အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အခန်း (၁၅) - ထန်မိသားစု၏ ဒုတိယသခင်
ကူမော့သည် ထန်ပုရီ၏ အခက်အခဲကို သဘာဝကျကျပင် နားလည်လေသည်။ ထန်ပုရီမှာ ထန်မိသားစု၏ သခင်လေး ဖြစ်သော်ငြားလည်း အိမ်တော်ကို စီမံခန့်ခွဲနေသူ မဟုတ်ပေ။ ကိစ္စအသေးအမွှားလေးများအတွက် သူ၏ ဩဇာလွှမ်းမိုးမှုက လုံလောက်သော်လည်း ထန်မိသားစု၏ အင်အားကို အမှန်တကယ် အသုံးပြုရန်ဆိုပါက အိမ်တော်သခင် ထန်ထျန်းဟောက်၏ သဘောတူညီချက်ကို သေချာပေါက် ရယူရမည် ဖြစ်သည်။
"အစ်ကို ကူ... ကျွန်တော်နဲ့လိုက်ပြီး အဖေ့ကို သွားတွေ့ကြရအောင်... အဖေက မျက်နှာထား တင်းမာပေမယ့် တရားမျှတပြီး သိုင်းလောက စည်းမျဉ်းတွေကို တန်ဖိုးထားတဲ့သူပါ... ဖေးလုံ က ဘယ်လောက် ရက်စက်ယုတ်မာတယ် ဆိုတာကို ကျွန်တော် သိပါတယ်... ဒီလိုလူမျိုးကို အစ်ကို ကူ က လိုက်ဖမ်းချင်တယ်ဆိုရင် အဖေ သေချာပေါက် ကူညီမှာပါ..." ထန်ပုရီက ပြောလိုက်၏။
"ဒါဆိုရင် မင်းအဖေနဲ့ မိတ်ဆက်ပေးပါဦး ညီလေး ထန်..." ကူမော့က လက်ပူးဆုပ်ကာ ပြန်ပြောလိုက်သည်။
ကူမော့က ထန်ပုရီ၏ အကူအညီကို တောင်းခံခဲ့ခြင်းမှာ ထန်ပုရီက ဖေးလုံကို ရှာတွေ့နိုင်လိမ့်မည်ဟု အမှန်တကယ် မျှော်လင့်ထား၍ မဟုတ်ပေ။ သူ၏ အဓိက ရည်ရွယ်ချက်မှာ ထန်ပုရီကို ကြားခံအဖြစ် အသုံးပြုကာ ထန်ထျန်းဟောက်နှင့် တွေ့ဆုံနိုင်ရန်သာ ဖြစ်သည်။
"ကောင်းပါပြီ..."
ချက်ချင်းပင် ထန်ပုရီသည် ကူမော့နှင့် ကူချူတုန်းတို့ကို ထန်မိသားစုစံအိမ်သို့ ခေါ်ဆောင်သွားလေသည်။
ထန်မိသားစုစံအိမ်သို့ ပြန်ရောက်ပြီးနောက်...
ထန်ပုရီက မောင်နှမနှစ်ဦးကို ခြံဝင်းငယ်လေးတစ်ခုဆီသို့ ချက်ချင်း ခေါ်သွား၏။
ခြံဝင်းတံခါးဝသို့ ရောက်သည်နှင့် ဖိုသီဖတ်သီဖြစ်နေသော လူလတ်ပိုင်းတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။ အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မုတ်ဆိတ်မွေးများမှာ ရှုပ်ပွနေကာ သပ်သပ်ရပ်ရပ် မရှိဘဲ အရက်နံ့များ ထောင်းထောင်းဟပ်နေ၏။ သူ၏ မျက်နှာမှာ ညှိုးနွမ်းဖျော့တော့နေပြီး စိတ်ဓာတ်ကျနေသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
"ဒုတိယဦးလေး... ပြန်ရောက်နေပြီလား..." ထန်ပုရီက ထိုသူကို အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။
ထန်ပုရီ၏ အခေါ်အဝေါ်ကို ကြားသည်နှင့် ထိုသူမှာ သိုင်းလောကတွင် အတော်အတန် နာမည်ကြီးသော ထန်မိသားစု၏ ဒုတိယသခင် ထန်ထျန်းချီ ဖြစ်ကြောင်း ကူမော့ ချက်ချင်း သိလိုက်၏။ သူ၏ ငယ်ရွယ်စဉ်ကာလက သူနှင့် ထန်ထျန်းဟောက်တို့ကို 'ထန်မိသားစု၏ သူရဲကောင်းအမြွှာ' ဟု လူသိများခဲ့ပြီး ထန်ထျန်းဟောက်မှာ သူ၏ ဖအေတူမအေကွဲ အစ်ကို ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က အစောင့်အရှောက်အဖြစ် အလုပ်လုပ်စဉ်က ထန်ထျန်းချီ အကြောင်းကို ကူမော့ ကြားဖူးခဲ့သည်။ သိုင်းလောကသားများက သူ့ကို နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးပျူငှာသော လူကြီးလူကောင်းတစ်ဦးအဖြစ် ဖော်ပြလေ့ရှိကြ၏။
"ငါ ပြန်ရောက်နေတာ နည်းနည်း ကြာပါပြီ... မင်းက မင်းအဖေကို လာတွေ့တာလား... သူတို့နှစ်ယောက်ကရော ဘယ်သူတွေလဲ..." ထန်ထျန်းချီက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"သူတို့က ကျွန်တော့် သူငယ်ချင်းတွေပါ... အဖေ့ကို ကိစ္စလေးတစ်ခု ရှိလို့ လာတွေ့တာ..." ထန်ပုရီက ပြန်ဖြေလိုက်၏။
"ဪ..."
