← Chapters

နတ်ဘုရားတစ်ဝက်နှင့် သုံးပေအထိ နက်အောင်တူးဖော်ခြင်း (2)

Vol. 49 Ch. 486

နတ်ဘုရားတစ်ဝက်နှင့် သုံးပေအထိ နက်အောင်တူးဖော်ခြင်း (2)

Vol. 49 Ch. 486

ဆုရလဒ်များကို အွန်လိုင်းမှ တိုက်ရိုက်လွှင့်၍ ကြေငြာပြီးချိန်တွင် ဝိဉာဉ်ရေးရာအစီအစဉ်၏ တတိယရာသီက လူအများ၏ ကောင်းချီးဩဘာများနှင့် အဆုံးသတ်သွားခဲ့သည်။

ဆုလက်ခံသည့် ကော်ဇောနီပေါ်မှ ကုကျစ်စုန့်သည်လည်း ထိပ်တန်းရှာဖွေမှုပေါ်သို့ တဖန်ရောက်ရှိလာခဲ့သည်။

သူမ၏ အသားအရေက တဖြည်းဖြည်း ပို၍ ချောမွတ်လာခဲ့ပြီး တောက်ပနေသည်ဟုပင် ထင်ရသည်ဟု ပြောဆိုနေခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ဆုပေးပွဲအား ကြည့်ရှုနေကြသည့် သဘာဝလွန်ပညာရှင်များသည်လည်း မိုးကြိုးကပ်ကျော်ဖြတ်ပြီးသည့် ကုကျစ်စုန့်ကို ကြည့်ကာ စိတ်ထဲတွင် တီးတိုးရေရွတ်နေခဲ့ကြသည်။

မိုးကြိုးစွမ်းအင်ဖြင့် သန့်စင်ခံထားရသော လူတစ်ယောက်က မလှဘဲရှိနိုင်မည်လော?

ထိုလူများမှာ အကြိမ်ပေါင်းများစွာ ကုကျစ်စုန့်၏ မျက်နှာကို စူးစမ်းကြည့်ခဲ့ကြသည်။ သူမသည်က ဒဏ်ရာရထားပုံလည်းမပေါ်ဘဲ မိုးကြိုးကပ်အား အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပုံသာ ပေါ်သည်။

သူမနှင့် ဂူပိတ်ကျင့်ကြံရာမှ ထွက်လာသော ချန်ချင်းဂိုဏ်းချုပ်တို့ ထိပ်တိုက်တွေ့ဆုံပွဲအား မျှော်လင့်တကြီး စောင့်ကြည့်နေခဲ့သူများလည်း ရှိသည်။

သို့သော် ညရှစ်နာရီအချိန်တွင် တစ်ချိန်လုံး ပို့စ်တစ်ခုမျှ မတင်ခဲ့သော ကုကျစ်စုန့် ရုတ်တရက် အွန်လိုင်းဖြစ်လာခဲ့ပြီးနောက် ‘မျောလွင့်နေသော ပင်လယ်၏ ဒဏ္ဍာရီ’ ဒရာမာကြေငြာချက်အား ပြန်လည်မျှဝေခဲ့သည်။

အင်တာနက်တစ်ခုလုံး၏ အာရုံမှာလည်း ဝိဉာဉ်ရေးရာအစီအစဉ်မှ အသစ်ထွက်မည့် ဒရာမာဇာတ်လမ်းတွဲထံသို့ ပြောင်းသွားကြပြန်သည်။

ကုကျစစ်ုန့်ကိုယ်တိုင်မှာတော့ လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီး အနုပညာနယ်ပယ်အတွင်းတွင်လည်း လှုပ်ရှားမှုမရှိတော့ပေ။

ချန်ချင်းဂိုဏ်းချုပ်ကြီးသည်လည်း အသံတိတ် ပျောက်ကွယ်နေခဲ့သည်။

…

တစ်ရက်ခန့်ကြာပြီးနောက်။

ကုကျစ်စုန့်နှင့် ဒေသခံဝိဉာဉ်ဆိုင်ရာဌာနဝင်များသည် မြို့အစွန်ရှိ စွန့်ပစ်ထားသော ဘုန်းကြီးကျောင်းတစ်ခုသို့ ရောက်ရှိလာကြသည်။

