နတ်ဘုရားတစ်ဝက်နှင့် သုံးပေအထိ နက်အောင်တူးဖော်ခြင်း (1)
Vol. 49 Ch. 485
မိုးကြိုးများကြောင့် X မြို့တော်၏ ဒေသခံအစိုးရအဖွဲ့မှ တရားဝင်စာတစ်စောင် ထုတ်ပြန်လာခဲ့သည်။
မြို့၏ ဆင်ခြေဖုံးနေရာမှ တောင်ကုန်းများက မိုးကြိုးပစ်ခံထားရသောကြောင့် ပြန်လည်ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်သည်။
တောင်ခြေပတ်ပတ်လည်တွင် သံဇကာလိပ်များနှင့် ကာရံထားပြီး ခရီးသွားများ၊ ဒေသခံများကိုလည်း ထိုနေရာများအား ဝင်ရောက်ခြင်းမပြုရန် တားမြစ်ထားခဲ့သည်။
သတင်းများ၏ အောက်တွင်တော့ အင်တာနက်အသုံးပြုသူများ၏ ထုံးစံအတိုင်း ကောလဟာလများ ပြန့်နေခဲ့သည်။
တချို့လူများ၏ စကားမှာ သူတို့သည် တောင်ပေါ်သို့ တက်၍ မိုးကြိုးပစ်ခံထားရသော သစ်ပင်ကို သွားခိုးမည်ဖြစ်ကြောင်း၊ ထိုသို့ သစ်သားမျိုးသည် ‘မိုးကြိုးသွား’ဟု ခေါ်ပြီး မကောင်းဆိုးဝါးများကို နှင်နိုင်ကြောင်း ပြောဆိုနေခဲ့ကြသည်။
တချို့မှာတော့ တောင်ပေါ်ဒေသအား ပြန်လည်ဝင်ခွင့်ပြုသည့်အချိန်တွင် အဖွဲ့များ စု၍ ‘တောက်ပညာကျင့်ကြံရန်’ သွားရောက်သင့်ကြောင်း ပြောနေကြပြန်သည်။
ထိုအချိန်တွင် ဝိဉာဉ်ရေးရာအစီအစဉ်၏ မဲပေးချန်နယ်အား မပိတ်သေးချေ။
ကုကျစ်စု့န်၏ မဲအရေအတွက်သည် သိန်း၄၀ ကျော်နေခဲ့ပြီဖြစ်သည်။
လူတိုင်းတွင် မဲတစ်ခုသာ ပေးခွင့်ရှိပြီး မဲပေးလိုပါက အကောင့်ဖွင့်ထားရန် လိုအပ်သည်။ ထို့ကြောင့် မဲလိမ်ရန်ဆိုသည်မှာ လွယ်ကူသည့်အရာမဟုတ်ပေ။
အဓိပ္ပာယ်မှာ လူပေါင်း သိန်းလေးဆယ်ကျော်သည်က သက်ရှိလူများဖြစ်ကြပြီး အမှန်တကယ် အကောင့်စစ်များနှင့် လူများသာ ဖြစ်သည်။
ထိုပမာဏကို ကြည့်လျှင် ကုကျစ်စုန့်၏ ပရိတ်သတ်က မည်မျှ များပြားကြောင်းကို ထင်ရှားနေခဲ့သည်။
[ငါတော့ မနေ့ညက ညလယ်ခေါင်လောက်မှ မဲပေးခဲ့တာ၊ စုန့်စုန့်ရဲ့ မဲကို ထပ်တိုးချင်တာနဲ့ ငါလည်း အဖေနဲ့ အမေ့ဖုန်းကိုပါ ယူသွားပြီး မဲပေးမယ်လို့ စဉ်းစားနေသေးတယ်၊
ဒါပေမဲ့ အဖေနဲ့ အမေ့ဖုန်းကို မရမက လုပြီးတော့ သူတို့ဝက်ဆိုက်ထဲလည်း ဝင်လိုက်ရော နှစ်ယောက်လုံးက မဲပေးပြီးသားဖြစ်နေတယ်လေ….
ဒီကိစ္စနဲ့ ပတ်သတ်ပြီး ငါခြေတစ်လှမ်းနောက်ကျသွားတာ!]
