← Chapters

ဂျပန် နင်ဂျာ

Vol. 49 Ch. 488

ဂျပန် နင်ဂျာ

Vol. 49 Ch. 488

အင်တာနက်ကဖေးဆိုင်ဟောင်းကြီးထဲတွင် ဆေးလိပ်နံ့၊ အသင့်စားခေါက်ဆွဲပြုတ်နဲ့နှင့် အမည်ဖော်၍ မရနိုင်သော အနံ့တစ်မျိုး ပြည့်နှက်နေခဲ့ပြီး ကီးဘုတ်သံများလည်း ဆူညံနေခဲ့သည်။

ထိုနေရာသို့ လာရောက်သူများသည်က ဂိမ်းဆော့ရန် လာခဲ့ကြခြင်းသာဖြစ်သည်။ အများစုက သက်လတ်ပိုင်းအရွယ် အမျိုးသားများသာဖြစ်သည်။

အင်တာနက်ကဖေး၏ ထောင့်တစ်နေရာတွင်တော့ အနက်ရောင်လယ်သာဘောင်းဘီ ဝတ်ဆင်ထားပြီး မီးညှိထားဆဲ စီးကရက်တိုကို ခဲထားသည့် လူငယ်လေးတစ်ဦးရှိသည်။

ထိုလူသည်က ခြေထောက်ကို အငြိမ်မနေ၊ လှုပ်ရှားနေခဲ့ပြီး ကွန်ပြူတာကိုသာ တစ်စိုက်မတ်မတ် စောင့်ကြည့်နေခဲ့သည်။ သို့သော် ရံဖန်ရံခါ အင်တာနက်ကဖေးအတွင်းအား စိတ်မရှည်သော၊ ဝေခွဲမရသော အကြည့်ဖြင့် လှည့်ပတ်ကြည့်နေတတ်သေးသည်။

ထိုကောင်လေးက အလုပ်များနေသည်မှာ သိသာလှသည်။

သူသည် ဤနေရာသို့ အွန်လိုင်းဂိမ်းကစားရန် လာခဲ့ခြင်းမဟုတ်ချေ။

သူ၏ ရှေ့တွင် ကွန်ပြူတာတစ်လုံးချထားသော်လည်း သူက အသုံးပြုနေခြင်းမရှိပေ။ သို့သော် စကားပြောသည့်နေရာတွင် ခပ်မြန်မြန် စာများ ပေါ်နေခဲ့ပြီး လူတစ်ဒါဇင်ကျော်ခန့်နှင့် တစ်ချိန်တည်းတွင် စကားပြောနေခဲ့ကြောင်းပြနေသည်။

လူငယ်လေး ချောင်းအသာဟန့်လိုက်သည်။

“မင်း အဆင်သင့်ဖြစ်ပြီလား? ဘယ်တော့ပြီးမှာလဲ?”

ရုတ်တရက် ကွန်ပြူတာမျက်နှာပြင်ပေါ်တွင် စာလုံးများ ပေါ်လာခဲ့သည်။

Horror ဇာတ်လမ်းတွဲများမှ မြင်ကွင်းတစ်ခုကဲ့သို့ပင်။

‘ပါးစပ်ပိတ်ထားစမ်း’

‘ငါအလုပ်,လုပ်နေတုန်းကို လာမနှောင့်ယှက်နဲ့’

လူငယ်လေး ခပ်ရွဲ့ရွဲ့ပြုံးလိုက်မိသည်။

ကံမကောင်းသည့်နည်းဖြင့် တစ်ယောက်တည်း သေဆုံးခဲ့ရသည့် ဤတစ္ဆေကောင်မှာ မာနကို မလျှော့သေးဘဲ သူ၏ အနုပညာစိတ်နှင့် တွေးတောပုံတို့သည် ပုံမှန်မဟုတ်ဟု တွေးလိုက်မိသည်။

“မြန်မြန်လုပ်စမ်းပါ၊ ဘယ်သူက ဒီထဲမှာ ဖိနပ်ချွတ်လိုက်လဲ မသိဘူး၊ ခြေထောက်နံ့က နံထောင်းနေတာပဲ။ မင်းကတော့ အနံ့မရဘူးလေ..”

