အထွတ်အထိပ်မြေ၏ ကြီးပွားတိုးတက်မှုအတွက် လေ့လာခြင်း
Vol. 6-10 Ch. 108
အခန်း (၁၀၈) : အထွတ်အထိပ်မြေ၏ ကြီးပွားတိုးတက်မှုအတွက် လေ့လာခြင်း
“ သံမဏိအဆီအနှစ်က အရမ်းဈေးကြီးလို့ ဂိုဏ်းတူညီလေးယွင်တိက မဝယ်နိုင်ဘူးလေ”
ရှင်ထျန်းက ချင်ယွင်တိကို မျက်နှာသာရအောင် လုပ်ပေးမနေတော့ဘဲ သူ့ကို ဂိုဏ်းချုပ်ဆီ ရောင်းစားနေသည့်အတွက် လက်စားချေသည့်အနေဖြင့် တည့်တိုးသာ ပြောလိုက်သည်။
ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ အတွေးထဲ နစ်မြောနေသည်။
ဟုတ်သားပဲ….သံမဏိအဆီအနှစ်ဆိုတာက အထွတ်အထိပ်အဆင့် ဓမ္မအသုံးအဆောင်ပစ္စည်းတွေလုပ်ဖို့ လိုအပ်တဲ့ အဓိက ပါဝင်ပစ္စည်းတစ်မျိုးပဲလေ
လက်မအရွယ်အစားလောက်ရှိသော သံမဏိအဆီအနှစ်ကို ဝိညာဉ်ကျောက်တုံး ၃၀၀၀ ဖြင့် ရောင်းကြသည့်အတွက် အတော်လေး ဈေးကြီးသည်ဟု ပြောလို့ ရသည်။
ချင်ယွင်တိ၏ လက်ထဲမှ ယင်ယန် နတ်ဆိုးဖောက်ခွင်း သေနတ်၏ အရွယ်အစားကို ကြည့်ရင်း စဉ်းစားလိုက်သည်။
ဒါကို သံမဏိအဆီအနှစ်နဲ့သာ တကယ်လုပ်လိုက်မယ်ဆိုရင် ဝိညာဉ်ကျောက်တုံးတွေ ထောင်သောင်းချီအောင် လိုအပ်မှာ…အဲဒါကြောင့် လုပ်ဖို့က မဖြစ်နိုင်ဘူး
သံမဏိအဆီအနှစ် နတ်ဆိုးဖောက်ခွင်း သေနတ်သာ ဖန်တီးနိုင်ပါက တစ်ခါသုံးလိုက်ရုံဖြင့် ပျက်ဆီးသွားမှာ မဟုတ်သည့်အတွက် ထပ်ခါထပ်ခါ အသုံးပြုလို့ ရနိုင်သည်။
အားအင်က ပြိုကွဲသွားပြီး အားနည်းသွားသည့်အတွက် ယင်ယန် ဖောက်ခွင်း နတ်မိုးကြိုး ဆယ်ခု ဒါမှမဟုတ် နတ်ဆိုးဖောက်ခွင်း သေနတ် အစမ်းထုတ်ကုန် ဆယ်ခု အသုံးပြုလျှင်ပင် ရွှေအမြုတေ ကျင့်ကြံသူတွေကို ခြိမ်းခြောက်လို့ ရနိုင်မည် မဟုတ်ပေ။
သို့သော် အဆင့်မြှင့်ထားသော သံမဏိအဆီအနှစ် နတ်ဆိုးဖောက်ခွင်း သေနတ်ထဲတွင် သံမဏိသတ္တုစပ် ကျည်ဆန်နှင့်အတူ မိုးကြိုး ဖောက်ခွဲရေးအဆောင်ကိုပါ ထည့်သွင်း အသုံးပြုပါက ရွှေအမြုတေ နယ်ပယ်ကိုပင် ထိုးဖောက်နိုင်လိမ့်မည်။
ကုန်ကျစရိတ်ကလည်း ဝိညာဉ်ကျောက်တုံး ၈၀ နှင့် ၁၀၀ကြားတွင်သာရှိပြီး ဖျက်ဆီးခြင်းစွမ်အားကလည်း ပြင်းထန်ပါက စံပြပုဂ္ဂိုလ်တွေပင် တုန်လှုပ်သွားနိုင်သည်။
ထိုကဲ့သို့သော ဓမ္မအသုံးအဆောင်ပစ္စည်းက နာမည်ကျော်ကြားဖို့ မသင့်တော်သော်လည်း အတွင်းစည်း တပည့်တွေကို ငှားပေးလို့ ရနိုင်သည်။
