ကျားကိုအတောင်တပ်
Vol. 30 Ch. 424
အခန်း (၄၂၄) ကျားကိုအတောင်တပ်
ရန်ကျောက်ကဲလှမ်းကြည့်လိုက်တော့ လှောင်အိမ်လှည်းကြီးများကို မိုးကာသားကဲ့သို့သော အဝတ်စများဖြင့် ဖုံးအုပ်ထားသည်ကို တွေ့ရသည်။
ထိုလှောင်အိမ်လှည်းကြီးများထက်တွင် သိုင်းသမားတစ်ယောက်စီက စောင့်ကြပ်သူများပမာ မတ်တတ်ရပ်လျှက် လိုက်ပါလာကြသည်။ ထိုသူများက ‘မိစ္ဆာသွေးကျင့်ကြံသူများ’ ဖြစ်နိုင်သည်။
လှောင်အိမ်လှည်းတစ်ခုထက်တွင် မတ်တတ်ရပ်နေသူက မိန်းမပျိုလေးတစ်ယောက် ဖြစ်လေ၏။
သူမက သာမန်သိုင်းသမားဝတ်စုံကိုဝတ်ဆင်ထားပြီး ရုပ်သွင်က ပန်းချီကားတစ်ချပ်ပမာ ချောမောလှပလွန်းလှသည်။ သူမ၏ ဝတ်စားဆင်ယင်ပုံနှင့် ဆံပင်ဆင်ယင်ထုံးဖွဲ့ပုံက စစ်ခုန်ချင်းနှင့် မတူညီသည့်တိုင် သူမ၏ မျက်နှာ ၊ ခန္ဓာကိုယ်အချိုးအဆစ် အားလုံးက စစ်ခုန်ချင်းနှင့် တစ်ပုံစံတည်း တူညီလေလေသည်။
‘စစ်ခုန်ချင်း’ နှင့်ဆင်တူသော မိန်းမပျိုကိုတွေ့မြင်ရသည်နှင့် လမ်းပေါ်တွင်ကြည့်နေကြသော ပရိတ်သပ်များက ဝမ်းသာအားရအော်ဟစ်လိုက်ကြသည်။ လူအများက သူမကို အလွန်ကြည်ညိုလေးစားကြဟန်ပင်။
ရန်ကျောက်ကဲက လက်ပိုက်ရင်း...
“ငါတို့ အခုချိန် သူ့ကိုမဖမ်းနိုင်ရင် နောက်ထပ် ဆက်သွယ်လို့ရမှာ မဟုတ်တော့ဘူး”
ချွိယန်ချီနှင့် ချန်နင်ကို ဆုံတွေ့ခဲ့ပြီးဖြစ်ရာ စစ်ခုန်ချင်းနှင့်ဆင်တူသော နောက်ထပ်တစ်ယောက်ကို ထပ်မံတွေ့ရှိရခြင်းက ရန်ကျောက်ကဲကို ထိတ်လန့်မသွားစေတော့ပေ။
ဤ မျောလွင့်ဝိညာဉ်ကမ္ဘာသို့ ရောက်လာစက ဤကမ္ဘာတွင် စစ်ခုန်ချင်းနှင့်ဆင်တူသူများ ရှိနေနိုင်သည်ဟု တွေးမိသော်လည်း ဤမျှ မြန်မြန်ဆန်ဆန် ရှာတွေ့လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဖတ်ရှုခဲ့သည့် ရှေးဟောင်းစာအုပ်များ ၊ ပထဝီဝင်အနေအထားပြမြေပုံများနှင့် ဒေသခံကလေးငယ်များနှင့် စကားပြောဆိုခြင်းတို့ကို ဆက်စပ်လေ့လာပြီးနောက် ယခု သူတို့ရောက်ရှိနေသည့်နေရာက မျောလွင့်ဝိညာဉ်ကမ္ဘာ၏ အလွန်တရာ ဝေးလံခေါင်သီသော အစွန်အဖျားဒေသတစ်ခုဖြစ်ကြောင်း သိရှိရသည်။
