အချစ် + စီးပွားရေးသမားတစ်ယောက်ရဲ့ ကိုယ်ကျင့်တရား + နေထိုင်စရာနေရာ (1)
Vol. 48 Ch. 475
ယန်ချန်၏ မျက်နှာတစ်ခုလုံး သွေးများ ဆောင့်တက်လာသကဲ့သို့ ခံစားလိုက်ရသည်။
တစ်ချိန်လုံး သူ၏ အတွေးများအား နေရာယူထားသူ၊ သို့မဟုတ် မိခင်၏ အသံမက်ဆေ့ချ်များထဲမှ လူက သူ၏ အရှေ့တွင်ရှိနေခဲ့သည်။
သူကိုယ်တိုင် ဖုံးကွယ်ထားသော၊ မည်သူ့ကိုမျှ ပြောမပြနိုင်သည့် ခံစားချက်များအား ဖော်ထုတ်ခံလိုက်ရသောကြောင့် သူ၏ စိတ်က အင်မတန်ပင် မတည်မငြိမ်ဖြစ်နေခဲ့ရသည်။
ထိုအချိန်ခဏလေးအတွင်း၌ လူသန်းပေါင်းများစွာမှ ဦးမော့ကြည့်ရသော၊ လုပ်ငန်းကြီးများအား တွက်ချက်စီမံ၍ ဦးဆောင်နေခဲ့သော စီးပွားရေးလုပ်ငန်းရှင်ကြီးမှာ အထက်တန်းကျောင်းသားလေးတစ်ဦးကဲ့သို့ နှလုံးခုန်သံများမြန်ဆန်ကာ နားရွက်လေးများမှာလည်း နီရဲနေခဲ့ရှာသည်။
သူ့အနေဖြင့် သူ၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသူ၏ တုံ့ပြန်မှုကို မြင်နိုင်ရန် မျက်နှာကိုပင် မော့မကြည့်ရဲခဲ့ပေ။
“ရှင့်ရဲ့ခန္ဓာကိုယ်ထဲက ယင်မကောင်းဆိုးဝါးက အထိန်းအချုပ်လွတ်နေပြန်ပြီလား”
ကုကျစ်စုန့်က ရုတ်တရက် တိတ်ဆိတ်မှုအား ဖြိုခွင်း၍ စိုးရိမ်စွာ မေးလာခဲ့သည်။
သူမက ယန်ချန်၏အမေဖြစ်သူထံမှ အသံမက်ဆေ့ချ်ကို မကြားလိုက်ခြင်း၊ သို့မဟုတ်ပါက အဓိပ္ပာယ်အား သေချာနားမလည်လိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ယန်ချန်အား စိုက်ကြည့်နေခဲ့သည့် မျက်ဝန်းနက်နက်များသည်လည်း ကြည်လင်ရှင်းလင်းနေခဲ့သည်။
သူမ၏ ပုံမှန်အမူအယာကို မြင်ရပြီးနောက် ယန်ချန် အနည်းငယ် အသက်ရှူနိုင်သွားခဲ့ရသည်။
ထို့နောက် သူ၏ နှုတ်ခမ်းပါးများကို အနည်းငယ် စေ့လိုက်ကာ စကားဆိုသည်။
“အခုတလောက နည်းနည်းလောက် ရှုပ်ထွေးတာတွေ ရှိနေတယ်..”