ဒီလိုသာဆိုရင် ကျင့်ကြံရေးအဆင့်တွေ ကန့်သတ်ထားတဲ့ လျို့ဝှက်ဆန်းကြယ် နယ်မြေတစ်ချို့မှာ ငါတို့ရဲ့ အံ့ဖွယ်မိုးကောင်းကင် တပည့်တွေက အသာစီးရရှိပြီးတော့ ကံအပြောင်းအလဲ အခွင့်အရေးကို ရရှိနိုင်မှာ အသေအချာပဲ
ပြီးတော့ အပြင်စည်း တပည့်တွေကို အားပျော့တဲ့ နတ်ဆိုးဖောက်ခွင်း သေနတ် ထောက်ပံ့ပြီးတော့ အတွင်းစည်းတပည့်တွေကို သံမဏိအဆီအနှစ် နတ်ဆိုးဖောက်ခွင်း သေနတ်နဲ့ သံချပ်ကာ ထိုးဖောက်မိုးကြိုး ထောက်ပံ့ပေးမယ်
ဒီလိုသာဆိုရင် အရေးပါတဲ့ ဆန်းကြယ်နယ်မြေတွေကို ရှင်းထုတ်လိုက်နိုင်ပြီးတော့ အကျိုးအမြတ်တွေနဲ့ စည်းစိမ်တွေကို ရိတ်သိမ်းလိုက်ရုံပဲ
ရလာမဲ့ အရာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် သေနတ်တစ်လက်အတွက် ဝိညာဉ်ကျောက်တုံး သောင်းချီပြီး ရင်းနှီးလိုက်လည်း တန်ပါတယ်
ဂိုဏ်းချုပ်က စဉ်းစားပြီးနောက် ပြောလိုက်သည်
“ မင်းမှာ ပိုက်ဆံမရှိလည်း ရပါတယ်။ ငါတို့ ဂိုဏ်းမှာ အပေါဆုံးက ဝိညာဉ်ကျောက်တုံးတွေပဲလေ”
ဘေးနားမှာ ရပ်ကြည့်နေသော ကြာပြာ ကောင်းကင်အသျှင်က နှုတ်ခမ်းကို မဲ့ရွဲ့ပြလိုက်သည်။
ဂိုဏ်းချုပ်က ကြာပြာ ကောင်းကင်အသျှင်ကို မမြင်ချင်ယောင်ဆောင်ပြီး ဆက်ပြောလိုက်သည်။
“ ထျန်းအာ ဒါကို ပူပန်မှုမရှိဘဲ ဆက်လုပ်နော်။ မင်းတို့နှစ်ယောက် ဖန်တီးထားတဲ့ ယင်ယန် ဖောက်ခွင်း နတ်မိုးကြိုးနဲ့ ယင်ယန် နတ်ဆိုးဖောက်ခွင်း သေနတ်ရဲ့ အရည်အသွေးက ကောင်းနေမှတော့ ဂိုဏ်းကနေ အကုန်ဝယ်လိုက်မယ်။ ဈေးနှုန်းအတွက်တော့ မင်းတို့ဘက်က ဆုံးရှုံးမှု မရှိစေရပါဘူး။ ရန်သူဂိုဏ်းကို မရောင်းဘူးဆိုတဲ့ ကတိကိုတော့ ပေးရမှာပေါ့ကွာ”
အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်က ခံစားချက်တွေ၊ လိုချင်တပ်မက်မှုတွေကို ဖြတ်တောက်ထားသော်လည်း ပြဿနာတွေ ဖြေရှင်းသည့်နေရာမှာ မျှတမှု ရှိသည်ဟု ဆိုနိုင်သည်။
ရှန်ထျန်းက ထိုပစ္စည်းများ၏ မူပိုင်ခွင့်ကို လွှဲပေးခိုင်းမည်ဟု ထင်ထားတာကြောင့် ဂိုဏ်းချုပ် ပြောလိုက်သော စကားကို ကြားလိုက်ရသည့်အခါ ရှန်ထျန်း အံ့အားသင့်သွားရသည်။
