နောင်တရဖို့ အရမ်းနောက်ကျသွားပြီလား
Vol. 6-10 Ch. 106
အခန်း (၁၀၆) : နောင်တရဖို့ အရမ်းနောက်ကျသွားပြီလား
အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေရှိ ဂိုဏ်းချုပ်၏ စံအိမ်တော်၌…..
ဧရာမ တိုင်လုံး ၁၀လုံး၏ အထက်တွင် မိုးကြိုးများ လင်းလက်နေလေသည်။ ထိုတိုင်လုံးများပေါ်ရှိ နတ်သားရဲများ၏ မှိုန်ဖျဖျ ပုံရိပ်ကား အစစ်အမှန်ကဲ့သို့ပင် ထင်မှတ်ရလေ၏။
ဂိုဏ်းချုပ်က မိုးကြိုးနှင့် မြူများ အုပ်လွှမ်းနေသော ပလ္လင်အထက်တွင် ထိုင်နေလေသည်။
ဂိုဏ်းချုပ်၏ စံအိမ်တော်ရှေ့တွင် တာအိုကိုယ်တော်ကြီးက မျက်နှာနီမြန်းပြီး ဒေါသထွက်စွာဖြင့် မတ်တပ်ရပ်နေသည်။
“ ဆရာတူညီလေး…မင်း…မင်း…မင်း…မင်းက အရမ်းကို ယုတ္တိမရှိတဲ့ စကားတွေ ပြောတာပဲ။ မင်းက ငါ့ကို စိတ်ဝိညာဉ်တောင် တစ်လုံးပေးမယ်လို့ ပြောခဲ့တယ်လေ။ အခုလေးတင် သတိရလို့ လာတာ။ ငါ့ရဲ့ စိတ်ဝိညာဉ်တောင် ဘယ်မှာလဲ”
အံ့ဖွယ် မိုးကောင်းကင်၏ ဂိုဏ်းချုပ်က အေးစက်စွာ ပြန်ဖြေလိုက်သည်
“ ဟုတ်တယ် ကျွန်တော် ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားကို ဝိညာဉ်သလင်းကျောက် ၁၅၀၀ ရယ် စိတ်ဝိညာဉ်တောင်တစ်လုံးရယ်နဲ့ လဲလှယ်ဖို့ သဘောတူခဲ့ကြတာလေ”
တာအိုကိုယ်တော်ကြီးက လှောင်ရယ်ကာ ပြောလိုက်သည်
“ ဒါဆိုရင် မင်းက အခုကျတော့ ဘာလို့ ကတိမတည်ရတာလဲ။ ရယ်စရာကောင်းလိုက်တာ”
ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်
“ ကျွန်တော်တို့ သဘောတူညီမှု လုပ်ခဲ့တုန်းက ဆရာတူအစ်ကိုကြီးက ကျားနဂါးဆွဲပြားကို မပေးခဲ့ဘူးလေ။ အဲဒီအထဲမှာပါတဲ့ အမွေအနှစ်ကိုပဲ ပေးခဲ့တာဆိုတော့ ဆရာတူအစ်ကိုကြီးက သဘောတူညီမှုကို ချိုးဖောက်လိုက်တာနဲ့ အတူတူပဲလေ”
ဂိုဏ်းချုပ်၏ တည်ငြိမ်လှသော စကားလုံးတွေက ကြာပြာ ကောင်းကင်အသျှင်ကို ဒေါသထွက်သွားစေသည်။
သူက လှောင်ရယ်ကာ ထပ်ပြောလိုက်သည်
“ ကောင်းပြီလေ။ ငါ့ဆီမှာ ကျားနဂါးဆွဲပြား ရှိသေးတယ်။ ငါတို့ ပြန်ပြီးတော့ ညှိနှိုင်းလို့ မရနိုင်ဘူးလား”
တာအိုကိုယ်တော်ကြီးက ကျားနဂါးဆွဲပြားကို အလျင်အမြန် ထုတ်ပြကာ ဂိုဏ်းချုပ်အား စိုက်ကြည့်နေလိုက်သည်။
မိုးကြိုးအရှိန်အဝါက ဂိုဏ်းချုပ်ကို လွှမ်းခြုံနေသော်လည်း သူ့အသံ၌ာ မည်သည့် ခံစားချက်မှ ပါဝင်မနေပေ။
