မိစ္ဆာသွေးကျင့်ကြံသူများ
Vol. 30 Ch. 425
အခန်း (၄၂၅) မိစ္ဆာသွေးကျင့်ကြံသူများ
ဧရာမ သွေးနှောမြွေကြီးကို သယ်ဆောင်လာကြသူများက အလွန်တည်ငြိမ်သူများ ဖြစ်ကြသည်ပင်။
မြွေကြီး လှောင်အိမ်ထဲမှ မတော်တဆ လွတ်ထွက်သွားပြီး ကြီးမားသောပျက်ဆီးမှုများနှင့်ရင်ဆိုင်ရကာ လူအချို့ သေဆုံးခဲ့ကြရသည့်တိုင် လုပ်စရာအလုပ်များကို စည်းစနစ်ကျနစွာဖြင့် ဆက်လက်လုပ်ကိုင်ခဲ့ကြ၏။
သူတို့၏ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများက သပ်သပ်ရပ်ရပ်နှင့် အရည်အသွေးကောင်းမွန်သည်ကို ကြည့်ခြင်းအားဖြင့် သူတို့၏နောက်ခံက အားနည်းခြင်းမရှိကြောင်း ရန်ကျောက်ကဲ ခန့်မှန်းနိုင်ခဲ့သည်။
တကယ်တော့ ထိုသိုင်းသမားများက ဖုရန်တိုင်းပြည်၏မြို့တော် ၊ ခန်းဟယ်တွင် ကျက်စားသည့် ‘လင်းယုန်ငှက်မွှေးဂိုဏ်း’ မှ သိုင်းသားမားများ ဖြစ်ကြသည်။
ရန်ကျောက်ကဲတို့အုပ်စုက လင်းယုန်ငှက်မွှေးဂိုဏ်းအကြောင်း သိရှိခြင်း မရှိကြပေ။ သို့သော် ပျက်ဆီးနေသည့် လှောင်အိမ်လှည့်ထက်တွင် အဝါရောင်တံဆိပ်တစ်ခု ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။
မျောလွင့်ဝိညာဉ်ကမ္ဘာရှိ နိုင်ငံအသီးသီးမှ တော်ဝင်မိသားစုများသည် တော်ဝင်သင်္ကေတအဖြစ် အဝါရောင်တောက်တောက်ကိုသာ အသုံးပြုကြကြောင်း ရန်ကျောက်ကဲ စာအုပ်များမှတစ်ဆင့် သိရှိပြီး ဖြစ်သည်။ဤဓလေ့က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်လည်းတည်ရှိပြီး မဟာကပ်ဘေးကြီးမတိုင်ခင် ရှေးဟောင်းထုံးတမ်းစဉ်လာတစ်ခု ဖြစ်သည်။
မဟာကပ်ဘေးကြီးအလွန်တွင် ကွဲထွက်သွားသော ကမ္ဘာနှစ်ခုက ကိုယ်ပိုင်ယဉ်ကျေးမှုများ အသီးသီး ဖွဲ့ဖြိုးတိုးတက်လာခဲ့ကြသည်။ ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး မျောလွင့်ဝိညာဉ်ကမ္ဘာနှင့် အစွန်းရောကရှစ်ပါးကမ္ဘာက လုံးဝ မတူကွဲပြားသည့်တိုင် မဟာကပ်ဘေးမတိုင်ခင် လူ့ယဉ်ကျေးမှုများကတော့ ကမ္ဘာနှစ်ခုလုံး၏ နယ်ပယ်အသီးသီးတွင် လွှမ်းမိုးမှု ရှိနေခဲ့တာပင်။
တိုင်းပြည်တစ်ခုတွင် သိုင်းဂိုဏ်းတစ်ခု အောင်မြင်စွာရပ်တည်နိုင်ရန်မှာ မလွယ်ကူပေ။ အင်အားကြီးမားပြီး စွမ်းအားမြင့်မားရမည်ဖြစ်သလို တော်ဝင်မိသားစုနှင့် အနီးကပ်ဆက်ဆံရေးရှိမှသာ ရပ်တည်နိုင်မည် ဖြစ်၏။