ဆရာက ဒီလောက်အထိ ဖြောင့်မတ်မှန်ကန်ပြီးတော့ တူညီတဲ့ အကျိုးအမြတ်ရမဲ့ စီးပွားရေးမျိုး လုပ်ချင်မယ်လို့ ဘယ်သူက တွေးထားမိမှာလဲ
ရှန်ထျန်းက ဘေးနားမှာ ရပ်ကြည့်နေသော ကြာပြာ ကောင်းကင်အသျှင်၏ မျက်နှာထားကို မမြင်ခဲ့ပေ။
သူသာ မြင်ပြီး သတိထားမိခဲ့ပါက ဂိုဏ်းချုပ် ဆုံးဖြတ်ချက်ချရခြင်း၏ နောက်ကွယ်က အကြောင်းအရင်းကို သေချာပေါက် နားလည်ပေလိမ့်မည်။
ရှန်ထျန်းက ငတုံး မဟုတ်သည့်အတွက် တစ်ထွာပြလျှင် တစ်မိုက်လောက် မြင်တတ်သောသူဖြစ်သလို သူက အံ့ဖွယ်အထွတ်အမြတ်မြေ၏ သူတော်စင်ဖြစ်ပြီး ဂိုဏ်းချုပ်၏ လက်အောက်ခံ ဖြစ်လေသည်။
ဂိုဏ်းချုပ်က ဘာအကျိုးအမြတ်မှ မယူချင်ဘဲနဲ့ ဂိုဏ်းဆီကို ရောင်းဖို့အတွက်ပဲ ငါတို့ကို မိုးကြိုးအဆောင်တွေထုတ်ခိုင်းတယ်ဆိုတာကို မယုံနိုင်ဘူး
ဆရာ အကျိုးအမြတ် မလိုချင်ဘူးဆိုတာက သူ ရိုးသားဖြောင့်မတ်လို့ပဲ ဖြစ်မှာပါ။ ဒါပေမဲ့ ငါက မပေးဘူးဆိုရင်တော့ ငါက မသိတတ်တဲ့သူ ဖြစ်သွားမှာပဲ
အခု ငါက အတွေ့အကြုံလည်း နုသေးသလို မသန်မာသေးဘူးဆိုတော့ ငါ့ကို ကာကွယ်ပေးနိုင်မဲ့ ဆရာအပေါ် မှီခိုမှ ဖြစ်မယ်
ဒီလိုအခြေအနေမျိုးမှာတော့ အားကြီးတဲ့ နောက်ခံထက် ပိုက်ဆံက ပိုပြီးတော့ အရေးကြီးနိုင်ပါဦးမလား။ ငါ့ရဲ့ ကံကောင်းမှု မြင့်တက်သွားတဲ့အခါ ပိုက်ဆံက အလွယ်တကူ ဝင်လာမှာပဲလေ
ရှန်ထျန်းက သေချာစဉ်းစားပြီးနောက် ပွင့်လင်းစွာ ပြောလိုက်သည်
“ ကျွန်တော် သဘောမတူဘူး”
နားထောင်နေသော ကြာပြာ ကောင်းကင်အသျှင်နှင့် ချင်ယွင်တိပင် အံ့အားသင့်သွားလောက်သည်အထိ သူ့အသံက ပြတ်သားနေသည်။ ဂိုဏ်းချုပ်ကို လွှမ်းခြုံထားသော မိုးကြိုးအရှိန်အဝါသည်လည်း အံ့အားသင့်မှုကြောင့် တုန်လှုပ်သွားပုံပေါ်သည်။
ရှန်ထျန်းက အသက်ပြင်းပြင်း ရှူသွင်းရင်း ပြောလိုက်သည်
“ ဆရာ….ယွင်တိနဲ့ ကျွန်တော်က ပိုက်ဆံရဖို့အတွက် မိုးကြိုးဖောက်ခွဲအဆောင်ကို လေ့လာခဲ့တာ မဟုတ်ပါဘူး။ ဖောက်ခွဲစွမ်းရည် တိုးတက်လာပြီးတော့ ကျွန်တော်တို့ရဲ့ အထွတ်အမြတ်မြေ ပိုပြီးတော့ အောင်မြင်လာဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါ”
ရှန်ထျန်း၏ နောက်မှာ ရပ်နေသော ချင်ယွင်တိကလည်း ခေါင်းညိတ်ပြကာ ဝင်ပြောလိုက်သည်
