ပိုပြီး စိတ်ချရတဲ့ ရွေးချယ်ချက်… အထွတ်အမြတ်မြေဆီ အပ်
Vol. 6-10 Ch. 105
အခန်း (၁၀၅) : ပိုပြီး စိတ်ချရတဲ့ ရွေးချယ်ချက်… အထွတ်အမြတ်မြေဆီ အပ်
အရှေ့ပိုင်းလွင်ပြင်ဒေသ၊ ထိုက်ပိုင်ချိုင့်ဝှမ်းရှိ တောင်တစ်တောင်၏ အနောက်ဘက်၌…
တောင်မြင့်တစ်နေရာဆီမှ ရေတံခွန်ကြီးက စီးကျနေကာ ရေကျသံတို့က နားကွဲလုမတတ် ကျယ်လောင်နေ၏။
ထူးဆန်းစွာပင် ရေတံခွန်အောက်တွင် လူရွယ် ၂ ယောက် ရပ်နေကြသည်။ သူတို့က ရေတံခွန်ဆီသို့ ရိုက်ခုတ်ရန် သူတို့၏ လက်ထဲမှ ဓားရှည်များကို လွှဲနေကြသည်။
ရေတံခွန် ဘေးနားက လေဟာနယ်ထဲတွင် သက်သတ်ပိုင်းအရွယ် လူကြီး ၂ ယောက်က မျက်နှာချင်းဆိုင် ရပ်နေကြသည်။ တစ်ယောက်က ခရမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလျက် ကျန်တစ်ယောက်က ကျောဘက်တွင် ဓားပြားကြီး တစ်လက်ကို လွယ်ထားလေသည်။
အထွတ်အထိပ်ရှင် ကျီယန်က တောင်းပန်တိုလျှိုးသည့် မျက်နှာပေးနှင့် “ဂိုဏ်းတူအစ်ကိုကြီးရယ် … အစ်ကိုကြီး ကျွန်တော့်ကို တစ်ရက်နဲ့ တစ်ည တိတိ လေ့ကျင့်ခိုင်းပြီးပြီလေဗျာ”
ချန်းဟယ် ဓားအသျှင်က အေးစက်စွာ တုံ့ပြန်လိုက်သည် “ဒါပေမဲ့ ဂိုဏ်းတူညီလေးရဲ့ သက်လုံအားက အခုအထိ ရှက်စရာ ကောင်းနေတုန်းပဲ”
စကားဆုံးသည်နှင့် သူက သူ့ဘေးမှ ရေတံခွန်ကို လှည့်ကြည့်လိုက်ကာ “အားပိုသုံးစမ်း။ ဓားသမားတွေ အနေနဲ့ အားမလျော့တဲ့ ဇွဲနဲ့ လေ့ကျင့်မှ မင်းတို့ရဲ့ ဓားတွေက ထက်နေမှာ။ မင်းတို့ သန်မာရမယ်။ လျင်မြန်ရမယ်”
“ရှန်အောင်း … မင်းက ထိုက်ပိုင်ချိုင့်ဝှမ်းထဲ ဝင်ပြီးသွားပြီ ဆိုတော့ မင်းကြောင့် ငါတို့ကို မျက်နှာမပျက်စေနဲ့။ နောက်တစ်လနေရင် အထွတ်အမြတ်မြေကြီး ၂ ခုနဲ့ ချိုင့်ဝှမ်းကြီး ၆ ခုတို့ ကြား အသေးစား ပြိုင်ပွဲလေး တစ်ခု ရှိတယ်။ ရှေးဟောင်းစစ်မြေပြင်မှာ ပြိုင်ရမယ့် ပူးပေါင်းလေ့ကျင့်ရေး တစ်ခုပေါ့။
ဒီတစ်ခေါက် ပြိုင်ပွဲနေရာက မီးတိုင်းပြည်နားက ရှေးဟောင်းစစ်မြေပြင် အစွန်အဖျားနားမှာ လုပ်မှာ။ ရွှေအမြုတေ အဆင့်မှာ ရှိနေတဲ့လူတွေ ဝင်ပြိုင်လို့ မရဘူး။
စမ်းသပ်ပွဲမှာ ထူးချွန်နေအောင်လို့ မင်းဆရာအစား ငါက မင်းကို လေ့ကျင့်ပေးမယ်။ ဓားရေး သင်ပေးမယ်။ တစ်လကြာပြီးတဲ့နောက်မှာ မင်း ဒီလိုမျိုး ဆက်အားမနည်းနေဖို့ ငါ မျှော်လင့်တယ်။ ငါတို့ဂိုဏ်းကို အရှက်မရအောင်ပေါ့ … အဲလိုမှ မဟုတ်ရင်တော့လား”