ထန်ထျန်းချီက ထန်ပုရီ ဘာကိစ္စရှိသည်ကို ဂရုမစိုက်ဘဲ ခေါင်းညိတ်ပြကာ ထွက်သွားလေသည်။ သူ၏ ကျောပြင်မှာ အတော်လေး အထီးကျန်နေပုံရ၏။
"ထန်ပုရီ... နင့်ရဲ့ ဒုတိယဦးလေးက ဘာဖြစ်လို့လဲ... ထန်မိသားစုရဲ့ ဒုတိယသခင်က လူကြီးလူကောင်းတစ်ယောက်လို့ ငါ ကြားဖူးတယ်လေ... သူက ဘာလို့ ဒီလိုပုံစံမျိုး ဖြစ်နေရတာလဲ..." ကူချူတုန်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ဖိုသီဖတ်သီနဲ့ ရှုပ်ပွနေတယ် မဟုတ်လား... သိုင်းလောက က ကောလာဟလတွေက မှန်ပါတယ်... ငါ့ရဲ့ ဒုတိယဦးလေးက တကယ်ကို ဗဟုသုတကြွယ်ဝတဲ့ လူကြီးလူကောင်း တစ်ယောက်ပါ... ထန်မိသားစုရဲ့ စီးပွားရေးတွေ ဒီလောက် တိုးတက်လာတာက ဒုတိယဦးလေးရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ပါပဲ... သူနဲ့ ငါ့အဖေက စာပေသမားနဲ့ သိုင်းသမား ပေါင်းစပ်ထားသလိုပဲလေ... ဒါပေမဲ့ အဲ့ဒါက အရင်တုန်းကပေါ့...
"ငါ့ရဲ့ ဒုတိယဦးလေးက ကံဆိုးပါတယ်... မူလက သူနဲ့ ဒုတိယအဒေါ်က အရမ်းချစ်ကြပြီး သာယာတဲ့ ဘဝလေးကို တည်ဆောက်ခဲ့ကြတာ... သူတို့မှာ ကလေးမရှိပေမယ့် သူတို့ရဲ့ ဆက်ဆံရေးကို မထိခိုက်ခဲ့ပါဘူး... ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်က ခရီးထွက်ရင်းနဲ့ မိစ္ဆာသိုင်းပညာရှင် ဖန်ယွီယွင် နဲ့ သွားဆုံခဲ့တယ်... ဒုတိယအဒေါ်က ဒုတိယဦးလေးကို ကယ်ဖို့ ကြိုးစားရင်း အသတ်ခံလိုက်ရတယ်လေ...
"ဒုတိယဦးလေးက ဒဏ်ရာအပြင်းအထန် ရပြီး တစ်ယောက်တည်း ထွက်ပြေးလွတ်မြောက်လာခဲ့လို့ မနည်း အသက်ရှင်ခဲ့ရတာ... အဲ့အချိန်ကစပြီး သူက စိတ်ဓာတ်ကျသွားပြီး အရက်ထဲမှာပဲ နှစ်မြုပ်နေတော့တာ... မိသားစုကိစ္စတွေကိုလည်း ဂရုမစိုက်တော့ဘူး... ခဏခဏ အပြင်ထွက်ပြီး ဖန်ယွီယွင် နဲ့ ပတ်သက်တဲ့ သတင်းကြားတာနဲ့ အမှန်ဖြစ်စေ၊ အမှားဖြစ်စေ ကလဲ့စားချေဖို့ ထွက်သွားတော့တာပဲ... ပြီးခဲ့တဲ့ သုံးနှစ်အတွင်း သူက အမြဲတမ်း ခရီးထွက်နေခဲ့တာ... တစ်ခါတလေ ပြန်လာရင်တောင် အမြဲတမ်း အရက်မူးနေတာပဲ... သူ့ကို အသိစိတ်ပြန်ဝင်လာအောင် လုပ်နိုင်တာက ဖန်ယွီယွင် ရဲ့ သတင်း တစ်ခုတည်းပဲ ရှိတယ်..." ထန်ပုရီက သက်ပြင်းချကာ ရှင်းပြလိုက်၏။
"သွေးလက်ဝါး ဖန်ယွီယွင် လား..."
"ဟုတ်တယ်..."
