← Chapters

ပျောက်ကွယ်သွားသော ဒုတိယမြောက်ဂိုဏ်းချုပ်နှင့် အတွင်းနတ်ဆိုးအသံ (2)

Vol. 49 Ch. 483

ပျောက်ကွယ်သွားသော ဒုတိယမြောက်ဂိုဏ်းချုပ်နှင့် အတွင်းနတ်ဆိုးအသံ (2)

Vol. 49 Ch. 483

တောက်ကျန့်ကျန်းဟဲ၏ မျက်နှာက တွေဝေမှုများ၊ ဝေခွဲရခက်ခြင်းများ ရောပြွမ်းနေခဲ့သည်။

အချိန်ကြာမြင့်စွာ စဉ်းစားနေခဲ့ပြီးနောက် သူ ရုတ်တရက် ထလိုက်ပြီး ဂိုဏ်းမှ တားမြစ်ထားသည့် နေရာတစ်ခုထံသို့ ဦးတည်သွားခဲ့သည်။

တားမြစ်ထားသည့် နေရာကို ဖွဲ့စည်းပုံကြီးများဖြင့် အဆင့်ဆင့် ကာရံထားခဲ့ပြီး ချန်ချင်းဂိုဏ်း၏ ဂိုဏ်းချုပ်နေရာကို ဆက်ခံမည့်သူသာလျှင် ဝင်ရောက်ခွင့်ရှိသည်။

ယခင်ဂိုဏ်းချုပ်ဟောင်းမှ အသစ်တက်ရောက်မည့် ဂိုဏ်းချုပ်အား ထိုအခန်းတွင်းသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းကို သီးသန့် သင်ပြပေးခဲ့ခြင်းဖြစ်သည်။

ဤနေရာအား နှစ်ပေါင်း ၃၀၀ခန့်မှစ၍ သူမှလွဲ၍ အခြားဝင်ရောက်သူ မရှိခဲ့ပေ။

သူ၏ ဆရာ၊ ဂိုဏ်းချုပ်ဟောင်းဖြစ်သူ ချန်ရစ်ထားခဲ့သော လျှို့ဝှက်ဖိုင်အား ကောက်ယူလိုက်ပြီးနောက် တောက်ကျန့်ကျန်းဟဲ နောက်တစ်ကြိမ် ပြန်လည်ဖတ်ကြည့်လိုက်သည်။

စိတ်ထဲတွင်တော့ ဤခုံရှေ့၌ မထိုင်မီ ချလိုက်သည့် ဆရာဖြစ်သူ၏ သက်ပြင်းချသံအား အမှတ်ရနေမိသည်။

‘ကျန်းဟဲ၊ ငါတို့တွေက ဂိုဏ်းရဲ့ စတင်ဖြစ်တည်လာမှုကို သန့်စင်ပစ်မှရမယ်… ဘာလို့လဲဆိုတော့ ငါတို့ ဖြစ်ပေါ်လာတာက မြင့်မြတ်တဲ့ နည်းနဲ့ မဟုတ်ဘူးလေ… အခြားဂိုဏ်းရဲ့ ရှေးရိုးစဉ်လာတွေကို ခိုးယူခဲ့တာကိုး…’

‘အဲလိုဆိုရင်တောင်မှ မင်းက ဂိုဏ်းကို သေချာထိန်းသိမ်းပြီး ရှေးရိုးအစဉ်အလာကို သေချာစောင့်ရှောက်ထားမှဖြစ်မယ်…’

တောက်ကျန့်ကျန်းဟဲ ငယ်ရွယ်စဉ်က သူသည် ချန်ချင်းဂိုဏ်းအတွင်း၌ အထူးချွန်ဆုံး ပညာရှင်ဖြစ်သည်။

သူ ငယ်ရွယ်စဉ်ကတည်းက နာမည်ကျော်ကြားခဲ့ပြီး ချန်ချင်းဂိုဏ်း၏ နောင်လာမည့် ဂိုဏ်းချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

