← Chapters

အချစ် + စီးပွားရေးသမားတစ်ယောက်ရဲ့ ကိုယ်ကျင့်တရား + နေထိုင်စရာနေရာ (2)

Vol. 48 Ch. 476

အချစ် + စီးပွားရေးသမားတစ်ယောက်ရဲ့ ကိုယ်ကျင့်တရား + နေထိုင်စရာနေရာ (2)

Vol. 48 Ch. 476

ယန်ချန်၏ ရင်ထဲတွင် နက်ရှိုင်းသော ဒဏ်ရာများ ရှိနေသည်က အမှန်ပင်ဖြစ်ပေ၏။ သို့သော် ယန်ချန်၏‌ စိတ်သဘောထား ‘အနိမ့်ကျဆုံးအဆင့်’သည်ပင် သာမန်လူများထက် အဆမတန် မြင့်မားလွန်းနေခဲ့သည်။

မိသားစုထံမှ အချစ်အား မရသည့်အချိန်တွင် ယန်ချန်က ဆွေမျိုးများ နေရမခက်စေရန်အတွက် ယန်မိသားစုထံမှ ခပ်ခွာခွာ နေထိုင်ပေးခဲ့သည်။

ရွှမ်းမင်က သူ့အား နှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့သည်။ ထိုပညာရှင်အများစု၏ အပြုအမူများကိုလည်း သူ့အနေဖြင့် မနှစ်မျို့သော်လည်း ထိုလူများ၏ အကြောက်တရား၊ စိုးရိမ်စိတ်များအား သူနားလည်ပေးခဲ့ပြန်သည်။

လူအများ၏ ကြောက်ရွံ့မှုကို သူ စိတ်မဝင်စားခဲ့ချေ။ သူသဘောကျသည့် လူကိုလည်း ပိုင်ဆိုင်စရာ ပစ္စည်းတစ်ခုကဲ့သို့ ထိန်းချုပ်ထားလိုသည့် ဆန္ဒဟူ၍လည်း မရှိ။

သူသည်က အဖက်ဖက်တွင် ‘ အံ့သြစရာကောင်းလွန်းသော လူကောင်း’တစ်ယောက်သာ ဖြစ်သည်။

ဖျက်ဆီး၍ မရနိုင်သော လူကောင်းတစ်ဦးပင်။

သူ့အား ဦးနှောက်ဆေးခြင်း၊ သူ၏ စိတ်ဓာတ်အား တိုက်စားခြင်းတို့က ကျရှုံးခဲ့ရသော်လည်း သာမန်လူ၏ခန္ဓာကိုယ်ပေါ်တွင် ထိုတိုက်ခိုက်မှုများ၏ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ကျန်ရစ်နေခဲ့သည်။

ယန်ချန်၏ စိတ်ဓာတ်သန်မာမှုကြောင့် ကုကျစ်စုန့် အံ့အားသင့်ခဲ့ရပြီး တစ်ချိန်တည်းမှာပင် အနည်းငယ် သံသယပေါ်လာမိသည်။

သူမ၏စိတ်ထဲတွင် ခံစားချက်တစ်ခု ရနေသည်။

အနက်ရောင်မြူခိုး ယန်ချန်အား ချဉ်းကပ်ခဲ့ရသည့် အကြောင်းအရင်းမှာ သူမကြောင့်သာ ဖြစ်လိမ့်မည်။

အချိန်ကြာမြင့်သည်ထိ ‘အနက်ရောင်မြူခိုး’က သူမနှင့် ထိပ်တိုက်မတွေ့စေရန် လူအုပ်ကြားထဲတွင် ပုန်းကွယ်ရှောင်တိမ်းနေတတ်ပြီး သာမန်လူများ၏ စိတ်နှလုံးကို နှိုးဆွကာ ပြဿနာများ ဖန်တီးတတ်သည်။