“ ဒီတစ်ခါတော့ ကျွန်တော် ငြင်းပါရစေ။ ကျွန်တော်က ပြီးပြည့်စုံတဲ့ နတ်မိုးကြိုးငါးပါး ကျင့်စဉ်၊ မိုးကြိုးဧကရာဇ် ခန္ဓာကျင့်စဉ်နဲ့ ကပ်ဘေးတဖန် အမွေအနှစ်တွေကို ရရှိပြီးသားလေ။
အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားက ကျွန်တော်အတွက် ဒီထက်ပိုပြီး အရေးမပါတော့ဘူး။ ဆရာတူအစ်ကိုကြီး ကြိုက်ရင် သိမ်းထားလိုက်ပါလေ”
ကြာပြာ ကောင်းကင်အသျှင်၏ မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်နေရာမှ ဒေါသအရိပ်အယောင်တို့ စိုးမိုးလာသည်
“ ဆရာတူညီလေး မင်းက အရမ်းဉာဏ်နီဉာဏ်နက် များတာပဲ။ အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားက ဂိုဏ်းချုပ်တစ်ယောက်ရဲ့အမှတ်အသားပြားဆိုပြီးတော့ မင်း အရင်တစ်ခေါက်တုန်းက ပြောခဲ့တယ် မဟုတ်လား”
ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဒါပေမဲ့လည်း ဆရာတူအစ်ကိုကြီး ပြောတာက အဓိပ္ပာယ်ရှိပါတယ်။ အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြား ပျောက်ဆုံးနေတာ နှစ်ပေါင်းထောင်သောင်းချီနေပြီဆိုတော့ ကျွန်တော်က အမှတ်အသားပြား မရှိတဲ့ ပထမဆုံး ဂိုဏ်းချုပ်မှ မဟုတ်တာ”
တာအိုကိုယ်တော်ကြီး ဘာပြန်ပြောရမည်မှန်းပင် မသိတော့ပေ။
တာအိုကိုယ်တော်ကြီးက အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် လှောင်ရယ်ကာ ပြောလိုက်သည်
“ အဲဒါကို ငါ ရောင်းစားပစ်မှာ မင်း မကြောက်ဘူးလား”
မိုးကြိုးအရှိန်အဝါက အနည်းငယ်တုန်လှုပ်သွားသော်လည်း ဂိုဏ်းချုပ်၏ အသံက တည်ငြိမ်နေဆဲ ဖြစ်၏။
“ ဆရာတူအစ်ကိုကြီး ရောင်းမှာ မဟုတ်သလို ဘယ်သူမှလည်း ဝယ်ရဲမှာ မဟုတ်ဘူး။
ဝိညာဉ်သလင်းကျောက် ၁၅၀၀ကို အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားအတွက် လဲလှယ်ခွင့် ပေးမယ်။ ပြီးတော့ ထျန်းအာရဲ့ ကိုယ်ထည်မာကျင့်စဉ်ကို လမ်းညွှန်ပြသပေးဖို့ကိုလည်း ခွင့်ပြုပေးမယ်။ ဒါဆိုရင် ဆရာတူ အစ်ကိုကြီးကိုလည်း သူ့ဆရာအဖြစ် သတ်မှတ်ခံရမှာပဲ။ ဆရာတူအစ်ကိုကြီး ဘယ်လိုသဘောရလဲ”
ကြာပြာ ကောင်းကင်အသျှင်က ရယ်ကာ ပြောလိုက်သည်
“ ငါက ကံကြမ္မာရဲ့သားတော်ကို မယုံဘူး။ ဒီ ကံဆိုးတဲ့ ကျောက်စိမ်းဆွဲပြားတစ်စုံနဲ့ လဲလှယ်ဖို့ ဝိညာဉ်သလင်းကျောက် ၂ထောင်ဆိုရင်ရော ဘယ်လိုလဲ”
ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ သိုလှောင်လက်စွပ်မှ မိုးကြိုးအရှိန်အဝါကို လွှတ်ထုတ်ရင်း ပြောလိုက်သည်