သူ့အနေဖြင့် သူ၏ အရည်အချင်း၊ သူ၏ ဂိုဏ်းတို့အား အင်မတန် ဂုဏ်ယူခဲ့သည်။

တောက်ဓမ္မပညာ၏ ပထမဆုံးဂိုဏ်းချုပ်၏ အနီးကပ်တပည့်၊ ‘ကောင်းကင်ဘုံ’အဆင့်ရှိသည့် ပညာရှင်၏ တပည့်ဖြစ်ရသည့်အတွက် သူက ချောမော၍ သန်မာသော ‘ဒဏ္ဍာရီ’အတွင်းမှ ဇာတ်လိုက်တစ်ဦးပင်ဖြစ်ခဲ့သည်။

သို့သော် သူ၏ ဆရာဖြစ်သူမှ သူ့အား ဤအခန်းတွင်း၊ ဤဖွဲ့စည်းပုံအတွင်းသို့ ခေါ်ဆောင်လာခဲ့ချိန်တွင်တော့ တောက်ကျန့်ကျန်းဟဲ၏ ပညာဂုဏ်၊ သူ၏ ဂိုဏ်းအပေါ်ထားသည့် ဂုဏ်ယူခြင်းများသည်လည်း ကြေမွပျက်စီးခဲ့ရသည်။

ထိုအချိန်က သူ၏ ဆရာမှာ ‘သဘာဝလွန်လောက၏ နံပါတ် ၁ ပညာရှင်’ဖြစ်သည်။

သူသည်က သဘာဝလွန်လောကတွင် နောက်ဆုံး ‘ကောင်းကင်ဘုံအဆင့်’ ပညာရှင်ဖြစ်သည်။

ကောင်းကင်ဘုံသို့ တက်လှမ်းရန် ခြေတစ်လှမ်းမျှသာ လိုတော့သူဖြစ်ကာ နှစ်ပေါင်း ၅၀၀ကျော် အသက်ရှင်နေထိုင်ခဲ့သူလည်းဖြစ်သည်။

တောက်ဓမ္မပညာ၏ ဖခင်၊ တောက်ကျန့်ကျွင်းဟုန် အသက်ရှိစဉ်ကတည်းက မွေးဖွားခဲ့ခြင်းဖြစ်ကာ သဘာဝလွန်လောက၏ ပညာရှင်များကို စည်းစနစ်တကျ ပြင်ဆင်ဖွဲ့စည်းနိုင်ခဲ့သူလည်းဖြစ်ပေသည်။

တောက်ဓမ္မပညာ၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသော သူသည်က တောက်ကျန့်ကျွန်းဟုန်ကဲ့သို့ပင် ကောင်းကင်ဘုံသို့ အချိန်မရွေး တက်ရောက်သွားနိုင်သည့်အဆင့်တွင် ရှိသည်။

တောက်ကျန့်ကျန်းဟဲ၏ မျက်လုံးထဲတွင် ‘နတ်ဘုရား’တစ်ပါးကဲ့သို့ လေးစားရသည့် သူ၏ ဆရာမှပင် သူ၏ စိတ်ကူးများ၊ အိပ်မက်များအား ဤတားမြစ်နေရာထဲတွင် ရိုက်ချိုးပစ်ခဲ့သည်။

သူ ပထမဆုံးပြောလိုက်သည့်စကားမှာ ငယ်ထိပ်သို့ ပစ်ခွင်းလိုက်သည့် မိုးကြိုးအလားပင်။

‘ကျန်းဟဲ၊ ဒီဆရာ့ရဲ့သက်တမ်းက ကုန်ခါနီးနေပြီ.. မီးစာကုန် ဆီခမ်းရမဲ့အချိန်က နှစ်လလောက်ပဲ လိုတော့တယ်’

တောက်ကျန့်ကျန်းဟဲ ထိတ်လန့်တုန်လှုပ်ခဲ့ရပြီး ကိုယ့်နားကိုယ်ပင် မယုံနိုင်ခဲ့ပေ။

သို့သော် ဆရာအိုကြီးက သက်ပြင်းသာ ချခဲ့သည်။ ဆရာအိုကြီး၏ မျက်နှာတွင် သဘာဝလွန်လောက၏ နံပါတ်တစ် ပညာရှင်တစ်ဦး၏ မောက်မာခြင်း၊ဂုဏ်လွှားခြင်းတို့ကို မမြင်တွေ့ရချေ။

