← Chapters

မိသားစုရဲ့ မျက်နှာစာ / ဖော်ထုတ်ခံရတဲ့ ခံစားချက်အစစ်အမှန် (3)

Vol. 48 Ch. 473

မိသားစုရဲ့ မျက်နှာစာ / ဖော်ထုတ်ခံရတဲ့ ခံစားချက်အစစ်အမှန် (3)

Vol. 48 Ch. 473

ယန်ချန် ပထမဆုံးအကြိမ်အဖြစ် မိဘများနှင့် တွေ့ဆုံရန် အိမ်ပြန်ခွင့်ရသည့်အချိန်မှာ အသက် ငါးနှစ်အရွယ်တွင် ဖြစ်သည်။

ကမ္ဘာကြီးအကြောင်းကို မသိနားမလည်သေးသော်ငြား သူတစ်ကြိမ်တစ်ခါမျှပင် မတွေ့ဆုံခဲ့ဖူးသော ဆွေမျိုးများနှင့် ပတ်သတ်၍ မျှော်လင့်ချက်ကြီးမားခဲ့ပြီး အိပ်မက်များပင် မက်ခဲ့ဖူးသည်။

ညစ်ပတ်ပေရေနေသည့် သူ၏ အင်္ကျီအဝတ်အစားများကို တင်းကျပ်စွာ ဆုတ်ကိုင်ထားရင်း မိဘများနှင့် မတွေ့ဆုံမီ အကြိမ်ကြိမ် ဖြူစင်သန့်ရှင်းအောင် လျှော်ဖွတ်ခဲ့သည်။

ထိုနေ့တွင် ထူးခြားဆန်းကျယ်ပညာရှင်ပေါင်းများစွာ ဝန်းရံ၍ သူ့ကို ယန်မိသားစု၏ အိမ်တော်သို့ ခေါ်ဆောင်လာခဲ့ကြသည်။

သူ မိဘနှစ်ပါးနှင့် ပထမဆုံး တွေ့ဆုံခဲ့ရသည်။

သူ၏ စိတ်ကူးအိပ်မက်များထဲမှအတိုင်း ယန်ဟဲနှင့် ဖူချင်းအာတို့မှာ အင်မတန် ချောမော၍ စိတ်သဘောထားကြီးသူ၊ ချစ်မြတ်နိုးတတ်သူများ ဖြစ်ကြသည်။

သူ့အား မြင်လိုက်သည်နှင့် တပြိုင်နက် မိခင်ဖြစ်သူက ဝမ်းနည်းစွာ ငိုကြွေးလိုက်ပြီး ဖခင်ဖြစ်သူသည်လည်း နီမြန်းနေသော မျက်ဝန်းများဖြင့် လက်နှစ်ဖက်ကို ဆန့်ကာ သူ့အား ကြိုဆိုခဲ့သည်။

သို့သော် ယန်ချန်၏ ဝိုင်းစက်သော မျက်ဝန်းများက မိခင်ဖြစ်သူ၏ လက်ထဲသို့သာ ကြည့်နေခဲ့မိသည်။

သူတစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးသော ကလေးအနှီးလေးထဲတွင် ပါးပြင်ရဲရဲလေးများဖြင့် ကလေးငယ်လေးတစ်ဦးအား မိခင်ဖြစ်သူမှ နူးညံ့စွာ ချီပိုးထားခဲ့သည်။

ဝမ်းနည်းစွာ ငိုကြွေးနေစဉ်မှာပင် ဖူချင်းအာက ကလေးငယ်အား မနှိုးမိစေရန် မသိစိတ်မှ အသံကို ထိန်း၍ ငိုရှိုက်နေခဲ့သည်။

ယန်ချန်လေး တဖြည်းဖြည်းချင်း လမ်းလျှောက်သွားခဲ့ပြီးနောက် လေသံတိုးတိုးဖြင့် ‘အဖေ’ဟု ခေါ်လိုက်မိသည်။

သူသည်ကား ကလေးတစ်ယောက်ကဲ့သို့ မငိုတတ်၊ မချွဲတတ်ခဲ့ပါချေ။ ငယ်စဉ်ကလေးဘဝကပင် သူ၏ မျက်နှာမှ နူးနူးညံ့ညံ့ပြုံးနိုင်စွမ်းသည်လည်း ပျောက်ဆုံးခဲ့ရသည်။

