← Chapters

အခန်း (၇၆၀-၇၆၂)

Vol. 51 Ch. 760-762

အခန်း (၇၆၀-၇၆၂)

Vol. 51 Ch. 760-762

အပိုင်း ( ၇၆၀ ) တန်ဖိုးရှိသော သင်ခန်းစာ

ဆန်နီရဲ့ အိမ်အောက်ထပ်က လေ့ကျင့်ရေးခန်းမထဲမှာတော့ သံမဏိချင်း ရိုက်ခတ်သံတွေ ဆူညံစွာ ထွက်ပေါ်နေခဲ့ပါတယ်..။

ရိန်း က သူမအရွယ် သာမန်မိန်းကလေးတစ်ယောက်ထက် ပိုမိုမြန်ဆန်ပြီး တိကျတဲ့ လှုပ်ရှားမှုတွေနဲ့ တိုက်ခိုက်နေခဲ့တယ်..။ သူမရဲ့ အခြေခံ တိုက်ခိုက်ရေးပုံစံက တည်ငြိမ်မူရှိကာ. တွက်ချက်မှု မြန်ဆန်ပြီး ထက်မြက်ပါတယ်..။ သူမက ခိုင်မာတဲ့ ခံစစ်ကို မမျှော်လင့်ထားလောက်အောင် ပေါက်ကွဲအားပြင်းတဲ့ တိုက်စစ်တွေနဲ့ ပေါင်းစပ်ထားတာပါ..။ သူမ လက်ထဲက လေးလံတဲ့ လေ့ကျင့်ရေးဓားက အသွားရှိတဲ့

ဓားအစစ်အတိုင်း လေထုကို ဖြတ်တောက်ပြီး မြည်ဟည်းနေခဲ့တယ်..။

ငယ်ရွယ်နုပျိုမှုတွေက သူမရဲ့ ခန္ဓာကိုယ်ကနေ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး ရင့်ကျက်တဲ့ အသွင်အပြင်က နေရာယူလာခဲ့ပါပြီ..။ သူမက ပိုပြီး ကျန်းမာကြံ့ခိုင်လာသလို သူမရဲ့ လှုပ်ရှားမှုတွေကိုလည်း ကောင်းကောင်း ထိန်းချုပ်နိုင်လာခဲ့တယ်..။ သူမရဲ့ ယုံကြည်မှုရှိပြီး တည်ငြိမ်စွာ တိုက်ခိုက်နေတဲ့ပုံကို မြင်ရင် အခွင့်ထူးခံ ကျောင်းနေဖက်တွေတောင် မနာလိုဖြစ်သွားကြပါလိမ့်မယ်..။

ဆန်နီ က ဘယ်လောက်ပဲ ကြွားချင်ပေမဲ့လည်း.. ဒါတွေ အားလုံးက သူ့ရဲ့ သင်ကြားမူကြောင့်လို့တော့ ထုတ်မပြောရဲသေးပါဘူး..။

လက်ရှိမှာတော့ ဆန်နီ က သူ့ရဲ့ ညီမလေးကို ရင်ဆိုင်တိုက်ခိုက် နေရတယ်။သူက လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး ကျန်လက်တစ်ဖက်တည်းနဲ့တင် သူမရဲ့ ထိုးနှက်ချက်တွေကို ပယ်ဖျက်နေခဲ့ပါတယ်..။ ရိန်း အနေနဲ့ ဘယ်လိုပဲ ကြိုးစားပါစေ.. ဆန်နီ ကိုင်ထားတဲ့ သတ္တုစပ်တုတ်လေးက ဖောက်ထွက်လို့မရတဲ့ အတားအဆီးတစ်ခုလိုပဲ ခိုင်ခံ့နေခဲ့တယ်..။ သူမရဲ့ တိုက်စစ်တွေ အားလုံးက အဲ့ဒီတုတ်လေးရှေ့မှာပဲ ပျက်စီးသွားရသလို.. သူမရဲ့ ခံစစ်တွေကလည်း သူမ ဆရာရဲ့ ပျင်းရိပျင်းတွဲ လှုပ်ရှားမှုတွေရှေ့မှာ အရာမထင်ဖြစ်နေခဲ့ပါတယ်..။

တစ်ကြိမ်ပြီးတစ်ကြိမ်ဆိုသလိုပဲ တုတ်လေးက ရုတ်တရက် ရှေ့ကို ထိုးထွက်လာပြီး သူမရဲ့ ပုခုံးကို ထိမှန်တာမျိုး.. နဖူးကို ခေါက်တာမျိုး.. ဒါမှမဟုတ် လက်ကို နာကျင်အောင် လုပ်တာမျိုးတွေ ဖြစ်နေခဲ့တယ်..။ ဒါတောင်မှ မိန်းကလေးက စိတ်ပျက်မသွားဘဲ အာရုံစူးစိုက်မှုကို မြင့်တင်ရင်း ဆက်လက် ကြိုးစားနေခဲ့ပါတယ်..။

အဲ့ဒီလို အေးစက်တဲ့ စိတ်ဓာတ်နဲ့ စည်းကမ်းရှိမှုတွေကြောင့်သာ ရိန်း က ဒီလောက်အထိ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တာပါ..။

'မဆိုးဘူး...'

ဆန်နီ က နောက်ထပ် လျင်မြန်တဲ့ တိုက်ခိုက်မူတစ်ခုကို ဖယ်ရှားလိုက်ပြီး ရှေ့ကို တစ်လှမ်းတိုးကာ တုတ်ချောင်း ထိပ်နဲ့ မိန်းကလေးရဲ့ ရင်ဘတ်ကို ထိုး လိုက်တယ်..။

“ကဲ.. နင် သေသွားပြီ..။ နောက်တစ်ခါပေါ့..။ အင်း... ငါတော့ လူသေတစ်ယောက်နဲ့ တိုက်နေရတာကို တကယ် ငြီးငွေ့လာပြီ..။ နားကြရအောင်.."

ရိန်း က နောက်ကို ခုန်ဆုတ်လိုက်ပြီး ငြိမ်သက်သွားခဲ့တယ်..။ သူမရဲ့ ဖြူဖျော့တဲ့ မျက်နှာပေါ်မှာ ချွေးစက်တွေ စီးကျနေပြီး အသက်ကို ပြင်းပြင်းရှူနေရပါတယ်..။ ဒါတောင်မှ သူမက ဓားကို အောက် မချသေးပါဘူး..။ သတိလက်လွတ်ဖြစ်ရင် ဘယ်လို အန္တရာယ်ရှိတယ် ဆိုတာကို ဆန်နီ က လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက သင်ပေးထားခဲ့တာပါ။

...အဲ့ဒီတုန်းက ရခဲ့တဲ့ အညိုအမည်းစွဲ အတွင်းဒဏ်ရာတွေက ပျောက်ဖို့ အတော်ကြာခဲ့ပါတယ်။

သူက ပြုံးလိုက်ပြီး အဆုံးမရှိ စမ်းချောင်း ကို သူမဆီ ကမ်းပေးလိုက်တယ်..။ မိန်းကလေး ရေငတ်ပြေသွားတဲ့အချိန်ကြမှ ဆန်နီ ဟာ ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး အမိန့်ပေးတဲ့ လေသံနဲ့ မေးလိုက်ပါတယ်..။

“ငါ နင့်ကို ဘယ်နေရာတွေကို ရိုက်ခဲ့သလဲ..”

ရိန်း ဟာ ထိုင်ချလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ဖြေလိုက်တယ်..။

“ခေါင်း၊ ညာဘက်ပုခုံး၊ ညာဘက်လက်၊ ဘယ်ဘက်လက်ဖျံ၊ ရင်ဘတ်၊ ညာဘက်ပေါင်၊ ဘယ်ဘက်ပုခုံး၊ ခေါင်း၊ လည်ပင်း၊ ဘယ်ဘက်ပုခုံး၊ ဘယ်ဘက်လက်၊ ရင်ဘတ်၊ ခေါင်း၊ ရင်ဘတ်..”

သူက ကျေနပ်စွာနဲ့ ပြုံးလိုက်ပြီး..

“ငါ လက်ကို အိတ်ကပ်ထဲ ဘယ်အချိန်မှာ ထည့်လိုက်တာလဲ..”

သူမ မျက်မှောင်ကျုတ်သွားခဲ့တယ်..။

“...ပထမဆုံးအကြိမ် ပေါင်ကို ရိုက်ပြီးတဲ့ အချိန်မှာ..”