[ငါတို့ မိသားစုလည်း ဘာထူးလဲ ၊ ညက မိသားစုဂရုချက်ကို ဖွင့်လိုက်တော့ ဦးလေးတွေ၊ အဒေါ်တွေ၊ အဘွားတောင် ပါသေး၊ မဲပေးတဲ့ လင့်ခ်ကို ပို့ထားပြီး စုန့်စုန့်အတွက် မဲပေးခိုင်းနေတာလေ၊
သူကတော့ တကယ့်ကို လူကြီးတွေ အကြိုက်ပါပဲ၊ အမေအလုပ်လုပ်တဲ့ဆီမှာဆိုလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေအကုန်လုံးက စုန့်စုန့်ရဲ့အလုပ်ကို သဘောကျတဲ့သူတွေချည်းပဲ!]
[စု့န်စုန့်ရဲ့ အလုပ်ကို သဘောကျတယ်ပြောလို့ ရယ်ချင်လို့ပါ၊
တောက်ပလင်းလက်နေတဲ့ အမျိုးသမီးသရုပ်ဆောင် - အမှား၊
ဗေဒင်ဟောတဲ့ ထူးခြားဆန်းကြယ်ပညာရှင်- အမှန် ]
[….]
ရလဒ်မှာတော့ အိပ်ရာထထချင်း အင်တာနက်သုံးနေကြသည့် လူများအားလုံး၏ ထိပ်တန်းရှာဖွေမှုက သဘာဝလွန်လောက၊ ထူးခြားဆန်းကြယ်ပညာရှင်များနှင့်သာ ပြည့်နှက်နေခဲ့သည်။
ရုတ်တရက်ကြည့်လိုက်ပါက သဘာဝလွန်လောကထဲသို့ ရောက်သွားသည်ဟုပင် ထင်ရစေသည်။
ထိုအချိန်တွင် ရုတ်တရက် မှတ်ချက်လေးတစ်ခု ပေါ်လာခဲ့သည်။
[အဲဒီ မိုးကြိုးကပ်ဘေးက ကုကျစ်စုန့်ကြောင့်ဖြစ်တယ်လို့ရော မထင်ကြဘူးလားဟင်…]
ထိုစာတိုလေး၏ အောက်တွင် မှတ်ချက်များ ချက်ချင်း အသစ်၊အသစ် တက်လာခဲ့ကြသည်။
[?? စိတ်လျှော့ ဘရို၊ စုန့်စုန့်ကို နတ်ဘုရားလို့ မသတ်မှတ်နေနဲ့ဦး]
[လာနောက်နေတာလား၊ ကုကျစ်စုန့်က တကယ်ကြီးကို သဘာဝလွန်လောကရဲ့*** ဖြစ်လာတာပဲဟ]
ထိုစာတိုလေးကို ရေးသားလိုက်သူမှာ မြို့တစ်မြို့၏ တောက်ဓမ္မဘုန်းကြီးကျောင်းလေးအတွင်းမှ သာမန်တပည့်ဝတ်စုံလေး ဝတ်ဆင်ထားသူသာဖြစ်ပြီး အတွင်းသတင်းဟုဆိုကာ သတင်းဖြန့်ခဲ့သူလည်းဖြစ်သည်။
သူ၏ စိတ်ထဲတွင် ထင်နေခဲ့သည့်အရာက အမှန်တရားဖြစ်နေခဲ့သော်လည်း မည်သူမှ သူ့ကို အယုံအကြည်မရှိကြသောကြောင့် အနည်းငယ်ပင် စိတ်ဓာတ်ကျသွားခဲ့ရသည်။
သူ့နည်းတူစွာပင် သဘာဝလွန်လောကတွင်းမှ ပညာရှင်များသည်လည်း ကုကျစ်စုန့် X မြို့တော်၏ တောင်ကုန်းများပေါ်တွင် မိုးကြိုးကပ်ကျော်ဖြတ်ခဲ့သည့်သတင်းကို ရခဲ့ကြသည်။
ပြည်ပမှ အဖွဲ့အစည်းအချို့ပင် ထိုသတင်းကို လက်ခံရခဲ့ကြလေသည်။
လူတိုင်းတွင် သိချင်နေသည့်မေးခွန်းမှ တစ်ခုရှိနေခဲ့သည်။
ကုကျစ်စုန့်ရဲ့ တောက်ပညာက အဆင့်ဘယ်လောက်မှာရှိနေပြီလဲ။
