အစည်းအဝေး ပြင်ဆင်ခြင်းနှင့် နောက်ထပ် မိုးကြိုးပစ်ခြင်း (4)
Vol. 49 Ch. 481
[အား! စုန့်စုန့်ကို သဘောကျရတာ တန်တယ်ဟေ့! သူကသာ အသန်မာဆုံး ပညာရှင်ပဲကွ၊ သဘာဝလွန်ပညာရဲ့ ‘နတ်ဘုရား’ပဲ! ]
[လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းကတော့ တစ်နိုင်ငံလုံး ကုကျစ်စုန့်ကို သေမလောက်ကျိန်ဆဲနေခဲ့ကြတာလေ
ဘယ်သူထင်မှာလဲ? ဒီ ခြောက်လအတွင်းမှာ သူက စွမ်းအင်ကို အလှတရားနဲ့ ဖုံးမထားတော့ပဲ အစွမ်းကုန် ကြိုးစားပြီး ထိပ်တန်းအနုပညာရှင်တွေအကုန်လုံးကို အနိုင်ယူခဲ့နိုင်လိမ့်မယ်လို့]
[အားလုံးပဲ၊ စိတ်မချလိုက်နဲ့ဦးနော်.. မဲပေးတဲ့ ချန်နယ်က ခြောက်နာရီကျမှ ပိတ်မှာ ၊ ဒီတော့ မဲမပေးရသေးတဲ့လူတွေလည်း မနက်ကျရင် မဲပေးလိုက်ကြပါဦးနော်]
[‘ဝိဉာဉ်ရေးရာ’အစီအစဉ်ရဲ့ တတိယရာသီမှာ ငွေတွေအများကြီး ရှာနိုင်ခဲ့ပြီး နိုင်ငံခြားမှာထိကို ပြသခွင့်တွေ ရောင်းခဲ့ရတယ်ဆိုပဲ၊ အခုဆိုရင် နိုင်ငံခြားမှာတောင် ဘာသာပြန်တာတွေ၊ စာစစ်တာတွေ စနေပြီတဲ့
နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းတွေ ပြောတာဆိုရင် ကုကျစ်စုန့်က အဲမှာလည်း အရမ်းနာမည်ကြီးတဲ့ ၊ သူ့ပရိတ်သတ်တွေကလည်း တရုတ်က ပရိတ်သတ်တွေထက် မလျော့ဘူးဆိုပဲ
သူတို့က ဘာသာတွေ ပြန်ပြီး ကြည့်နေကြတာ လူတိုင်းကလည်း သူ့ကို ချီးကျူးနေကြတယ်၊
အခုမဲပေးတဲ့ ချန်နယ်ထဲမှာတောင် နိုင်ငံခြားက လူတွေရဲ့ ကောမန့်တွေ တွေ့လိုက်ပါသေးတယ်၊ ကြည့်ရတာ သသူ့နိုင်ငံခြားဖန်တွေက vpn တွေဖြတ်ကျော်ပြီး မဲလာပေးတာထင်တယ်]
[ဖုန်းရွှေပညာတွေအကြောင်း ပြောပြပေးမယ့် စုန့်စုန့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်နေပါပြီ~]
တစ်နာရီမပြည့်သေးခင်မှာပင် ကုကျစ်စုန့်၏ မဲအရေအတွက်က ဆယ်သန်းကျော်သွားခဲ့ပြီဖြစ်သည်။
သက်ရှိကမ္ဘာတွင် အသန်မာဆုံးပညာရှင်အတွက် အကြိတ်အနယ် မဲပေးနေသကဲ့သို့ မြေအောက်ကမ္ဘာတွင်လည်း အုန်းအုန်းကျက်ကျက် စည်ကားနေခဲ့သည်။
သရဲတစ္ဆေများက သူတို့၏ မဲမပါလျှင်တောင်မှ ကုကျစ်စုန့်၏ မဲအရေအတွက်သည် အပြတ်အသတ် ကျော်လွန်၍ သေချာပေါက် အနိုင်ရမည်ဖြစ်ကြောင်း သဘောပေါက်ကြသည်။
သို့သော် မဲပေးခြင်းတွင် ပါဝင်ခွင့်မရှိသောကြောင့် သူတို့အားလုံး စိတ်ဓာတ်ကျနေခဲ့ကြသည်။
စိတ်မကြည်မလင်ဖြစ်နေကြသော သရဲတစ္ဆေများာ ယင်ကမ္ဘာနှင့် ယန်ကမ္ဘာတို့အား ချိတ်ဆက်၍ မဲပေးနိုင်အောင် ကွန်ယက်တစ်ခု တည်ဆောက်နေခဲ့သည့် ပရိုဂရမ်ရေးဆွဲသူ တစ္ဆေများအား ဆန္ဒပြနေခဲ့ကြလေသည်။
“တစ္ဆေပရိတ်သတ်တွေကလည်း ပရိတ်သတ်တွေပါပဲ၊ ငါတို့က ဘာလို့ မဲပေးလို့ မရတာလဲ?!”