ဆန်နီ ခေါင်းညိတ်ပြလိုက်တယ်..။

“အဲ့ဒီမတိုင်ခင် ရိုက်ချက်နှစ်ခုတုန်းက ငါ ဘယ်ကို ကြည့်နေသလဲ..”

ရိန် သွားကြိတ်လိုက်ပြီး..

“အပေါ်ကိုလေ..နင့်မျက်လုံးတွေက အပေါ်ကို ကြည့်နေခဲ့တာပဲ ”

သူ သဘောကျစွာ ရယ်လိုက်မိတယ်..။

“ကောင်းတယ်..။မင်းရဲ့ သတိထားမူ ကတော့... ဒီအဆင့်အတွက် လုံလောက်နေပြီ..”

မိန်းကလေးက သူ့ကို မကျေမနပ် ကြည့်လိုက်ပြီးမှ တစ်ဖက်ကို လှည့်သွားခဲ့တယ်..။ ခနအကြာမှာတော့ သူမ သက်ပြင်းချလိုက်ပြီး ရုတ်တရက် မေးလာခဲ့ပါတယ်..။

“ဆန်နီ... ငါက တကယ်ပဲ တော်ရဲ့လား..”

ဆန်နီ ခနလောက် တွေဝေသွားပြီးမှ ပုခုံးတွန့်ပြလိုက်တယ်..။

“နင် လုပ်နိုင်ခဲ့တာပဲ။ အဆင်ပြေပါတယ်..”

ရိန်း ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။

“ဒါပေမဲ့ နင့်လောက်တော့ မတော်ဘူး မလား..”

ဒါက ဆန်နီ့ကို သဘောကျသွားစေပါတယ်..။

“ဘာကိုလဲ..။ မဟုတ်တာ... နင်က ငါ့ထက် အများကြီး ပိုတော်တယ်။ ငါ ပထမဆုံး အိပ်မက်ဆိုး ထဲကို မဝင်ခင်အထိ ဓားဆိုတာ မြင်တောင် မမြင်ဖူးခဲ့ဘူး.. ။ကိုင်ဖို့ဆိုတာတော့ အဝေးကြီးပဲ..။ တကယ်တော့ ငါ အိပ်မက်ဆိုးထဲမှာ ဓားတစ်လက် ရဖို့ အခွင့်အရေးရတုန်းကတောင် ဓားကို ပစ်ချထားခဲ့တာ..။ ဘာလို့လဲဆိုတော့ အဲ့ဓားက ငါ့အတွက် အရမ်းလေးလွန်းလို့ပဲ..”

ရိန်း က သူ့ကို အံ့အားသင့်စွာနဲ့ လှည့်ကြည့်လာခဲ့တယ်..။

“ဟင် ..အဲ့ဒါဆို နင် ဘယ်လို အသက်ရှင် နိုင်ခဲ့တာလဲ..”

ဆန်နီ ခနလောက် စဉ်းစားပြီးမှ ပုခုံးတွန့်လိုက်တယ်..။

“အင်း... ရန်သူတစ်ယောက်ကိုတော့ သံကြိုးနဲ့ လည်ပင်းညှစ်သတ်ခဲ့တယ်..။ နောက်နှစ်ယောက်ကို အဆိပ်ခတ်ခဲ့တယ်..။ နောက်ဆုံးတစ်ယောက်ကိုတော့ အိပ်မက်ဆိုး သတ္တဝါ တစ်ကောင်ကို ကျွေးလိုက်တာပဲ..။.. အဲ့ဒီနောက်ပိုင်းကတော့ ကံကောင်းသွားတာပေါ့..။ ငါက

မခံချင်စိတ်နဲ့တင် ရှင်သန်လာခဲ့တာလို့ ပြောလို့ရတယ်..”

သူ ခန တုံ့ဆိုင်းနေပြီးမှ ထပ်ပြောလိုက်တယ်..။

“တကယ်တော့ ဒါက အရမ်းကို အရေးကြီးတဲ့ သင်ခန်းစာပဲ..။ ငါ နင့်ကို အရင်က ပြောဖူးသလိုပဲ... လက်နက်တစ်ခုကို ဘယ်လို ကိုင်ရမလဲဆိုတာ သိဖို့က အရေးကြီးတာ မှန်ပေမဲ့.. လက်နက်ထက် ပိုပြီး အန္တရာယ်ရှိတဲ့ စိတ်ဓာတ် ရှိဖို့က ပိုပြီး အရေးကြီးတယ်..။ ကမ္ဘာကြီးက အရမ်းရက်စက်တယ် ရိန်း..။အသက်ရှင်ဖို့အတွက်ဆိုရင် နင်ကိုယ်တိုင်လည်း ရက်စက်တတ်ရမယ်..”

ရိန်း က နောက်ထပ် လအနည်းငယ်အတွင်းမှာ အသက် (၁၆) နှစ် ပြည့်တော့မှာပါ..။ အန္တာတိက မှာ ပထမဆုံး ဂိတ်ပေါက် တွေ ပွင့်လာပြီး မကြာခင်မှာပဲ သူမရဲ့ မွေးနေ့ကို ကျင်းပရမှာ ဖြစ်နိုင်ပါတယ်..။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ ညီမလေးကလည်း အိပ်မက်ဆိုး အခိုက်အတန့် ရဲ့ ကူးစက်မှုကို ခံရနိုင်ချေ ရှိနေပါပြီ..။

ဒါက သူ ထည့်သွင်းစဉ်းစားရမယ့် နောက်ထပ် အချက်တစ်ခုပါပဲ..။

မာစတာ ဂျက် နဲ့အတူ ထွက်သွားဖို့ဆိုတာက

ရိန်း ကို ချန်ထားခဲ့ရမယ်လို့ ဆိုလိုပါတယ်။

ဒါပေါ့.. သူ သင်ပေးနိုင်သမျှ အရာအားလုံးနီးပါးကိုတော့ သူမကို သင်ပေးထားပြီးပါပြီ..။ ရိန်း က ပထမဆုံး အိပ်မက်ဆိုး ကို ရင်ဆိုင်ဖို့အတွက် သူ ရင်ဆိုင်ခဲ့ရတာထက် ပိုပြီး အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။သူမက သာမန်လူတွေထက်လည်း အများကြီး သာပါတယ်..။ တက်ရောက်သူ တစ်ယောက်ဆီကနေ.. အထူးသဖြင့် ဆန်နီလို တိုက်ပွဲအတွေ့အကြုံ အများကြီးရှိတဲ့သူဆီကနေ သင်ယူခွင့်ရတဲ့ ကလေးဆိုတာ အလွန်ရှားပါတယ်..။ ရိန်း လို ပါရမီရှိတဲ့သူဆိုရင် ပိုလို့တောင် ရှားပါသေးတယ်..။

သူ သူမကို တစ်ချက် ကြည့်လိုက်ပြီးမှ မေးလိုက်တယ်..။

“နင်က နိုးထသူ တစ်ယောက် ဖြစ်ချင်တာလား..”

မိန်းကလေးက အတော်ကြာအောင် တွေဝေနေပြီးမှ ဖြည်းညှင်းစွာ ခေါင်းခါပြလိုက်တာကြောင့် ဆန်နီ အံ့အားသင့်သွားခဲ့ပါတယ်..။

“ဟင့်အင်း... ငါ မသိဘူး..။ ငါ့မိသားစုကို ကာကွယ်ပေးချင်တာတော့ အမှန်ပဲ..။ ဒါပေမဲ့ သူတို့နဲ့ ဝေးရာကို မသွားချင်ဘူး..။ ဒါမှမဟုတ် မသေချင်ဘူး..။ ငါ့မှာ အစ်ကိုတစ်ယောက် ရှိခဲ့ဖူးတယ် .."

ဆန်နီ ရဲ့ ရင်ထဲမှာ ဆတ်ခနဲ ဖြစ်သွားပေမဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းထားလိုက်ပါတယ်..။ သူ့မျက်နှာပေါ်မှာတော့ စူးစမ်းချင်စိတ် အနည်းငယ်ကိုသာ ပြထားလိုက်တယ်..။

“အိုး "

ရိန်းက ခနလောက် တိတ်ဆိတ်နေပြီးမှသက်ပြင်းချလိုက်တယ်..။

“ငါ့ကို မမွေးစားခင်တုန်းက အဖေနဲ့ အမေမှာ သားတစ်ယောက် ရှိခဲ့တယ်..။ သူက အခိုက်အတန့် ရဲ့ ကူးစက်မှုကို ခံရပြီး သေဆုံးသွားခဲ့တာ..။ တကယ်လို့ ငါသာ ထပ်ပြီး သေသွားမယ်ဆိုရင် သူတို့ ဒါကို ခံနိုင်ရည်ရှိမှာ မဟုတ်လောက်ဘူး.."