နိုင်ငံခြားအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလများပင် ဝိဉာဉ်ဆိုင်ရာအထူးဌာနချုပ်ထံသို့ ဖုန်းများဆက်၍ တိုက်ရိုက်လည်းကောင်း၊ သွယ်ဝိုက်၍လည်းကောင်း မေးခွန်းထုတ်ခဲ့ကြသည်။
ထိုမေးခွန်းများအားလုံးအား ဌာနချုပ်မှ တည်ငြိမ်စွာပင် ငြင်းဆန်ခဲ့သည်။
အဖြေကို သူတို့လည်း မသိပါချေ။
ယမန်နေ့ညက မိုးကြိုးမုန်တိုင်းက သာမန်လူများကိုသာ တုန်လှုပ်စေခဲ့ခြင်းမဟုတ်၊ သဘာဝလွန်ပညာရပ်လောကတစ်ခုလုံး၏ အာရုံစိုက်ခြင်းလည်း ခံခဲ့ရသည်။
ဒေသခံဝိဉာဉ်ဆိုင်ရာအဖွဲ့များ၏ ခေါင်းဆောင်များမှာတော့ မိုးကြိုးမုန်တိုင်း၏ ဧရိယာကျယ်ပြန့်လာပါက သာမန်လူများကို ထိခိုက်မည်အား စိုးရိမ်နေခဲ့ကြသည်။
ကံကောင်းထောက်မစွာပင် မိုးကြိုးမုန်တိုင်းမစတင်မီ ကုကျစ်စုန့်က ဒေသခံတာဝန်ရှိသူအား ဖုန်းဆက်၍ ‘မိုးကြိုးအစီအရင်’တစ်ခု ကြိုတင်ရေးဆွဲထားကြောင်း၊ သို့သော် မိုးကြိုးကပ်ဆိုးအတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် မီးလောင်မှုအား သတိပြုရန် မှာကြားထားခဲ့သည်။
နံနက် လေးနာရီအချိန်တွင် မိုးကြိုးမုန်တိုင်း ပြီးဆုံးပြီးနောက် တောင်ထပ်နေရာတစ်ခုလုံးက ကုကျစ်စု့န်ပြောထားသည့်အတိုင်း မိုးကြိုးပစ်ချခံထားရသောကြောင့် မည်းနက်နေခဲ့ပြီး မီးအကြွင်းအကျန်များ ရှိနေခဲ့သည်။
ကြိုတင်ပြင်ဆင်ထားသော အဖွဲ့သားများသည်လည်း ချက်ချင်းရောက်ရှိလာခဲ့ပြီး မိုးကြိုးမီးအား မိုးမလင်းခင် ညှိမ်းသတ်နိုင်ခဲ့သည်။
သို့သော် ထိုနေရာတွင် ကုကျစ်စုန့်၏ အရိပ်အယောင်ကိုပင် မမြင်ခဲ့ရပေ။
ဌာနချုပ်သည်လည်း သူမ၏ အခြေအနေကို လုံးဝမသိရသောကြောင့် တခြားသူများအား မည်သို့ အကြောင်းပြန်နိုင်မည်နည်း?
ကံကောင်းစွာပင် သူတို့၏ စိတ်ပူပန်ခြင်းများသည် အချိန်မကြာလိုက်ပါချေ။
“ဖုန်းနံပါတ်အသစ်၊ အရင်ဖုန်းကဒ်နဲ့ ဖုန်းနဲ့က မိုးကြိုးပစ်ခံလိုက်ရတယ်”
ထိုသတင်းကို ရလိုက်ပြီးနောက် ကျန်းရူယွီ ရုတ်တရက် ရပ်လိုက်ပြီး ဌာနချုပ်တစ်ခုလုံးအား အသိပေးလိုက်သည်။
“ခေါင်းဆောင်ပိုင်၊ ကုကျစ်စုန့် ပေါ်လာပြီ!”
ထိုအခါမှသာလျှင် တစ်ဖွဲ့လုံး သက်ပြင်းချနိုင်တော့သည်။
ထို့နောက် ကုကျစ်စုန့်အား စာပြန်လိုက်သည်။
“ကောင်းပါပြီ၊ ကျွန်မ နံပါတ်အသစ်ကို သိမ်းထားလိုက်ပါမယ်၊ အရင်ဖုန်းကဒ်ကိုရော ပြန်သုံးချင်သေးလား၊ အခုရော ဘယ်လိုနေသေးလဲ?”
