ဂျပန်နင်ဂျာ (2)
Vol. 49 Ch. 489
ကုကျစ်စုန့် လက်ကို မြှောက်လိုက်ပြီးနောက် လက်ချောင်းများကိုလည်း လက်သည်းများကဲ့သို့ ကွေးထားခဲ့သည်။
အချိန်ခဏလေးအတွင်းမှာပင် မြေကြီးတွင်းမှ မုန်လာဥနီတစ်ဥ ဆွဲနှုတ်ခံလိုက်ရသကဲ့သို့ လူတစ်ဦး ပေါ်ထွက်လာခဲ့သည်။
ထိုလူက ထွက်ပြေးသွားခဲ့သော ကောင်လေးပင်။
ကောင်လေး၏ မျက်နှာတွင် ကြောက်လန့်တုန်လှုပ်မှုများသာ ပြည့်နှက်နေခဲ့သည်။ သူ စကားတစ်ခွန်းမှ မဆိုနိုင်သေးခင်မှာပင် ကုကျစ်စုန့်သည် ကောင်လေးအား လက်ပြန်ရိုက်ချလိုက်သောကြောင့် မြေပေါ်တွင် မလှုပ်မယှက်နိုင် လဲကျသွားခဲ့သည်။
ထို့နောက် စက်ဖွင့်ထားသည့် ကွန်ပြူတာအား လှမ်း၍ ကြည့်လိုက်သည်။
“ဟဲကျောက်ရှန်း၊ ငါတို့ နောက်ဆုံးတော့ တွေ့ရပြီပဲ”
လူနှစ်ဦး၊ တစ္ဆေတစ်ကောင်သာ ရှိနေသည့် အင်တာနက်ကဖေးတွင် တိတ်ဆိတ်မှုသာ လွှမ်းမိုးထားခဲ့သည်။
မြေပေါ်သို့ ရိုက်ချခံထားရသော နင်ဂျာသည်လည်း စိတ်ပိုင်းဆိုင်ရာ ပြိုလဲခြင်းမှ ပြန်လည်နလန်မထူနိုင်သေးသောကြောင့် ရုန်းကန်ခြင်းလည်း မရှိတော့ချေ။ သစ်တုံးတစ်တုံးကဲ့သို့သာ လဲလျောင်းနေခဲ့သည်။
ဂန္ဓမာကျောင်းတော်မှ တုထွန်မျိုးရိုး၏ ဆက်ခံသူတစ်ဦးဖြစ်သော သူသည်က မြေကြီးတွင်းမှ မုန်လာဥနီတစ်လုံးကဲ့သို့ ဆွဲနှုတ်ခံလိုက်ရသည်။
ပို၍ ထိတ်လန့်ဖွယ်ကောင်းသည့်အရာမှာ ကမ္ဘာမြေကြီးနှင့် ဆက်သွယ်နေမှုကို သူ လုံးဝ မခံစားနိုင်တော့ခြင်းပင်။
နင်ဂျာကောင်လေး၏ စိတ်ထဲမှ အနက်ရှိုင်းဆုံးနေရာထိ ကြောက်ရွံ့မှုကို ခံစားနေခဲ့ရပြီး သူနှင့် မလှမ်းမကမ်းတွင် ရပ်နေသော ကုကျစ်စုန့်က နားလည်၍ မရနိုင်သော စွမ်းအားတစ်ခုရှိကြောင်း တွေးနေခဲ့မိသည်။
“မင်း ကိုယ့်ဘာသာကိုယ် ထွက်လာမှာလား? ဒါမှမဟုတ် ငါကိုယ်တိုင် ဆွဲထုတ်ပေးရမှာလား?”
