← Chapters

အခန်း (၇၅၄-၇၅၆)

Vol. 51 Ch. 754-756

အခန်း (၇၅၄-၇၅၆)

Vol. 51 Ch. 754-756

အပိုင်း ( ၇၅၄ ) သမိုင်းသင်ခန်းစာ

ဆန်နီ ဟာ ခဏလောက် တိတ်ဆိတ်သွားပြီးနောက် မျက်မှောင်ကျုတ်လိုက်ပါတယ်..။

“ကံကောင်းပါစေ ဆိုတာက ဘာကို ဆိုလိုတာလဲ..။ ညှိနှိုင်းမှုတွေမှာ အစ်မက ကြားဝင်စေ့စပ်ပေးမယ့် သူအဖြစ် ရှိမနေပေးဘူးလား..”

မာစတာ ဂျက် က ကော်ဖီကို တစ်ငုံသောက်လိုက်ပြီး ခေါင်းခါပြလိုက်တယ်..။

“မဟုတ်ဘူး..။ အစိုးရက ကြီးမြတ်တဲ့ ကလန်တွေကြားမှာ ကြားနေအဖွဲ့အစည်းအဖြစ်နဲ့ ချိတ်ဆက်ပေးတဲ့ အခန်းကဏ္ဍမှာ ရှိတတ်တာ မှန်ပေမဲ့.. အခုကတော့ အဲ့ဒီလို အခြေအနေမျိုး မဟုတ်ဘူး..။ ပြီးတော့... ငါက တကယ်ကို ရှိမနေနိုင်လို့ပါ..။ ငါက ဒီမြို့ကနေ တခြားကို ပြောင်းရွှေ့ရတော့မယ်..။ ဒီနေ့က ငါ ဒီမှာရှိနေမယ့် နောက်ဆုံးရက်ပဲ..”

ဆန်နီ သူမကို ဆွံ့အစွာ စိုက်ကြည့်နေမိတယ်..။

မာစတာ ဂျက် က... ဒီမှာ ရှိမနေတော့ဘူးတဲ့လား..။ ဆန်နီ ရင်ထဲမှာ ရုတ်တရက် မသက်မသာဖြစ်မှုကို ခံစားလိုက်ရပါတယ်..။ သူမက အနီးနားမှာ ရှိမနေရင်တောင်.. သူ လိုအပ်ရင် ဆက်သွယ်လို့ရမယ့် အကွာအဝေးမှာ ရှိနေတာကို သူ အသားကျနေခဲ့တာပါ..။

သူ့မျက်နှာပေါ်က အမူအရာကို သတိပြုမိသွားတဲ့အလား မာစတာ ဂျက် က သက်ပြင်းချလိုက်တယ်..။

“တကယ်တော့ ဒါက ငါ နင့်ကို ပြောပြချင်တဲ့ ဒုတိယမြောက် အချက်ပဲ..။ သတင်းဆိုးပေါ့..”

ဝိဥာဉ်ရိတ်သိမ်းသူ က ပတ်ဝန်းကျင်ကို အေးအေးဆေးဆေး ဝေ့ဝဲကြည့်လိုက်ပြီးနောက်.. ဂီတသေတ္တာတစ်ခုနဲ့ တူတဲ့ မှတ်သားမူ တစ်ခုကို ဆင့်ခေါ်လိုက်တယ်..။ ချက်ချင်းဆိုသလိုပဲ သူတို့ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်တဲ့ အကာအကွယ်တစ်ခု ဖြစ်ပေါ်လာပြီး အပြင်က အသံအားလုံးကို ဖြတ်တောက်လိုက်ပါတယ်..။ ဆန်နီ ကတော့ သူမ ဘာလို့ ဒီလောက်အထိ လျှို့ဝှက်နေဖို့ လိုအပ်တာလဲဆိုတာကို နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေခဲ့တယ်..။

သူမက ကြီးမြတ်တဲ့ ကလန်တွေရဲ့ ကိုယ်ပိုင်ကိစ္စတွေကိုတောင် လူပုံအလယ်မှာ ပြောဖို့ ဝန်မလေးခဲ့တဲ့သူပါ..။ အခုက အဲ့ဒါထက် ပိုပြီး ဘယ်အရာက အထိခိုက်မခံနိုင်စရာ ရှိနေလို့လဲ..။

မာစတာ ဂျက် ဟာ ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပြောလာခဲ့တယ်..။

“အမှန်အတိုင်း ပြောရရင် ဆန်နီ... ငါ နင့်ကို ဒီအကြောင်းတွေကို ပြောပြဖို့ အစီအစဉ် မရှိသေးဘူး..။ အနည်းဆုံးတော့ အခုချိန်မှာပေါ့..။ ဒါပေမဲ့ အခြေအနေတွေက ပြောင်းလဲသွားပြီ..။ ငါတို့ ပြောမယ့် အရာတွေက မနက်ဖြန် နင် ချမှတ်မယ့် ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှု ရှိနိုင်တာကြောင့်.. ဒါကို နောက်ဆုတ်ထားဖို့ မလိုတော့ဘူးလို့ ငါ ဆုံးဖြတ်လိုက်တာ..”

သူ စိတ်မသက်မသာနဲ့ ခန္တာကိုယ်ကို ပြင်ထိုင်လိုက်ပါတယ်..။

“ဒါက... တကယ့်ကို ရင်တထိတ်ထိတ် ဖြစ်စရာပဲ..။ ဘာကိစ္စမို့လို့လဲ..”

သူမက ပြုံးလိုက်ပြီး သူမရဲ့ ဆက်သွယ်ရေးစက်ကို အသက်သွင်းကာ ပုံရိပ်ယောင်တစ်ခုကို ထုတ်ပြလိုက်တယ်..။ အဲ့ဒါက အိပ်မက်ကမ္ဘာ ရဲ့ အစိတ်အပိုင်းကြီး တစ်ခုနဲ့ တူတဲ့ မြေပုံတစ်ခုပါပဲ..။ ဆန်နီ ဟာ ရေပြင်ကျယ်ကြီးတွေနဲ့ ကုန်းမြေထု အကြီးကြီးတွေကို မြင်နေရတယ်..။ တစ်ခုချင်းစီကို ကြည့်ရတာ တော့ မေ့ပျောက်ကုန်းမြေ ထက် မငယ်ဘူးလို့ ထင်ရပါတယ်..။ သို့ပေမဲ့ သူ ဘယ်လိုပဲ ကြည့်ကြည့်.. ရင်းနှီးတဲ့ အမှတ်အသားတွေကို မတွေ့ရပါဘူး..။ ဟောလိုးတောင်တန်း ၊ ဘတ်ရှင် ခံတပ် ၊ အနက်ရောင်နှလုံးသား စတာတွေ တစ်ခုမှ ရှိမနေခဲ့ပေ..။ သူက မြေပုံကြည့်တာ မကျွမ်းကျင်တာလား ဒါမှမဟုတ် ဒီနယ်မြေကို သူ တစ်ခါမှ မမြင်ဖူးတာလား..မသိတော့ပါဘူး။

အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတာကြောင့် သူ မာစတာ ဂျက် ကို ကြည့်ကာ မေးလိုက်တယ်..။

“ဒါက မစူးစမ်းရသေးတဲ့ အိပ်မက်ကမ္ဘာ ရဲ့ နယ်မြေအသစ်လား..”

သူမက သူ့ကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး ချောင်းတစ်ချက် ဟန့်လိုက်ပါတယ်..။

“...မဟုတ်ဘူးလေ..။ ဒါက နင် အခု နေနေတဲ့ ကမ္ဘာကြီးပဲ ငတုံးရဲ့..”

ဆန်နီ ရှက်ကိုးရှက်ကန်းနဲ့ ကြောင်အသွားပြီးမှ ပုံရိပ်တွေကို သေချာ ပြန်ကြည့်လိုက်တယ်..။

'.. ဟုတ်သားပဲ..။ ငါက တကယ့် ငတုံးပဲ..'

စိတ်ဝိဥာဉ်ရိတ်သိမ်းသူ က ပြုံးပြလိုက်ပြီး

“ဆန်နီ... နင်က ကိုယ်နေထိုင်တဲ့ ကမ္ဘာ အကြောင်းထက် အိပ်မက်ကမ္ဘာ အကြောင်းကို ပိုသိတဲ့ နိုးထသူ များလား..”

သူ လည်ချောင်း ရှင်းလိုက်ပြီး..

“ဟို... ကျွန်တော်က ကျောင်းမှာ အချိန်အများကြီး နေခဲ့ရတာ မဟုတ်ဘူးလေ.. ။သိရဲ့သားနဲ့..”