စိတ်ပျက်ခြင်းများ၊ ဝေဒနာကို ထုံကျဉ်နေခြင်းများသာ ပြည့်နေခဲ့သည်။

‘ငါ ငါ့ရဲ့ဆရာ့ဆီက ကြားဖူးခဲ့တယ်၊ တရားထိုင်တာက ငါ့လိုမျိုး အချိန်တွေ အများကြီး အသက်ရှင်ခဲ့ပြီး လမ်းကို မရှာနိုင်ခဲ့တဲ့ လူအိုကြီးတစ်ယောက်အတွက်တော့ အကောင်းဆုံး စိတ်ဖြေလျော့ခြင်းပဲတဲ့..’

ထိုအချိန်တွင် ဆရာဖြစ်သူ၏ စကားအား တောက်ကျန့်ကျန်းဟဲ နားမလည်နိုင်ခဲ့ပေ။

နှစ်ပေါင်း ၂၀၀ခန့် ကြာမြင့်ပြီးနောက် သူ၏ အရည်အချင်းက သူထင်ထားသလောက် မထူးချွန်ကြောင်း၊ ဆရာဖြစ်သူထက်ပင် ပို၍ မြန်မြန် ကျရှုံးခဲ့ရကြောင်း သိလိုက်ရသည်။

ထိုအချိန်မှသာလျှင် တစ်ချိန်က ဆရာအိုကြီး၏ စကားကို သူနားလည်မိသည်။

ဆရာဖြစ်သူမှာ ယခင်ကတည်းကပင် ဤကမ္ဘာကြီးတွင် ကောင်းကင်ဘုံသို့ တက်လှမ်းရန်မှာ မဖြစ်နိုင်ကြောင်း သိနေခဲ့သည်။

အမည်မသိသော အကြောင်းရင်းများကြောင့် ကောင်းကင်ဘုံ၏ တာအိုက တဖြည်းဖြည်း ယိုယွင်းနေခဲ့သည်။

သက်ရှိကမ္ဘာနှင့် ဘုံကမ္ဘာခြောက်ခုတို့က လမ်းလွဲနေခဲ့ပြီး အဆင့်တက်နိုင်ရန် မည်မျှပင် နီးစပ်ပါစေ၊ မဖြစ်နိုင်ပေ။

သူ၏ ဆရာက တောက်ဓမ္မပညာတွင် အင်မတန် နက်နက်ရှိုင်းရှိုင်း ကျင့်ကြံထားနိုင်ခဲ့ပြီး ကောင်းကင်ဘုံ၏ လမ်းကြောင်းအထိ ရောက်ရှိနိုင်ခဲ့သူဖြစ်သည်။

ထို့ကြောင့်ပင် ယခုဆိုးရွားလှသော အဖြေကို ရှာတွေ့ခဲ့ရခြင်းပင်။ ဤမြေကမ္ဘာတွင် မသေမျိုးအစစ်မရှိကြောင်း သက်သေပြရန် ကြိုးစားခဲ့ပြီးနောက် ခြေကုန်လက်ပန်းကျခဲ့ရသည်။

ထိုသို့ အားလျော့လိုက်ပြီးနောက် ခန္ဓာဝန်ချရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

သို့သော် ထိုသို့ရလဒ်မျိုးသည်က ငယ်ရွယ်၍ အမြင့်ဆုံးနေရာတွင် ရှိနေဆဲဖြစ်သော ကျန်းဟဲအတွက် သိထားရန် ရက်စက်လွန်းပေသည်။

