ဂိုဏ်းချုပ်အား ပစ်ခတ်ခြင်း
Vol. 6-10 Ch. 107
အခန်း (၁၀၇) : ဂိုဏ်းချုပ်အား ပစ်ခတ်ခြင်း
ဂိုဏ်းချုပ်၏ စံအိမ်တော်အတွင်းတွင် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားလေ၏။
ကြာပြာ ကောင်းကင်အသျှင်ကလည်း ရှန်ထျန်းကို သေချာ စိုက်ကြည့်နေလေသည်။
ခဏအကြာတွင် ဂိုဏ်းချုပ်ကို လွှမ်းခြုံထားသော မိုးကြိုးအရှိန်အဝါလည်း ဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။
“ ထျန်းအာ မင်း ပြောတာတွေက အမှန်တွေပဲလား။ ဒီလိုမျိုး အရေးကြီးတဲ့ကိစ္စကို မနောက်သင့်ဘူးနော်”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဂိုဏ်းတူညီလေး ယွင်တိရေ….. ဆရာ ကြည့်လို့ရအောင် ယင်ယန် နတ်မိုးကြိုးကို ဖန်တီးပြလိုက်ပါဦး”
ချင်ယွင်တိကလည်း သဘောတူလိုက်ပြီး သူ ပြင်ဆင်လာသော ကန်ရေကို သူ၏ ကြားခံနယ် လက်စွပ်ထဲမှ ထုတ်ယူကာ လေထဲမှာ ရေဘောလုံး ပုံသဏ္ဌာန် ဖော်ဆောင်ထားလိုက်သည်။
ထို့နောက် အားကောင်းသာ မိုးကြိုးဖြင့် ရေဘောလုံးဆီ ပစ်သွင်းလိုက်သည်။
မိုးကြိုးက ရေဘောလုံးဆီ သက်ရောက်တာ ကြာလာသဖြင့် ပူဖောင်းတွေ ထွက်လာပြီး လူတစ်ယောက်စာ အမြင့်ရှိသော ရေဘောလုံးက လျင်မြန်စွာ ကျုံ့သွားကာ ချင်ယွင်တိ၏ လက်ထဲသို့ ရောက်ရှိသွားသည်။
ခဏအကြာတွင် ဘေ့စ်ဘောအရွယ်အစားရှိသော အပြာရောင်ဓာတ်ငွေ့ ဘောလုံးက ချင်ယွင်တိ၏ လက်ပေါ်မှာ ဝေ့ဝဲနေသည်။
ချင်ယွင်တိက သူ မိုးကြိုး ဖန်တီးနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောလိုက်သည်
“ ဂိုဏ်းတူအစ်ကိုးထျန်းရဲ့ အရည်အချင်းတွေက အရင်ကထက်ရော အခုထက်ရော ပိုပြီးတော့ တိုးတက်လာတာ။ သူ နဝမမြောက် နတ်မိုးကြိုးကျင့်စဉ် ကျင့်နေတုန်း ယင်ယန် ဆန့်ကျင်ဘက် တာအိုအကြောင်းကို မသိလိုက်ဘဲ နားလည်သွားခဲ့တာ။
ရေကို မိုးကြိုးထိသွားရင် ယင်နဲ့ ယန်အဖြစ် ပြိုကွဲသွားစေတယ်ဆိုတာကိုလည်း သူပဲ ရှာတွေ့သွားခဲ့တာ။ အဲဒီအက်တမ်နှစ်ခုက မိုးကြိုးနဲ့ထိရင် လောင်ကျွမ်းသွားပြီးတော့ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားကို ထုတ်လွှတ်ပေးတာလေ။
တိကျတဲ့ အချိုးအဆအတိုင်း ယင်၊ ယန်နဲ့ ဝိညာဉ်ချီကို ရောစပ်ဖို့အတွက် ချီစုစည်းခြင်းအဆောင်ကို အသုံးပြုခဲ့တာ။ ပြီးတော့ အဲဒါတွေကို အထူးပြုလုပ်ထားတဲ့ ဝိညာဉ်ရွှေလုံးထဲမှာ ထည့်ထားလိုက်တာ။ အဲဒါနဲ့ ပြိုင်ဘက်ကို ပစ်ပေါက်လိုက်တာနဲ့ တစ်ခါတည်း ပေါက်ကွဲသွားစေတာမျိုးပေါ့။