ထိုလူ၏အကြောင်းကို ကူမော့ ကြားဖူးသည်။ သူသည် တော်ဝင်အစိုးရနှင့် သိုင်းလောက နှစ်ခုစလုံးက အလိုရှိနေသော နာမည်ဆိုးဖြင့် ကျော်ကြားသည့် မိစ္ဆာသိုင်းပညာရှင် တစ်ဦး ဖြစ်သည်။ နှစ်လေးဆယ်ကျော်ကြာ နာမည်ကြီးခဲ့ပြီး တုံ့ဆိုင်းမှုမရှိဘဲ သတ်ဖြတ်လေ့ရှိကာ အထူးသဖြင့် သိုင်းပညာရှင်များကို ပစ်မှတ်ထားလေ့ရှိသည်။ သွေးမီးဖိုကျမ်း ဟုခေါ်သော အလွန်ရက်စက်ကြမ်းကြုတ်သည့် သိုင်းပညာတစ်ခုကို သူ ပိုင်ဆိုင်ထားသည်ဟု ကောလာဟလ ထွက်ပေါ်နေ၏။
ထိုသိုင်းပညာမှာ သွေးကို အဓိကထား အသုံးပြုပြီး သုံးစွဲသူကို မီးဖိုတစ်ခုအဖြစ် မှတ်ယူကာ အခြားသူများ၏ အတွင်းအားများကို စုပ်ယူနိုင်စွမ်းရှိသည်။ စုပ်ယူခံရသူ၏ သိုင်းပညာအဆင့် မြင့်မားလေလေ သွေးမီးဖိုကျမ်း၏ အာနိသင် ပိုမိုကောင်းမွန်လေလေ ဖြစ်ပြီး ရရှိလာမည့် အတွင်းအားမှာလည်း အလွန် ရက်စက်ကြမ်းကြုတ်လေသည်။
ဖန်ယွီယွင်မှာ ပို၍ပင် ရက်စက်လှ၏။ သူသည် သူ၏ သိုင်းပညာများ တိုးတက်စေရန် သိုင်းပညာရှင်များကို သတ်ဖြတ်ရုံသာမက ရွာတစ်ရွာလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မိသားစုများကို သတ်ဖြတ်ခြင်းများကိုပါ နှစ်သက်သည်။ အဘယ်ကြောင့်ဆိုသော် သိုင်းပညာရှင်များမှာ အရေအတွက် သိပ်မများသလို ကိုင်တွယ်ရလည်း မလွယ်ကူပေ။ သာမန်လူများကိုမူ အလွယ်တကူ ကိုင်တွယ်နိုင်သောကြောင့် ဖြစ်သည်။
အထူးသဖြင့် မကြာသေးမီ နှစ်များအတွင်း ဖန်ယွီယွင်၏ လှုပ်ရှားမှုများမှာ ပိုမိုမကြာခဏ ဖြစ်ပေါ်လာပြီး ပိုမိုကြီးမားလာခဲ့သည်။ သူ၏ သိုင်းပညာမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ကြီးမားသော တိုးတက်မှုတစ်ခု ရရှိတော့မည်ဖြစ်ရာ လတ်တလော နှစ်များအတွင်း ပိုမိုလှုပ်ရှားလာခြင်း ဖြစ်သည်ဟု လူအများစုက ခန့်မှန်းနေကြ၏။
သို့သော် ဖန်ယွီယွင်မှာ ခြေရာဖျောက်ကောင်းပြီး သူ၏ တည်နေရာကို ခန့်မှန်းရန် ခက်ခဲလှသည်။ အစိုးရကရော သိုင်းလောကကပါ သူ့ကို ဖမ်းဆီးနိုင်ခြင်း မရှိသေးချေ။
ထန်ထျန်းချီ၏ အဖြစ်ဆိုးကို ကြားသောအခါ... "သူ အရမ်း သနားစရာကောင်းတာပဲ... အဲ့ဒီ ဖန်ယွီယွင် က အရမ်း မုန်းစရာကောင်းပြီး အရမ်း ရက်စက်တာပဲ..." ကူချူတုန်းက ကိုယ်ချင်းစာစိတ် ပြင်းပြစွာဖြင့် ပြောလိုက်၏။
"ဟူး... ဒုတိယဦးလေး ဒီအခြေအနေကနေ အမြန်ဆုံး ရုန်းထွက်နိုင်ပြီး စိတ်ဓာတ်တွေ ပြန်လည်ခိုင်မာလာဖို့ပဲ မျှော်လင့်ရတော့တာပေါ့..."
ထန်ပုရီက သက်ပြင်းအကြိမ်ကြိမ် ချလိုက်ပြီးနောက် ကူမော့နှင့် ကူချူတုန်းတို့ကို ခြံဝင်းအတွင်းသို့ ခေါ်ဆောင်သွားလေသည်။ ဧည့်ခန်းမဆောင်ကြီးတစ်ခုသို့ ရောက်ရှိသွားပြီး အစေခံတစ်ဦးက သူတို့ရောက်ရှိလာကြောင်း သတင်းပို့ပြီးနောက် အထဲသို့ ဝင်သွားကြ၏။
ထန်မိသားစု၏ အိမ်တော်သခင် ထန်ထျန်းဟောက်သည် ဧည့်ခန်းမဆောင်တွင် စောင့်ဆိုင်းနေပြီး ထန်ပုရီ၏ မိခင် သခင်မ ထန် လည်း အတူရှိနေသည်။ သခင်မ ထန်မှာ အသက် ငါးဆယ်နီးပါး ရှိနေပြီဖြစ်သော်လည်း အလွန်နုပျိုနေဆဲဖြစ်ပြီး အချိန်ကာလက သူမ၏ အလှအပကို မဖျက်ဆီးနိုင်ခဲ့ဘဲ ရင့်ကျက်သော ဆွဲဆောင်မှုတစ်မျိုးကိုပင် ပေါင်းထည့်ပေးထားလေသည်။
"အဖေ... အမေ..."
ထန်ပုရီက ရိုသေစွာ အရိုအသေပေးလိုက်ပြီးနောက် မိတ်ဆက်ပေးလိုက်၏။ "ဒါက ကျွန်တော့်ရဲ့ အသက်သခင်ကျေးဇူးရှင် အစ်ကို ကူမော့ ပါ... သူကတော့ အစ်ကို ကူ ရဲ့ ညီမ ကူချူတုန်း ပါ..."
ကူမော့နှင့် ကူချူတုန်းတို့ကလည်း နှုတ်ဆက်စကား ဆိုလိုက်ကြသည်။
"အိမ်တော်သခင် ထန် နဲ့ သခင်မ ထန် တို့ကို ဂါရဝပြုပါတယ်..."
