဦး ဖြစ်ပေလိမ့်မည်။

ကူမော့ ခန့်မှန်းထားသည့်အတိုင်းပင်...

အလွန်လှပသော အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ကျော့ရှင်းလှပြီး ခါးသေးကျဉ်ကျဉ်လေးကို ပိုမိုပေါ်လွင်စေသည့် လရောင်လို ဖြူလွလွ ပိုးသားဝတ်ရုံရှည်ကို ဝတ်ဆင်ထားရာ လက်တစ်ဖက်တည်းနှင့်ပင် ချိုးဖဲ့နိုင်လောက်အောင် နုနယ်လှသည်။ အပြုံးတိုင်း၊ လှုပ်ရှားမှုတိုင်းက ဆွဲဆောင်မှုအပြည့် ရှိနေ၏။

သူမ၏နောက်တွင် ခက်ထန်သော မျက်နှာထားရှိသည့် အရပ်မြင့်မြင့် တောင့်တောင့်တင်းတင်း လူငယ်တစ်ဦးက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင် ဓားရှည်တစ်လက်ကို လွယ်ထားသည်။ သူမ၏ အစောင့်အရှောက်အဖြစ် အနောက်မှ လိုက်ပါလာဟန်ရှိ၏။

"ကျွန်မက ပုအာစံအိမ်က ရန်စန်းနျန်ပါ..." ဟု အမျိုးသမီးက ရိုသေစွာ အရိုအသေပေးလျက် ဆိုလိုက်သည်။

"ဪ... အရိုးခြစ်ဓား သူဌေးရန်ကိုး... တွေ့ရတာ ဝမ်းသာပါတယ်... ဘယ်လို အကြောင်းကိစ္စများ ရှိလို့ပါလဲ သူဌေးရန်..." ဟု ကူမော့က အရိုအသေ ပြန်ပေးရင်း မေးလိုက်သည်။

ကူမော့သည် လင်းကျန်းမြို့တွင် လေးနှစ်ကြာ နေထိုင်ခဲ့ပြီး သိုင်းလောကအတွင်း အမြဲလိုလို သွားလာလှုပ်ရှားနေခဲ့သူ ဖြစ်သည်။ လင်းကျန်းနယ်၏ သိုင်းလောကအကြောင်းကို အလွန်ရင်းနှီးကျွမ်းဝင်ပြီး နာမည်ကျော် ပုဂ္ဂိုလ်အများစုကိုလည်း သိရှိထား၏။

ရန်စန်းနျန်သည် သာမန်အမျိုးသမီးတစ်ဦး မဟုတ်ဘဲ သိုင်းလောကတွင် နာမည်ကျော်ကြားသော ရှားရှားပါးပါး လူတစ်ဦးဖြစ်သည်။ လင်းကျန်းမြို့တွင် ဝိုင်ချက်ခြင်းကို အဓိကထားလုပ်ကိုင်သော စံအိမ်တစ်ခုကို သူမ ပိုင်ဆိုင်ထားသည်။ သူမ၏ အလှအပကြောင့် နာမည်ကြီးပြီး အမျိုးသားများစွာကို စွဲမက်စေခဲ့သော်လည်း ရက်စက်သော လုပ်ရပ်များကြောင့် သူမအား "အရိုးခြစ်ဓား" ဟူသော နာမည်ပြောင်ကို ပေးထားကြခြင်းပင်။

ရန်စန်းနျန်က သူမကိုယ်သူမ မိတ်ဆက်လိုက်သည်ကို ကြားသောအခါ...

သတိဝီရိယရှိနေပြီဖြစ်သော ကူချူတုန်းမှာ ပို၍ပင် သတိထားလာပြီး အနည်းငယ် ထိတ်လန့်သွားသလိုပင်။

သိုင်းလောကတွင် နာမည်ကျော်ကြားသူတိုင်းမှာ သာမန်လူများ မဟုတ်မှန်း သူမ ကောင်းကောင်း သိထားလေသည်။

ကူမော့သည် လင်းကျန်းနယ်တွင် တောက်ပလာမည့် ကြယ်ပွင့်တစ်ပွင့်ဟု သတ်မှတ်ခံထားရပြီး ပြောင်မြောက်လှသော ဓားသိုင်းပညာကို ပိုင်ဆိုင်ထားသော်လည်း နှစ်အနည်းငယ်ကြာသည့်တိုင်အောင် ကြီးမားသော နာမည်သတင်းကို မရရှိခဲ့သေးချေ။