အဲဒါကို ကြည့်ပြီးတော့ မိုးကြိုး ဖောက်ခွဲရေးအဆောင် ပေါက်ကွဲသွားတာနဲ့ ဝိညာဉ်ရွှေလုံးထဲမှာရှိတဲ့ စွမ်းအားတွေကို နေရာအနှံ့ ဖြန့်ကျက်ပေးလိုက်တယ်ဆိုတာကို သိနိုင်တယ်။
ကျွန်တော် သေချာဂရုတစိုက် တွက်ချက်ကြည့်တော့ အဲလိုမျိုး ယင်ယန် ဖောက်ခွင်း နတ်မိုးကြိုးကို ပြုလုပ်လို့ အောင်မြင်နိုင်ချေက ၉၀ရာခိုင်နှုန်း အထက်မှာရှိတယ်။ ပြီးတော့ ရေကို ဖြိုခွဲဖို့အတွက် လိုအပ်တဲ့ ဝိညာဉ်ချီနဲ့ ဝိညာဉ်ရွှေလုံးအတွက် ကုန်ကျမှုကလည်း ဝိညာဉ်ကျောက်တုံး သုံးတုံးကနေ လေးတုံးဝန်းကျင်ပဲ ရှိတယ်”
ချင်ယွင်တိက ပြောပြီးသည်နှင့် အပြာရောင် အငွေ့ကို နတ်မိုးကြိုးထဲသို့ ထည့်ကာ အဆုံးသတ်လိုက်သည်။
ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ လက်ဖြန့်လိုက်တော့ အသစ်ဖန်တီးထားသော နတ်မိုးကြိုးက သူ့လက်ထဲ ရောက်ရှိလာလေ၏။
သူ့ လက်ဖဝါးပေါ်က နတ်မိုးကြိုးက လက်ထဲမှာပဲ ချက်ချင်း ပေါက်ကွဲသွားသည်။
ဝုန်း….
ပေါက်ကွဲသွားသော အသံက အရမ်းပြင်းထန်ပြီး ထိတ်လန့်စရာကောင်းသော်လည်း ပေါက်ကွဲမှု၏ အကျိုးသက်ရောက်မှုက ပေါ်ထွက်မလာခဲ့ပေ။ ဂိုဏ်းချုပ်၏ လက်ဖဝါးက ထိုစွမ်းအားတွေ အကုန်လုံးကို စုပ်ယူလိုက်သလိုမျိုး ဖြစ်နေသည်။
ဂိုဏ်းချုပ်၏ လက်ဖဝါးပေါ်မှ ဝိညာဉ်ရွှေလုံးလေး ကျလာပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်
“ စွမ်းအားက အရမ်းပြင်းတယ်။ ဝိညာဉ်ရွှေလုံးတွေ နေရာအနှံ့ပျံ့နှံ့သွားအောင် လုပ်နိုင်တဲ့ ဒီလိုနတ်မိုးကြိုးက ငါတို့ရဲ့ တပည့်တွေကို မတော်တဆ ထိခိုက်သွားနိုင်တယ်ဆိုတော့ ဒါက နည်းနည်း အန္တရာယ်များတယ်”
ချင်ယွင်တိက အနက်ရောင် သံတုတ်တံကို ဂိုဏ်းချုပ်ဆီသို့ ကမ်းပေးရင်း ပြောလိုက်သည်
“ ဆရာဦးလေး ဒီမှာ ဒါလည်း ရှိသေးတယ်”
ဂိုဏ်းချုပ်က ချင်ယွင်တိ၏ လက်ထဲက အရာကို ကြည့်ပြီး နားမလည်နိုင်စွာဖြင့် မေးလိုက်သည်
“ ဒါက ဘာလဲ”
ချင်ယွင်တိက မိုးကြိုးဖောက်ခွဲရေး အဆောင်ကို သံတုတ်တံထဲ ထည့်ပြီးနောက် မောင်းခလုတ်ကို ဆွဲကာ ဂိုဏ်းချုပ်ဆီ ပစ်လိုက်သည်။
ဒိုင်း…..
သေနတ်ပြောင်းဝဆီမှ အပြာဖျော့ဖျော့ မီးတောက် ထွက်လာပြီးနောက် ဝိညာဉ်သံမဏိလုံးများလည်း အစုလိုက်ထွက်လာကာ ဂိုဏ်းချုပ်ဆီ ပျံဝဲသွားကြသည်။
ဝုန်း…ဝုန်း…ဝုန်း….ဝုန်း….