စွန်းယွဲ့၏ ဖုန်းကို စစ်ဆေးပြီးနောက် သူမအား နောက်ကွယ်မှ စေခိုင်းနေသည့် လူ၏ လိပ်စာအား ခြေရာခံလိုက်ချိန်တွင် ဤကျောင်းအိုကြီးထံသို့ ညွှန်ပြနေခဲ့သည်။

အမှောင်ထဲတွင် ပုန်းခို၍ စွန်းယွဲ့အား တစ္ဆေသန္ဓေသားများ ပြုစုပျိုးထောင်ရန် အကြံပြုခဲ့သူမှာ မြို့တွင်းမှ နာမည်ကြီးပညာရှင်တစ်ဦးဖြစ်ပေသည်။

တခြားမြို့များမှ စီးပွားရေးလုပ်ငန်းရှင်များပင် ထိုပညာရှင်အား အင်မတန် လေးစားကြသည်။ တခြားပြည်နယ်များ၊ တခြားမြို့များမှ သူ့ထံသို့ အကူအညီတောင်းရန် သီးသန့်လာခဲ့ကြသော လုပ်ငန်းရှင်များပင် ရှိကြသည်။

တချို့သည်လည်း အင်တာနက်မှတဆင့် ဆက်သွယ်ကြသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ၊ ကယ်ဆယ်ရေးလုပ်ငန်းများ၊ အခြားသော လူ့အသက်၊ လူအများနှင့် လုပ်ကိုင်သော လုပ်ငန်းရှင်များသည် ဆိုင်အသစ်ဖွင့်ရန်၊ လုပ်ငန်းအသစ်စရန်အတွက် ထိုပညာရှင်ထံမှ ရက်ကောင်းရက်မြတ် မေးမြန်းတတ်ကြသည်။

ပညာရှင်၏ ထူးချွန်မှုကြောင့် သူသည် အကူအညီတောင်းသူတိုင်းကို လက်ခံခြင်းမရှိ၊ ‘အားကောင်းသည့် ကောင်းချီး’ရှိသူများကိုသာ လက်ခံတတ်သည်။

သို့သော် ပညာရှင်၏ လက်ခံမှုကို ရရှိပါက မည်သို့သော အကူအညီဖြစ်စေ၊ ရအောင် ဆောင်ရွက်ပေးတတ်သည်။

ထိုသို့အကျင့်စရိုက်များကြောင့်ပင် သူ့အား ဆန်းကြယ်သည့် ပညာရှင်အဖြစ် သတ်မှတ်ခဲ့ကြပြီး လုပ်ငန်းရှင်ကြီးများသည်လည်း သူ့အနီးတွင် ဝိုင်းဝိုင်းလည်နေခဲ့သည်။

ကနဦးတွင် စွန်းယွဲ့သည်က သူမနှင့် စီးပွားတူလုပ်ငန်းရှင်တစ်ဦး၏ လမ်းညွှန်ချက်အရ ထိုပညာရှင်နှင့် ချိတ်ဆက်ခဲ့မိခြင်းဖြစ်သည်။

တိုက်ဆိုင်စွာပင် ပညာရှင်၏ လိပ်စာသည် X မြို့တော်အတွင်း၌ ဖြစ်နေခဲ့သည်။

သေချာစဉ်းစားကြည့်မည်ဆိုပါက ထိုအချက်သည် မထူးဆန်းပေ။

တစ္ဆေသန္ဓေသားကဲ့သို့ ထူးဆန်းသည့် အရာတစ်ခုအား အသက်သွင်းမည်ဆိုပါက ပညာရှင်သည် တစ်ချိန်လုံးစောင့်ကြည့်နေနိုင်မည့် နေရာမျိုးတွင်သာ နေထိုင်လိမ့်မည်မဟုတ်ပါလော။

စွန်းယွဲ့၏ ပြစ်မှုပေါ်လာပြီးနောက် ဖမ်းဆီးခံလိုက်ရချိန်တွင် ‘ပညာရှင်’အမှန်တကယ်ရှိလျှင်တောင် ထွက်ပြေးသွားပြီးဖြစ်လိမ့်မည်။

