← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉) - မိစ္ဆာလမ်းစဉ်က စတင်လှုပ်ရှားလာခြင်း

"တကယ်ကြီး အဲ့လောက်တောင် ထူးဆန်းလို့လား..." ကူချူတုန်းက အနည်းငယ် သံသယဝင်ကာ မေးလိုက်၏။ "နင့်ရဲ့ စိတ်ကူးယဉ်မှုသက်သက်ပဲ ဖြစ်နေမလား... သူက နာမည်ကြီး ဓားသမားတစ်ယောက် ဆိုတော့ နင်က သူ့ကို ကြောက်ရွံ့လေးစားတဲ့ စိတ်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ခြောက်လှန့်နေတာရော မဖြစ်နိုင်ဘူးလား..."

"လုံးဝ မဟုတ်ဘူး..." ထန်ပုရီက ပြန်လည်ချေပလိုက်သည်။ "ငါ အရင်က အဖေနဲ့အတူ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ အများကြီးနဲ့ တွေ့ဖူးပါတယ်... သခင်လေး ရှန် ထက်တောင် ပိုပြီး နာမည်ကြီးတဲ့သူတွေနဲ့ တွေ့ဖူးတာပဲ... ဒါပေမဲ့ ငါ တစ်ခါမှ ဒီလို မခံစားဖူးဘူး... တကယ်ပြောတာ... အဖေက ငါ့ကို သခင်လေး ရှန် ကို နှုတ်ဆက်ခိုင်းတော့ သူက ငါ့ကို တစ်ချက်ကြည့်လိုက်တာနဲ့ ငါ့တစ်ကိုယ်လုံး ဆူးတွေနဲ့ အထိုးခံရသလို ခံစားလိုက်ရတာ..."

"ဒါဆိုရင် ငါ နောက်မှ သေချာ ကြည့်ရသေးတာပေါ့... တကယ်ပဲ အဲ့လောက် ထူးဆန်းလား ဆိုတာကို..." ကူချူတုန်းက စိတ်ဝင်တစား ပြောလိုက်၏။

"နင် မြင်ရင် သိသွားမှာပါ..."

ဓားဖိုမှာ ထန်မိသားစုစံအိမ်နှင့် သိပ်မဝေးလှပေ။

ရထားလုံးမှာ နံ့သာတိုင် တစ်ဝက်လောက် လောင်ကျွမ်းချိန်တွင် ရောက်ရှိသွားသည်။ ၎င်းမှာ စံအိမ်ငယ်လေး တစ်ခုအတွင်းတွင် တည်ရှိ၏။ တံခါးဝသို့ ရောက်သည်နှင့် သူတို့က ပြင်းထန်သော အပူရှိန်ကို ခံစားလိုက်ရသည်။ အဆောက်အဦးမြင့်တစ်ခု အတွင်း၌ ကြီးမားသော ဓားသွန်းလုပ်သည့် မီးဖိုကြီးတစ်ခု ရှိနေပြီး ပြင်းထန်စွာ လောင်ကျွမ်းနေကာ လက်မှုပညာရှင် ဒါဇင်ပေါင်းများစွာက အလုပ်ရှုပ်နေကြသည်။

ထိုအချိန်တွင် ပြန်လည်ရောက်ရှိလာနိုင်သော ထန်မိသားစု၏ သိုင်းပညာရှင် အများအပြားမှာ ဓားဖိုအပြင်ဘက်တွင် စုရုံးနေကြပြီ ဖြစ်သည်။ လူတစ်ရာကျော်ခန့်က အသင့်အနေအထားဖြင့် ရပ်နေကြပြီး စံအိမ်ငယ်လေးကို တင်းကျပ်စွာ ကာကွယ်ထားကြ၏။

ထန်မိသားစု၏ အဆင့်မြင့် အရာရှိများစွာမှာ ဧည့်ခန်းမဆောင်ကြီးတစ်ခုတွင် ထိုင်နေကြသည်။ ခေါင်းရင်းပိုင်းတွင် အဖြူရောင်ဝတ်စုံကို ဆင်တူဝတ်ဆင်ထားပြီး ထူးခြားသော အငွေ့အသက်များကို ပိုင်ဆိုင်ထားသည့် လူငယ်နှင့် မိန်းမပျိုလေးတို့ ရှိနေကာ ထန်ထျန်းဟောက် နှင့် ထန်ထျန်းချီ တို့က အဖော်ပြုပေးနေကြသည်။

ထန်ပုရီက ကူမော့နှင့် ကူချူတုန်းတို့ကို ဧည့်ခန်းမဆောင်အတွင်းသို့ ခေါ်ဆောင်သွားပြီး နောက်ဘက်ရှိ ထောင့်တစ်နေရာတွင် နေရာချထားပေးလိုက်၏။