ဆန်နီ အကြည့်လွှဲလိုက်တယ်..။အချိန်အတော်ကြာပြီးကာမှ သူ ပြောလိုက်ပါတယ်..။

“စိတ်မကောင်းပါဘူး..”

မိန်းကလေးက ပုခုံးတွန့်ပြလိုက်ပြီး သူ့ကို မျက်မှောင်ကျုတ်ကာ ကြည့်လာခဲ့တယ်..။

“ဒါနဲ့ နင်က ဒီနေ့ ဘာဖြစ်နေတာလဲ..။နင့်ကို ကြည့်ရတာ တစ်မျိုးကြီးပဲ... ။အရမ်း တည်ကြည်လေးနက် နေတယ်..”

ဆန်နီ ပြုံးလိုက်တယ်..။

“ဟုတ်လား..။ အင်း... မနက်ဖြန်က ငါ့အတွက် အရေးကြီးတဲ့ နေ့တစ်နေ့ ဖြစ်နေလို့ နေမှာပေါ့..။ ပြီးတော့ ဒီနေ့က ငါ ပထမဆုံး ဟောပြောပွဲ လုပ်ရတဲ့ နေ့လည်းဖြစ်နေတယ်လေ..။ လူငယ်တွေရဲ့ စိတ်ဓာတ်ကို ပြုပြင်ပေးရတာက တကယ့်ကို အရေးကြီးတဲ့ ကိစ္စပဲ မဟုတ်ဘူးလား”

ရိန်း ကတော့ သူမရဲ့ အမြင်က မှန်နေသလိုမျိုး တခစ်ခစ် ရယ်မောလိုက်ပါတယ်..။

“အာ.. ဒါဆို တစ်ခြား လူတွေလည်း ငါ့လိုပဲ ခံစားကြရတော့မှာပေါ့..။ အဲ့ဒါဆိုရင်တော့ ငါ စိတ်သက်သာရာ ရသွားပြီ.."

သူမက ပြုံးလိုက်ပြီး ဆန်နီ ရဲ့ ပုခုံးကို ပုတ်ပေး လိုက်တယ်..။

“ကောင်းပါတယ်..။ အယ်ဖီ အနားမှာ မရှိတော့လို့ နင် စိတ်ညစ်နေတယ်လို့ ငါက ထင်နေတာ..”

ဆန်နီ က သူမကို မကျေမနပ်နဲ့ ကြည့်လိုက်ပြီး..

“စိတ်ညစ်နေတယ်တဲ့လား..။ငါက ဘယ်တုန်းက စိတ်ညစ်ဖူးလို့လဲ.."

...ရိုးရိုးသားသား ဝန်ခံရရင်တော့ သူ့သူငယ်ချင်းတွေက သူတို့ဘဝနဲ့သူတို့ အပြင်မှာ သွားလာလှုပ်ရှားနေကြတာကို မြင်ရတော့ သူ အနည်းငယ် ဝမ်းနည်းမိပါတယ်..။ အမြဲတမ်း ဆူညံနေတတ်တဲ့ မုဆိုးမိန်းကလေး မရှိတော့တာကြောင့် အိမ်ကြီးက တကယ့်ကို တိတ်ဆိတ်လွန်းနေခဲ့တယ်။

ဒုတိယ အိပ်မက်ဆိုး ကနေ ပြန်လာပြီးတဲ့နောက်မှာတော့ အယ်ဖီ က သူမရဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်သစ်ကြောင့် အပျော်ကြီး ပျော်နေခဲ့ပါတယ်..။ မသန်စွမ်းသူတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ရတုန်းက မလုပ်ခဲ့ရတဲ့ အရာအားလုံးကို သူမက အားရပါးရ လိုက်လုပ်နေခဲ့တယ်..။ ကတ်စီ ကလည်း အလုပ်တွေ ရှုပ်နေသလို.. ဆန်နီ ကလည်း လူကြားထဲ မျက်နှာမပြချင်တာကြောင့်.. အစိုးရက အယ်ဖီ ကိုပဲ ပွဲမျိုးစုံ တက်ခိုင်းနေခဲ့တာပါ..။

အခုဆိုရင် မုဆိုးမိန်းကလေး က တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်နေမှ တစ်ခါ အိမ်ပြန်လာတတ်ပြီး.. နောက်တစ်နေ့မှာပဲ ပြန်ပျောက်သွားတတ်ပါတယ်..။

ကိုင် ကတော့ ပိုတောင် ဆိုးပါသေးတယ်..။ သူ့ရဲ့ စွမ်းရည်အသစ်ကြောင့် သူက သီချင်း မဆိုနိုင်တော့ပါဘူး..။ သူ့အသံက လူတွေကို တကယ်ပဲ ညှို့ယူနိုင်တယ်ဆိုတာ သိနေတော့ လူအုပ်ကြီးရှေ့မှာ သီချင်းဆိုဖို့ဆိုတာ အတော်လေး ထူးဆန်းနေမှာပါ..။ နာမည်ကျော် အိုင်ဒေါအဖွဲ့ဖြစ်တဲ့ Night&Gale ကလည်း သူတို့ အနားယူတော့မယ့်အကြောင်း ကြေညာခဲ့ပါတယ်..။အဆိုတော် ဂေးလ် က တစ်ကိုယ်တော် အဆိုတော်အဖြစ် အောင်မြင်နေပြီး.. ကိုင် ကတော့ တက်ရောက်သူ တစ်ယောက်အနေနဲ့ လူသားမျိုးနွယ် တိုးတက်ရေးအတွက် သရုပ်ဆောင်ဘက်ကို ကူးပြောင်းသွားခဲ့ပါတယ်..။ ဒါကတော့ သူ့ရဲ့ အေဂျင်စီက ပေးထားတဲ့ အကြောင်းပြချက် တစ်ခုပါပဲ။

အခုဆိုရင် အစိုးရက ကိုင် ကို လူသားမျိုးနွယ်ရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်လို မြှင့်တင်ပေးနေခဲ့တယ်..။ ကတ်စီ၊ အယ်ဖီ နဲ့ သူတို့က မေ့ပျောက်ကုန်းမြေ ကတည်းက သူရဲကောင်းတွေအဖြစ် အသိအမှတ်ပြုခံထားရတာပါ..။ ဒါပေမဲ့ အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ မာစတာ တွေ ဖြစ်လာတဲ့အခါမှာတော့ သူတို့ရဲ့ ကျော်ကြားမှုက နောက်ထပ် အဆင့်တစ်ခုကို ရောက်သွားခဲ့ပါပြီ..။ ဒါကြောင့် သူ့မှာလည်း အားလပ်ချိန် သိပ်မရှိပါဘူး..။

အယ်ဖီ ရော ကိုင် ရောက ထူးဆန်းတဲ့ အခြေအနေတစ်ခုမှာ ရှိနေခဲ့ကြတယ်..။ သူတို့က ညဘုရားကျောင်း ရဲ့ ပြသနာတွေနဲ့ ဘာမှမဆိုင်ပေမဲ့.. ဆန်နီ နဲ့ ကတ်စီ တို့က ဗာလာကလန် နဲ့ ပြဿနာတွေကို မဖြေရှင်းရသေးတာကြောင့် သူတို့ဘဝကို သူတို့ အေးအေးဆေးဆေး မလျှောက်လှမ်းနိုင်ကြသေးပါဘူး..။

အမှန်အတိုင်း ပြောရရင် ဆန်နီ ကိုယ်တိုင်ကပဲ လောလောဆယ် သူအနားကို မလာကြဖို့ သူတို့ကို ပြောထားတာပါ..။

ဒါတောင်မှ... သူက သူငယ်ချင်းတွေကို လွမ်းမိပါသေးတယ်။

'ရပါတယ်..။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပြဿနာတွေ အားလုံးက မနက်ဖြန်မှာ တစ်မျိုးမဟုတ် တစ်မျိုးနဲ့ ပြီးသွားမှာပဲ..'