"သခင်လေး ကူ၊ သခင်မလေး ကူ... ကျေးဇူးပြုပြီး ဒီလောက် ယဉ်ကျေးမနေပါနဲ့... မင်းတို့နှစ်ယောက်က ငါ့သားရဲ့ အသက်သခင် ကျေးဇူးရှင်တွေပဲ... ငါ မနေ့ညကတည်းက သွားတွေ့သင့်တာ... ဒါပေမဲ့ အရမ်းနောက်ကျနေပြီဆိုတော့ အနှောင့်အယှက်ဖြစ်မှာ စိုးလို့လေ... ဒီမနက်မှ ကိုယ်တိုင်သွားပြီး ကျေးဇူးတင်စကား ပြောမလို့ စဉ်းစားထားတာ... ဒါပေမဲ့ မင်းတို့ ထွက်သွားပြီဆိုတာ ကြားလိုက်ရတော့ တော်တော်လေး စိတ်မကောင်း ဖြစ်သွားတာ... လာပါ၊ လာပါ... ထိုင်ကြပါဦး..." ထန်ထျန်းဟောက်က မတ်တပ်ရပ်ကာ ရယ်မောရင်း ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်..."
ကူမော့က ကျေးဇူးတင်စကား ဆိုလိုက်ပြီး ကူချူတုန်း၏ အကူအညီဖြင့် ဝင်ထိုင်လိုက်သည်။
ထို့နောက် ထန်ထျန်းဟောက်က အစေခံများကို လက်ဖက်ရည် တည်ခင်းရန် နွေးထွေးစွာ ညွှန်ကြားလိုက်ပြီး ကူမော့နှင့် စကားစမြည် ပြောဆိုနေလေသည်။
ခဏအကြာတွင် ထန်ပုရီက ကူမော့ လာရောက်ရသည့် ရည်ရွယ်ချက်ကို ရှင်းပြလိုက်၏။ "အဖေ... ဖေးလုံ က အရမ်းရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်ပါ... ကျေးဇူးပြုပြီး သူ့ကို ရှာဖို့ အစ်ကို ကူ ကို ကူညီပေးပါ..."
ထန်ပုရီမှာ အနည်းငယ် ဖြောင်းဖျပြောဆိုရမည်ဟု ထင်ထားခဲ့သော်လည်း သူ၏ မျှော်လင့်ထားမှုနှင့် ဆန့်ကျင်စွာပင် ထန်ထျန်းဟောက်က အလွယ်တကူ သဘောတူလိုက်၏။
"ပြဿနာ မရှိပါဘူး... သိုင်းသူရဲကောင်း ကူ က ငါတို့ ထန်မိသားစုရဲ့ ကျေးဇူးရှင်ပဲ... ကျေးဇူးရှင်က အကူအညီလိုတယ်ဆိုရင် ငါတို့ ထန်မိသားစုက တတ်နိုင်သမျှ အရာအားလုံးကို တုံ့ဆိုင်းမနေဘဲ လုပ်ပေးမှာပါ... သိုင်းသူရဲကောင်း ကူ နဲ့ သူရဲကောင်းမလေး ကူ... လောလောဆယ် ငါတို့ ထန်မိသားစုအိမ်မှာပဲ တည်းခိုပါ... ဖေးလုံ ကို ရှာဖို့ကိစ္စကို ငါ့ကိုသာ လွှဲထားလိုက်... စိတ်မပူပါနဲ့၊ ဖေးလုံ က ကျူးရှန်းခရိုင်မှာ ရှိနေသရွေ့ မြေကြီးကို သုံးပေလောက် တူးရမယ်ဆိုရင်တောင် ငါ ရှာပေးမယ်... ငါ့ရဲ့ ထန်မိသားစု တစ်ခုလုံးနဲ့ ငါကိုယ်တိုင်လည်း အဲ့ဒီလူယုတ်မာကို သတ်ဖို့ မင်းတို့နဲ့ အပြည့်အဝ ပူးပေါင်းပေးမှာပါ..." သူက ဆိုလိုက်သည်။
ထန်ပုရီမှာ ဝမ်းသာသွားပြီး အံ့အားလည်း သင့်သွား၏။ သူ၏ ဖခင်က ဤမျှ အလွယ်တကူ သဘောတူလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ကျေးဇူးတင်ပါတယ် အိမ်တော်သခင် ထန်..." ကူမော့က လျင်မြန်စွာ ကျေးဇူးတင်စကား ဆိုလိုက်၏။
"ဒီလောက် ယဉ်ကျေးမနေပါနဲ့ သခင်လေး ကူ... မင်းက ငါ့သားရဲ့ အသက်သခင် ကျေးဇူးရှင်လေ... ကူညီရမှာက သဘာဝပါပဲ..." ထန်ထျန်းဟောက်က နွေးထွေးစွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အိမ်တော်သခင် ထန်..."
ထို့နောက် ထန်ထျန်းဟောက် ဇနီးမောင်နှံသည် ကူမော့တို့ မောင်နှမနှင့် ခဏမျှ စကားစမြည် ဆက်လက်ပြောဆိုနေပြီးနောက် ထန်ပုရီကို သူတို့အား အနားယူရန် ခေါ်ဆောင်သွားစေလိုက်၏။
အခန်း (၁၆) - ထန်မိသားစု၏ အရေးကြီးသော ကိစ္စရပ်များ
"ထန်ပုရီ... နင့်အမေက အရမ်းလှတာပဲ..."