ဤ ‘စစ်ခုန်ချင်း’ နှင့် ဆင်တူသူမိန်းမပျိုအပေါ် ရန်ကျောက်ကဲအနေဖြင့် အခြားသောကိုယ်ရေးကိုယ်တာ ခံစားချက် မရှိသော်လည်း သူမ၏ခန္ဓာကိုယ်တွင် စစ်ခုန်ချင်း ၊ ချွိယန်ချီနှင့် ချန်နင်တို့ကဲ့သို့ ထူးဆန်းသည့် အင်းသင်္ကေတရှိနေမည်လားဆိုသည်ကိုတော့ သိချင်နေမိသည်။
“အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ စစ်ခုန်ချင်းနဲ့တူတဲ့သူ (၃)ယောက် တွေ့ပြီးပြီ ၊ စစ်ခုန်ချင်းကိုပါ ထည့်တွက်မယ်ဆိုရင် (၄)ယောက်တိတိ ရှိတယ် ၊ ဒီကမ္ဘာမှာရော စစ်ခုန်ချင်းတွေ ဘယ်နှစ်ယောက် ရှိနိုင်မလဲ”
ရန်ကျောက်ကဲ တွေးလိုက်၏။
ထို့နောက် ရန်ကျောက်ကဲက မိန်းမပျို၏ အဝတ်အစားများထက်တွင် ရိုက်နှိပ်ထားသည့် တံဆိပ်သင်္ကေတကို သေသေချာချာမှတ်သားလိုက်ပြီး သူမထံမှ အကြည့်လွှဲလိုက်သည်။ ယခုချက်ချင်း သူမကို တိုက်ခိုက်ဖမ်းဆီးရန်က အဖြစ်နိုင်သေးပေ။ နောက်မှ မီးစင်ကြည့်ကရမည် ဖြစ်သာ။
ထို့နောက် သူတို့အုပ်စု မြို့ထဲတွင် အချိန်အတန်ကြာအောင် လှည့်လည်လျှက် သတင်းအချက်အလက်များရရှိရန် ကြိုးစားကြသည်။
အခြားသူများ ပြောဆိုသောစကားများကို နားထောင်ရင်း ၊ မရေမတွက်နိုင်သော မှန်းဆမှုများပြုလုပ်ရင်း ၊ ရန်ကျောက်ကဲသည်လည်း ဤကမ္ဘာတွင်အသုံးပြုသောဘာသာစကားကို အတော်လေး တီးမိခေါက်မိ ဖြစ်လာသည်။
“ဒီမြို့ကို မုကျီမြို့လို့ခေါ်တယ် ၊ မုကျီမြို့ကနေ မြောက်ဘက်ကို ဆက်သွားမယ်ဆိုရင် ‘ဖုရန်’ တိုင်းပြည်ရဲ့ မြို့တော်ဖြစ်တဲ့ ‘ခန်းဟယ်မြို့တော်’ ကိုရောက်မယ်”
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းနှင့် အခြားသူများကို ရှင်းပြသည်။
“ဒီတော့ ငါတို့ရဲ့ နောက်ထပ်ခြေလှမ်းက ‘ခန်းဟယ်မြို့တော်’ ကို သွားဖို့ပဲ”
ခဏနားပြီးမှ သူက ဆက်ပြောသည်။
“အဲဒီကိုရောက်တဲ့အချိန်ဆို ငါလည်း မျောလွင့်ဝိညာဉ်ကမ္ဘာမှာအသုံးပြုတဲ့ ဘာသာစကားကို အတော်လေး တတ်ကျွမ်းနေလောက်ပြီ ၊ ဒါဆို... မိစ္ဆာသွေးကျင့်ကြံသူတွေနဲ့ တိုက်ရိုက်စကားပြောလို့ရနိုင်တယ်”
ရွှီဖေးက...
“အေးပါကွာ ၊ ဒီကမ္ဘာမှာ ငါတို့က အ ‘အ’ တွေလိုပါပဲ ၊ မင်းကိုပဲ အားကိုးရမှာ”
ရန်ကျောက်ကဲက...