လင်းယုန်ငှက်မွှေးဂိုဏ်းမှလူများက သိုင်းပညာ အဆင့်မြင့်လွန်းခြင်း မရှိသော်လည်း သူတို့က ဖုရန်တိုင်းပြည် တော်ဝင်မိသားစုအတွက် သားရဲထည့်ထားသော လှောင်အိမ်လှည်းများကို စောင့်ကြပ်သယ်ဆောင်လာကြသူများဖြစ်သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ထိုဂိုဏ်း၏ အဆင့်အတန်းက မသေးငယ်သည် အမှန်ပင်။
ရန်ကျောက်ကဲကတော့ ထိုကိစ္စနှင့်ပတ်သက်ပြီး အလွန်တရာ ကျေနပ်လျှက်ရှိသည်။
ယခု ရန်ကျောက်ကဲတို့အုပ်စုက ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသည့်ဒေသတစ်ခုတွင် လျှို့ဝှက်နေထိုင်ကြသော မျိုးနွယ်စုတစ်ခုမှ လူများပမာ ဟန်ဆောင်ထားကြသည်။ သူတို့က ဖုရန်တိုင်းပြည် တော်ဝင်မိသားစုမှ သိုင်းသမားများအကြောင်းနှင့် သွေးနီတိမ်တိုက်ဂိုဏ်း၏ သစ္စာခံများအကြောင်းကို ထိုသူများထံ စုံစမ်းမေးမြန်းကြည့်ကြသည်။
အမှန်တော့ ရန်ကျောက်ကဲအနေဖြင့် ထိုသူများထံတွင် ဧည့်သည်လုပ်ရန် စိတ်မဝင်စားသလို အချိန်လည်း မရှိပေ။ သူ စိတ်ဝင်စားသည်က သူ့မိခင်ချန်ထားခဲ့သော သဲလွန်စများ မည်သူ့လက်ထဲ ရောက်သွားသနည်းဆိုသောအချက် ဖြစ်သည်။
‘လင်းယုန်ငှက်မွှေးဂိုဏ်း’ မှ မိစ္ဆာသွေးကျင့်ကြံသူများနှင့် ခရီးအတူသွားကာ စကားစမြည်ပြောဆိုရင်း မျောလွင့်ဝိညာဉ်ကမ္ဘာမှ ကျင့်ကြံသူများ၏ အမြင်များနှင့် သဘောထားများကို ပိုမိုနားလည်လာရသည်။
ဤကမ္ဘာရှိ စွမ်းအားအမြင့်မားဆုံးသူများကို မိစ္ဆာ (၃) ပါး နှင့် သိုင်းဂိုဏ်းကြီး (၄) ဂိုဏ်းဟု လူသိများသည်။ ‘သွေးနီတိမ်တိုက်ဂိုဏ်း’ က စွမ်းအားအမြင့်မားဆုံး (၄) ဂိုဏ်းတွင် တစ်ခုအပါအဝင် ဖြစ်၏။
ထို့ပြင် သွေးမိစ္ဆာကျင့်ကြံသူများက အတော်လေး ထူးခြားသူများ ဖြစ်ကြသည်။
အကြောင်းမှာ သားရဲတစ်ကောင်၏ သွေးများကို လူသားတစ်ယောက်ခန္ဓာကိုယ်ထဲ စီးဆင်းဝင်ရောက်စေခြင်းမှာ လွယ်ကူသည်မဟုတ်ပေ။ လူသားခန္ဓာကိုယ်က သားရဲသွေးများကို လက်ခံနိုင်ရန် အတော်လေး ခဲယဉ်းကြသည်။ လက်ခံနိုင်သည်ဆိုပါကလည်း ထိုသားရဲသွေးများက ကျင့်ကြံသူ၏ စိတ်နေသဘောထားကို မသိမသာ ထိခိုက်သွားစေနိုင်သည်။
ခန္ဓာကိုယ်ထဲသို့ သားရဲသွေးများ စီးဆင်းဝင်ရောက်ပြီးနောက် ထိုသွေးများကို အပြည့်အဝသန့်စင်ပြီး မိစ္ဆာသွေးကျင့်ကြံသူတစ်ယောက်အဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ရန်မှာလည်း ခဲယင်းသည်။