ထို့ကြောင့်ပင် ဆရာဖြစ်သူမှ ဤအချက်ကို ဖုံးကွယ်ထားခဲ့ခြင်းပင်။

သူ့ဘဝ၏ အရေးပါသော အချိန်ကာလတစ်ခုတွင် ထိုအဖြေအား သူကိုယ်တိုင် ရှာတွေ့လိမ့်မည်။

တောက်ကျန့်ကျန်းဟဲ အသက်သုံးဆယ်ကျော်အရွယ်က သူက ချန်ချင်းဂိုဏ်း၏ တိုက်ရိုက်တပည့်၊ တောက်ဓမ္မပညာ၏ ပထမဆုံးပညာရှင်၏ တပည့်ရင်းတည်ထောင်ထားသော ဂိုဏ်းသားအဖြစ် ဂုဏ်ယူနေရခြင်းများမှာဆရာဖြစ်သူ၏ စကားတစ်ခွန်းတည်းကြောင့်နှင့် ပျက်စီးခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ဆရာဖြစ်သူ မကွယ်လွန်မီ သူ့အား အံ့အားသင့်ဖွယ် လျှို့ဝှက်ချက်တစ်ခု ပြောပြခဲ့သည်။

‘ကျန်းဟဲ၊ တကယ်တော့ ဒီဆရာက သတ္တိမရှိ၊ လောဘကြီးတဲ့ သူခိုးတစ်ယောက်ပါပဲ’

‘တကယ်တမ်းမှာ ငါတို့ဂိုဏ်းရဲ့ ရှေးရိုးစဉ်လာဆိုတာကလည်း ဆရာခိုးယူလာခဲ့တာ!’

တောက်ကျန့်ကျန်းဟဲက ကြောင်အနေခဲ့ပြီးနောက် ဆရာဖြစ်သူ၏ ရူးသွပ်နေသည့်အလား ပြောဆိုနေသည့် စကားများမှ လျှို့ဝှက်ချက်များကို ကြားသိခဲ့ရသည်။

ဆရာဖြစ်သူ၏ စကားအရ တောက်ဓမ္မဂိုဏ်းအား ပထမဆုံးတည်ထောင်ခဲ့သူက တောက်ကျန့်ကျွင်းဟုန်ဖြစ်သည်။ သို့သော် သူတစ်ဦးတည်းမဟုတ်ခဲ့ချေ။

တောက်ဓမ္မဂိုဏ်း၏ တိုက်ရိုက်ဆက်ခံသူမှာ ကုမျိုးရိုးနှင့် အမျိုးသမီးတပည့်တစ်ဦးပင် ဖြစ်သည်။

ဒဏ္ဍာရီများအရ ထိုအမျိုးသမီး၏ အရည်အချင်းက အင်မတန် ထူးချွန်လွန်းပြီး သဘာဝလွန်လောကတွင်းမှ ပညာရှင်များအား နှစ်တစ်ရာကျော်ခန့်ပင် အနိုင်ရယူနိုင်ခဲ့ပြီးဖြစ်သည်။

သူမက တောက်ကျန့်ကျွင်းဟုန်ထက်ပင် ပို၍ ထူးချွန်ထက်မြက်သည်ဟုလည်း ပြောဆိုကြသည်။

တောက်ကျန့်ကျွင်းဟုန် တာအိုအား ရရှိပြီးချိန်တွင် တောက်ဓမ္မဂိုဏ်းအား ဆက်ခံခဲ့သူမှာ သူမပင်ဖြစ်ခဲ့သည်။

ထိုအမျိုးသမီးသည်က တောက်ကျန့်ကျွန်းဟုန်၏ ခြေရာကို နင်းကာ နှစ်အနည်းငယ်အတွင်းမှာပင် တဆင့်ပြီး တဆင့် တက်လှမ်းနိုင်ခဲ့ပြီး ကပ်ဆိုးကိုလည်း တစ်ချီတည်း ကျော်လွှားနိုင်ခဲ့သည်။

ထို့နောက်တွင် တောင်တစ်လုံး,လုံး ကွဲကြေသွားနိုင်သည်အထိ အားကောင်းသော မိုးကြိုးကပ်ဆိုးတစ်ခု ကျရောက်လာခဲ့လေသည်။

သူမ ကောင်းကင်ဘုံသို့ တက်ရောက်သွားသည်ကိုလည်း မည်သူမျှ မမြင်လိုက်ရသကဲ့သို့ သူမ၏ အရိုးများကိုလည်း မည်သူမျှ ရှာမတွေ့ခဲ့ရပေ။