ထန်ပုရီသည် ကူမော့နှင့် ကူချူတုန်းတို့ကို သူတို့၏ နေထိုင်ရာသို့ လိုက်ပို့ပေးနေ၏။ စံအိမ်အတွင်း လမ်းလျှောက်လာစဉ် ကူချူတုန်းက သခင်မ ထန် ၏ နူးညံ့သိမ်မွေ့ပြီး ဉာဏ်ပညာပြည့်ဝကာ ကျော့ရှင်းလှသော ပုံရိပ်ကို စိတ်ထဲတွင် အကြိမ်ကြိမ် ပုံဖော်နေမိသည်။ အမျိုးသမီးတစ်ဦး ဖြစ်သည့်တိုင် သူမ အလွန်အမင်း အားကျမိလေသည်။
"ဒါပေါ့... ငါ ကြွားတာတော့ မဟုတ်ဘူး... ဒါပေမဲ့ ငါ့အမေက ငယ်ငယ်တုန်းက သိုင်းလောကမှာ အရမ်းနာမည်ကြီးတဲ့ အလှပိုင်ရှင် တစ်ယောက်လေ... အဘိုးအိမ်ရဲ့ တံခါးခုံက တောင်းရမ်းတဲ့လူတွေ များလွန်းလို့ ပွန်းပဲ့နေတာပဲ... လူငယ်ပါရမီရှင် မရေမတွက်နိုင်အောင် ငါ့အမေကို စွဲလမ်းခဲ့ကြတာ..." ကူချူတုန်း၏ ချီးကျူးစကားကို ကြားသောအခါ ထန်ပုရီက ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေလိုက်၏။
"ဒါဆို နင့်အဖေက နင့်အမေကို ဘယ်လိုလုပ်ပြီး လက်ထပ်ခွင့် ရသွားတာလဲ..." ကူချူတုန်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"အဲ့ဒါက တော်တော်လေး ရယ်ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ... အဲ့တုန်းက ငါ့အဖေက သိုင်းလောကမှာ နာမည်ကြီး လူငယ်ပါရမီရှင် တစ်ယောက်ဆိုပေမယ့် ငါ့အမေကို လိုက်နေတဲ့ သူတွေထဲမှာတော့ အထူးချွန်ဆုံး မဟုတ်ခဲ့ဘူး... သူ အမေနဲ့ လက်ထပ်နိုင်ခဲ့တာက ဒုတိယဦးလေးရဲ့ အကြံအစည်ကြောင့် အပြည့်အဝ ဖြစ်သွားတာ...
"အဲ့တုန်းက လူတိုင်းက ငါ့အမေရဲ့ မျက်နှာသာပေးမှုကို ဘယ်လိုရယူရမလဲ ဆိုတာကို တွေးပြီး သူမကို အထင်ကြီးအောင် အစွမ်းကုန် ကြိုးစားနေကြတာ... ဒါပေမဲ့ ငါ့ရဲ့ ဒုတိယဦးလေးက ချဉ်းကပ်ပုံပြောင်းပြီး သွယ်ဝိုက်တဲ့နည်းလမ်းကို အသုံးပြုခဲ့တယ်... ပြီးတော့ ငါ့အဘိုးကိုပါ ဝင်ပါခိုင်းခဲ့တာ... ငါ့အဘိုးက အမေ့ဖက်က အဘိုးကို ရည်ရွယ်ချက်ရှိရှိနဲ့ ချဉ်းကပ်ပြီး သူနဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်အောင် လုပ်ခဲ့တယ်... ပြီးတော့ အခွင့်အရေးရှာပြီး အဘိုးကို အရက်သောက်ဖို့ ဖိတ်ခေါ်ကာ လုံးဝ အရက်မူးသွားအောင် လုပ်ခဲ့တာ... သူ အရက်မူးပြီး ဝေဝါးနေတဲ့ အချိန်မှာ ငါ့အဘိုးက ငါတို့ မိသားစုနှစ်ခုကြားမှာ လက်ထပ်ဖို့ သဘောတူအောင် လှည့်စားခဲ့တာပဲ...
"အမေ့ဖက်က အဘိုး နိုးလာတဲ့ အချိန်ကျတော့ ငါ့အဘိုးက လက်ထပ်စာချုပ်ကို နေရာတိုင်းမှာ လိုက်ကြွားနေပြီလေ... အမေ့ဖက်က အဘိုးကလည်း သိုင်းလောကသား တစ်ယောက်ဆိုတော့ သူ့ရဲ့ ဂုဏ်သိက္ခာကို အလေးထားဆုံးပဲ... ငါ့အဘိုးရဲ့ လှည့်စားတာကို ခံလိုက်ရမှန်း သူ သိပေမယ့် ဘာမှမတတ်နိုင်ဘဲ သဘောတူညီချက်ကို ဖျက်သိမ်းလို့ မရခဲ့ဘူး..."
