← Chapters

အစည်းအဝေး ပြင်ဆင်ခြင်းနှင့် နောက်ထပ် မိုးကြိုးပစ်ခြင်း (1)

Vol. 48 Ch. 478

အစည်းအဝေး ပြင်ဆင်ခြင်းနှင့် နောက်ထပ် မိုးကြိုးပစ်ခြင်း (1)

Vol. 48 Ch. 478

အသံများ တိတ်ဆိတ်သွားခဲ့ချိန်တွင် အရာရှိကျောင်းနှင့်အတူ ဖမ်းဆီးရေးတွင် ပါဝင်ခဲ့သည့် အဖွဲ့ဝင်များက စိတ်လှုပ်ရှားစွာ စကားဆိုလာခဲ့သည်။

“နည်းပြကု၊ ဒီကို ရောက်လာပြီပဲ၊ ကျွန်တော်တို့ နည်းပြရဲ့ ညွှန်ကြားချက်အတိုင်း တသဝေမတိမ်း လိုက်နာထားပါတယ်၊

စောင့်ရှောက်သင့်သူကို စောင့်ရှောက်ပြီး၊ ထိန်းသိမ်းရမယ့်သူကိုလည်း ထိန်းသိမ်းထားပါတယ်၊ အခု စွန်းယွဲ့ကို စစ်ဆေးတော့မလား”

ကုကျစ်စုန့် ခေါင်းကို အသာရမ်းသည်။

“မလိုပါဘူး ၊ သူ့ဖုန်းကရော ဘယ်မှာလဲ?”

“ဒီမှာပါ”

အဖွဲ့ဝင်မှ သူမထံသို့ ဖုန်းတစ်လုံးပါဝင်သည့် သက်သေခံပစ္စည်းအိတ်အား လှမ်းပေးလိုက်သည်။

ကုကျစ်စုန့် ယန်ချန်အား ညွှန်ပြလိုက်သော်လည်း သူ၏ အမည်ကို ထုတ်မပြောခဲ့ပေ။

“ဒီတစ်ယောက်က နည်းပညာပစ္စည်းတွေမှာ ကျွန်မထက် ပိုပြီး ကျွမ်းကျင်တယ်.. သူ့ကို ပြင်ပအကူအညီအနေနဲ့ ခေါ်လာခဲ့တာ..

ဒီတော့ ဒီသက်သေတွေကို ဖုံးကွယ်ဖို့ သုံးထားတဲ့ နည်းလမ်းတွေကို ဖော်နိုင်၊ မဖော်နိုင်က သူ့ကိုပဲ အားကိုးရလိမ့်မယ်”

“ကျွန်မကို ယွမ်ယွင်ဖန်နဲ့ အခြားနှစ်ယောက်ဆီကို ခေါ်သွားပေးပါ”

ခေတ္တမျှ ရပ်လိုက်ပြီးနောက် သူမ ဆက်ပြောလိုက်သည်။

“စကားမစပ် ကျွန်မကို အဆောင်စာလုံးတွေ ရိုက်နှိပ်ထားတဲ့ ထိန်းသိမ်းစရာ အိတ်တွေ ပြင်ထားပေးပါဦး၊ ပြီးရင် လုံခြုံရေးအမြင့်ဆုံး အခန်းတစ်ခုလည်း လိုတယ်.. ကောင်မလေးတွေ ဗိုက်ထဲက အရာတွေကို ထုတ်ပစ်မှ ရမယ်”

“ပြီးတော့ ထိန်းချုပ်ရေးဖွဲ့စည်းပုံကိုလည်း အသက်သွင်းထားပေးပါ ၊ အဲ့တာတွေ ထွက်ပြေးသွားရင် အန္တရာယ်ရှိတယ်”

အဖွဲ့ဝင်များ ခေါင်းငြိမ့်လိုက်သည်။

“နားလည်ပါပြီ ဒါရိုက်တာကု၊ ကျွန်တော်တို့ အခုချက်ချင်း ပြင်ဆင်လိုက်ပါမယ်”

စွန်းယွဲ့၏ မိုဘိုင်းဖုန်းသာမက ဝိဉာဉ်ရေးရာရုံးချုပ်တွင် ယခင်က ထိန်းသိမ်းထားခဲ့သော မူမမှန်သည့် နည်းပညာပစ္စည်းများ၊ ဥပမာ ကွမ်ချီဟုန်၏ ကွန်ပြူတာကဲ့သို့ ပစ္စည်းများကိုလည်း ကုကျစ်စုန့် စစ်ဆေးနိုင်ရန် ပို့ထားခဲ့သည်။