လီခန်းလန်က စကားကို ပြီးအောင် မပြောသော်လည်း ရေတံခွန်အောက်မှ ရှန်အောင်းမှာကား ငိုချင်နေလေပြီ။
ဘုရားရေ … ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုးရန်စမှလည်း မရှိပါဘဲနဲ့ ကျွန်တော့်ကို ဘာကြောင့် ဒီလိုလုပ်ရတာလဲ … ပြီးတော့ တစ်လတာ အထူးလေ့ကျင့်ရေး ဟုတ်လား … တစ်လလေး အထူးလေ့ကျင့်ပြီးတော့ အကြီးအကျယ် တိုးတက်သွားနိုင်တဲ့ အခြေခံတည်အဆင့် ရောက်ခါစ လူဆိုလို့ ဘယ်နှယောက်များ မြင်ဖူးလို့လဲဗျာ…
အဲဒါတင်မကသေးဘူး … ကျွန်တော့်ကို အထွတ်အမြတ်မြေကြီး ၂ ခုနဲ့ ချိုင့်ဝှမ်းကြီး ၆ ခုရဲ့ ပူးပေါင်းလေ့ကျင့်စမ်းသပ်ပွဲထဲ ဝင်ပြိုင်စေချင်သေးတယ် ဟုတ်လား … အဲဒီကို လာမယ့် ကြုံရာလူကို သွားကြည့်ကြည့်ရင်တောင် ကျွန်တော်ထက် ကျင့်ကြံဆင့် မြင့်နေကြဦးမှာကို သိရဲ့လား…
ရှန်အောင်းက ရေတံခွန်အား ခက်ခက်ခဲခဲ ရိုက်ခုတ်နေရင်း စိတ်ထဲတွင် အတွန့်တက် ညည်းညူနေလေ၏။ သူ့ခမျာ စိတ်ဓာတ်အကြီးအကျယ် ကျနေမိသည်။
သူ့ဘေးမှာ သူနှင့်အတူ လေ့ကျင့်နေရပြီး သူ့ထက်တောင် အခြေအနေ ပိုဆိုးနေသည့် လူတစ်ယောက်သာ ရှိမနေပါက ရှန်အောင်းက သူ့ဘဝကြီးသည် မျှော်လင့်ချက်မဲ့ကာ အဓိပ္ပယ်မဲ့နေပြီဟု ခံစားမိပေလိမ့်မည်။
နေဦး … အထွတ်အမြတ်မြေကြီး ၂ ခု ဆိုတဲ့ အထဲ ၁ ခုက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတော့ မဟုတ်လောက်ပါဘူးနော်…
ထိုဖြစ်နိုင်ခြေကို တွေးမိကာ ရှန်အောင်းမှာ ပိုပိုပြီး စိတ်ပူလာမိလေတော့သည်။
ငါ့ကို အဲလို မလုပ်ပါနဲ့ … ငါ့ညီတော် (၁၃)က အဆိပ်ပြင်းလွန်းလို့ပါကွာ…
……………………
အရှေ့ပိုင်းလွင်ပြင်ဒေသ၊ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ၌…
ဤကမ္ဘာလေးထဲတွင် ငှက်ကလေးတွေ၏ တေးသံများ၊ ပန်းမာလာတို့၏ သင်းရနံ့များနှင့် ပြည့်နှက်နေကာ မက်မန်ပန်းပင်များက နေရာအနှံ့ ဖူးပွင့်နေကြသည်။
ကမ္ဘာလေး၏ အလယ်တည့်တည့်တွင် ဧရာမ ကြီးမားသော ဝိညာဉ်တောင်ကြီး တစ်တောင် ရှိသည်။ ခမ်းနားထည်ဝါစွာ အလှဆင်မွမ်းမံထားသော ကျောက်စိမ်းနန်းဆောင် တစ်ခုက ကျင့်ကြံသူတို့၏ သဘောသဘာဝကို ဖော်ကျူးနေလေ၏။