"အစ်ကို ကူ၊ ညီမလေး ချူတုန်း... ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့နော်... ကျွန်တော့် မိသားစုက အစ်ကိုတို့ကို မလေးစားလို့ မဟုတ်ပါဘူး... ဒါပေမဲ့ ဒီနေ့က နတ်လက်နက် သွန်းလုပ်ပြီး သိုင်းသူရဲကောင်း ရှန် ကို လွှဲပြောင်းပေးရမယ့် နေ့လေ... နောက်ကျရင် ထန်မိသားစုက အကြီးအကဲ တချို့လည်း ရောက်လာကြဦးမှာဆိုတော့ ကျွန်တော်တို့ လူငယ်တွေက ရှေ့ဆုံးမှာ နေဖို့ သိပ်မသင့်တော်လို့ပါ... အစ်ကိုတို့လည်း သိတဲ့အတိုင်း အဲ့ဒီ အဘိုးကြီးတွေက စကားအရမ်းများပြီး စိတ်အနှောင့်အယှက် ဖြစ်ဖို့ကောင်းတယ်လေ... ကျွန်တော်တို့ ဒီနေရာမှာပဲ နေတာ အကောင်းဆုံးပါ... ပွဲကိုလည်း ကြည့်လို့ရသလို သူတို့ပြောတာတွေကိုလည်း နားထောင်စရာ မလိုတော့ဘူးပေါ့..." ထန်ပုရီက တီးတိုး ရှင်းပြလိုက်သည်။

ကူမော့က ပြုံးလိုက်ပြီး နားလည်ကြောင်း ပြသလိုက်၏။

သူ့အနေဖြင့် အပြစ်ဆိုစရာ ဘာမှမရှိဟု ထင်မိသည်။

ထန်မိသားစုသည် ယနေ့တွင် ချန်းလန် ဓားဂိုဏ်းမှ လူများကို ကြိုဆိုရန် အကြီးအကျယ် ပြင်ဆင်ထားကြသည်။ ထို့အပြင် ချန်းလန် ဓားဂိုဏ်း၏ သိုင်းလောကရှိ အဆင့်အတန်းမှာ ငြင်းဆိုဖွယ်ရာ မရှိပေ။ သူ့လို အမည်မသိ လူတစ်ယောက်ကို ရှေ့ဆုံးတွင် ထားရှိရန်မှာ အဓိပ္ပာယ် မရှိချေ။

"ချူတုန်း... ငါ့အဖေ့ဘေးက အဖြူရောင်ဝတ်ထားတဲ့ လူက နာမည်ကြီး သိုင်းသူရဲကောင်း ရှန်ပိုင် လေ... သူ့ဘေးက အမျိုးသမီးကတော့ သူ့ရဲ့ ညီမငယ်ပေါ့... ဒါပေမဲ့ သူက နာမည်မိတ်မဆက်တော့ ငါလည်း သူ့နာမည်ကို မသိဘူး..." ထန်ပုရီက တီးတိုး ပြောလိုက်၏။

ကူချူတုန်းက တစ်ချက် ကြည့်လိုက်ပြီး... "သူက သိပ်ပြီး ထူးခြားပုံမပေါ်ပါဘူး... ငါ့အစ်ကိုလောက်တောင် မချောဘူး..." ဟု ဝေဖန်လိုက်သည်။

"နင်လောက် ဝေးတဲ့နေရာကနေဆိုရင်တော့ ခံစားရမှာ မဟုတ်ဘူး... နင်သာ အနားရောက်သွားရင် ရှန်ပိုင်ရဲ့... ဘယ်လို ဖော်ပြရမှန်းကို မသိပါဘူးကွာ..." ထန်ပုရီက ပြောလိုက်၏။

ကူမော့လည်း ထန်ပုရီ ပြောသည့်အရာကို စိတ်ဝင်စားမိသော်လည်း သူ မျက်စိမမြင်ရသဖြင့် မမြင်နိုင်သောကြောင့် အနည်းငယ် နှမြောသွားမိသည်။

အချိန်တွေက မြန်ဆန်စွာ ကုန်လွန်သွားပြီး ဧည့်ခန်းမဆောင်မှာ ပိုမို၍ စည်ကားလာသည်။ ထန်မိသားစု၏ အကြီးအကဲများစွာ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသော်လည်း ကူမော့နှင့် ကူချူတုန်းတို့နှင့် ဘာမှ မသက်ဆိုင်ပေ။ အကြောင်းမှာ ယနေ့ ပွဲ၏ အဓိက ဇာတ်လိုက်မှာ ရှန်ပိုင် ဖြစ်နေသောကြောင့်ပင်။ မောင်နှမနှစ်ဦးမှာ စားသောက်ပြီး ပွဲကြည့်ရန်သာ လာခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ထန်မိသားစု၏ သခင်လေး တစ်ယောက်အနေဖြင့် ထန်ပုရီမှာ ထောင့်တစ်နေရာတွင် အမြဲတမ်း ပုန်းနေ၍ မရနိုင်ပေ။ အစပိုင်းတွင် သူက ကူမော့နှင့် ကူချူတုန်းတို့ အနီးတွင် ထိုင်ကာ စကားပြောပြီး ကြွားလုံးထုတ်နေသော်လည်း အကြီးအကဲများ ရောက်လာသောအခါ သူ့ကို ခေါ်သွားကြသဖြင့် ထိုနေရာတွင် ခေါင်းငုံ့ကာ စကားမပြောရဲဘဲ ထိုင်နေရလေသည်။

ထန်မိသားစု အကြီးအကဲများကလည်း သူ့ကို အလွတ်မပေးကြပေ။ မည်သို့ပင်ဆိုစေ ဤကိစ္စမှာ ရှန်ပိုင်၏ ရှေ့တွင် ဂုဏ်ယူဝင့်ကြွားပြရန် အခွင့်အရေးကောင်း တစ်ခု ဖြစ်နေသောကြောင့်ပင်။

"ဒေါင်..."