ရွှမ်းမင်၏ ဒုတိယမျိုးဆက်ဂိုဏ်းချုပ်က ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်က တောက်ကျန့်ကျန်းဟဲ၏ ဆရာမှာ အသက် ၄၀ကျော်ခန့်သာ ရှိသေးသည်။ သူသည်က အလယ်အလတ်အဆင့်သာရှိသည့် ချန်ချင်းဂိုဏ်းအား လွှဲပြောင်းယူခဲ့ပြီး ဂိုဏ်းချုပ်ဖြစ်ခါစ အချိန်လည်းဖြစ်ပေသည်။

ချန်ချင်းဂိုဏ်းနှင့် မိုးကြိုးပစ်ချခံလိုက်ရသော တောင်တို့က အင်မတန် နီးစပ်သောကြောင့် ထိုနေရာသို့ ပထမဆုံး ရောက်သွားသူမှာလည်း သူသာဖြစ်ခဲ့သည်။

သူ ထိုနေရာသို့ရောက်ချိန်တွင် မီးမြိုက်ခံထားရသကဲ့သို့ မည်းနက်နေသည့် မြေပြင်ပေါ်တွင် သတိလစ်မေ့မြောနေခဲ့သည့် သာမန်လူငယ်လေးတစ်ဦးမှလွဲ၍ တခြားမည်သူကိုမျှ ရှာမတွေ့ခဲ့ရပေ။

ဘေးနားတဝိုက်ကို ကြည့်လိုက်မိချိန်တွင်လည်း ကောင်းကင်ဘုံသို့ တက်ရောက်သွားသည့် အလင်းတန်းကို မမြင်ရသောကြောင့် သူ သက်ပြင်းချလိုက်မိသည်။

ဒဏ္ဍာရီလာမျိုးဆက်တစ်ခုမှ ထူးချွန်လှသည့် ပညာရှင်တစ်ဦးက အဆင့်တက်ရန် ကျရှုံးခဲ့ပြီး မြေကမ္ဘာတွင် လောင်ကျွမ်းခဲ့ရသည်။

ဂိတ်တံခါးစောင့်ပင် မရှိခဲ့ပေ။

သူ လှည့်ပတ်ကြည့်ရင်းဖြင့် တောက်ကျန့်ကျွင်းဟုန် အဆင့်တက်သွားခဲ့သော ဒဏ္ဍာရီထဲမှ သစ်ပင်ကြီးသည်လည်း မိုးကြိုးကပ်ဆိုက်သည့်နေရာနှင့် မလှမ်းမကမ်းတွင် ရှိနေသည်ကို မြင်လိုက်ရပြီးနောက် သူ၏ နှလုံးများ တဖြည်းဖြည်း ခုန်လာခဲ့သည်။

သူ၏ စိတ်ထဲတွင် မကောင်းသည့် အကြံတစ်ခု ပေါ်လာခဲ့သည်။

သူ ပြန်လည်သတိကပ်လာသည့် အချိန်တွင် သူသည်က ထိုဓမ္မသစ်ပင်ကြီးအား ခုတ်လှဲပြီး တောင်ပေါ်သို့ တခြားပညာရှင်များ မရောက်လာခင် ခိုးယူကာ ထွက်ပြေးလာခဲ့မိသည်။

နောက်ပိုင်းတွင်တော့ သူသည် အကြိမ်ပေါင်းများစွာ နောင်တရခဲ့မိသည်။

သူခိုးယူလာခဲ့သည့် သစ်ပင်မှ အစိတ်အပိုင်း ပျောက်ကွယ်သွားလိမ့်မည်ကိုလည်း ကြောက်လန့်နေမိသည်။ ထို့ကြောင့် သူ ထိုသစ်သားစကို သေသေချာချာထုတ်ပိုး၍ ဂိုဏ်းမှ တိတ်တဆိတ်ထွက်ခွာခဲ့ပြီး ခြေရာဖျောက်နေခဲ့သည်။

