← Chapters

မိသားစုရဲ့ မျက်နှာစာ / ဖော်ထုတ်ခံရတဲ့ ခံစားချက်အစစ်အမှန် (2)

Vol. 48 Ch. 472

မိသားစုရဲ့ မျက်နှာစာ / ဖော်ထုတ်ခံရတဲ့ ခံစားချက်အစစ်အမှန် (2)

Vol. 48 Ch. 472

ယန်ဟဲအနေဖြင့် သူတတ်စွမ်းသမျှ ကြိုးစား၍ သားဖြစ်သူအား ပြန်လည်ကူညီပေးချင်ခဲ့သော်လည်း ယန်ချန်အတွက် မလိုအပ်နေခဲ့ချေ။

ထိုကောင်လေးက အလွန်ပင် ထက်မြက်လွန်းသည်။ အရိုးများ ကျိုးကြေနေပါစေ၊ အံကို ကြိတ်၍ အသံမထွက်အောင် ထိန်းထားနိုင်သော ခံနိုင်ရည်မျိုးလည်း ရှိသည်။

ယန်ဟဲသာမက ဤကမ္ဘာမှ လူအများစုထက်ပင် သာလွန်သူဖြစ်ပေသည်။

ဖခင်ဖြစ်သူပင် မလှမ်းနိုင်သော နေရာတစ်ခုသို့ ရောက်နေသူတစ်ဦးလည်းဖြစ်သည်။

သူရော၊ ဇနီးဖြစ်သူပါ သားကြီးအတွက် အင်မတန် ဂုဏ်ယူရသော်လည်း အပြစ်ရှိစိတ်ကြောင့် အရောတဝင် မနေရဲခဲ့ကြပါချေ။

ယန်မိသားစု၏ ကလေးနှစ်ယောက်အား ယှဉ်ကြည့်မည်ဆိုပါက :

သားကြီးဖြစ်သူ ယန်ချန်က အသက် ဆယ်နှစ်အရွယ်ခန့်တွင် ရွှမ်းမင်ဂိုဏ်းထံမှ သူ၏ ခန္ဓာကိုယ်အခြေအနေကြောင့် လွတ်မြောက်လာခဲ့သည်။

သို့သော် အိမ်တွင် နှစ်နှစ်သာ နေထိုင်ခဲ့ပြီး ဆယ်ကျော်သက်အရွယ်မှ စ၍ တစ်ဦးတည်းသာ သီးသန့် နေထိုင်ခဲ့သည်။

သားငယ်ဖြစ်သူ ယန်ရှုကွေးသည်ကား ပြိုင်ကားများကိုသာ စွဲလမ်းနေခဲ့သည်။ သူက အန္တရာယ်ရှိသော တောင်တက်လမ်းများတွင် မကြာခဏ ကားမောင်းပြိုင်နေတတ်ပြီး အိမ်ကပ်သည့်အချိန်မှာလည်း ခပ်ရှားရှားသာဖြစ်ပေသည်။

ကလေးငယ်နှစ်ဦးက ငယ်စဉ်ကတည်းက နီးစပ်မှုမရှိခဲ့ချေ။ သွေးချင်းညီအစ်ကိုများ ဖြစ်သော်လည်း သူတို့နှစ်ဦးကြားတွင် အမြဲလိုလို ကွာဟနေတတ်သည်။

ဇနီးမောင်နှံလုံး ကလေးနှစ်ယောက်အား မိသားစုသိုက်သိုက်ဝိုင်းဝိုင်းနေထိုင်တတ်ရန် ကြိုးစားခဲ့ကြသည်။

ယမန်နေ့က ညစာစားပြီးနောက် မိသားစုလေးဦး စုံညီစွာဖြင့် ဗီဒီယိုကောပြောဖြစ်ကြသည်။

ထိုအချိန်တွင်လည်း ဖူချင်းအာနှင့် ယန်ရှုကွေးတို့သာ အများဆုံး ပြောဆိုနေကြခြင်းဖြစ်ပြီး ယန်ချန်ကတော့ အသံတိတ်သာ နားထောင်နေခဲ့သည်။

မိခင်နှင့် သားသမီးဆိုသည်မှာ စိတ်ချင်းဆက်နေသောကြောင့် ဖုန်းထဲမှပင် ယန်ချန်၏ အခြေအနေက ပုံမှန်မဟုတ်ကြောင်းကို ဖူချင်းအာ သတိပြုမိလိုက်သည်။