ဝိညာဉ်တောင်ကြီး၏ အလယ်ရှိ “ကျင့်ကြံသူ သန့်စင်ရေး စိမ့်စမ်းအိုင်” အတွင်း၌ ဝိညာဉ်မြူတို့ လွှမ်းခြုံပြည့်နှက်နေသည်။
ထိုစဉ် အမျိုးသမီးတစ်ဦးက ကျက်သရေရှိစွာ လျှောက်လှမ်းလာသည်။ သူမက စိမ်းပြာရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထား၏။ ဝိညာဉ်ချီတို့ လွှမ်းခြုံထားသော သူမကို ကြည့်ရသည်မှာ ပန်းချီကားထဲမှ ထွက်လာသည့် နတ်မိမယ်လေး တစ်ပါးအလား ထင်မှတ်ရလေ၏။
စမ်းရေတွေ၏ အဝင်ဝနားတွင် များစွာသော အမျိုးသမီး ကျင့်ကြံသူတို့ စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံးထဲမှ တစ်ယောက်စီတိုင်းက အမြင် တင့်တယ်သည့် နူးညံ့လှပသော ရုပ်ရည်သွင်ပြင်များ ပိုင်ဆိုင်ထားကြသည်။
“ဂိုဏ်းတူအစ်မ လင်းအာ … ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ဝိညာဉ်ကျက်သရေတောင်မှာ သူမကို လာရှာဖို့ အစ်မကို မှာကြားထားပါတယ်ရှင့်။ အသျှင်မက ပြောတယ် … ဂိုဏ်းတူအစ်မကို ရှန်အောင်းနဲ့ ပတ်သက်တဲ့ သတင်း ပြောချင်လို့တဲ့”
အမျိုးသမီးက ညင်သာစွာ ခေါင်းငြိမ့်ပြလိုက်သည်။ သူမမျက်လုံးလေးများကတော့ အရောင်တွေ လက်ပြီး တောက်ပနေလေ၏။
သူမက ခြေတစ်လှမ်းချင်း ညင်ညင်သာသာ လျှောက်လှမ်းလိုက်ချိန် သူမခြေထောက်အောက်၌ ဝိညာဉ်ချီတို့ ပွင့်အာလာကြကာ ဝိညာဉ်လှိုင်းများကို ဖြစ်ပေါ်သွားစေသည်။
တဖြည်းဖြည်းနှင့် အဝေးရောက်သွားသည့် အမျိုးသမီးကို ကြည့်ကာ ကျန်တပည့်မများမှာ မနာလိုမှု အတိ ဖြစ်နေရသည်။
ရဲရဲနီကကြိုး ကောင်းကင်အသျှင် အပြင်ဘက်မှ ခေါ်လာခဲ့သော နတ်ရေစင် ဝိညာဉ်အသျှင်၏ ဆက်ခံသူဆီတွင် မထင်မှတ်ဘဲ ရှားပါးသည့် “မွေးရာပါ ပင်ကိုယ် ဝိညာဉ်ဖွဲ့စည်းပုံ” ရှိနေလေသည်။ ကြည့်ရတာ သူတော်စင်မ လောင်းလျာ အပြောင်းအလဲ ရှိလာတော့မည်နှင့် တူသည်။
……………………………
အရှေ့ပိုင်းလွင်ပြင်ဒေသ၊ အံ့ဖွယ်မိုးကောင်းကင်မြို့၏ ဆင်ခြေဖုံးရပ်ကွက်များရှိ တစ်ခုသော အိမ်တစ်လုံးအတွင်း…
ဘုန်း…
ပြင်းထန်သော ပေါက်ကွဲသံကြီး မြည်ဟီးသွားကာ မီးခိုးမည်းများကို မြင်လိုက်ရ၏။
ထူခဲနေသော မီးခိုးမည်းများအတွင်းမှ တစ်ကိုယ်လုံး မည်းတူးနေသည့် လူတစ်ယောက် ထွက်လာသည်။ သူ့ခါးတွင် ငွေရောင်သံလုံး တချို့ ချိတ်ဆွဲထားကာ ပခုံးပေါ်တွင်လည်း အနက်ရောင် သံတုတ်တံ တစ်ချောင်းကို ထမ်းထားလေသည်။