"ငါ့အဖေကလည်း ငါတို့ မိသားစုနှစ်ခုကြားက လက်ထပ်ဖို့ သဘောတူညီချက်ကို မချစ်သော်လည်း အောင့်ကာနမ်းပြီး လက်ခံလိုက်ရတာပေါ့... အဲ့လိုနဲ့ ငါ့အမေကို သဘာဝကျကျပဲ လက်ထပ်ဖြစ်သွားတာ... အခု နှစ်တွေ အကြာကြီး ကြာပြီးတဲ့အထိ အမေက အဖေ့ကို အဲ့ကိစ္စနဲ့ ပတ်သက်ပြီး စနောက်တုန်းပဲ... သူက ကိုယ်ကျင့်တရား မရှိဘူးလို့ ပြောတာ... ဒါပေမဲ့ ငါ့အဖေက အပြစ်ကင်းပါတယ်... အဲ့ဒီ ညစ်ပတ်တဲ့ အကြံအစည်က သူ့အကြံမှ မဟုတ်တာ၊ ဒုတိယဦးလေးရဲ့ အကြံလေ..." ထန်ပုရီက ရှင်းပြလိုက်၏။
"ဒါပေမဲ့ အဲ့လှည့်ကွက်က တကယ်ကို ဆိုးရွားတာပဲ..." ကူချူတုန်းက ဘာပြောရမှန်းမသိဖြစ်ကာ ရေရွတ်လိုက်သည်။
"ငါသာ သဘောကျတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ပြီး သူ့ကို လက်ထပ်လို့ မရဘူးဆိုရင် ငါ့အဖေကိုလည်း အဲ့လှည့်ကွက် ပြန်သုံးခိုင်းရမယ်..." ထန်ပုရီက ရယ်မောလိုက်၏။
...
ထန်ပုရီက ကူမော့နှင့် ကူချူတုန်းတို့အတွက် သီးခြား ခြံဝင်းငယ်လေးတစ်ခုကို ပြင်ဆင်ပေးခဲ့ပြီး လိုအပ်သည်များကို ကူညီပေးရန် အစေခံအချို့ကိုပါ စီစဉ်ပေးခဲ့သည်။
ထန်ပုရီကို နှုတ်ဆက်ပြီးနောက် ကူချူတုန်းက စိုးရိမ်တကြီးဖြင့်"အစ်ကို... ထန်မိသားစုရဲ့ အိမ်တော်သခင်က ဖေးလုံကို ရှာပေးဖို့ ကူညီတာကတော့ ကောင်းပါတယ်... ဒါပေမဲ့ ပြဿနာတစ်ခု ရှိတယ်..."
"ဘာပြဿနာလဲ..."
ကူမော့က ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း လက်ဖက်ရည်အိုးကို ဖြည်းညင်းစွာ စမ်းသပ်ရှာဖွေလိုက်ပြီး သူ့အတွက် လက်ဖက်ရည်ငဲ့လိုက်သည်။ ထို့နောက် လက်ဖက်ရည်အိုးထဲသို့ ပြန်လောင်းထည့်လိုက်ပြီး သူ၏ ခွက်ထဲသို့ နောက်တစ်ကြိမ် ပြန်လောင်းထည့်နေ၏။
သူ ပျင်းနေခြင်း မဟုတ်ပေ။ သူ၏ အာရုံခံနိုင်စွမ်းကို လေ့ကျင့်နေခြင်းသာ ဖြစ်သည်။ သူ၏ နက်ရှိုင်းသော အတွင်းအားက သာမန်လူတစ်ယောက်ကဲ့သို့ အရာအချို့ကို လုပ်ဆောင်နိုင်စေသော်လည်း သူ မျက်စိမမြင်ရသေးဘဲ သူ၏ မသိစိတ်မှ အပြုအမူများစွာက ၎င်းကို အသားမကျသေးချေ။
သိုင်းလောကမှာ အန္တရာယ်များသည်။ အထူးသဖြင့် သိုင်းပညာရှင်များနှင့် တိုက်ခိုက်ရသည့်အခါ အနိုင်အရှုံး သို့မဟုတ် အသက်ရှင်ခြင်း သေဆုံးခြင်းမှာ မျက်စိတစ်မှိတ်အတွင်း ဆုံးဖြတ်လေ့ရှိသည်။ သူသည် မျက်မမြင်ဖြစ်ခြင်းကို အပြည့်အဝ အသားကျရန် လိုအပ်သည်။ သို့မဟုတ်ပါက အားနည်းချက်များစွာ ရှိနေမည်ဖြစ်ပြီး အထူးသဖြင့် နေရာဒေသ မှတ်ဉာဏ်ပိုင်းတွင် ပိုမိုလေ့ကျင့်ရန် လိုအပ်လေသည်။
ကူချူတုန်းက ကူမော့အနီးတွင် ဝင်ထိုင်လိုက်ပြီး ကူမော့ ငဲ့ထားသော လက်ဖက်ရည်ကို ယူလိုက်၏။ ကူမော့မှာ သူ၏ လိုက်လျောညီထွေဖြစ်မှုကို လေ့ကျင့်နေမှန်း သူမ သိသဖြင့် ကူမော့အတွက် အခက်အခဲအချို့ကို ရံဖန်ရံခါ ဖန်တီးပေးလေ့ရှိသည်။
"အစ်ကို... ကျွန်မတို့ ကျူးရှန်းခရိုင်ကို လာပြီး ဖေးလုံကို လိုက်ဖမ်းတာက သူဌေးရန်ရဲ့ သတင်းအချက်အလက်ကို အသုံးချချင်လို့လေ... ဒါပေမဲ့ အခု ထန်မိသားစုက ဖေးလုံကို အကြီးအကျယ် စတင်ရှာဖွေမယ်ဆိုရင် သေချာပေါက် သတင်းထွက်သွားလိမ့်မယ်... အဲ့အခါကျရင် အခြား လေဖမ်းခန်းမဆောင်တွေကလည်း ဖေးလုံ ဒီမှာ ရှိနေမှန်း သိသွားပြီး ကြေးစားဓားသမား တွေ အများကြီး ရောက်လာလိမ့်မယ်... ဒါဆို ကျွန်မတို့ရဲ့ အားသာချက် ဆုံးရှုံးမသွားဘူးလား..."