အချိန်တစ်ခုသို့ ရောက်သောအခါ အပြင်ဘက်မှ ကျယ်လောင်သော မောင်းသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

ဧည့်ခန်းမဆောင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားလေသည်။

ထို့နောက် ထန်ထျန်းဟောက်က ရှန်ပိုင်ကို အပြင်သို့ ထွက်ရန် ဖိတ်ခေါ်လိုက်ပြီး လူတိုင်းက နောက်မှ လိုက်ပါသွားကြသည်။

ထိုအချိန်တွင် ဓားဖိုအတွင်းမှ ပြင်းထန်စွာ လောင်ကျွမ်းနေသော မီးများမှာ ရပ်တန့်သွားပြီ ဖြစ်သည်။

ခေါင်းတစ်ခုလုံး ဆံပင်ဖြူနေသော ဓားသွန်းလုပ်သည့် လက်မှုပညာရှင် အဘိုးအိုတစ်ဦးက သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ဘဲ... "အချိန်ကောင်း ရောက်ပါပြီ... နတ်လက်နက် ကို ဆင့်ခေါ်လိုက်ပါ..." ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ကြီးမားသော သံသေတ္တာကြီးတစ်ခု ဓားဖိုထဲမှ လျှောထွက်လာပြီး လူတိုင်းက စူးစိုက်ကြည့်နေကြသည်။

ရုတ်တရက်... ထိုအခိုက်အတန့်မှာပင်...

သွေးများ ပေကျံနေသော ထန်မိသားစု၏ အစောင့်အရှောက်တစ်ဦး စံအိမ်အပြင်ဘက်မှ ပြေးဝင်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ... "အိမ်တော်သခင်... အိမ်တော်သခင်... ဒုက္ခပါပဲ... သူခိုးတစ်စုက စံအိမ်ထဲကို အတင်းဝင်လာပြီး သခင်မ ကို ရန်ရှာဖို့ လုပ်နေကြတယ်..." ဟု အော်ဟစ်လိုက်သည်။

ထန်ထျန်းဟောက်၏ မျက်နှာထားမှာ အကြီးအကျယ် ပြောင်းလဲသွား၏။ သူက အလောတကြီး ပြေးသွားပြီး အစောင့်အရှောက်ကို ထူကာ... "ဘယ်သူလဲ..."

"ဖေးလုံ..."

ခြံဝင်းအတွင်း၌ ကမောက်ကမ ဖြစ်သွားလေသည်။

ဘာဖြစ်နေသည်ကို လူတိုင်း မသိလိုက်ခင်မှာပင် ခြံဝင်းအပြင်ဘက်မှ တိုက်ပွဲခေါ်သံများ ရုတ်တရက် ထွက်ပေါ်လာ၏။ အပြင်ဘက်မှ လူအုပ်ကြီးတစ်အုပ် အတင်း ပြေးဝင်လာကြသည်။ အချို့က တံခါးမှတစ်ဆင့် တိုက်ခိုက်ဝင်ရောက်လာပြီး အချို့က နံရံများကို ကျော်ဖြတ်ကာ အချို့က ခေါင်မိုးပေါ်သို့ပင် ခုန်တက်လာကြသည်။ အပြင်ဘက်ရှိ ထန်မိသားစု၏ အစောင့်အရှောက်များမှာ တစ်ခဏချင်းအတွင်းမှာပင် လူစုကွဲပြီး ရှုံးနိမ့်သွားကြလေသည်။

"ထန်မိသားစုက နတ်လက်နက် တစ်ခု ရထားတယ်လို့ ကြားတယ်... ငါ ကောချွမ် က အရမ်း စိတ်ဝင်စားတယ်... အိမ်တော်သခင် ထန် က ဒီနတ်လက်နက်ကို ငါ့ကို ပေးသနားဖို့ သဘောတူနိုင်မလား..."

"နတ်လက်နက် က ဟိုမှာ... လုကြ... ရတဲ့သူ ယူ..."

"..."

ရုတ်တရက် ဝင်ရောက်လာသူ လူတစ်ရာထက် မနည်းရှိပြီး သူတို့တစ်ယောက်ချင်းစီတိုင်းက ထူးခြားသော သိုင်းပညာစွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် နေရာတွင်ရှိနေသော ထန်မိသားစုဝင်များနှင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားလေတော့သည်။ တိုက်ပွဲခေါ်သံများက စံအိမ်အတွင်း ပြည့်နှက်နေပြီး ဓားများ၏ လင်းလက်နေသော အရိပ်များမှာ အချင်းချင်း ရစ်ပတ်ကိုက်ခဲနေကြသည့် ရက်စက်သော နဂါးများနှင့် စပါးကြီးမြွေများအလား ဖြစ်နေသည်။ သွေးများ ပန်းထွက်လာပြီး အနီရောင် မြစ်ငယ်လေးတစ်ခုအဖြစ် စီးဆင်းသွား၏။

ပရမ်းပတာ အခြေအနေအတွင်း၌...

ထန်ထျန်းချီမှာ သူ၏ ပုံမှန် စိတ်ဓာတ်ကျနေသော အသွင်အပြင်ကို စွန့်လွှတ်လိုက်ပြီး သူ၏ ဓားရှည်ကို ဆုပ်ကိုင်ကာ ရန်သူများကို တိုက်ခိုက်ရင်း လျင်မြန်စွာ လူအချို့ကို ခုတ်ပိုင်းပစ်လိုက်သည်။ သူက စိတ်ရှုပ်ထွေးနေသော ထန်ထျန်းဟောက်ထံသို့ ပြေးသွားပြီး... "အစ်ကို... မြန်မြန်သွားပြီး မရီးကို ကယ်လိုက်... သိုင်းသူရဲကောင်း ရှန် နဲ့ ငါ ဒီမှာ ရှိတယ်... ဒီမိစ္ဆာတွေက အပြစ်အနာအဆာမဲ့ဓား ကို ယူသွားနိုင်မှာ မဟုတ်ဘူး..."

