ပျောက်ကွယ်သွားသော ဒုတိယမြောက်ဂိုဏ်းချုပ်နှင့် အတွင်းနတ်ဆိုးအသံ (3)
Vol. 49 Ch. 484
နှစ်ပေါင်းများစွာကြာအောင် သူ ကျောင်းပေါင်းစုံတွင် ရွှမ်းမင်ဂိုဏ်း၏ ဒုတိယမျိုးဆက်ဂိုဏ်းချုပ်နှင့် ပတ်သတ်သည့် သဲလွန်စများ ရှာဖွေခဲ့သည်။
ထိုသို့ ရှင်းပြရခက်သည့် အချက်အလက်များကသာလျှင် သူမ၏ ဖြစ်တည်မှုက အမှန်တကယ်ဖြစ်ကြောင်း သက်သေဖြစ်ခဲ့ရသည်။
ထို့နောက် သူက ဓမ္မသစ်ပင်ကို အသုံးပြု၍ ချန်ချင်းဂိုဏ်းအတွက် အရှိန်အဟုန်တစ်ခု ဖန်တီးခဲ့သည်။
ချန်ချင်းဂိုဏ်းက တောက်ကျန့်ကျွင်းဟုန်၏ အမွေကို ဆက်ခံသည့် ဂိုဏ်းဖြစ်ကြောင်း သတင်းလွှင့်ခဲ့သည်။
ထို့ကြောင့် ချန်ချင်းဂိုဏ်း၏ အဆင့်သည်လည်း တဖြည်းဖြည်း မြင့်မားလာခဲ့ပြီး သူတို့ရရှိသော အကျိုးကျေးဇူးများ၊ စွမ်းအင်များသည်လည်း အံ့အားသင့်ဖွယ်ဖြစ်လာခဲ့သည်။
သို့သော် တစ်သက်လုံးစုဆောင်းမှုများက နောက်ဆုံးတွင်တော့ အရာမတင်ဖြစ်ခဲ့ရသည်။
ကောင်းကင်ဘုံ၏ လမ်းကြောင်းက ပျက်စီးသွားခဲ့သောကြောင့် အဆင့်တက်ရန် မျှော်လင့်ချက်မရှိတော့ချေ။
ယခုအချိန်တွင် သူသည်က ရွှမ်းမင်ဂိုဏ်း၏ ဒုတိယမျိုးဆက်ဂိုဏ်းချုပ် တည်ရှိခြင်း၊ မတည်ရှိခြင်း၊ အဘယ်ကြောင့် သူမသည် လူအများ၏ မှတ်ဉာဏ်မှ ပျောက်ဆုံးသွားခဲ့ရသနည်း စသည်တို့အား စိတ်မဝင်စားတော့ပေ။
သူ့အနေဖြင့် ကောင်းကင်ဘုံသို့ အဆင့်တက်ရန် ကျရှုံးခဲ့သည့် ဂိုဏ်းချုပ်၏ မျက်နှာနှင့် နာမည်ကိုပင် မမှတ်မိတော့။
သူသိသည်မှာ တစ်ခုတည်းသာလျှင်ရှိတော့သည်။ ချန်ချင်းဂိုဏ်းက ရှေးရိုးစဉ်လာကို ထိန်းသိမ်း၍ ယခုလက်ရှိအဆင့်နှင့် ရရှိနေသော လာဘ်လာဘများကို ထိန်းသိမ်းထားနိုင်ရန်ပင်။
ယခုလျှို့ဝှက်ချက်များကို တောက်ကျန့်ကျန်းဟဲသို့ ပြောပြခဲ့သည်မှာလည်း ဂိုဏ်းအား လွှဲပြောင်းနိုင်ရန်အတွက်သာဖြစ်သည်။
သူတစ်ဦးတည်းသာ မှတ်မိထား၊ သိထားခဲ့သော လျှိုဝှက်ချက်များအား မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းခဲ့လိုခြင်းလည်း ဖြစ်နိုင်သည်။
လျှို့ဝှက်ချက်များ၊ အဖြစ်မှန်များကို ရှင်းပြကာ ဂိုဏ်းတစ်ခုလုံးအား တောက်ကျန့်ကျန်းဟဲလက်ထဲ ဝ,ကွက် အပ်လိုက်ပြီးနောက် ကုကျစ်စုန့်၏ ဖြစ်တည်မှုကို မှတ်မိနေသည့် တစ်ဦးတည်းသော ပညာရှင်က တိတ်တဆိတ်ပင် ဝိဉာဉ်ချုပ်သွားခဲ့သည်။