အကယ်၍ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော သားရဲသွေးများကို သန့်စင်နေရင်း ကျင့်ကြံသူတစ်ယောက် ခံနိုင်ရည်ရှိသည့်အဆင့်ကို ကျော်လွန်သွားပါက ထိုသားရဲသွေးများက ခန္ဓာကိုယ်ထဲတွင် နိုးထသက်ဝင်လာမည် ဖြစ်သည်။
ထိုသို့သောအခြေအနေသို့ ရောက်ရှိသွားပါက မိစ္ဆာသွေးကျင့်ကြံသူတစ်ယောက်သည် “မိစ္ဆာတစ်ပိုင်းကျင့်ကြံသူ” တစ်ယောက်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ထိုသူများက နဂိုထက် ပိုမိုစွမ်းအားမြင့်မားလာကြပြီး ခန္ဓာကိုယ်ထဲမှ သားရဲသွေးများနိုးထမှုကြောင့် သာမန် မိစ္ဆာသွေးကျင့်ကြံသူများထက် ကျင့်ကြံခြင်းအဆင့်တက်ခြင်း ပိုမိုမြန်ဆန်ကြ၏။
သို့ပေသိ သားရဲဗီဇနိုးထလာခြင်းကြောင့် လူသားအစစ်တစ်ယောက်ပမာ မဟုတ်တော့ဘဲ သားရဲတစ်ဝက် ၊ လူတစ်ဝက်ဖြစ်သွားကြပြီး ထိုအခြေအနေမှ နောက်ပြန်ဆုတ်၍ မရနိုင်ပေ။
“မိစ္ဆာတစ်ပိုင်းကျင့်ကြံသူ” များအနေဖြင့် လူသားအသွင်ကို ပြန်လည်ပြောင်းလဲနိုင်စွမ်းရှိကြသလို သားရဲသွေးများကိုလည်း ဆက်လက်သန့်စင်နိုင်ကြသည့်တိုင် လူသားမဆန်တော့ဘဲ သားရဲတစ်ကောင်ပမာ သွေးဆာပြီး ရက်ဆက်ကြမ်းတမ်းလေ့ရှိသည်။ သူတို့က လူသားများ၏ အသွေးအသားကို သာမန်သားရဲများထက်ပင် ပိုမိုဆာငတ်သူများ ဖြစ်ကြသည်။
ထို့ကြောင့် “မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများ” အတွက် လူသားစားသည်ဆိုခြင်းမှာ ရှားပါးဖြစ်ရပ် မဟုတ်ပေ။
ထို့ပြင် သူတို့က လူသားသိုင်းသမားများဖြစ်ကြသော သာမန် မိစ္ဆာသွေးကျင့်ကြံသူများအကြောင်းကိုလည်း သိရှိထားသည်ဖြစ်ရာ မိစ္ဆာသားရဲအစစ်များထက်ပင် အန္တရယ်များပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“ဆိုတော့... ဟိုတောအုပ်ထဲမှတွေ့ခဲ့တဲ့သူက ခန္ဓာကိုယ်ပေါ်မှာ အလင်းသင်္ကေတတွေလည်းတွေ့ရတယ် ၊ ပြီးတော့ သူ့ကိုကြည့်ရတာ သွေးဆာနေသလိုပဲ ၊ တိုက်ရင်းခိုက်ရင်းနဲ့ သူ့ကိုယ်သူ ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး ‘ခြေထောက်ခြောက်ချောင်း လျှပ်စီးပျံကျားသစ်’ အဖြစ် ပြောင်းလဲသွားတယ် ၊ ကြည့်ရတာ အဲဒီလူက ‘မိစ္ဆာတစ်ပိုင်း’ ကျင့်ကြံသူပဲ ဖြစ်ရမယ်”
ရွှီဖေးက...