"ညီလေး... ဒီကိစ္စကို မင်းကို လွှဲထားခဲ့မယ်..."

ပရမ်းပတာ အခြေအနေအတွင်း ထန်ထျန်းဟောက်က အခြား မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ချေ။ နတ်လက်နက် က အရေးကြီးသော်လည်း သူ၏ ဇနီးက သူ့အတွက် ပို၍ အရေးကြီးလေသည်။ ချက်ချင်းပင် သူ လှည့်ကာ ပြေးထွက်သွားတော့သည်။

အခြားတစ်ဖက်၌...

ကူမော့က မျက်နှာဖုံးစွပ် လူနှစ်ယောက်ကို ဓားချက်နှစ်ချက်တည်းဖြင့် လျင်မြန်စွာ ခုတ်ပိုင်းပစ်လိုက်ပြီး ကူချူတုန်းနှင့် ထန်ပုရီတို့ကို ကာကွယ်ပေးရင်း ထွက်ခွာလာကာ... "ထန်မိသားစုအိမ်ကို သွားကြမယ်... ဖေးလုံ ကို ဖမ်းပြီး သခင်မ ထန် ကို သွားကယ်မယ်..." ဟု တီးတိုးပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် အစ်ကို ကူ..."

ထန်ပုရီက နတ်လက်နက်ကို ဂရုမစိုက်တော့ဘဲ ကူမော့၏ နောက်မှ လိုက်ကာ တံခါးအပြင်သို့ ထွက်လာခဲ့သည်။

အခြေအနေမှာ အရေးပေါ် ဖြစ်နေသဖြင့်...

ကူမော့က ရထားလုံး မစီးတော့ဘဲ ထန်ပုရီနှင့်အတူ မြင်းတစ်ကောင်တည်းကို အတူစီးကာ ကူချူတုန်းက တစ်ယောက်တည်း စီးပြီး ထန်မိသားစုစံအိမ်ဆီသို့ ဦးတည်သွားကြလေသည်။

ထန်မိသားစုစံအိမ်သို့ ရောက်ရှိသောအခါ...

ထန်ထျန်းဟောက်သည် ခေါင်မိုးများပေါ်မှ ခုန်ပျံကျော်လွှားနေပြီး သခင်မ ထန် မှာမူ လူအချို့၏ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရကာ လျင်မြန်စွာ ခေါ်ဆောင်သွားခြင်း ခံနေရသည်ကို သူတို့ တွေ့လိုက်ရ၏။

"အစ်ကို... အဲ့ဒါ ဖေးလုံ ပဲ..."

ထန်ထျန်းဟောက်ကို တိုက်ခိုက်နေသူများထဲမှ ထိပ်ပြောင်နေသော လူတစ်ယောက်ကို ကူချူတုန်း ချက်ချင်း မှတ်မိလိုက်သည်။ ထိုသူမှာ သူတို့ ကျူးရှန်းခရိုင်တွင် ပစ်မှတ်ထားနေသော အလိုရှိရာဇဝတ်ကောင် ထိပ်ပြောင် ပင် ဖြစ်သည်။ ထိုလူများက တိုက်ခိုက်လိုက်၊ နောက်ဆုတ်လိုက် လုပ်ရင်း ထန်မိသားစုစံအိမ်မှ လျင်မြန်စွာ ထွက်ပြေးသွားကြ၏။

"လိုက်..."

ကူမော့နှင့် အခြားသူများက လျင်မြန်စွာ နောက်မှ လိုက်သွားကြသည်။ သို့သော် ကူမော့တွင် နက်ရှိုင်းသော အတွင်းအားနှင့် အသံများကို ခြေရာခံနိုင်သော စွမ်းရည်များ ရှိသော်လည်း သူ၏ ကိုယ်ဖော့သိုင်းမှာ သာမန်မျှသာ ဖြစ်ပြီး သူ မျက်စိမမြင်ရသဖြင့် သူ၏ အမြန်နှုန်းမှာ ကူချူတုန်းနှင့် ထန်ပုရီတို့ထက် သိပ်မမြန်လှပေ။ သူတို့သည် အဝေးမှသာ နောက်ယောင်ခံ လိုက်နိုင်ကြ၏။

ကံကောင်းစွာပင် ထန်ထျန်းဟောက်က ရံဖန်ရံခါ အချက်ပြမှုများ ပြုလုပ်ပေးသဖြင့် သူတို့ လမ်းမပျောက်ခဲ့ပေ။

သူတို့အဖွဲ့ အတော်ကြာအောင် ပြေးလာပြီးနောက် နောက်ဆုံးတွင် မြို့ပြင်သို့ ရောက်ရှိသွားကြသည်။

ရုတ်တရက် ဖေးလုံနှင့် သူ၏အဖွဲ့က အိမ်တစ်လုံးထဲတွင် ရပ်တန့်သွားကြ၏။

ထန်ထျန်းဟောက် ချဉ်းကပ်လာသည်ကို ကြည့်ရင်း ထန်ထျန်းဟောက် ကောင်းကင်ပေါ်မှ ဆင်းသက်လာချိန်တွင် ဖေးလုံက... "အိမ်တော်သခင် ထန်... ခင်ဗျားရဲ့ အတွင်းအားတွေ ထကြွလာတာကို ခံစားရလား..." ဟု ရယ်မောကာ မေးလိုက်သည်။