ဂိုဏ်းချုပ်အသစ်ဖြစ်လာသည့် တောက်ကျန့်ကျန်းဟဲသည်လည်း ကနဦးတွင် နာကျင်မှုနှင့် ရုန်းကန်နေခဲ့ရသည်။ သူ့ဘဝတစ်လျှောက်လုံး ဂုဏ်ယူခဲ့ရသည့် ဂိုဏ်းကြီးမှာ ခိုးယူထားသည့် ရတနာဖြင့် အစပြုခဲ့သည်ကို လက်မခံနိုင်ခဲ့ပေ။
ဆရာပြောခဲ့သော ‘ကု’မျိုးရိုးဂိုဏ်းချုပ်သည်က လေထဲတွင် ပျောက်ကွယ်သွားခဲ့ပြီး ကမ္ဘာကြီးတစ်ခုလုံးက သူမအား မေ့လျော့သွားသည်ဆိုသော စကားများမှာ ဆရာဖြစ်သူ၏ စိတ်ကူးယဉ်ဇာတ်လမ်းဟုပင် တွေးခဲ့မိသည်။
သို့သော် ဆရာဖြစ်သူ ရေးသားခဲ့သော လျှို့ဝှက်စာများ၊ စာရွက်စာတမ်းများကို ဖတ်ကြည့်ခဲ့ပြီးနောက် အမှန်တကယ်ပင် သမိုင်းတွင်း၌ ထူးဆန်းနေသည့် အချက်အလက်များကို ရှာတွေ့ခဲ့ရသည်။
ထိုမစုံလင်သည့် အသေးစိတ်အချက်အလက်များကို ပေါင်းစည်းလိုက်ပါက ပျောက်ဆုံးနေသည့် ပညာရှင်တစ်ဦး ရှိနေခဲ့ကြောင်း ထင်ရှားလာခဲ့သည်။
သို့သော် ထိုအတွေးများက သူ့၏စိတ်ထဲတွင် ကြာကြာနေရာယူမထားနိုင်ပေ။ တောက်ကျန့်ကျန်းဟဲက ဂိုဏ်းအား စီမံခန့်ခွဲခြင်းတွင်သာ အာရုံစိုက်ထားခဲ့သည်။
ဂိုဏ်းချုပ်ဖြစ်သည့်အတွက် ခံစားရသည့် အဆုံးအစမဲ့ စွမ်းအင်များတွင် ပျော်မွေ့နေခဲ့ပြီး ရွှမ်းမင်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်အကြောင်း မေ့လျော့နေခဲ့သည်။
သူ့ကိုယ်သူ မေ့လျော့သွားပြီဟု ထင်ခဲ့မိသည်။
သို့သော် ရုတ်တရက် ကုကျစ်စုန့် ပေါ်လာခဲ့လေသည်။ နောက်ပြန်တပ်ဆုတ်လာသည့် တပည့်ဖြစ်သူထံမှ စကားကို ပထမဆုံးကြားလိုက်ရချိန်တွင် သူ့အတွေးထဲပေါ်လာခဲ့သူမှာ ဆရာဖြစ်သူ ပြောခဲ့သော၊ လူအများ၏ မှတ်ဉာဏ်မှ ပျောက်ဆုံးသွားခဲ့သော ကုမျိုးရိုးဂိုဏ်းချုပ်သာဖြစ်ခဲ့သည်။
ချောမောသည့် ရုပ်ရည်၊ သန်မာသည့် စွမ်းအား။
တောက်ကျန့်ကျန်းဟဲ နားမလည်နိုင်ခဲ့ပါချေ။
သို့သော် ထိုကုကျစ်စုန့်သည်က လွန်ခဲ့သည့် နှစ်ပေါင်း ၈၀၀ခန့်က ပျောက်ဆုံးသွားခဲ့သော ရွှမ်မင်၏ ဒုတိယဂိုဏ်းချုပ်သာ ဖြစ်ရမည်ဟု စိတ်ထဲတွင် အတည်ပြုနေခဲ့မိသည်။
သူ့နှလုံးသားထဲမှ မှော်ဆန်သည့်အသံသည်လည်း တစ်နေ့တစ်ခြား အလျင်လိုလာခဲ့ပြီး သူ့အတွေးများအားလုံးတွင် နေရာယူထားခဲ့သည်။
‘ငါတို့ ဘယ်လိုလုပ်ကြမလဲ၊ သူက တောင်ပေါ်ကို တက်လာပြီး ကမ္ဗည်းကို ဖြုတ်ယူသွားကတည်းက အကုန်သိသွားပြီထင်တယ်၊ သူ့ဆရာအတွက်နဲ့ ချန်ချင်းဂိုဏ်းကို ရောက်တဲ့နေရာမှာ တိုက်ခိုက်နေတာပဲ ဖြစ်မယ်’
‘တောက်ကျန့်ကျွင်းဟုန်ရဲ့ တပည့်ပီသပါတယ်၊ ချန်ချင်းဂိုဏ်းရဲ့ ဂုဏ်ရှိန်ဂုဏ်ဝါကိုတောင် တစ်နှစ်တည်းနဲ့ ဖုံးသွားနိုင်တယ်
