စစ်ပွဲကြီး စတင်ခြင်း
Vol. 50 Ch. 521
ထန်ထျန်း၏ အကျိုးအကြောင်း အားတက်သရော ပြောဆိုမှုကြောင့် ယွမ်ရန်နှင့် တန့်ချီတို့နှစ်ဦးမှာ နောက်ဆုံးတွင် သူတို့ကိုယ်သူတို့ စတေးမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ကြပြီး သူတို့၏ အဖြူရောင်ကျောက်စိမ်းဘူးများကို ပြန် သိမ်းလိုက်ကြသည်။
ထန်ထျန်းက လမ်းကြုံအနေဖြင့် ထိုက်ယိထျန်းဖူနန်းတော်မှ သုံးဦးထံမှရသော ကျောက်စိမ်းဘူးများကိုပါ သူတို့အား ပေးလိုက်သည်။ ကမ္ဘာ့မူလ အခုအစိတ်၊ အခုသုံးဆယ်ခန့်ကို သူက လွှဲပြောင်းယူရန်ပင် ပျင်းရိနေခြင်းပင်။
ယွမ်ရန်တို့ နှစ်ဦးမှာမူ မမျှော်လင့်ဘဲ ရရှိလိုက်သဖြင့် ဝမ်းသာအားရ ဖြစ်နေကြသလို တစ်ဖက်တွင်လည်း ပြင်းထန်သော သံသယများ ဖြစ်ပေါ်နေကြသည်။
ထန်ထျန်းမှာ ရတနာ မည်မျှအထိ ရရှိထားသနည်း၊ ထို့ကြောင့်ပင် ဤမျှလောက် များပြားလှသော ရတနာများကိုပင် မျက်စိထဲ မထည့်နိုင်လောက်အောင် ယုံကြည်ချက် ရှိနေရသနည်း။
အခုရေ တစ်ရာတောင် ကျော်နေပြီလား မသိပေ
သူတို့နှစ်ဦးမှာ စိတ်ထဲမှ တိတ်တဆိတ် ထိတ်လန့်နေကြသည်။ ထန်ထျန်းမှာ အကြိမ်ကြိမ် အံ့ဖွယ်များကို ဖန်တီးခဲ့သူ ဖြစ်ရာ ထိုသို့ ဖြစ်နိုင်ခြေမှာလည်း တကယ်ပင် ရှိနေပါသည်။
ခုနကပင် သူတို့ မထင်မှတ်ထားခဲ့သည်မှာ ထန်ထျန်းက လက်ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ထိုက်ယိထျန်းဖူနန်းတော်မှ ပညာရှင် သုံးဦးကို ရှင်းပစ်လိုက်ခြင်းပင်။ ကျောက်စိမ်းဘူးကို ခွဲပြီး ထွက်ပြေးဖို့ပင် အခွင့်အရေး မပေးခဲ့ပေ။
တစ်ဖက်တွင် အင်မော်တယ်အရှင် နှောင်းပိုင်း အဆင့် တစ်ဦး ပါနေသည် မဟုတ်ပါလား။
ဤတည်ရှိမှုမျိုးကို မည်သည့်အခါမျှ ခန့်မှန်း၍ မရနိုင်ပေ။
ထိုက်ယိထျန်းဖူနန်းတော်မှ အခြားတပည့်နှစ်ဦး၏ အလောင်းများကို ရှင်းလင်းပြီးနောက် ထန်ထျန်းက သူတို့ကို မေးလိုက်သည်။ "မင်းတို့ နောက်ထပ် ဘယ်ကို သွားဖို့ စိတ်ကူးထားလဲ"
"ရတနာတွေ ဆက်ရှာဦးမှာလား"
ယွမ်ရန်က ခေါင်းခါကာ ပြောသည်။ "မဟုတ်ပါဘူး၊ ကျွန်တော်တို့ စီနီယာအစ်ကိုရှန်းယန်တို့နဲ့ သွားပူးပေါင်းဖို့ စိတ်ကူးထားပါတယ်"