အခန်း (၂၀) - ဖေးလုံ နှင့် တိုက်ပွဲ

ထန်ထျန်းဟောက်က ဂျုန်းခနဲ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူ၏ မျက်နှာတစ်ခုလုံး လည်ပင်းအထိ နီရဲနေ၏။ သူ အဆိပ်မိသွားပြီဆိုတာကို ကောင်းကောင်းကြီး သိနေသည်။ တကယ်တမ်းကျတော့ သူတို့နောက်ကို လိုက်လာစဉ်ကတည်းက တစ်ခုခု မှားယွင်းနေမှန်း သူ ခံစားမိခဲ့သော်လည်း သခင်မ ထန် ဖမ်းဆီးခေါ်ဆောင်ခံရသည်ကို သူ လက်ပိုက်ကြည့်မနေနိုင်ခဲ့ပေ။

ချက်ချင်းပင် ထန်ထျန်းဟောက်က သူ၏ အတွင်းအားကို လည်ပတ်စေပြီး အဆိပ်များကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။ သို့သော် သူ ထိုသို့ လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ သွေးနှင့် ချီ စွမ်းအင်များမှာ ထိန်းချုပ်၍မရအောင် နောက်ပြန်လှည့်သွားပြီး သွေးမည်းတစ်ပွက် အန်ချလိုက်ရလေသည်။

"အိမ်တော်သခင် ထန်... ခင်ဗျားရဲ့ အတွင်းအားတွေကို မသုံးပါနဲ့... ခင်ဗျားက စွမ်းအင်ပျော်ဝင်အဆိပ်မှုန့် ကို မိထားတာလေ... အတွင်းအားကို သုံးလေလေ အဆိပ်က ပိုပြီး မြန်မြန် ပျံ့နှံ့လေလေပဲ..." ဖေးလုံက ပြုံးလျက် ဆိုလိုက်၏။

ထိုအချိန်မှာပင်...

ကူမော့၊ ကူချူတုန်း နှင့် ထန်ပုရီ တို့ ရောက်ရှိလာကြသည်။ ထန်ပုရီက ဓားရှည်တစ်လက်ကို ကိုင်ဆောင်ကာ ရှေ့သို့ ပြေးထွက်လာ၏။ မြေပြင်ပေါ်တွင် သတိလစ်မေ့မြောနေသော သခင်မ ထန် ကို ကြည့်ပြီး သူ ဒေါသထွက်သွားကာ... "ခွေးကောင်... ငါ့အမေကို အခုချက်ချင်း လွှတ်ပေး... မဟုတ်ရင် မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်..." ဟု ဟိန်းဟောက်လိုက်သည်။

"သွားတော့..."

ထန်ထျန်းဟောက်က ဓားရှည်ကို ကိုင်ကာ ထန်ပုရီ၏ ရှေ့မှ ပိတ်ရပ်ပြီး... "မြန်မြန် ထွက်သွားကြ..." ဟု အော်ပြောလိုက်၏။

"အဖေ... ဒဏ်ရာရထားတာလား..." ထိုအခါမှ ထန်ပုရီက ထန်ထျန်းဟောက်၏ နှုတ်ခမ်းပေါ်ရှိ သွေးစွန်းနေသည်ကို သတိထားမိသွားသည်။

ထန်ထျန်းဟောက် စကားမပြောနိုင်ခင်မှာပင် ဖေးလုံက ရယ်မောလိုက်ပြီး... "သခင်လေး ထန်... ကောလာဟလတွေထဲကလိုပဲ မင်းက တကယ်ကို အသုံးမကျတာပဲ... မင်းဆီမှာ အဆိပ်မပျံ့သေးဘူး ဆိုတာက မင်းရဲ့ သိုင်းပညာတွေ ဘယ်လောက်တောင် ညံ့ဖျင်းလဲ ဆိုတာကို ပြနေတာပဲလေ... ငါ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်လို့ ပြောရအောင် မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ..." ဟု လှောင်ပြောင်လိုက်၏။

"အဆိပ်..."

ထန်ပုရီမှာ ထိတ်လန့်သွားသည်။

"အဲ့ဒါက အတွင်းအားတွေကို ပျော်ဝင်စေတဲ့ အဆိပ်ပဲ... အတွင်းအား ပိုနက်ရှိုင်းလေလေ အဆိပ်မိတာ ပိုဆိုးရွားလေလေပဲ... အတွင်းအားကို လည်ပတ်စေလေလေ အဆိပ်က ပိုပြီး မြန်မြန် ပျံ့နှံ့လေလေပဲ... သူတို့က ငါ့ကို အတွင်းအားတွေ သုံးလာအောင် တမင်တကာ ဒီကို မြူဆွယ်ခေါ်လာတာ... ငါ့တစ်ကိုယ်လုံးကို အဆိပ်တွေ ပျံ့နှံ့နေပြီ... ခဏနေရင် သူတို့ကို ငါ အစွမ်းကုန် တားထားပေးမယ်... မင်းတို့ အမြန် ထွက်ပြေးပြီး သိုင်းသူရဲကောင်း ရှန် ကို သွားရှာကြတော့..." ထန်ထျန်းဟောက်က အလျင်အမြန် ရှင်းပြလိုက်သည်။

ထန်ထျန်းဟောက်၏ စကားများကို ကြားသောအခါ အနောက်ဘက်တွင် ရှိနေသော ကူချူတုန်းမှာလည်း ထိတ်လန့်သွား၏။ အထူးသဖြင့် အတွင်းအား ပိုနက်ရှိုင်းလေလေ အဆိပ်မိတာ ပိုဆိုးရွားလေလေ ဆိုသော စကားကို ကြားသောအခါ သူမက ကူမော့ကို အလောတကြီး ကြည့်လိုက်သည်။

"အစ်ကို..."