သူ၏ ဖုံးကွယ်ထားသော ခံစားချက်များအား လူမသိသွားသကဲ့သို့ ရုတ်တရက်လည်း ဖော်ထုတ်ခံလိုက်ရပေ။ သူ အနည်းငယ် စိတ်တည်ငြိမ်သွားခဲ့ရသော်ငြား အနည်းငယ်လည်း စိတ်ပျက်မိသွားရပြန်သည်။
သူ့ပြောလာသောစကားအရ အဆင်ပြေနေပုံရသော်လည်း ထိုလူငယ်လေး၏ ခန္ဓာကိုယ်က အကန့်အသတ်အား ကျော်လုနီးနီး ဖြစ်နေကြောင်းကို ကုကျစ်စုန့် မြင်တွေ့နေရသည်။
“ဒါကို မထိန်းချုပ်နိုင်ဘဲဖြစ်နေတာကို ဘာလို့ ကျွန်မကို ကူညီပေးဖို့ မဆက်သွယ်ရတာလဲ”
ကုကျစ်စုန့် မျက်မှောင်ကြုတ်ကာ အရှေ့သို့ ခြေနှစ်လှမ်းတိုးလိုက်သည်။
“အရင်ဆုံး ထိုင်လိုက်ဦး၊ ရှင့်ကိုယ်ထဲက မကောင်းဆိုးဝါးဝိဉာဉ်ကို သေချာစစ်ကြည့်ချင်တယ်”
သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်လိုက်သည်နှင့် တစ်ဖက်လူထံတွင် တစ်စုံတစ်ခုသည် လွဲမှားနေပြီဖြစ်ကြောင်းကို သူမ သဘောပေါက်လိုက်သည်။
ကုကျစ်စုန့် ဝိဉာဉ်စွမ်းအင်အား ဖြန့်ကျက်လိုက်ပြီးနောက် ယန်ချန်၏ ကိုယ်တွင်းမှ ဝိဉာဉ်နေရာသို့ ဝင်ရောက်လိုက်သည်။
ထို့နောက် သူ၏ သွေးစီးကြောင်းအတိုင်း တဆင့်ချင်းစီ ဝင်ရောက်၍ သွေးကြောများ၊ အကြောအမှတ်များအား တစ်နေရာချင်းစီ လိုက်၍ စစ်ဆေးခဲ့သည်။
စစ်ဆေးပြီးချိန်တွင်တော့ သူမဘက်မှ ယန်ချန်၏ ခန္ဓာကိုယ်ကို နှစ်ကြိမ်တိုင်တိုင် သန့်စင်၍ ကုသခဲ့ပြီး ဖြစ်သော်ငြား အခြေအနေမှာ တိုးတက်လာခြင်းမရှိဘဲ ပို၍ပင် ဆိုးလာခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့ရသည်။
ယင်ရှနေရာတွင် မည်းနက်ထူထဲသော အနက်ရောင်စွမ်းအင်တစ်ခု ပုန်းကွယ်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်အား တိုက်ခိုက်နေခဲ့သည်။
ထိုယုတ်ညံ့ပြီး ထိုင်းမှိုင်း စိုစွတ်သော စွမ်းအင်ကို ကုကျစ်စုန့် ကောင်းကောင်းသိသည်။
အနက်ရောင်မြူခိုးပင်။
ထိုအရာက ယန်ချန်၏ ခန္ဓာကိုယ်ထဲသို့ အလစ်တွင် ဝင်ရောက်နေရာယူထားခဲ့သည်။
သူ၏ ကျန်းမာရေးအခြေအနေ ဆုတ်ယုတ်လာသည်မှာ မထူးဆန်းတော့ပေ။
ကုကျစ်စုန့်၏ မျက်နှာတည်ငြိမ်သွားခဲ့ပြီးနောက် လူငယ်လေး၏ ပိန်ပါးခြင်းမရှိဘဲ သွေးကြောများ စိမ်းနေသော လက်မောင်းအား ဆွဲကိုင်လိုက်လေသည်။
ထို့နောက် ကိုင်ထားသည့် လက်မှတဆင့် သူမ၏ စွမ်းအင်များက ယန်ချန်၏ ကိုယ်တွင်းသို့ ဆက်တိုက် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
သူမ၏ ဝိဉာဉ်စွမ်းအင်က ရွှေရောင်အလင်းတန်းများ ရောယှက်နေသည့် အဖြူရောင်ဖြစ်လေသည်။ ရွှေရောင်အလင်းတန်းများမှာ ကုသိုလ်ကောင်းချီးစွမ်းအင်များဖြစ်သည့်အလျောက် မကောင်းသည့်အရာများအား ထိန်းချုပ်ထားနိုင်စွမ်းရှိသည်။