ထူးထူးခြားခြား ပြောစရာရှိသည်မှာ ထိုအနက်ရောင် သံတုတ်တံ၏ ပုံသဏ္ဍာန်က “ပီယူဘီဂျီ” ထဲက သေနတ်နှင့် အင်မတန် ဆင်တူနေသည့် အချက်ပင်။
“အောင်မြင်သွားပြီ … ငါ အောင်မြင်သွားပြီကွ”
ချင်ယွင်သိက မည်းတူးနေသည့် လက်ဖြင့် မည်းတူးနေသည့် မျက်နှာကို သုတ်လိုက်သည်။ ထိုအခါ တစ်မျက်နှာလုံး ပို၍ပင် မည်းတူးသွားလေ၏။
“ဂိုဏ်းတူအစ်ကိုရေ့… ပေါက်ကွဲအားက ယင်ဓာတ်၊ ယန်ဓာတ်နဲ့ ဝိညာဉ်ချီတွေကို ၄ ချိုး ၂ ချိုး ၁ ချိုး ဆိုပြီး အချိုးကျ ရောလိုက်တဲ့ အချိန်မှာ အပြင်းဆုံးပဲဆိုတာ ကျွန်တော် ရှာတွေ့သွားပြီဗျ။ အဲဒါတင်မကဘူး… ယင်ယန်ဖောက်ခွင်းနတ်မိုးကြိုးရယ်၊ ယင်ယန်နတ်ဆိုးဖောက်ခွင်းသေနတ်ရယ်ကိုလည်း ကျွန်တော် လုပ်နိုင်ခဲ့ပြီ။ အဲဒါတွေကို စမ်းကြည့်ကြည့်ပါဦး ဂိုဏ်းတူအစ်ကို။ အစ်ကို ကျေနပ်ရဲ့လားဆိုတာ တစ်ချက် ကြည့်ကြည့်လိုက်”
ဒီလောက် မြန်မြန် လုပ်လို့ ပြီးသွားတယ်လား…
ရှန်ထျန်းက မျက်ခုံးပင့်လိုက်၏။
တစ်ရက်တည်းနဲ့ သူက လက်ပစ်ဗုံးကော သေနတ်ကောကို တီထွင်နိုင်ခဲ့တာလား … တကယ်ပဲ ဂိုဏ်းတူညီလေး ယွင်တိ ပီသပါပေ့…
ချင်ယွင်တိဆီမှ ငွေသံလုံး တစ်လုံးကို ယူလိုက်ကာ ရှန်ထျန်းက ထိုသံလုံးကို မီတာ တစ်ရာ အကွာဆီသို့ ချက်ချင်း လှမ်းပစ်လိုက်သည်။
ဘုန်း…
လေဟာနယ်ထဲ နတ်မိုးကြိုးတို့ ပေါက်ကွဲထွက်သွားသည်။ ထို့အတူ ငွေရောင် ဝိညာဉ်သံလုံးများကလည်း ကြယ်တွေ ကြွေလာသည့်အလား လေးဘက်လေးတန် အရှိန်အဟုန်ပြင်းစွာ လွှင့်စင်သွားကြလေ၏။
မျက်တောင်တစ်ခတ်စာ အတွင်း လယ်ထွန်ထားသည့်အလား မြေကြီးတွင် တွင်းနက်ကြီးများ မရေမတွက်နိုင်အောင် ဖြစ်ပေါ်သွားလေသည်။
လက်နက်၏ အစွမ်းက ရှန်ထျန်းအား ဆွံ့အသွားစေသည်။
ဟိုက်ဒရိုဂျင်ရယ်၊ အောက်ဆီဂျင်ရယ်၊ ဝိညာဉ်ချီရယ်ကို ရောလိုက်ရင် ဒီလောက် အစွမ်းထက်သွားလိမ့်မယ်လို့ ဘယ်သူကများ တွေးမိမှာလဲ…
ချင်ယွင်တိ၏ ပြောစကားအရ ဒီမိုးကြိုးတိုက်ခိုက်မှုက ထိပ်သီးအဆင့် အခြေတည် ကျင့်ကြံသူများကိုပင် ဒဏ်ရာ ရစေနိုင်မည် ဖြစ်သည်။