ပြောနေရင်းနှင့်ပင် သူ ပျင်းပျင်းနှင့် ဖုန်းကောက်ကိုင်လိုက်သည်။

ဂိမ်းဆော့မည်ဆိုသော အတွေးဖြင့် ဖုန်းကို ဖွင့်လိုက်မိချိန်တွင် system upgrade ထားသည့် အသိပေးချက်အား မြင်တွေ့လိုက်ရသည်။

“ယိုး.. system upgrade လုပ်သွားတာလားဟ၊ အခုအသစ်ဖုန်းဖွင့်တဲ့နေရာမှာ သဘာဝလွန်ကာရိုက်တာလို ‘ရွှမ်’ ပါနေတာပဲ.. ငါတော့ သဘောကျတယ်”

ဆက်တိုက် စာများရေးသားနေသည့် ကွန်ပြူတာမျက်နှာပြင်တွင် ရုတ်တရက် စာရိုက်ခြင်းတို့ ရပ်တန့်သွားခဲ့သည်။

သွေးကဲ့သို့ နီမြန်းနေသည့် စကားလုံးများ ထပ်ပေါ်လာခဲ့သည်။

‘? ‘

‘ဘာသဘာဝလွန်လဲ? ‘

“မဟုတ်ဘူးလေ၊ အဲဒါက မမိုက်ဘူးလား?”

လူငယ်လေး လက်ကို ဖြန့်လိုက်ပြီးနောက် ခပ်ရွဲ့ရွဲ့ ပြုံးလိုက်ပြန်သည်။

“ဒီအင်တာနက်ပေါ်က စောက်သုံးမကျတဲ့‌ အရူးကောင်တွေက နောက်ဆုံးတော့ သူတို့က ဒီကမ္ဘာကြီးအတွက် ပုရွက်ဆိတ်သာသာပဲ တန်ဖိုးရှိတယ်ဆိုတာ သဘောပေါက်သွားကြပြီ

သဘာဝလွန်ပညာရပ်က နောက်မကြာခင်မှာပဲ mainstream ဖြစ်လာတော့မှာ၊ ဒီတော့ ငါ့လိုမျိုး ပညာမြင့်မားတဲ့ ပညာရှင်ကလည်း ဒီကမ္ဘာကြီးရဲ့ ဇာတ်လိုက်ဖြစ်လာတော့မှာပဲ”

နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် ကွန်ပြူတာပေါ်တွင် စာလုံးအသစ်များ ပေါ်လာခဲ့ပြန်သည်။

‘တစ်ခုခုက ပုံမှန်မဟုတ်ဘူး ၊ ပြေးတော့!’

လူငယ် :?

“ဘာလုပ်နေတာလဲ?”

သူ့ရှေ့မှ ကွန်ပြူတာဖန်သားပြင်သည် တဂျစ်ဂျစ် အသံများ ပေါ်ထွက်လာခဲ့သောကြောင့် သူ ကြက်သေ,သေသွားခဲ့သည်။ အထဲတွင် ပုန်းအောင်းနေခဲ့သော တစ္ဆေသည်က ချက်ချင်း လျင်မြန်စွာ ထွက်ပြေးသွားခဲ့သောကြောင့် ကွန်ပြူတာ စက်အဟောင်းကြီးသည်လည်း အချိန်မီ အလုပ်မလုပ်နိုင်တော့ပေ။

ပင်မယူနစ်မှ အသံအုပ်အုပ်တစ်ခု ထွက်ပေါ်လာပြီးနောက် အနက်ရောင်မီးခိုးများ ထွက်လာခဲ့သည်။

ထိုမီးခိုးငွေ့များကြောင့် အင်တာနက်ကဖေးအတွင်းမှ လူများအားလုံး၏ အကြည့်သည်လည်း လူငယ်လေးထံသို့ ရောက်ရှိလာကြသည်။

“ဟ! သေစမ်း ! ဟိုကွန်ပြူတာကြီးက မီးခိုးတွေထွက်နေတာလား”

“အခုက lord တိုက်ရတော့မှာလေကွာ! အရေးကြီးနေတဲ့ အဖွဲ့လိုက် battle ကျမှ အင်တာနက်လိုင်းပျောက်သွားရတယ်တဲ့လား?

ကြယ်တွေတော့ ကြွေပါပြီ၊ ဟေး လောပန်.. ခင်ဗျားရဲ့ အင်တာနက်က ဘာသဘောလဲ!”

“ငါလည်း အင်တာနက်မရတော့ဘူးဟ?”

“လောပန်၊ ခင်များရဲ့ အင်တာနက်ကဖေးကြီး ပေါက်ကွဲတော့မှာမလား? ခုံပေါ်ကနေ ဆင်းခဲ့ပါဦး!”

“…”

အင်တာနက်ကဖေးပိုင်ရှင်လည်း အူယားဖားလျား ပြေးထွက်လာခဲ့သည်။

“ဘုရားရေ၊ ငါ့စက်ကြီးက ဘာလို့ မီးခိုးတွေ ထွက်နေတာတုန်း!?”