သူမရဲ့ အပြုံးက အနည်းငယ် မှေးမှိန်သွားခဲ့တယ်..။

“ဟုတ်သားပဲ..။ တောင်းပန်ပါတယ်..။ တစ်ခါတလေ နင် ဘယ်လောက်အထိ ငယ်သေးလဲဆိုတာ ငါ မေ့မေ့သွားတယ်..။ ငါလည်း ဆင်းရဲသားရပ်ကွက်ကနေ ထွက်လာပြီးနောက်မှာ အခြေခံ အချက်အလက်တွေကို သိဖို့ အချိန်အတော်ယူခဲ့ရတာပါပဲ..”

မာစတာ ဂျက် သက်ပြင်းချလိုက်ပြီး မြေပုံကို ညွှန်ပြလိုက်ပါတယ်....။

“ဘာပဲဖြစ်ဖြစ်... ဒါက ငါတို့ရဲ့ ကမ္ဘာပဲ..။ နင် မြင်တဲ့အတိုင်းပဲ.. ဒါက အခြေအနေ သိပ်မကောင်းဘူး..။ လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ်တုန်းကတော့ ဒါက အခုနဲ့ လုံးဝ မတူဘူးလေ..။ ကမ္ဘာပေါ်မှာ လူဦးရေ ဆယ့်နှစ်ဘီလီယံလောက် နေထိုင်ခဲ့ကြတာ..။ နောက်ဆုံးမှာ လူသန်းပေါင်းများစွာက လပေါ်ကိုတောင် ရောက်အောင် သွားနိုင်ခဲ့ကြတယ်..”

သူမ သက်ပြင်းချလိုက်ပြီး ထပ်ပြောလာခဲ့တယ်..။

“ဒါပေမဲ့ အခုတော့ ငါတို့ထဲက သုံးဘီလီယံလောက်ပဲ ကျန်တော့တယ်..။ ပြီးတော့ ငါတို့က တိုက်ကြီး ခုနစ်တိုက်ထဲက လေးတိုက်မှာပဲ နေထိုင်နိုင်တော့တယ်..။.. အခု ငါတို့ ဘယ်တိုက်ပေါ်မှာ ရောက်နေလဲဆိုတာ..နင်သိလား။ ပြီးတော့ ငါတို့ မြို့ကို ဘယ်လို ခေါ်တာလဲ ဆိုတာရော..”

ဆန်နီ က သူမကို နက်မှောင်တဲ့ မျက်နှာထားနဲ့ ကြည့်လိုက်တယ်..။

“ကျွန်တော်က အဲ့လောက်ထိတော့ ငတုံး မဟုတ်ပါဘူး..။ ကျွန်တော်တို့က... အာရှ မှာ ရှိနေတာ မဟုတ်လား..။ မြို့နာမည်ကတော့... နေဦး.. အင်း ဒီမြို့မှာ နာမည် ရှိတာလား..။ ကျွန်တော်ကတော့... မြို့ လို့ပဲ ခေါ်တယ် ထင်နေတာ..”

သူမ မျက်လုံး ပင့်တင်သွားခဲ့ပြီး

“ကောင်းပြီ... နင် တစ်ဝက် လောက်တော့ မှန်တယ်..။ ငါတို့က တကယ်ပဲ လူနေထိုင်တဲ့ တိုက်လေးတိုက်ထဲက တစ်ခုဖြစ်တဲ့ အာရှ မှာ ရှိနေတာ..။ လူဦးရေ အများဆုံး ရှိတဲ့ နေရာလည်း ဟုတ်တယ်..။ ငါတို့ နေတဲ့ မြို့က ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ လူဦးရေ အထူထပ်ဆုံး မြို့ကြီးပဲ..။ ဒါက လူသားမျိုးနွယ်ရဲ့ စက်မှုလုပ်ငန်း၊ စစ်ရေးနဲ့ အုပ်ချုပ်ရေးရဲ့ နှလုံးသားပဲ..။ လူသားအားလုံးရဲ့ ဆယ်ပုံတစ်ပုံလောက်က ဒီမှာ နေကြတယ်..။ ဒါကြောင့်လည်း နည်းပညာအရ 'မြောက်ပိုင်းစတုတ္ထဇုန် ဝန်းရံခံမြို့တော်' ဒါမှမဟုတ် NQSC လို့ ခေါ်ကြတာ။ဒါပေမဲ့ လူတွေက 'မြို့တော်' လို့ပဲ ခေါ်လေ့ရှိကြတယ်..”

မာစတာ ဂျက် ခဏလောက် တုံ့ဆိုင်းသွားပြီးမှ နက်မှောင်တဲ့ အသံနဲ့ပြောလာခဲ့တယ်။

“ကမ္ဘာ့မျက်နှာပြင် အများစုက နေထိုင်လို့ မရတော့ဘူး.. ။အိပ်မက်ဆိုး သတ္တဝါတွေ ကြီးစိုးနေကြတယ်..။ ဒါကြောင့် မြို့ကြီးတွေက လူဦးရေ အများအပြားကို ထိန်းသိမ်းဖို့ အဆင်ပြေဆုံး နည်းလမ်း ဖြစ်လာခဲ့တာပဲ..။ ဒါပေမဲ့... စပဲလ်နည်းပညာတွေနဲ့ ခေတ်မီ သိပ္ပံပညာတွေ ရှိနေရင်တောင် လူတိုင်းကိုတော့ မထောက်ပံ့ ပေးနိုင်ဘူးလေ..။ ဒါကြောင့်ပဲ ဆင်းရဲသားရပ်ကွက်တွေ ရှိနေတာပေါ့..။ မြို့ဦးရေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းလောက်ကို လူသားမျိုးနွယ်ရဲ့ မျက်ကွယ်မှာ ဖြည်းဖြည်းချင်း သေဆုံးသွားအောင် ပစ်ထားခဲ့ကြတာ..။ ဒါပေမဲ့ ဒါက အခု ကိစ္စနဲ့တော့ တိုက်ရိုက် မဆိုင်ပါဘူး..”

သူမ သက်ပြင်းချလိုက်ပြီး အာရှနဲ့ တိုက်ရိုက် ဆက်နေတဲ့ တိုက်ကြီးတစ်ခုကို ညွှန်ပြလိုက်တယ်..။

“ဒီ ပျက်စီးနေတဲ့ နေရာက တစ်ချိန်တုန်းက ဥရောပ လို့ လူသိများခဲ့တယ်..။ အခိုက်အတန့် မပေါ်လာခင် ကတည်းက လူသားတွေ နေထိုင်ဖို့ လုံးဝ မသင့်တော်တဲ့ နေရာ ဖြစ်သွားခဲ့တာ..”

သူမရဲ့ လက်ချောင်းက ရေပြင်ကျယ်ကြီး တစ်ခုကို ဖြတ်သန်းသွားတယ်..။

“ဒါက မြောက်အမေရိက..။ နင် မမွေးခင် မကြာခင်မှာပဲ အဲ့ဒီမှာ အဆင့် (၅) ထွက်ပေါက် တစ်ခု ပွင့်သွားလို့ ငါတို့ အဲ့ဒီတိုက်ကို ဆုံးရှုံးလိုက်ရတာ..။ ဒါက... တကယ့်ကို ကပ်ဘေးကြီးပဲ..။ အဲ့ဒီ ထွက်ပေါက် နဲ့ နီးကပ်နေတာကြောင့် တောင်အမေရိက ကိုလည်း စွန့်ခွာခဲ့ရတယ်..။ အခုတော့ ငါတို့က တောင်ဘက် အစွန်ဆုံး နေရာလေးမှာပဲ အနည်းငယ် ရှိတော့တယ်..။ အဲ့ဒီ အခြေချ စခန်းတွေက မယုံနိုင်လောက်အောင် အရေးကြီးတယ်.. ဘာလို့လဲဆိုတော့ ငါတို့ရဲ့ အစားအသောက် အများစုကို အဲ့ဒီမှာ ထုတ်လုပ်ပေးနေလို့ပဲ..”

မာစတာ ဂျက် ခဏလောက် တုံ့ဆိုင်းနေပြီးမှ တောင်အမေရိကရဲ့ အောက်ဘက်က ကျွန်းစုကြီးတစ်ခုကို ညွှန်ပြလိုက်တယ်..။

“ဒါက အန္တာတိက တိုက်..။ အာရှ ပြီးရင် ဒုတိယမြောက် လူဦးရေ အများဆုံး တိုက်ပဲ..။ ကမ္ဘာ့တောင်ခြမ်းနဲ့ မြောက်ခြမ်းကို ဆက်သွယ်ပေးထားတဲ့ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းလည်း ဖြစ်တယ်..။ ယုံချင်ယုံ မယုံချင်နေ... အမှောင်ခေတ် မတိုင်ခင်တုန်းက အဲ့ဒီနေရာက ရေခဲတွေနဲ့ ဖုံးလွှမ်းနေခဲ့တာ..။ တကယ်တော့ အဲ့ဒီ ရေခဲတွေ အားလုံး အရည်ပျော်သွားတာက အမှောင်ခေတ် ကို ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ..”