သူမ ထိုပစ္စည်းများအား ရုံးခန်းထဲတွင် နေရာယူထားသည့် ယန်ချန်ထံသို့ ကမ်းပေးလိုက်သည်။

ယန်ချန်သည်လည်း စွန်းယွဲ့၏ ဖုန်းကို စစ်ဆေးခဲ့လေသည်။

ကုကျစ်စုန့်ကတော့ အနားယူခန်းတွင်းသို့ သွား၍ စိတ်ပူပန်ခြောက်ခြားနေသော မိန်းမငယ်လေးသုံးဦးနှင့် တွေ့ဆုံခဲ့သည်။

“ရှင်တို့ရဲ့ကိုယ်ထဲက သန္ဓေသားလောင်းတွေကို တစ်ယောက်ချင်းစီ ထုတ်ပေးပါ့မယ်၊ ရှင်တို့တွေ ဘာကိုပဲ မြင်ရကြားရသည်ဖြစ်စေ၊ စိတ်ကို ထိန်းထားစေချင်တယ်၊ ဒီလိုမှ မဟုတ်ရင် ကိုယ်ကိုယ်တိုင်ပဲ ထိခိုက်ရလိမ့်မယ်၊ စိတ်ကို ပြင်ဆင်ထားပေးလို့ ရနိုင်မလား?”

သူမတို့သုံးဦးလုံး ကြောက်လန့်နေခဲ့သော်လည်း ဆက်တိုက်ပင် ခေါင်းကိုငြိမ့်၍ သဘောတူခဲ့ကြသည်။

အဖွဲ့ဝင်များ စီစဉ်ပြင်ဆင်၍ ပြီးချိန်တွင် ကုကျစ်စုန့်က မိန်းမငယ်လေးသုံးဦးအား လုံခြုံရေးအခန်းတွင်းသို့ တစ်ဦးစီ ခေါ်ဆောင်လာခဲ့သည်။

ပထမဆုံး အဆောင်တွင် နေထိုင်သည့်အချိန်အတိုတောင်းဆုံး ယွမ်ယွင်ဖန်ဖြစ်သည်။

ဒုတိယမှာ ရှောင်ဟဲဖြစ်သည်။

သူတို့နှစ်ဦး၏ ကိုယ်တွင်းမှ သန္ဓေသားက ဖြစ်တည်စအနေအထားတွင်သာ ရှိနေသေးပြီး အိပ်မောကျနေခဲ့သည်။

ကုကျစ်စုန့် ဝိဉာဉ်စွမ်းအင်ကို အသုံးပြု၍ သူတို့အား မိန်းကလေးနှစ်ဦး၏ ကိုယ်တွင်းမှ ဆွဲထုတ်လိုက်ချိန်တွင် ထိုသန္ဓေသားများ နိုးထလာခဲ့သည်။

အနက်ရောင်၊ မီးခိုးရောင်၊ ခရမ်းရောင်များ ရောပြွန်းနေသည့် လူပုံစံ သန္ဓေသားလောင်းများက လက်ဖဝါးခန့်သာ အရွယ်ရှိပြီး သူတို့၏ အနက်ရောင်မျက်လုံးများသည်လည်း ပြူးကျယ်နေခဲ့သည်။

ခြေလက်များ၊ မျက်နှာမှ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့သည်လည်း လူသားသန္ဓေသားငယ်များနှင့် ပုံစံဆင်တူသည်။ သို့သော် ဒေါသအင်မတန် ကြီးလွန်းသည်။

ကုကျစ်စုန့်၏ ဝိဉာဉ်စွမ်းအားဖြင့် ဖမ်းဆီးခြင်းခံလိုက်ရချိန်မှာပင် သွားကိုဖြဲ၍ ရုန်းကန် တိုက်ခိုက်ချင်သေးသည်။

ထိုသို့ ထိတ်လန့်ရွံရှာဖွယ်အရာအား သူတို့၏ ဝမ်းဗိုက်ထဲမှ ထွက်လာသည်ကို မြင်တွေ့လိုက်ရချိန်တွင် ယွမ်ယွင်ဖန်ရော၊ ရှောင်ဟဲပါ ထိတ်လန့်စွာဖြင့် သတိလစ်မေ့မြောသွားခဲ့သည်။

နှစ်ဦးလုံးက ကုကျစ်စုန့်၏ အမှာစကားကို စိတ်ထဲတွင် သေချာမှတ်သားထားခဲ့ပြီး ကြောက်လန့်နေသော်ငြား ပါးစပ်ကို လက်ဖြင့် အုပ်၍ အသံထွက်မအော်ရဲကြပေ။