သံလုံးတွေက ဂိုဏ်းချုပ်ကို လွှမ်းခြုံထားသော မိုးကြိုးအရှိန်အဝါနှင့် တိုက်မိပြီးနောက် လှိုင်းဂယ်ကသံ အနည်းငယ်ထပြီး မြေပြင်ပေါ်သို့ အားအင်ချိနဲ့စွာ ပြုတ်ကျသွားသည်။
ဂိုဏ်းချုပ်က နက်နဲစွာ တွေးရင်း ပြောလိုက်သည်
“ ဒါပဲလေ။ ဓမ္မအသုံးအဆောင်ပစ္စည်းကို သုံးပြီးတော့ ဝိညာဉ်အလုံးတွေရဲ့ လမ်းကြောင်းကို ထိန်းချုပ်မယ်။ ပြီးတော့ ဂိုဏ်းသားတွေကို မတော်တဆ ထိခိုက်တာကနေ ကာကွယ်ပေးမှာ ဟုတ်တယ်မလား။
စဉ်းစားထားတာလေးက အတော် ကောင်းပါတယ်။ စွမ်းအားကလည်း လျော့ကျသွားမယ်လေ။ ဒါကလည်း မင်းတို့နှစ်ယောက် စဉ်းစားထားတဲ့အကြံပဲလား”
ချင်ယွင်တိက ပြုံးကာ လေးစားမှုအပြည့်ဖြင့် ပြောလိုက်သည်
“ မဟုတ်ပါဘူးခင်ဗျာ။ ဒါက ဂိုဏ်းတူအစ်ကိုထျန်းရဲ့ အကြံပါ။ ကျွန်တော်က အစ်ကိုကြီးထျန်းရဲ့ လမ်းညွှန်မှုတွေနဲ့ ဒီအရာတွေကို ဖန်တီးခဲ့တာပါ။ အစ်ကိုကြီးထျန်း ပြောတာကတော့ ယင်ယန် နတ်ဆိုးဖောက်ခွင်း သေနတ်လုပ်ဖို့အတွက် ဒီနည်းလမ်းက အရိုးရှင်းဆုံးပဲတဲ့”
ရှန်ထျန်းက သူ့အကြောင်းကို အဆက်မပြတ် ကြွားလုံးထုတ်နေသော ချင်ယွင်တိကို ကြည့်ကာ စိတ်ညစ်နေမိသည်။
သေစမ်း….မင်းကို အမှတ်အများကြီး ပေးပြီးတော့ ငါ့ကို နောက်လိုက်နေရာမှာပဲ ထားဖို့ ငါတို့ သဘောတူထားတယ် မဟုတ်လား
ဂိုဏ်းချုပ်ရှေ့ ရောက်တာနဲ့ ဘာလို့ ထိန်းချုပ်မှုမရှိတော့ပဲ ငါ့အကြောင်းတွေကို လျှောက်ပြီးတော့ ကြွားလုံးထုတ်နေရတာလဲ
သေစမ်း…ငါ တကယ်ကို အမှတ်မရချင်ဘူး
ရှန်ထျန်းလည်း ရွေးချယ်စရာ မရှိတော့ဘဲ ဂိုဏ်းချုပ် မေးမြန်းတာကို ဖြေကြားပေးရတော့မည်။
“ ဟုတ်ကဲ့ … ဒါကို အဆင့်မြှင့်ဖို့ နည်းလမ်းတစ်ခု ရှိပါတယ်။ ဂိုဏ်းတူညီလေး ယွင်တိက ဒီတစ်ခေါက် ဓမ္မအသုံးအဆောင်ပစ္စည်းကို ဖန်တီးဖို့အတွက် ဈေးအချိုဆုံး ဝိညာဉ်ရွှေကို သုံးထားတာကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေကို ခံနိုင်ရည် မရှိတာပါ။
အဲဒါကြောင့် ဒီယင်ယန် နတ်ဆိုးဖောက်ခွင်း သေနတ်ကို အစမ်းထုတ်ကုန်လို့ပဲ သတ်မှတ်လို့ ရပါသေးတယ်။ သူ့ရဲ့ စွမ်းအားက အခြေတည်အဆင့် ကျင့်ကြံသူတွေနဲ့ပဲ ကိုက်ညီသေးတယ်”
ဂိုဏ်းချုပ်က ရှန်ထျန်း ပြောတာကို သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သော်လည်း ရှန်ထျန်း၏ စကားက အနည်းငယ် ပိုလွန်းနေသည်ဟု ခံစားမိသည်။
သေနတ်၏ ပစ်အားက အားနည်းနေသော်လည်း ပြိုင်ဘက်က အားအင်အပြည့်နဲ့ မရင်ဆိုင်နိုင်ဘဲ ထိုကဲ့သို့သော မိုးကြိုးအဆောင် သေနတ်နဲ့ တွေ့ပါက အခြေတည် နောက်ဆုံးအဆင့်ကျင့်ကြံသူပင် သေဆုံးသွားနိုင်သည်။