“ဖြစ်နိုင်တယ် ၊ မင်း သူ့လက်တွေကိုချိုးပစ်လိုက်တော့ သူ့ခန္ဓာကိုယ်ထဲက မိစ္ဆာသွေးတွေ အပြည့်အဝနိုးကြွလာတာ ဖြစ်ရမယ် ၊ အဲဒါကြောင့် လူသားပုံံစံပျောက်ပြီး ကျားသစ်ပုံစံ ပြေင်းလဲသွားတာ”
“မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများ” ၏ ကိုယ်ရည်ကိုယ်သွေးက လူသားများနှင့် လုံးဝ မတူတော့ပေ။ သို့သော် သူတို့က သားရဲဗီဇပြောင်းလဲသွားသည့်တိုင် မိစ္ဆာသွေးကျင့်စဉ်နည်းလမ်းအတိုင်း ဆက်လက်ကျင့်ကြံနိုင်ပြီး သူတို့၏စွမ်းအားများကို တိုးမြှင့်နိုင်နေဆဲ ဖြစ်သည်။
သို့သော် အခြေအနေတစ်စုံတစ်ရာကြောင့် သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ခြင်း ပျောက်ဆုံးသွားပါက သူတို့ခန္ဓာကိုယ်တွင်းမှ မိစ္ဆာသွေးများ အပြည့်အဝနိုးထလာပြီး စွမ်းအားသည်လည်း အထွတ်ထိပ်သို့ ရောက်ရှိလာမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လူသားအသွင် ကွယ်ပျောက်ပြီး သားရဲအသွင်သို့ အဖတ်ဆည်မရအောင် ပြောင်းလဲသွားမည် ဖြစ်လေသည်။
တစ်နည်းဆိုရသော် ထိုသို့သောကျင့်ကြံသူများမှာ သားရဲတစ်ကောင်အဖြစ် ဘဝသစ်ရရှိသွားသည်ဟုပင် ဆိုနိုင်သည်။
ရန်ကျောက်ကဲက နှုတ်ခမ်းများကို တွန့်ကွေးရင်း...
“ဒါဖြင့် ငါ အဲဒီကောင်ကိုသတ်လိုက်တာ အပြစ်ကြီးလုပ်မိလိုက်တာပေါ့ အဟက်...”
အမှန်တော့ ဤ မျောလွင့်ဝိညာဉ်ကမ္ဘာတွင် မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများကို လူတိုင်းက ရွံရှာမုန်းတီးကြသည်။ သူတို့၏ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကြောင့် လူသားများအပေါ် သူတို့ထားရှိသည့် သဘောထားကလည်း ပြောင်းလဲသွားသည်။ သူတို့က မိစ္ဆာသားရဲများထက်ပင် ကြောက်မက်ဖွယ်ကောင်းပြီး လူသားများကို အစဉ်သဖြင့် ရန်လိုတိုက်ခိုက်ကြသည်။
စောစောကပြောခဲ့သော “မိစ္ဆာ (၃)ပါးနှင့် သိုင်းဂိုဏ်းကြီး (၄) ဂိုဏ်း” ဆိုရာတွင် “မိစ္ဆာ (၃)ပါး” ဆိုသည်မှာ ရန်ကျောက်ကဲ တွေးထင်ထားသလို မိစ္ဆာသားရဲများကို ပြောခြင်းမဟုတ်သလို ၊ မိစ္ဆာမျိုးနွယ်စုများကိုလည်း ရည်ညွှန်းခြင်း မဟုတ်ပေ။
“မိစ္ဆာ (၃)ပါး” ဆိုသည်မှာ မျောလွင့်ဝိညာဉ်ကမ္ဘာ မှ မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများထဲတွင် စွမ်းအားအမြင့်မားဆုံး (၃)ယောက်ကို ဆိုလိုခြင်း ဖြစ်သည်။
ထို မိစ္ဆာတစ်ပိုင်း ကျင့်ကြံသူ (၃)ယောက်က စွမ်းအားမြင့်မားလွန်းသဖြင့် သူတို့ (၃)ယောက်ကို မျောလွင့်ဝိညာဉ်ကမ္ဘာ၏ အကြီးမြတ်ဆုံး ကျင့်ကြံသူ (၃)ဦးအဖြစ် သတ်မှတ်ခဲ့ကြရသည်။
သိုင်းဂိုဏ်းကြီး (၄) ဂိုဏ်းမှ မိစ္ဆာသွေးကျင့်ကြံသူများက တိမ်တိုက်များပမာ စွမ်းအားမြင့်မားလှသော်လည်း ထို မိစ္ဆာ (၃)ပါးနှင့် တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူ တစ်ယောက်မှ မရှိပေ။
ကနဦးအချိန်ကာလများတွင်...