သူမ ယန်ချန်အား နောက်ဆုံးအကြိမ် ကူညီခဲ့ချိန်ကနှင့် ယှဉ်ကြည့်လျှင် ကုကျစ်စုန့်၏ ဝိဉာဉ်စွမ်းအင်က လဝက်ခန့်အတွင်းမှာပင် အဆများစွာ အားကောင်းလာခဲ့သည်။
ထို့ကြောင့် မကောင်းဆိုးဝါးဝိဉာဉ်များအား အလွယ်တကူ စုပ်ယူနိုင်စွမ်းရှိသည်။
နှစ်ပေါင်းများစွာ ခေါင်းမာ၍ ယန်ချန်အား တိုက်ခိုက်နေခဲ့သော မကောင်းဆိုးဝါးဝိဉာဉ်မှာ အဖြူရောင် ဝိဉာဉ်စွမ်းအင်၏ တဖြည်းဖြည်းဝါးမျိုခြင်းကို ခံလိုက်ရသည်။
မကြာခင်မှာပင် ယန်ချန်၏ ခန္ဓာကိုယ်အနီး ဝိုင်းရံနေသည့် မီးခိုးရောင်မြူခိုးက တဖြည်းဖြည်း လျော့ပါးသွားခဲ့ပြီး ပျောက်ကွယ်လုနီးနီး ဖြစ်လာခဲ့သည်။
မကောင်းဆိုးဝါးဝိဉာဉ်များအား စုပ်ယူဖယ်ရှားလိုက်ချိန်တွင် သွေးကြောများအတွင်း၌ နေရာယူထားသော အနက်ရောင်မြူခိုးသည်လည်း ပို,ပို၍ ထင်ရှားလာခဲ့သည်။
ကုကျစ်စုန့်၏ မျက်ဆံများအတွင်း၌ ရွှေရောင်အလင်းတန်းငယ်တစ်ခု ပေါ်နေခဲ့သည်။ ယန်ချန်၏ နွေးထွေးသော လက်အား ထိထားသည့် လက်ချောင်းများမှတဆင့် သူမ အားကို ပို၍ ထုတ်လိုက်သည်။
လူငယ်လေး၏ သွေးကြောများအတွင်းသို့ စီးဝင်နေသည့် ဝိဉာဉ်စွမ်းအင်များသည်လည်း လမ်းညွှန်ပြခံလိုက်သကဲ့သို့ သူ၏ အူအသည်းများအထိ နေရာယူထိုးဖောက်ထားသော အနက်ရောင်မြူခိုးထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားခဲ့လေသည်။
အားနှစ်ခုပြိုင်နေသည့် တွန်းအားကြောင့် ယန်ချန် အနည်းငယ် ညည်းတွားမိသည်။
စူးရှသော နာကျင်မှုနှင့် ခံစားရခက်မှုတို့ကြောင့် သွေးကြောများမှ ထုံထိုင်းနေသည့် ခံစားချက်မှာ အနက်ရောင်မြူခိုး တဖြည်းဖြည်း လျော့ပါးလာသည်နှင့်အမျှ ပို၍ ဆိုးလာခဲ့သည်။
သည်းခံမထားနိုင်သည့် နာကျင်မှုမျိုးတော့မဟုတ်ပါချေ။ ဝေဒနာနှင့် ထုံကျဉ်မှုတို့ ပျောက်ကွယ်သွားချိန်တွင် ပို၍ ပေါ့ပါးလာခဲ့ပြီးနောက် နှစ်ပေါင်းများစွာ ခံစားနေရသည့် ရောဂါတစ်ခု ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်လိမ့်မည်။
သို့သော် လုပ်ဆောင်နေချိန်အတွင်း၌ အင်မတန် ခက်ခဲ၍ ကြာမြင့်သော နှိပ်စက်မှုတစ်ခုအလား ခံစားနေရသည်။
ယန်ချန် ဟန်မဆောင်နိုင်စွာဖြင့် လက်သီးများကို ဆုတ်ထားလိုက်မိကာ လက်ကောက်ဝတ်မှ သွေးကြောများသည်လည်း အတိုင်းသား ပေါ်လာခဲ့သည်။
“နာနေလို့လား ၊ ခဏလောက် သည်းခံထားပါဦး”
ကုကျစ်စုန့် အံကိုတင်းတင်းကြိတ်ထားသည့် လူငယ်လေးကို ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်မိသည်။
“ရှင်က အခုရက်ပိုင်းအတွင်း ခန္ဓာကိုယ် ပိုဆိုးလာတာကို သတိထားမိသေးလား၊ ဒါမှမဟုတ် ရှင့်ရဲ့ ဦးနှောက်နဲ့ ပတ်သတ်တာမျိုး တစ်ခုခုပေါ့.. သတိထားမိတာရှိလား?”