အဖွဲ့ကို ဦးဆောင်လာသူက အဖွဲ့ဝင်များအား ကျောင်းအိုကြီး၏ ပတ်ပတ်လည်တွင် ဖွဲ့စည်းပုံများ ပြင်ဆင်စေခဲ့ပြီးနောက် ကုကျစ်စုန့်ကို မေးလိုက်မိသည်။

“ဒါရိုက်တာကု၊ ကျွန်တော်တို့တွေ ဒီကိုမလာခင်တုန်းက ကြိုတင်စုံစမ်းခဲ့သေးတယ်၊ ဒီကျောင်းကြီးက လွန်ခဲ့တဲ့ နှစ် ၂၀လောက်တုန်းက ဆောက်ခဲ့တာ.. ပြီးခဲ့တဲ့ ၈နှစ်၊ ၉နှစ်လောက်တုန်းက ကျောင်းကြီးကလည်း ဆက်ပြီး မလည်ပတ်နိုင်တော့ ပစ်ထားခဲ့ကြတာတဲ့

အရင်တုန်းက ဘုန်းကြီးကျောင်းထဲ နေခဲ့တဲ့ ကိုယ်တော်တွေလည်း ကျောင်းပြောင်းတဲ့သူပြောင်း၊ လူထွက်တဲ့လူတွေလည်း ထွက်ကုန်ကြတာဆိုတော့ ကျောင်းကြီးက လူမနေတော့တာ ကြာပါပြီ”

“အစတုန်းကတော့ စက်မှုဇုန်လိုမျိုး လုပ်မလို့ပါပဲ၊ ဒါပေမယ့် လူကလည်း မစည်ကားတော့ နေရာကလည်း အဆင်မပြေဘူးလေ၊

ဒီနားတစ်ဝိုက်ကို လာတဲ့သူဆိုလို့ အမှိုက်ရှင်းတဲ့ သန့်ရှင်းရေးသမားလောက်ပဲ ရှိတာ၊ သူပြောတာတော့ ဒီနေရာမှာ တံမြက်စည်းလှည်းနေတာ ကြာပြီ အမြဲတမ်း တံခါးပိတ်ထားတာပဲတဲ့

တံခါးကို ဖွင့်တာလည်း မမြင်ဖူးဘူး၊ လူဝင်လူထွက်လည်း မရှိဘူး ၊ ဒီနား ဝေ့လည်လည် လာလုပ်တဲ့လူတောင် မရှိဘူးတဲ့”

ကုကျစ်စုန့် ခေါင်းညိမ့်လိုက်ပြီးနောက် ဆေးသုတ်ထားသည့် ကျောင်းအိုကြီး၏ တံခါးဝကိုသာ စိုက်ကြည့်နေခဲ့သည်။

“အထဲကို သွားကြည့်ရအောင်”

ဤနေရာတွင် ပုတ်သိုးနေသည့် အရာတစ်ခုခု ရှိနေသည်ဆိုသော ခံစားချက်တစ်ခု ရနေခဲ့သည်။

ဘုန်းကြီးကျောင်းအိုကြီး၏ အတွင်းပိုင်းသည် သန့်ရှင်းရေးမလုပ်ရသေးသောကြောင့် အကြွင်းအကျန်တစ်ခုခု ရှာတွေ့လိမ့်မည်ဟုလည်း သူမ ယုံကြည်သည်။

အိုဟောင်းနေသည့် ကြေးသော့ခလောက်ကြီးကို ရိုက်ဖျက်လိုက်ပြီးနောက် ဖုန်တက်နေသည့် ကျောင်းအိုကြီးအတွင်းသို့ သူတို့ ဝင်ရောက်လာခဲ့သည်။

ဝိဉာဉ်ဆိုင်ရာဌာနဝင်များသည်လည်း နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ စု၍ သဲလွန်စများ ရှာဖွေခဲ့ကြသည်။