“ ကောင်းပြီလေ။ အနာဂတ်မှာ ထျန်းအာ အောင်မြင်သွားမှ ဆရာတူအစ်ကိုကြီး နောင်တမရဖို့ ဆုတောင်းလိုက်ပါတယ်”
ကြာပြာ ကောင်းကင်အသျှင်က သိုလှောင်လက်စွပ်ကို ဖယ်ရှားကာ လှောင်ရယ်ပြီး ပြောလိုက်သည်
“ နောင်တရမယ် ဟုတ်လား။ မင်းကတော့ နောက်နေတာပဲ။ ငါ ထပ်ပြီးတော့ ပြောလိုက်မယ်။ သူ့ကို တပည့်အဖြစ် လက်မခံမိခဲ့လို့ နောင်တရခဲ့ရင် ငါက ခွေးမသားပဲ”
ကြာပြာ ကောင်းကင်အသျှင်က ပြောပြီးသည်နှင့် ကျားနဂါးဆွဲပြားကို ဂိုဏ်းချုပ်ဆီ ပစ်ပေးပြီး လှည့်ထွက်ဖို့ ပြင်လိုက်သည်။
ခဏအကြာတွင် အပြင်ဘက်မှ အမျိုးသားတစ်ယောက်၏ အသံ ဟိန်းထွက်လာလေ၏
“ ဆရာကြီး….တပည့်က တွေ့ခွင့်တောင်းပါတယ်”
ရှန်ထျန်းက ဂိုဏ်းချုပ်ကို တွေ့ချင်နေသည့် အကြောင်းကို ကြာပြာ ကောင်းကင်အသျှင် ကြားလိုက်ရသည့်အခါ အဓိပ္ပာယ်ပါပါ ပြုံးရင်း ပြောလိုက်သည်
“ မင်းရဲ့ တပည့် ရောက်လာပြီ။ သူက ဘာလို့ တွေ့ခွင့်တောင်းတာလဲဆိုတာကို မင်း သိလား။ သူက မင်းရဲ့တပည့် မဖြစ်ချင်လို့ လာတွေ့တာရော မဖြစ်နိုင်ဘူးလား ဒါမှမဟုတ် အထွတ်အမြတ်မြေရဲ့ ကလေးတွေက သူ့ကို သူတော်စင်အဖြစ် လက်မခံနိုင်လို့များလား။ အဲဒါကြောင့် သူ အမှားလုပ်မိသလို ခံစားရပြီးတော့ ဖြေရှင်းပေးဖို့ မင်းကို လာရှာတာများလား”
တပည့် တစ်ယောက်ကို လက်ခံလိုက်သည်နှင့် တပည့်က သေချာပေါက် ကျင့်ကြံရလိမ့်မည်။ ထိုသို့ စတင် ကျင့်ကြံလိုက်သည်နှင့် သေချာပေါက် ပြဿနာ ဖြစ်ကို ဖြစ်လာလိမ့်မည်။ ထို့ကြောင့် ပြဿနာ ရှောင်ဖို့ နည်းလမ်းက တပည့်လက်မခံဖို့ပင် ဖြစ်၏။ ကြာပြာ ကောင်းကင်အသျှင်ကလည်း ပြဿနာကို ပိုမိုကြီးထွားအောင် တွန်းအားပေးတတ်သူ တစ်ယောက် ဖြစ်သည်။
တွေ့လား ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ရောက်တာတောင် မကြာသေးဘူး ပြဿနာရှာပြီးနေပြီ။ အဲဒါကြောင့် သူ့ဆရာကို လာရှာရတာ နေမှာ …
ကံကောင်းလို့ သူ့ဆရာတူညီလေး လှည့်စားတာ မခံလိုက်ရတာ။ မဟုတ်ရင် ဒီကလေးကို တပည့်အဖြစ် လက်ခံမိပြီး အခု ပြဿနာတက်မဲ့သူက ငါ ဖြစ်နေဦးမှာ
စံအိမ်တော်၏ တံခါးမကြီး ဖြည်းဖြည်းချင်း ပွင့်လာကာ အဖြူရောင် အဝတ်အစားများ ဝတ်ဆင်ထားသည့် ရှန်ထျန်းက အထဲသို့ လျှောက်လှမ်းကာ ဝင်လာသည်။