နောက်ဆုံးတွင်တော့ တစ္ဆေသန္ဓေသားလောင်းလေးများအား ထိန်းသိမ်းသည့် အိတ်ထဲသို့ ထည့်သွင်းလိုက်ကြသည်။ သူတို့ မည်မျှပင် ရုန်းကန်ပါစေ၊ ထွက်လာနိုင်မည်မဟုတ်တော့ပေ။

သို့သော်‌ ရှောင်ကောင်း၏ အလှည့်သို့ရောက်လာချိန်တွင် မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်လာခဲ့သည်။

ရှောင်ကောင်း၏ ကိုယ်တွင်းမှ သန္ဓေသားသည် သုံးလကျော်ခန့် အရွယ်ရောက်နေပြီဖြစ်သောကြောင့် လုံလောက်သည့် စွမ်းအင်ရရှိနေပြီဖြစ်သည်။ သူ့အနေဖြင့် နိုးထလာရန်သာ လိုအပ်တော့သည်။

ကုကျစ်စုန့်၏ ဝိဉာဉ်စွမ်းအင်က ရှောင်ကောင်း၏ ဝမ်းဗိုက်အတွင်းသို့ ဝင်ရောက်၍ သန္ဓေသားအား ထိတွေ့လိုက်သည်နှင့် ထိုသန္ဓေသားက လှုပ်ရှားရုန်းကန်လာခဲ့သည်။

ရှောင်ကောင်းမှာ သူမ၏ အနည်းငယ်ဖောင်းနေသော ဝမ်းဗိုက်အတွင်းမှ လှုပ်ရှားမှုများကို မြင်တွေ့နေရပြီး အနည်းငယ် စူးရှသည့် နာကျင်မှုကိုပင် ခံစားလာခဲ့ရသည်။

သူမဝမ်းဗိုက်အတွင်းမှ အင်္ဂါများ ဆုတ်ဖြဲခံနေရသကဲ့သို့၊ ထိုအရာသည် ဝမ်းဗိုက်အား ခွဲ၍ ထွက်လာတော့မည့်အလား ခံစားလိုက်ရချိန်တွင် သူမ ချွေးစေးများ ပြန်၍ အော်ဟစ်လိုက်မိသည်။

ကုကျစ်စုန့်၏ စွမ်းအားသာလျှင် တစ္ဆေသန္ဓေသားအား တင်းတင်းကြပ်ကြပ် ဖမ်းချုပ်မထားခဲ့ပါက၊ ရှောင်ကောင်း၏ အသွေးအသားကို ထိနိုင်စွမ်းမရှိစေရန် ချုပ်နှောင်မထားပါက ထိုအရာ စတင်လှုပ်ရှားလာသည့်အချိန်တွင် ရှောင်ကောင်း၏ ဝမ်းဗိုက်က ပေါက်ထွက်သွားပေလိမ့်မည်။

ဖိနှိပ်ခံထားရသည်ကို သတိထားမိသည့်အလား ရှောင်ကောင်း၏ကိုယ်ထဲမှ နိုးထလာသည့် တစ္ဆေသန္ဓေသားထံမှ နားစည်ကွဲလုနီးနီး စူးရှကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

ကုကျစ်စုန့် လက်ချောင်းများကို တင်းတင်းကြပ်ကြပ် ဆုတ်ထားလိုက်ပြီးနောက်တွင် ပင်ပေါင်ဘောလုံးတစ်လုံးခန့် အရွယ်ရှိသည့် ခရမ်းနက်ရောင် ဦးခေါင်းတစ်လုံးသည်က ရှောင်ဂေါင်၏ အသားထဲမှ ထိုးထွက်ပေါ်လာခဲ့သည်။

ထိုတစ္ဆေသန္ဓေသား၏ မျက်တွင်းဟောက်ပက်များအတွင်း၌ အဖြူရောင်ဖျော့ဖျော့ သမ်းနေပြီဖြစ်ကာ သူ၏ ပါးစပ်တွင်လည်း ချွန်မြသည့် သံကဲ့သို့ သွားများ ပေါ်နေပြီဖြစ်သည်။

သူ၏ နှုတ်မှလည်း အာခေါင်ခြစ်၍ အော်ဟစ်နေသောာ အသံဆိုးတို့ ထွက်ပေါ်နေခဲ့သည်။

ထိုခရမ်းနက်ရောင်ရှိသည့် တစ္ဆေသန္ဓေသားက သူ့အား ကြည့်နေခဲ့သော မျက်ရည်များ စိုရွှဲနေသည့် ရှောင်ကောင်း၏ မျက်နှာကို ကြည့်လိုက်ပြီးနောက် သွားဖြဲကာ ပြုံးလိုက်သည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်အား ကိုယ်တိုင်ဆွဲထုတ်လိုက်ပြီးနောက် ရှောင်ကောင်း၏ မျက်နှာထံသို့ ပြေးဝင်သွားခဲ့လေသည်။