သို့သော် ထိုဆန္ဒထုတ်ဖော်ခြင်းအား ယင်အရာရှိများမှ ငြင်းဆိုခဲ့ကြပြီး အင်အားသုံး ဖိနှိပ်ဖြေရှင်းခဲ့ကြသည်။
ထိုသို့ဖြေရှင်းခဲ့ခြင်းကြောင့် သရဲတစ္ဆေများအားလုံး၏ မဲအရေအတွက်များလည်း ဆုံးရှုံးခဲ့ရလေသည်။
မြေအောက်ကမ္ဘာတွင် သရဲတစ္ဆေပေါင်း သိန်းပေါင်းသောင်းချီ၍ တည်ရှိသည်။
ကုကျစ်စုန့်၏ မြေအောက်ကမ္ဘာမှ ပရိတ်သတ်ဦးရေသည်လည်း သန်း(60)ကျော်ရှိသည်။
ထိုအရေအတွက်က သက်ရှိကမ္ဘာမှ ပရိတ်သတ်ဦးရေ၏ သုံး၊လေးဆပင် မကပါချေ။
သရဲတစ္ဆေများပါ မဲပေးနိုင်မည်ဆိုပါက သက်ရှိကမ္ဘာမှ လူများကို အထိတ်တလန့် ဖြစ်ကုန်ကြမည်ကို စိုးရိမ်၍ တားမြစ်ခဲ့ကြခြင်းသာ ဖြစ်သည်။
တောင်းဆိုမှုကို ပယ်ချခံလိုက်ရသည့် သရဲတစ္ဆေများမှာ မကျေနပ်သောကြောင့် မြေအောက်ကမ္ဘာ၏ ဆိုရှယ်မီဒီယာတွင် သူတို့ကိုယ်တိုင် မဲပေးသည့် ချန်နယ်တစ်ခု ဖွင့်လှစ်ခဲ့ကြသည်။
ယခုအချိန်တွင်တော့ ကုကျစ်စုန့်၏ မဲအရေအတွက်ာ ပို၍ပင် များပြားနေခဲ့ပြီး အရေအတွက်သည်လည်း သိန်း(100)ကျော်နေခဲ့သည်။
မနက်ခင်း နှစ်နာရီခန့်ထိ မဲများ အလုအယက် ပေးနေခဲ့ကြပြီး အင်တာနက်တစ်ခုလုံးတွင်လည်း လူစည်ကားနေခဲ့သည်။
သို့သော် ညဉ့်နက်လာသည်နှင့်အမျှ လူများက တဖြည်းဖြည်း လျော့ပါးလာခဲ့ကြသည်။
ယခုအချိန်၌ မဲပေးသည့် အစီအစဉ်ကို စောင့်ကြည့်နေသည်မှာ သာမန်အင်တာနက်အသုံးပြုသူများတင်မဟုတ်တော့ပေ။
သဘာဝလွန်လောကမှ ပညာရှင်များသည်လည်း ဝိဉာဉ်ဆိုင်ရာအထူးဌာနမှဖြစ်စေ၊ ရွှမ်းမင်ဂိုဏ်းဝင်များဖြစ်စေ အကုန်လုံး ကုကျစ်စုန့်၏ အောင်မြင်ကျော်ကြားမှုကို စောင့်ကြည့်နေခဲ့ကြသည်။
ကုကျစ်စုန့်ကို ထောက်ခံမဲပေးသူပမာဏက အရေအတွက်နည်းမည်မဟုတ်ကြောင်း သူတို့ သိထားခဲ့သော်လည်း ယခု မဲပမာဏကို မြင်ရပြီးနောက် ‘ဝိဉာဉ်ရေးရာ’အစီအစဉ်အကြောင်းကို ကောင်းစွာသိထားသည့် ပညာရှင်များ မနာလိုဖြစ်နေခဲ့ကြသည်။