“မင်းတို့လည်း ငါနဲ့အတူ အဲဒီဘာသာစကားကို လိုက်သင်ပေါ့ကွာ ၊ နည်းနည်းနှေးပေမယ့် အကျိုးမယုတ်နိုင်ပါဘူး”
ရွှီဖေးက ခဏမျှစဉ်းစားပြီးနောက် ရန်ကျောက်ကဲကို အသံပို့လွှတ်စနစ်ဖြင့် စကားလှမ်းပြောသည်။
“ကျောက်ကဲ... မင်းအမေ အကြီးအကဲ’ရွှယ်ချူးချင်’ ကတော့ မိစ္ဆာသွေးကျင့်ကြံသူတစ်ယောက် မဟုတ်လောက်ဘူးနော် ၊ သူ ကျင့်ကြံထားတဲ့သိုင်းပညာက ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာက သိုင်းပညာနဲ့ ဆင်တူတယ် ၊ ဒါမှမဟုတ် သူက ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ရောက်လာပြီးမှ ကျင့်ကြံခဲ့တာများလား”
ရွှီဖေး၏စကားကိုကြားသော်လည်း ရန်ကျောက်ကဲ စကားပြန်မပြောမိပေ။
မိခင်ဖြစ်သူ ‘ရွှယ်ချူးချင်’ သည် “ဤ မျောလွင့်ဝိညာဉ်ကမ္ဘာမှ သိုင်းသမားတစ်ယောက် ဟုတ်မှဟုတ်ပါလေစ” ဟု သူလည်း သံသယဝင်စပြုနေပြီ ဖြစ်သည်။
ရွှယ်ချူးချင်သည် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ လာရောက်လည်ပတ်ခဲ့သလို မျောလွင့်ဝိညာဉ်ကမ္ဘာသို့လည်း လာရောက်လည်ပတ်ခြင်း ဖြစ်နိုင်သည်။
သူတို့အုပ်စု မြောက်ဘက်စူးစူးသို့ ဦးတည်ခရီးဆက်လာကြသည်။ အချိန်ကုန်သက်သာစေရန်အတွက် ကျင့်ကြံခြင်းအဆင့်မြင့်သူများက ကျင့်ကြံခြင်းအဆင့်နိမ့်သူများကို ခေါ်ဆောင်ပြီး အရှိန်အဟုန်ဖြင့် ခရီးနှင်ခဲ့ကြ၏။
အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်ဖြစ်လာပြီးနောက် အမတကြိုးကြာတောင်ပံများက ရန်ကျောက်ကဲအတွက် အသုံးမဝင်တော့ပေ။ ထို့ကြောင့် သူက အားဟူကိုပေးလိုက်သည်။
အားဟူက အလွန်ပျော်ရွှင်သွားဟန်ဖြင့်...
“သခင်လေး... ကျားကို အတောင်ပံတပ်တယ်လို့ ယူဆလို့ရမလား ၊ အဟက်ဟက်... ကျားနောက်ကျောမှာ အတောင်ပံပေါက်နေသလိုပဲ အရမ်းမိုက်တယ်”
ရန်ကျောက်ကဲက နှုတ်ခမ်းများတွန့်ကွေးကာ ရယ်မောရင်း...
“အမှန်ပဲ ၊ အရမ်းမိုက်တယ်”
‘ခန်းဟယ်မြို့တော်’ သို့ သွားရာလမ်းတစ်လျှောက်တွင် ရန်ကျောက်ကဲက မျောလွင့်ဝိညာဉ်ကမ္ဘာတွင် အသုံးပြုသော ဘာသာစကားဖြင့် ပိုမိုကျွမ်းဝင်လာပြီး ယေဘူယျအဓိပ္ပါယ်များကို ဖမ်းဆုပ်နိုင်ပြီ ဖြစ်သည်။ သူ၏အသံထွက်အချို့က အနည်းငယ် ထူးဆန်းနေသေးသော်လည်း ပုံမှန်စကားပြောဆိုရာတွင် သုံးနှုန်းသည်များကိုတော့ အတော်လေး လူနားလည်အောင် ပြောဆိုတတ်လာပေပြီ။
ထို့ပြင် မျောလွင့်ဝိညာဉ်ကမ္ဘာ၏ အခြေအနေကိုလည်း တဖြည်းဖြည်း နားလည်လာရသည်။
ဥပမာဆိုရသော်...