ထိုကဲ့သို့သော ဓမ္မအသုံးအဆောင်ပစ္စည်းက ယခုအထိ အစမ်းထုတ်ကုန် ဖြစ်နေသည်ဟု ပြောသည့်အတွက် ဂိုဏ်းချုပ်ပင် ထိုအကြောင်းကို သိချင်နေမိသည်။
ရှန်ထျန်းကလည်း ဆက်ပြီးတော့ ရှင်းပြနေသည်
“ အထွတ်အထိပ်အဆင့် ယင်ယန် နတ်ဆိုးဖောက်ခွင်း သေနတ်ကို ပြုလုပ်တဲ့အခါမှာ ကြံခိုင်မှု မြင့်မားတဲ့ ဝိညာဉ်ရွှေနဲ့ အဆင့်မြင့် ကာကွယ်ရေးအစီအရင်တို့ ပေါင်းစပ်ပြီး အသုံးပြုရမယ်။
ဒီလိုမျိုးပြုလုပ်ထားတဲ့ ဓမ္မအသုံးအဆောင် ပစ္စည်းက ယင်ယန် မိုးကြိုးဖောက်ခွဲရေး အဆောင်တွေရဲ့ ပေါက်ကွဲမှုဒဏ်ကို ခံနိုင်ရည်ရှိပြီးတော့ အဲဒီပေါက်ကွဲမှုကို ကျည်ဆန်ရဲ့ အားအင်ထဲ ပေါင်းထည့်ပေးလိမ့်မယ်။
ကျည်ဆန်အတွက်လည်း သာမန် သံမဏိလုံးကို သုံးဖို့ မသင့်တော်ဘူး။ ကတော့ပုံစံရှိပြီး ထိပ်ချွန်တဲ့ ကြံခိုင်မှုမြင့်မားတဲ့ ဝိညာဉ်ရွှေကို သုံးတာ အကောင်းဆုံးပဲ။ ဖြစ်နိုင်ရင် ကျည်ဆန်ထိပ်မှာ သံချပ်ကာထိုးဖောက်ရေး အစီအရင် ဝင်္ကပါကားချပ်ကို ထွင်းထားစေချင်တယ်”
ရှန်ထျန်း စကားပြောနေစဉ် ဂိုဏ်းချုပ်ကို လွှမ်းမိုးထားသော မိုးကြိုးအရှိန်အဝါက အလျင်အမြန် လှုပ်ရှားနေသည်။
ဂိုဏ်းချုပ်ကလည်း ခံစားချက်နှင့် လိုချင်တပ်မက်မှုတွေကို ဖယ်ထုတ်ကာ ရှန်ထျန်း ပြောသွားတာတွေက လုပ်ဆောင်ဖို့ ဖြစ်နိုင်မလားဆိုတာကို တွက်ချက်နေသည်။
ဂိုဏ်းချုပ်က ထိုဓမ္မအသုံးအဆောင်ပစ္စည်း၏ ဖျက်ဆီးနိုင်စွမ်းကို စိတ်ထဲမှာ သေချာတွက်ချက်နေသည်။
ခဏအကြာတွင် စိတ်လှုပ်ရှားမှု စွက်ကာ ပြောလိုက်သည်
“ သံမဏိအဆီအနှစ်ကို သုံးမယ်ဆိုရင်တော့ ဒီဓမ္မအသုံးအဆောင်ရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းပေးနိုင်မှာပဲ။ အဲလိုသာဆိုရင် ဒီဓမ္မအသုံးအဆောင်ပစ္စည်း ရွှေအမြုတေ ကန့်သတ်နယ်မြေကို ထိုးဖောက်နိုင်မှာ သေချာတယ်”
ရွှေအမြုတေ ကန့်သတ်နယ်မြေကို ထိုးဖောက်နိုင်ခြင်းဆိုသည်မှာ ရွှေအမြုတေကျင့်ကြံသူများ၏ ကာကွယ်ရေးနယ်မြေကို ထိုးဖောက်သွားနိုင်ခြင်း ဖြစ်၏။
ရွှေအမြုတေ ကျင့်ကြံသူများသည် ထာဝရတာအို အခြေခံအုတ်မြစ်ကိုသာ ဖွဲ့စည်းနိုင်သော အခြေတည်အဆင့် ကျင့်ကြံသူများနှင့် မတူညီပေ။ ရွှေအမြုတေ ကျင့်ကြံသူတွေက ဓမ္မနည်းဥပဒေ သဘောတရားတွေကိုပါ နားလည်သဘောပေါက်နေပြီ ဖြစ်သည်။