အသက်ဝင်နေပြီဖြစ်သော သန္ဓေသားလောင်းမှာ လူကြီးတစ်ယောက်၏ လက်ဖဝါးခန့်သာ ရှိပြီး သူ၏ အရေပြားတွင်လည်း သွေးကြောများ ခပ်ရေးရေး ပေါ်နေခဲ့သည်။

ထိုသန္ဓေသားထံမှ အနံ့သည်လည်း မခံရပ်နိုင်အောင် ဆိုးဝါးလွန်းပေသည်။

ထို့အပြင် ထိုအရာက သူမ၏ ဝမ်းဗိုက်အတွင်းမှ ဖောက်ထွက်လာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ထားရသောကြောင့် ရှောင်ကောင်း၏ စိတ်သည်လည်း ယိုင်နဲ့နေခဲ့ပြီး သူမမျက်နှာအနီးသို့ ခုန်ဝင်လာခဲ့ချိန်တွင် မေ့လဲလုနီးနီး ဖြစ်သွားခဲ့ရသည်။

သူမ၏ မျက်ဝန်းတို့က တုန်ယင်နေသော ဤမြင်ကွင်းတို့ကို မြင်တွေ့နေရသည်:

တစ္ဆေသန္ဓေသားက သူ၏ဦးခေါင်းကို လှည့်လာခဲ့ပြီးနောက် သူ၏ မျက်တွင်းဟောက်ပက်များမှာလည်း ရှောင်ကောင်း၏ အရေပြားအောက်မှ လတ်လတ်ဆတ်ဆတ် အသွေးအသားအား စိုက်ကြည့်နေခဲ့သည်။

သူ၏ မိခင်..

ရှောင်ကောင်းအနေဖြင့် ရှောင်တိမ်းရန်ပင် အချိန်မရခဲ့ချေ။ ထိုကြောက်မက်ဖွယ်ကောင်းသည့် အပြုံးအား စိုက်ကြည့်နေရင်းမှာပင် တစ္ဆေသန္ဓေသား၏ ချွန်မြသည့် သွားအစွယ်များက တဖြည်းဖြည်း နီးကပ်လာခဲ့ကြောင်း တွေ့လိုက်ရသည်။

ထိုအရာ၏ ပါးစပ်အတွင်းမှ လှိုင်လှိုင်ထနေခဲ့သော အလောင်းပုတ်နံ့များသည်လည်း သူမ မျက်နှာတစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။

မိနစ်ပိုင်းအတွင်းမှာပင် ထိုအရာ၏ ချွန်ထက်သောသွားများက သူမ၏ လည်ချောင်းကို ကိုက်ဖောက်၍ နူးညံ့သော အသွေးအသားများကို ဝါးယူစားသုံးတော့မည်ပင်။

ရှောင်ကောင်းကြောက်လန့်စွာ အော်ဟစ်ညည်းတွားလိုက်ရင်း မျက်လုံးများကို မှိတ်ထားလိုက်မိသည်။

သို့သော် သူမ၏ လည်ချောင်းတွင် ပြင်းထန်သည့် နာကျင်မှုကို မခံစားခဲ့ရပေ။

သဲအိတ်တစ်အိတ် သို့မဟုတ် အသားတုံးတစ်တုံးအား နံရံသို့ ပစ်ပေါက်လိုက်သည့် အသံတစ်ခုကိုသာ ကြားလိုက်ရပြီးနောက် အရိုင်းကောင်တစ်ကောင်၏ နာကျင်စွာ အော်ဟစ်လိုက်သံသည်လည်း အခန်းတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

သူမ မှိတ်ထားသည့် မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် ခုတင်အစွန်း၌ အေးစက်သော မျက်ဝန်းများ၊ တစ်စုံတစ်ခုကို ဖမ်းဆုတ်ထားသည့်အလား ဆန့်တန်းထားသည့် လက်တို့ဖြင့် ကုကျစ်စုန့်အား မြင်တွေ့လိုက်ရသည်။

သူမ၏ လက်ဖဝါးထဲတွင် ချုပ်ထိန်းထားသော မမြင်နိုင်သည့် စွမ်းအားတစ်ခုက ပိတ်မိနေခဲ့သည်။