သို့သော် ထိုသို့ ဖြစ်လာရန်အတွက် ထိုထိပ်သီးအဆင့် အခြေတည် ကျင့်ကြံသူက အရူးလိုမျိုး တစ်နေရာတည်းမှာ ငြိမ်ငြိမ်ကလေး ရပ်ပေးနေမှ ရပေလိမ့်မည်။ ထို့ကြောင့် ဖြစ်နိုင်ခြေမှာ နည်းလေသည်။ သို့သော် ထောင်ချောက်အစီအရင်၊ သေမင်းအစီအရင်၊ ထောင်ချောက်တွေ၊ မြေမြှုပ်မိုင်းတွေနှင့် တွဲသုံးလိုက်ပါက ရလဒ်ကို ပြောရခက်သွားပေမည်။
ကဲပါ… အခုလောလောဆယ် ဒီသေနတ်ကြီးကိုလည်း သုံးလို့ ကောင်းမကောင်း စမ်းကြည့်ကြည့်ရအောင်…
ရှန်ထျန်းက ချင်ယွင်တိ ကမ်းပေးသော အနက်ရောင် သံတုတ်တံကို ညင်သာစွာ ပွတ်လိုက်သည်။ မီးဝင်းဝင်း တောက်နေသော အကြည့်တို့တွင် စိတ်အားထက်သန်မှုတို့ အပြည့် ဖြစ်နေသည်။
ယောက်ျားဆိုလျှင် သေနတ်ပစ်ခြင်းကို မွေးရာပါ စိတ်ဝင်စားကြသည်သာ။ ဘာကို ပစ်ရ ပစ်ရ၊ ပစ်ကြည့်ချင်သည်သာ။
ရှန်ထျန်းလည်း ထိုနည်းတူပင် ဖြစ်သည်။
ချင်ယွင်တိ လုပ်ပြထားသည့်အတိုင်း သူက သံတုတ်တံထဲကို မိုးကြိုးအဆောင်နှင့် ဝိညာဉ်သံလုံးတို့ကို ထည့်သွင်းလိုက်သည်။
ပြီးနောက် ရှန်ထျန်းက ထိုအကြမ်းထည် သေနတ်ကို အိမ်ထဲက ကျောက်ဆောင်တစ်ခု ဆီသို့ ချိန်ရွယ်လိုက်သည်။ ဖြည်းဖြည်းချင်း မောင်းတံကို ဆွဲလိုက်သည်။ ချက်ချင်းပဲ သေနတ်၏ မျက်နှာပြင်ပေါ်တွင် ဆန်းကြယ်အစီအရင်တစ်ခု ဖျက်ခနဲ လင်းသွားသည်။ ထိုဟာမှာ ဝိညာဉ်ရွှေ သေနတ်ပြောင်းကို ပေါက်ကွဲခြင်းမှ ကာကွယ်ရန်အတွက် လုပ်ထားသော ကာကွယ်ရေး အစီအရင် ဖြစ်သည်။
ဘုန်း…
မိုးကြိုးအဆောင် ပေါက်ကွဲသွားသည့်အခိုက် ဝိညာဉ်သံလုံးများက ပြောင်းဝမှ ပြေးထွက်လာကာ ကျောက်ဆောင်ကို ချက်ချင်း ထိုးဖောက်သွားလေ၏။
မီးခိုးများ လွင့်ပျယ်သွားသောအခါ ကျောက်ဆောင်ကြီးမှာ တစ်စစီကွဲသွားအောင် အပစ်ခံလိုက်ရမှန်း သူ သိလိုက်ရသည်။ တစ်ချိန်တည်းမှာပဲ မာကြောသော ဝိညာဉ်သံလုံးများက မြေကြီးအတွင်းထိ ပစ်ဝင်သွားလေသည်။
“ယင်ယန်နတ်ဆိုးဖောက်ခွင်းသေနတ်အတွက် ကုန်ကြမ်းပစ္စည်းက အကန့်အသတ် ရှိနေတာကြောင့် သူ့ပြောင်းဝက ပြင်းထန်တဲ့ ပေါက်ကွဲအားကို မခံနိုင်ဘူး။ အဲဒါကြောင့်မို့လို့ သူ့အစွမ်းက ကန့်သတ်ချက် ရှိနေတာ” ချင်ယွင်တိက ရှင်းပြလိုက်သည်။
“သာမန် ဝိညာဉ်ရွှေနဲ့ တီထွင်ထားတဲ့ ဒီယင်ယန်နတ်ဆိုးဖောက်ခွင်းသေနတ်က အလယ်အလတ်အဆင့် အခြေတည် ကျင့်ကြံသူတွေအတွက် သေစေနိုင်လောက်တဲ့ အားမျိုး ပိုင်ဆိုင်ထားတယ်။