သူမ သားဖြစ်သူအား မေးလိုက်မိပြီးနောက် ယန်ချန်၏ ဝေဒနာသက်သာစေရန် ကူညီပေးခဲ့သော ကုကျစ်စုန့်အကြောင်းကိုလည်း စကားဟလိုက်မိသည်။

ထိုအချိန်တွင် တစ်ချိန်လုံး ရယ်ရယ်မောမော ပြောဆိုနေခဲ့သော ယန်ရှုကွေးက မျက်နှာပျက်သွားခဲ့ပြီးနောက် မဲ့ရွဲ့ပြီး စကားဆိုလာလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

‘အစ်ကို့ရဲ့ ရောဂါက ကျောက်စိမ်းလက်ချောင်းရိုးကြောင့် သက်သာနေတာမဟုတ်ဘူးလား၊ ဘာလို့ အဲဒီကုကျစ်စုန့်နဲ့ ပတ်သတ်နေသေးတာလဲ၊ သူမကို မလိုတော့ဘူးမလား

ပြီးတော့ ပေါင်းစည်းရေးကျောင်းတော်ရဲ့ ခေါင်းဆောင်တောက်ကျန့်ချင်းကလည်း ပြဿနာတစ်ခုခုရှိရင် သူ့ဆီကိုလာလို့ ရတယ်လို့ ပြောထားတာ မဟုတ်ဘူးလား?’

သူ၏ စကားလုံးများထဲတွင် ကုကျစ်စုန့်အား မနှစ်မျို့ခြင်းများက သိသာထင်ရှားစွာ ရောနှောနေခဲ့သည်။

ဖူချင်းအာကဲ့သို့ပင် အပြင်လူများက ကျောက်စိမ်းလက်ချောင်းရိုးမှာ တောက်ဓမ္မဂိုဏ်း၏ ပိုင်ဆိုင်မှုဟု သိထားခဲ့ကြသည်။

မကောင်းမှုစွမ်းအင်များအား ကုကျစ်စုန့်၏ အကူအညီဖြင့် ယန်ချန်ကိုယ်တိုင် ဖယ်ရှားနေခြင်းဖြစ်ကြောင်းကို သူတို့ မသိခဲ့ကြပါချေ။

ထို့အပြင် ယန်ရှုကွေးသည်က ယွီဖုန်းချင်းဆိုသော အနုပညာနယ်ပယ်မှ မင်းသမီးတစ်ဦးဖြင့် ရင်းနှီးချစ်ကျွမ်းဝင်နေခဲ့သည်။

ထိုယွီမျိးရိုးနှင့် ကုတောက်ကျန့်တို့သည်က တစ်ချိန်တည်း debut ခဲ့ကြသော်လည်း ဆက်ဆံရေးအဆင်မပြေကြဟု ဆိုသည်။

လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ်ခန့်က သူတို့နှစ်ဦး၏ ပရိတ်သတ်များမှာ အချင်းချင်း ရန်ဖြစ်နေခဲ့ကြသည်။

ယန်ရှုကွေးအနေဖြင့် ချစ်သူ၏ မန်နေဂျာ၊ လက်ထောက်များထံမှ ကုကျစ်စုန့်က သူမထံမှ အခွင့်အရေးများ၊ လူများကို လုယူသွားကြောင်း မဟုတ်မမှန် သတင်းများကို ကြားရသည်။

ပြီးနောက် သူ၏ချစ်သူက အနိုင်ကျင့်ခံနေရသည်ဟု ခံစားခဲ့ရသည်။

ထို့ကြောင့် သူ့ဘက်မှ ကုကျစ်စုန့်အား ကောင်းမွန်သော ခံစားချက်မရှိပေ။

ယန်ဟဲနှင့် ဖူချင်းအာတို့သည်လည်း ထိုစကားများကို အနည်းငယ် ကြားခဲ့ဖူးသည်။

သို့သော် သူတို့နှစ်ဦးက ဦးနှောက်မရှိ၊ ရူးသွပ်နေသူများမဟုတ်ပါချေ။ ယွီဖုန်းချင်းကို အသာထားဦး။ သူမဘေးမှ မန်နေဂျာများ၏ ပြောစကားများကိုလည်း သဘောမကျခဲ့ချေ။