ယခု သူတို့သွားနေသည့် ‘ဖုရန်တိုင်းပြည်’ သည် မျောလွင့်ဝိညာဉ်ကမ္ဘာ၏ တောင်ဘက်ပိုင်းတွင် တည်ရှိသော တိုင်းပြည်တစ်ခုဖြစ်၏။
‘ဖုရန်တိုင်းပြည်’ နှင့် ပတ်ဝန်းကျင်နယ်မြေအားလုံးကို ‘သွေးနီတိမ်တိုက်ဂိုဏ်း’ ဟု ခေါ်ဆိုသော ဂိုဏ်းတစ်ဂိုဏ်းက သြဇာလွှမ်းမိုးအုပ်ချုပ်သည်။
‘ဖုရန်’ နိုင်ငံသားများအတွက်တော့ ‘သွေးနီတိမ်တိုက်ဂိုဏ်း’ သည် မြင့်မြတ်သောအဆင့်အတန်းကို ပိုင်ဆိုင်ထားသော ကောင်းကင်ဘုံရှိ နတ်ဘုရားများအလားသာပင်။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဝါဒတောင်၌ ပညာသင်ယူရန် လူတိုင်းစိတ်ကူးယဉ်ကြသကဲ့သို့ ဤကမ္ဘာတွင်လည်း ‘ဖုရန်တိုင်းပြည်’ ၏ တော်ဝင်အိမ်တော်ဖြစ်သော ‘သွေးနီတိမ်တိုက်ဂိုဏ်း’ တွင် ပညာသင်ယူရန် လူတိုင်း အိပ်မက်မက်ကြသည်။
သို့ပေသိ လူတစ်ယောက် မိစ္ဆာသွေးကျင့်ကြံသူတစ်ယောက်ဖြစ်လာရန် မလွယ်ကူပေ။ ပင်ကိုယ်အရည်အချင်းရှိမှုအပေါ်တွင် အလွန်မူတည်သည်။
မိုးအောက်မြေပြင်တစ်ခွင်တွင် မိမိတို့ခန္ဓာကိုယ်ထဲသို့ မိစ္ဆာသွေးများ စီးဆင်းဝင်ရောက်ခြင်းကို ခံနိုင်ရည်ရှိသူ အလွန်ရှားပါးသည်။
ခံနိုင်ရည်ရှိသူများအနေဖြင့်လည်း အရည်အချင်းအလိုက် ခန္ဓာကိုယ်မှ ခံနိုင်ရည်ရှိသော မိစ္ဆာသွေးအဆင့်အတန်းက ကွဲပြားမှု ရှိနေသေးသည်။
ထို့ကြောင့် ‘သွေးနီတိမ်တိုက်ဂိုဏ်း’ ၏ တပည့်တစ်ယောက်ဖြစ်လာရန်မှာ လွယ်ကူသည်မဟုတ်ပေ။
ရန်ကျောက်ကဲက...
“ဒီဒေသမှာနေထိုင်ကြတဲ့ သာမန်လူတွေက ‘သွေးနီတိမ်တိုက်ဂိုဏ်း’ ကို နတ်ဘုရားပမာ ရိုသေလေးစားကြတယ် ၊ ‘သွေးနီတိမ်တိုက်ဂိုဏ်း’ က ‘ဖုရန်တိုင်းပြည်’ ကို အုပ်ချုပ်တဲ့သူတွေဖြစ်ပြီး သူတို့သြဇာအာဏာကလည်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတယ် ၊ ဒါပေမဲ့ ဒီမျောလွင့်ဝိညာဉ်ကမ္ဘာတစ်ခုလုံးနဲ့ ယှဉ်ရင် ‘သွေးနီတိမ်တိုက်ဂိုဏ်း’ ရဲ့ သြဇာအာဏာနဲ့ အဆင့်အတန်းက ဘယ်လောက်ရှိလဲဆိုတာကိုတော့ ငါ့အနေနဲ့ ခန့်မှန်းရခက်တယ်”
သူက ဆက်ပြောသည်။
“သာမန်လူတွေရဲ့အမြင်က ငါတို့လို ကျင့်ကြံသူတွေရဲ့အမြင်နဲ့ မတူဘူး ၊ သတ်မှတ်ထားတဲ့အမြင့်တစ်ခုကို တက်လှမ်းနိုင်မှ ဒီကမ္ဘာကြီးတစ်ခုလုံးကို တစေ့တစောင်း အကဲခတ်နိုင်မှာ ၊ ဒီတော့ အဲဒါတွေအားလုံးကို နားလည်ဖို့ မိစ္ဆာသွေးကျင့်ကြံသူတွေနဲ့ စကားပြောကြည့်ဖို့လိုအပ်တယ်”
ရွှီဖေးက လမ်းလျှောက်လာရင်း...