“ကျုပ်လုပ်တာ မဟုတ်ဘူးနော်၊ လာပြီး အလျော်တောင်းဖို့ မစဉ်းစားနဲ့!”

လေသာဘောင်းဘီဖြင့် လူငယ်လေးက ချက်ချင်း ထရပ်လိုက်ပြီးနောက် သူ၏ အားမကိုးရသော အပေါင်းအပါအား စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲလိုက်မိသည်။

သို့သော် ရုတ်တရက် မျက်ခမ်းစပ်များ လှုပ်ရှားသွားပြီးနောက် ခေါင်းမော့ကာ ကြည့်လိုက်မိသည်။

သာမန်လူများ မမြင်တွေ့နိုင်သည့် ဖလင်ပြားပါးပါးကဲ့သို့ စွမ်းအင်တစ်ခုက အင်တာနက်ကဖေးတစ်ခုလုံးအား လွှမ်းခြုံထားခဲ့သည်။

သူ၏ ရူးပေါပေါ မျက်နှာပေးသည်လည်း ချက်ချင်း တုန်လှုပ်ခြင်းဖြင့် နေရာပြောင်းသွားခဲ့သည်။

“Fuck! ဘာဖြစ်တာတုန်း?!”

ထိုအရူးပန်းချီဆရာသည်က စိတ်ဖောက်သွားခြင်းမဟုတ်ချေ။ တစ်စုံတစ်ရာ အခြေအနေမဟန်ကြောင်း သတိထားမိပြီး ချက်ချင်း ထွက်ပြေးသွားခဲ့ခြင်းပင်။

လူငယ်လေးလည်း ချက်ချင်း အင်တာနက်ကဖေးအပြင်သို့ ပြေးထွက်ရန် ကြိုးစားခဲ့ပြီး လမ်းတွင်ပိတ်နေသူများကိုပင် မရှောင်နိုင်တော့ပေ။

သို့သော် တံခါးပေါက်သို့ ရောက်ရှိချိန်တွင် မမြင်နိုင်သည့် နံရံတစ်ခုအား ဝင်တိုက်လိုက်မိသကဲ့သို့ နောက်သို့ အားပြင်းပြင်းနှင့် လဲကျသွားခဲ့သည်။

“သေစမ်း!”

လူငယ်လေး လဲကျရာမှ ချက်ချင်း ပြန်ထလိုက်ပြီးနောက် တဖြည်းဖြည်း ခြေလှမ်းများ နောက်ဆုတ်သွားခဲ့သည်။ သူ၏ မျက်ဝန်းအကြည့်များသည်လည်း အင်တာနက်ကဖေး၏ အပြင်မှ ဝင်ရောက်လာသည့် မိန်းကလေးကိုသာ မျက်ခြေမပြတ် စောင့်ကြည့်နေမိသည်။

သူမသည်က အေးစက်သော မျက်နှာအမူအယာ၊ ပို၍ အေးစက်သော မျက်ဝန်းအကြည့်များရှိနေသော်လည်း အင်မတန် ချောမောလှပသူတစ်ဦးပင်။

ချောင်ပိတ်ခံလိုက်ရသည်ကို သိလိုက်ရပြီးနောက် လူငယ်လေး စိတ်တွင်းမှ ကျိန်ဆဲမိပြန်သည်။

“လူတိုင်းပဲ ဒီကနေ ထွက်သွားပေးပါ။ ဒီအင်တာနက်ကဖေးကို ယာယီပိတ်ဆို့လိုက်ပါပြီ”

အပြင်ဘက်မှ သတိပေးသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ ရဲအရာရှိတစ်ဦးမှ လောစပီကာဖြင့် အော်ဟစ်ကြေငြာနေခဲ့ခြင်းပင် ဖြစ်သည်။

“အင်တာနက်ကဖေးထဲက သာမန်လူတွေ ချက်ချင်း ထွက်လာပေးပါ.. အထဲမှာ လူသတ်လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ဂန်းစတားတွေ ရှိနေပါတယ်!”

သာမန်ပြည်သူများမှာ ရုတ်တရက် အံ့အားသင့်သွားရပြီးနောက် အိမ်ထဲ၌ ဇာတ်ကားကြည့်နေသူများသည်လည်း ဆူညံသံကြောင့် အပြင်သို့ ထွက်၍ စူးစမ်းလာကြသည်။

တချို့ပြည်သူများက ကုကျစ်စုန့်အား သတိပြုမိသွားကြသည်။

“မင်းက ကုကျစ်စုန့်ပဲ! ငါ။ဒီနေ့မှ မင်းကို မဲပေးလိုက်တာ!”