အချိန်စက္ကန့်ပိုင်းအတွင်း လှုပ်ရှားမှုတစ်စုံတစ်ရာမရှိခဲ့ချေ။ မီးလင်းနေသည့် ကွန်ပြူတာဖန်သားပြင်သည်လည်း မှောင်မိုက်သွားခဲ့သည်။
သူ၏ အဖွဲ့ဝင်က ထွက်မပြေးနိုင်၊ သူကိုယ်တိုင်၏ ဒေတာများသည်လည်း အင်တာနက်ကဖေးတစ်ခုလုံးအား ဖုံးလွှမ်းထားသော ဖွဲ့စည်းပုံ၏ တားမြစ်ခြင်းခံထားရသည်။
ယခုတစ်ကြိမ်သည်က သူ့အတွက် ကျရှုံးခြင်းသာဖြစ်ကြောင်း ဟဲကျောက်ရှန်း ကောင်းကောင်းနားလည်နေခဲ့သည်။
လက်ရှိ သူ၏ ခံစားချက်များမှာ ဗလာနတ္ထိဖြစ်နေခဲ့သည်။
အဖမ်းခံလိုက်ရသည့်အတွက် ကြောက်လန့်ခြင်းမရှိ။ လမ်းပျောက်နေသည့် ခံစားချက်တစ်ခုသာ ရင်ထဲပြည့်နှက်နေခဲ့သည်။
သူသည်က ဆရာများ၊ သူငယ်ချင်းများ၊ ကျောင်းခေါင်းဆောင်များ၏ ချောက်ချမှု၊ အနိုင်ကျင့်မှုတို့ကြောင့် သေဆုံးခဲ့ရသည်။ ကိုယ့်ကိုယ်ကိုယ် လူစွမ်းကောင်းကြီးများ၊ အမှန်တရား၏ ဘက်တော်သားများဟု ယူဆထားကြသော အင်တာနက်အသုံးပြုသူများ၏ စွပ်စွဲချက်များအောက်တွင် သူ့ဘဝဆုံးခဲ့ရသည်။
ဤယုတ်ညံ့၍ ဆူညံသော ကမ္ဘာကြီးတွင် အမှန်တရားအား ရှာဖွေရင်း သေဆုံးခဲ့ရသည်။
ထို့ကြောင့် ဟဲကျောက်ရှန်း တစ္ဆေဘဝသို့ ပြောင်းလဲသွားချိန်တွင် သူ့အား အင်တာနက်ပေါ်တွင် ကျိန်ဆဲနေသော လူများ၊ အေးစက်သည့် ဖခင်၏ အုတ်ဂူငယ်တို့ကို ကြည့်ရင်း လူသားများကို တစ်ညီတည်း မုန်းတီးခဲ့မိသည်။
သူသည်က အဆင့်များကို ကျော်ဖြတ်၍ ပြန်လည်ဝင်စားရန် စိတ်ကူးလည်းမရှိ။ ထို့ကြောင့် သေဆုံးပြီးချိန်တွင်လည်း အောက်ကျ၍ သာမန်အဆင့်သာ ရှိသော လူများ၏ အောက်တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး မကောင်းဆိုးရွားဝိဥာဥ်နှင့် လက်တွဲရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
တခြားသော မကောင်းဆိုးရွားကျင့်ကြံသူများ၊ ‘အနက်ရောင်မြူခိုး’၏ အသုံးချခံလူများနှင့် နှိုင်းယှဉ်ပါက ဟဲကျောက်ရှန်းသည်က အဆပေါင်းများစွာ ပို၍ ထက်မြတ်သူတစ်ဦးဖြစ်သည်။
ထို့ကြောင့် ‘အနက်ရောင်မြူခိုး’ သူ့ရှေ့တွင် ပေါ်လာသည့်အချိန်မှစ၍ ထိုအရာသည်က ကမ္ဘာကြီးကို ကယ်တင်မည့် ‘နတ်ဘုရား’မဟုတ်ကြောင်း၊ ကမ္ဘာကြီးကို ဖျက်ဆီးပစ်ရန် အဆိပ်အတောက်များပြည့်နှက်နေသည့် မကောင်းမှုသတ္တဝါတစ်ကောင်သာဖြစ်ကြောင်း သူ ခံစားမိလိုက်သည်။
သို့သော် ဟဲကျောက်ရှန်း ဂရုမစိုက်ခဲ့ပေ။
သူက အင်တာနက်နောက်ကွယ်တွင် ပုန်းအောင်း၍ သတင်းမှားဖြန့်သူများ၊ အခြားလူများကို စိတ်ထင်တိုင်း တိုက်ခိုက်ကြသူများ၊ အထူးသဖြင့် ဖခင်ကို သေဆုံးစေခဲ့သူများအား အင်မတန် မုန်းတီးနေခဲ့သည်။
သူ၏ မျက်လုံးထဲတွင် မကောင်းမှုအတွေးများ ပြည့်နှက်နေသော မကောင်းဆိုးဝါးနတ်ဘုရားသည်ပင် ထိုသူရဲဘောကြောင်သော လူယုတ်မာများထက် ပို၍ သာနေသေးသည်။
ထို့ကြောင့် သူသည်က ‘အနက်ရောင်မြူခိုး’၏ ဖိတ်ခေါ်ချက်ကို လက်ခံ၍ ကမ္ဘာကြီးအား ဖျက်ဆီးမည့် အစီအစဉ်တွင် ပါဝင်ခဲ့ခြင်းပင်။
ဟဲကျောက်ရှန်း အတိတ်အား ပြန်တွေးနေမိစဉ်မှာပင် သူပုန်းအောင်းနေသော ကွန်ပြူတာက ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။
ကွန်ပြူတာဖန်သားပြင်မှ system ပုံးအထိ တစ်စစီ ကွဲပျက်သွားခဲ့ပြီး အထဲတွင် ပုန်းအောင်းနေသော ဝိဉာဉ်သည်လည်း အငိုက်မိ ဖမ်းဆီးခံလိုက်ရသည်။
ဖြူဖွေးသွယ်လျသော လက်ဖဝါးထက်တွင် တင်းကြပ်စွာ ချုပ်နှောင်၍ ဆွဲထုတ်ခံလိုက်ရသည်။
ဟဲကျောက်ရှန်း: ?!