သူမ သက်ပြင်းချလိုက်တယ်..။

“ကမ္ဘာတစ်ဝှမ်းမှာ ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာပြီး မြို့များစွာ နစ်မြုပ်ခဲ့ရတယ်.. လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်..။ ရေအောက်ရောက်သွားတဲ့ ကုန်းမြေ ရာခိုင်နှုန်းက အရမ်းကြီး မများပေမဲ့ ပြဿနာက ယဉ်ကျေးမှု ဗဟိုချက် အများစုက ကမ်းရိုးတန်းတွေမှာ ရှိနေခဲ့တာပဲ..။ အဲ့ဒါတွေ အကုန် ပျောက်ကွယ်သွားပြီး ဒုက္ခသည် သန်းပေါင်းများစွာက ခိုလှုံဖို့ ရှာဖွေလာတဲ့အခါ ကမ္ဘာလုံးဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ပြိုလဲသွားခဲ့တယ်..။ ဒါက ချက်ချင်းကြီး ဖြစ်သွားတာ မဟုတ်ပေမဲ့ တော်တော်လေးတော့ မြန်ဆန်ခဲ့တယ်..။ ဒါက အပြန်အလှန် ချိတ်ဆက်ထားတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ရခြင်းရဲ့ အန္တရာယ်ပဲ..။ အခြေအနေ ကောင်းနေချိန်မှာတော့ ဒါက အကျိုးရှိပေမဲ့.. အခက်အခဲ ကြုံလာတဲ့အချိန်ဆိုရင် တစ်ခုပြိုတာနဲ့ အကုန်ပြိုတဲ့ အခြေအနေကို ဖြစ်စေတယ်..”

ဝိဥာဉ်ရိတ်သိမ်းသူ က သူ့ကို တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ကြည့်လိုက်တယ်..။

“အဲလိုအခြေအနေတွေက အတိအကျဖြစ်ခဲ့တာပဲ..။ အခြေအနေတွေ ပိုဆိုးလာလေလေ၊ ဖရိုဖရဲ ပို ဖြစ်လာလေလေပဲ..။ ဖရိုဖရဲ ဖြစ်လာလေလေ၊ အခြေအနေတွေက ပိုဆိုးလာလေလေ ဖြစ်နေတာ..။ မကုန်နိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေ၊ အခြေခံ အဆောက်အအုံတွေ ပျက်စီးမှုတွေနဲ့ ရင်းမြစ် ရှားပါးမှုတွေကနေ စစ်ပွဲတွေ ဆက်တိုက် ဖြစ်လာခဲ့တယ်..။ ဂြိုဟ်တုကနေ ပစ်ခတ်တဲ့ လက်နက်တွေ၊ နျူကလီးယား လက်နက်တွေ၊ ဓာတု လက်နက်တွေ၊ ဇီဝလက်နက်တွေ... နောက်ဆုံးမှာတော့ အရာအားလုံးကို အသုံးပြုခဲ့ကြတာပဲ..။ ကမ္ဘာကြီးက အခြေအနေ တော်တော် ဆိုးနေပြီးသား ဖြစ်တာကြောင့် ဒါက နောက်ဆုံး ရိုက်ချက် ဖြစ်သွားခဲ့တယ်..။ နောက်ဆုံးမှာတော့ အတော်လေး လျော့နည်းသွားတဲ့ လူဦးရေက တည်ငြိမ်မှု တစ်ခုကို ရရှိခဲ့တယ်လေ။ အဲ့ဒီအချိန်မှာပဲ အိပ်မက်ဆိုး အခိုက်အတန့် က ပေါ်လာခဲ့တာပဲ..”

မာစတာ ဂျက် ခေါင်းခါလိုက်တယ်..။

“...အာ... ငါ လမ်းကြောင်းလွဲသွားပြီ..။ အဓိက ပြောချင်တာက... ဒီနေ့ခေတ်မှာ လူသားအားလုံး နီးပါးဟာ အိန္ဒိယသမုဒ္ဒရာ ပတ်ဝန်းကျင်မှာပဲ နေထိုင်ကြတော့တယ်..။ အာရှ၊ အန္တာတိက၊ အာဖရိက နဲ့ အော့စတေးလျ တို့က ငါတို့ လူသား ယဉ်ကျေးမှုရဲ့ ကျန်ရှိနေတဲ့ ခံတပ်လေးခုပဲ..။ အဲ့ဒါတွေကို မြောက်ပိုင်း၊ တောင်ပိုင်း၊ အနောက်ပိုင်း နဲ့ အရှေ့ပိုင်း ဇုန်တွေလို့ သတ်မှတ်ထားတယ်..”

ဆန်နီ ဟာ ဒီ ရုတ်တရက် သင်ခန်းစာကို စိတ်ဝင်တစား နားထောင်နေခဲ့တယ်..။ ဒါပေါ့ သူက လူသား သမိုင်းကြောင်းရဲ့ အစအန အချို့ကိုတော့ သိထားပြီးသားပါ။.သို့ပေမဲ့ အဲ့ဒါတွေက လူကြိုက်များတဲ့ ယဉ်ကျေးမှုတွေ နဲ့ အစိုးရ ဝါဒဖြန့်မှုတွေကနေ တစ်ဆင့်ပဲ သိတာပါ..။ ဆင်းရဲသားရပ်ကွက်ထဲမှာတော့ လူတွေက ကမ္ဘာကြီးအကြောင်း အများကြီး သိဖို့ မလိုပါဘူး.. ။ဘာလို့လဲဆိုတော့ သူတို့ရဲ့ ကမ္ဘာကြီးက အဲ့ဒီမှာတင် စတင်ပြီး အဲ့ဒီမှာတင် ဆုံးခန်းသတ်လို့ပါပဲ..။

မြို့တော် ထဲက နေရာတွေတောင် သူတို့အတွက်တော့ ဝေးလံတဲ့ အရပ်ဒေသတွေလို ထင်မှတ်ရပါတယ်.။ တကယ်လို့သာ သူ ကျောင်းတက်ခဲ့ရင် အထွေထွေ ဗဟုသုတတွေ ပိုရှိနိုင်ပေမဲ့ ဆန်နီ့ ရဲ့ ပညာရေးက အသက် ခုနစ်နှစ်အရွယ်မှာတင် ပြီးဆုံးသွားခဲ့တာပါ..။ အမှန်အတိုင်း ပြောရရင် လူတွေက ကမ္ဘာလုံးကြီးရဲ့ အတွင်းဘက်မှာ နေတာ မဟုတ်ဘဲ အပြင်ဘက်မှာ နေကြတယ် ဆိုတဲ့ အချက်ကို သိနေတာတောင် သူ့အတွက် အောင်မြင်မှု တစ်ခုဖြစ်နေခဲ့ပါပြီ..။

ဒါတွေ အားလုံးကြားထဲက နေတောင် သူက ဆရာတစ်ယောက် ဖြစ်လာနိုင်ခဲ့တာ မဟုတ်လား..။

'ဒါတောင်မှ... အခု အခွင့်အရေး ရတုန်းမှာ အိပ်မက်ဆိုး အခိုက်အတန့် နဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေကို ငါ စတင် လေ့လာသင့်ပြီ ထင်တယ်..။ ငါ့လို ဘာမှမသိတဲ့သူတွေ အများကြီး ရှိတယ် ဆိုပေမဲ့လည်း... ဒါက နည်းနည်းတော့ ရှက်စရာ ကောင်းနေပြီ..'

ဆန်နီ က ဂျက် ကို ကြည့်လိုက်ပြီး ခန္တာကိုယ်ကို အနည်းငယ် ပြင်ထိုင်လိုက်တယ်..။

“ဟို... သမိုင်းသင်ခန်းစာအတွက် ကျေးဇူးတင်ပါတယ် မာစတာ ဂျက်..။ ဒါပေမဲ့ ဒါက အခု ကိစ္စနဲ့ ဘယ်လို ပတ်သက်နေလို့လဲ..”

သူမက ခုံမှာ မှီထိုင်လိုက်ပြီး အေးအေးဆေးဆေး ပြုံးကာ ဖြေလိုက်တယ်..။

"အင်း... တကယ်တော့ အရမ်း ရိုးရှင်းပါတယ်..။ ငါ ပြောခဲ့တဲ့အထဲမှာ လူသားမျိုးနွယ်ရဲ့ ခံတပ် လေးခု ရှိတယ် မဟုတ်လား..။အခု အဲဲဒီ လေးခုထဲကနေ သုံးခုပဲ ကျန်တော့မယ့် အခြေအနေ ရောက်နေပြီ...”