သူမ၏ အမာခံပရိတ်သတ်က တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည့်အလား မျက်ဝန်းများ ပြူးကျယ်သွားပြီးနောက် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

“အားလုံးပဲ၊ မြန်မြန်ထွက်ကြ.. ဒါက အင်တာနက်ပေါ်မှာ နာမည်ကြီး သရဲဖမ်းတဲ့သူပဲ.. သူ ဒီမှာရောက်နေတာဆိုရင် ဒီအင်တာနက်ကဖေးထဲမှာ သရဲတွေ ရှိနေလို့ပဲဟ!”

သာမန်လူများအားလုံး အင်တာနက်ကဖေးတွင်းမှ ထွက်ပြေးသွားခဲ့ချိန်ထိ ဘောင်းဘီအနက်ဖြင့် လူငယ်လေး+ သူမအား ရန်လိုစွာ စောင့်ကြည့်နေဆဲပင်ဖြစ်သည်။ သူ့အနေဖြင့် ဓားစာခံ ခေါ်ဆောင်ထားချင်သောငြား မဆင်မခြင် မလုပ်ရဲ။

သူ၏ ရှေ့မှ လူသည်က ကုကျစ်စုန့်။

သူ့အထက်မှ လူများ၊ ဘော့စ်များပင် ကြောက်ရသည့် လူဖြစ်သည်။

အဘယ်ကြောင့် သူမနှင့်မှ ထိပ်တိုက်ဆုံမိရပါသနည်း?

လူငယ်လေး၏ မျက်နှာက သုန်မှုန်နေခဲ့ပြီး အံကြိတ်ကာ ‌ပြောလိုက်သည်။

“ကြည့်ရတာ ငါကတော့ ထွက်သွားလို့ ရတဲ့ သာမန်လူမဟုတ်ဘူးထင်တယ်”

ကုကျစ်စုန့် နှုတ်ခမ်းပါးလေးကို တွန့်ရုံ ပြုံးလိုက်မိသည်။

“စိတ်မပူပါနဲ့၊ မင်းကို အဖော်ပြုပေးဖို့ မင်းရဲ့ သူငယ်ချင်းလည်း ရှိတယ်လေ”

လူငယ်လေး နားမလည်နိုင်စွာ ကြောင်ကြည့်နေခဲ့မိပြီးနောက် ရုတ်တရက် နောက်သို့လှည့်ကြည့်လိုက်မိသည်။ သူနှင့် မလှမ်းမကမ်းမှ ကွန်ပြူတာတစ်ခုသည် ပွင့်နေခဲ့ပြီး မျက်နှာပြင်တစ်ခုလုံးတွင်လည်း သွေးများစီးကျနေသကဲ့သို့ ဖြစ်နေခဲ့သည်။

“မင်း ဘာလို့ ထွက်မပြေးတာလဲ?!”

‘ထွက်ပြေးတယ်’

‘ထွက်ပြေးလို့ မရဘူး’

သွေးနီရောင်စာလုံးများ ဖြည်းညှင်းစွာ ပေါ်လာခဲ့သည်။

‘ကျန်းကျင်းနယ်မြေတစ်ခုလုံး၊ S မြို့တော်တစ်ခုလုံးရဲ့ အင်တာနက်လိုင်းတွေ အကုန် အဖြတ်ခံထားရတယ်’

သူ စိတ်ရှုပ်နေမိသည်။ ယခင်အချိန်တုန်းက သူ့အား မည်သို့နည်းနှင့်မျှ ဖမ်းဆီးနိုင်လိမ့်မည်မဟုတ်ဟု တွေးထားခဲ့မိသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ စွမ်းအင်က ထူးခြားလွန်းလှသည်။ သူသည်က မည်သူ့ကိုမျှ မကြောက်၊ ဥပဒေများ၊ အစိုးရအရာရှိများအား စိတ်ထဲပင်မထည့်ခဲ့ချေ။

သို့သော် သူ အထင်သေးခဲ့သူများ၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။

အင်တာနက်မရှိလျှင်တောင်မှ သူသည် ထွက်ပြေး၍ လွတ်မြောက်နိုင်သေးသည်။

သို့သော် လျှပ်စစ်လိုင်းများကိုပါ ဖြတ်တောက်လိုက်ချိန်တွင် ကွန်ပြူတာများမှာ အချက်အလက်များ မကူးပြောင်းနိုင်တော့သည့် ‘အသေ’များသာ ဖြစ်သွားခဲ့ရသည်။

ထို့ကြောင့် သူသည် အခြားသော ကွန်ယက်ကြိုးများ၊ ဖုန်းလိုင်းများကို အသုံးပြု၍ ထွက်ပြေးနိုင်စွမ်းမရှိတော့ပေ။

“ရက်စက်လှချည်လားဟ!?”