ကုကျစ်စုန့်သည်က သားဖြစ်သူ၏ ကယ်တင်ရှင်ဖြစ်သည်။ သူတို့ကိုယ်တိုင်သည်လည်း ငယ်ရွယ်၊ ထူးဆန်း၍ စွမ်းအားကြီးသော မိန်းမငယ်လေးအား အင်မတန် သဘောကျသည့်အတွက် အပြင်လူများ၏ အတင်းအဖျင်းစကားများအား နားထောင်မည်မဟုတ်ပေ။

သူမက အင်တာနက်မှ လူအများ ပြောသည့် စက်ဆုတ်ဖွယ်လုပ်ရပ်များကို လုပ်ဆောင်လိမ့်မည်ဟုလည်း မယုံကြည်ကြပေ။

သူတို့ ယန်ရှုကွေးအား နှစ်ကြိမ်တိုင်တိုင် သတိပေးခဲ့သော်လည်း လက်ခံခြင်းမရှိခဲ့သောကြောင့် ဇနီးမောင်နှံနှစ်ဦးမှာ လက်လျှော့လိုက်ရကာ သားငယ်ဖြစ်သူအား ထိုအကြောင်း ထပ်မပြောရန်သာ ပြောဆိုထားခဲ့သည်။

သို့သော် ထိုကလေးက တုံးအလွန်းပြီး ဗီဒီယိုကောပြောနေစဉ်၊ အားချန်၏ ရှေ့၌ ထိုစကားများကို ပြောဆိုလိုက်မည်ဟု သူတို့နှစ်ဦးလုံး ထင်မထားကြပါချေ။

ဖူချင်းအာ ရင်ထိတ်သွားခဲ့ရသည်။

သူမအနေဖြင့် သားကြီးနှင့် ရောရောနှောနှော မနေရဲခဲ့သော်လည်း သားဖြစ်သူအား အမြဲလိုလို စောင့်ကြည့်နေတတ်သူဖြစ်သည်။

ယန်ချန်၏ ပြောင်းလဲမှု၊ စိတ်အခြေအနေကိုလည်း သတိအပြုမိဆုံးသူဖြစ်ပေသည်။

ယန်ချန်တွင် သူငယ်ချင်းနည်းပါးလွန်းပြီး ချစ်သူရည်းစားလည်း မရှိခဲ့ဖူးပေ။ သူ့ဘဝ၏ တစ်ခုတည်းသော ဦးတည်ချက်မှာ အလုပ်သာဖြစ်သည်။

နာကျင်မှု၊ ဝေဒနာများ ခံစားနေရင်းပင် ရှော့ပင်းမောများအား အသစ်တည်ဆောက်ခြင်း၊ အောင်မြင်မှုရနိုင်အောင် လုပ်ဆောင်ခြင်းများသာ သူ့ဘဝ၏ ပျော်ရွှင်စရာတစ်ခု ဖြစ်ခဲ့သည်။

သို့သော် ကုတောက်ကျန့်နှင့် ဆုံတွေ့ပြီးနောက် သားဖြစ်သူာ ပုံမှန်နှင့် မတူ ထူးခြားလာခဲ့သည်။

နားရွက်လေးများ နီမြန်းလာတတ်ပြီး ရံဖန်ရံခါတွင် သူ့ဘက်မှ စ၍ ဆက်သွယ်လာတတ်သည်။

ထို့သို့ အသေးစား ‌ပြောင်းလဲမှုလေးများကြောင့် ဖူချင်းအာ စိတ်ထဲတွင် အတွေးသစ်များ ပေါ်လာခဲ့ရသည်။

သူမ ချက်ချင်းပင် ယန်ရှုကွေးအား ဆူပူကြိမ်းမောင်းလိုက်သည်။

သို့သော် သူမ စကားမဆုံးသေးခင်မှာပင် ဖုန်းမျက်နှာပြင် တစ်ဖက်မှ ယန်ချန်၏ အေးစက်သည့် မျက်လုံးများက ဓားသွားတစ်လက်အလားစူးရဲလာခဲ့လေ၏။

မိသားစုဝင်များ ပိုမိုနီးစပ်စေရန် အစပြုခဲ့သည့် ဗီဒီယိုကောာ သူတို့အား ပို၍ပင် ဝေးကွာသွားစေခဲ့သည်။

ထိုအချိန်တွင် သူ့တို့အတွက် ယန်ချန်ထံမှ ပထမဆုံးအကြိမ်အဖြစ် မနှစ်မျို့ခြင်း၊ မကျေနပ်ခြင်းအား ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ထို့နောက် ဒေါသ..