အပိုင်း ( ၇၅၄ ) ပြီး၏။

အပိုင်း ( ၇၅၅ ) အိုဘယ်လ် စကေး

မာစတာ ဂျက် ရဲ့ ပေါ့ပေါ့ပါးပါး အမူအရာက သူမပြောလိုက်တဲ့ စကားရဲ့ လေးနက်မှုနဲ့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပါတယ်..။ ဆန်နီ ဟာ ခနလောက် ကြောင်အသွားပြီးမှ သူကိုင်ထားတဲ့ ခွက်ကို စားပွဲပေါ် ဖြည်းဖြည်းချင်း တင်လိုက်တယ်..။ သူ စကားပြောလာတဲ့ အချိန်မှာတော့ သူ့အသံက အနည်းငယ် အက်ရှနေခဲ့ပါတယ်..။

“ဘယ်လို..”

သူမက သက်ပြင်းချလိုက်ပြီး ကဖေးဆိုင်ထဲကို ဝေ့ကြည့်လိုက်တယ်..။ လူသန်းပေါင်း ရာနဲ့ချီတဲ့ အသက်တွေနဲ့ ဆက်စပ်နေတဲ့ ကိစ္စတစ်ခုကို.. ဒီလို အေးချမ်းဆိတ်ငြိမ်တဲ့ နေရာမှာ ဆွေးနွေးနေရတာက အနည်းငယ် စိတ်ကူးယဉ်ဆန်နေသလိုပါပဲ..။

နည်းပြအချို့က သူတို့ရဲ့ အစားအသောက်တွေကို မြိန်ရည်ယှက်ရည် စားနေကြသလို.. ဝန်ထမ်းအချို့ကလည်း သူတို့အလုပ်နဲ့သူတို့ အလုပ်ရှုပ်နေကြတယ်..။ သူတို့ထဲက ဘယ်သူမှ နီးကပ်လာနေတဲ့ ကပ်ဘေးကြီးအကြောင်းကို မသိကြသေးပါဘူး..။ ဒီလို ကွဲလွဲနေတဲ့ အခြေအနေက တကယ့်ကို တုန်လှုပ်စရာ ကောင်းနေခဲ့တယ်..။

ဝိဥာဉ်ရိတ်သိမ်းသူ ကတော့ ဒါကို ဂရုစိုက်တဲ့ပုံ မရပေ။

“ငါ နင့်ကို အိုဘယ်လ် စကေး အကြောင်း တစ်ခါ ပြောပြဖူးတယ် မဟုတ်လား..။ အဲ့ဒါက အစိုးရအနေနဲ့ ကမ္ဘာအနှံ့မှာ ဂိတ်ပေါက် တွေ ပေါ်လာနိုင်ခြေကို ခန့်မှန်းဖို့ အသုံးပြုတဲ့ စပဲလ်

နည်းပညာ တစ်ခုပဲ..။ ကောင်းပြီ... အဲ့ဒီစနစ်မှာ လတ်တလော ကြုံတွေ့နေရတဲ့ ပြဿနာတွေက ပြုပြင်ထိန်းသိမ်းမှုနဲ့ ချိန်ညှိမှု အနည်းငယ် လုပ်လိုက်ရင် အဆင်ပြေသွားလိမ့်မယ်လို့ ငါ ပြောခဲ့တာက သိပ်ပြီးတော့ မရိုးသားခဲ့ဘူး..။ အမှန်အတိုင်း ပြောရရင် အဲ့ဒီ ကိရိယာရဲ့ တိုင်းတာချက်တွေမှာ တွေ့နေရတဲ့ ပြဿနာတွေက ငါ ပြောခဲ့သလို သေးငယ်တဲ့ ကိစ္စမျိုး မဟုတ်ဘူး..။ အဲ့ဒါတွေက ပိုကြီးမားတဲ့ ပြဿနာတစ်ခုရဲ့ လက္ခဏာရပ်တွေပဲ..”

ဆန်နီ့ မျက်လုံးတွေ အနည်းငယ် ဝိုင်းစက်သွားခဲ့တယ်..။

“ကတ်ဒ်... အရိပ်ဓားသွား ကတ်ဒ်..။ သူ အိုဘယ်လ် စကေး အကြောင်း တစ်ခုခု ပြောခဲ့ဖူးတယ်..။ အဲ့ဒါက သူ လက်လျှော့လိုက်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ..။အနည်းဆုံးတော့ အများကြီးထဲက တစ်ခုပေါ့..”

မာစတာ ဂျက် က ခေါင်းညိတ်လိုက်တယ်။ သူမရဲ့ မျက်နှာပေါ်မှာ အနည်းငယ် မထီမဲ့မြင်ပြုတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့ပါတယ်..။

“ဟုတ်တယ်..။ ဒါပေမဲ့ ကတ်ဒ် က စိတ်ဓာတ်ကျပြီး အားနည်းနေခဲ့တာ..။ သူက ဒီကိစ္စကို အမှန်ထက် ပိုပြီး ချဲ့ကားတွေးနေခဲ့တာပဲ..”

ဆန်နီ့ နှုတ်ခမ်းထောင့်တွေ တွန့်ကွေးသွားခဲ့တယ်..။

“တိုက်ကြီးတစ်ခုလုံးကို ဆုံးရှုံးရတာက သေးငယ်တဲ့ ကိစ္စလို့ ကျွန်တော် မထင်ဘူးနော်..”

သူမက ပုခုံးတွန့်ပြလိုက်ပြီး..

“ငါလည်း အဲလို မပြောပါဘူး..။ ဒါပေမဲ့ အဲ့ဒါက ကမ္ဘာပျက်မယ့် ကိစ္စလည်း မဟုတ်ဘူးလေ..”

ဝိဥာဉ်ရိတ်သိမ်းသူ ဟာ အေးအေးဆေးဆေးပဲ ကော်ဖီတစ်ငုံ သောက်လိုက်ပါတယ်..။

“ငါတို့ မြောက်အမေရိက ကို ဆုံးရှုံးခဲ့တုန်းကလည်း အလားတူ ကိစ္စမျိုး ဖြစ်ခဲ့တာပဲ..။ အိုဘယ်လ် စကေး က တိုင်းတာချက်တွေ လွဲချော်ကုန်တာကြောင့် ရှာဖွေနိုင်စွမ်းတွေက ယုံကြည်လို့ မရတော့ဘူး ဖြစ်သွားခဲ့တယ်..။ နောက်ဆုံးမှာ အဆင့် (၅) ထွက်ပေါက် တစ်ခု ပေါ်လာခဲ့တယ်။ အဲ့ဒီနောက်မှာတော့ အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့တယ်လေ.။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး အစိုးရက တိုင်းတာချက်တွေမှာ ပုံမှန်မဟုတ်မှုတွေ များပြားလာတာကို ထပ်ပြီး သတိထားမိလာခဲ့တယ်..။ ဒီ ပုံမှန်မဟုတ်မှုတွေကို အချိန်အတော်ကြာ လေ့လာပြီးတဲ့နောက်မှာတော့ ကြီးမားတဲ့ တစ်ခုခု ထပ်ဖြစ်တော့မယ်ဆိုတဲ့ အဖြေကို ငါတို့ ရရှိခဲ့ကြတယ်လေ..”

သူမက နှုတ်ခမ်းကို သပ်လိုက်တယ်။

“ဒီတစ်ကြိမ်မှာတော့ ဒါက ကွဲပြားလိမ့်မယ်..။ ကြီးမားတဲ့ ဂိတ်ပေါက်ကြီး တစ်ခုတည်း ပေါ်လာမယ့်အစား... တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ တုံ့ပြန်မှုမျိုးတွေ ဖြစ်လာလိမ့်မယ်..။ သေးငယ်တဲ့ ထွက်ပေါက် ရာပေါင်းများစွာက အချိန်ခနလေး အတွင်းမှာ ဆက်တိုက် ပွင့်လာကြလိမ့်မယ်..။ အဲ့အချိန်ကြရင် မရေမတွက်နိုင်တဲ့ အိပ်မက်ဆိုး သတ္တဝါတွေက တကယ့်ကမ္ဘာထဲကို ကျူးကျော်ဝင်ရောက်လာကြမှာပဲ..။ အဲ့ဒါတွေ အားလုံးက ဖြစ်ပျက်မယ့် နေရာက....”