“ ဟုတ်တယ် ဂိုဏ်းတူအစ်ကိုး ပြောတာ မှန်တယ်။ ကျွန်တော်တို့ရဲ့ စွမ်းရည်နဲ့ အိပ်မက်တွေအတွက် လုပ်ခဲ့တာပါ”
ရှန်ထျန်းက ထပ်ပြောလိုက်သည်
“ အထွတ်အမြတ်မြေက ကျွန်တော်ရဲ့ အိမ်လို့ ပြောလို့ရတယ်။ ကျွန်တော်က သူတော်စင်တစ်ယောက်ဆိုတော့ ဒီနေရာကို အရမ်းမြတ်နိုးပြီး တန်ဖိုးထားတယ်။ အံ့ဖွယ်ကောင်းကင်ရဲ့ ဂိုဏ်းသားတစ်ယောက်ဖြစ်ရတာကို ကျွန်တော် ဂုဏ်ယူတယ်။
ဂိုဏ်းတူညီလေး ယွင်တိနဲ့ ကျွန်တော်က ပိုက်ဆံကို စိတ်မဝင်စားပါဘူး။ အထွတ်အမြတ်မြေ ကြီးပွားတိုးတက်လာဖို့ကိုပဲ ကျွန်တော်တို့ မျှော်လင့်ပြီးတော့ အဲဒါကပဲ ကျွန်တော်တို့ လေ့လာမှုရဲ့ အကြောင်းအရင်းပဲ။ အဲဒါကြောင့် ဒီ ယင်ယန် ဖောက်ခွင်း နတ်မိုးကြိုးနဲ့ ယင်ယန် နတ်ဆိုးဖောက်ခွင်း သေနတ်ကို အထွတ်အမြတ်မြေအတွက် အလကား ပေးပါတယ်။
ကျွန်တော်တို့က အထွတ်အမြတ်မြေ ပိုမိုကြီးထွားလာဖို့နဲ့ အားကြီးလာဖို့ကိုပဲ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ရွယ်မှုကို အဲဒီပန်းတိုင်အတွက် အသုံးချလိုပါတယ်”
ချင်ယွင်တိလည်း ပြောနေတာကို နားထောင်ရင်း စိတ်အားထက်သန်လာသည့်အတွက် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်
“ ကျွန်တော်လည်း အစ်ကိုကြီးထျန်းနဲ့ သဘောထားအတူတူပါပဲ”
ရှန်ထျန်းနှင့် ချင်ယွင်တိတို့၏ ပြောစကားများထဲမှ စိတ်အားထက်သန်မှုကို ခံစားမိတာကြောင့် ဂိုဏ်းချုပ်ပင် မင်သက်သွားမိသည်။
ဂိုဏ်းချုပ်က ကြာပြာ ကောင်းကင်အသျှင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် လူငယ်နှစ်ယောက်ကို ပြန်ကြည့်ကာ ပြောလိုက်သည်
“ ကောင်းတာပေါ့။ အရမ်းကောင်းတယ်။ မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းမမြင့်သေးတော့ ဒီလောက်ထိ ကောင်းတဲ့အကြံကို စဉ်းစားမိတယ်လို့ ငါ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ အရမ်း အံ့ဩသွားတယ်။ ဒီလောက်အထိ မအံ့ဩရတာ နှစ်တွေ အတော်ကြာပြီ။ မင်းတို့နှစ်ယောက်က အရမ်းတော်တာပဲ”
ရှန်ထျန်းက ချောင်းဟန့်ရင်း ပြောလိုက်သည်
“ ဒါပေမဲ့ ကျွန်တော်တို့ လေ့လာတဲ့နေရာမှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး လိုအပ်တယ် အဲဒါကြောင့်…..”