ဒါပေါ့… ပိုကောင်းတဲ့ ဝိညာဉ်ရွှေကို ပြောင်းဝလုပ်ဖို့ ကုန်ကြမ်းအဖြစ် သုံးနိုင်ခဲ့မယ် ဆိုရင် ဒီထက်ပိုပြီး အားကောင်းတဲ့ လက်နက်တစ်ခုကို တီထွင်နိုင်လိမ့်မယ်လို့ ကျွန်တော့်မှာ ယုံကြည်ချက် ရှိတယ်။
ပြဿနာက … အရည်အသွေးမြင့် ဝိညာဉ်ရွှေက အရမ်းကို ဈေးကြီးလွန်းနေတာပဲဗျ။ အဟမ်း… အဟမ်း… ဖြစ်နိုင်တာက ကျွန်တော် အဲဒါ ဝယ်ဖို့ မတတ်နိုင်လောက်ဘူး”
ချင်ယွင်တိ ရှက်ရှက်နှင့် ရှင်းပြနေသည်ကို နားထောင်ပြီးနောက် ရှန်ထျန်းက သူ့ကို အပြည့်အဝ စာနာနိုင်သွားသည်။
သုတေသနပညာရှင် တစ်ယောက် အနေနဲ့ ပိုက်ဆံ မကုန်ဘူး ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ဒါပေမဲ့ တကယ်တမ်းကျ ပိုက်ဆံအတွက် အရမ်းကြီး စိတ်ပူစရာတော့ မလိုပါဘူး။ သူတို့ လုပ်နေတာ အဆင့်မြင့် လက်နက်တွေလေ…
လက်ရှိ ဈေးကွက်ထဲတွင် များသောအားဖြင့် အခြေတည်အဆင့် ကျင့်ကြံသူများကို ဒဏ်ရာ ရစေနိုင်သည့် မိုးကြိုးအဆောင်များမှာ ဝိညာဉ်ကျောက်တုံး ဆယ်တုံးကျော် တန်ကြေးရှိသည်။
အကယ်၍ အလယ်အလတ် သို့မဟုတ် နောက်ဆုံးအဆင့် အခြေတည် ကျင့်ကြံသူများကို ဒဏ်ရာ ရစေနိုင်လျှင် ဝိညာဉ်ကျောက်တုံး ၅၀ မှ ၁၀၀ အထိ ရောင်းချနိုင်သည်။
ချင်ယွင်တိ တီထွင်လိုက်သည့် သာမန် ယင်ယန်နတ်မိုးကြိုးသည် ဝိညာဉ်ချီ ကုန်ဆုံးမှုနှင့် အဆောင်စက္ကူတို့ ထည့်စဉ်းစားလိုက်ပါက အလွန်ဆုံးရှိလှ ဝိညာဉ်ကျောက်တုံး ၂ တုံးပဲ ကုန်ကျစရိတ် ရှိပေသည်။
အဆင့်နိမ့် ဝိညာဉ်ရွှေ အနည်းငယ် ပါနေသော ယင်ယန်ဖောက်ခွင်းနတ်မိုးကြိုးပင်လျှင် ဝိညာဉ်ကျောက်တုံး ၅ တုံးအောက်သာ ကုန်ကျစရိတ် ရှိသည်။
သူတို့တွေကို ရောင်းချလိုက်ရုံနှင့် ကုန်ကျစရိတ်ထက် အဆ ၂၀ မကသော အကျိုးအမြတ်ကြီးကို ရရှိလိမ့်မည် ဖြစ်သည်။ ပိုက်ဆံ အများကြီး ရှာရန် လွယ်ကူသွားပေမည်။
အဲ … ခဏနေဦး …
ရှန်ထျန်းက အကျိုးအမြတ် ဘယ်လောက်များသလဲ ဆိုတာကိုသာ တွက်ချက်နေမိသည်။
အရေးကြီးသည့် အချက်ကို ကျော်ကြည့်ခဲ့မိသည်ဟု ခံစားရသဖြင့် သူ့က ရုတ်တရက်ကြီး စိတ်ပူလာမိသည်။
ပိုက်ဆံက အသုံးဝင်တာတော့ မှန်ပါရဲ့ … ဒါပေမဲ့ ပိုက်ဆံတွေ အများကြီး ရှိတိုင်းလည်း ကောင်းတာ မဟုတ်ဘူးလေ… အထူးသဖြင့် ကိုယ့်မှာ အင်အား အလုံအလောက် မရှိရင်ပေါ့…