တစ္ဆေသန္ဓေသားမှာတော့ အခန်း၏ တခြားတစ်ဖက်တွင် လွင့်စင်လဲကျနေခဲ့ပြီး နာကျင်စွာ အော်ဟစ်ညည်းတွားနေခဲ့သည်။

ထိုအရာ၏ ခန္ဓာကိုယ်သည်လည်း ကျုံ့ဝင်နေခဲ့ပြီး ပိန်ပျော့သည့် လက်မောင်းများမှာလည်း ပျော့ခွေလိမ်ကောက်နေခဲ့သည်။

ထိုအရာသည်သာ အစစ်အမှန် ကလေးငယ်တစ်ဦး ဖြစ်ခဲ့မည်ဆိုပါက ထိုသို့ ဒဏ်ရာမျိုးကြောင့် သေလျှင်သေ၊ အသက်မသေပါက ဒုက္ခိတဖြစ်သွားနိုင်သည်။

သို့သော် တစ္ဆေသန္ဓေသားသည်ကတော့ ကြမ်းပြင်ပေါ်မှ ခုန်ထလာပြီးနောက် ပုတ်သင်ညိုတစ်ကောင်အလား နံရံမှတဆင့် ကုကျစ်စု့န်ထံသို့ ခုန်ဝင်လာပြန်သည်။

တစ္ဆေသန္ဓေသား ခုန်လိုက်သည်နှင့် တပြိုင်နက် ကုကျစ်စုန့်က မြှောက်ထားသည့်လက်အား ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

လေပေါ်သို့ ခုန်တက်လာကာစ တစ္ဆေသန္ဓေသားမှာ မမြင်နိုင်သည့် စွမ်းအားတစ်ခုကြောင့် နံရံဘက်သို့ ကိုင်ပေါက်ခြင်း ခံလိုက်ရပြန်သည်။

ထို့နောက် တင်းတင်းကြပ်ကြပ် ချည်နှောင်ထားခံရသည့်အလား မည်သို့ပင် ရုန်းကန်ပါစေ၊ လှုပ်နိုင်စွမ်းမရှိတော့ချေ။

ယခုတကြိမ်တွင်တော့ သန္ဓေသား၏ လက်မောင်းများက ရွံ့စေးများအလား ပျော့ဖတ်ကျိုးကြေသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ကောင်း၏ စိတ်ခံစားချက်သည်က ရိုလာကိုစတာကဲ့သို့ နိမ့်သွားလိုက်၊ မြင့်လာလိုက် ဖြစ်ခဲ့ရသည်။

တစ္ဆေသန္ဓေသားအား ကြောက်လန့်ခဲ့ရသော်လည်း ကုကျစ်စုန့်က ပြင်းထန်သော စွမ်းအားဖြင့် ထိုတစ္ဆေကို ချုပ်နှောင်ထားနိုင်ခဲ့ကြောင်း တွေ့ခဲ့ရသည်။

သူမ မျက်လုံးထောင့်တွင် စီးကျမသွားသော မျက်ရည်များဖြင့် ဝိုင်းနေခဲ့ပြီး ဘေးမှ ကြည့်နေသူများသည်လည်း ပါးစပ်အဟောင်းသားဖြစ်နေခဲ့သည်။

ကုကျစ်စုန့် တစ်သျှူးတစ်ရွက် ထုတ်လိုက်ပြီးနောက် ရှောင်ကောင်းထံသို့ လှမ်းပေးလိုက်သည်။

“ချွေးတွေ သုတ်လိုက်ပါဦး၊ အခုတော့ တကယ်ပြီးသွားပါပြီ”

ရှောင်ကောင်း ငေးငိုင်စွာဖြင့် မျက်နှာပေါ်မှ ချွေးများကို သုတ်နေခဲ့သည်။

“စုန့်စုန့်… ဒါ တကယ်ပြီးသွားပြီလားဟင်?”

“ပြီးသွားပြီ၊ ရှင်တို့ရဲ့ ခန္ဓာကိုယ်ကို ကာကွယ်ဖို့နဲ့ ကိုယ်တွင်းက အညစ်အကြေးတွေကို ဖယ်ရှားဖို့ အဆောင်ရေးပေးလိုက်မယ်၊ အဲဒါတွေကို ကိုယ်နဲ့ မကွာ ဆောင်ထားပေးပါ”

ကုကျစ်စုန့်၏ မျက်နှာက ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါးဖြစ်ပြီး အဆောင်စာလုံးများ ရေးသားထားသည့် အိတ်များကို ကောက်ယူကာ သေလုနီးနီး တစ္ဆေသန္ဓေသားအား ထည့်လိုက်လေသည်။

All Chapters