ခံစားချက်မဲ့သည့် သူ၏ မျက်နှာလေးကြောင့် လူအများအား စိတ်မသက်မသာဖြစ်စေခဲ့ရသည်။

ဖူချင်းအာသည်လည်း ငိုနေရင်းပင် ထိုင်ချလိုက်ပြီးနောက် သူမနှင့် ပထမဆုံးတွေ့ဆုံဖူးသည့် သားအကြီးဆုံးအား နောက်ထပ်မိသားစုဝင်တစ်ဦးဖြင့် မိတ်ဆက်ပေးချင်ခဲ့ပုံရသည်။

သို့သော် မိခင်ထံမှ လှုပ်ရှားမှုကြောင့်လား မသိနိုင်ပါချေ။ သူမ၏ လက်တွင်းမှ ကလေးငယ်က နိုးလာခဲ့ပြီးနောက် ငိုကြွေးနေခဲ့သည်။ မည်သို့မျှ ချော့မြူ၍လည်း မရခဲ့ပါချေ။

အချိန်ခေတ္တမျှ လူအားလုံး၏ အာရုံသည်က ကလေးငယ်ထံသို့ ရောက်သွားခဲ့ပြီးနောက် ယန်ချန်၏နောက်တွင် ရပ်နေသည့် ထူးခြားပညာရှင်တစ်ဦးမှ ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

‘ယန်ချန်ရဲ့ ကိုယ်ပေါ်က မကောင်းဆိုးဝါးဝိဉာဉ်ကြောင့် လန့်သွားတာ နေမှာပေါ့.. မရပါဘူး ဒီကောင်လေးက မွေးကတည်းက ဒီလိုမကောင်းမှုတွေနဲ့ မွေးလာတာကိုး

ကလေးတွေက အဲလိုအရာတွေကို နည်းနည်းအထိအခိုက်မခံဖြစ်တတ်တယ်လေ၊ ပြောရရင် သာမန်လောက ကလေးတွေမပြောနဲ့၊ ငါတို့ဂိုဏ်းက ကလေးတွေတောင် သူ့ကို ကြောက်တယ်’

ကူကယ်ရာမဲ့နေသည့် ယန်ဟဲနှင့် ဖူချင်းအာတို့ကို ကြည့်လိုက်ရင်း ထိုပညာရှင်မှပင် စိတ်မရှည်စွာ ပြောလိုက်သည်။

‘သွားလေ၊ မြန်မြန် အဲဒီကလေးကို ဒီကနေ ဝေးဝေးခေါ်သွားစမ်းပါ၊ ဆူဆူညံညံနဲ့ စိတ်ရှုပ်ဖို့ကောင်းတယ်’

ထို့ကြောင့် ယန်ချမ်တစ်ယောက် ညီငယ်ဖြစ်သူအား ချီ၍ ချော့မြူကာ ထွက်ခွာသွားသည့် ဖူချင်းအာ၏ နောက်ကျောကို အသံတိတ်သာ စိုက်ကြည့်နေခဲ့မိသည်။

ရုတ်တရက် ပြောပြ၍ မရနိုင်သော ဝမ်းနည်းဆို့နင့်မှုကို ခံစားလိုက်ရပြီးနောက် ယန်ချန်လေးမှာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး စကားတစ်ခွန်းပင် မဆိုခဲ့သော်ငြား မျက်ဝန်းမှ မျက်ရည်များ စီးကျလာခဲ့သည်။

ထိုအချိန်သည်က သူ ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ငိုကြွေးခဲ့ခြင်းသာဖြစ်သည်။

ယန်ဟဲကတော့ သူ၏သားကြီးသည်က မိဘများကို လွမ်းဆွတ်နေသည်ဟု ထင်လိုက်မိပြီးနောက် ယန်ချန်အား ထွေးပွေ့၍ နှစ်သိမ့်ပေးခဲ့သည်။

“အမေက ပြန်လာမှာပါ…”

သူတို့၏ အမြင်တွင်တော့ အသက် ငါးနှစ်သာရှိသေးသည့် ယန်ချန်လေးသည်က မည်သည်ကိုမျှ နားလည်လိမ့်မည်မဟုတ်ဟုထင်ခဲ့သည်။