သူ့အရင်ဘဝတုန်းက သမိုင်းသင်ခန်းစာ တစ်ခုကို ရှန်ထျန်းက ပြန်အမှတ်ရသွား၏။ သမိုင်းစာအုပ်ထဲတွင် ရှန်မျိုးရိုး အမည်ရှိသည့် လူတစ်ယောက် ချမ်းသာသည်မှာ သူ့ချမ်းသာမှုကို တိုင်းပြည်၏ ချမ်းသာမှုနှင့်ပင် ယှဉ်လို့ ရလေသည်။ ထို့ကြောင့် ဘုရင်ကြီးက မနာလိုဖြစ်နေလေ၏။
အဆုံးမှာတော့ ဘုရင်ကြီးက ကြုံရာ ဆွဲချက် တစ်ခုနှင့် သူ့ကို ဖမ်းဆီး၊ ထောင်ချပြီး သတ်ပစ်လိုက်သည်။ ထို့နောက် သူ့ပိုင်ဆိုင်မှုအားလုံးကို ဘုရင်ပိုင် သိမ်းပစ်လိုက်လေသည်။
လောလောဆယ် ရှန်ထျန်းရောက်နေသည်မှာ ကျင့်ကြံရေးကမ္ဘာ ဖြစ်သည်။ အားနည်းသူတွေက အားကြီးသူတွေ၏ သားကောင် ဖြစ်သွားရသော ရက်စက်သူများနှင့် ပြည့်နေသည့် နေရာ တစ်ခု ဖြစ်၏။
ရှန်ထျန်းက အခုမှ ချီသန့်စင်ခြင်း အဆင့်ပဲ ရောက်သေးကာ ခေါင်းပေါ်တွင်လည်း အစိမ်းရောင် ရောင်ဝါစက်ဝန်းပဲ ရှိသေးသည်။
သူက အင်မတန် အားကောင်းသော လောင်ပန်တွေနှင့် စီးပွားရေး ပြိုင်လုပ်ရဲပါ့မလား…
အမလေးလေး … ဒါ ကောင်းတဲ့ အကြံ မဟုတ်ဘူး။ အန္တရာယ် များလွန်းတယ် …
ဒီတော့ ငါလေး ဘာလုပ်သင့်သလဲ…
ရှန်ထျန်းက မျက်မှောင်ကြုတ်ကာ နာရီဝက်လောက် အကြံထုတ်နေလိုက်သည်။
နောက်ဆုံးမှာတော့ သူက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။
သေချာစဉ်းစားကြည့်လိုက်တော့ … ဒီကိစ္စကို အထွတ်အမြတ်မြေဆီ အပ်လိုက်တာ ပိုပြီး စိတ်ချရတယ်။ ဘာပဲဖြစ်ဖြစ်၊ ငါက သူတို့ရဲ့ သူတော်စင်လေ။ ချင်ယွင်တိကလည်း တပည့်ရင်း တစ်ယောက်။ ငါတို့တွေက အထွတ်အမြတ်မြေရဲ့ ပင်မတပည့်တွေ မဟုတ်လား…
ဒီလိုမျိုး အကျိုးများတဲ့ လုပ်ကွက်ကို အထွတ်အမြတ်မြေဆီ အပ်လိုက်မယ် ဆိုရင် သူတို့က ရလာတဲ့ ပိုက်ဆံကို သေချာပေါက် ငါတို့နဲ့ ခွဲယူကြမှာပဲ ဟုတ်တယ်မလား…
ဒါဆိုရင် တခြားသူတွေက မနာလိုဖြစ်ပြီး လုပ်ကြံမယ် ဆိုရင်တောင် အဲဒါက အထွတ်အမြတ်မြေ ရှင်းရမယ့် ပြဿနာ ဖြစ်သွားပြီ။ အကြီးအကဲတွေက သေချာပေါက် ထွက်ရှင်းပေးမှာပဲ…
ဟုတ်တယ်… ဒါဆို ဆုံးဖြတ်လိုက်ပြီ။ ပိုက်ဆံကို ဂိုဏ်းချုပ်နဲ့ ခွဲယူလိုက်မယ်… အင်း … ငါ့ဆရာပေါ့ … အဲဒါက ကာကွယ်ကြေး ပေးသလိုမျိုးပဲလေ။ မှီခိုစရာ အားကောင်းတဲ့ လူတစ်ယောက် ရှိတာက ပိုပြီး စိတ်ချရတယ်…