ယန်ချန်က တုံးအသူမဟုတ်ပါချေ။ ယခုရက်ပိုင်းအတွင်း သူ သတိထားမိနေသည့်အရာတစ်ချို့ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
သူ၏နှုတ်ခမ်းပါးများက အားပြင်းစွာဖိထားခံရမှုကြောင့် နီမြန်းနေခဲ့ပြီး ဖြည်းညင်းစွာ ပြောလာခဲ့သည်။
“ကြည့်ရတာ.. ပြဿနာတော့ နည်းနည်းရှိနေတယ်”
“ခန္ဓာကိုယ်အခြေအနေ ဆိုးလာတာက ပိုမြန်လာတယ်၊ ဒါပေမယ့် အရင်တုန်းကနဲ့ မတူဘူး.. အရေပြားပေါ်မှာ တချို့နေရာတွေက ဘာကြောင့်မှန်းမသိ၊ အညိုအမဲစွဲနေတတ်တယ်
ကြွက်သားတွေထဲကမှ ပေါ်လာတဲ့ ဒဏ်ရာမျိုးနဲ့ တူတယ်၊ ခန္ဓာကိုယ်က တဖြည်းဖြည်း ယိုယွင်းပြီး ကြွက်သားတွေ ခိုက်မိထားသလိုမျိုး…”
သူ ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။
သူ့အနေဖြင့် နာကျင်မှုအား ကြိတ်မှိတ်၍ သည်းခံနေခဲ့သော်လည်း သူ၏ အသက်ရှူသံပြင်းပြင်းတို့က ဖုံးကွယ်၍မရပါချေ။
ယန်ချန်သည်ကား ငယ်စဉ်ကလေးဘဝတည်းက အချိန်မရွေး သေခြင်းတရားအား ရင်ဆိုင်ရန် အသင့်ပြင်ထားပြီးဖြစ်သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်အတွင်းမှ ပုံမှန်မဟုတ်သော ပြောင်းလဲမှုများအား သတိပြုလိုက်မိချိန်တွင်လည်း အချိန်ခဏခန့်သာ တိတ်ဆိတ်နေခဲ့မိပြီးနောက် ကြောက်လန့်ခြင်းအလျဉ်းမရှိခဲ့ဘဲ တိတ်တဆိတ်သာ လက်ခံခဲ့လေသည်။
“နောက်ပြီးတော့.. စိတ်အခြေအနေကလည်း တနေ့တခြား ပိုပိုပြီး ဒေါသကြီးလာတတ်တယ်၊ ကိုယ် တစ်ယောက်တည်း နေတာပဲဖြစ်ဖြစ်၊ အခြားလူတွေနဲ့ နေတာပဲဖြစ်ဖြစ် အမြဲတမ်း ခေါင်းထဲမှာ မကောင်းတဲ့အတွေးတွေ ပေါ်လာတတ်တယ်”
“အဲဒါတွေက ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာ နေရာယူနေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ ဘေးထွက်ဆိုးကျိုးဆိုတာကိုလည်း သိတယ်”
ယန်ချန် စကားပြောနေရင်းနှင့်ပင် သူ၏မျက်ခုံးများက လှုပ်နေခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုက သူ့အား ပို၍ ဒုက္ခပေးနေခဲ့သည်။
‘တကယ်တော့ သူတို့က မင်းကို ဆွေမျိုးလို့တောင် သတ်မှတ်တာမဟုတ်ဘူး၊ အရမ်းထက်မြက်တဲ့ မင်းကို ကြောက်လို့သာ ဘာမှ မပြောရဲကြတာ
မင်း ငယ်ငယ်တုန်းက ယန်ရှု့ကွေး မင်းကို ဘယ်လောက်တောင် ရှောင်ဖယ်ခဲ့တယ်ဆိုတာကို မမေ့သေးဘူးမလား?’