သူသာ ဒီထက်စွမ်းအားကြီးလာပြီဆိုရင် ငါတို့ကို စစ်မကြေငြာဘူးလို့ မပြောနိုင်ဘူး၊ သူက ကမ္ဘာတစ်ခုလုံးကို ငါတို့က သူခိုးတွေပါလို့ ပြောလိုက်ရင် ဘယ်လိုလုပ်မလဲ’
‘သူက ကျိန်စာကို ချိုးဖျက်ပြီးတော့မှ နှစ်ပေါင်း ၈၀၀အတွင်း ပထမဆုံး ‘တာအို’ကို ရနိုင်တဲ့ လူဖြစ်လာမလား’
‘…’
တောက်ကျန့်ကျန်းဟဲ ဒေါသတကြီး အော်ဟစ်လိုက်မိသည်။
“တိတ်စမ်း! တိတ်စမ်း! အသံကို ပိတ်ထားစမ်း!”
“မင်းက ငါမဟုတ်ဘူး၊ မင်းက ဒီအတိုင်းမွေးလာတဲ့ နတ်ဆိုးတစ်ကောင်ပဲ၊ အခုကိစ္စကို အခွင့်ကောင်းယူပြီး ငါ့ရဲ့ ဆုံးဖြတ်ချက်တွေမှာ ဝင်စွက်ဖက်ဖို့ မကြိုးစားနဲ့!”
မှန်ပေသည်။ သူသည်က ‘ကောင်းကင်ဘုံ’သို့ ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည့် ပညာရှင်တစ်ဦး၊ တစ်ကမ္ဘာလုံးမှ ထူးခြားပညာရှင်များ၏ လေးစားခံရသော စွမ်းအားကြီးလူတစ်ဦးဖြစ်သည်။
နှစ်ပေါင်းတစ်ရာခန့်အကြာက သူ၏ အရည်အချင်းများ အထွတ်အထိပ်သို့ ရောက်ရှိသည့် အချိန်တွင် ရှုံးနိမ့်ကာ နောက်ပြန်ဆုတ်ခဲ့ရသောကြောင့် ဒေါသအစွဲအလမ်းများ ပေါ်ထွက်လာခဲ့ပြီး ထိုအစွဲအလမ်းများမှတဆင့် အားကောင်းသည့် နတ်ဆိုးတစ်ကောင် မွေးဖွားလာခဲ့လေသည်။
သူ၏ အလယ်အလတ်တန်းအဆင့်သာ ရှိသည့် အရည်အချင်းအား ပြောင်းလဲနိုင်ရန် ‘နှလုံးသားနတ်ဆိုး’၏ ညှို့ယူခံခဲ့ရပြီး ခွင့်လွှတ်၍ မရနိုင်သော အပြစ်ပေါင်းများစွာ ကျုးလွန်ခဲ့သည်။
သူ့အနေဖြင့် ယနေ့အချိန်ထိ သူ့ခေါင်းထဲမှ အသံကို ကြောက်လန့်နေဆဲဖြစ်သော်ငြား မဖယ်ရှားနိုင်ခဲ့ပေ။
ထိုအသံကို တစ်နည်းနည်းအားဖြင့် အားကိုးနေမိသည်။
တောက်ကျန့်ကျန်းဟဲအနေဖြင့် အခုကဲ့သို့ ဖြစ်နေသည့် သူ့ကိုယ်သူလည်း မုန်းတီးမိသည်။ သူ့အား ထိုသို့ မှော်ဆန်သည့် အသံဖြစ်စေခဲ့သည့် အရာကိုလည်း မုန်းတီးသည်။
သူ့၏ စိတ်တွင်းမှ အသံက သဘောကျစွာ ရယ်လိုက်ရင်း ဆက်ပြောသည်။
“ငါက မင်းပဲလေ တောက်ကျန့်ကျန်းဟဲ၊ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်မထားဘဲ ထိပ်တိုက်ရင်ဆိုင်ရဲတဲ့ ‘မင်းရဲ့ ပိုပြီး စစ်မှန်တဲ့ ပုံစံ’ပဲ”
“ပြောစမ်းပါဦး၊ ငါရဲ့ ဘယ်ဆုံးဖြတ်ချက်ကများ မင်းကို အကျိုးယုတ်စေခဲ့လို့လဲ၊ မင်းရဲ့ အရည်အချင်းအချုပ်အနှောင်ကို ဖျက်ဆီးပေးပြီး အခုဒီနေရာထိ ရောက်အောင် ငါကပဲ ကူညီပေးခဲ့တာပဲ မဟုတ်ဘူးလား”
“မင်း!”