သို့သော် သူကိုယ်တိုင် ဝင်ရောက်ပါဝင်ပတ်သတ်ခြင်းမရှိခဲ့ချေ။

ယခုအချိန်တွင်တော့ သူမနှင့် အနီးကပ်ရှိနေသည့် ယန်ချန်အား တိုက်ခိုက်ခဲ့သည်။

သူမနှင့် ယန်ချန်ကြားတွင် အဆက်အသွယ်ရှိနေကြောင်းကို သိနေလျက်နှင့် ထိုအနက်ရောင်မြူခိုးက သူ့အတွက် ကျရှုံးနိုင်ချေရှိသော ယန်ချန်အား အဘယ်ကြောင့် တိုက်ခိုက်ခဲ့ရပါသနည်း။

သူသာ အောင်မြင်သွားခဲ့ပါက ကုကျစ်စုန့်၏အနီးတွင် မည်သို့ဖြစ်လာမည်နည်း။

ကုကျစ်စုန့်၏ ဖီးနစ်မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

မည်သို့သော အကြောင်းရင်းကြောင့် ဖြစ်စေ၊ တစ်ဖက်မှ ရန်သူက ‘လုံခြုံမှု’ကို လက်လျှော့လိုက်ပြီးနောက် ‘ဖြစ်နိုင်ချေ’အား ရွေးချယ်လာချိန်တွင် သူမ၏ အနိုင်ရနိုင်ချေမှာ ပို၍ မြင့်မားလာပြီဖြစ်သည်။

အနက်ရောင်မြူခိုးအား ငြိမ်သက်စွာ ပုန်းကွယ်မနေနိုင်စေသည့် အကြောင်းအရာတစ်ခုခု ဖြစ်ပျက်ခဲ့ခြင်းသာဖြစ်ပေမည်။

ထိုအရာက အောက်တန်းကျသည့် နည်းလမ်းများ၊ တွက်ချက်မှုများကို လုပ်နိုင်စွမ်းမရှိတော့ချေ။

အလောတကြီးဖြင့် သူကိုယ်တိုင် ‘စတင်တိုက်ခိုက်’လာခဲ့သည်။

ထိုအချိန်တွင် ဖြစ်ပျက်သွားခဲ့သည့် အကြောင်းအရာက အရေးမကြီးတော့။ ထိုအရာ၏ အားနည်းမှုအား အခွင့်ကောင်းယူ၍ အမြစ်ပေါ်သည်ထိ ဖော်ထုတ်ရှင်းလင်းပစ်ရမည်။

သူမ၏ အတွေးများက တဖြည်းဖြည်း ရှင်းလင်းလာချိန်တွင် ကုကျစ်စုန့် ယန်ချန်၏ လက်မောင်းကို ကိုင်ထားသည့်လက်အား ပြန်ရုတ်သိမ်းလိုက်သည်။

“ကောင်းပြီ၊ အခုရော ဘယ်လိုနေသေးလဲ”

နာကျင်မှု၊ ထုံကျဉ်မှုများ လျော့ပါးသွားသောကြောင့် ယန်ချန် စိတ်ရောကိုယ်ပါ ပေါ့ပါးနေခဲ့သည်။

“နေလို့ ကောင်းပါတယ်.. ပြီးတော့ မကောင်းဆိုးဝါးဝိဉာဉ်လည်း ပျောက်သွားပြီ”

“ တော်သေးတာပေါ့ ၊ တကယ်တော့ ကျွန်မ ဒီကို ရုတ်တရက်လာခဲ့တာက ဟိုတစ်ခေါက်တုန်းက အစီအရင်ထည့်သွင်းမယ့် ပရိုဂရမ်အကြောင်းလေး မေးချင်လို့လေ

အခု နည်းနည်းလောက် ပြဿနာရှိနေတဲ့ အကျဉ်းသားတွေ ရှိနေလို့၊ သူတို့ရဲ်နောက်မှာ သေချာပေါက် ကြိုးကိုင်တဲ့ သူရှိနေပေမဲ့ သူတို့တွေက အင်တာနက်ကနေပဲ ဆက်သွယ်ကြတာဖြစ်နေတယ် ဒါကြောင့် ကျွန်မလည်း ရှင့်ကို မေးဖို့ သတိရသွားတာ”