သူ သက်ပြင်းချလိုက်ပြီး ရိန်း ဘက်ကို လှည့်လိုက်တယ်..။

“ဒီနေ့ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်..။ ဒီအတိုင်းပဲ ဆက်ကြိုးစားပါ..။ ကဲ.. နင့်မိဘတွေ ငါ့ကို ဖုန်းထပ် မခေါ်ခင် အိမ်ပြန်တော့။ ပြီးခဲ့တဲ့အကြိမ်တုန်းကလည်း နင့်မှာ အိမ်စာတွေ ရှိသေးတယ်ဆိုပြီး ငါ့ကို ယဉ်ယဉ်ကျေးကျေးနဲ့ ရှင်းပြဖို့ ကြိုးစားခဲ့ကြ သေးတယ်လေ။ဒါက အားလုံးအတွက် တော်တော်လေး အနေရခက်စေတယ် ဆိုတာ သိရဲ့လား.."

ရိန်းက ရယ်မောလိုက်ပြီး မတ်တပ်ရပ်ကာ ဓာတ်လှေကားဆီ လျှောက်သွားလိုက်တယ်..။

“ကောင်းပြီလေ..။ ဒါပေမဲ့... နောက်တစ်ခါ ငါတို့ လေ့ကျင့်ရင် နင့်ကို အနည်းဆုံး တစ်ချက်တော့ ထိအောင် လုပ်ပြမယ်.. ကြည့်နေလိုက်”

ခနအကြာမှာတော့..သူမ ထွက်သွားခဲ့တယ်။.. မှောင်ရိပ်သန်းနေတဲ့ လေ့ကျင့်ရေးခန်းမထဲမှာ တော့ ဆန်နီ တစ်ယောက်တည်းသာ ကျန်ရစ်နေပါတော့တယ်..။

ဆန်နီ သက်ပြင်းချလိုက်ပြီး သူ့ရဲ့ အရိပ်တွေကို ကြည့်လိုက်မိတယ်..။

ယင်းနောက် သူ တီးတိုး ရေရွတ်လိုက်ပါတယ်။

“ရိန်း ဒီကမ္ဘာပေါ်မှာ ရှိနေသရွေ့တော့.. အဲဒီ သောက်ကျိုးနဲ အုပ်စိုးသူ တွေက ကမ္ဘာကြီးကို မစွန့်ပစ်လိုက်ကြတာ ပိုကောင်းလိမ့်မယ်..။ မဟုတ်ရင်တော့ ကြီးမြတ်တဲ့ ကလန်တွေနဲ့ ငါက ပြသနာ တက်တော့မှာပဲ...”

အပိုင်း ( ၇၆၀ ) ပြီး၏။

အပိုင်း ( ၇၆၁ ) လောင်ကျွမ်းနေသော ဖယောင်းတိုင်များ

နောက်တစ်နေ့ မနက်မှာတော့ ဆန်နီ ဟာ အကယ်ဒမီ ရဲ့ ကြီးမားလှတဲ့ အနီရောင် တံခါးကြီးတွေဆီကို လျှောက်လှမ်းလာခဲ့ပါတယ်။ သူအဲ့ဒီနေရာမှာ ခနလောက် ရပ်တန့်လိုက်ပြီး အကယ်ဒမီကို ဝန်းရံထားတဲ့ နက်ရှိုင်းတဲ့ ကျုံးရှေ့မှာ ထွန်းညှိထားတဲ့ သောင်းနဲ့ချီတဲ့ ဖယောင်းတိုင်တွေကို ငေးကြည့်နေခဲ့တယ်။ ဖယောင်းတိုင် မီးလျှံလေးတွေဟာ ကျဆင်းနေတဲ့ နှင်းပွင့်တွေကြားမှာ လှုပ်ခတ်နေကြပြီး လိမ္မော်ရောင် အလင်းတန်းတွေ ဖြာထွက်နေတဲ့ လှပတဲ့ ပင်လယ်ပြင်ကြီးတစ်ခုလိုတောင် ဖြစ်နေခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်က အိပ်မက်မက်သူ စစ်တပ် ဟာ မေ့ပျောက်ကုန်းမြေ ကနေ အမှတ်မထင် ပြန်လည် နိုးထလာခဲ့ပြီးနောက်မှာတော့.. အဲ့ဒီမှာ ကျန်ရစ်ခဲ့တဲ့သူအတွက် လူတွေဟာ အကယ်ဒမီရှေ့မှာ ဖယောင်းတိုင်တွေကို လာရောက် ထွန်းညှိပေးခဲ့ကြတာပါ..။ အဲ့ဒီ ကျန်ရစ်ခဲ့သူကတော့ အင်မော်တယ် မီးလျှံ ကလန် ရဲ့ နောက်ဆုံး သမီးတော်.. ပြောင်းလဲနေတဲ့ ကြယ်ပွင့် ပါပဲ..။ အချို့ကတော့ ဖယောင်းတိုင် တစ်တိုင်လောက် တောက်လောင်နေသရွေ့ နစ်ဖီ ကသေဆုံးမှာ မဟုတ်ဘူးလို့ ယုံကြည်နေကြတယ်..။

ဖယောင်းတိုင်မီး တောက်လောင်နေသရွေ့ အင်မော်တယ် မီးလျှံ ဟာ ငြိမ်းသတ်ခံရမှာ မဟုတ်ပါဘူး..။

အခုဆိုရင် နှစ်နှစ်တောင် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမဲ့ ဖယောင်းတိုင် အရေအတွက်ကတော့ လျော့နည်းမသွားတဲ့အပြင် အရင်ကထက်တောင် ပိုများလာခဲ့ပါသေးတယ်..။ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ ဒဏ္ဍာရီက ပျောက်ကွယ်မသွားတဲ့အပြင် ပိုမို ကြီးထွား ပြန့်နှံ့လာခဲ့ပါတယ်..။

ပထမတော့ ဒီဖယောင်းတိုင်တွေဟာ သူမ အသက်ရှင်နေပါစေဆိုတဲ့ မျှော်လင့်ချက်အနည်းငယ်နဲ့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်နိုင်ပေမဲ့.. နစ်ဖီ ဟာ အိပ်မက်ကမ္ဘာ ရဲ့ ကျိန်စာသင့် မှောင်မိုက်မှုတွေကြားမှာ တစ်ယောက်တည်း ရုန်းကန်ရှင်သန်နေခဲ့တာနဲ့အမျှ သူမရဲ့ ကျော်ကြားမှုနဲ့ ဩဇာအာဏာကလည်း မြင့်တက်လာခဲ့တယ်။

အလင်းရောင်ကင်းမဲ့ပြီး လူသူဆိတ်သုဉ်းနေတဲ့ မေ့ပျောက်ကုန်းမြေ ရဲ့ ချောက်နက်တွေထဲမှာ သူမ ဘယ်လို ရှင်သန်နေသလဲဆိုတာကို ဘယ်သူမှ ရှင်းမပြနိုင်ပေမဲ့.. သူမက အဲဒီ ကြောက်မက်ဖွယ်ရာတွေကို အရှုံးမပေးခဲ့တာကတော့ အသေအချာပါပဲ..။ ဆန်နီ ကတော့ ဒါကို တခြားသူတွေထက် ပိုပြီး သိနေခဲ့တယ်..။

အစိုးရကလည်း ဒီအခြေအနေကို အသုံးချပြီး နစ်ဖီ ကို လူသားမျိုးနွယ်ရဲ့ ဇွဲမလျော့စရာ ပြယုဂ်တစ်ခုအဖြစ် ဝါဒဖြန့်ဖို့ တုန့်ဆိုင်းမနေခဲ့ပါဘူး..။ ပြောင်းလဲနေတဲ့ ကြယ်ပွင့် အသက်ရှင်နေသေးတယ်ဆိုတာကို အတည်ပြုဖို့က သူတို့အတွက် အတော် လွယ်ကူပါတယ်..။ ခန္ဓာကိုယ်ပဲ ကျန်ရစ်တဲ့ ဟောလိုး တွေနဲ့ မတူဘဲ သူမရဲ့ ဦးနှောက် လှုပ်ရှားမှုတွေက အိပ်မက်မက်နေသူတစ်ယောက်လိုပဲ ရှိနေခဲ့တာကြောင့် အထောက်အထားအတုတွေ ဖန်တီးနေဖို့တောင် မလိုအပ်ခဲ့ပေ..။

...အခုဆိုရင် သူမ အိပ်စက်နေတဲ့ အကယ်ဒမီအောက်ထပ် မြေအောက်ခန်းရဲ့ ရှေ့မှာ အနည်းဆုံး ဖယောင်းတိုင် တစ်သိန်းလောက် တောက်လောင်နေခဲ့ပါတယ်..။