တောက်ကျန့် ကျန်းဟဲ မုန်းတီးစွာ ငြင်းဆန်လိုက်ချင်သော်လည်း မငြင်းနိုင်ပေ။
သူ လက်မခံချင်လျှင်တောင်မှ လွန်ခဲ့သည့် နှစ်တစ်ရာကျော်အတွင်း သူလုပ်ခဲ့သမျှ အရာအားလုံးသည်က ဤနတ်ဆိုး၏ အလိုအတိုင်းသာ ဖြစ်သည်။
သူ့အနေဖြင့် အတိတ်ကိုလည်း ပြန်မသွားနိုင်တော့။
ပြန်လည်မချေပနိုင်သည့် သူ့ကို ကြည့်ရင်း ‘နှလုံးသားနတ်ဆိုး’၏ အသံ အနည်းငယ် ပျော့ပြောင်းသွားခဲ့ပြီးနောက် တောက်ကျန့်ကျန်းဟဲအား ဆက်၍ တွန်းအားပေးနေခဲ့သည်။
ရုတ်တရက် တောက်ကျန့်ကျန်းဟဲ တစ်စုံတစ်ရာကို ခံစားလိုက်ရသည့်အလား ရုတ်တရက် ငြိမ်သက်နေသည့် ကောင်းကင်အား မော့ကြည့်လိုက်မိသည်။
အဝေးတစ်နေရာတွင် မိုးတိမ်များ အုံ့ဆိုင်းနေခဲ့ပြီး ထိုနေရာမှ ကောင်းကင်သည် ယခုကဲ့သို့ တည်ငြိမ်နေမည်မဟုတ်ကြောင်း သူကောင်းကောင်းသိသည်။
မိုးကြိုးကပ်ဘေး၏ အငွေ့အသက်များပင်။
သူ၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်လာခဲ့သည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?!”
တစ်စုံတစ်ယောက် ကပ်ဆိုးအား ဖြတ်ကျော်ရန် ကြိုးစားနေသည်လား?
ထိုတစ်စုံတစ်ယောက်က ကုကျစ်စုန့်ပင်လား။
တောက်ကျန့်ကျန်းဟဲ၏ မျက်နှာက ရှုံံ့မဲ့သွားခဲ့ပြီး မျက်ဝန်းအစုံမှာလည်း နီမြန်းနေခဲ့သည်။
ထိုလူ၏ စွမ်းအင်က အဘယ်ကြောင့် ဤမျှအားကောင်းနေရပါသနည်း?
သူကဲ့သို့ လူမျိုးက အောင်မြင်မှုရနိုင်ရန် ကြိုးစားရုန်းကန်နေခဲ့သော်ငြား အချုပ်အနှောင်များ၊ အတားအဆီးများကြောင့် ဆယ်နှစ်ပေါင်းများစွာကျော်လွန်အောင် ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ပေ!