သို့သော် ယန်ချန်သည်က်း ငယ်ရွယ်စဥ်ကတည်းက ထက်မြက်သော ကလေးငယ်တစ်ဦးဖြစ်ကာ အရာအားလုံးကို နားလည်ခဲ့သည်။

ယန်မိသားစု၏ ကိုယ်တိုင်တောင် သတိမထားမိဘဲ ပြုမူမိနေသည့် အပြုအမူများ၊ ညီငယ် ယန်ရှုကွေးနှင့် ပို၍ ရင်းနှီးချစ်ခင်မှု၊ နီးစပ်မှုများက ယန်ချန်၏ နူးညံ့သောနှလုံးသားလေးအား ထိုးစိုက်နေခဲ့သည့် ဖန်ကွဲစများဖြစ်ခဲ့သည်။

ထိုအချိန်၊ ထိုတဒင်္ဂတွင် သူ၏ စိတ်ထဲတွင် တစ်စုံတစ်ခုကိုသာ တွေးလိုက်မိသည်။

သူသည်က အဖေနှင့် အမေတို့၏ ကလေး ဘယ်တော့မှ ဖြစ်လာတော့မည်မဟုတ်ပေ။

ယန်ချန်က ထိုကလေးငယ် မဟုတ်ခဲ့ပါချေ။

သူတို့တွင် သားငယ်တစ်ဦးရှိနေခဲ့ပြီး ထိုမိသားစုထဲ၌ ယန်ချန်အတွက် နေရာမရှိနေခဲ့ပေ။

ထို့နောက် သူတို့မည်သည့်အရာကို ပြောခဲ့သည်။ မည်သည်ကိုလုပ်ခဲ့သည်ကို ယန်ချန် မမှတ်မိနိုင်တော့ပေ။ သို့သော် သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် အချိန်အား သူ မေ့နိုင်မည်မဟုတ်တော့။

ယန်အိမ်တော်မှ ထွက်ခွာလာခဲ့ချိန်တွင်လည်း သူ့ နှလုံးသားထဲမှ နောင်တများပ တစ်ဝက်တိတိ လျော့သွားခဲ့သည်ကိုလည်း အမှတ်ရနေခဲ့သည်။

ထိုအချိန်မှစ၍ နှစ်တိုင်း၊ နှစ်တိုင်း သူသည် ယန်အိမ်တော်သို့ တစ်နှစ်တစ်ကြိမ် ပြန်ခွင့်ရခဲ့သည်။

သူပြန်လာသည့်အချိန်တိုင်းတွင်လည်း ယန်ဟဲနှင့် ဖူချင်းအာတို့သည်က သားဖြစ်သူအား VIP ဧည့်သည်တစ်ဦးအလား ဆက်ဆံတတ်ကြသည်။

သူ့ကို မြင်သည်နှင့် ငိုကြွေးတတ်ကြပြီး သားဖြစ်သူအတွက် ကိုယ့်ကိုကိုယ် အပြစ်တင်မိကြောင်း၊ သူတို့ နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် အပြစ်ရှိစိတ်များကို ထုတ်ဖော်တောင်းပန်တတ်ကြသည်။

ယန်ချန်အား တစ်နေ့နေ့တွင် သူတို့၏ အမှားများအတွက် ပြန်လည်ပေးဆပ်ချင်ခဲ့ကြသည်။

သို့သော် သူတို့ ထိုသို့ ပြုမူလေလေ၊ ယန်ချန်အနေဖြင့် သူသည်က ဤမိသားစုအတွင်း၌ ဝင်မဆံ့နိုင်တော့ဟု ခံစားရလေလေ ဖြစ်ခဲ့ရသည်ကို သူတို့မသိကြပါချေ။

တစ်နေ့တစ်ခြား အရွယ်ရောက်လာခဲ့သည့် ယန်ရှုကွေးက စကားပြောတတ်သည့် အရွယ်ထိ ရောက်လာခဲ့ပြီးနောက် မိဘနှစ်ပါးနောက်မှ ပုန်းလျှိုးကွယ်လျှိုးဖြင့် အစ်ကိုဖြစ်သူအား ချောင်းကြည့်နေတတ်သည်။