ဆန်နီ သက်ပြင်းချလိုက်ပြီး ဖယောင်းတိုင်တွေရှေ့မှာ ဒူးထောက်နေတဲ့ ပုံရိပ်လေးတစ်ခုဆီကို လှမ်းကြည့်လိုက်တယ်..။ ကတ်စီ ဟာ ဖယောင်းတိုင်တစ်တိုင်ကို ထွန်းညှိလိုက်ပြီး ဖယောင်းအချို့ အရည်ပျော်ကျသွားတဲ့အထိ စောင့်ဆိုင်းကာ တခြားဖယောင်းတိုင်တွေနားမှာ ကပ်ပြီး ထားလိုက်ပါတယ်..။ ယင်းနောက် သူမ မတ်တပ်ရပ်လိုက်တယ်..။

သူမက သာမန်အဝတ်အစားကိုပဲ ဝတ်ဆင်ထားခဲ့တာပါ.။ သူမရဲ့ ဝတ်စုံက သပ်ရပ်ပေမဲ့ သာမန်ပါပဲ.. ။သို့ပေမဲ့ သူမကို မြင်တဲ့သူတိုင်းက သာမန်လူတစ်ယောက်လို့တော့ မမြင်နိုင်ကြပါဘူး..။ မျက်မမြင် မိန်းကလေးရဲ့ တစ်ခြားကမ္ဘာက ရောက်လာသလို တည်ငြိမ်နေတဲ့ လှပမှုက သူမကို အကာအကွယ်တစ်ခုလို ဝန်းရံထားခဲ့တာပါ။.. ဖယောင်းတိုင် လာထွန်းတဲ့သူ တစ်ချို့ကတော့ သူမကို အဝေးကနေ အံ့ဩစွာနဲ့ ငေးကြည့်နေခဲ့ကြတယ်..။

ဆန်နီ ကတော့ ဒါတွေကို ဂရုမစိုက်ဘဲ သူမဆီကို လျှောက်သွားလိုက်ပါတယ်..။ သူ ချဉ်းကပ်လာတာနဲ့အမျှ တောက်လောင်နေတဲ့ ဖယောင်းတိုင်တွေရဲ့ အရိပ်တွေက ပိုပြီး နက်ရှိုင်းလာသလိုပါပဲ..။

“အစစ်အမှန် ကမ္ဘာကြီးကို ပြန်လာတာ ကြိုဆိုပါတယ်..။ ဘယ်တုန်းက ပြန်ရောက်တာလဲ..”

ကတ်စီ ခနလောက် ငြိမ်သက်နေပြီးမှ သူ့ဘက်ကို လှည့်လာပြီး အနည်းငယ် ပြုံးပြလိုက်တယ်..။

“လွန်ခဲ့တဲ့ မိနစ်ပိုင်းကတင် ရောက်လာတာ..။ ငါ့ရဲ့ တည်နေရာ က ဒီ အကယ်ဒမီ ထဲမှာလေ..”

ဆန်နီ ခေါင်းညိတ်လိုက်တယ်..။

တက်ရောက်သူ တွေအနေနဲ့ အိပ်မက်ကမ္ဘာ ဆီကို ကိုယ်တိုင် ဆန္ဒရှိသလို သွားနိုင်ကြပါတယ်..။ အဲ့ဒီကို ရောက်သွားတဲ့အခါမှာလည်း သူတို့က ထွက်ပေါက် တစ်ခုနဲ့ ချိတ်ဆက်ထားရပြီး အဲ့ဒီကနေပဲ အစစ်အမှန် ကမ္ဘာဆီကို ပြန်လာကြရပါတယ်..။

သို့ပေမဲ့ အိပ်မက်ကမ္ဘာနဲ့ ပိုမို နီးကပ်လာတာနဲ့အမျှ.. နိုးထခြင်း ကမ္ဘာနဲ့ ချိတ်ဆက်ထား မှုကတော့ အနည်းငယ် လျော့နည်းသွားခဲ့တယ်..။ ပြန်လာနိုင်ဖို့အတွက်ဆိုရင် အထွတ်အထိပ်အဆင့် ရောက်နေသူတိုင်းဟာ တည်နေရာ တစ်ခုကို ဖန်တီးထားရပါတယ်..။ အဲ့ဒါက သူတို့ ပြန်လာတဲ့အခါ လမ်းပြပေးမယ့် မမြင်ရတဲ့ အမှတ်အသားတစ်ခုပါပဲ..။ သူတို့ဟာ အဲ့ဒီ တည်နေရာ ထားခဲ့တဲ့ နေရာမှာပဲ ပြန်ပေါ်လာကြမှာပါ။

တည်နေရာတစ်ခုကို ဖန်တီးဖို့ ဒါမှမဟုတ် ရွှေ့ဖို့က သိပ်မခက်ပေမဲ့ အချိန်တော့ အနည်းငယ် ပေးရပါလိမ့်တယ်..။ ဆန်နီ့ရဲ့ တည်နေရာက သူ့အိမ်အောက်ထပ်က လေ့ကျင့်ရေးခန်းမမှာ ရှိပေမဲ့.. ကတ်စီ ကတော့ သူမရဲ့ တည်နေရာကို သေချာ ဂရုစိုက်ပြီး ရွေးချယ်ခဲ့ပုံပါပဲ..။

တက်ရောက်သူ တစ်ယောက် ပြန်ရောက်လာတဲ့ အားအနည်းဆုံး အချိန်မှာ ချုံခိုတိုက်ခိုက်ဖို့က အကောင်းဆုံးနည်းလမ်းပဲ မဟုတ်ဘူးလား..။ ဒါကြောင့် အစောင့်အရှောက်တွေ ထူထပ်တဲ့ အကယ်ဒမီ က သူမအတွက်တော့ အကောင်းဆုံး ရွေးချယ်မှုပါပဲ..။

သူ ကတ်စီ ကို စိုးရိမ်စွာ ကြည့်လိုက်ပြီးမှ မေးလိုက်တယ်..။

“နေ... နေကောင်းရဲ့လား..”

မိန်းကလေးက ပြုံးပြလိုက်ပါတယ်..။

“သိပ်မဆိုးပါဘူး..။ ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ ငါတို့ အတော်လေး အလုပ်ရှုပ်နေခဲ့တာ..။ ဆင်စွယ်ရောင် တာဝါ ကို စူးစမ်းလေ့လာတာတို့.. ပျံသန်းနိုင်တဲ့ သင်္ဘောကို ပြန်လည် ပြုပြင်တာတို့ပေါ့..။ အခုဆိုရင် ငါက ဒီသင်္ဘောရဲ့ စွမ်းအားအမြင့်ဆုံး အခြေအနေကို လေ့လာထားပြီးပြီဆိုတော့ ငါတို့ လုပ်နိုင်တာတွေ အများကြီး ရှိလာခဲ့ပြီလေ..”

ကတ်စီ က နိုတစ် ဆီကနေ အဲ့ဒီ ထူးခြားတဲ့ သင်္ဘောအကြောင်း သင်ယူဖို့အတွက် အချိန်အများကြီး ပေးခဲ့တာကို ဆန်နီ သိထားပါတယ်..။ သူမက ရရှိလာခဲ့တဲ့ သင်ခန်းစာတွေကို အကျိုးရှိရှိ အသုံးချနေပုံပါပဲ..။

သူ့မျက်နှာက အနည်းငယ် မှောင်ကျသွားခဲ့ပြီး

“...နင်က အဲ့ဒီသင်္ဘောနဲ့ ဟောလိုးတောင်တန်း ကို ဖြတ်ဖို့ စီစဉ်နေတုန်းပဲလား..”

မျက်မမြင် မိန်းကလေး သက်ပြင်းချလိုက်တယ်..။

“အင်း... ဖြစ်နိုင်ရင်ပေါ့..။ မီးစောင့်ရှောက်သူတွေ က အဲ့ဒီခရီးကို သွားဖို့အတွက် အားနည်းနေသေးတယ်..။ ဒါပေမဲ့... ဒီနေ့ရဲ့ ညှိနှိုင်းမှုတွေက အရာအားလုံးကို ပြောင်းလဲသွားစေနိုင်တယ်လေ..။ ဗာလာ ကလန် က ဟောလိုးတောင်တန်း အကြောင်းကို တခြားသူတွေထက် ပိုသိထားတယ် မဟုတ်လား..”

ဆန်နီ ကတော့ နှာခေါင်းရှုံ့လိုက်ပြီး..

“ သူတို့က အဲ့ဒီအသိပညာတွေကို နင်နဲ့ ဝေမျှလိမ့်မယ်လို့ နင်က ထင်နေတာလား..”