ဝိဉာဉ်ဆိုင်ရာအထူးဌာနဝင်များ၊ ရဲအရာရှိများ စစ်ဆေးပြီးနောက် စွန်းယွဲ့က သူမနောက်ကွယ်မှ အကြံပေးနေခဲ့သည့် ‘ပညာရှင်’အကြောင်း ဝန်ခံလာခဲ့သည်။

တစ်ချိန်တည်းမှာပင် အင်တာနက်ဆယ်လီ ရှောင်ဝူ၏ မိုဘိုင်းဖုန်းနှင့် တခြားသော ဆက်သွယ်ရေးပစ္စည်းများကိုလည်း ထိုပညာရှင်၏ အကူအညီဖြင့် ဖွက်ထားခဲ့ကြောင်း၊ ပညာရှင်မှပင် ရှောင်ဝူအဆောက်အအုံပေါ်မှ ခုန်မချမီ သူမနှင့် ဆက်သွယ်ခဲ့သော record များကို ဖျက်ဆီးပေးခဲ့ကြောင်း ဝန်ခံခဲ့သည်။

ထို့ကြောင့်ပင် ရဲအရာရှိများအနေဖြင့် ဖုန်းအား စစ်ဆေးစဉ်က မည်သို့သော အရာကိုမှ ရှာမတွေ့ခဲ့ကြခြင်းပင်။

“ကျွန်မလည်း စွန်းယွဲ့ပြောတဲ့ အကောင့်ကို ရှာကြည့်သေးတယ်၊ ဒါပေမယ့် အဲဒါကလည်း မရှိတော့ဘူး”

တစ္ဆေတစ်ကောင်ဖြစ်သွားခဲ့သော ဟဲကျောင်ရှန်းက ဤသို့ နှောင့်ယှက်နေခြင်းဖြစ်ကြောင်းကို သူမ အတပ်ပြောနိုင်သော်လည်း အင်တာနက်ပေါ်မှ အရာများက သူမ၏ လုပ်နိုင်စွမ်းအား ထိန်းချုပ်ထားခဲ့သည်။

“တောင်းပန်ပါတယ်… ပရိုဂရမ်နဲ့ စနစ်သစ်ကတော့ ဖန်တီးပြီးသွားပါပြီ၊ ဒါပေမယ့် ကွန်ယက်တစ်ခုအနေနဲ့ လူအများကြီး အသုံးပြုဖို့အတွက်က အကြိမ်ပေါင်းများစွာ သေချာစစ်ဆေးဖို့ လိုဦးမယ်..

ဒီလိုမှ မဟုတ်ရင် bug တွေ ပေါ်ပြီး သေချာပေါက် အနှောင့်အယှက်ဖြစ်မှာဆိုတော့..”

ယန်ချန်၏ တောင်းပန်စကားဆိုလာသည့် အသံမှာ တိုးဝင်နေခဲ့သည်။

“Device တစ်ခုတည်း သုံးမှာဆိုရင်တော့ ပြဿနာမရှိပါဘူး”

“ဒါဆိုရင်ကို တော်တော် အဆင်ပြေနေပြီပဲ၊ လက်ရှိမှာတော့ ပြဿနာကြုံနေရတဲ့ device တွေမှာပဲ ရွေးသုံးလို့ ရတယ်လေ”

“ရှင်က အချိန်ရော၊ ကြိုးစားမှုတင်မကဘူး၊ ငွေတွေအများကြီး သုံးပြီးတော့ ဒီပရိုဂရမ်ကို ရေးပေးခဲ့တာ။ပဲ၊ ကျွန်မ ရှင့်ကို ကျေးဇူးအများကြီး တင်နေပါပြီ”