သို့သော် ဗလာနတ္ထိပင်။

စိတ်ခံစားချက်အတိုင်း လျှောက်လာခဲ့ပြီးနောက် ကုကျစ်စုန့် ကျောင်းအိုကြီး၏ နောက်ကျောသို့ ရောက်လာခဲ့သည်။ ထို့နောက် ကျောင်းနောက်မှ ကွင်းပြင်သည် သူမ ကပ်ဆိုးကျော်ဖြတ်ခဲ့သော တောင်၏ တခြားတစ်ဖက်မှ အခြေသာ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

တောင်ပေါ်သို့ တက်သွားသော လမ်းသွယ်လေးတစ်ခုလည်း ရှိသည်။

သူမ လှည့်ပတ်ကြည့်လိုက်ပြီးနောက် သေဆုံးနေသည့် အပင်ခြောက်တချို့အား တွေ့လိုက်ရသည်။

ယခုအချိန်သည်က တစ်နှစ်ပတ်လုံး၏ အအေးဆုံးလဖြစ်သော ဇန်နဝါရီလ၏ အစသာ ရှိသေးသည်။

ထို့ကြောင့် အပင်များ သေဆုံးညှိုးနွမ်းနေသည်မှာ မထူးဆန်းပါချေ။

သို့သော် ယခုကွင်းပြင်တွင်းမှ သစ်ပင်များသည် ပုံမှန်ထက်ခြောက်သွေ့လွန်းနေခဲ့သည်။

ပိန်လှီနေသည့် ကိုင်းခြောက်များတွင် အရွက်ဟူ၍ တစ်ရွက်မှမရှိ။ မြေပေါ်သို့ ကြွေကျနေခဲ့ပြီး အစုအပုံလိုက် ဖြစ်နေခဲ့သည်။

သန့်ရှင်းမည့်သူလည်း မရှိသောကြောင့် အရွက်ခြောက်များက ပုတ်သိုးစေးထိုင်းနေခဲ့ပြီး ထူးဆန်းသော အနံ့တစ်ခု ထွက်နေခဲ့သည်။

တောင်ပေါ်လမ်းတစ်လျှောက်ကို လှမ်းကြည့်လိုက်ပါက စိမ်းစိမ်းစိုစိုရှိနေသေးသည့် အပင်အချို့ကိုလည်း မြင်တွေ့နိုင်သည်။

ကုကျစ်စု့န် ကပ်ဆိုးကျော်ဖြတ်ခဲ့သော တောင်၏ အခြားတစ်ဖက်နှင့်ယှဉ်ပါက အနည်းငယ် စိမ်းစိုနေသေးသည်ဟု ဆိုနိုင်သည်။

သူမ၏ ဖီးနစ်မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး ရုတ်တရက် မေးလိုက်သည်။

“ရှင်တို့တွေ ဘယ်ကိရိယာတွေ ပါလာတာလဲ၊ ဂေါ်ပြားဖြစ်ဖြစ် ပါလာကြသေးလား”

သူမ၏နောက်မှ လိုက်ပါလာသည့် အဖွဲ့ဝင်များ ရုတ်တရက် မေးခွန်းကြောင့် အံ့အားသင့်ခဲ့ရသည်။

“ကျွန်တော်တို့တွေ ဂေါ်ပြားယူလာခဲ့ပါတယ်”

“ဒီနောက်ဖေးကွင်းပြင်တစ်ခုလုံးကို တူးကြည့်ပေးပါ”

သူမ၏ ထူးဆန်းသည့် အမိန့်စကားကြောင့် နားမလည်နိုင်ဖြစ်နေခဲ့သော်လည်း ပါလာသည့် အဖွဲ့ဝင်များအားလုံးကို ခေါ်ကာ မြေကြီးအား ပေါက်တူးများ၊ ဂေါ်ပြားများနှင့် တူးထုတ်စေခဲ့သည်။

အဖွဲ့ဝင်များသည်လည်း လက်နက်ကိုယ်စီကိုင်ကာ သစ်ရွက်ခြောက်များကို ထိုးဖောက်၍ မြေကြီးအား တူးဆွဖယ်ထုတ်နေခဲ့ကြလေသည်။

တူးဆွရင်း၊ဖယ်ထုတ်ရင်းနှင့်ပင် ထိုမြေကြီးက သာမန်မဟုတ်ကြောင်း အဖွဲ့ဝင်များ တစ်ယောက်ပြီးတစ်ယောက် သဘောပေါက်လာခဲ့ကြသည်။