ကတ်စီ ခနလောက် ငြိမ်နေပြီးမှ အားနည်းစွာ ပုခုံးတွန့်ပြလိုက်တယ်..။

“ဘာလို့ မဖြစ်နိုင်ရမှာလဲ..။ အခု သူတော်စင် ကောမက် က သေသွားပြီဆိုတော့.. တစ်စုံတစ်ယောက်က သူ့ရဲ့ တာဝန်ကို ဆက်လုပ်ရမှာပဲလေ..”

သူမ ခနလောက် တွေဝေနေပြီးမှ မေးလိုက်တယ်..။

“တကယ်လို့ ငါတို့ သွားဖြစ်ခဲ့ရင်... နင်ရော လိုက်ခဲ့မှာလား..”

ဆန်နီ ရယ်မောလိုက်ပြီး..

“ငါ မသိဘူး..။ ဘုရားသခင်တို့... အခုတလော လူတိုင်းက ဘာလို့ ငါ့ကို လိုက်ခဲ့ဖို့ပဲ ပြောနေကြတာလဲ..”

ကတ်စီ က သူ့ကို မျက်နှာမူလိုက်ပြီး ခနလောက် တိတ်ဆိတ်နေခဲ့တယ်..။ ယင်းနောက် သူမက ရိုးရှင်းစွာပဲ ပြောလာခဲ့ပါတယ်..။

“ဘာလို့လဲဆိုတော့ နင်က သန်မာလို့လေ..”

ဆန်နီ သူမကို ပြုံးပြလိုက်ပြီး တစ်ဖက်ကို လှည့်သွားခဲ့တယ်..။

“ငါကတော့ သန်မာမှာပေါ့..။ ထားလိုက်တော့... နင်က ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်ပြီလား..။ အရာအားလုံးက ငါတို့အတွက် တကယ်ကို ဆိုးရွားသွားနိုင်တယ်ဆိုတာ သိတယ်မလား..”

မျက်မမြင် မိန်းကလေး ခေါင်းညိတ်လိုက်ပြီး တောက်ပနေတဲ့ ဖယောင်းတိုင် ပင်လယ်ပြင်ကြီးကို ကျောခိုင်းလိုက်တယ်..။

“...ငါ သိပါတယ်..”

သူမ အဲ့ဒီလို ပြောလိုက်တဲ့အချိန်မှာပဲ.. ဇိမ်ခံ ကားအနက်ရောင် တစ်စီးဟာ သူတို့ရှေ့မှာ လာရပ်လိုက်ပါတယ်..။ ကားတံခါးက ပွင့်သွားခဲ့ပြီး.. ကြီးမြတ်တဲ့ ဗာလာ ကလန် ရဲ့ ကိုယ်စားလှယ်က ကားပေါ်ကနေ ဆင်းလာခဲ့တယ်..။

ဆန်နီ အဲ့ဒီလူကို မြင်လိုက်ရတဲ့အချိန်မှာမျက်နှာပျက်သွားခဲ့ပါတယ်..။

သူ အံကိုကြိတ်ထားခဲ့တယ်။

'ချီးပဲ...'

ကမ္ဘာပေါ်မှာ လူတွေအများကြီး ရှိတဲ့အထဲမှာမှ... ဘာလို့ သူမ ဖြစ်နေရတာလဲ..

အပိုင်း ( ၇၆၁ ) ပြီး၏။

အပိုင်း ( ၇၆၂ ) ညှိနှိုင်းမှုများ

ကားပေါ်က ဆင်းလာတဲ့ မိန်းကလေးဟာ လှပတဲ့စီးပွားရေး အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားတာကြောင့် အတော်လေးကို ထက်မြက်တဲ့ ပုံပေါ်နေခဲ့ပါတယ်..။ ဝတ်စုံတစ်ခုလုံးက အနက်ရောင်ဖြစ်ပြီး ကြယ်သီးတွေနဲ့ လက်ဖျားက ကြယ်သီး တွေကိုတော့ ငွေရောင်သံမဏိနဲ့ ပြုလုပ်ထားခဲ့တယ်..။ သူမရဲ့ လက်တွေကိုသားရေလက်အိတ်တွေနဲ့ အအေးဒဏ်ကနေ ကာကွယ်ထားခဲ့ပြီး.. သူမရဲ့ နက်မှောင်နေတဲ့ ဆံပင်တွေကတော့ လေထဲမှာ အနည်းငယ် လှုပ်ခတ်နေခဲ့ပါတယ်..။

ဖြူဖွေးနေတဲ့ အသားအရေနဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်ကြောင့် ဒီမိန်းကလေးဟာ အတော်လေး လှပသလို တစ်ဖက်မှာလည်း ကြောက်မက်ဖွယ်ကောင်းနေခဲ့ပါတယ်..။ သူမက သေစေနိုင်တဲ့ ဓားတစ်လက်နဲ့တောင် တူနေခဲ့တယ်။.. သူမရဲ့ ကြက်သွေးရောင် မျက်လုံးတွေကနေ ဖြစ်ပေါ်လာတဲ့ အေးစက်တဲ့ အကြည့်တွေကြောင့် ဒီထင်မြင်ချက်က ပိုပြီး ခိုင်မာနေခဲ့ပါတယ်..။

ဗာလာ ရဲ့ မော်ဂန် ကိုယ်တိုင် သူမရဲ့ ကလန်ကို ကိုယ်စားပြုဖို့ ရောက်လာခဲ့တာပါ..။

ဆန်နီ ကတော့ စိတ်ထဲကနေ တီးတိုး ကျိန်ဆဲနေခဲ့တယ်..။

ဒါက...တကယ့်ကို အဆိုးဝါးဆုံး အခြေအနေပါပဲ..။ အခုဆိုရင် ဗာလာ ကလန် ရဲ့ အရှင်သခင် အန်ဗီ ရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်က ညှိနှိုင်းမှုကို လုပ်ဆောင်ဖို့ ကိုယ်တိုင် ရောက်လာခဲ့ပြီဆိုတော့.. တစ်စုံတစ်ယောက်ကို လှည့်စားဖို့ကြိုးစားနေတဲ့ ဆန်နီရဲ့ အခွင့်အရေးက သိသိသာသာကို လျော့နည်းသွားခဲ့ပါပြီ..။

ပြီးတော့ သူ့ရဲ့ နှလုံးသားကလည်း ရုတ်တရက် နာကျင်လာခဲ့တယ်..။မော်ဂန် ရဲ့ သွယ်လျတဲ့ လက်တစ်ဖက်က သူ့ ရင်ဘတ်ထဲကနေ နှလုံးကို ဆွဲထုတ်သွားခဲ့တဲ့ နာကျင်မှုကို ပြန်သတိရသွားခဲ့သလိုပါပဲ..။ အဲ့ဒီ ကံဆိုးလှတဲ့ ဖြစ်ရပ်က ပုံရိပ်ယောင် အိပ်မက်ရူခင်း ထဲမှာ ဖြစ်ခဲ့တာ ဆိုပေမဲ့လည်း.. နာကျင်မှုရဲ့ မှတ်ဉာဏ်ကတော့ တကယ့်ကို အစစ်အမှန် ခံစားခဲ့ရတာပါ။

...ဒီထက် ပိုဆိုးတဲ့အချက်က မော်ဂန် က သူမရဲ့ အစ်ကိုကြီးနဲ့ ဘယ်လောက်တောင် တူနေလဲ ဆိုတာကို သတိထားမိသွားတဲ့အချိန်မှာ ဆန်နီ ရဲ့ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့တယ်.။သူမတို့ နှစ်ယောက် ရုပ်ချင်းဆင်တူတာက တကယ်ကို မယုံနိုင်စရာပါပဲ..။ဒါက မော်ဒရက် ထက်အနည်းငယ် ငယ်ရွယ်တဲ့ အမျိုးသမီး ဗားရှင်းတစ်ခုကို စိုက်ကြည့်နေရသလို ဖြစ်နေခဲ့တယ်။

ဒီအချက်က သူ့ကို တကယ့်ပဲ အနေရခက်စေပါတယ်..။

မော်ဂန် က အကယ်ဒမီ တံခါးကြီးတွေရဲ့ ကြီးမားလှတဲ့ အလေးချိန်ကို မော့ကြည့်လိုက်ပြီးမှ.. ဖယောင်းတိုင် ပင်လယ်ပြင်ကြီးကို စူးစမ်းချင်စိတ်နဲ့ တစ်ချက်ကြည့်ကာ ရှေ့ကို လျှောက်လာခဲ့တယ်..။သူမက ဆန်နီ နဲ့ ကတ်စီ တို့ရှေ့မှာ ရပ်တန့်လိုက်ပြီး ယဉ်ကျေးစွာ ပြုံးပြလိုက်ကာ အက်ရှတဲ့ အသံနဲ့ ပြောလိုက်ပါတယ်..။

“မာစတာ ဆန်းလပ်စ်..။ ရှင့်ပုံစံက... မြင်ဖူးနေသလိုပဲ..။ ငါတို့ အရင်က ဆုံဖူးကြသေးလား..”