"သူတို့က အပျက်အစီးနယ်မြေရဲ့ အတွင်းပိုင်း တစ်နေရာမှာ ထူးခြားတဲ့ နေရာတစ်ခုကို တွေ့ထားကြတယ်၊ အဲဒီထဲမှာ ရတနာတွေ အများကြီး ရှိနိုင်တယ်လို့ ပြောနေကြတယ်"
"စီနီယာအစ်ကိုရွှမ်းကျန်း၊ စီနီယာအစ်ကိုမို၊ စီနီယာအစ်ကိုယွီ တို့လည်း အဲဒီကို သွားနေကြပြီ၊ တခြားနန်းတော်တွေက တပည့်တွေလည်း အဲဒီကို သွားနေကြပြီလို့ ထင်တယ်"
"ကျွန်တော်တို့လည်း အခြေအနေ သွားကြည့်မလို့ပါ"
ထန်ထျန်းက မေးစေ့ကို ပွတ်ကာ စဉ်းစားလိုက်သည်။
ဤကမ္ဘာကြီး ပျက်စီးသွားသည်မှာ နှစ်ပေါင်း သန်းချီနေပြီ ဖြစ်ရာ ကျန်းရှီကျောက်စာတိုင် ကဲ့သို့သော ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် အရာမှလွဲ၍ အဘယ်အရာက ယခုအချိန်အထိ တည်ရှိနေနိုင်ပါဦးမည်နည်း။
တည်ရှိနေခဲ့လျှင်ပင် ရှုပ်ထွေးနေသော နိယာမများ၏ တိုက်စားမှုကို ခံရပြီး ပျက်စီးနေလောက်ပြီ ဖြစ်သည်။
သို့မဟုတ် ယွီဟွားအင်မော်တယ်နိုင်ငံတော်၏ အခြားသော နတ်ဘုရားလက်နက်တစ်ခုများလား။
စဉ်းစားပြီးနောက် ထန်ထျန်းက ပြောလိုက်သည်။ "ဒါဆို ငါလည်း မင်းတို့နဲ့အတူ လိုက်ခဲ့မယ်"
ယွမ်ရန်တို့ နှစ်ဦးက ခေါင်းညိတ်ကြသည်။
ထို့နောက် သူတို့ သုံးဦးမှာ အဖော်ပြုလျက် အပျက်အစီးနယ်မြေ၏ အတွင်းပိုင်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားကြတော့သည်။
......
တစ်ချိန်တည်းမှာပင်၊ ချောက်ကမ်းပါးများနှင့် မညီမညာသော တောင်ကုန်းများ ရှိရာ နေရာတစ်ခုတွင်
ဤနေရာမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကြီးမားသော တောင်ထိပ်ကြီးတစ်ခု ဖြစ်ခဲ့ပုံရပြီး တိမ်တိုက်ထျန်းဖူနန်းတော်၏ ထျန်းချီတောင်ထက်ပင် အဆပေါင်းများစွာ ပိုမိုမြင့်မားခဲ့ပေလိမ့်မည်။
သို့သော် ၎င်းမှာ အကြောင်းအမျိုးမျိုးကြောင့် အပိုင်းပိုင်း ပြတ်တောက်နေခဲ့ပြီး နှစ်ပေါင်းများစွာ သဲမုန်တိုင်းများ၏ တိုက်စားမှုကြောင့် ထူးဆန်းလှသော ကျောက်ဆောင်နယ်မြေတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
တောင်ထိပ်ကြီး၏ မူလ တည်ရှိရာ နေရာတွင်တော့ လူပေါင်း ရာနှင့်ချီ၍ စုဝေးနေကြသည်။