တစ်ခနလောက် တိတ်ဆိတ်ပြီးသွားကာမှ သူမက စကားကို အဆုံးသတ်လိုက်ပါတယ်..။

“...အန္တာတိက မှာပဲ..”

ဆန်နီ ရဲ့ ပါးစပ်တွေ ခြောက်သွေ့လာသလို ခံစားလိုက်ရတယ်..။

“ဒါပေမဲ့ အန္တာတိက က ကမ္ဘာပေါ်မှာ ဒုတိယ လူဦးရေ အများဆုံး တိုက်လို့ ခုနကပဲ အစ်မ ပြောခဲ့တယ်လေ..”

မာစတာ ဂျက် က ခေါင်းညိတ်လိုက်ပါတယ်..။

“ဟုတ်တယ်..။ အဲ့ဒီမှာ လူပေါင်း သန်းကိုးရာလောက် နေထိုင်နေကြတယ်..”

သူက ခဏလောက် ငြိမ်သက်နေပြီးမှ အကြည့်ကို လွှဲလိုက်တယ်..။

“. အပြန်အလှန် ချိတ်ဆက်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေခံ အဆောက်အအုံတွေက တစ်ခုပြိုတာနဲ့ အကုန်ပြိုတတ်တယ်လို့လည်း ပြောခဲ့သေးတယ်နော်..။ အန္တာတိက တိုက်က ကျန်တဲ့ တိုက်ကြီး လေးခုနဲ့ ကျွန်တော်တို့ရဲ့ အစားအသောက် အများစုကို ထုတ်လုပ်ပေးနေတဲ့ တောင်အမေရိက ကြားမှာ ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက် အဖြစ် တည်ရှိနေတာ မဟုတ်ဘူးလား..”

ဝိဥာဉ်ရိတ်သိမ်းသူ က ပြုံးလိုက်ပါတယ်..။

“သေချာတာပေါ့..။ ဒါပေမဲ့ အဲ့ဒါက နင်ထင်သလောက်လည်း မဆိုးပါဘူး..။ မြို့ကြီးတိုင်းမှာ ခိုင်မာတဲ့ ရေသွင်းစိုက်ပျိုးရေး စနစ်တွေ ရှိကြပြီး ကိုယ့်ဘာကိုယ် အချိန်အတော်ကြာအောင်ရပ်တည်နိုင်ကြတယ်..။ ငါတို့က သင်ခန်းစာ ယူထားပြီးသားလေ..။ ဟုတ်တယ်.. တောင်အမေရိကနဲ့ အဆက်အသွယ် ပြတ်တောက်သွားတာက နာကျင်စရာ ကောင်းတဲ့ ရိုက်ချက်ဖြစ်တာ မှန်ပေမဲ့ လူသားမျိုးနွယ်ကတော့ ဆက်လက် ရှင်သန်နိုင်ဦးမှာပဲ..။ ဒါပေမဲ့ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုတော့ ရှိလာလိမ့်မယ်... အဲ့ဒီ အပြောင်းအလဲရဲ့ သဘောသဘာဝကို နင် ခန့်မှန်းမိပြီးသား ဖြစ်မှာပါ..။ဒီထက် ပိုများတဲ့ လူတွေက ဆင်းရဲသားရပ်ကွက်တွေထဲကို ရောက်သွားကြလိမ့်မယ်..။ ဆယ်ပုံနှစ်ပုံ အစား ဆယ်ပုံသုံးပုံလောက်လည်း ဖြစ်သွားနိုင်တယ်..။ ဒါမှမဟုတ် အဲ့ဒီထက်လည်း ပိုနိုင်တာပဲလေ..”

ဆန်နီ ကတော့ သူ့ရဲ့ ထိတ်လန့်တုန်လှုပ်မှုကို မဖျောက်ဖျက်နိုင်သေးပါဘူး..။

“အန္တာတိက မှာ နေထိုင်နေတဲ့ သန်းပေါင်းများစွာသော လူတွေကျတော့ရော..။ အစိုးရက ဘာတွေ လုပ်နေတာလဲ..။ အဲ့လို ဆက်တိုက်ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ထိန်းချုပ်ဖို့အတွက် စစ်တပ်တွေနဲ့ နိုးထသူ တွေကို အလုံအလောက် မပို့နိုင်ဘူးလား..”

သူမက ခဏလောက် တုံ့ဆိုင်းနေပြီးမှ စိတ်မကောင်းစွာ သက်ပြင်းချလိုက်တယ်..။

“...ရတာပေါ့..။ တကယ်လို့ ငါတို့ရဲ့ အင်အားတွေ အားလုံးကို... အားလုံးလို့ ငါ ပြောချင်တာနော်... အကုန် စုစည်းပြီး ကြီးမြတ်တဲ့ ကလန်တွေကလည်း အဲ့ဒီ စစ်ဆင်ရေးကို အပြည့်အဝ ထောက်ခံပေးမယ်ဆိုရင် အန္တာတိက ကို ငါတို့ ထိန်းနိုင်ကောင်း ထိန်းထားနိုင်လိမ့်မယ်..။ ဒါပေမဲ့ အခုကိစ္စက အဲ့လောက် မရိုးရှင်းဘူး..။ အရာအားလုံးမှာ ပေးဆပ်ရတဲ့ တန်ဖိုး ရှိတယ် ဆန်နီ..။ ငါတို့ ကာကွယ်ရမယ့် တခြား တိုက်ကြီး သုံးတိုက်ကလည်း ရှိနေသေးတယ်..။ နိုးထသူ တွေ အများကြီးကို အဲ့ဒီ တိုက်ပွဲထဲ ပို့လိုက်မယ်ဆိုရင် ကျန်တဲ့ တိုက်တွေက အကာအကွယ်မဲ့ သွားလိမ့်မယ်..။ နောက်ဆုံးတစ်ခုက အန္တာတိက မှာ ထွက်ပေါက် ရာပေါင်းများစွာ ပွင့်လာမယ် ဆိုတာနဲ့ပဲ တခြားနေရာတွေမှာ ထွက်ပေါက်တွေ ပွင့်တာ ရပ်သွားမယ်လို့ မဆိုလိုဘူးလေ..။ နယ်မြေတစ်ခုတည်းကို ကာကွယ်ဖို့ ငါတို့ရဲ့ အရင်းအမြစ်တွေကို အကုန် သုံးလိုက်မယ်ဆိုရင် အားလုံးကို ပျက်စီးကြရလိမ့်မယ်..။ ဒါက ချက်ချင်းကြီး မဖြစ်လာရင်တောင်မှ ရေရှည်မှာတော့ ကမ္ဘာပေါ်မှာ လူသားမျိုးနွယ် ရှိမနေတော့တဲ့ အခြေအနေမျိုး ရောက်သွားနိုင်တယ်..”

မာစတာ ဂျက် က သူမရဲ့ မျက်နှာကို ပွတ်သပ်လိုက်ပြီးမှ ပြုံးလိုက်ပါတယ်..။

“ဒါပေမဲ့ အဲ့ဒါနဲ့ပဲ ငါတို့ ဘာမှမလုပ်ဘဲ ငြိမ်နေမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလေ..။ အမှန်တော့ အစိုးရက လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ကြီးမားတဲ့ စစ်ဆင်ရေးတစ်ခုအတွက် ပြင်ဆင်နေခဲ့တာ..။ ဒါပေမဲ့... အခြေအနေတွေက ဘယ်သူမှ မခန့်မှန်းနိုင်တဲ့ အရှိန်နဲ့ ပိုမြန်ဆန် လာခဲ့တယ်..။ အချိန်ဇယားက အနည်းဆုံး နှစ်အနည်းငယ်လောက် ကို ရှေ့ရောက်လာခဲ့တယ်လေ..။ ငါတို့ရဲ့ အခု လက်ရှိ ပြင်ဆင်မှုတွေက လုံးဝကို မလုံလောက်တော့ဘူး..”

သူမက တိတ်ဆိတ်သွားပြီးမှ တည်ငြိမ်တဲ့ အသံနဲ့ ထပ်ပြောလာခဲ့ပါတယ်။

“အဆင်သင့် ဖြစ်အောင် ပြင်ဆင်ဖို့ အချိန်အများကြီး ရလိမ့်မယ်လို့ ငါတို့က ထင်ထားခဲ့ကြတာ..။ ဒါပေမဲ့ အချိန်ကမရှိတော့ဘူး..။ ဒါကြောင့်... အခုကစပြီး တကယ့်ကို ကမောက်ကမတွေ ဖြစ်ကုန်တော့မှာပဲ..”