ပထမရာသီနှစ်ခုတွင် ပရိတ်သတ်များပြားလှသည် မဟုတ်ပေ။
အနိုင်ရရှိသူ ချန်ပီယံ၏ မဲအရေအတွက်မှာပင် အများဆုံး တစ်သန်းမျှသာ ရှိခဲ့သည်။
ထိုသို့ဖြစ်သော်ငြား သာမန်အဆင့်သာရှိသည့် ပညာရှင်များသည်ပင် ဝိဉာဉ်ရေးရာအစီအစဉ်မှ အကျိုးအမြတ်များစွာ ရရှိခဲ့ကြသည်။
သူတို့ရရှိခဲ့သော ယုံကြည်မှုစွမ်းအင်ပမာဏများပြားသောကြောင့် လေ့ကျင့်မှုများလည်း အဆင်ပြေချောမွေ့ခဲ့ကြသည်။
ပရိတ်သတ်များ၏ အချစ်၊ ထောက်ပံ့မှု၊ သဘောကျသည့် ပညာရှင်အား ‘ပလ္လင်’ထက်သို့ အရောက်ပို့ပေးနိုင်အောင် ကြိုးစားအားထုတ်မှုများသည်က သူတို့ရွေးချယ်ထားသည့် ပညာရှင်အတွက် စွမ်းအားများ အဆမတန် တိုးပွားစေနိုင်သည့် ကောင်းချီးကုသိုလ်များကဲ့သို့ ပြောင်းလဲသွားကြသည်။
ပရိတ်သတ် တစ်သန်းခန့်၏ အထောက်အပံ့သည်ပင် ကျင့်ကြံမှုအား သိသိသာသာ အားကောင်းစေခဲ့ပါက ပရိတ်သတ်ပေါင်း ဆယ်သန်းကျော်၏ အထောက်အပံ့ဆိုပါက မည်မျှ အားကောင်းလိမ့်မည်နည်း?
ပရိတ်သတ် သန်း(100)၏ အထောက်အပံ့ဆိုပါက ကျင့်ကြံမှုကို မည်မျှ တိုးပွားစေနိုင်မည်နည်း?
ယေဘုယျအားဖြင့် ကုကျစ်စုန့်၏ အထောက်အပံ့များကို မနာလိုမဖြစ်သည့် ပညာရှင်ဟူ၍ မရှိပေ။ ထိုထောက်ပံ့မှုများအား ရရှိသူမှာ သူတို့သာ ဖြစ်ချင်ခဲ့ကြသည်။
ပညာရှင်အဖွဲ့တစ်ခု၏ ဂရုချက်အတွင်း၌ သက်ပြင်းချသံများသာ ပဲ့တင်ထပ်နေခဲ့သည်။
‘ကုကျစ်စုန့် ဒီလောက်ဆို ကောင်းကင်ဘုံအထိတောင် တက်တော့မှာပဲ မဟုတ်ဘူးလား?’
‘သူက နဂိုတည်းက ထိပ်တန်းပဲ၊ ချန်ချင်းဂိတ်ကို ဖွင့်ပြီးတော့ ချန်ချင်းဂိတ်က ကမ္ဗည်းကိုတောင် ခွာထုတ်သွားတာ ၊
အခုထိလည်း သူ့ကို ဘယ်ဆရာသခင်တွေမှ သွားပြီး ဆုံးမတ်လို့လည်း မကြားရသေးဘူး ၊ ဒီတော့ ဘယ်အဆင့်လဲဆိုတဲ့ ပြဿနာက ရှင်းနေပြီမလား?