သူ့အား လေးလေးနက်နက် ကျေးဇူးတင်စကားဆိုလာသော ကုကျစ်စုန့်ကြောင့် ယန်ချန်၏ စိတ်တွင်းမှ သန်မာမှု၊ တည်ငြိမ်မှုများအောက်တွင် ပုန်းကွယ်နေသည့် အနည်းငယ်သော အားငယ်စိတ်များ လျော့ပါးသွားခဲ့သည်။

အားနည်း၍ တုံ့ဆိုင်းနေသော စိတ်များလည်း လျော့ပါးသွားခဲ့လေသည်။

ကုကျစ်စုန့်၏ နှလုံးသားထဲတွင် ရေလေးတစ်ပွက် လှုပ်ခတ်သွားကဲ့သို့ အနည်းငယ် လှုပ်ရှားသွားမိသည်။

သူမသည်က စိတ်ခံစားချက်အား မျှဝေခံစားတတ်ခြင်းမရှိကြောင်း ကုကျစ်စုန့် သိထားသည်။ သို့သော် သူမ၏ နှလုံးသားက ကျောက်ဖြင့် ထုလုပ်ထားသော အရာမဟုတ်ပါချေ။

ယန်ချန်၏ သဘောကျနှစ်ခြိုက်ခြင်းများက မီးများကဲ့သို့ အားကောင်းပြင်းထန်လွန်းပြီး သူမကို စိုက်ကြည့်နေသည့် မျက်ဝန်းအစုံတွင်လည်း ခံစားချက်များ ပြည့်လျှံနေခဲ့သည်။

သူ၏ နှင်းဆီဖူးများကဲ့သို့ နီမြန်းနေသော နားရွက်ဖျား၊ သူမနှင့် မျက်လုံးချင်းဆုံလိုက်တိုင်း မသိမသာရှောင်လွှဲတတ်သည့် မျက်ဝန်းဖျော့ဖျော့များ၊ သူမအတွက် တိတ်တဆိတ် လုပ်ဆောင်ပေးခဲ့သည့် အရာများ..

ယန်ချန်က သူ၏ စိတ်ခံစားချက်ကို ဖုံးကွယ်ထားချင်သော်လည်း ဖုံးကွယ်ထားနိုင်စွမ်းမရှိခဲ့ချေ။

ဖူချင်းအာပင် သတိထားမိပြီဖြစ်သောကြောင့် ကုကျစ်စု့န်အနေဖြင့် သတိမထားမိရန် အကြောင်းမရှိခဲ့ပေ။

သို့သော် ကုကျစ်စု၏န့်စိတ်ထဲတွင်လည်း ဝေခွဲမရသည့် အတွေးများ ရှိနေသည်။

သူမအနေဖြင့် ဤကမ္ဘာတွင် ရင်းနှီးသည့် သူငယ်ချင်းများ ရရှိခဲ့သည်။

အချစ်၊ အမုန်း၊ မိသားစုအချစ်တို့အား တဖြည်းဖြည်း နားလည်လာခဲ့ပြီဖြစ်သော်ငြား လူနှစ်ဦးကြားတွင် ဖြစ်ပေါ်လာသည့် ချစ်ခြင်းတရားအကြောင်း ကောင်းစွာ နားမလည်သေးပါချေ။

ထိုစိတ်ခံစားချက်က အင်မတန် ရှုပ်ထွေးသည်။ ဖြစ်နိုင်ချေပေါင်းများစွာ ရှိသည်။ ရံဖန်ရံခါတွင်လည်း လူများအား မျက်ကန်းများကဲ့သို့ပင် ဖြစ်သွားစေနိုင်သည်။

ထိုခံစားချက်က ပုံမှန်ရောက်လာခြင်းမဟုတ်ပေ။ လျော့ပါးသွားရန်လည်း လွယ်ကူလွန်းသောကြောင့် သူမကဲ့သို့ အမြဲလိုလို စိတ်ခံစားချက် တည်ငြိမ်နေသည့် လူတစ်ဦးအတွက် နားလည်နိုင်ရန် ခက်ခဲလွန်းလှသည်။