ဆန်နီ က မျက်မှောင်ကျုတ်လိုက်တယ်..။ ဒီစကားက ဘာကို ဆိုလိုချင်မှန်း သူ သေချာ မသိသေးပါဘူး..။ တခြား တိုက်ကြီး သုံးတိုက်ကို မပျက်စီးအောင် ထိန်းသိမ်းဖို့အတွက် တိုက်ကြီး တစ်တိုက်ကို စွန့်လွှတ်ရမယ့် တန်ဖိုးအဖြစ် သတ်မှတ်ခြင်းကို သူ လုံးဝ လက်မခံနိုင်သေးပေ..။ လူသားမျိုးနွယ်ဟာ မြောက်အမေရိက တိုက် ကို ဆုံးရှုံးခဲ့ရပြီးပြီ ဖြစ်ပေမဲ့လည်း ဒီဆုံးရှုံးမှုကြားကနေပဲ ဆက်လက် ရပ်တည်နိုင်ခဲ့တာပါ..။ အကျိုးဆက်အနေနဲ့ ပိုပြီးတော့တောင် အင်အားကြီးမားလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်..။

ဒါပေမဲ့ တကယ်လို့ အစိုးရက အန္တာတိက တိုက် ကို အိပ်မက်ဆိုး သတ္တဝါတွေ ကျူးကျော်လာမှာကို ခွင့်ပြုတော့မယ် ဆိုရင်.. ဘယ်လို စစ်ဆင်ရေးမျိုး ဆက်လုပ်ဖို့ စီစဥ်ထားတာလဲ..။

“...အမှန်တကယ်ပဲ အစိုးရက ဘာဆက်လုပ်မှာလဲ...”

မာစတာ ဂျက် က ကမ္ဘာ့မြေပုံဘက်ကို ပြန်လှည့်လိုက်ပြီး ခဏလောက် တုံ့ဆိုင်းနေခဲ့တယ်..။ ယင်းနောက်မှာတော့ တောင်ဘက်က ကျွန်းစုကြီးကို ညွှန်ပြလိုက်ပါတယ်..။

“ဘာလို့လဲ အခြား ဘာရှိဦးမှာလဲ..။ ငါတို့က ပျက်စီးတော့မယ့် တိုက်ကြီးပေါ်က လူပေါင်း သန်းကိုးရာကို အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီးတွေ လိုက်လံတိုက်ခိုက်မှုတွေ ကြားကနေ ကယ်ထုတ်ကြမှာပေါ့..။ ဒါမှမဟုတ်... အနည်းဆုံးတော့ ကြိုးစားကြည့်ကြမှာပေါ့လေ..။ အမှန်အတိုင်း ပြောရရင်တော့... ကြိုးစားတဲ့သူ အများစုက သေသွားကြလိမ့်မယ်လို့ပဲ ငါ ထင်တယ်...”

အပိုင်း ( ၇၅၅ ) ပြီး၏။

အပိုင်း ( ၇၅၆ ) ရေကြောင်းလမ်းပြခြင်း

မာစတာ ဂျက် ဟာ မြေပုံကို ခဏလောက် အသေအချာ ကြည့်ရှုနေပြီးမှ.. တိုက်ကြီး လေးတိုက် ကြားမှာ ရှိနေတဲ့ သမုဒ္ဒရာကို ဖြတ်ပြီး မျဉ်းတစ်ကြောင်း ဆွဲလိုက်ပါတယ်..။ယင်းနောက်မှာတော့ သူမက ရုတ်တရက် မေးလာခဲ့တယ်..။

“ဆန်နီ... နင် ရေကြောင်းသွားလာရေး အကြောင်း သိလား..”

သူက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းပြလိုက်တယ်..။

“တခြားလူတွေ သိသလောက်ပဲ သိမယ် ထင်တာပဲ..”

သူမက ပြုံးလိုက်ပြီး..

“နားလည်ပါတယ်..။ အမှန်အတိုင်း ပြောရရင် သမုဒ္ဒရာတွေကို ဖြတ်သန်းဖို့ဆိုတာ လွယ်ကူတဲ့ အလုပ် မဟုတ်ဘူးလေ..။ တကယ်လို့သာ လွယ်ကူနေမယ်ဆိုရင် ငါတို့က တောင်အမေရိက ကနေ အစားအသောက်တွေ သယ်ယူဖို့အတွက် ပစိဖိတ် သမုဒ္ဒရာ ဒါမှမဟုတ် အတ္တလန္တိတ် သမုဒ္ဒရာကို အလွယ်တကူ အသုံးပြုနိုင်မှာပေါ့..။ ဒါပေမဲ့ အခုချိန်မှာ အဲ့ဒီ ရေပြင်တွေကို ဖြတ်သန်းဖို့ ကြိုးစားတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ..”

ဝိဥာဉ်ရိတ်သိမ်းသူ ဟာ နောက်ကို မှီလိုက်ပြီး ကော်ဖီတစ်ငုံ သောက်လိုက်တယ်..။

“ငါတို့ ကမ္ဘာဂြိုဟ်ရဲ့ အစိတ်အပိုင်း အများစုက ရေတွေနဲ့ ဖုံးလွှမ်းနေတာလေ..။ အဲ့ဒီ ရေထု အများစုမှာလည်း ကြောက်မက်ဖွယ်ကောင်းတဲ့ အိပ်မက်ဆိုး သတ္တဝါတွေ ပြည့်နှက်နေတာ.။ ဘာလို့လဲဆိုတော့ ဂိတ်ပေါက် အများစုက ရေအောက်မှာ ပွင့်ကြလို့ပဲ။ ငါတို့မှာ ပင်လယ်ရေအောက်က သတ္တဝါတွေကို တိုက်ခိုက်ဖို့ နည်းလမ်းလည်း မရှိသလို.. တိုက်ခိုက်ဖို့ အကြောင်းပြချက်လည်း သိပ်မရှိတာကြောင့် အဲ့ဒီ ဂိတ်ပေါက် တွေကို ဒီအတိုင်းပဲ လွှတ်ထားကြရတယ်..။ လူသားမျိုးနွယ်က တိုက်ကြီး လေးတိုက်ခွဲလောက်ကို ဆက်ပြီး ထိန်းထားနိုင်ပေမဲ့.. ကမ္ဘာ့သမုဒ္ဒရာ အားလုံးကိုတော့ ရန်သူ့လက်ထဲ ပုံအပ်ထားလိုက်ရပြီ.."

သူမက သက်ပြင်းချလိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါလိုက်ပါတယ်..။

“ဒါပေမဲ့ ဘယ် အဖွဲ့အစည်းက မှ ထိရောက်တဲ့ သယ်ယူပို့ဆောင်ရေး မရှိဘဲနဲ့ မရပ်တည်နိုင်ဘူး..။ ရှေးဦးခေတ် ကတည်းက ရေကြောင်းကနေ သယ်ယူပို့ဆောင်တာက အဓိက အသက်အင်အားပဲ..။ ဒါကြောင့် ငါတို့က အိန္ဒိယသမုဒ္ဒရာထဲမှာတော့ အခြေစိုက်ထားတုန်းပဲလေ..။ ဒါပေမဲ့ အဲ့ဒီမှာ သွားလာဖို့ကလည်း မလွယ်ကူဘူး..။ ဘာလို့လဲဆိုတော့ အဲ့ဒီက ရေနက်ပိုင်းတွေမှာ ဖော်ပြလို့ မရနိုင်လောက်အောင် ထိတ်လန့်စရာ ကောင်းတဲ့ အရာတွေ အခြေချနေထိုင်ကြလို့ပဲ..”

ဆန်နီ ဟာ ခဏလောက် တုံ့ဆိုင်းနေပြီးမှ စပ်စုချင်စိတ်နဲ့ မေးလိုက်တယ်..။

“ဒါဆိုရင် လေကြောင်းကနေ ကုန်စည်ပို့ဆောင်တာက ပိုပြီး မလွယ်ကူဘူးလား..”

ဝိဥာဉ်ရိတ်သိမ်းသူ က မျက်နှာပျက်သွားပြီး..

“ဒါက ကုန်ကျစရိတ် မကာမိဘူးလေ..။ ဂြိုဟ်ပတ်လမ်းကြောင်းထဲကို ရောက်ဖို့ဆိုတာ အရင်းအမြစ် အမြောက်အမြား လိုအပ်တယ်..။ လေးလံတဲ့ ကုန်စည်တွေဆိုရင် ပိုဆိုးတာပေါ့..။ ငါတို့မှာက အဲ့ဒီ အရင်းအမြစ်တွေက အရမ်း ရှားပါးနေတာလေ..။ ပြီးတော့... အာကာသမှာလည်း သူ့ဘေးအန္တရာယ်နဲ့သူ ရှိနေသေးတယ်..”

ဆန်နီ က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး..

“ဘာအန္တရာယ်တွေလဲ..”