“ငါတို့ ဒီနေရာကိုရောက်လာတော့ အကြီးအကဲ’ရွှယ်ချူးချင်’ ချန်ထားခဲ့တဲ့ သဲလွန်စတွေ ဘာတစ်ခုမှ မတွေ့ရဘူး ၊ ကြည့်ရတာ အဲဒီသဲလွန်စတွေကို တစ်ယောက်ယောက်က ယူသွားတာဖြစ်ရမယ် ၊ အဲဒီလိုလုပ်နိုင်တဲ့သူတွေကလည်း မိစ္ဆာသွေးကျင့်ကြံသူတွေပဲ ရှိတာမဟုတ်လား ၊ ဆိုတော့... ဖြစ်နိုင်ခြေအရှိဆုံးက ဒီဒေသမှာ ကျက်စားတဲ့ ‘ဖုရန်တိုင်းပြည် ၊ ‘သွေးနီတိမ်တိုက်ဂိုဏ်း’ ကလူတွေရဲ့ လက်ချက် ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲက...
“အင်း ဖြစ်နိုင်တယ်”
ခရီးသွားလာရင်းဖြင့် မုကျီမြို့တွင် သူတွေ့မြင်လိုက်သော စစ်ခုန်ချင်းနှင့် ဆင်တူသည့် မိန်းကလေးအကြောင်းကိုလည်း အနည်းအကျဉ်း သိရှိခဲ့သည်။ သူမ၏အဝတ်အစား ၊ ဆင်ယင်ထုံးဖွဲ့ပုံနှင့် ဝတ်စုံတွင်ရိုက်နှိပ်ထားသော တံဆိပ်အရ သူမသည် ‘သွေးနီတိမ်တိုက်ဂိုဏ်း’ မှ တပည့်တစ်ယောက်ဖြစ်သည်မှာ သေချာသည်။
သူတို့အုပ်စု လမ်းလျှောက်လာကြရင်း တစ်နေရာအရောက်တွင် တိုက်ခိုက်သံများကြားလိုက်ရသည်။ စွမ်းအားအတက်အကျများ ဖြစ်ပေါ်နေသည်ကိုလည်း အာရုံခံနိုင်လေရာ တိုက်ပွဲတစ်ခု ဖြစ်ပွားနေဟန်ပင်။
ရန်ကျောက်ကဲတို့အုပ်စု တိုက်ပွဲနေရာသို့ ရောက်လာကြသည်။
တိုက်ပွဲက တောင်များအလယ်တွင်ဖြစ်ပွားနေခြင်းဖြစ်ပြီး လူတစ်စုက မိစ္ဆာသားရဲကြီးတစ်ကောင်နှင့် အပြင်းအထန် တိုက်ခိုက်နေကြ၏။
တောင်ကုန်းငယ်တစ်ခုအောက်တွင် ကြီးမားသောလှောင်အိမ်လှည်းကြီးတစ်စင်း မှောက်ကျနေပြီး လှောင်အိမ်မှာလည်း အပိုင်းပိုင်း အက်ကွဲနေပေပြီ။
ထိုသားရဲကြီးမှာ ဧရာမမြွေကြီးတစ်ကောင်ဖြစ်ပြီး နောက်ကျောတွင် အတောင်ပံများပါရှိကာ ဦးခေါင်းထက်တွင်လည်း ဦးချိုတစ်ခု ပါရှိသည်။
သူက လှောင်အိမ်ကို ထိုးခွဲလွတ်မြောက်လာပြီး အစောင်းအကြပ်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုသတ္တဝါကြီးလက်ချက်ဖြင့် အစောင့်အကြပ်များစွာ လဲကျသေးဆုံးနေသည်ကို တွေ့ကြရ၏။
ကျန်ရှိသောသိုင်းသမားအုပ်စုမှာလည်း အန္တရယ်များသည့် အခြေအနေတစ်ခုတွင် ပိတ်မိနေကြသည်။
ရန်ကျောက်ကဲက...