ကုကျစ်စုန့်က သူ၏ တည်နေရာ၊ သူပုန်းအောင်းနေသော ကွန်ပြူတာစက်ပစ္စည်းအား မည်သို့ ခြေရာခံလိုက်နိုင်သည်ကို နားမလည်နိုင်ခဲ့ပေ။
ယခုအချိန်ပိုင်းအတွင်း ဖြစ်ပျက်သွားခဲ့သည်များကို ပြန်လည်တွေးတောလိုက်ပြီးနောက် အံ့အားသင့်စိတ်ကို မျိုသိပ်ကာ မေးလိုက်မိသည်။
“စက်ပစ္စည်းတွေ အကုန်လုံးကို ပြင်လိုက်တာလား?!”
မှန်ပေသည်။ ရှားနိုင်ငံတော်အတွင်းမှ လျှပ်စစ်ပစ္စည်းများအများစုသည်က ယန်မိသားစုမှ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သူကောင်းကောင်းသိသည်။
ယန်မိသားစု၏ ခေါင်းဆောင် ယန်ချန်သည်လည်း ကုကျစ်စုန့်နှင့် အင်မတန်ရင်းနှီးသူတစ်ဦးဖြစ်ပြီး အစိုးရနှင့်လည်း မကြာခဏ တွဲဖက်လုပ်ကိုင်တတ်သူတစ်ဦးဖြစ်နေသည်မဟုတ်ပါလား။
မကြာသေးခင်က update လုပ်လိုက်သည့် system များအတွင်း တစ်ခုခု ပါဝင်နေခဲ့ပါက၊ သူကဲ့သို့ အထူးအခြေအနေရှိသည့် သရဲတစ္ဆေများသာ ဖုန်းများထဲသို့ ဝင်ရောက်ပုန်းအောင်းခဲ့မည်ဆိုပါလျှင် သေချာပေါက် system အသစ်၏ အာရုံခံစနစ်အတွင်းသို့ ဝင်ရောက်၍ ဖမ်းဆီးခံရမည်မှာ မလွဲဧကန်ပင်။
ဟဲကျောင်ရှန်း အနီးပတ်ဝန်းကျင်ကို လှည့်၍ ကြည့်လိုက်မိသေးသည်။
ယခုအင်တာနက်ကဖေးတွင် တပ်ဆင်ထားသော ကွန်ပြူတာများသည်က ယန်မိသားစု၏ တံဆိပ်များပင် ဖြစ်နေခဲ့သည်။
သူ နှုတ်ပင် မဟနိုင်ခင်မှာပင် ကုကျစ်စု့န်က ဖြန့်ထားသည့် လက်ဖဝါးအား ညင်သာစွာ လက်သီးဆုတ်လိုက်သည်။
သူမ၏ လက်ဖဝါးတွင်း ချုပ်နှောင်ထားသော ဝိဉာဉ်သည်လည်း လက်သီးဆုတ်အောက်တွင် ပို၍ တင်းကြပ်စွာ ချုပ်နှောင်ခံလိုက်ရပြီး မီးခိုးရောင်နုနုသန်းနေခဲ့သည့် ဟဲကျောက်ရှန်း၏ ဝိဉာဉ်မျက်နှာတွင် နာကျင်မှုဝေဒနာအား အတိုင်းသား မြင်တွေ့နေရသည်။
မြေကြီးနင်ဂျာသည်လည်း သူ၏ ဝိဉာဉ်အဖွဲ့ဝင်အား ရွံ့စေးကဲ့သို့ လုံးချေလိုက်၊ ဖိနှိပ်လိုက် လုပ်နေသည်ကို မြင်တွေ့ရပြီးနောက် သူ၏ ဝိဉာဉ်အနှိပ်စက်ခံနေရသည့်အလား ကြက်သီးထနေခဲ့မိသည်။
သူ မယုံကြည်နိုင်စွာဖြင့် ပြောမိသည်။
“မင်း.. မင်း ဝိဉာဉ်တွေကို အဲလိုမျိုးကြီး လုပ်နေမယ်ဆိုရင် အဲဒီဝိဉာဉ် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာကို မစိုးရိမ်ဘူးလား?”