ရန်စန်းနျန်က လက်အုပ်ချီကာ "သခင်လေး ကူ... သခင်လေး ကူ... ရှင်တို့နှစ်ယောက် အစိုးရရုံးမှာ မိန်းမတဏှာရူး ကျိုးထုံရဲ့ ခေါင်းကို သွားအပ်တာ ကျွန်မ မြင်လိုက်ရလို့ပါ... ရှင်တို့ ကြေးစားဓားသမား လုပ်ဖို့ စီစဉ်နေတာလားလို့ မေးချင်လို့ပါ... အကယ်၍ လုပ်မယ်ဆိုရင် ကျွန်မတို့ ပူးပေါင်းလို့ ရပါတယ်..."

ကူမော့က ခပ်ဟဟ ရယ်မောလိုက်ပြီး "သူဌေးရန်... ခင်ဗျား ဝိုင်ဆိုင် မဖွင့်တော့ဘဲ လေဖမ်းခန်းမဆောင် ပြောင်းလုပ်တော့မလို့လား..."

ရန်စန်းနျန်က "သခင်လေးကူ ပြောတာ မှန်ပါတယ်... ဒီရက်ပိုင်း ဝိုင်ဆိုင် စီးပွားရေး သိပ်မကောင်းတော့ ကျွန်မ လေဖမ်းခန်းမဆောင် စီးပွားရေးဘက် ပြောင်းလုပ်လိုက်တာပါ..."

လေဖမ်းခန်းမဆောင် ဆိုသည်မှာ ကြေးစားဓားသမားများအတွက် ဝန်ဆောင်မှုပေးသည့် ကြားခံအဖွဲ့အစည်း တစ်မျိုးဖြစ်သည်။ ကြေးစားဓားသမားများမှာ ထူးခြားသူများ ဖြစ်ပြီး သိုင်းလောကသားများချည်းသာ ဖြစ်ကြသည်။ သူတို့အများစုက အစိုးရရုံးနှင့် ဆက်ဆံရသည်ကို မကြိုက်ကြသလို အချို့သော ကြေးစားဓားသမားများ ကိုယ်တိုင်ကလည်း အလိုရှိနေသော ရာဇဝတ်ကောင်များ ဖြစ်နေတတ်ကြသည်။ ထို့ကြောင့် သူတို့ကိုယ်စား အစိုးရရုံးနှင့် ဆက်ဆံပေးမည့်သူ လိုအပ်လေသည်။

နောက်ထပ် ပြဿနာတစ်ခုမှာ ကြေးစားဓားသမားများသည် များသောအားဖြင့် တစ်ယောက်တည်း လှုပ်ရှားလေ့ရှိကြပြီး သတင်းအချက်အလက် မရှိခြင်းကြောင့် အလိုရှိရာဇဝတ်ကောင်များကို ဖမ်းဆီးရာတွင် အလွန်နှောင့်နှေးကြန့်ကြာလေ့ရှိသည်။ တချို့အချိန်များတွင် နေရာတစ်ခုတည်း၌ပင် သူတို့၏ ပစ်မှတ်နှင့် လွဲချော်သွားတတ်ကြသည်။ ဤနေရာတွင် "လေဖမ်းခန်းမဆောင်" ကဲ့သို့သော အဖွဲ့အစည်းများက ဝင်ရောက်လာပြီး ဤကြေးစားဓားသမားများကို ဝန်ဆောင်မှု ပေးကြခြင်းဖြစ်သည်။

ကြေးစားဓားသမားများသည် ခန်းမဆောင်နှင့် ချိတ်ဆက်ထားကြပြီး ခန်းမဆောင်က အာဏာပိုင်များနှင့် ဈေးနှုန်းညှိနှိုင်းပေးခြင်း၊ တိကျသော သတင်းအချက်အလက်များ ပေးအပ်ခြင်းနှင့် အစွမ်းထက်သော ရာဇဝတ်ကောင်များကို ရင်ဆိုင်ရသည့်အခါ အခြားသော ကြေးစားဓားသမားများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရန် ကူညီပေးခြင်းတို့ကို ပြုလုပ်ပေးသည်။