ကူမော့က မျက်နှာထား အမူအရာမရှိဘဲ ခေါင်းအသာယမ်းပြလိုက်၏။

"ဟေ့... ဟို မျက်မမြင်ကောင်..."

ဖေးလုံက ကူမော့နှင့် ကူချူတုန်းတို့ကို ကြည့်ကာ... "မင်းက ငါ့ကို လိုက်ရှာနေတာလို့ ကြားတယ်... ငါ့ခေါင်းကို ယူပြီး ဆုကြေး သွားထုတ်မလို့လား..."

ကူမော့က ခေါင်းအသာညိတ်ကာ... "ဟုတ်တယ်... အင်း... ခင်ဗျား အနောက်က နှစ်ယောက်ကရော အလိုရှိ ရာဇဝတ်ကောင်တွေပဲလား... ဟုတ်တယ်ဆိုရင် သူတို့ကိုပါ တစ်ခါတည်း ခေါ်သွားလို့ရတယ်..."

"ဟားဟားဟား..."

ကူမော့၏ စကားကို ကြားသောအခါ ဖေးလုံ၏ အနောက်ရှိ အမျိုးသားနှင့် အမျိုးသမီးတို့မှာ အော်ဟစ်ရယ်မောလိုက်ကြသည်။ အမျိုးသားမှာ အလွန်ရုပ်ဆိုးပြီး မျက်နှာပေါ်တွင် ရေနွေးပူလောင်ထားသကဲ့သို့ အနီရောင် အမာရွတ်ကြီး တစ်ခု ရှိနေ၏။ အခြား အမျိုးသမီးမှာမူ အလွန်ဆွဲဆောင်မှုရှိပြီး မိတ်ကပ်များ အထူကြီး လိမ်းထားသည်။ သူမက အကြိမ်အနည်းငယ် ရယ်မောပြီးနောက်... "မျက်မမြင်လေး... မင်းက တော်တော်လေး ချောတာပဲဆိုတော့ ခဏနေရင် မင်းကို နာကျင်မှုမရှိဘဲ မြန်မြန်သေအောင် လုပ်ပေးပါ့မယ်... အင်း... ငါလည်း အလိုရှိ ရာဇဝတ်ကောင် တစ်ယောက်ပါပဲ... ငါ့နာမည်က ဝူဟွမ် တဲ့... ငါက သိပ်ပြီး နာမည်မကြီးပါဘူး၊ အစိုးရရဲ့ ဆုကြေးကလည်း မများပါဘူး... ငွေစင် တစ်ရာလောက်ပဲ ရှိတာပါ... အင်း... ငါ့ဘေးက ဒီရုပ်ဆိုးကြီးကတော့ ငါ့ထက် အများကြီး ပိုပြီး နာမည်ကြီးတယ်... သူ့နာမည်ပြောင်က မျက်နှာနီသားရဲ တဲ့၊ နာမည်ရင်းက ယန်ထန်... သူ့ခေါင်းက ငွေစင် နှစ်ရာ တန်တယ်လေ..."

ဝူဟွမ် အမည်ရှိ ဆွဲဆောင်မှုရှိသော အမျိုးသမီး မိတ်ဆက်ပြီးသည်နှင့် ကူမော့၏ စိတ်ထဲတွင် စနစ်၏ အသိပေးသံ ချက်ချင်း ထွက်ပေါ်လာ၏။

[ ပစ်မှတ်အသစ်ကို ရှာဖွေတွေ့ရှိပါသည် ]

[ အလိုရှိ ပစ်မှတ် - ဝူဟွမ် ]

[ တာဝန်အဆင့် - ကြယ်နှစ်ပွင့် ]

[ တာဝန် ဆုလာဘ် - အမြင့်ဆုံးအဆင့် တိမ်လှေကား ကောင်းကင်နည်းစနစ် ]

...

[ ပစ်မှတ်အသစ်ကို ရှာဖွေတွေ့ရှိပါသည် ]

[ အလိုရှိ ပစ်မှတ် - မျက်နှာနီသားရဲ ယန်ထန် ]

[ တာဝန်အဆင့် - ကြယ်နှစ်ပွင့် ]

[ တာဝန် ဆုလာဘ် - အမြင့်ဆုံးအဆင့် လက်ချောင်းလှုပ်ခတ် နတ်ဘုရားနည်းစနစ် ]

...