“မလိုဘူး။ ပြဿနာမရှိဘူး။ ကျွန်မ ယုံချန်ကို အရင်ပြန်နှင့်မယ်”
သတင်းပို့ပြီးသည့် ကုကျစ်စုန့် ယုံချန်ရှိ သူမနေအိမ်တွင်းသို့ ရောက်နှင့်နေပြီးဖြစ်သည်။
မိုးကြိုးကပ်ဆိုးပြီးနောက် သူမ၏ အတွင်းအပြင်စွမ်းအင်များသည် ပေါက်ကွဲထွက်လာခဲ့ပြီးနောက် ထူးဆန်း၍ အန္တရာယ်ရှိသည့် အခြေအနေတစ်ခုသို့ ရောက်ရှိနေခဲ့သည်။
လွန်ခဲ့သည့် နှစ်ဝက်အတွင်း စုဆောင်းထားခဲ့သော ယုံကြည်မှုစွမ်းအင်များကြောင့် သူမဝိဉာဉ်၏ စွမ်းအားမှာ ပထမအကြိမ် မိုးကြိုးကပ်ဖြတ်ကျော်ခဲ့စဉ်ကထက် ပို၍ အားကောင်းနေခဲ့သည်။
ထိုသို့မဟုတ်ပါက မိုးကြိုးကပ်ဆိုးသည်လည်း ရုတ်တရက် ပေါ်ထွက်လာလိမ့်မည်မဟုတ်ပေ။
သို့သော် သူမ အဆင့်တက်မသွားခဲ့ပေ။
ကပ်ဆိုးအား ကျော်ဖြတ်ခြင်းက အောင်မြင်ခြင်းမရှိသော်ငြား ကျရှုံးခဲ့ခြင်းလည်း မဟုတ်ပြန်။
သူမကိုယ်ပေါ်မှ အချုပ်အနှောင်များက မိုးကြိုးပစ်ခွင်းမှုကြောင့် တစ်လွှာပြီး တစ်လွှာ ကွာကျသွားခဲ့ပြီး တောက်ဓမ္မပညာသည်လည်း ‘ကောင်းကင်ဘုံ’အဆင့်ထိ ရောက်ရှိသွားခဲ့သည်။
သို့သော် နောက်ဆုံးအဆင့်တွင် အချုပ်အနှောင်များက အားကောင်းခိုင်မာလွန်းနေခဲ့ပြီး သူမခန္ဓာကိုယ်အား တင်းကြပ်စွာ ချည်နှောင်ထားခဲ့သည်။
မိုးကြိုးလျှပ်စီးများက ဆက်တိုက် အကြိမ်ပေါင်းများစွာ ပစ်ခွင်းခဲ့သော်လည်း ထိုနောက်ဆုံးအချုပ်အနှောင်အား မဖယ်ရှားနိုင်ခဲ့ပေ။
သူမ၏ ကိုယ်တွင်းသွေးကြောများတွင်းသို့သာ ဝင်ရောက်သွားခဲ့သောကြောင့် မခံမရပ်နိုင်သည့် ဝေဒနာအား ခံစားခဲ့ရသည်။
ယခုအခြေအနေမှာ ကုကျစ်စုန့်မျှော်လင့်ထားသည့်အတိုင်းပင်။
သူမ အဆင့်မတက်နိုင်ကြောင်း သိလိုက်ပြီးသည်နှင့် ဆက်တိုက် တိုးလာနေသည့် ယုံကြည်မှုစွမ်းအင်များအား သူမ၏ ဝိဉာဉ်ကိုသာ ပို၍ အားကောင်းစေရန် လွှဲပြောင်းပေးထားခဲ့သည်။
ထို့နောက် စွမ်းအင်များကို ဝိဉာဉ်အတွင်း၌သာ ထိန်းသိမ်းချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။
တောက်ဓမ္မပညာနှင့် သွေဖီနေသည့် ထိုသို့သော နည်းလမ်းများ အသုံးပြုခြင်းကြောင့် မိုးကြိုးကပ်က ပို၍ အားကောင်းနေခဲ့ခြင်းဖြစ်ပေသည်။
မိုးကြိုးကပ်ဆိုးမှ အသက်ရှင်လျက်ကျော်ဖြတ်လာနိုင်ပြီးနောက် သူမကိုယ်ပေါ်မှ အဝတ်များ၊ အသုံးအဆောင်များ အားလုံး မရှိတော့ပေ။
ထို့ကြောင့် သူမအား ဂရုစိုက်သူများထံသို့ မဆက်သွယ်မီ နေအိမ်သို့ ပြန်၍ လိုအပ်သည့်အရာများ ပြင်ဆင်နေရခြင်းပင်။