‘တောက်ကျန့်ဂိုဏ်းထဲက လူပြက်တွေ မင်းကို ဘယ်လောက်ထိ အရှက်ခွဲ၊ ဘယ်လောက်ထိ နှိပ်စက်ခဲ့တယ်ဆိုတာ မမေ့သေးရင် ဘာကိစ္စ သူတို့ရဲ့ အကြွေးတွေကို အတိုးနဲ့ ပြန်မဆပ်သေးတာလဲ
ငါတို့မှာ အဲလို စွမ်းအင်ရှိတယ်လေ၊ မင်းရဲ့ကိုယ်ထဲမှာ မင်းကိုယ်တိုင်တောင် သေချာမသိတဲ့ အားကောင်းတဲ့ စွမ်းအင်တွေ ရှိနေတယ်၊
မင်းသာ လက်စားချေချင်တယ်ဆိုရင် ငါတို့ မင်းကို သင်ပြပေးမယ်’
‘မင်း ကုကျစ်စုန့်ကို သဘောကျတာလား? သူက မင်းထက် အများကြီးမြင့်တဲ့နေရာမှာ ရှိနေတာ၊ မင်းက သူ့အတွက်တော့ ပုရွက်ဆိတ်တစ်ကောင်လောက်တောင် တန်ဖိုးမရှိဘူး
သူလည်း တောက်ကျန့်ဂိုဏ်းက လူတွေနဲ့ အတူတူပဲ ၊ မင်း သူ့ကို သူထိုင်နေတဲ့ ပလ္လင်ပေါ်ကနေ ဆွဲမချပစ်ချင်ဘူးလား’
‘…’
အချိန်တိုင်း ခေါင်းထဲတွင် ပေါ်,ပေါ်လာတတ်သည့် ထိုအတွေးဆိုးများသည်က ယန်ချန်၏ ထိန်းချုပ်ထား၍ မရနိုင်သော အမှောင်ထုသဖွယ် ငရဲတွင်းသို့ သူ့အား ဖြားယောင်း၍ ခေါ်ဆောင်နေတတ်သည်။
မိသားစုဝင်များနှင့် စကားပြောနေချိန်တွင် ကုကျစ်စုန့်၏အကြောင်းတို့ကလည်း ပြော၍ပင် မသင့်တော်သည့် အတွေးဆိုးများဖြင့် မကြာခဏ ပေါ်လာတတ်သည်။
ယန်ချန် ထိုအတွေးများကို ဖျောက်၍ မရနိုင်သော်လည်း ထောင်ချောက်ထဲသို့လည်း မကျခဲ့ပေ။
ထိုအတွေးများသည်က သူကိုယ်တိုင်၏ အတွေးမဟုတ်ကြောင်း သူကောင်းစွာ သိသည်။
သူ၏ ခန္ဓာကိုယ်ထဲတွင် မကောင်းဆိုးဝါးတစ်ကောင်ရှိနေသကဲ့သို့ ခံစားချက်များအား ဖိနှိပ်ထားသည့် အချိန်ကြာမြင့်ရာမှ ပေါ်လာသည့် အတွေးများသာဖြစ်သည်။
ထိုတပ်မက်မှုများ၊ အမုန်းတရားများအတွင်းသို့ ကျရှုံးသွားပါက လူတစ်ယောက်၏ အသိစိတ်ကို ဆုံးရှံးရမည်ဖြစ်ကာ အနိမ့်ဆုံးအဆင့်ထိ ကျရောက်သွားလိမ့်မည်။
ကုကျစ်စုန့် နှာခေါင်းရှုံ့လိုက်မိသည်။
“ဒါက အတော်လေးဥာဏ်များသားပဲ”