"တကယ့်ကို လူကောင်းတွေပဲ..." ကူမော့ စိတ်ထဲမှ ရေရွတ်လိုက်မိ၏။

စနစ်က တာဝန်ထုတ်ပေးရန် အခြေအနေ နှစ်ရပ်ရှိကြောင်း ကူမော့ သတိပြုမိသွားသည်။ ပထမအချက်မှာ တိုက်ရိုက် ရည်ရွယ်ချက်ပါရှိသော တာဝန်တစ်ခု ဖြစ်ရမည်။ ဒုတိယအချက်မှာ တာဝန်ကို စတင်ရန်အတွက် အသုံးပြုသူက အလိုရှိ ရာဇဝတ်ကောင်ကို သိရှိထားရမည် ဖြစ်သည်။ သို့မဟုတ်ပါက သူတို့ မျက်နှာချင်းဆိုင် တွေ့နေလျှင်တောင် အသုံးပြုသူက တစ်ဖက်လူမှာ အလိုရှိ ရာဇဝတ်ကောင်မှန်း မသိပါက တာဝန်က စတင်မည် မဟုတ်ပေ။

ဤဝူဟွမ်မှာ ကျွမ်းကျင်သော သိုင်းပညာရှင် တစ်ဦး ဖြစ်သည်။

စနစ်၏ အဆင့်သတ်မှတ်ချက်တွင် အချက်နှစ်ချက် ပါဝင်သည်။ အလိုရှိ ရာဇဝတ်ကောင်၏ ဩဇာလွှမ်းမိုးမှုနှင့် သူတို့၏ ခွန်အား ပင်ဖြစ်သည်။

ဝူဟွမ်မှာ နာမည်မကြီးပေ။ အနည်းဆုံးတော့ မျက်နှာနီသားရဲ ယန်ထန် သို့မဟုတ် ကူမော့ အရင်က သတ်ခဲ့သော သံမဏိ ဘုန်းတော်ကြီး နှင့် ဆရာမ ခူရှင်း တို့လောက် နာမည်မကြီးချေ။ သို့တိုင်အောင် သူမ၏ စနစ်အဆင့်သတ်မှတ်ချက်မှာ ကြယ်နှစ်ပွင့် ဖြစ်နေပြီး ဆရာမ ခူရှင်းထက်ပင် ပိုမိုမြင့်မားနေသဖြင့် သူမ၏ သိုင်းပညာများမှာ အလွန်အဆင့်မြင့်ကြောင်း ဖော်ပြနေလေသည်။

ဝူဟွမ်မှာ လူကောင်းတစ်ယောက်ဟု ကူမော့ တွေးလိုက်မိသည်။

လောလောဆယ် သူသည် ကိုယ်ဖော့သိုင်း တစ်ခု လိုအပ်နေပြီး ဝူဟွမ်က သူမ၏ ခေါင်းကို သူ့ထံ လာပို့ပေးနေခြင်းပင်။

...

"တော်တော့... အရမ်း ကာမမက်မနေနဲ့..." မျက်နှာနီသားရဲ ယန်ထန်က ဝူဟွမ်ကို ကြည့်မရသဖြင့် ဆူပူလိုက်ပြီး... "ဒီကောင်လေးက အဆိပ်မိတဲ့ လက္ခဏာ တစ်ခုမှ မပြသေးဘူးဆိုတော့ သူ့ရဲ့ သိုင်းပညာက သိပ်မနက်ရှိုင်းဘူးပဲ... အရင်တုန်းက ဟိုဘုန်းကြီးနဲ့ သီလရှင် အတွဲကို သူက တကယ်ကြီး သတ်နိုင်ခဲ့တယ်ဆိုတာ တော်တော်လေး ထူးဆန်းတာပဲ... အခုချက်ချင်း သူ့ကို သတ်ပစ်လိုက်မယ်..."

"နေဦး..."

ယန်ထန် ဝင်ရောက်တိုက်ခိုက်ရန် ပြင်လိုက်စဉ် ဖေးလုံက တားဆီးလိုက်ပြီး... "ငါ ဒီကောင်လေးနဲ့ ဆော့ချင်သေးတယ်... ကျစ်... အမွေးတောင် စုံအောင် မပေါက်သေးတဲ့ ဒီမျက်မမြင်ကောင်က ငါ့ကို သတ်ချင်နေတာတဲ့... ပြီးတော့ ဒီအထိတောင် ငါ့နောက်ကို လိုက်လာပြီး နေရာအနှံ့ လိုက်ရှာနေတာတဲ့... သူ့ကို သေတဲ့အထိ ကစားပစ်မယ်..."

"ဒါမှမဟုတ် ငါ့ကို ပေးလိုက်လေ..." ဝူဟွမ်က ဝင်ပြောလိုက်၏။ "ဒီမျက်မမြင် ညီလေးက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်တယ်... ပြီးတော့ ချောလည်း ချောတယ်... အထူးသဖြင့် သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ အမူအရာကို ငါ တကယ် သဘောကျတယ်... သူ့ကို အရှင်လတ်လတ် အရေခွာပြီး ရတနာတစ်ခုလို သိမ်းထားချင်တယ်..."

"..."

ကူမော့က သူ့ကို ဘယ်သူသတ်မလဲ ဆိုသည့်အကြောင်း ပေါ့ပေါ့ပါးပါး ဆွေးနွေးနေကြသည်ကို နားထောင်ရင်း ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် သူ့ဘေးရှိ ထန်ပုရီနှင့် ကူချူတုန်းတို့မှာ အဆိပ်မိနေသည့် လက္ခဏာများ ပြသနေပြီဖြစ်ပြီး ကူမော့၏ မျက်နှာမှာလည်း နီရဲလာလေပြီ။

"တိုက်ကြ..."

ထိုအချိန်မှာပင်...