ထိုဒေါသသည်က ယန်ရှု့ကွေးအား ဦးတည်နေခြင်းပင်။

ဖူချင်းအာ၏ ပုခုံးအရွယ်ခန့်သာ ရှိသေးသည့် လူငယ်လေးမှာ အဝတ်ထုတ်ကို ဆွဲကာ သူတစ်ဦးတည်း နေထိုင်ချင်သည်ဟု ပြောဆိုလာခဲ့သည့်အချိန်တုန်းကပင် မျက်နှာ၌ ဒေါသအရိပ်အယောင် မမြင်ခဲ့ရပေ။

သူတို့အား မကျေနပ်ခြင်း၊ ဒေါသထွက်ခြင်းဟူ၍ အလျဉ်းမရှိ။

ထို့ကြောင့် ယန်ချန် အင်မတန် ဒေါသထွက်နေကြောင်းကို သူတို့ သဘောပေါက်လိုက်သည်။

ဖူချင်းအာတစ်ယောက် တစ်နေကုန် စိတ်ပူပန်နေခဲ့ပြီးနောက် ယန်ချန်ထံမှ မက်ဆေ့ချ်မရမီအထိ သူမ မျက်နှာပေါ်မှ ဝမ်းနည်းမှုသည် ပျောက်မသွားခဲ့ပေ။

ခေတ္တမျှ တွေဝေနေခဲ့ပြီးနောက် သူမ ခင်ပွန်းဖြစ်သူကို လက်ဖြင့် တို့၍ နောက်ထပ် စာပို့ခိုင်းလိုက်သည်။

ယန်ချန် မျက်ဝန်းများကို ဖွင့်လိုက်သည်။

သူ၏ မှိတ်ထား‌သော မျက်တောင်များမှာ အနည်းငယ် လှုပ်ခတ်နေခဲ့ပြီး နာကျင်မှုအား ကြိတ်၍ ခံစားနေဟန်ပေါ်သည်။

ကြီးမားသော အခန်းတစ်ခုလုံးက တိတ်ဆိတ်နေခဲ့ပြီး ထိုလူငယ်လေးမှာ အကာအကွယ်မဲ့စွာ လဲလျောင်းနေခဲ့သည်။

အညိုရောင်ဖျော့ဖျော့ မျက်ဝန်းအစုံက ကြည်လင်ရှင်းလင်းနေခဲ့သော်လည်း ထိုမျက်ဝန်းများထဲတွင် ရှင်းမပြနိုင်သည့် အပြာရောင်နုနု ရောယှက်နေခဲ့သည်။

မက်ဆေ့ချ်အား သေချာ ဖတ်ကြည့်လိုက်ပြီးနောက် သူ၏ မျက်နှာက သုန်မှုန်သွားခဲ့ရသည်။ ထို့နောက် သက်ပြင်းရှည်တစ်ခုကို ချလိုက်မိသည်။

သူ၏ ကိုယ်တွင်းအင်္ဂါများသည်လည်း ပို၍ နာကျင်လာခဲ့သည်။

“အားချန်၊ မနေ့က မင်းညီရဲ့ စကားကြောင့် အဖေက တောင်းပန်ပါတယ်၊ ကုတောက်ကျန့်က ငါတို့မိသားစုအပေါ်မှာ ဒီလောက်သဘောကောင်းတာ..

သူ အဲဒီလို ရိုင်းရိုင်းစိုင်းစိုင်း မပြောသင့်ဘူး၊ မနက်ဖြန်ကျရင် သားဆီကို ဖုန်းခေါ်ဖို့ ပြောလိုက်မယ်

အဲဒီကောင်လေးက ဦးနှောက်ရှိရဲ့သားနဲ့ကို တစ်ခါတစ်လေ စကားပြောရင် စည်းလွတ်ဝါးလွတ်ရှိတတ်တယ်

ဒါပေမဲ့ သူက သားအပေါ်တော့ မကောင်းစေတဲ့ စိတ်မရှိပါဘူး ၊ သားကို သူ့အစ်ကိုအနေနဲ့ တကယ်ချစ်တာပါ…”

နောက်ဘက်မှ စကားများတွင် ယန်ရှုကွေးက သူ၏ ချစ်သူအတွက်ကြောင့်သာ ကုကျစ်စုန့်အား မုန်းတီးနေသည်ဖြစ်ကြောင်း ရှင်းပြသည့် စာများလည်း ရေးသားထားသေးသည်။