ကလေးများက မကောင်းဆိုးဝါးဝိဉာဉ်များအား ပို၍ အာရုံခံနိုင်စွမ်းရှိသောကြောင့်လားမသိသော်လည်း ယန်ရှုကွေးက အစ်ကိုဖြစ်သူအား မြင်သည်နှင့် မကြာခဏ ငိုကြွေးတတ်သောကြောင့် မိခင်နှင့် ဖခင်တို့မှ မကြာခဏ ချော့မြူခဲ့ရသည်။

အသက် ခြောက်နှစ်၊ ခုနှစ်နှစ်ခန့်ရှိပြီဖြစ်သော ယန်ရှုကွေးသည်လည်း စိတ်အင်မတန် နုနေခဲ့သည်။ မိဘနှစ်ပါးလုံးက အစ်ကိုဖြစ်သူအား စိုးရိမ်ကြောင်း၊ အစ်ကို့အပေါ်တွင် အပြစ်ရှိသကဲ့သို့ ခံစားနေရကြောင်း သူ ကောင်းစွာ သိထားသည်။

ထို့ကြောင့် မကြာခဏ ငိုကြွေး၍ အစ်ကိုဖြစ်သူအား မလိုချင်ကြောင်း၊ သူ့ထံမှ မိဘများအား လုယူသွားခြင်းဖြစ်ကြောင်း ပြောဆိုတတ်သည်။

ထိုစကားကြောင့် ဒေါသထွက်သွားရသည့် မိဘနှစ်ပါးသည်လည်း သူ့အား ပြင်းပြင်းထန်ထန် ဆူပူ၍ ယန်ချန်အား ပြန်လည်တောင်းပန်စေခဲ့သည်။

တဖြည်းဖြည်း အရွယ်ရောက်လာခဲ့သည့် ယန်ချန်ကတော့ ထူးထူးခြားခြား အမူအယာမပြခဲ့ပေ။ ဝမ်းနည်းခြင်းဟူ၍လည်း မရှိခဲ့။ စိတ်မသက်မသာဖြစ်ခြင်းကိုသာ ခံစားခဲ့ရသည်။

သူကိုယ်တိုင်အတွက်၊ ယန်မိသားစုနှင့် ယန်ရှုကွေးတို့အတွက် စိတ်မသက်မသာဖြစ်ခဲ့ရသည်။

ယန်ရှုကွေး၏နေရာမှ ကြည့်မည်ဆိုပါက သူသည်ကား အမှန်ပင် မိဘနှစ်ပါး၏ အချစ်၊ အာရုံတို့အား လုယူသွားခဲ့သော အပြင်လူဖြစ်ပြီး သူ့ကို မုန်းတီးသည်မှာလည်း မထူးဆန်းပေ။

ယန်မိဘနှစ်ပါးအတွက်တော့ သူတို့၏ နောင်တများက နှောင်ကြိုးများအလားရှိနေခဲ့သည်။

ကုန်ဆုံးသွားခဲ့သော ဆယ်နှစ်တာကာလ ရှိနေသေးသ၍ သူတို့က မိဘနှင့် သားသမီးကဲ့သို့ အမှန်တကယ် သံယောဇဉ်ရှိလာနိုင်မည်မဟုတ်တော့ပေ။

သူတို့ ယန်ရှုကွေးအား ဒေါသတကြီး ဆူပူကြမည်။ ရံဖန်ရံခါ ငေါက်ငမ်းကြမည်။ သို့သော် သူတို့ကြားမှ ရင်းနှီးမှု၊ နွေးထွေးမှုတို့က ဘေးလူတစ်ဦး၏ အမြင်တွင် သိသာထင်ရှားလွန်းသည်။

သို့သော် ယန်ချန်နှင့် ပတ်သတ်လာပါက သူတို့သည် အမြဲလိုလို သူ့အကြိုက်ကိုသာ ဆောင်တတ်ကြသည်၊ သူ့အား ‘အပြစ်ကြွေး’ဆပ်ချင်ကြသည်။ သို့သော် ယန်ရှုကွေးကဲ့သို့ ရင်းနှီးမှု၊ နီးစပ်မှုဟူ၍ မရှိနိုင်ပါချေ။