မြေတူးသည့် အနက်ပို၍ နက်လာလေလေ၊ အနံ့က ဆိုးရွားလာလေလေ ဖြစ်နေခဲ့သည်။

နှစ်ပေါင်းများစွာ ပုတ်သိုးနေသည့် သတ္တဝါတစ်ကောင်အား မြှုပ်နှံထားသကဲ့သို့ အပုတ်နံ့မျိုးပင်။

တစ်စုံတစ်ယောက်က ခြောက်သွေ့နေသည့် အပင်၏ အမြစ်ကို တူးထုတ်လိုက်မိပြီးနောက် ထိုအမြစ်များသည်လည်း ဆိုးဆိုးရွားရွား ပုတ်သိုးခြောက်သွေ့နေခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။

သူတို့ မြေကြီးကို အပေါ်သို့ တူးထုတ်လိုက်သည်နှင့် အပင်က ချက်ချင်း ကျိုးကြေကာ လဲကျသွားကြသည်။

ဝိဉာဉ်ဆိုင်ရာအဖွဲ့ဝင်များအားလုံးမှာ တစ်စုံတစ်ရာသည်က မူမမှန်ကြောင်း သေချာသွားခဲ့ပြီး အစွမ်းကုန်အားထုတ်ကာ မြေကိုတူးထုတ်ခဲ့ကြသည်။

အချိန်မကြာလိုက်ပေ။ အဖွဲ့ဝင်တစ်ယောက်သည် ကွင်းပြင်အတွင်းမှ သစ်သားသေတ္တာတစ်လုံးအား တူးဖော်တွေ့ရှိခဲ့ရသည်။

သေတ္တာ၏ ပတ်လည်မှ မြေကြီးသည်လည်း ပုတ်သိုးနေသည့် ရေဆိုးမြောင်းပုတ်ကဲ့သို့ အနံ့ထွက်နေခဲ့သည်။

“ဒါရိုက်တာကု၊ ကျွန်တော် တစ်ခုခု ရှာတွေ့ပြီ!”

အဖွဲ့ဝင်များအားလုံး သူ့အနီးသို့ ဝိုင်းလာခဲ့ပြီးနောက် သေတ္တာငယ်ကို ဖွင့်လိုက်သည်။

ထို့နောက် မူးဝေအော့အန်စေနိုင်သည့် အနံ့မျိုး ထောင်းခနဲထွက်လာခဲ့ပြီးနောက် သေတ္တာအတွင်းမှ အရာအား မြင်တွေ့လိုက်ရချိန်တွင် လူတိုင်း၏ မျက်ဝန်းများ ပြူးကျယ်သွားခဲ့ရသည်။

“ဒါကြီးက ဟိုနတ်ဆိုးရဲ့ ရုပ်ထုကြီးပဲ!”

ကုကျစ်စုန့်၏ မျက်ဝန်းအစုံက အေးစက်နေခဲ့ပြီး သေတ္တာအတွင်းမှ ရွှေရောင်ရုပ်ထုအား စူးစိုက်ကြည့်နေခဲ့မိလေသည်။

မျက်နှာငယ်ပေါင်းများစွာ ပြည့်နှက်နေသည့် ရုပ်ထုကို ကြည့်ရင်း သူမ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ကြည့်ရတာတော့ X မြို့တော်ထဲမှာ ပြဿနာရှာနေတဲ့ ‘ပညာရှင်’က လူမဟုတ်ဘူးပဲ၊ ပြီးတော့ သူက ထွက်ပြေးသွားတာလည်း မဟုတ်ဘူး၊ သူ့ရဲ့ ‘ကံကောင်းခြင်း’တွေကို စုတ်ယူပေးဖို့အတွက် လုပ်ထားတဲ့ ကိုယ်ပွားတစ်ခုကိုပဲ ပစ်သွားတာ”

ယခုအချိန်တွင်တော့ ‘မျက်နှာတစ်ထောင်နတ်ဘုရား’က ‘အနက်ရောင်မြူခိုး’ဖြစ်ကြောင်းကို သူမ သေချာသွားခဲ့ပြီဖြစ်သည်။