“ကြည့်ရတာ ဒီသတ္တဝါကြီးက သွေးနှောမြွေတစ်ကောင် ဖြစ်မယ်ထင်တယ်”
ထို့နောက် သူတို့အုပ်စု အကြည့်ချင်းဖလှယ်လိုက်ကြပြီး သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
“ဒါက ငါတို့အတွက် အခွင့်ကောင်းတစ်ခုပဲ”
ဆုံးဖြတ်ချက်ချပြီးနောက် ရန်ကျောက်ကဲက အားဟူကို အချက်ပြလိုက်သည်။
အားဟူက ချက်ချင်းပင် ဧရာမမြွေကြီးဆီသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်၏။
အားဟူ လက်သီးချက်ထုတ်ဖော်လိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ အနက်ရောင်မုန်တိုင်းတစ်ခု ဖြစ်တည်လာသည်။ ထိုမုန်တိုင်းက အနက်ရောင်လှံရှည်တစ်စင်းပမာ သိပ်သည်းသွားပြီး ပြင်းထန်သောစွမ်းအားဖြင့် ဧရာမမြွေကြီး၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။
မြွေကြီးမှာ နာကျင်စွာအော်ဟစ်ရင်း နောက်ဆုံးထွက်သက်အတွက် ရုန်းကန်လျှက် မြေပြင်ထက်သို့ လဲကျငြိမ်သက်သွားတော့သည်။
ထိုအခါမှ သားရဲလှောင်အိမ်လှည်းကို လိုက်ပါစောင့်ကြပ်ကြသောသိုင်းသမားအုပ်စုမှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချနိုင်ကြသည်။
လှည်းလည်းပျက်ဆီးသွားပြီဖြစ်သလို ဧရာမမြွေကြီးမှာလည်း အသက်သေဆုံးခြင်းမရှိသေးသည့်တိုင် ပြင်းထန်စွာဒဏ်ရာရသွားပြီဖြစ်ရာ ထိုသတ္တဝါကြီးကို ခရီးဆုံးထိပို့ဆောင်ရန် မဖြစ်နိုင်တော့ပေ။
မိစ္ဆာသွေးကျင့်ကြံသူများက မြွေကြီး၏ ခန္ဓာကိုယ်တွင်းမှ သွေးများကို ချက်ချင်းထုတ်ယူပြီးသိမ်းဆည်းလိုက်ကြသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် သားရဲသွေးမှစွမ်းအားများ ပျောက်ကွယ်သွားပြီး ကျင့်ကြံရာတွင် အသုံးမပြုနိုင်တော့သော်လည်း အခြားနေရာများတွင်တော့ အသုံးပြုနိုင်သည်ပင်။
ထို့နောက် ခေါင်းဆောင်ဖြစ်ဟန်တူသူက အနက်ရောင်မုန်တိုင်းထွက်ပေါ်လာရာ လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်သည်။
ရန်ကျောက်ကဲနှင့် အခြားသူများကိုတွေ့တော့...
“ဒီက မိတ်ဆွေတွေက ဘယ်အရပ်ဒေသကများပါလဲ”
ဟု မျောလွင့်ဝိညာဉ်ကမ္ဘာမှ ဘာသာစကားဖြင့် မေးမြန်းလိုက်လေသည်။