ကူမော့က လက်ဖက်ရည်ကို ဖြည်းညင်းစွာ ဆက်ငဲ့နေရင်း ခပ်ဟဟ ရယ်မောလိုက်ပြီး... "ပထမအချက်က... သူ့ကိုရှာဖို့ ငါတို့ ထန်မိသားစုရဲ့ အကူအညီ လိုအပ်တယ်... မဟုတ်ရင် ငါတို့ ဘယ်သူ့ကိုမှ မသိတဲ့ ကျူးရှန်းခရိုင်မှာ သူ့ကို ဘယ်လိုရှာမလဲ... ကျူးရှန်းခရိုင်က အရမ်းကျယ်တာ... ဖေးလုံ ကိုယ်တိုင် ထွက်မလာဘူးဆိုရင် ငါတို့က မြို့တစ်မြို့ကိုတောင် ရှာတွေ့မှာ မဟုတ်ဘူး... မဟုတ်ရင် ငါတို့ ပြန်လှည့်ရမယ်၊ ဒါမှမဟုတ် စောင့်ရလိမ့်မယ်... နောက်ထပ် ရက်အနည်းငယ် ကြာရင် အခြား လေဖမ်းခန်းမဆောင်က လူတွေလည်း ဖေးလုံ က ကျူးရှန်းခရိုင်မှာ ရှိနေမှန်း သိသွားမှာပဲ... သူဌေးရန်ရဲ့ သတင်းအချက်အလက် ဦးဆောင်မှုက အကြာကြီး ခံမှာ မဟုတ်ဘူးလေ...
"ဒုတိယအချက်က... သတင်းအချက်အလက်က အမြဲတမ်း ဒုတိယနေရာမှာပဲ ရှိတယ်... ဦးစားပေး သတင်းအချက်အလက်က အားသာချက်တစ်ခုကို ပေးပေမယ့် တကယ့် အားသာချက်က သတင်းအချက်အလက် ရယူသူရဲ့ ကိုယ်ပိုင်စွမ်းရည် အပေါ်မှာပဲ မူတည်တယ်... အကယ်၍ သတင်းအချက်အလက် ရယူသူတွေ အများကြီး ရောက်လာပြီး အခြားလူတွေက လုယူသွားမယ်ဆိုရင် အဲ့ဒါ သူတို့က အရည်အချင်း မမီသေးလို့ပဲ... နောင်တရစရာ ဘာမှမရှိပါဘူး..." ဟု ရှင်းပြလိုက်၏။
ကူချူတုန်းက ခဏမျှ တွေးလိုက်ပြီး... "ဒါလည်း ဟုတ်တာပဲ... ထန်မိသားစုက ဖေးလုံ ကို ရှာတွေ့နိုင်မလား မသိဘူးနော်..." ဟု ခေါင်းညိတ်ကာ ပြောလိုက်သည်။
"အကယ်၍ ထန်မိသားစုက သူ့ကို ကျူးရှန်းခရိုင်မှာ မရှာတွေ့နိုင်ဘူးဆိုရင် ငါတို့ တကယ်ပဲ ပြန်လှည့်လို့ရပြီ... ထန်မိသားစုကတောင် မရှာတွေ့ရင် အခြားဘယ်သူမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး..."
...
ထိုအချိန်တွင် အခြားတစ်ဖက်၌...
ထန်ထျန်းဟောက်သည် ထန်မိသားစု၏ အဆင့်မြင့် အရာရှိများစွာကို ဆင့်ခေါ်ထားပြီးပြီ ဖြစ်သည်။ ထိုသူများအားလုံးမှာ လူတန်းစားပေါင်းစုံနှင့် ဆက်ဆံရေးရှိသူများ ဖြစ်ကြပြီး ဖေးလုံ၏ တည်နေရာကို စုံစမ်းစစ်ဆေးရန် သူက အမိန့်ပေးလိုက်၏။
ထန်ထျန်းဟောက် ညွှန်ကြားချက်များ ပေးပြီးသည်နှင့် ထန်ပုရီ အပြင်ဘက်မှ ဝင်လာပြီး... "အဖေ... မနေ့က အဖေပဲ အနားယူဖို့ လိုတယ်၊ အစ်ကို ကူ ကို သတိထားဖို့ လိုတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား... ဘာလို့ ဒီနေ့ အစ်ကို ကူ က အကူအညီ လာတောင်းတော့ အလွယ်တကူ သဘောတူလိုက်ရတာလဲ..."
ထန်ပုရီနှင့် ရင်ဆိုင်ရသောအခါ ထန်ထျန်းဟောက်မှာ ကူမော့နှင့် စကားပြောစဉ်က ရွှင်လန်းနေသော အမူအရာနှင့် လုံးဝ ကွာခြားနေ၏။ သူသည် လူတစ်ယောက်လုံး ပြောင်းလဲသွားသကဲ့သို့ မျက်နှာထား တင်းမာပြီး အလေးအနက် ရှိနေသည်။
"ပထမအချက်က... လူဆိုတာ အရမ်းသတိကြီးလွန်းလို့ မရဘူး... ကူမော့ ရောက်လာတာက နည်းနည်း တိုက်ဆိုင်နေတော့ ငါ သူ့ကို သတိထားတာ ပုံမှန်ပါပဲ... ဒါပေမဲ့ အဲ့ဒါက ကူမော့ က မင်းရဲ့ အသက်ကို ကယ်ခဲ့တယ်ဆိုတဲ့ အချက်ကို မပယ်ဖျက်နိုင်ဘူးလေ... ဆိုလိုတာက သူက ငါတို့ ထန်မိသားစုအပေါ် ကျေးဇူးရှိနေတယ်... သူ အကူအညီ လိုအပ်ရင် ငါတို့ ထန်မိသားစုက သဘာဝကျကျပဲ ငါတို့ရဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ပေးရမှာပေါ့...