လူငယ်လေး အံ့ဩနေမိသည်။

“မင်းတစ်ယောက်တည်းကို ဖမ်းဖို့အတွက်နဲ့ မြို့တစ်မြို့လုံးက လိုင်းတွေ အကုန်ဖြတ်ချပစ်တာပဲ၊ ငါ့ကောင် မင်းက တော်တော်လေးတော့ လူမုန်းများပုံပဲ”

“ချစ်ခြင်းမုန်းခြင်းတွေနဲ့ မဆိုင်ဘူး၊ ဒါပေမယ့် မင်းက သာမန်လူတွေကို ထိခိုက်ဒုက္ခရောက်စေမဲ့ မကောင်းမှုတွေကို ဆက်လုပ်နေမယ်ဆိုရင်တော့ သေချာပေါက် အဖမ်းခံရမှာပဲ”

ကုကျစ်စုန့်၏ အသံက တည်ငြိမ်အေးစက်လွန်းလှသည်။

“မင်းမှာ သဘာဝလွန်ပညာ ရှိနေမယ်ဆိုရင် ရှားနိုင်ငံတစ်ခုလုံးကို ဥပဒေရဲ့ ပြင်ပက နေရာတစ်ခုလိုမျိုး လုပ်ချင်တိုင်းလုပ်လို့ ရမယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်?”

“မစ်စ်ကုကျစ်စုန့်၊ ကျွန်တော်က မင်းတို့ရဲ့ ဝိဉာဉ်အဖွဲ့ထဲက လူတွေ ဘယ်သူ့ကိုမှ ရန်မစခဲ့ပါဘူးဗျာ၊ သူ့ကို မိပြီဆိုတော့ ကျွန်တော့်ကို လွှတ်ပေးလို့ မရဘူးလား ဟင်?”

လူငယ်ကောင်လေး မျက်လုံးကို ဝေ့လိုက်ရင်း‌ ပြောလာခဲ့သည်။

“ကျွန်တော်က ဒီအတိုင်း ဒီအတိုင်း ဘာမှမသိတဲ့ အရူးတစ်ယောက်ပါပဲ!”

ပြောနေရင်းနှင့်ပင် သူ၏ လက်များသည် အစီအရင်များကို လျှင်မြန်စွာ ပြုလုပ်နေခဲ့ပြီး မြန်ဆန်လွန်းသောကြောင့် သာမန်မျက်လုံးဖြင့် လိုက်၍ပင် မမှီနိုင်ခဲ့ပေ။

ထို့နောက် သူ၏ ခန္ဓာကိုယ်က မြေကြီးထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့သည်။

ကုကျစ်စုန့် စိတ်ဝင်စားစွာဖြင့် မျက်ခုံးကို ပင့်၍ ကြည့်နေခဲ့မိသည်။

သူမ ထို့သို့နည်းလမ်းမျိုးအား ယခင်က မမြင်ဖူးခဲ့ပေ။ ထိုနည်းလမ်းသည်က တောက်ကျန့်များ၏ ‘ထွက်ပြေးလွတ်မြောက်ခြင်း’ နည်းလမ်းဖြင့် ဆင်တူသော်ငြား ပို၍ ပြီးပြည့်စုံသည့် နည်းလမ်းဖြစ်သည်။

သူမ၏ ဝိဉာဉ်အာရုံခံခြင်းဖြင့် ပျောက်ဆုံးသွားသော လူငယ်လေးကို ခြေရာခံလိုက်နိုင်သော်ငြား မြေအောက်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခြင်းဖြစ်သည်။

သူမအနေဖြင့် မြေအောက်သို့ မည်သို့ လိုက်ရှာရမည်ကို မသိပါချေ။

အမှန်တကယ်မှာ ကောင်လေးအသုံးပြုသွားသည့် နည်းလမ်းသည် အရှေ့တိုင်းနင်ဂျာနည်းလမ်းတစ်ခုပင်ဖြစ်သည်။

ယခင်က မမြင်ဖူးသည့် ပညာရပ်တစ်ခုဖြစ်သော်ငြား ကုကျစ်စုန့် အထူးတလည် အံ့အားသင့်မိခြင်းမရှိခဲ့ပေ။

All Chapters