ငါ့ဆရာပြောတာကတော့ ကုကျစ်စုန့်က အနည်းဆုံးတော့ နယ်မြေအဆင့် ထူးခြားပညာရှင်ဖြစ်နေပြီတဲ့. အခုလက်ရှိ ဂိုဏ်းတော်တော်များများက ဆရာသခင်တွေနဲ့ အဆင့်အတူတူပဲ
ဒီတော့ သူ မောက်မာတာကလည်း မထူးဆန်းတော့ပါဘူး၊
မဟုတ်သေးဘူး ..
ဒီနေ့ ဒီလောက်တောင် ယုံကြည်မှုတွေ အများကြီး ရထားပြီးမှာတော့ သေချာပေါက် တချီတည်းနဲ့ ကောင်းကင်ဘုံထိ ခုန်တက်သွားမှာပဲ’
‘ငါထင်တာကတော့ ကျောင်းတုန်းက သူ့ကို လူတွေတော်တော်များများ အထင်သေးကြတယ်လေ ၊ သူက ယဲ့လုဇီမှာ မွေးခဲ့တာလို့ ထင်ခဲ့ကြတာပဲ
အခုတော့ သူက ငါတို့ထက်ငယ်ပေမဲ့ သဘာဝလွန်ပညာမှာတော့ ငါတို့ထက်ကို အဆမတန် မြင့်သွားပြီ’
‘ချန်ချင်းဂိုဏ်းချုပ်က ဂူပိတ်ကျင့်ကြံနေတာကနေ ထွက်လာပြီတဲ့ ကြားပြီးကြပြီလား
အခုဆိုရင် ကောင်းကင်ဘုံကို ရောက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တဲ့ သဘာဝလွန်လောကရဲ့ အဆင့်တစ် ပုဂ္ဂိုလ်က ကုကျစ်စုန့်ကိုများ ဆုံးမတော့မှာလား မသိဘူး’
‘စီနီယာကျန်းဟဲက ကျင့်ကြံတာကနေ ထွက်လာပြီလား၊ သူက ကုကျစ်စုန့်ကို သင်ခန်းစာပေးမပေးကတော့ သေချာပြောလို့ မရဘူး
စီနီယာကြီးက နှစ်ပေါင်း ရာကျော် အသက်ရှည်နေခဲ့တဲ့ ပညာရှင်ကြီးလေ!’
‘…’
နှစ်ပေါင်းများစွာ ဂူပိတ်ကျင့်ကြံနေခဲ့သည့် ထိုစီနီယာကြီး ကျင့်ကြံရာမှ ထွက်လာသည့်နေ့က တိုက်ဆိုက်စွာပင် ယနေ့ဖြစ်နေသောကြောင့် သဘာဝလွန်ဂရုများတွင် သတင်းများ ပျံ့နှံ့နေခဲ့သည်။
တောက်ကျန့် ကျန်းဟဲအကြောင်းပြောမည်ဆိုပါက တစ်ချိန်လုံး မာနထောင်လွှားနေခဲ့သည့် ချန်ချင်းဂိုဏ်းမှာ ရွှမ်းမင်၏ ခေါင်းဆောင်နေရာသို့ ရယူထားနိုင်သည်မှာ သူ့ကြောင့်သာဖြစ်သည်။
သူသည်က မင်းဆက်နှစ်ခု၏ အတက်အကျကို မြင်တွေ့ခဲ့ရပြီး ယခုအချိန်တွင်လည်း ‘မသေမျိုး’ဖြစ်ရန် အနီးစပ်ဆုံး ကျင့်ကြံသူဖြစ်သည်။
ဆယ်နှစ်ကျော်ခန့် ဂူပိတ်ကျင့်ကြံနေခဲ့သောကြောင့် ယနေ့တွင် ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။
ယနေ့မတိုင်မီက ကုကျစ်စုန့်က ချန်ချင်းဂိုဏ်းအား အဖတ်မဆယ်နိုင်အောင် အရှက်ခွဲခဲ့သောကြောင့် ဂိုဏ်းချုပ်သည်လည်း တောက်ဓမ္မဂိုဏ်းသားများကြားတွင် အရှက်ရခဲ့ရသည်။