သူမက ယန်ချန်ကိုသာ စောင့်ကြည့်နေခြင်းမဟုတ်ဘဲ သူမကိုယ်တိုင်ကိုလည်း စောင့်ကြည့်နေမိသည်။

သူမတွင် ယခုအချိန်၌ ‘အချစ်’မရှိသေး၊ ထိုခံစားချက်များကိုလည်း တုံ့ပြန်နိုင်ဦးမည်မဟုတ်သော်ငြား ထူးဆန်းစွာဖြင့် သူမဘက်မှ ထိုအားကောင်းလွန်းလှသည့် ခံစားချက်များအား သဘောမကျခြင်းမရှိနေခဲ့ပါချေ။

ယန်ချန်ကိုလည်း မနှစ်မျို့ခြင်းဟူ၍ မရှိ။

အချိန်အကြာကြီး စဉ်းစားနေပြီးနောက် ကုကျစ်စုန့် ခေါင်းကိုမော့ကာ တုံးတိမေးလိုက်သည်။

“ယန်ချန်၊ ရှင်က ‘ချန်အန်းအနုပညာ’ဆိုတဲ့ အမှိုက်ကုမ္ပဏီရဲ့ ပိုင်ရှင်အသစ်မလား၊ ကျွန်မရဲ့ လက်ထောက်က ပြီးခဲ့တဲ့ နှစ်ရက်လောက်တုန်းက တော်တော်လေးကို ယုတ္တိရှိပြီး ကျွန်မအတွက် အကျိုးခံစားမှုများတဲ့ စာချုပ်တစ်ခု လာပြတယ်

စာချုပ်ထဲက အချက်တွေအရတော့ ကုမ္ပဏီက ကျွန်မအတွက် အရမ်းကို အလျှော့ပေးထားပြီး မတရားတာတွေကိုလည်းလုပ်ဆောင်တော့မှာ မဟုတ်ဘူးတဲ့ ၊ ငွေမရရင်တောင်မှ…”

ခေတ္တမျှ ရပ်လိုက်ပြီး‌နောက် သူမ သက်ပြင်းချရင်း ပြောလိုက်မိသည်။

“ဒီလိုအလုပ်ရှင်မျိုးကိုလုပ်မဲ့သူက ရှင်ကလွဲပြီးတော့ အခြားလူတစ်ယောက်ကို စဉ်းစားလို့ မရဘူး”

“ကိုယ်ပါပဲ၊ ကိုယ် ‘ချန်အန်း’အနုပညာအေဂျင်စီကို ဝယ်လိုက်တာ”

အချိန်အနည်းငယ်တွေဝေနေခဲ့ပြီးနောက် ယန်ချန် ဝန်ခံလိုက်သည်။

ကုကျစ်စုန့် အထင်လွဲမည်ကို စိုးရိမ်သကဲ့သို့ ချက်ချင်း ရှင်းပြလိုက်သည်။

“တခြား ဘာအဓိပ္ပာယ်မှ မရှိပါဘူး၊ စာချုပ်က လက်ထောက်ကျိုးကနေတဆင့် စုန့်စုန့်ကို ပြဖို့အတွက် သီးသန့်ပါပဲ၊

ချန်အန်းအနုပညာနဲ့ စာချုပ်ဆက်ချုပ်တာပဲဖြစ်ဖြစ်၊ ထွက်သွားတာပဲဖြစ်ဖြစ် မင်းရဲ့ ရွေးချယ်မှုပဲလေ”

သူ့အနေဖြင့် ‘ချန်အန်းအနုပညာ’ကို ဝယ်ယူလိုက်ကြောင်း စကားတစ်ခွန်းမှ မဟခဲ့သကဲ့သို့ သူ၏ ကုမ္ပဏီဂရုအတွင်းမှ လူများပင် ထိုအကြောင်းကို မသိကြပါချေ။