နတ်သားရဲ ဆယ်ကောင်၏ မိုးကြိုးအလင်းရောင်များအောက်တွင် ရှန်ထျန်း၏ ချောမောမှုက ပိုမိုမြင့်တက်လာသည်။
ရှန်ထျန်းနောက်တွင် ရွှေကြာ ကောင်းကင်အသျှင် ၏ သားဖြစ်သူ ရွှေရောင်ဆံသားပိုင်ရှင် ချင်ယွင်တိလည်း အတူ လိုက်ပါလာလေ၏။ ချင်ယွင်တိက အနက်ရောင် သံတုတ်တံကို သယ်ဆောင်လာပြီး တောက်ပစွာ ပြုံးနေသည်။
ထိုအရာက အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်နှင့် တာအိုကိုယ်တော်ကြီးတို့ကို သိချင်စိတ် ပိုမိုဖြစ်ပေါ်စေသည်။
ချင်ယွင်တိက ရွှေကြာ ကောင်းကင်အသျှင်နှင့် ရန်ဖြစ်ပြီးကတည်းက တစ်နေ့ထက် တစ်နေ့ ပိုပြီးတော့ အထီးကျန်လာရသည်။
ပုံမှန်အားဖြင့် သူက တစ်ခြား ဂိုဏ်းတူညီအစ်ကိုများနှင့် ရင်းနှီးမှု ရယူဖို့အတွက် အံ့ဖွယ် မိုးကောင်းကင် ကမ္ဘာငယ်သို့ လာလေ့မရှိဘဲ သူ၏ မိုးကြိုးဖောက်ခွဲရေး အဆောင်ကိုသာ လေ့လာနေတတ်သည်။
ဒါဆို သူက ဒီနေ့ ဘာလို့ ရုတ်တရက်ကြီး ရှန်ထျန်းနဲ့အတူ ဂိုဏ်းချုပ်ရဲ့ စံအိမ်တော်ဆီ လိုက်လာရတာလဲ
ရှန်ထျန်းက ဒီကောင်လေးနဲ့ ပြဿနာများ ဖြစ်ထားလို့လား
တာအိုကိုယ်တော်က ဘေးဖက်တွင် တက်ကြွစွာဖြင့် ရပ်နေပြီး စိတ်ဝင်စားစရာကောင်းသည့်အရာကို စောင့်ကြည့်ဖို့ ပြင်ဆင်ထားသည်။
ဂိုဏ်းချုပ်က ရှန်ထျန်းကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်
“ ထျန်းအာ ဒီကို ဘာကိစ္စရှိလို့ လာတာလဲ”
ရှန်ထျန်းက ပြုံးကာ ချင်ယွင်တိကို ဆွဲခေါ်ရင်း ပြောလိုက်သည်
“ ဂိုဏ်းတူညီလေး ယွင်တိအတွက်နဲ့ လာခဲ့တာပါ”
ရှန်ထျန်းက ပြောရင်း ယွင်တိ၏ ခါးပေါ်ရှိ ငွေရောင် နတ်မိုးကြိုးနှင့် ကျောပေါ်ရှိ အနက်ရောင် သံတုတ်တံတို့ကို ဖယ်ရှားလိုက်သည်။
“ ဆရာကို တင်ပြအပ်ပါတယ်။ ဂိုဏ်းတူညီလေး ယွင်တိက ကျွန်တော်တို့ဂိုဏ်းက တပည့်အားလုံးအတွက် အကျိုးရှိနိုင်မဲ့ မိုးကြိုးအဆောင်အသစ်ကို ဖန်တီးနိုင်ခဲ့ပါတယ်”
ချင်ယွင်တိက အလျင်အမြန် လက်ယမ်းပြကာ ရှင်းပြလိုက်သည်
“ ကျွန်တော် ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ သူတော်စင်ဖြစ်တဲ့ ဂိုဏ်းတူအစ်ကိုကြီးထျန်းက လမ်းညွှန်ပေးခဲ့လို့ပါ။ ကျွန်တော်ကို ဖန်တီးသူဆိုပြီး ခေါ်လို့တော့ မရနိုင်ပါဘူး။ ကျွန်တော်က ဂိုဏ်းတူအစ်ကိုကြီး ပြောခဲ့တဲ့ ဓမ္မအသုံးအဆောင် ပစ္စည်းလေးတွေ ဖန်တီးရင်း တစ်ချို့အချိန်တွေက ကုန်ဆုံးခဲ့ရုံလေးပါ”
အော်…..