ထိုအရာသည်က အနက်ရောင်မြူခိုးမှ ကံကောင်းခြင်းများ၊ အသက်စွမ်းအင်များအား အလွယ်တကူ စုတ်ယူနိုင်ရန်၊ အမှောင်လွှမ်းနေသည့် လူများ၏ ‘နတ်ဘုရား’အဖြစ် ကိုးကွယ်ခံရန် လုပ်ဆောင်ထားသည့် ရုပ်ထုများသာ ဖြစ်သည်။

သူမ၏ ရှေ့တွင် ရှိနေသော ရုပ်ထုငယ်က မရေတွက်နိုင်သော လူပေါင်းများစွာ၏ ဘဝကို ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

ကုကျစ်စုန့်လက်ဖြင့် ထိကြည့်လိုက်ချိန်တွင် ရုပ်ထု၏ မျက်နှာပြင်အား အမည်မသိသည့်အရာတစ်ခုဖြင့် ထုလုပ်ထားခြင်းဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ထိုအရာသည်က ကံကောင်းခြင်းများစွာ စုတ်ယူထားခဲ့သောကြောင့် ရုပ်ထု၏ ကိုယ်ခန္ဓာမှာ သားရေကဲ့သို့ ခံစားချက်ဖြစ်စေပြီး ပြောင်လက်နေခဲ့သည်။

တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် အကြည့်မလွှဲနိုင်၊ ထိုအရာအား စူးစိုက်ကြည့်နေချင်သော ခံစားချက်မျိုး ရစေသည်။

သူမ၏ ယူဆချက်အရ အကယ်၍ ဤကိုယ်ပွားရုပ်ထုအား ယခုထက်ပို၍ နောက်ကျပြီး ရှာတွေ့ခဲ့မည်ဆိုပါက ထိုရုပ်ထုမှာ လူ့အသားအရေကဲ့သို့ပင် နူးညံ့ပျော့ပြောင်းနေလိမ့်မည်။

ထိုသို့ ထူးဆန်းသည့်အရာသည်က ‘အနက်ရောင်မြူခိုး’၏ ကိုယ်ပွားတစ်ခုသာဖြစ်ပြီး အန္တရာယ်ကု ခံစားမိလိုက်သည်နှင့်တပြိုင်နက် စွန့်ပစ်ထားနိုင်ခဲ့သည့်အရာတစ်ခုသာလျှင်ဖြစ်နေသည်။

ရှားနိုင်ငံတော်အတွင်း၌ ထိုကဲ့သို့ ကိုယ်ပွား မည်မျှရှိနေမည်နည်း?

အနီးအနားရှိ သက်ရှိလူသားများသာမက၊ သစ်ပင်များ၏ အသက်စွမ်းအင်ကိုပါ စုတ်ယူနေခဲ့သော ရုပ်ထုပေါင်း မည်မျှရှိနေမည်နည်း?

ကုကျစ်စုန့် ခြေထောက်ဖြင့် မည်းနက်နေသော မြေကြီးများအား ထိုးခြေမွကြည့်လိုက်မိသည်။

“ဒီနားတစ်ဝိုက်က မြေကြီးတွေကို တတ်နိုင်သမျှ မြန်မြန် အကုန်တူးထုတ်ပစ်ဖို့ လိုလိမ့်မယ်၊ ဒီမြေကြီးတွေက တော်တော်လေးကို လှိုက်စားခံထားရပြီ။ နောက်လည်း ဒီမြေပေါ်မှာ အခြားဘာအပင်မှ စိုက်လို့ရမှာမဟုတ်တော့ဘူး”

တောင်ခြေအစပ်နားနေရာထိ ဤ ‘နတ်ရုပ်ထု’၏ တိုက်စားခြင်းခံထားရသည်ဟု ခန့်မှန်းနိုင်ပြီး ပတ်ပတ်လည်နေရာများမှ သစ်ပင်များသည်လည်း အောင်မြင်စွာ ဖြစ်ထွန်းတော့မည်မဟုတ်တော့ပေ။

All Chapters