အချုပ်အားဖြင့်ဆိုရလျှင် ခန်းမဆောင်က ကြေးစားဓားသမားများကို ဆုကြေးပေး တာဝန်များအား ပိုမိုမြန်ဆန် လွယ်ကူစွာ ပြီးမြောက်အောင် ကူညီပေးသည့်အပြင် ဈေးနှုန်းများ မြှင့်တင်ပေးရာတွင်လည်း ကူညီပေးသည်။ ပြီးမြောက်သွားပါက ဆုကြေးငွေကို ၅၀/၅၀ ခွဲဝေယူကြသည်။

ဤစနစ်သည် ခန်းမဆောင်နှင့် ကြေးစားဓားသမား နှစ်ဦးစလုံးအတွက် အကျိုးရှိစေသည်။

ဆုကြေးငွေ၏ ထက်ဝက်ကို ယူသွားသော်လည်း ကြေးစားဓားသမားများအနေဖြင့် လုံးဝ အရှုံးမရှိပေ။

ကူမော့ မနေ့ညက သတ်လိုက်သည့် ကျိုးထုံကိုပဲ ဥပမာပြရလျှင်။ အကယ်၍ သူ့နောက်ကွယ်တွင် အင်အားကြီးမားသော လေဖမ်းခန်းမဆောင်တစ်ခု ရှိနေပါက ဆုကြေးငွေ၏ ထက်ဝက်ကို ပေးလိုက်ရလျှင်တောင် အစိုးရထံမှ ရရှိသည့် ငွေစင်သုံးရာထက် ပိုများနေမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျိုးထုံကြောင့် ထိခိုက်နစ်နာခဲ့ရသည့် အခြားသော သိုင်းလောကသားများ သို့မဟုတ် ချမ်းသာသော မိသားစုများထံမှလည်း ဆုကြေးငွေများ ရှိနေမည်ဖြစ်သောကြောင့်ပင်။ လေဖမ်းခန်းမဆောင်က ထိုကိစ္စများကို စုံစမ်းမေးမြန်းပြီး ညှိနှိုင်းပေးရမည် ဖြစ်သည်။

"သြော်..." ဟု ကူမော့က ဆိုလိုက်သည်။ "ဒါပေမဲ့ သူဌေးရန်... အခု လင်းကျန်းမြို့မှာ လေဖမ်းခန်းမဆောင်က အနည်းဆုံး ရှစ်ခု၊ ဆယ်ခုလောက် ရှိတယ်... ဘာဖြစ်လို့ ခိုင်မာနေတဲ့ ခန်းမဆောင်တွေကို မရွေးဘဲ ခင်ဗျား အခုမှ အသစ်ဖွင့်တဲ့ ခန်းမဆောင်ကို ရွေးရမှာလဲ..."

ရန်စန်းနျန်က "ကျွန်မမှာလည်း အားသာချက်တွေ ရှိတာပေါ့... ပထမအချက်က ကျွန်မဆီမှာ အခုလောလောဆယ် ကြေးစားဓားသမား နည်းနည်းလေးပဲ ရှိသေးတယ်... ပြီးတော့ ကျွန်မ သုံးနိုင်တဲ့ အဆက်အသွယ်တွေလည်း အများကြီး ရှိတယ်... အကယ်၍ သိုင်းသူရဲကောင်း ကူ နဲ့ သခင်မလေး ကူ တို့သာ ကျွန်မဆီမှာ အလုပ်လုပ်မယ်ဆိုရင် ရှင်တို့ကို သတင်းအချက်အလက်တွေ ပေးဖို့ အစွမ်းကုန် ကြိုးစားပေးမှာပါ... ရှင်တို့သာ ဟိုလေဖမ်းခန်းမဆောင်ကြီးတွေကို သွားမယ်ဆိုရင်တော့ ခက်လိမ့်မယ်... ကျွန်မက အတိကျဆုံး သတင်းအချက်အလက်တွေ ရထားတယ်လေ..."