နဂိုကတည်းက စိတ်အခြေအနေမကောင်းတဲ့ ဆန်နီက ဒီစကားကို ကြားပြီး ပိူဆိုးသွားခဲ့တယ်။ မေးခွန်းတွေ အများကြီးရှိတဲ့အထဲမှာမှ သူမက ဘာလို့ ဒီမေးခွန်းကို မေးရတာလဲ။

သူ ခနလောက် တွေဝေနေပြီးမှ ဂရုမစိုက်တဲ့ လေသံနဲ့ ပြန်ဖြေလိုက်ပါတယ်..။

“မျက်နှာချင်းဆိုင်တော့ မဟုတ်ပါဘူး..။ အိပ်မက် ပြိုင်ပွဲတွေထဲက တစ်ခုမှာ အဝေးကနေ မြင်ဖူးတာပါ..။ မိန်းကလေး ကတော့ ကျွန်တော့်ကို သေချာ မြင်လိုက်မှာ မဟုတ်လောက်ဘူး.."

...သူကတော့ သူမကို အနီးကပ် မြင်ဖူးပါတယ်..။ဒါပေမဲ့ သူမက ဒါကို သိဖို့ မလိုအပ်ပေ..။

မော်ဂန် က စိတ်ဝင်စားမှု လျော့နည်းသွားပုံရပြီး ကတ်စီ ဘက်ကို လှည့်လိုက်တယ်..။

“ကျဆုံးမူ သံစဥ်..။ တွေ့ရတာ ဂုဏ်ယူမိပါတယ်..”

သူမရဲ့ လေသံက သိပ်ပြီး ရိုကျိုးမနေပေမဲ့လည်း မျက်မမြင် မိန်းကလေးကိုတော့ အနည်းငယ် လေးစားမှု ပေးထားပုံရပါတယ်..။ အစစ်အမှန် နာမည် ရှိတဲ့ ဘယ်သူပဲဖြစ်ဖြစ် ကြီးမြတ်တဲ့ ကလန်တစ်ခုရဲ့ မျိုးဆက်ဆီကနေအသိအမှတ်ပြုခံရဖို့ ထိုက်တန်ပါတယ်..။

ကတ်စီ က ခေါင်းညိတ်ပြလိုက်ပြီး..

“မာစတာ မော်ဂန်..”

ဗာလာ ရဲ့ သမီးတော်က ပြုံးလိုက်တယ်..။

“အာ.. ဒါဆို ငါ့ကိုယ်ငါ မိတ်ဆက်နေဖို့ မလိုတော့ဘူးပေါ့..”

အဲ့ဒီလို ပြောပြီး သူမက တစ်ဖက်ကို လှည့်ကာ အကယ်ဒမီရဲ့ အနီရောင် တံခါးကြီးတွေကို ထပ်ကြည့်လိုက်ပြန်တယ်..။ အခုဆိုရင် ကြီးမားလှတဲ့ တံတားကြီးက စတင် လှုပ်ရှားလာခဲ့ပြီး သူတို့ကို အထဲဝင်ခွင့်ပေးဖို့ ဖြည်းဖြည်းချင်း နိမ့်ဆင်းလာခဲ့ပါပြီ..။

မော်ဂန် ရဲ့ မျက်နှာက အနည်းငယ် လွမ်းဆွတ်တမ်းတတဲ့ ပုံစံမျိုး ဖြစ်သွားခဲ့တယ်..။

“ဒါက နိုးထသူ အကယ်ဒမီ ပေါ့... ငါ အမြဲတမ်း ဒီနေရာမှာ တက်ချင်ခဲ့တာ..။ စိတ်မကောင်းစရာက ငါ့အတွက်တော့ အဲ့ဒီလိုမျိုး ဖြစ်မလာခဲ့ဘူး..”

ဆန်နီ က သူမကို ဇဝေဇဝါနဲ့ ကြည့်လိုက်ပြီး..

“ဘာဖြစ်လို့လဲ..”

မိန်းကလေးက ခနလောက် ငြိမ်နေပြီးမှ.. ထိတ်လန့်စရာကောင်းလောက်အောင် ရင်းနှီးနေတဲ့ အပြုံးတစ်ခုနဲ့ သူကို ကြည့်လာခဲ့ပါတယ်..။

“ငါက ကလေးဘဝကတည်းက အကောင်းဆုံးတွေဆီမှာ သင်ကြားခဲ့ရတာလေ..။ အကယ်ဒမီက ငါ့မှာ မရှိသေးတဲ့ အရာတစ်ခုခုကို ပေးနိုင်စွမ်း မရှိခဲ့ဘူး..။ ဒီမှာ လာနေတာက အလကား အချိန်ဖြုန်းသလို ဖြစ်နေမှာလေ..”

သူမ ခနလောက် ရပ်လိုက်ပြီးမှ အနည်းငယ် သက်ပြင်းချလိုက်တယ်..။

“.. ဒီလိုဆိုရင်တောင်.. အကယ်ဒမီ အကြောင်း ရေးထားတဲ့ ဒရာမာတွေနဲ့ ကာတွန်း တွေကို ငါ သဘောကျခဲ့ဖူးတယ်..။ နှမြောစရာပဲ..”

မော်ဂန် ဟာ လေးလံတဲ့ သတ္တုတံတားကြီး က အထူးပြုလုပ်ထားတဲ့ အပေါက်တွေထဲကို ကျသွားပြီး.. ကျယ်လောင်တဲ့ မြည်သံတွေနဲ့အတူ ငြိမ်သက်သွားတာကို စောင့်ကြည့်နေခဲ့တယ်..။ ယင်းနောက် သူမက ဆန်နီကို ကြည့်ပြီး မေးလိုက်ပါတယ်..။

“ကျွန်မကို လမ်းညွှန်ပေးနိုင်မလား..။ ရှင်က အခု ဟောပြောပွဲတွေ လုပ်နေတယ်လို့ ကြားထားတယ်..”

ညှိနှိုင်းမှုတွေ ဘယ်လို စတင်နိုင်လဲဆိုတာကို သူ အမျိုးမျိုး စဥ်းစားကြည့်ခဲ့ပေမယ့်... ဒီတစ်ခုကတော့ မပါဝင်ခဲ့ပါဘူး..။

ဆန်နီ တွေဝေနေခဲ့ပြီးမှ ပုခုံးတွန့်ပြလိုက်တယ်..။

“အင်း.. ရတာပေါ့..။ ဘာလို့ မရမှာလဲ..။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ..”

အကယ်ဒမီ ဆိုတာက မြို့ထဲက မြို့တစ်မြို့လိုပါပဲ..။ အရာအားလုံး ကိုယ်တိုင် ပြည့်စုံနေပြီး အကာအကွယ်လည်း အလွန်ကောင်းပါတယ်..။ ဝန်းကျင်တစ်ခုလုံးမှာ နက်ရှိုင်းတဲ့ ကျုံးတွေရှိပြီး.. တိုက်ခိုက်လာမယ့် တိုက်တန် တစ်ကောင်ကိုတောင် တားဆီးနိုင်လောက်တဲ့ အထိ မြင့်မားခိုင်ခံ့တဲ့ သတ္တုစပ် တံတိုင်းတွေနဲ့ ဝန်းရံထားခဲ့တာပါ..။ဟိုဟို ဒီဒီမှာတော့ လေကြောင်းကာကွယ်ရေး စနစ်ရဲ့ အလိုလျောက် ပစ်ခတ်ရေး လက်နက်တွေကို မြင်နေရပြီး.. ကြီးမားတဲ့ ပြောင်းဝတွေက ကောင်းကင်ယံဆီကို ချိန်ရွယ်ထားကြတယ်..။

ဆန်နီ၊ ကတ်စီ နဲ့ ဗာလာ ရဲ့ မော်ဂန် တို့ဟာ အဖြူရောင် နံရံတွေနဲ့ ခေတ်မီတဲ့ အဆောက်အဦးနိမ့်နိမ့်လေး တစ်ခုဆီကို မိနစ်အနည်းငယ်လောက် လမ်းလျှောက်လာခဲ့ကြပါတယ်..။ သူက အဆောက်အဦးကို ညွှန်ပြလိုက်ပြီး စိတ်မပါတဲ့ လေသံနဲ့ ပြောလိုက်တယ်..။

“ဒါက အိပ်စက်သူတွေ နေတဲ့ ခြံဝန်း ပဲ..။ အဆောက်အဦးရဲ့ အစိတ်အပိုင်း အများစုကတော့ မြေအောက်မှာ ရှိတာပေါ့..။ ပုံမှန်ဆိုရင်တော့ ဒီအထဲမှာရော အပြင်မှာရော အမြဲတမ်း လူတွေနဲ့ စည်ကားနေတတ်တာ.. ။ဒါပေမဲ့ အခုက ဆောင်းယဥ်စွန်းတန်း ပြီးကာစဆိုတော့ အိပ်စက်သူတွေ မရှိသေးဘူး..။ ပထမ အသုတ်ကိုတော့ နောက်တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်နေရင် စပြီး လက်ခံလိမ့်မယ်..”