သူမက ပုခုံးတွန့်ပြလိုက်ုံသာ တုံ့ပြန်ခဲ့ပါတယ်..။

“အဲ့ဒါက... ငါ့ရဲ့ အဆင့်ထက်တောင် ပိုမြင့်တဲ့ ကိစ္စပဲ..။ ဒါကြောင့် ငါလည်း မသိဘူး..။ ကွန်ရက်တွေနဲ့ အိုဘယ်လ် တိုင်းတာမူ ကို ထောက်ပံ့ပေးနေတဲ့ ဂြိုဟ်တု အနည်းငယ်ကို ထိန်းသိမ်းထားဖို့ကတောင် တကယ့်ကို ခက်ခဲတဲ့ စိန်ခေါ်မှုကြီး တစ်ခု ဖြစ်နေပြီလို့ပဲ ပြောရလိမ့်မယ်..။ နင် ကြိုက်ကြိုက် မကြိုက်ကြိုက်... ရေလမ်းကြောင်းက သယ်ယူပို့ဆောင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းပဲ..”

သူက မျက်မှောင်ကျုတ်လိုက်တယ်..။

“ဒါဆို ဒီလောက် အန္တရာယ်များတဲ့ သမုဒ္ဒရာကို ဘယ်လို စီမံပြီး အသုံးပြုနေကြတာလဲ..”

မာစတာ ဂျက် က ပြုံးလိုက်ပါတယ်..။

“အာ... အဲ့ဒါကတော့ အရမ်း ရိုးရှင်းပါတယ်..။ အဖြေက... ညအိမ်တော် ကြောင့်ပဲ..”

ဆန်နီ ဟာ အကြိမ်အနည်း မျက်တောင် ခတ်လိုက်မိတယ်..။

“ကြီးမြတ်တဲ့ ကလန် လား..”

သူမက ခေါင်းညိတ်ပြလိုက်တယ်..။

“ညအိမ်တော် ရဲ့ ကိုယ်စားလှယ်တွေက ရေပြင်တွေကြားမှာ သင်္ဘောတွေကို လမ်းပြပေးတဲ့ နေရာမှာ ထူးချွန်ကြတယ်..။ သူတို့ကိုယ်သူတို့ အမှောင် လမ်းလျှောက်သူ တွေလို့ ခေါ်တာက ကလန် တည်ထောင်သူကို ဂုဏ်ပြုဖို့သက်သက် မဟုတ်ဘူးလေ..။ သမုဒ္ဒရာကို ဖြတ်သန်းဖို့အတွက်.. ကြီးမားတဲ့ သံချပ်ကာတွေနဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ သင်္ဘောအုပ်စုတွေက အမှောင် လမ်းလျှောက်သူ လမ်းပြတွေရဲ့ ဝန်ဆောင်မှုကို အသုံးပြုကြရတာပဲ..”

ဆန်နီ ဟာ နောက်ကို မှီထိုင်ရင်း စဉ်းစားနေခဲ့တယ်..။ သူက တတိယမြောက်နဲ့ သြဇာအာဏာ အနည်းဆုံးဖြစ်တဲ့ ကြီးမြတ်တဲ့ ကလန် အကြောင်းကို အနည်းငယ် သိထားပေမဲ့.. အများကြီးတော့ မသိပါဘူး..။

တစ်မိသားစုတည်းကနေ ဆင်းသက်လာတဲ့ ဗာလာ နဲ့ ဆောင်း ကလန်တွေနဲ့ မတူဘဲ.. ညအိမ်တော် ကတော့ ထင်ရှားတဲ့ ကလန် အတော်များများရဲ့ မဟာမိတ်အဖြစ်နဲ့ မွေးဖွားလာတာပါ..။ သူတို့က အိပ်မက်ကမ္ဘာ ရဲ့ မုန်တိုင်းပင်လယ် လို့ ခေါ်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ နယ်မြေမှာ နေထိုင်ကြတယ်..။ ပြီးတော့ သူတို့က ကြီးမြတ်တဲ့ ခံတပ် သုံးခုထဲက တစ်ခုကို ထိန်းချုပ်ထားကြတယ်..။ သူ သိသလောက်ဆိုရင် အဲ့ဒီ ခံတပ် က ဧရာမ သင်္ဘောကြီးတစ်စင်းနဲ့ တူပြီး..ဒဲလ်မွန် ခုနစ်ပါးထဲက တစ်ပါးပါး ချန်ထားခဲ့တာ ဖြစ်ဖို့ များပါတယ်..။

ညအိမ်တော် မှာ သူတို့ရဲ့ ကိုယ်ပိုင် အုပ်စိုးသူ မရှိဘူးဆိုတာကိုလည်း ဆန်နီ သိထားပါသေးတယ်..။ ဗာလာ ရဲ့ အန်ဗီ နဲ့ ကီဆောင် တို့က သူတို့ရဲ့ မိသားစုတွေကို အုပ်ချုပ်နေကြပေမဲ့.. အက်စတာရီယွန် ကတော့ သူတို့နဲ့ မပတ်သက်သလို တတိယမြောက် ကြီးမြတ်တဲ့ ကလန် နဲ့လည်း ဘာမှ မဆိုင်ဘူးလို့ ထင်ရပါတယ်..။

ကျန်တဲ့ အင်အားကြီး နှစ်ဖွဲ့က ဘာလို့ ဒီ အားနည်းတဲ့ အဖွဲ့ကို မသိမ်းပိုက်ပစ်ကြတာလဲ ဆိုတဲ့ အဖြေကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး..။ အခုတော့ လူသားယဉ်ကျေးမှု ရပ်တည်ရေးအတွက် အမှောင် လမ်းလျှောက်သူ တွေက ဘယ်လောက်အထိ အရေးပါတဲ့ ကဏ္ဍမှာ ရှိနေလဲဆိုတာ ဆန်နီ သိလိုက်ရတာကြောင့်.. သူတို့က အညံ့ခံဖို့ ဖိအားပေးခံရဖို့ထက်စာရင် အသုံးဝင်မှု အလွန်များပြားလွန်းနေတာကြောင့်လို့ သူ ခန့်မှန်းလိုက်မိတယ်..။

တစ်နည်းအားဖြင့် ပြောရရင် သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေရဲ့ သဘောသဘာဝက ဗာလာ ဒါမှမဟုတ် ဆောင် ကလန်တွေ ကျူးကျော်ဖို့အတွက် အန္တရာယ် အရမ်းများနေတာလည်း ဖြစ်နိုင်ပါတယ်..။ ဒါမှမဟုတ် သူတို့ ရှိနေခြင်းတာကကြီးစိုးနေတဲ့ ကလန်ကြီး နှစ်ခုကြားမှာ လိုအပ်နေတဲ့ ဟန်ချက်ညီမှုနဲ့ ဟန့်တားမှုကို ဖြစ်စေတာကြောင့်လည်း ဖြစ်နိုင်တာပါပဲ..။

...ဒါပေမဲ့ ရှင်းရှင်းလင်းလင်း သိသာတဲ့ အချက်ကတော့ ညအိမ်တော် ဟာ မုန်တိုင်းနတ်ဘုရား နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေတယ်ဆိုတာပါပဲ..။ သူတို့ရဲ့ စွမ်းအားတွေနဲ့.. ရေနက်ပိုင်း၊ သမုဒ္ဒရာ၊ အမှောင်ထု၊ ကြယ်တာရာ၊ ခရီးသွားလာခြင်း၊ လမ်းညွှန်ပြသခြင်း နဲ့ ဘေးအန္တရာယ် နတ်ဘုရား ကြားမှာ တိုက်ဆိုင်မှုတွေက များပြားလွန်းနေပါတယ်..။

အမှောင် လမ်းလျှောက်သူ တွေက မုန်တိုင်းနတ်ဘုရား ရဲ့ သွေးမျိုးဆက်ကို ဆက်ခံထားကြတာလား..။

'အဲ့ဒါဆိုရင်တော့ အများကြီးကို ရှင်းပြနိုင်သွားမှာပဲ...'