သူသည်က သာမန်ကလေးများကဲ့သို့ မိဘများနှင့် ဆော့ကစားခြင်း၊ ရောထွေးနေခြင်းတို့ကိုလည်း လုပ်နိုင်စွမ်းမရှိ။

ယန်ချန်သည် ကိုယ့်ကိုကိုယ် ယန်မိသားစု၏ လမ်းကြောင်းတွင် ပိတ်ဆို့နေသော ‘ဆူး’တစ်ချောင်းဟုသာ တွေးမိသည်။

ထို့ကြောင့် အသက် (14)နှစ်အရွယ်တွင် ယန်မိသားစုအိမ်တော်မှ ထွက်ခွာလာခဲ့သည်။

နှစ်များကြာမြင့်သည်နှင့်အမျှ ယန်မိသားစုက သူတို့ကြားမှ ဝေးကွာမှုကို နီးစပ်စေနိုင်မည့် နည်းလမ်းအား သဘောပေါက်လာခဲ့ကြသည်။

ယန်ရှုကွေးသည်လည်း ရင့်ကျက်လာခဲ့ပြီးနောက် ငယ်စဉ်ကကဲ့သို့ ငိုယိုခြင်း၊ အစ်ကိုဖြစ်သူအား မုန်းတီးခြင်းဟူ၍ မရှိတော့ချေ။

ယန်ချန်သည်လည်း သူတို့၏ ကြင်နာမှုအား တုံ့ပြန်နိုင်ရန် အကောင်းဆုံးကြိုးစားခဲ့သည်။

တဖြည်းဖြည်း၊ တရွေ့ရွေ့ဖြင့် သူတို့သည် အမှန်တကယ် မိသားစုတစ်ခုကဲ့သို့ ပြန်ဖြစ်လာခဲ့သည်။

သို့သော် သူတို့ကြားမှ ကွာခြားမှု၊ ဝေးကွာမှုများသည်မည်သည့်အချိန်တွင်မှ အပြည့်အဝပျောက်ကွယ်သွားမည်မဟုတ်ကြောင်း သူတို့၏နှလုံးသားထဲတွင် ကောင်းကောင်းသိထားကြသည်။

ယခုကဲ့သို့ပင် ။

ယန်ရှုကွေးသည်က သူ့အား ဦးတည်၍ ပြောခြင်းမဟုတ်ကြောင်း သူသိထားသည်။ သို့သော် သူ့အား အမှန်တကယ် အစ်ကိုတစ်ယောက်အဖြစ် သတ်မှတ်ပါက၊ အမှန်တကယ် တန်ဖိုးထားပါက သူ၏ ကယ်တင်ရှင်အား သူကိုယ်တိုင်၏ရှေ့တွင် သွားပုတ်လေလွင့် ပြောဆိုလိမ့်မည်မဟုတ်ပါချေ။

ယန်ဟဲနှင့် ဖူချင်းအာတို့သည်လည်း သားငယ်၏ အမှားကို ချက်ချင်းသဘောပေါက်လိုက်ပြီး သူ့အား တောင်းပန်စကားဆိုခဲ့ကြသော်လည်း သူတို့၏ စကားများထဲမှ နီးစပ်မှုက အမှန်တကယ်မှာတော့ ‘ဝေးကွာ’နေသေးသည်။

ယန်ချန်သည် သူ့ကိုယ်သူ စိတ်သဘောထားမသေးသိမ်သူ၊ ထိရှလွယ်သောစိတ် မရှိသူအဖြစ် ခံယူထားသည်။

သို့သော် စုန့်စုန့်အား ဝိုင်းဝန်းတိုက်ခိုက်ကြချိန်တွင်တော့ အလွန်အမင်း ဒေါသထွက်လာတတ်သောကြောင့် အနည်းငယ် အဆင်မပြေဖြစ်ခဲ့ရသည်။

အဝေးမှ ဖုန်းလေးကတော့ တုန်ခါနေဆဲပင်။

အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သော ယန်ချန်ကတော့ လူအများ၏ စွန့်ပစ်ခံရ၊ အမေ့ခံထားရသော သနားဖွယ်ခွေးကြီးတစ်ကောင်ကဲ့သို့ မလှုပ်မယှက် ထိုင်နေခဲ့သည်။

All Chapters