သူတို့ ပြောတာကို ကြားပြီးနောက် ဂိုဏ်းချုပ်နှင့် ကြာပြာ ကောင်းကင်အသျှင်တို့လည်း အကြောင်းအရာကို စိတ်မဝင်စားဘဲ မနေနိုင်တော့ပေ။
ချင်ယွင်တိဆိုတဲ့ ကောင်လေးက သူ မိုးကြိုးအဆောင်အသစ်လုပ်ဖို့ ရှန်ထျန်းက လမ်းညွှန်ပြသပေးခဲ့တယ်လို့ ပြောလိုက်တာလား
ရှန်ထျန်းက အခုမှ နတ်မိုးကြိုးငါးပါး ကျင့်စဉ်ကို ရက်ပိုင်းလောက်ပဲ လေ့ကျင့်ရသေးတာတောင် မိုးကြိုးအဆောင်အသစ် လုပ်နိုင်နေပြီတဲ့လား
ဂိုဏ်းချုပ်က ရှန်ထျန်းကို ကြည့်ကာ ပြောလိုက်သည်
“ ထျန်းအာ မိုးကြိုးအဆောင်အသစ်ကို သုံးပြီးတော့ ဆရာ့ကို တိုက်ခိုက်ကြည့်”
ရှန်ထျန်း တွေဝေနေသည့်ပုံစံ ပေါ်သည့်အတွက် ဂိုဏ်းချုပ်က ပြောလိုက်သည်
“ မစိုးရိမ်ပါနဲ့။ ဆရာ့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး”
ထိုအခါမှ ရှန်ထျန်းလည်း ခေါင်းညိတ်ပြကာ ဂိုဏ်းချုပ်ကို ငွေရောင်နတ်မိုးကြိုးဖြင့် ပစ်ပေါက်လိုက်သည်။
ဝုန်း…..
ငွေရောင်နတ်မိုးကြိုး ပေါက်ကွဲသွားကာ ဝိညာဉ်သံမဏိလုံးတွေကလည်း အဖက်ဖက်သို့ ပြင်းထန်စွာ ပျံ့နှံ့သွားသည်။
ဂိုဏ်းချုပ်အပေါ်သို့ ငွေရောင်နတ်မိုးကြိုးက တိုက်ရိုက်သက်ရောက်တာကြောင့် မိုးကြိုးဒဏ်ကို အလူးအလဲ ခံစားနေရသည်။
သို့သော် ဝိညာဉ်သံမဏိလုံးများက မိုးကြိုးအရှိန်အဝါ၏ ဆွဲဆောင်မှုကြောင့် ထိုမျက်နှာပြင်ပေါ်တွင် သိပ်သည်းစွာ စုစည်းသွားသည်။
ထို့နောက် ဝိညာဉ်သံမဏိလုံးတွေက အားအင်ကုန်ဆုံးသွားသလိုမျိုး အောက်သို့ ပြုတ်ကျသွားသည်။
“ စွမ်းအား သုံးတာကို ရပ်တန့်လိုက်တော့။ ဒုတိယအဆင့် မိုးကြိုးဖောက်ခွဲရေး အဆောင်ထဲမှာ အထွတ်အထိပ်အဆင့်ရှိတယ်လို့ သတ်မှတ်လို့ရတယ်။ ဒါက ဝိညာဉ်ကျောက်တုံး ၂၀၀ တန်ဖိုး ရှိသင့်တယ်။”
ဂိုဏ်းချုပ်က မိုးကြိုးအဆောင်အသစ်ကို လက်ခံကြောင်း ခေါင်းညိတ်ပြလိုက်သည်။