တိမ်တိုက်ထျန်းဖူနန်းတော်မှ တပည့်များမှာ အများဆုံး ဖြစ်ပြီး အလယ်ဗဟိုတွင် ရပ်နေကြသည်။ ရွှမ်းကျန်း၊ ရှန်းယန်၊ မိုရှန်းဟွာ ၊ ယွီကျိရုံ ဆိုသည့် တိမ်တိုက်ထျန်းဖူနန်းတော်၏ ထိပ်တန်း ပါရမီရှင် လေးဦးစလုံး ရှိနေကြပြီး အခြားတပည့် အရေအတွက်မှာလည်း အယောက် ၅၀ ကျော်ခန့် ရှိသည်။
သူတို့၏ အနီးတွင်မူ ပေဟန်ထျန်းဖူနန်းတော်နှင့် မင်ယွမ်ထျန်းဖူနန်းတော်တို့မှ တပည့်များ ရှိနေကြပြီး ၎င်းတို့မှာ တိမ်တိုက်ထျန်းဖူနန်းတော်၏ မဟာမိတ်များ ဖြစ်ကြသည်။
သူတို့အား ဝိုင်းရံထားကြသည်မှာမူ အခြားသော နန်းတော်များမှ မြင့်မြတ်သားတော်လောင်းလျာများပင် ဖြစ်သည်။
ထိုက်ယိထျန်းဖူနန်းတော် ၊ ကျိရှောင်းထျန်းဖူနန်းတော်၊ ၊ ဟုန်းယွမ်ထျန်းဖူနန်းတော် ၊ ကျိုးရွှမ်ထျန်းဖူနန်းတော် ၊ ချီလျန့်ထျန်းဖူနန်းတော် နှင့် ကျန်းယွီထျန်းဖူနန်းတော် တို့က သူတို့ကို ဝိုင်းရံကာ အချင်းချင်း အကဲခတ် အခြေအနေ ကြည့်နေကြသည်။
လေးနက်လှသော ဖိအားများမှာ နယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားပေသည်။
နှစ်ဖက်စလုံး ခေတ္တမျှ ဆိုင်ထားပြီးနောက် ထိုက်ယိထျန်းဖူနန်းတော်မှ တပည့်တစ်ဦး ရှေ့သို့ ထွက်လာသည်။
"ဂျူနီယာညီလေး ရွှမ်းကျန်း"
သူက တိမ်တိုက်ထျန်းဖူနန်းတော်၏ အစွမ်းထက်ဆုံးသူကို တိုက်ရိုက် ခေါ်လိုက်ခြင်းပင်။ သူကိုယ်တိုင်လည်း အင်မော်တယ်အရှင် အထွတ်အထိပ် အဆင့်ရှိသော ပါရမီရှင်တစ်ဦး ဖြစ်သည်။
"ငါတို့ ဒီမှာ ဒီအတိုင်း အချိန်ကုန်ခံမနေကြရအောင်"
"စမ်းသပ်ပွဲပြီးဖို့ အချိန်က နှစ်နာရီလောက်ပဲ ကျန်တော့တယ်၊ ဒီအောက်ခြေမှာ ဘာတွေ ရှိနေသလဲဆိုတာကို ငါတို့ အားလုံး မသိကြသေးဘူး"
"အချိန်ထပ်ဖြုန်းနေရင် ဘယ်သူ့အတွက်မှ အကျိုးရှိမှာ မဟုတ်ဘူး"
သူက အေးဆေးစွာ ပြောလိုက်သည်။
ရွှမ်းကျန်း၏ မျက်နှာမှာ မည်းမှောင်နေပြီး အေးစက်သောအသံဖြင့် ပြောလိုက်သည်။ "ချန်းဟွမ်... ဒီနေရာက ငါတို့ တိမ်တိုက်ထျန်းဖူနန်းတော်က အရင်ဆုံး ရှာတွေ့ထားတဲ့ နေရာပဲ၊ ရှာဖွေနေတဲ့ အချိန်မှာ ငါတို့ရဲ့ ညီအစ်ကိုတွေ အများကြီး အသက်ပေးခဲ့ရတယ်၊ မင်းတို့ကတော့ ငါတို့ ဒါကို ဖွင့်တော့မယ့် အချိန်ကျမှ လမ်းဝကနေ ဖြတ်လုဖို့ ရောက်လာတာပေါ့"
"ဒါက တကယ့်ကို အရှက်မရှိတဲ့ လုပ်ရပ်ပဲ"