အဲ့ဒီအချိန်မှာပဲ မာစတာ ဂျက် က ဆက်ပြောလာခဲ့တယ်..။

“ညအိမ်တော် ရဲ့ သားမြေးတွေက ရေကြောင်း သင်္ဘောအုပ်စုတွေကို သူတို့ သွားချင်တဲ့ နေရာ ရောက်အောင် ပို့ဆောင်ပေးနိုင်ကြတယ်..။ အဲ့ဒါက ကောင်းချီးတစ်ခု ဖြစ်သလို ကျိန်စာတစ်ခုလည်း ဖြစ်နေတာပဲ..။ ပြဿနာက အမှောင် လမ်းလျှောက်သူ တွေရဲ့ အရေအတွက်က တခြား ကြီးမြတ်တဲ့ ကလန် နှစ်ခုရဲ့ သွေးမျိုးဆက်တွေထက် ပိုများနေပေမဲ့လည်း.. သူတို့ရဲ့ အရေအတွက်က ကန့်သတ်ချက် ရှိနေတုန်းပဲ..။ ဒါကြောင့် ငါတို့ တစ်ပြိုင်တည်း မောင်းနှင်နိုင်တဲ့ သင်္ဘောအုပ်စု အရေအတွက်ကလည်း ကန့်သတ်ခံထားရတယ်..”

သူမက သက်ပြင်းချလိုက်တယ်..။

“ငါတို့က လူတွေကို ရေကြောင်းကနေပဲ ကယ်ထုတ်နိုင်မယ်..။ တွက်ချက်မှုတွေအရတော့ အန္တာတိက ရဲ့ လူဦးရေကို အဲ့ဒီနည်းနဲ့ ကယ်ထုတ်ဖို့ ဆိုရင် အနည်းဆုံး နှစ်နှစ်လောက် ကြာလိမ့်မယ်..။ အဲ့ဒါက ငါတို့ရဲ့ ရေတပ် အင်အား အများစုကို ဒီစစ်ဆင်ရေးမှာ အသုံးပြုမယ်ဆိုရင်ပေါ့..။ ဒါပေမဲ့...”

သူမရဲ့ အသံက တိုးဝင်သွားခဲ့တယ်..။

“ဆက်တိုက်ဖြစ်ပေါ်လာမယ့် သတိပေးချက် တွေက အများဆုံး နောက်ထပ် လအနည်းငယ်အတွင်းမှာ စတော့မှာ..။ အစပိုင်းမှာတော့ သိပ်မပြင်းထန်နိုင်ပေမဲ့.. နောက်ပိုင်းမှာ အရှိန်အဟုန်နဲ့ တိုးလာပြီး ကျွန်းစုကြီး တစ်ခုလုံးက အိပ်မက်ဆိုး သတ္တဝါတွေနဲ့ ပြည့်နှက်သွားလိမ့်မယ်..”

ဆန်နီ ခနလောက် တိတ်ဆိတ်နေပြီးမှ မေးလိုက်တယ်..။

“ဒါဆို ဘာတွေ ဖြစ်လာတော့မှာလဲ..”

မာစတာ ဂျက် က သူမရဲ့ ကော်ဖီကို ကုန်အောင် သောက်လိုက်ပြီး သူ့ကို ပြုံးပြလာခဲ့ပါတယ်။

“အင်း... အစိုးရက သူ့ရဲ့ အင်အားစု အတော်များများကို အန္တာတိက ကို ပို့တော့မှာ..။ ကျန်တဲ့ လူသားတွေကို အကာအကွယ်မဲ့ မဖြစ်သွားစေဖို့အတွက်.. အသုံးပြုလို့ရသမျှ လူတိုင်းကို စေလွှတ်ရေး တပ်ဖွဲ့ထဲမှာ ထည့်သွင်းသွားမှာပဲ..။ သူတို့က လူတွေကို တတ်နိုင်သမျှ များများ ကယ်ထုတ်နိုင်ဖို့အတွက် အိပ်မက်ဆိုး သတ္တဝါတွေကို ရသလောက် အချိန်ဆွဲ တိုက်ခိုက်ကြလိမ့်မယ်..။.. ပြီးတော့... ငါကိုယ်တိုင်လည်း ပထမဆုံး ထွက်ခွာမယ့် သင်္ဘောတွေထဲက တစ်စင်းပေါ်မှာ ပါသွားမှာပေါ့..”

ဆန်နီ က ဘာပြောရမှန်း မသိတာကြောင့် အကြည့်လွှဲလိုက်မိတယ်..။ မာစတာ ဂျက် ကိုယ်တိုင်က ဒီစစ်ဆင်ရေးမှာ ပါဝင်မယ့်သူ အများစုက ပြန်လာနိုင်ကြမှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးခဲ့တာ မဟုတ်ဘူးလား..။

ဒါပေမဲ့ သူမက ဝိဥာဉ်ရိတ်သိမ်းသူ ဂျက် ပဲလေ.. မဟုတ်ဘူးလား..။ သေချာတာကတော့ သူမလို လူမျိုးကတော့ အဆင်ပြေလောက်မှာပါ..။

မာစတာ ဂျက် က သက်ပြင်းချလိုက်ပြီး ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် ဝေ့ကြည့်လိုက်တယ်..။ အဲ့ဒီနောက်မှာတော့ သူမက တည်ငြိမ်စွာ ပြောလာခဲ့ပါတယ်..။

“ဒါပေါ့.. ထွက်ခွာမယ့် အရေအတွက်က ဘယ်တော့မှ လုံလောက်မှာ မဟုတ်ဘူး..။ နောက်ထပ် လအနည်းငယ်အတွင်းမှာ အစိုးရက နိုးထသူ တွေရော.. သာမန်လူတွေကြားမှာပါ.. စေတနာ့ဝန်ထမ်း စုဆောင်းရေးကို ကြေညာလိမ့်မယ်..။ လူအများအပြားက အဲ့ဒီ ခေါ်ယူမှုကို တုံ့ပြန်ကြလိမ့်မယ် ..ဆိုပေမဲ့ အများစုကတော့ တုံ့ပြန်ကြမှာ မဟုတ်ဘူး..။ ငါ ပြောခဲ့သလိုပဲ.. အန္တာတိက ကို ဆုံးရှုံးရတာက ကမ္ဘာပျက်မယ့် ကိစ္စ မဟုတ်ဘူးလေ..။ အဲ့ဒီမှာ သွားသေရမှာက တကယ်တော့ မထိုက်တန်ဘူး..”

ဆန်နီ အံကြိတ်လိုက်မိတယ်..။

“ဒါဆို အစ်မက ဘာလို့ သွားမှာလဲ..။ အစ်မရဲ့ ရာထူးနဲ့ဆိုရင် နောက်မှာ နေခဲ့ဖို့ ရွေးချယ်လို့ ရတာ သေချာပါတယ်..။ ဝါဒဖြန့်မှုတွေက အစ်မရဲ့ ခေါင်းထဲ ရောက်ကုန်ပြီလား..။ ဂုဏ်သိက္ခာ ၊ တာဝန် နဲ့ စွန့်လွှတ်အနစ်နာခံမှု .. အဲ့ဒီ အမှိုက်တွေကို အစ်မ တကယ်ပဲ ယုံနေတာလား..”

ဝိဥာဉ်ရိတ်သိမ်းသူ က ရယ်မောလိုက်ပါတယ်..။

“မဟုတ်ဘူး..။ ငါလည်း နင့်လိုပဲ အရာရာကို အယုံအကြည် မရှိတဲ့သူပဲ ဆန်နီ..။ ဒါပေမဲ့ ငါ့မှာလည်း ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိတယ်..”

သူမက ခဏလောက် တုံ့ဆိုင်းနေပြီးမှ.. ရုတ်တရက် လေးနက်တဲ့ အသံနဲ့ ထပ်ပြောလိုက်တယ်..။

“...ပြီးတော့ နင်လည်း ဒီ အကြောင်းပြချက်ကို ကောင်းကောင်း နားလည်နိုင်မယ်လို့ ငါ ထင်တယ်..။ ငါတို့ သိလာတာ ကြာပြီပဲ ဆန်နီ..။ ငါ နင့်ကို စည်းရုံးရေး စကားတွေ ပြောဖို့ အမြဲတမ်း ရှောင်ဖယ်ခဲ့တယ်..။ ဒါပေမဲ့ အခုတော့ အချိန်တွေ ပြောင်းလဲသွားပြီ..။ ဒါကြောင့် မနက်ဖြန် ဗာလာ ရဲ့ ကိုယ်စားလှယ်က နင့်ကို သူတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကလန်ထဲ ဝင်ဖို့ ဖိတ်ခေါ်လာတဲ့အခါ.. နင် အဲ့ဒါကို ငြင်းပယ်လိုက်စေချင်တယ်..”

သူမက ရှေ့ကို တိုးလာပြီး.. ဆန်နီ ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ကာ ထပ်ပြောလိုက်ပါတယ်..။

“အဲ့ဒီအစား.. အကုန်လုံးကို ထားခဲ့ပြီး.. စာရင်းသွင်းလိုက် ဆန်နီ..။ ပြီးရင်... ငါနဲ့အတူ လိုက်ခဲ့..”

အပိုင်း ( ၇၅၆ ) ပြီး၏။

All Chapters