ခြေရာဖျောက်နေခဲ့သည့်အချိန်တွင် သူသည်က သာမန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ်သာ ဟန်ဆောင်နေခဲ့သည်။ နှစ်လခန့် ပုန်းအောင်းနေခဲ့သော်လည်း တောက်ကျန့်၏ မိုးကြိုးကပ်ဆိုးနှင့် ပတ်သတ်သည့် သတင်းစကားများကိုလည်း တစ်စုံတစ်ရာမျှ မကြားခဲ့ရပေ။

သူ သတင်းစုံစမ်းကြည့်သော်ငြား သူပုန်းကွယ်နေသည့် နေရာသည်က ဝေးလံလွန်းနေ၍ပေလားမသိပါချေ။

ထိုကိစ္စနှင့်ပတ်သတ်၍ မည်သူမျှ မသိကြ။

ပိုဆိုးသည်မှာ သူ့၏မေးခွန်းကိုကြားချိန်တွင် လူများက မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ကြည့်ကာ တောက်ကျန့်ကျွင်းဟုန်တွင် ဘယ်သောအခါကမျှ တပည့်မရှိခဲ့ကြောင်း ပြောဆိုခဲ့ကြပြန်သည်။

ကျန်းဟဲ၏ဆရာက အကြိမ်ပေါင်းများစွာ တွေဝေနေခဲ့ပြီးနောက် သတ္တိကိုမွေးကာ သူ၏ ဂိုဏ်းထံသို့ ပြန်သွားခဲ့သည်။

သုံးလနီးပါး ပျောက်ဆုံးနေခဲ့သည့် ဂိုဏ်းချုပ်ပြန်ရောက်လာသောကြောင့် တပည့်များက ဝမ်းသာမဆုံး ဖြစ်နေခဲ့ကြသော်လည်း သူကိုယ်တိုင်ကတော့ အလွန်အမင်း အံ့ဩခြင်းကိုသာ ခံစားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ဂိုဏ်းထဲမှ တပည့်များကို ဖြစ်စေ၊ အပြင်လောကမှ ပညာရှင်များကို ဖြစ်စေ မေးမြန်းကြည့်ပါက တောက်ကျန့်ကျွင်းဟုန်တွင် တပည့်တစ်ဦးမှ မရှိဟုသာ ပြန်ဖြေခဲ့ကြသည်။

သူတို့၏ မှတ်ဉာဏ်များအား မမြင်နိုင်သည့် လက်တစ်စုံမှ ဖယ်ရှားလိုက်သကဲ့သို့ပင်။

ရွှမ်းမင်၏ ဒုတိယမျိုးဆက်ဂိုဏ်းချုပ်နှင့် ပတ်သတ်သည့် အကြောင်းအရာ၊အချက်အလက်များအားလုံး ပျောက်ဆုံးသွားခဲ့သည်။

တောင်ထိပ်မှ မီးကျွမ်းထားသည့် မြေကြီးပင် မရှိတော့ပါချေ။

သူ့၏ကိုယ်တွင် တစ်ချိန်လုံးဆောင်ထားခဲ့သည့် ဓမ္မသစ်ပင်၏ အပိုင်းအစနှင့် ၊ တောင်ထိပ်တွင် မီးကျွမ်းထားသည့် နေရာမရှိသော်လည်း ထိုနေရာတွင် မြက်ပင်တစ်ပင်မျှပင် မပေါက်သည့် အချက်များကြောင့်သာ မဟုတ်ပါက သူသည် သူ၏ မှတ်ဉာဏ်၊ သူ၏ မျက်လုံးများအား သံသယဝင်မိလိမ့်မည်။

ထိုအဖြစ်အပျက်များကြောင့် သံသယများ၊ ဝေခွဲမရခြင်းများ ခံစားခဲ့ရပြီး အိပ်ရေးပျက်ခဲ့ရသည်။

သို့သော် မည်သူ့ကိုမျှ ထုတ်မပြောရဲခဲ့ပေ။

တစ်ကမ္ဘာလုံးနှင့်တစ်ယောက် ငြင်းခုန်နေမည်ဆိုပါက သူ့အား ‘အရူး’အဖြစ်သာ သတ်မှတ်ခံရလိမ့်မည်။

All Chapters