သန်မာသည့် ပညာရှင်အိုကြီးနှင့် တက်သစ်စလူငယ်ကြယ်ပွင့်တို့က တစ်ဦးနှင့်တစ်ဦး မတွေ့ဖူးကြသော်လည်း ကတောက်ကဆ ဖြစ်နေခဲ့ပြီးဖြစ်သည်။
အချိန်ပိုင်းမျှ သဘာဝလွန်လောကတစ်ခုလုံး တုန်လှုပ်သွားခဲ့ကြပြီး သူတို့နှစ်ဦး တွေ့ဆုံလိမ့်မည်လားဟု စိတ်ဝင်စားစွာ စောင့်ကြည့်နေခဲ့ကြသည်။
X မြို့တော်၏ အစွန်ပိုင်းတွင် ရောက်ရှိနေသော ကုကျစ်စုန့်မှာတော့ အွန်လိုင်းမှ အကြောငရးများနှင့် သဘာဝလွန်လောကတွင်းမှ အပြောင်းအလဲ၊ ဆူညံမှုများကို သတိပင် မထားမိပါချေ။
အစည်းအဝေး ဆက်လုပ်နေဆဲဖြစ်သော်ငြား သူမအနေဖြင့် တစ်စုံတစ်ခုကို အနည်းငယ် အာရုံခံလိုက်မိသည်။
သူမ၏ ခန္ဓာကိုယ်ထဲ၌ ပိတ်ဆို့ခံထားရသော တောက်ပညာတို့မှာ ရုတ်တရက် ရေပွက်များပမာ လှုပ်ရှားလာခဲ့ပြီး စွမ်းအင်အတက်အကျသည်လည်း ပို၍ အားကောင်းလာခဲ့သည်။
သူမ ဖုန်းမှ နာရီကို ကြည့်လိုက်မိချိန်တွင် ည(12)နာရီကျော်နေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
သူမ၏ဖုန်းသို့ မက်ဆေ့ချ်ပေါင်း ရာချီဝင်နေခဲ့သည်။ ယခင်နှစ်အတွင်း တွေ့ဆုံခဲ့ရသော သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များအားလုံးသညက သူမအား ကြို၍ ဂုဏ်ပြုစကားဆိုနေခဲ့ကြခြင်းပင်။
ယန်ချန်: ‘မဲပေးတာတွေ စနေပြီ၊ မင်းက ပထမပဲ’
ဒေစီ: ‘စုန့်စုန့် မင်းရဲ့ မဲအရေအတွက်ကတော့ မြန်ချက်ပဲနော် ၊ ငါတော့ မင်းကို ရှုံးသွားတာ သေချာနေပြီ။ ဒါပေမယ့် မင်းကို ရှုံးရလို့ ဝမ်းမနည်းဘူး၊ နောက်ကျရင်လည်း မင်းနဲ့အတူတူ အများကြီး ပြိုင်ချင်သေးတယ်!’
ပိုင်စစ်: ‘ ဂုဏ်ပြုပါတယ်’
ဂဲလီယိုချန်း: ‘စုန့်ကျဲ၊ အရမ်းမိုက်!’
ယွီထုန်လျို့: ‘စုန့်စုန့်ရေ congratulations! မင်းနဲ့ အထိုက်တန်ဆုံးပဲ! စကားမစပ် ငါတို့ ဒရာမာကလည်း စတော့မှာလေ၊
မနက်ဖြန်ဆို Trailer ထွက်ပြီဆိုတော့ မင်းဆုရမယ့်နေ့တဲ့ တိုက်နေတာ၊ ကောင်းချီးနှစ်ဆပဲ!’
ရှီဟိုင်ဟုန်: ‘ချန်ချင်းဂိုဏ်းက လူတွေကို သတိသေချာထားပါဦး! သူတို့ရဲ့ ဂိုဏ်းချုပ်ဟောင်းကြီးက ဒီနေ့ ကျင့်ကြံရာကနေ ထွက်လာပြီ!’