ဂိုဏ်းချုပ်က လက်ယမ်းပြကာ ရက်ရောစွာဖြင့် ပြောလိုက်သည်
“ မင်းတို့နှစ်ယောက်က ငါတို့ရဲ့အထွတ်အမြတ်မြေအပေါ် အရမ်းသစ္စာရှိတော့ မင်းတို့ စိတ်ပျက်သွားအောင် ဘယ်လိုလုပ်ပြီးတော့ လုပ်ရက်ပါ့မလဲ။
ဒီနေ့ကစပြီးတော့ ယင်ယန် နတ်မိုးကြိုးကို လေ့လာတဲ့နေရာမှာ ကုန်ကျမဲ့ ကုန်ကျစရိတ်တွေအားလုံးကို အထွတ်အမြတ်မြေက ကျခံမယ်။ အားပျော့တဲ့ ယင်ယန် ဖောက်ခွင်း နတ်မိုးကြိုးနဲ့ ယင်ယန် နတ်ဆိုးဖောက်ခွင်း သေနတ်ကိုတော့ တပည့်တွေဆီ ရောင်းလိုက်မယ်။
ရောင်းချလို့ရလာတဲ့ အကျိုးအမြတ်ထဲကနေ ကုန်ကျစရိတ်ကို နှုတ်ယူပြီးတော့ အထွတ်အမြတ်မြေက အကျိုးအမြတ် ၃၀ရာခိုင်နှုန်း ခံစားခွင့်ရှိပြီး ကျန်တာက မင်းတို့နှစ်ယောက်အတွက်ပဲ”
ဂိုဏ်းချုပ် ပြောနေသော စကားများကို ကြာပြာ ကောင်းကင်အသျှင်က နားထောင်ရင်း အံ့အားသင့်နေသည်။
ဤအရာက ပိုက်ဆံတွေ အများကြီးရမယ်ဆိုတာကို သူလည်း ကောင်းကောင်းသိသည်။
ညီလေး (၂)က အရမ်းတုံးတာပဲ။ ပိုက်ဆံတွေကို လိုချင်တပ်မက်စိတ် မရှိတော့ဘူးတဲ့
ဒါပေမဲ့ ကြာပြာ ကောင်းကင်အသျှင်က မီးစာကျမ်းကို ကျင့်ကြံခဲ့သည့်အတွက် ပိုက်ဆံမရှိဘဲ မနေနိုင်ပေ
ဒီကောင်လေးက ဘယ်လိုလုပ်ပြီးတော့ နေ့ချင်းညချင်း ချမ်းသာသွားရတာလဲ။ သူကလည်း မီးစာကျမ်းကို ကျင့်တာပဲလေ။ အဲဒါကို ဘယ်လိုလုပ်ပြီးတော့….