ကုကျစ်စုန့်က သူမကိုယ်တိုင် ချက်ချင်း ခန့်မှန်းလိုက်နိုင်မည်ဟု ထင်မထားခဲ့ပေ။

ယန်ချန်အနေဖြင့် ချန်အန်းအနုပညာအား စုံစမ်းစစ်ဆေးပြီးဖြစ်သောကြောင့် ထိုကုမ္ပဏီင မည်မျှ ဆိုးရွားယုတ်ညံ့ကြောင်း ကောင်းကောင်းသိထားသည်။

အထက်တွင်လည်း အောက်တန်းကျသည့် ခေါင်းဆောင်များ၊ အောက်တွင် အနုပညာရှင်များအား အနိုင်ကျင့်ဖိနှိပ်သည့် မန်နေဂျာများသာ ပြည့်နေခဲ့သည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကုကျစ်စုန့် အနေဖြင့် အနုပညာလောကတွင် လူအများ၏ နင်းချေခြင်းခံခဲ့ရသည်မှာလည်း ဤခွေးကုမ္ပဏီမှ သူမ၏ ဘဝကို အလေးမထားဘဲ နာမည်ကြီးရန်သာ ဦးစားပေး၍ ကောင်းသည်၊ ဆိုးသည်ကို ဂရုမစိုက်ခဲ့သောကြောင့်သာ ဖြစ်သည်။

ထိုသို့ ရွံရှာစက်ဆုတ်ဖွယ်လုပ်ရပ်များက ကုကျစ်စုန့်အား ‘ငရဲတွင်း’သို့ ဆွဲချခဲ့ခြင်းသာလျှင်ဖြစ်ခဲ့ပေ၏။

ယခုအချိန်တွင် ကုကျစ်စုန့်က ပြန်လည်မွေးဖွားလာသည့် ဖီးနစ်ငှက်အလား တောက်ပနေပြီပင်။

ထိုမီးတောက်က အားကောင်းလွန်းသောကြောင့် အနုပညာအသိုင်းအဝိုင်းတွင်းမှ မည်သူနှင့်မှ နှိုင်းယှဉ်၍ မရပေ။

ချန်အန်းအနုပညာနှင့် သူမတို့ကြားမှ စာချုပ်သည်လည်း သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။

ချန်အန်းကုမ္ပဏီက သေချာပေါက် သူမအား အလွတ်ပေးမည်မဟုတ်ကြောင်း ယန်ချန်ကောင်းကောင်းသိသည်။ ထိုပုတ်သိုးနေသည့် လူများ အသုံးပြုမည့် နည်းလမ်းများက မည်မျှ ယုတ်ညံ့သည့် နည်းလမ်းများဖြစ်မည်ကို ယန်ချန် တွေးကြည့်ရန်ပင်မလိုပါချေ။

နည်းလမ်းများအားလုံးကို အသုံးပြုပြီးချိန်မှာပင် ထိရောက်မှုမရှိပါက ထိုလူများက သေချာပေါက် ဒေါသထွက်၍ သူမကို နာမည်ဖျက်ကြမည်မှာ မြေကြီးလက်ခတ်၍ပင် မလွဲနိုင်ပေ။

ထိုနည်းလမ်းများက ကုကျစ်စုန့်အတွက် ပြဿနာမဟုတ်ကြောင်းလည်း သူသိသည်။

သို့သော် ထိုအောက်တန်းကျသည့် လူများ၊ နည်းလမ်းများကြောင့် ကုကျစ်စုန့် စိတ်ရှုပ်ရမည်ကို စဉ်းစားမိချိန်တွင် ယန်ချန် ဒေါသထွက်မိသည်။

ထို့ကြောင့် စီးပွားရေးအသိုင်းအဝိုင်းသို့ စတင်ဝင်ရောက်ချိန်မှ ယခုအချိန်ထိ ပထမဆုံးအနေဖြင့် သူ တခြားလူများကို ‘အနိုင်ကျင့်’ခဲ့လေသည်။

All Chapters