သူ၏ခေါင်းထဲသို့ တိုးဝင်လာသည့် အတွေးများက ကိုယ်တိုင်၏ အတွေးမဟုတ်ကြောင်း ကောင်းစွာသိသည်၊ နာကျင်မှုကိုလည်း သတိမလွတ်ဘဲ တောင့်ခံထားနိုင်သည်။ လူကောင်းတစ်ယောက်တွင် ရှိသင့်သော အသိစိတ်၊ ကိုယ်ကျင့်တရားအား စောင့်ထိန်းထားနိုင်သည်။
ထိုသို့ စွမ်းဆောင်ရည်ရှိသူက များများစားစားမရှိပါချေ။
လူအများစုက တပ်မက်လောဘစိတ်များ ပေါ်လာသည်နှင့် ချက်ချင်း ကျရှုံးသွားတတ်ပြီး ‘အနက်ရောင်မြူခိုး’သည်လည်း လူများ၏ ယုတ်ညံ့သော စိတ်ခံစားချက်များအား အဆမတန် အားကောင်းလာအောင် လှုံ့ဆော်နိုင်စွမ်းရှိသည်။
မှန်ပေ၏။ထိုအရာသည်က ‘အနက်ရောင်မြူခိုး’ပင်။
ဤသည်က ယန်ချန် သတိမပြုမိချိမ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယန်ချန်၏ ကိုယ်ပေါ်မှ ဒဏ်ရာများ၊ သူ့စိတ်ထဲတွင် ကြားယောင်နေရသော ‘အတွေးများ’ အားလုံးသည်က သာမန်လူများအပေါ်တွင် အနက်ရောင်မြူခိုး၏ တိုက်စားမှုကြောင့် ဖြစ်ပေါ်လာခြင်းသာဖြစ်သည်။
ကုကျစ်စုန့် ‘အနက်ရောင်မြူခိုး’နေရာမှ ဝင်၍ တွေးကြည့်လိုက်မိသည်။
သူ၏ အမြင်မှဆိုလျှင် ယန်ချန်က သာမန်လူတစ်ယောက်သာဖြစ်သည်။
တစ်နှစ်ပတ်လုံး မကောင်းဆိုးရွားဝိဉာဉ်များ၏ နှိပ်စက်မှုကို ခံနေရသော၊ တောက်ဓမ္မဂိုဏ်းများ၏ အနိုင်ကျင့်ခြင်းခံခဲ့ရသော၊ မိဘများ၏ အချစ်မခံရသော ‘သနားစရာလူသား’တစ်ဦးသာ ဖြစ်သည်။
ယန်ချန်က တစ်ယောက်တည်းနေထိုင်ပြီး လူအများနှင့် ရောထွေးခြင်းမရှိပေ။ သူ့တွင် သေချာပေါက် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ရှိနေသည်။
ထိုသို့သော လူမျိုးအတွက် မီးတောက်အားကောင်းစေရန် မီးစာအနည်းငယ်သာ လိုအပ်ပြီး သူ၏ စိတ်နှလုံးအတွင်းမှ ‘မကောင်းမှု’အား လှုံ့ဆော်နိုင်ပါက သူသည်လည်း ရုန်းထွက်၍ မရနိုင်တော့မည့် မကောင်းမှုခံတွင်းသို့ ကျရှုံးရမည်သာ ဖြစ်သည်။
သို့သော် အနက်ရောင် မြူခိုး မမျှော်လင့်ထားခဲ့သည့်အချက်မှာ ယန်ချန်က ညှင်းပန်းနှိပ်စက်ခံခဲ့ရသော်လည်း သူ၏ စိတ်ဓာတ်စွမ်းအားများက အံ့သြထိတ်လန့်စရာကောင်းလောက်အောင် အားကောင်းလွန်းနေခဲ့သည်။