“နည်းလမ်းအမှန်က သူတို့ကို အသိစိတ်လေး၊ ခံစားချက်လေးဝင်လာအောင် ဖြောင်းဖျတာဖြစ်ဖြစ်၊ ဒါမှမဟုတ် လာဘ်ထိုးတာတို့၊ လိုချင်တာလုပ်ပေးပါမယ်တို့ ပြောပြီးတော့မှ သူတို့ကို အလံဖြူပြလာအောင် လုပ်ရမှာမဟုတ်ဘူးလား
ပြီးတော့ နောက်ကွယ်က ပညာရှင်အကြောင်း မေးရမှာလေ၊ အဲလိုဖြစ်ရမှာလားလို့!?”
ကုကျစ်စုန့် နှာခေါင်းရှုံ့လိုက်သည်။
“ဒီနိုင်ငံထဲမှာ ပြဿနာတွေ အများကြီးဖြစ်အောင် လုပ်တဲ့သူ၊ သူတို့ကြောင့် မိသားစုတွေ အများကြီး ပြိုကွဲခဲ့ရပြီး အပြစ်မဲ့လူတွေ အများကြီး ဒုက္ခရောက်ခဲ့ရတယ်
ဒါနဲ့များ မင်းတို့လို အပြစ်သားတွေကို ငါက ဘာလို့ ညင်ညင်သာသာ ကိုင်တွယ်ပေးရမှာလဲ?”
သူမ၏ အေးစက်သော အသံတွင်းမှ ဒေါသတရားက အတိုင်းသားပေါ်လွင်နေသည်။
“မင်းတို့တွေ ဘယ်လိုမျိုး လျှို့ဝှက်ချက်မျိုးကိုပဲ ဖုံးကွယ်ထားထား၊ ငါဂရုမစိုက်ဘူး၊ မင်းတို့မပြောလည်း ခေါင်းဝှက်ပြီး ပုန်းနေတဲ့ ငကြောက်ကောင်တွေကို ငါကိုယ်တိုင် တစ်ယောက်ချင်းစီ အမြီးကနေ ဆွဲထုတ်လို့ရတယ်၊ မင်းတိုး မပြောချင်ဘူးလား? မပြောချင်ရင် ငရဲကိုသွားလိုက်တော့”
ဒီမိန်းမ!
နှလုံးသားက မာကြော၍ လုပ်ဆောင်မှုများသည်လည်း ရက်စက်လွန်းလှသည်။
ထိုဖီးနစ်မျက်လုံးများ၏ အောက်တွင် လူငယ်လေးမှာ သူမလက်ဖဝါးအတွင်းမှ သဲတစ်ပွင့်ဟုသာ ခံစားမိလိုက်သည်။
ပြောင်းလဲမှုတစ်စုံတစ်ရာရှိသည်နှင့် သူ၏ ဘဝသည်လည်း ဆုံးလိမ့်မည်မှာ အသေအချာပင်။
တစ်ဖက်တွင်တော့ တစ်ချိန်လုံး ဝိဉာဉ်အား ချုပ်နှောင်ဖိနှိပ်ခံထားရသောကြောင့် ဟဲကျောက်ရှန်း နာကျင်၍ ထုံထိုင်းနေခဲ့ပြီဖြစ်သည်။
ဝိဉာဉ်မှာ ပြိုကွဲ၍ ပြောင်အနေပုံရသည်။ ဆိုရလျှင် မိန်းကလေး၏ လက်ခုပ်ထဲတွင်ရှိနေကာ ရလဒ်ကို လက်ခံထားသည့်ပုံရသည်။
ကုကျစ်စုန့်က အမှန်တရားကြီးကြီးမားမားတစ်ခုခုကို ထုတ်ပြောမည်၊ သို့မဟုတ်ပါက သူ့အား ဘက်တော်သားအဖြစ် သိမ်းသွင်းရန် ကြိုးစားလိမ့်မည်ဟု ထင်ထားခဲ့မိသည်။
သူ့တွင် စကားပင် ပြောရန်အခွင့်အရေး ရှိလိမ့်မည်မဟုတ်ဟု ထင်မထားခဲ့ပေ။
တကယ်တမ်းတွင် ကုကျစ်စုန့်က သူ၏ ဘဝလမ်းကြောင်းရွေးချယ်မှုမှားယွင်းခဲ့ခြင်းကို စိတ်မဝင်စားပါချေ။