ဖေးလုံနှင့် သူ၏ အဖော်နှစ်ယောက်က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လာကြ၏။

စကားတွေ အများကြီး ပြောနေသည်ဟု ထင်ရသော ဤလူများမှာ တကယ်တမ်းကျတော့ အတွေ့အကြုံရင့်ကျက်ပြီး အလွန်သတိကြီးသူများ ဖြစ်ကြသည်။ သူတို့က ထန်ပုရီနှင့် အခြားသူများကို အဆိပ်ပျံ့နှံ့သွားစေရန် အချိန်ဆွဲနေခဲ့ခြင်းသာ ဖြစ်ပြီး အဆိပ်မိသွားမှသာ စတင်တိုက်ခိုက်ကြခြင်း ဖြစ်သည်။

လူငယ်လေးများကို သူတို့ အထင်မကြီးသော်လည်း...

နှစ်ပေါင်းများစွာ သိုင်းလောက အတွေ့အကြုံများက သူတို့ကို အလွန်အမင်း သတိကြီးစေခဲ့ပြီး ခြင်္သေ့တစ်ကောင်သည် ယုန်တစ်ကောင်ကို ဖမ်းရန်ပင် သူ၏ အစွမ်းအကုန် ထုတ်သုံးရသည် ဟူသော နိယာမကို ကောင်းကောင်း နားလည်ထားကြသည်။

"ပြေးတော့..."

ထန်ထျန်းဟောက်က သွေးတစ်ပွက် ရုတ်တရက် အန်ချလိုက်ပြီး သူ၏ အတွင်းအားကို အတင်းအကျပ် လည်ပတ်စေကာ သူ၏ ဓားရှည်ဖြင့် ဖေးလုံနှင့် သူ၏ အဖော်နှစ်ယောက်ထံသို့ ခုတ်ပိုင်းလိုက်၏။

"အစ်ကို ကူ... သွားကြမယ်..."

သူတို့ ထွက်ပြေးနိုင်ရန်အတွက် သူ၏ဖခင်က အချိန်ဆွဲပေးနေမှန်း ထန်ပုရီ သိသည်။ သူက ဖခင်ဖြစ်သူနှင့်အတူ ကျန်ရစ်ကာ တိုက်ပွဲဝင်ချင်သော်လည်း သူ ကျန်နေခဲ့ပါက ဝန်ထုပ်ဝန်ပိုးသာ ဖြစ်စေပြီး သူတို့အားလုံး သေချာပေါက် သေဆုံးသွားမည်ကို သူ သိသည်။ အကယ်၍ သူတို့ထဲမှ တစ်ယောက်ယောက် လွတ်မြောက်သွားပြီး အကူအညီ သွားခေါ်နိုင်ပါက အသက်ရှင်နိုင်မည့် အခွင့်အရေး ရှိသေးသည်။

ထို့ကြောင့်...

ထန်ပုရီက ဖခင်ဖြစ်သူ ထန်ထျန်းဟောက်နှင့် ရှားရှားပါးပါး နားလည်မှု တစ်ခုကို ချက်ချင်း ပြသလိုက်၏။ သူ၏ ဝတ်ရုံထဲမှ လျှို့ဝှက်လက်နက် တစ်ခုကို ရုတ်တရက် ဆွဲထုတ်ကာ ဖေးလုံနှင့် သူ၏ အဖော်များထံသို့ ပစ်လွှတ်လိုက်ပြီး ကူမော့နှင့် ကူချူတုန်းတို့ကို ဆွဲကာ ထွက်ပြေးလေတော့သည်။

ကူမော့: "??"

"မင်းတို့ လွတ်မှာ မဟုတ်ဘူး..."

ဖေးလုံက ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး သူတို့အဖွဲ့၏ အနောက်တွင် တိုက်ရိုက် ကျဆင်းလာ၏။ သံမဏိ ဓားကြီးကို ကိုင်ဆောင်ထားကာ ပင်လယ်ထဲမှ ထွက်ပေါ်လာသော နဂါးတစ်ကောင်အလား လှုပ်ရှားနေပြီး သူ၏ ဓားချက်များမှာ လေတိုးသံများ ထွက်ပေါ်နေကာ တားဆီး၍ မရနိုင်လောက်အောင် ဖြစ်နေသည်။ သူ ဖြတ်သွားရာ နေရာတိုင်းရှိ လေထုမှာ ထက်မြက်သော ဓားကြောင့် ဖြတ်တောက်ခံလိုက်ရသကဲ့သို့ ရှဲခနဲ အသံများ ထွက်ပေါ်နေပြီး ရှေ့ဆုံးမှ ထန်ပုရီကို ခုတ်ပိုင်းလိုက်လေသည်။

သို့သော် သံမဏိ ဓားကြီးက ထန်ပုရီ၏ ကျောပြင်ကို ထိတော့မည့် အချိန်မှာပင် ထန်ဓား တစ်လက် ပေါ်လာပြီး ဖေးလုံ၏ တိုက်ခိုက်မှုကို တားဆီးလိုက်၏။

ချွင်ခနဲ အသံနှင့်အတူ မီးပွားများ လွင့်စဉ်သွားသည်။

ဖေးလုံမှာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရပြီး ကူမော့ကို အံ့အားသင့်စွာ စိုက်ကြည့်ကာ... "မင်း အဆိပ်မမိဘူးလား..." ဟု အလန့်တကြား မေးလိုက်၏။

ဖေးလုံ စကားပြောလို့ မဆုံးမီမှာပင်...

ကူမော့က ဓားဖြင့် ရှေ့သို့ တိုးဝင်တိုက်ခိုက်လိုက်လေတော့သည်။

All Chapters