ထိုအဆင့်ရှိ ကျင့်ကြံသူများက သူတို့၏ မတူညီကွဲပြားသော ကျင့်စဉ်များပေါ်မူတည်၍ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် မတူညီသော ရွှေအမြုတေ နယ်ပယ်များ ဖြစ်ပေါ်နိုင်သည်။
ထိုကဲ့သို့ နယ်ပယ်ကို ဖျက်ဆီးပြီး ရွှေအမြုတေ ချီသန့်စင်ခြင်း ကျင့်ကြံသူများကို ပျက်ဆီးစေဖို့ဆိုတာ ရွှေအမြုတေအဆင့် အောက်ရှိ ကျင့်ကြံသူများအဖို့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။
ထို့ကြောင့် သာမာန်သေမျိုးတွေက အခြေတည်အဆင့် ကျင့်ကြံသူများကို ဖိနှိပ်ပြီး သတ်နိုင်လျှင်ပင် ရွှေအမြုတေ ချီသန့်စင်ခြင်းကျင့်ကြံသူများက သေမျိုးကမ္ဘာကို ကြောက်ကြသည် မဟုတ်ပေ။
ထိုကြောင့် ‘ရွှေအမြုတေကို စားပြီး ငါက ငါ့ကံကြမ္မာရဲ့သခင်ပဲ’ ဆိုတာမျိုး ဖြစ်လာတာပေါ့။ ဆိုလိုတာက စံပြပုဂ္ဂိုလ်တွေပဲ ကျင့်ကြံခြင်းလမ်းကို တကယ်လျှောက်လှမ်းနိုင်တယ်တဲ့
အခြေတည်အဆင့် ကျင့်ကြံသူများအတွက် အစီအရင်တွေ လုပ်၊ အဆောင်တွေ ဆွဲပြီး ရွှေအမြုတေ ကျင့်ကြံသူတွေကို စိန်ခေါ်ဖို့ဆိုတာ ပုံမှန်အားဖြင့် ခက်ခဲလှသည်။ အဆင့်တူကျင့်ကြံသူ သို့မဟုတ် အဆင့်ပိုမြင့်သော ကျင့်ကြံသူများသာလျှင် နတ်ဘုရား အဆောင်တွေကို ဆွဲပြီး ရွှေအမြုတေ ကျင့်ကြံသူတွေကို သတ်နိုင်တာ ဖြစ်သည်။
ရှန်ထျန်း ပြောပြသော အံ့ဖွယ်သေနတ်ကိုသာ ပြီးပြည့်စုံအောင် ဖန်တီးပြီးစီးပါက ထိုကဲ့သို့ မြင်ကွင်းမျိုး တကယ်ဖြစ်လာနိုင်သည်။
ရှေ့လျှောက် သေနတ်သာ လက်ထဲမှာ ရှိနေပါက အံ့ဖွယ်မိုးကောင်းကင်တပည့်တွေက ရွှေအမြုတေအဆင့်အောက်ရှိ ကျင့်ကြံသူတွေကို ကြိုက်သလိုမျိုး လုပ်နိုင်ပြီဖြစ်သည်။ ယုံကြည်လို့ မရသူတွေကိုလည်း တစ်ချက်တည်းဖြင့် ပစ်သတ်လို့ ရနိုင်သည်။
ဒါဆိုရင် ရွှေအမြုတေအဆင့်အောက်ရှိ ကျင့်ကြံသူတွေကို ကန့်သတ်ထားတဲ့ လျို့ဝှက်နယ်မြေတွေမှာလည်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အထိပ်မြေရဲ့ တပည့်တွေက တစ်ခြားသူတွေထက် ပိုပြီးတော့ တောက်ပလာတော့မှာ မဟုတ်လား
အနေတည်သော ဂိုဏ်းချုပ်လည်း ထိုအကြောင်းကို တွေးပြီး စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။ ထို့ကြောင့် ရှန်ထျန်းကို ကြည့်ကာ မေးလိုက်သည်
“ မင်းက အဲဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ သိပြီးသားဆိုရင် ဘာလို့ တစ်ခုလောက် မလုပ်ထားရတာလဲ”
ရှန်ထျန်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်
“ သံမဏိအဆီအနှစ်က အရမ်းဈေးကြီးတော့ ဂိုဏ်းတူညီလေးယွင်တိက မဝယ်နိုင်ဘူးလေ”