"ဒုတိယအချက်က... ကူမော့ က မိစ္ဆာလမ်းစဉ်က သိုင်းပညာရှင် ဖေးလုံကို လိုက်ဖမ်းနေတာ... ဒီကိစ္စက ငါတို့ ထန်မိသားစုရဲ့ အကျိုးစီးပွားနဲ့လည်း ကိုက်ညီနေတယ်လေ... အပြစ်အနာအဆာမဲ့ဓား က မကြာခင် သွန်းလုပ်ပြီးတော့မယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျူးရှန်းခရိုင်မှာ မိစ္ဆာကျင့်ကြံသူတွေ အများကြီး ရုတ်တရက် ပေါ်လာတယ်... သူတို့က အပြစ်အနာအဆာမဲ့ဓား ကို ပစ်မှတ်ထားနေတာလို့ ငါ အပြင်းအထန် သံသယဝင်တယ်... ပြီးတော့ ဖေးလုံ က မိစ္ဆာကျင့်ကြံသူတွေထဲမှာ ထိပ်တန်းအဆင့် သိုင်းပညာရှင်တစ်ယောက်ပဲ... အကယ်၍ သူက အမှောင်ထဲမှာ ပုန်းအောင်းနေပြီး ငါတို့ ထန်မိသားစုကိုပါ ကြံစည်နေမယ်ဆိုရင် အရမ်း အန္တရာယ်များတယ်... ကူမော့ရဲ့ သတင်းအချက်အလက်က မှန်ကန်ပြီး ဖေးလုံ က ကျူးရှန်းခရိုင်မှာ တကယ် ရှိနေတယ်ဆိုရင် ငါတို့ ထန်မိသားစုက သူ့ရဲ့ တည်နေရာကို သေချာပေါက် သိထားမှ ဖြစ်မယ်..." ဟု သူက ရှင်းပြလိုက်၏။
"အဖေ... ကျွန်တော် နားလည်ပါပြီ..." ထန်ပုရီက ရုတ်တရက် သဘောပေါက်သွားကာ ပြောလိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် ထန်ပုရီက ထပ်မံမေးလိုက်၏။ "အဖေ... အပြစ်အနာအဆာမဲ့ဓား က ချန်းလန် ဓားဂိုဏ်းက သိုင်းသခင်ကြီး ရဲ့ အတွက် သွန်းလုပ်ပေးထားတာလေ... အဲ့ဒီ မိစ္ဆာကျင့်ကြံသူတွေက အပြစ်အနာအဆာမဲ့ဓား ကို တကယ် ရန်စရဲလို့လား..."
"အဲ့ဒီ မိစ္ဆာသိုင်းပညာရှင်တွေက အရမ်းရဲတင်းတဲ့လူတွေချည်းပဲ မဟုတ်ဘူးလား... ပြီးတော့ သိုင်းလောကသားတွေ ရှာဖွေနေတာက နာမည်ဂုဏ်သတင်းနဲ့ ချမ်းသာကြွယ်ဝမှုလေ... နာမည်ဂုဏ်သတင်းက ဘယ်ကလာလဲ... ပြင်းထန်အားကောင်းတဲ့ သိုင်းပညာကလွဲရင် တခြားမရှိဘူး... ဆံပင်ကိုတောင် ဖြတ်နိုင်ပြီး သံမဏိကို ရွှံ့လို ခုတ်ဖြတ်နိုင်တဲ့ နတ်ဓားတစ်လက်ကို ပိုင်ဆိုင်ထားတာက ကိုယ့်ရဲ့ သိုင်းပညာကို မြှင့်တင်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား...
"အဲ့ဒီ အပြစ်အနာအဆာမဲ့ဓား က အာကာသထဲက ဥက္ကာပျံသံမဏိ နဲ့ အခြား ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ အများကြီးကို ပေါင်းစပ်ပြီး သွန်းလုပ်ထားတာ... ငါတို့ ထန်မိသားစုက လက်နက်သွန်းလုပ်လာတာ မျိုးဆက်သုံးဆက် ရှိပြီ... အခုမှ အဲ့လို နတ်လက်နက်မျိုးကို ဖန်တီးဖို့ အခွင့်အရေး ရတာ... အဲ့ဒါက ငါတို့ ထန်မိသားစုကို သိုင်းလောကမှာ တကယ်ကို နာမည်ကျော်ကြားလာစေပြီး ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်ရှိသွားစေကာ အစစ်အမှန် လက်နက်သွန်းလုပ်ရေး ဆရာသခင်အဖြစ် ရပ်တည်နိုင်စေလိမ့်မယ်... ဖေးလုံ လို မိစ္ဆာသိုင်းပညာရှင်တစ်ယောက်ကို မဆိုထားနဲ့ အသေးအမွှား နှောင့်ယှက်မှုလေးကိုတောင် ငါ သတိထားရမယ်..." ထန်ထျန်းဟောက်က ပြန်ဖြေလိုက်၏။