ချန်းဟွမ်က တည်ငြိမ်စွာဖြင့် ပြောသည်။ "ရှေးယခင်ကတည်းက လောကရဲ့ ရတနာဆိုတာ ကံတရားရှိတဲ့သူကပဲ ပိုင်ဆိုင်ရစမြဲပဲ"
"ဒါ့အပြင် ငါတို့က စမ်းသပ်ပွဲထဲမှာ အချင်းချင်း ယှဉ်ပြိုင်နေကြတာလေ၊ အရှက်ရှိတာ မရှိတာ ပြောနေလို့ ဘာထူးမှာလဲ"
"ငါတို့ ရောက်လာမှတော့ လက်ဗလာနဲ့ ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ထိုစဉ် ကျိုးရွှမ်ထျန်းဖူနန်းတော်မှ တပည့်တစ်ဦးလည်း ရှေ့သို့ ထွက်လာပြီး ရယ်မောကာ ပြောလိုက်သည်။ "ရွှမ်းကျန်း... မင်းက ဒီထဲက ရတနာတွေကို တစ်ယောက်တည်း သိမ်းချင်နေတာလား"
"သိပ်ပြီး ကလေးမဆန်စမ်းပါနဲ့"
"မင်းတို့ တိမ်တိုက်ထျန်းဖူနန်းတော်က ဒီလို အရည်အချင်းမရှိတဲ့ လူအုပ်စုကို ဒီထဲ ပါဝင်ခွင့်ပေးထားတာတောင် မင်းတို့အတွက် အခွင့်အရေးကြီး တစ်ခုပဲ၊ ကောင်းကောင်း ပြောတုန်း နားထောင်စမ်းပါ၊ မဟုတ်ရင်တော့ နောင်တရသွားလိမ့်မယ်"
ထိုစကားကို ကြားသောအခါ ရွှမ်းကျန်းမှာ ဒေါသထွက်သွားပြီး အော်ဟစ်လိုက်သည်။ "မင်းက ဘာလုပ်ချင်လို့လဲ"
"တိုက်ချင်ရင်လည်း ငါက မင်းကို ကြောက်နေမယ် ထင်နေလား"
ထို့နောက် ရှန်းယန်တို့ လူစုမှာလည်း ရှေ့သို့ ထွက်လာကြပြီး အစွမ်းထက်သော ဖိအားများဖြင့် ကျိုရွှမ်းထျန်းဖူနန်းတော်မှ တပည့်ကို ဖိနှိပ်လိုက်ကြသည်။
တိမ်တိုက်ထျန်းဖူနန်းတော်ထဲတွင် ရှိစဉ်က သူတို့မှာ ပြိုင်ဘက်များ ဖြစ်ချင်ဖြစ်နေပါလိမ့်မည်။
သို့သော် ဤနေရာတွင်မူ ပြင်ပရန်သူကို တညီတညွတ်တည်း ရင်ဆိုင်ကြရမည် ဖြစ်သည်။
ရွှမ်းကျန်းတို့၏ အရှိန်အဝါကို ရင်ဆိုင်ရသော်လည်း ကျိုးရွှမ် တပည့်မှာ လုံးဝ မကြောက်ဘဲ ဓားကို ဆွဲထုတ်လိုက်သည်။
နှစ်ဖက်စလုံးက တစ်ပြားမျှ အလျှော့မပေးကြရာ ပြင်းထန်သော တိုက်ပွဲတစ်ခုမှာ ချက်ချင်းပင် စတင်တော့မည့်ပုံ ပေါ်နေသည်။
ဤမြင်ကွင်းကို မြင်သောအခါ ကျန်းယွီထျန်းဖူနန်းတော်မှ တပည့်များမှာလည်း ရှေ့သို့ တက်ရန် ပြင်လိုက်ကြသည်။
သူတို့မှာ မူလကတည်းက တိမ်တိုက်ထျန်းဖူနန်းတော်နှင့် သိပ်အဆင်မပြေကြသူများ ဖြစ်သည်။
သို့သော် ထိုအချိန်တွင် သူတို့ထဲမှ တပည့်တစ်ဦးမှာ ရှေ့မှ လူ၏ အင်္ကျီစကို လှမ်းဆွဲလိုက်သည်။
"စိတ်မလောပါနဲ့... စိတ်မလောပါနဲ့..."