မမျှတလိုက်လေခြင်း။
သူ၏ ရင်ထဲမှ ဒေါသများ၊ မတည်ငြိမ်နိုင်သည့် ခံစားချက်များကို သတိပြုမိသည့်အလား နှလုံးသားနတ်ဆိုး၏ အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
“မင်းမြင်တယ်မဟုတ်လား၊ အဲဒါက မတရားဘူးဆိုတဲ့ ဉာဏ်ကြီးရှင်တွေဆိုတာပဲ”
*
X မြို့တော်၏ အစွန်ပိုင်းနေရာတွင် တစ်ညလုံး မိုးကြိုးများ ဆက်တိုက်ပစ်ခွင်းနေခဲ့သည်။
ည နှစ်နာရီ၊ သုံးနာရီခန့်အချိန်တွင် ကျယ်လောင်သော မိုးကြိုးသံများ၊ မိုးသံများကြောင့် မြို့ထဲမှ အိပ်စက်နေသည့် လူအများအပြား အလန့်တကြား နိုးလာခဲ့ပြီး အဝတ်အတခည်များကို ရုတ်သူက ရုတ်ကာ၊ တံခါးပိတ်သူကပိတ်ဖြစ်၍ တစ်မြို့လုံး ဆူညံသွားခဲ့ရသည်။
မှောင်မိုက်နေသည့် တိမ်တိုက်များအကြားမှ လျှပ်စီးများသည်လည်း ပြိုးပြိုးပြက်ပြက်လင်းနေခဲ့သည်။
နံနက်ခင်း လေးနာရီအချိန်တွင် ပြတင်းများမှတဆင့် တောက်ပနေသည့် လျှပ်စီးမိုးကြိုးများကြောင့် မိုးလင်းတော့မည့်အလား ထင်မှတ်စေရသည်။
အိပ်နေရာမှ ရုတ်တရက် လန့်နိုးလာရသည့် မြို့သူမြို့သားများသည်လည်း မျက်စိရှေ့မှ ထူးဆန်းလှသော မြင်ကွင်းကို စူးစိုက်ကြည့်နေမိကြသည်။
တချို့မှာမူ ဖုန်းများထုတ်၍ ထူးဆန်းလှသော မိုးကြိုးလျှပ်စီးများကို ဓာတ်ပုံရိုက်ထားခဲ့ကြသည်။
ထိုနေ့မနက်ခင်း လေးနာရီအချိန်မှာပင် #X မြို့တော်ထက်မှ မိုးကြိုးလျှပ်စီးများ# သည် ထိပ်တန်းရှာဖွေမှုပေါ်သို့ ရောက်ရှိလာခဲ့သည်။
မနက်မိုးသောက်သည့်အချိန်တွင် ပို၍ပင် လူစိတ်ဝင်စားမှုမြင့်တက်လာခဲ့ကြသည်။
[အဲဒီဓာတ်ပုံက effect သုံးပြီး ထည့်ထားတာများလား၊ မိုးကြိုးတွေက ကမ္ဘာပျက်တော့မယ့်အတိုင်းကို ပစ်ချနေတာ၊ ကြည့်ရတာတော့ လန်ထွက်နေတာပဲ]
[ဘယ်တောက်ကျန့်များ မိုးကြိုးကပ်ဆိုးဖြတ်ကျော်ဖို့ ကြိုးစားနေတာလဲမသိဘူး၊ အဲဒါက မမိုက်ဘူးနော်.. ငါ ညကမှ လျှော်ပြီး လှန်းထားတဲ့ အဝတ်တွေ အကုန် မိုးစိုကုန်ပြီလို့!]
[မြို့က နယ်ခံအနေနဲ့ ပြောရဲတာကတော့ အဲဒီပုံက လုံးဝ ပြင်ထားတာ မဟုတ်ဘူးနော်၊ ငါအဲ့မြို့ထဲမှာ နေတာ အနှစ်(20)ကျော်ပြီ
အဲဒီလောက် အားကောင်းတဲ့ မိုးကြိုးကို ခုမှ ပထမဆုံး မြင်ဖူးတာပဲ၊ ငါတို့ မိသားစုလေးယောက်လုံး မိုးကြိုးသံကြောင့် လန့်နိုးတာတာ၊ ပြီးတော့ ပြတင်းပေါက်ကနေ အဲဒါကို တစ်ညလုံး ကြည့်နေခဲ့တာပဲ
မိုးကြိုးနဲ့ လျှပ်စီးတွေက ပြောရရင် လှတောင် လှသေးတယ်၊ ငွေရောင်လိုလို၊ ခရမ်းရောင်လိုလိုမျိုး..
နောက်ပိုင်းကျတော့ နက်ပြာလိုဖြစ်သွားပြီး ကောင်းကင်တစ်ခုလုံးဆို လင်းထိန်နေတာပဲ၊ လေးနာရီလောက်ကျတော့ မိုးစဲသွားပြီး မိုးကြိုးတွေလည်း ရပ်သွားတာလေ
နောက်တော့ ကောင်းကင်က ပုံမှန်အတိုင်း မှောင်ကျသွားပြီး မနက်မှပဲ ပြန်လင်းလာတာ]
[ဝိဉာဉ်စွမ်းအင်တွေ ပြန်ပြီး အသက်ဝင်လာခဲ့ပြီ၊ မကောင်းဆိုးဝါးတွေ၊ သရဲတွေ ထွက်လာရင်တောင် ငါတော့ ထူးဆန်းတယ်လို့ မထင်တော့ဘူး]
[…..]