သူ ပြောပြီးတဲ့အခါမှာတော့ ကတ်စီ က ထပ်ဖြည့်ပြောလိုက်ပါတယ်..။

“ဟိုနား ဒီနားတွေမှာ ကိုယ်ပိုင် အကယ်ဒမီ အနည်းငယ်တော့ ရှိပေမဲ့.. နိုးထသူ အကယ်ဒမီ ကတော့ ဒီတစ်ခုတည်းပဲ ရှိတယ်လေ..။ အစိုးရက ဆန္ဒရှိတဲ့ အိပ်စက်သူ အားလုံးကို ဘယ်အရပ်ဒေသကပဲ ဖြစ်ဖြစ် ဒီနေရာကို ခေါ်လာခဲ့တာ..။ ပုံမှန် နှစ်တစ်နှစ်ဆိုရင် လူငယ် အမျိုးသား အမျိုးသမီး တစ်ထောင်လောက်က အိပ်မက်ကမ္ဘာ ထဲကို ပထမဆုံးအကြိမ် ဝင်ရောက်ဖို့ ဒီမှာ ပြင်ဆင်ကြရတာပေါ့..”

မော်ဂန် က အိပ်စက်သူများ ခြံဝန်း ကို ခနလောက် လေ့လာကြည့်လိုက်ပြီးမှ ပြုံးပြီး မေးလိုက်ပါတယ်..။

“ဒါဆို ဒီနေရာက ဒရာမာတွေထဲမှာ ဖော်ပြထားသလိုမျိုး တကယ်ပဲ သက်ဝင်လှုပ်ရှားပြီး ဆူညံနေတာလား..။ အိပ်စက်သူတွေက တကယ်ပဲ ကိစ္စအမျိုးမျိုးကို လျှောက်လုပ်ကြပြီး.. တစ်သက်တာ သူငယ်ချင်းတွေ ဒါမှမဟုတ် ခါးသီးတဲ့ ရန်သူတွေ ဖြစ်သွားကြတာမျိုး.. ပြီးတော့ အန္တရာယ်ရှိတဲ့ စွန့်စားခန်းတွေ သွားကြတာမျိုးတွေ ရှိတာလား..”

သူမရဲ့ အက်ရှရှ အသံလေးက တကယ့်ကို စူးစမ်းချင်စိတ်တွေ ပြင်းပြနေပုံရပါတယ်..။

ဆန်နီ ကတော့ စိတ်မပါစွာဘဲ ရယ်မောလိုက်ပြီး..

“...ကျွန်တော်လည်း မသိဘူး..။ အမှန်အတိုင်း ပြောရရင် အဲ့ဒီမေးခွန်းကို မေးဖို့အတွက် ဆိုရင်ကျွန်တော်တို့ နှစ်ယောက်က နောက်ဆုံးလူတွေ လို့တောင်ပြောလို့ရတယ်.။ ကျွန်တော်တို့က ဒီမှာ တစ်လပဲ နေခဲ့ရတာတင် မကဘူး.. ကျွန်တော်တို့ နှစ်ယောက်လုံးက အဆင့်သတ်မှတ်ချက်ရဲ့ အောက်ဆုံးမှာပဲ ရှိခဲ့ကြတာလေ..။ လူတိုင်းက ကျွန်တော်တို့ကို လမ်းလျှောက်နေတဲ့ လူသေတွေလိုပဲ ဆက်ဆံခဲ့ကြတာ..”

မော်ဂန် က သူ့ကို ကြည့်လိုက်ပြီးမှ ပြောလိုက်တယ်..။

“ဒါတောင်မှ ရှင်တို့က ဒီနေရာကို ရောက်နေပြီပဲ..။ သုံးနှစ်အတွင်းမှာပဲ.. နှစ်ယောက်လုံး အသက်ရှင်နေတဲ့အပြင် တက်ရောက်သူ တွေတောင် ဖြစ်နေကြပြီလေ..”

သူ ကတ်စီ ကို တစ်ချက် ကြည့်လိုက်ပြီးမှ ပြုံးပြလိုက်ပါတယ်..။

“အင်း..။ ဘဝဆိုတာ တစ်ခါတစ်လေ အဲ့ဒီလို ထူးဆန်းတာတွေလည်း ဖြစ်တတ်တာပဲ မဟုတ်လား..”

သူတို့က အကယ်ဒမီ ဝန်းကျင်ကို အချိန်အတော်ကြာအောင် လှည့်လည်ကြည့်ရှုခဲ့ကြတယ်..။ ဆန်နီ က သုတေသန လက်ထောက်တစ်ယောက်အဖြစ် လုပ်ကိုင်နေတာကြောင့် ကတ်စီ ထက် ဒီနေရာကို ပိုသိနေတာမို့.. သူကပဲ စကားတွေ ပြောနေခဲ့ရပါတယ်..။ သူက မော်ဂန် ကို လိုက်လံပြသရင်း အဆောက်အဦးတွေနဲ့ ဝန်းတွေရဲ့ ရည်ရွယ်ချက်ကို ရှင်းပြခဲ့ပြီး.. သူမကလည်း စိတ်ဝင်တစား နားထောင်ကာ တစ်ခါတစ်ရံမှာ မေးခွန်းတွေ မေးခဲ့တယ်..။

ခြုံပြောရရင် ဗာလာ ရဲ့ မော်ဂန် က တကယ့်ကို... ဖော်ရွေတဲ့ ပုံစံပါပဲ..။

သို့ပေမဲ့ အဲ့ဒါကပဲ အန္တရာယ်ရှိနေတာပါ..။

ဆန်နီ စကားတွေပြောလေလေ.. သူ့အကြောင်း အချက်အလက်တွေကို ပိုပြီး ပေးမိလေလေဖြစ်နေခဲ့တယ်။ဒါက.. သတိတရားကို မြှင့်တင်ထားဖို့ ပိုခက်လာတယ်ဆိုတာကို ဆန်နီ သတိထားမိပါတယ်..။ ကြီးမြတ်တဲ့ ကလန်ရဲ့ သမီးတော် ပုံစံက သဘောကောင်းပြီး ရိုးသားပုံပေါ်ပေမဲ့.. အမှန်တရားကတော့ သူမ ပြောသမျှ စကားလုံးတိုင်းက တွက်ချက်ထားပြီး ဖြစ်သလို ရည်ရွယ်ချက် တစ်ခုခုလည်း ရှိနေခဲ့ပါတယ်..။

သူ့ရဲ့ အဆိုးဝါးဆုံး စိုးရိမ်မှုတွေက အမှန်တကယ် ဖြစ်လာခဲ့ပါပြီ..။ ဗာလာ ကလန် က လွှတ်လိုက်တဲ့ တမန်တော်က မောက်မာဝင့်ကြွားတဲ့ အရူးတစ်ယောက် မဟုတ်ပါဘူး..။ အဲ့ဒီအစား အကြည့်တစ်ချက်နဲ့တင် အရေပြားကို ဖြတ်တောက်သွားစေနိုင်တဲ့ မင်းသမီး တစ်ပါးကို သူတို့က စေလွှတ်ခဲ့ကြတာပါ။

မော်ဂန် က သိသိသာသာ ထုတ်မပြပေမဲ့လည်း... ညှိနှိုင်းမှုတွေက စတင်နေခဲ့ပါပြီ..။

အပိုင်း ( ၇၆၂ ) ပြီး၏။

All Chapters