သွေးဆာရက်စက်ကြသော မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများကို အရေအတွက်များပြားသည့် မိစ္ဆာသွေးကျင့်ကြံသူ လူသားသိုင်းသမားများက သုတ်သင်ရှင်းလင်းပစ်ခဲ့ကြသည်။
စွမ်းအားမြင့်မားသော “မိစ္ဆာတစ်ပိုင်းကျင့်ကြံသူ (၃)ယောက်” ထွက်ပေါ်လာပြီးနောက် မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများစွာသည် ထိုသူများထံတွင် လက်အောက်ခံအဖြစ် စုရုံးခိုလှုံလာကြသည်။ ထို့နောက် အုပ်စုဖွဲ့လျှက် လူသားသိုင်းသမားများကို ပြန်လည်ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။
မျောလွင့်ဝိညာဉ်ကမ္ဘာတွင် “မိစ္ဆာ (၃)ပါးနှင့် သိုင်းဂိုဏ်းကြီး (၄) ဂိုဏ်း” အပြင် လူသားကျင့်ကြံသူများ သွားရောက်ရန်စရဲခြင်းမရှိသော သန့်စင်သည့် မိစ္ဆာသားရဲအစစ်များလည်း ရှိသေး၏။
လူသားများက သားရဲများကိုဖမ်းဆီးပြီး သွေးကိုထုတ်ယူကာ ကျင့်ကြံကြသည့်အတွက် မိစ္ဆာသွေးကျင့်ကြံသူများနှင့် မိစ္ဆာသားရဲအစစ်များကြားတွင် ပဋိပက္ခများရှိကြသလို မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများနှင့် မိစ္ဆာသားရဲအစစ်များသည်လည်း မတည့်ကြပေ။ ထိုအတူ သွေးဆာနေသည့် မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများနှင့် လူသားသိုင်းသမား မိစ္ဆာသွေးကျင့်ကြံသူများလည်လည်း အမြဲတမ်း တိုက်ခိုက်လျှက် ရှိကြသည်။
ထို့ကြောင့် မျောလွင့်ဝိညာဉ်ကမ္ဘာတစ်ခုလုံးက ကြမ်းတမ်းပြီး သွေးစွန်းတိုက်ပွဲများဖြင့် ပြည့်နက်နေခဲ့သည်။
အားဟူက...
“သခင်လေး ၊ သခင်မကြီးက ဒီကမ္ဘာက မဟုတ်ဘူးဆိုရင်တောင်မှ သဲလွန်စတစ်ခုခုတော့ ချန်ထားခဲ့မှာ မဟုတ်လား ၊ အခု သခင်မကြီးအကြောင်း ဘာသတင်းမှ မကြားရဘူးလား”
ရန်ကျောက်ကဲက ပခုံးတွန့်ရင်း...