အတိတ်တွင် မည်မျှ စွပ်စွဲခံခဲ့ရပါစေ၊ နာကျင်ခဲ့ရပါစေ လူသတ်ဓားကို ကောက်ယူလိုက်သည်နှင့်တပြိုင်နက် သူသည် မကောင်းဆိုးရွား ကျင့်ကြံသူသာ ဖြစ်သည်။
“မင်းက အရင်တုန်းက မတရားခံခဲ့ရတယ်လို့ ထင်ကောင်းထင်လိမ့်မယ် ဒါပေမဲ့ ငါ့အမြင်မှာတော့ အခု မင်းရဲ့လုပ်ရပ်တွေက မင်းကို ဆွဲချခဲ့တဲ့ လူသတ်ကောင်တွေရဲ့ လုပ်ရပ်နဲ့ ဘာများ ကွာခြားနေလို့လဲ”
ကုကျစ်စုန့် ဟဲကျောက်ရှန်းအား စိုက်ကြည့်နေခဲ့မိသည်။
“ဒေါသကို ပြန်ပြီး တုံ့ပြန်တယ်ဆိုတာ မကောင်းဆိုးရွားကျူးလွန်သူတွေကို လမ်းခင်းပေးဖို့ မလိုဘူး
မင်းကိုယ်မင်း အပြစ်ရှိတယ်လို့ ထင်ခြင်းမထင်ခြင်း၊ ကိုယ့်အပြစ်ကို ပြန်ပြီး ပေးဆပ်တာတွေက မင်းအပေါ်မှာပဲ မူတည်တယ်၊
ဒါပေမဲ့ ငါမင်းကို တစ်ခုတော့ သတိပေးလိုက်မယ်”
သူမ၏ စကားသံ ခေတ္တရပ်သွားခဲ့သည်။
“မင်း သေပြီးကတည်းက မြေအောက်ကမ္ဘာကနေ အဖမ်းခံရမှာစိုးလို့ မြေအောက်ကမ္ဘာကို တစ်ခါမှ မသွားခဲ့ဖူးမဟုတ်လား”
ဟဲကျောက်ရှန်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် အက်ကွဲစွာ ပြောလိုက်သည်။
“ဟုတ်တယ်.. ဒီတော့ ဘာဖြစ်လို့လဲ?”
“မထူးဆန်းတော့ပါဘူး”
ကုကျစ်စုန့် တစ်စုံတစ်ရာကို နားလည်သွားသည့်အလား ရုတ်တရက် ရယ်မောလိုက်သည်။
“မင်း မြေအောက်ကမ္ဘာကို သွားပြီးတော့ ကြည့်ကြည့်သင့်တယ်”
“မင်းကို မဖမ်းခင်တုန်းက လင်းကျူးဌာနချုပ်က လူတွေက မင်းရဲ့ ဘဝဇာတ်ကြောင်းကို ရှာခဲ့ကြတယ်လေ
အဲဒီမှာ မင်းရဲ့အဖေက လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက ဆေးရုံတင်ထားရတုန်းမှာ အမှန်တရားရဲ့ ဘက်တော်သားကြီးတွေက ဆေးရုံကို လာပြီး ပြဿနာရှာခဲ့လို့ နှလုံးရှော့ခ်ရပြီး ဆေးရုံမှာပဲ ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်
ငါ့အနေနဲ့ကတော့ မလိုအပ်ဘူးလို့ ထင်ပေမဲ့ တကယ်လို့များဆိုပြီးတော့ ဌာနချုပ်ကနေ ယင်နဲ့ယန်ကြား ဆက်သွယ်ပေးနိုင်တဲ့ အဖွဲ့သားတစ်ယောက်ကို မြေအောက်ကမ္ဘာဆီလွှတ်ပြီး မင်းအဖေရဲ့ ဝိဉာဉ်ကို ခေါ်ခိုင်းလိုက်တယ်
သူ့ကို ယန်ကမ္ဘာထဲ ခဏခေါ်လာပြီးတော့ မင်းကို ဖမ်းဆီးတဲ့ နေရာမှာ ကူညီပေးဖို့ ဆိုပြီး ရည်ရွယ်ခဲ့တာပေါ့”
“ဒါပေမယ့် အခု သူက ငါတို့နဲ့ တူတူ ပါလာတာမျိုး မရှိနေခဲ့ဘူး၊ သူ ဘာကြောင့် မပါလာတာလို့ မင်းထင်လဲ?”