“ ဒီလိုမျိုး မိုးကြိုးဖောက်ခွဲရေး အဆောင်ကို လုပ်ဖို့ အချိန် ဘယ်လောက်ကြာလဲ။ ဝိညာဉ်ကျောက်တုံးရော ဘယ်လောက် သုံးရတာလဲ”
ဂိုဏ်းချုပ်၏ အမြင်အရ အဆောင်ဈေးကွက်ပြိုင်ဆိုင်မှုက အတော်လေး ပြင်းထန်တာကြောင့် တူညီသောအဆင့်မှာ အထွတ်အထိပ်အဆင့်ရှိသော မိုးကြိုးအဆောင်ကို ဖန်တီးထားပါက အကျိုးအမြတ်က ၁၀၀ ရာခိုင်နှုန်းအထက်မှာ ရှိနိုင်မည်ဟု မြင်မိသည်။ တခြားဂိုဏ်းတွေမှာလည်း ဈေးကွက်ကို လွှမ်းမိုးနေသည့် လီ မီးဓာတ်အဆောင်လိုမျိုး ပစ္စည်းတွေ ရှိကြသည်။
မိုးကြိုးဖောက်ခွဲရေး အဆောင်လုပ်ဖို့အတွက် ကုန်ကျငွေက ဝိညာဉ်ကျောက်တုံး ၁၀၀ဖြစ်ပြီး ထိုအဆောင်ကို ဝိညာဉ်ကျောက်တုံး ၂၀၀ဖြင့် ပြန်ရောင်းနိုင်ပါက ကြီးမားသော အကျိုးအမြတ်ကို ရရှိသည်ဟု ဆိုနိုင်သည်။
သို့သော် ထုတ်လုပ်ရာမှာ ကျရှုံးမှုအတွက် ကုန်ကျစရိတ်ကို ထည့်တွက်ရမှာဖြစ်သလို အထွတ်အထိပ်အဆင့် အဆောင်ကို လုပ်ရာမှာ သုံးရသော အတွင်းအားကိုလည်း ထည့်သွင်းတွက်ချက်ရမည်။
အရိုးရှင်းဆုံးပြောရလျှင် အဆောင်လုပ်ကာ ရောင်းချပြီး ရလာမည့် အကျိုးအမြတ်က နည်းလှသည်။
ဂိုဏ်းချုပ်၏ အကြည့်အောက်မှာ ရှန်ထျန်းက ပြုံးပြီး ပြောလိုက်သည်
“ ကုန်ကျငွေက ဝိညာဉ်ကျောက်တုံး ငါးတုံးလောက်ပါပဲ။ ဒီအဆောင်ကို ဖန်တီးတဲ့နည်းလမ်းကလည်း အရမ်းကိုလွယ်ကူပြီးတော့ အောင်မြင်နိုင်ချေကလည်း အရမ်းမြင့်မားတယ်။ အခြေတည်အဆင့် ဂိုဏ်းသားတစ်ယောက်တောင် နေ့တိုင်း တစ်နေ့ကို ဆယ်ခုလောက် လုပ်နိုင်တယ်”
ရှန်ထျန်း ပြောပြီးနောက် ဂိုဏ်းချုပ်ကို လွှမ်းခြုံထားသော မိုးကြိုးအရှိန်အဝါလည်း အပြင်းအထန် လှုပ်ခတ်လာသည်ကို သူ သတိထားမိသည်။
တစ်ချိန်တည်း၌ ဘေးမှာ ပြုံးကာ ရပ်ကြည့်နေသော ကြာပြာ ကောင်းကင်အသျှင်၏ အပြုံးတို့လည်း တည်သွားရလေသည်။