“ဒီ ‘လင်းယုန်ငှက်မွှေးဂိုဏ်း’ က လူတွေက အဲဒီကိစ္စကို လုံးဝမသိဘူး ၊ ဒီတော့ ငါလည်းသူတို့ကို အတင်းအကျပ် မေးလို့မရဘူးလေ”
ရန်ကျောက်ကဲတို့အုပ်စု ‘လင်းယုန်ငှက်မွှေးဂိုဏ်း’ မှ သိုင်းသမားများနှင့်အတူ ‘ဖုရန်တိုင်းပြည်’ ၏ မြို့တော် ၊ ခန်းဟယ်သို့ ရောက်ရှိလာကြသည်။
‘ဖုရန်တိုင်းပြည်’ ၏ မြို့တော်ဖြစ်သော ခန်းဟယ်က ဗိသုကာလက်ရာပုံစံများ ကြမ်းတမ်းဆဲဖြစ်သော်လည်း တောင်ပိုင်နယ်နိမိတ်ဖြစ်သော ‘မုကျီ’ မြို့ထက်တော့ သာလွန်လေသည်။
‘လင်းယုန်ငှက်မွှေးဂိုဏ်း’ မှ သိုင်းသမားတစ်ယောက်ဖြစ်သော ချန်စောက အတော်လေး စိတ်သဘောထားကောင်းပြီး ရိုးသားသူ ဖြစ်သည်။ သူက ရန်ကျောက်ကဲနှင့် အခြားသူများအပေါ် ဖော်ဖော်ရွေရွေရှိပြီး သူ၏ဆရာဖြစ်သူ ၊ ‘လင်းယုန်ငှက်မွှေးဂိုဏ်း’ ၏ ဂိုဏ်းချုပ် ‘ကောင်းဖန်’ နှင့်ပင် တွေ့ဆုံရန် စီစဉ်ပေးခဲ့သည်။
ကောင်းဖန်က ဆံပင်များတစ်ခေါင်းလုံးဖြူဖွေးနေသည့် အဘိုးအိုတစ်ယောက်ဖြစ်သော်လည်း ကလေးဆန်သောမျက်နှာရှိပြီး ဖြူစင်ရိုးသားဟန်ဖြင့် နှစ်လိုဖွယ်ကောင်းသည်ပင်။
သူက ချန်စောကဲ့သို့ပင် သဘောကောင်းပြီး ရဲရင့်ပြတ်သားသူဖြစ်သော်လည်း ရန်ကျောက်ကဲတို့နှင့် စကားပြောဆိုရာတွင်တော့ ပါးနပ်ပြီး အတွေ့အကြုံရှိသူပီပီ သူတို့၏နောက်ကြောင်းကို စကားနှိုက်ရန် ကြိုးပမ်းသည်။
မိစ္ဆာသွေးကျင့်ကြံသူများ၏ ကျင့်စဉ်နည်းလမ်းများက အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းပညာများနှင့် ကွဲပြားသည်။
စွမ်းအားအတက်အကျနှင့် ဝိညာဉ်စွမ်းအားကို အာရုံခံပြီး မိစ္ဆာသားရဲအစစ်တစ်ကောင်ကို အာရုံခံနိုင်သည်။
သို့သော် မိစ္ဆာသွေးကျင့်ကြံသူများကတော့ ထူးခြားသူများဖြစ်၏။ သူတို့ခန္ဓာကိုယ်ထဲတွင် ကျင့်ကြံခြင်းအခြေခံအဖြစ် စီးဆင်းနေသော မိစ္ဆာသွေးများမှတစ်ဆင့် သူတို့၏စွမ်းအားမည်မျှမြင့်မားကြောင်း ခန့်မှန်းရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် တိုက်ပွဲရင်ဆိုင်ရခြင်းမရှိပါက မိစ္ဆာသွေးကျင့်ကြံသူတစ်ယောက်၏စွမ်းအားကို သိရှိနိုင်မည် မဟုတ်ပေ။
ထို့ပြင် မိစ္ဆာသွေးကျင့်ကြံသူများက ချီစွမ်းအားအဆင့်အတန်း အလွန်နိမ့်ကျလေရာ ရန်ကျောက်ကဲတို့အုပ်စုမှာ သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် သိုင်းစွမ်းအားကို အလွယ်တကူ မခန့်မှန်းနိုင်ကြပေ။