ဂိုဏ်းချုပ်၏ ကတိပေးမှုကို ကြားပြီးနောက် ရှန်ထျန်းကလည်း ပြန်ပြောလိုက်သည်
“ ဆရာ ကျွန်တော်တို့ရဲ့ ကုန်ကျမှုစရိတ်ကို အထွတ်အမြတ်မြေက ကျခံပေးတာကို ကျွန်တော်တို့ လက်ခံနိုင်ပေမဲ့ အကျိုးအမြတ်ကိုတော့ တကယ် မယူနိုင်ပါဘူး”
ဂိုဏ်းချုပ်က ရယ်မောရင်း ပြောလိုက်သည်
“ မတုံးအစမ်းပါနဲ့ကွာ။ အထွတ်အမြတ်မြေက လူတစ်ယောက်တည်းရဲ့ အထွတ်အမြတ်မြေမှ မဟုတ်တာ။ တပည့်အားလုံးရဲ့ အထွတ်အမြတ်မြေလေ။
မင်းက ဝေစုကို ပြန်ပေးပြီးတော့ အထွတ်အမြတ်မြေက ချီးကျူးဆုချတာကို လက်မခံဘူးဆိုရင် အထွတ်အမြတ်မြေကို ချစ်မြတ်နိုးတဲ့ တစ်ခြားတပည့်တွေကို စိတ်ပျက်အောင် လုပ်ရာမကျဘူးလား။ မိုက်မဲလိုက်တာ”
ရှန်ထျန်း စိတ်ထဲမှ သက်ပြင်းသာချလိုက်မိသည်။
ဟင်း….အကျိုးအမြတ် မလိုချင်ဘူးလို့ ပြောတာကလည်း မှားယွင်းတဲ့အရာပဲလား
သူက တွေဝေစွာဖြင့် ပြောလိုက်သည်
“ ဒါပေမဲ့ ၇၀ရာခိုင်နှုန်းက အရမ်းများလွန်းတယ်။ ၁၀ ရာခိုင်နှုန်းလောက်ပဲ ယူမယ်ဆိုရင်ရော”
ဂိုဏ်းချုပ်က အေးစက်စွာ ပြန်ဖြေလိုက်သည်
“ ၁၀ ရာခိုင်နှုန်းတော့ မလုပ်ပါနဲ့။ အထွတ်အမြတ်မြေက အဲလိုမျိုး အကျိုးအမြတ်တွေ အများကြီး မယူပါဘူး။ အနည်းဆုံး ၆၀ ရာခိုင်နှုန်းလောက်တော့ ယူလိုက်ပါ”
“ ၂၀ ရာခိုင်နှုန်း ယူမယ်ဆိုရင်ရော”
“ ၅၀ ရာခိုင်နှုန်း အနည်းဆုံး ယူရမယ်”
ပုံရိပ်ကို လွှမ်းခြုံထားသည့် မိုးကြိုးလျှပ်စီးသွားများက တဖန်မြင့်တက်လာကာ ဂိုဏ်းချုပ်က တည်ငြိမ်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်
“ ပြီးတော့ အထွတ်အမြတ်မြေက လက်မှုပညာ ကျွမ်းကျင်သူတစ်ယောက်ကိုလည်း မင်းတို့ကို ကူညီဖို့ ပို့ပေးလိုက်မယ်။ မင်းရဲ့ လုံခြုံမှုကိုလည်း တစ်ခါတည်း စိတ်ချသွားရတာပေါ့”
စကားဆုံးသည်နှင့် ဂိုဏ်းချုပ်၏ စိတ်စွမ်းအားက ခြေလှမ်းပေါင်း သောင်းကျော်ကွာဝေးသော ရွှေကြာတောင်ဆီ ရောက်ရှိသွားသည်။
“ဂိုဏ်းတူ ညီမလေး ရွှေကြာရေ ဂိုဏ်းချုပ်ရဲ့တောင်ထိပ်ဆီ မြန်မြန်လာခဲ့ပါဦး”