သူက တိုးတိုးလေး ပြောလိုက်သည်။
အဆွဲခံရသော တပည့်မှာ လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။
"တုဝေ... မင်း ဒီနေ့ ဘာဖြစ်နေတာလဲ"
"မင်းက တိမ်တိုက်ထျန်းဖူနန်းတော်ကလူတွေကို အမုန်းဆုံး မဟုတ်ဘူးလား၊ ဘာလို့ အခုမှ နောက်ဆုတ်ချင်နေရတာလဲ"
"ဒီနေ့ မင်းကို တွေ့ကတည်းက မင်းပုံစံက တစ်ခုခုကို စိုးရိမ်နေသလိုပဲ၊ ဘာဖြစ်လို့လဲ"
သူက သံသယဖြင့် မေးလိုက်သည်။
တုဝေမှာ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ တိုးတိုးလေး ပြောလိုက်သည်။ "တိမ်တိုက်ထျန်းဖူနန်းတော် မှာ... မာစတာ တစ်ယောက် ရှိနေတယ်"
ထိုတပည့်မှာ ကြောင်သွားပြီး ပြောလိုက်သည်။ "မင်း နေကောင်းရဲ့လား"
"တိမ်တိုက်ထျန်းဖူနန်းတော် ရဲ့ ပညာရှင်ဆိုတာ ရွှမ်းကျန်းပဲ မဟုတ်လား၊ အဲဒါက ဘာဆန်းတာမှတ်လို့"
"သူတို့က လူများပေမဲ့ အများစုက အရည်အချင်းမရှိတဲ့သူတွေပါ၊ ငါတို့ ကြောက်စရာ မလိုပါဘူး"
တုဝေက သက်ပြင်းချကာ ပြောသည်။ "မဟုတ်ဘူး"
"ရွှမ်းကျန်းအပြင် သူတို့ဆီမှာ ပိုပြီး ကြောက်ဖို့ကောင်းတဲ့လူတစ်ယောက် ရှိသေးတယ်"
"ငါ အပျက်အစီးနယ်မြေထဲ စဝင်ချင်းတုန်းက သူ့ကို တွေ့ခဲ့တယ်၊ အဲဒီလူက တကယ်ပဲ..."
"ငါတို့ နန်းတော်သခင်တောင်မှ အဲဒီလူလောက် ဖိအားမျိုး မပေးနိုင်ဘူး..."
တုဝေ၏ စကားကို ကြားသောအခါ ထိုတပည့်မှာ မှင်တက်သွားပြီး လုံးဝ မယုံကြည်နိုင် ဖြစ်နေသည်။
ဤနေရာတွင် ဤမျှ အစွမ်းထက်သောသူ ရှိနေနိုင်ပါမည်လား။
သို့သော် သူက တုဝေကို သိပေသည်။ ဤသူမှာ ဤကဲ့သို့သော လိမ် ပြောမည့်သူ မဟုတ်ပေ။
တစ်ချိန်တည်းမှာပင်၊ တိမ်တိုက်ထျန်းဖူနန်းတော်ဘက်တွင်
ပေဟန်ထျန်းဖူနန်းတော်မှ အမျိုးသမီး တပည့်လေးတစ်ဦးမှာ စိုးရိမ်တကြီးဖြင့် တိမ်တိုက်ထျန်းဖူနန်းတော် တပည့်များကြားထဲသို့ ခဏခဏ လှည့်ကြည့်နေသည်။
သူမ၏ အမူအရာမှာ မကြာခင်မှာပင် ဂိုဏ်းတူ စီနီယာအစ်မ၏ သတိထားမိခြင်းကို ခံလိုက်ရသည်။
"ရှောင်းယာ... နင် ဘာတွေကို ဒီလောက်တောင် လိုက်ကြည့်နေတာလဲ"
အခြား အမျိုးသမီး တပည့်တစ်ဦးက မေးလိုက်သည်။
ရှောင်ယာ မှာ လန့်သွားပြီး ပြောလိုက်သည်။ "အာ... အော်..."
"စီနီယာအစ်မလျို့... ဘာမှမဟုတ်ပါဘူး..."
စီနီယာအစ်မလျို့ က မျက်မှောင်ကြုတ်ကာ ပြောသည်။ "အခု အခြေအနေက သိပ်မကောင်းဘူး၊ သတိအမြဲထား၊ ပေါ့ပေါ့ဆဆ မနေနဲ့"
ရှောင်ယာ က ခေါင်းညိတ်လိုက်သည်။
သို့သော်လည်း သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။ "တကယ်လို့ အဲဒီ စီနီယာအစ်ကိုသာ ရောက်လာရင် ငါတို့ အခြေအနေက ချက်ချင်း ပြောင်းလဲသွားမှာ သေချာတယ်"
စီနီယာအစ်မလျို့ မှာ ကြောင်သွားပြီး မေးလိုက်သည်။ "ဘယ်သူလဲ"
သူတို့ စကားပြောနေစဉ်မှာပင် ရွှမ်းကျန်း နှင့် အခြားနန်းတော်များအကြား ဆွေးနွေးမှုမှာ လုံးဝ ပျက်ပြားသွားတော့သည်။
ပြင်းထန်လှသော စစ်ပွဲကြီးမှာ တစ်ခဏအတွင်းမှာပင် စတင်ပါတော့သည်။