ရန်ကျောက်ကဲတို့အုပ်စုကလည်း သူတို့၏ရောင်ဝါနှင့် အငွေ့အသက်များကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားကြသဖြင့် ကောင်းဟန် ၊ ချန်စောနှင့် အခြားသော လင်းယုန်ငှက်မွှေးဂိုဏ်းသားများမှာ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို သိရှိနိုင်ခြင်း မရှိကြပေ။
ကောင်းဖန်၏ စစ်စစ်ပေါက်ပေါက်မေးမြန်းမှုများအား ရန်ကျောက်ကဲက အချက်ကျကျဖြင့် ပြန်ဖြေနိုင်ခဲ့သည်။ အားဟူ ၊ ရွှီဖေးနှင့် အခြားသူများအားလုံးက ဘာသာစကားမတတ်ကျွမ်းကြသဖြင့် သံသယဝင်စရာဖြစ်သော်လည်း ရန်ကျောက်ကဲကတော့ အခြေအနေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
ကောင်းဖန်နှင့် အခြားသူများ တည်းခိုဆောင်မှ ပြန်သွားကြသည့်အခါ ရန်ကျောက်ကဲတို့အုပ်စုလည်း ခန်းဟယ်မြို့တစ်ခွင်သို့ အေးအေးလူလူပင် လမ်းလျှောက်ထွက်ခဲ့ကြသည်။
လူအများပြောဆိုကြသောစကားများမှတစ်ဆင့် ‘လင်းယုန်ငှက်မွှေးဂိုဏ်း’ အကြောင်း ပိုမိုသိရှိလာခဲ့ကြသည်။
ထိုဂိုဏ်းက ‘ဖုရန်တိုင်းပြည်’ တော်ဝင်မိသားစု၏လက်အောက်ခံဖြစ်ပြီး ခန်းဟယ်မြို့တော်၏ အဓိကအင်အားစုများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။
ထို့ပြင် ‘ဖုရန်တိုင်းပြည်’ တွင် မကြာမီကပင် လူအများအာရုံစိုက်ခံရသော သတင်းတစ်ခု ပျံ့နှံ့ခဲ့သည်။ ထိုသတင်းမှာ ‘သွေးနီတိမ်တိုက်ဂိုဏ်း’ က ခန်းဟယ်မြို့တော်တွင် တွေ့ဆုံပွဲတစ်ခု ကျင်းပမည်ဆိုသောသတင်း ဖြစ်သည်။ ထိုတွေ့ဆုံပွဲသို့ နိုင်ငံတစ်ဝှမ်းနှင့် အိမ်နီးချင်းနိုင်ငံများမှ အရည်အချင်းရှိသော လူငယ်သူရဲကောင်းများ တက်ရောက်နိုင်ပြီး ‘ဖုရန်တိုင်းပြည်’ တစ်ခုလုံးတွင် အကြီးကျယ်ဆုံး တွေ့ဆုံပွဲတစ်ခုလည်း ဖြစ်၏။
“ကမ္ဘာမတူပေမယ့် လုပ်နေတဲ့အလုပ်တွေကတော့ အတူတူပါပဲ အဟက်”
ရန်ကျောက်ကဲ တွေးလိုက်သည်။
သူတို့ တည်းခိုဆောင်သို့ ပြန်ရောက်လာတော့ မိန်းမပျိုတစ်ယောက်က လက်ဖက်ရည်ကြမ်း တည်ခင်းပြင်ဆင်ပေးလေသည်။
ရန်ကျောက်ကဲက လက်ဖက်ရည်ကြမ်းပန်းကန်ကို နှုတ်ခမ်းဖြင့်ထိမိသည်နှင့် နှာခေါင်းရှုံ့ပွ ရှုံ့ပွ လုပ်လိုက်ပြီး ချက်ချင်းပင် မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်လေ၏။