ဟဲမီတူ: ‘Congratulations .. ပြီးတော့ ညီမလေးကိစ္စကို ကူညီပေးလို့လည်း ကျေးဇူးတင်ပါတယ်’
‘…’
သူမ၏ မဲအရေအတွက်က မဲပေးသည့် ချန်နယ်ဖွင့်ချိန်မှစ၍ တဟုန်ထိုး တက်လာခဲ့သောကြောင့် သူမသာလျှင် အကောင်းဆုံးထူးခြားပညာရှင်ဖြစ်လိမ့်မည်ဟု အားလုံး သိနေကြပြီးဖြစ်သည်။
မက်ဆေ့ချ်များထဲတွင် ဟဲမီတူ၏ မက်ဆေ့ချ်၌ ကျေးဇူးတင်ခြင်းများ ပါနေခဲ့သောကြောင့် ဝိဉာဉ်ဆိုင်ရာအထူးဌာန၏ စီစဉ်မှုအရ ညီမဖြစ်သူနှင့် တွေ့ဆုံပြီးပုံရသည်။
မဲပေးသည့်ချန်နယ် ဖွင့်လှစ်လိုက်ခြင်းကြောင့် ကုကျစ်စုန့်အနေဖြင့် မဲပမာဏအများအပြားကိုသာမက၊ ယုံကြည်ကိုးစားမှု စွမ်းအင် အမြောက်အမြားကိုလည်း ရရှိခဲ့သည်။
ထိုစွမ်းအင်က အားကောင်းမည်ဖြစ်ကြောင်း သိထားသော်လည်း ဤမျှ စွမ်းအင်ပြည့်ဝနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူမ၏ကိုယ်ပေါ်မှ အချုပ်အနှောင်များက အင်မတန်အားကောင်းသော်လည်း ထိုမျှ စွမ်းအားကြီးသည့် အင်အားစုများကြောင့် အနည်းငယ် လှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့သည်။
တရိပ်ရိပ်တက်လာနေသည့် စွမ်းအင်များကို အတင်း ဖိချုပ်ထားလိုက်ပြီးနောက် သူမက ပြောဆိုရန် ကျန်ရှိနေသည့် အချက်အလက်များကို လိုရှင်း တိုရှင်း ပြောဆိုလိုက်သည်။
ထို့နောက်တွင် ညွှန်ကြားချက်အနည်းငယ်ပေးပြီးနောက် အနီးအနားရှိ လူသူမဲ့သော တောင်ကုန်းများထံသို့ အဆောတလျင် ထွက်ခွာသွားခဲ့သည်။
လစန္ဒာမှ ငွေရောင်အလင်းတန်းသည် သူမကိုယ်ပေါ်တွင် ဖြာကျနေသောကြောင့် တောအုပ်အတွင်း သွားလာနေသည့် နတ်သမီးတပါးနှင့်ပင် အသွင်တူလှသည်။
ဂျိမ်း!
ခပ်အုပ်အုပ်အသံတစ်ခုက ကောင်းကင်ကို ဖြိုခွင်း၍ ထွက်ပေါ်လာခဲ့သည်။
ကြည်လင်ပြတ်သားသည့် မျက်ဝန်းအစုံပိုင်ရှင် မိန်းမပျိုလေးက ကောင်းကင်သို့ မော့ကြည့်လိုက်ချိန်တွင် မိုးကုတ်စက်ဝိုင်းအနီးမှ တဟုန်ထိုး ပြေးတက်လာနေသည့် မိုးကြိုးအရိပ်အယောင်များကို တွေ့လိုက်ရသည်။
ပြိုးပြို့ပြက်ပြက်လင်းနေသည့် လျှပ်စီးရောင်များကြောင့် သူမ၏ မျက်နှာကိုလည်း ရှင်းလင်းစွာမြင်တွေ့နေရလေသည်။
စတင်လာခဲ့ပေပြီ။
အတိဒုက္ခကို ဖြတ်ကျော်ရန်အတွက် ကပ်ဘေးမိုးကြိုးတို့က ရောက်လာခဲ့ပေပြီ။