ယခင်နေ့က သူမနှင့် ယှဉ်ပါက ယခုကုကျစ်စုန့်သည် မိုးကြိုးကပ်ကျော်ပြီးသော်လည်း သိသိသာသာ ပြောင်းလဲသွားသည်ဟု မထင်ရ။
သို့သော် သူမ၏ ခန္ဓာကိုယ်က အသစ်တဖန်ပြန်လည်မွေးဖွားလာခဲ့ခြင်းသာဖြစ်သည်။
မိုးကြိုးစွမ်းအင် သက်ရောက်ခံထားရသည့် ခန္ဓာကိုယ်တွင် အရေးအကြောင်း၊ အစက်အပြောက်ဟူ၍ မရှိညဲ ပြောင်ချောနေသည့် ကျောက်စိမ်းတုံးတစ်တုံးကဲ့သို့ဖြစ်နေသည်။
သူမ၏ စိတ်အခြေအနေ၊ စိတ်စွမ်းအင်သည်လည်း မြူမှုန်တစ်စက်ပင်မရှိ၊ သန့်စင်နေခဲ့သည်။
ကိုယ်တွင်း၌ ပုန်းကွယ်နေခဲ့သော ဝိဉာဉ်သည်လည်း ရွှေရောင်အတိ ပြောင်းလဲသွားခဲ့လေသည်။
ဝိဉာဉ်ဆိုင်ရာဌာနချုပ်မှ မေးခွန်းများကိုလည်း သူမ ဖုံးကွယ်ထားခြင်းမရှိခဲ့ချေ။
သူမသည်က ‘ကောင်းကင်ဘုံ’အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဖြေကြားခဲ့သည်။
ပို၍ တိတိကျကျပြောမည်ဆိုပါက နတ်ဘုရားတစ်ပိုင်းအဆင့်ဖြစ်ပေသည်။
အချိန်ခဏလေးအတွင်းမှာပင် ဌာနချုပ်မှ စိတ်ရင်းမှန်ဖြင့် ကောင်းချီးများ သူမထံသို့ ရောက်ရှိလာခဲ့သည်။
ယခုအချိန်တွင် ဌာနချုပ်နှင့် သူမ၏ ဦးတည်ချက်မှာ တစ်ခုတည်းပင်။
ကုကျစ်စုန့်ပို၍ စွမ်းအားကြီးလေလေ၊ အနိုင်ရနိုင်ချေ များပြားလေလေဖြစ်သည်။
ကုကျစ်စုန့် အနည်းငယ် စိတ်မကောင်းဖြစ်မိသည့် တစ်ခုတည်းသော အရာမှာ ရုတ်တရက် ရောက်ရှိလာသည့် မိုးကြိုးကပ်ကြောင့် သူမ နည်းပညာရှင်အဖြစ် ကူညီပေးရန် ခေါ်သွားခဲ့သည့် ယန်ချန်က X မြို့တော်၏ ဝိဉာဉ်ဆိုင်ရာအထူးဌာနခွဲတွင် ကျန်ရစ်ခဲ့ရခြင်းပင်။
သို့သော် စိတ်သဘောထားနူးညံ့သည့် သူဌေးလေးက သူမကို စိတ်မဆိုးခဲ့ပါချေ။ သူမ၏ ခန္ဓာကိုယ်အခြေအနေကိုသာ မေးမြန်းခဲ့ပြီး သူ့အတွက် စိတ်ပူရန်မလိုကြောင်းသာ ပြောဆိုခဲ့သည်။
X မြို့တော်တွင်လည်း ယန်မိသားစု၏ ရုံးခွဲတစ်ခု ရှိနေခဲ့သောကြောင့် ထိုနေရာတွင် သွားရောက်အနားယူနိုင်သည်ဟု ဆိုခဲ့သည်။
ထိုနေ့ ညနေ ခြောက်နာရီအချိန်တွင် အသန်မာဆုံးထူးခြားပညာရှင်အတွက် မဲပေးခြင်း ပြီးဆုံးသွားခဲ့သည်။
မဲအရေအတွက်ပေါင်း သန်း (70)ကျော်ဖြင့် ကုကျစ်စုန့်က ဝိဉာဉ်ရေးရာ တတိယရာသီ၏ ချန်ပီယံနေရာအား ရယူနိုင်ခဲ့သည်။
ဒုတိယနေရာမှာ ကုကျစ်စုန့်မဲအရေအတွက်၏ ဆယ်ပုံတစ်ပုံသာ ရှိသော မဲ(7)သန်းကျော်ဖြင့် ဒေစီဖြစ်သည်။
သို့သော် ထို ၇သန်းကျော်သည်ပင် ယခင်ရာသီနှစ်ခုထက် အဆပေါင်းများစွာ များနေသေးသည်။
တတိယနေရာတွင် မဲအရေအတွက် ငါးသန်းကျော်ရခဲ့သော ဟဲမီတူမှ နေရာယူထားခဲ့သည်။