ယန်ချန် ထိုစာများကို ဖတ်ချင်စိတ်မရှိတော့ချေ။

ပွင့်ပွင့်လင်းလင်းဆိုရပါက ယန်ချန်အနေဖြင့် ယန်ရှု့ကွေး၏ ထင်မြင်ချက်ကို စိတ်မဝင်စားပါချေ။

သူ့အား အစ်ကိုတစ်ယောက်အဖြစ် ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ သူ ဂရုမစိုက်။

စုန့်စုန့်အား ယိုးမှားသည့် စွပ်စွဲချက်များနှင့် နာမည်ဖျက်မည်ကိုသာ သူ အလိုမရှိခြင်းဖြစ်သည်။

မိဘများ၏ အင်မတန် သတိကြီးကြီးထားနေသော၊ တောင်းပန်နေသော စကားများ၊ အပြုအမူများကိုလည်း သူ ပို၍ပင် စိတ်ရှုပ်မိသည်။

သူ ဖုန်းအား ခပ်လှမ်းလှမ်းသို့ ဖယ်လိုက်ပြီးနောက် ခန္ဓာကိုယ်အား အနည်းငယ် ခွေခေါက်ပြီးလှဲလိုက်ပြန်သည်။ အသက်ရှူတိုင်းတွင် နာကျင်နေသောကြောင့် သူ ခပ်တိုးတိုး ညည်းလိုက်မိသည်။

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်၊ ဒီရေအလား တိုက်စားနေသည့် နာကျင်မှုတို့က သာမန်လူများ၏ တွေးခေါ်နိုင်စွမ်းနှင့် ဆင်ခြင်တုံတရားအား တိုက်ခိုက်ပျက်စီးစေနိုင်ပြီး အတွင်းပိုင်းတွင် ဖုံးကွယ်ထားသော ဝေဒနာတို့အား အစပြန်ပေါ်လာစေသည်။

ယန်ချန် နာကျင်ရသည့် အတိတ်ကို ပြန်သတိမရချင်သော်လည်း သူ၏ ဦးခေါင်းအတွင်း ခပ်ရိပ်ရိပ်ပေါ်လာသော မှတ်ဉာဏ်များအား ထိန်းထား၍ မရခဲ့ချေ။

ကလေးဘဝတစ်လျှောက်လုံးတွင် သူ့အနေဖြင့် ဝေဒနာအား ထုံနေခဲ့ရသည်။

ပင်ကိုယ်ဉာဏ်ရည်ထက်မြက်မှု၊ ဇွဲမလျှော့တတ်ခြင်းတို့ကြောင့် သူသည် ရွယ်တူများထက် ပို၍ ရင့်ကျက်သည်။

သို့သော် သူ၏ အတွင်းခန္ဓာကိုယ်ဖွဲ့စည်းပုံတို့ကြောင့် ထိုရင့်ကျက်မှုက မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာသည့် အကြောင်းရင်းတစ်ခုအလား သူ့အား အနိုင်ကျင့်ခံရစေသည့် အချက်တစ်ခု ဖြစ်လာခဲ့သည်။

ရွှမ်းမင်မှ ကလေးအများစုမှာ မျိုးဆက်သစ်များ ဖြစ်ကြပြီး သူတို့က တောက်ပညာအား မလေ့ကျင့်ရသေးခင် မိဘများထံမှ သင်ယူထားသည့် ကိုယ့်ကိုကိုယ် ခုခံကာကွယ်ခြင်းမျိုးကိုအသုံးပြုကာ သာမန်ကျမ်းစာများဖြင့် တိုက်ခိုက်လာကြခြင်းကိုလည်း သူ သည်းခံနိုင်စွမ်းရှိသေးသည်။

သူ့တွင် မိဘများ၏ အကာအကွယ်ဟူ၍ မရှိ။ တရားဥပဒေ၏ အကာအကွယ်ဟူ၍ မရှိခဲ့ပေ။

ကြိုးစား၍သာ အသက်ရှင်ခဲ့ရသည်။

ငယ်ရွယ်သေးသည့် ယန်ချန်လေးမှာ မိဘများနှင့် တွေ့ဆုံရန်၊ မိဘနှစ်ပါး၏ အနွေးဓာတ်ကို ခံစားနိုင်ရန်ကိုသာ အမြဲတစေ တောင့်တခဲ့မိသည်။

All Chapters