"ဒုတိယအချက်က ကျွန်မ ယူမယ့် ဝေစုက ပိုနည်းမယ်... ကျွန်မက အလုပ်သဘောတူညီချက် စည်းမျဉ်းတွေကို မဖောက်ဖျက်ရဲပါဘူး... အပြင်ပန်းကတော့ ၅၀/၅၀ ပဲ ခွဲမှာပါ... ဒါပေမဲ့ လက်ဆောင်ပေးတာမျိုးတွေလို အခြားနည်းလမ်းတွေနဲ့ ၂၀ ရာခိုင်နှုန်း ပြန်ပေးမှာဆိုတော့ ကျွန်မက ၃၀ ရာခိုင်နှုန်းပဲ ယူမှာပါ..."

"သခင်လေး ကူ နဲ့ သခင်မလေး ကူ တို့ ဘယ်လို သဘောရလဲ..."

ကူမော့က ခေါင်းညိတ်ကာ "ရပါတယ်... ဒါပေမဲ့ ဒီနေ့ ကျွန်တော် နည်းနည်း ပင်ပန်းနေလို့ပါ... မနက်ဖြန်ကျရင် အသေးစိတ် ဆွေးနွေးဖို့ ရိုးရိုးသားသားနဲ့ လူတစ်ယောက်လောက် လွှတ်ပေးပါ... သူဌေးရန်က လေဖမ်းခန်းမဆောင် လုပ်ငန်း လုပ်နေမှတော့ ကျွန်တော် တည်းခိုဖို့ နေရာတစ်ခုလောက်တော့ ရှာပေးနိုင်မယ်မလား..."

ရန်စန်းနျန်က လက်အုပ်ချီကာ "မနက်ဖြန်မှ တွေ့ကြတာပေါ့..."

"နှုတ်ဆက်ပါတယ်..."

ကူမော့က လက်အုပ်ချီကာ ကူချူတုန်းနှင့်အတူ ထွက်ခွာသွားလေသည်။

ကူမော့နှင့် ကူချူတုန်းတို့ ထွက်သွားသည်ကို ကြည့်ရင်း ရန်စန်းနျန်၏ နောက်တွင် ရပ်နေသော အနက်ရောင်ဝတ် လူငယ်က မေးလိုက်သည်။ "သူဌေး... မျက်မမြင် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို သယ်ထားရတဲ့ ကောင်မလေး ကူချူတုန်းကို အလုပ်ခန့်ဖို့က အဓိပ္ပာယ်ရှိလို့လား... ကျိုးထုံကို သူတို့ ကံကောင်းလို့ ရသွားတယ်ဆိုတာ သိသာနေတာပဲ... ကျိုးထုံက ရက်ပေါင်းများစွာ အလိုက်ခံနေရလို့ သူ့အင်အားက အရင်က ဆယ်ပုံတစ်ပုံတောင် မရှိတော့ဘူးဆိုတာ လူတိုင်း သိကြတယ်လေ..."

ရန်စန်းနျန်က ခေါင်းအသာယမ်းကာ "ငါ ကူချူတုန်းကို အလုပ်ခန့်မှာ မဟုတ်ဘူး... ကူမော့ကို ခန့်မှာ..."

"မျက်မမြင်တစ်ယောက်ကို..."

"ဟုတ်တယ်... မျက်မမြင်တစ်ယောက်ကိုပဲ..."

အနက်ရောင်ဝတ် လူငယ်က ရယ်မောလိုက်ပြီး "သူဌေး... ဒီတစ်ခါတော့ ခင်ဗျား မှားပြီထင်တယ်... အဲ့ဒီမျက်မမြင်က မနက်ဖြန် နေထွက်တာကို မြင်ရမှာ မဟုတ်ဘူး..."

"ဘာဖြစ်လို့ အဲ့ဒီလို ပြောရတာလဲ..."

အနက်ရောင်ဝတ် လူငယ်က ဆို၏။ "ကောင်မလေးတစ်ယောက်နဲ့ မျက်မမြင်တစ်ယောက်က ငွေစင်သုံးရာဆိုတဲ့ ကြီးမားတဲ့ အချောင်အမြတ်ကို ရသွားတယ်... အခု သူတို့ကိုယ်တိုင်က အဲ့ဒီအချောင်အမြတ် ဖြစ်သွားပြီလေ... ငွေသုံးရာဆိုတာ လူအသက်ပေါင်းများစွာကို ဝယ်လို့ရတယ်... မျက်မမြင်နဲ့ ကောင်မလေးတစ်ယောက်ဆိုရင် ပြောစရာတောင် မလိုတော့ဘူးပေါ့..."

All Chapters