အောင်မြင်စွာ ဖွင့်လှစ်နိုင်ခြင်း
Vol. 49 Ch. 487
အချိန်ခေတ္တခန့် တွေးနေခဲ့ပြီးနောက် သူမ ကျန်းရူယွီထံသို့ ဆက်သွယ်ကာ ဝိဉာဉ်ရေးရာရုံးချုပ်ထံသို့ သတင်းပို့စေခဲ့သည်။
“ကျွန်မထင်တာ မှန်မယ်ဆိုရင်တော့ ဒီလိုရုပ်ထုမျိုးတွေက တခြားမြို့ကြီးတွေမှာလည်း ရှိနေဦးမှာပဲ၊ ဒီတစ်ရုပ်တည်း လုံးဝမဖြစ်နိုင်ဘူး
တောင်တွေ၊ မြစ်တွေနားလို ဝိဉာဉ်စွမ်းအင်လည်ပတ်တဲ့ပြီး တစ်မြို့လုံးရဲ့ ဖုန်းရွှေကို ထိခိုက်စေမယ့် နေရာမျိုးတွေမှာ သေသေချာချာစစ်ဆေးပြီး ရှာပေးပါ”
ကျန်းရူယွီသည်လည်း သတင်းကို ကြားရပြီးနောက် ချက်ချင်းပင် ဝိဉာဉ်ဆိုင်ရာအထူးဌာန၏ ဝက်ဘ်ဆိုက်တွင် ဆုကြေးငွေဖြင့် မစ်ရှင်တစ်ခု တင်ခဲ့ပြီးနောက် နေရာအနှံ့မှ ဌာနခွဲတိုင်းတွင် စစ်ဆေးမှုများ စတင်စေခဲ့သည်။
စစ်ဆေးမှုများ စတင်ပြီးနောက် နယ်မြေပေါင်း (13)ခုမှ ဝိဉာဉ်ဆိုင်ရာအဖွဲ့များသည် ကုကျစ်စုန့် သတိပေးခဲ့သည့် နေရာများမှ ‘မျက်နှာပေါင်းတစ်ထောင်နတ်ဘုရား’ရုပ်ထု ၁၃ခုအား တူးဖော်ရှာတွေ့ခဲ့ကြသည်။
တခြားနယ်မြေများတွင်တော့ မည်သည့်အရာမျှ ရှာမတွေ့ကြပေ။
သို့သော် ကုကျစ်စုန့် စိတ်ပူပန်ခြင်းမရှိ။ ၁၃ခု ရှာတွေ့ခဲ့သည်မှာပင် အံ့ဩဖွယ်ကောင်းလှပြီဖြစ်သည်။
အနည်းဆုံး ‘အနက်ရောင်မြူခိုး’၏ စွမ်းအင်ကို အားလျော့သွားစေလိမ့်မည်။
ထို့အပြင် နေရာမျိုးစုံမှ အဖွဲ့များအား ရုတ်တရက် ဖြန့်ကျက်ရှာဖွေစေခဲ့သောကြောင့် ‘နတ်ဘုရားရုပ်ထု’ တည်ရှိသည့်နေရာတွင် ပုန်းအောင်းနေကြသော မကောင်းမှုကျင့်ကြံသူများကိုလည်း အငိုက်ဖမ်းနိုင်ခဲ့ကြသည်။
ထိုပညာရှင်များထံမှ လူပေါင်းများစွာကို ဒုက္ခပေးနေသည့် ဂရုချက်များအား တွေ့ရှိခဲ့ရပြီး စစ်ဆေးမေးမြန်းပြီးချိန်တွင် ပို၍ အသေးစိတ်သိရှိနိုင်လိမ့်မည်။
ထိုသို့ ပုန်းကွယ်နေသည့်အဖွဲ့များအား ရှာတွေ့လေလေ ဝိဉာဉ်ဆိုင်ရာဌာနချုပ်မှ အရာရှိများ ပို၍ စိတ်ပူပန်လာလေပင်။
မကောင်းဆိားရွားကျင့်ကြံသူများနှင့် ‘အနက်ရောင်မြူခိုး’တို့သည်က အမှောင်တွင်း၌ ပုန်းအောင်းနေကြသည်။
ထိုအရာများသည် မည်သည့်အချိန်တွင် ထ,ပေါက်မည်ကို မသိနိုင်သော ဗုံးများကဲ့သို့ပင်။
ထို’ဗုံး’များအား အလုံးစုံ မဖယ်ရှားနိုင်သရွေ့ သူတို့သည်လည်း ကောင်းကောင်းစားနိုင်၊ အိပ်နိုင်မည်မဟုတ်။
ထိုကိစ္စနှင့် ပတ်သတ်၍ ကုကျစ်စုန့် ကျန်းရူယွီအား နှစ်သိမ့်စကားဆိုခဲ့သည်။
“ရှင်တို့တွေ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆက်ရှာနေလို့ ရတယ်၊ ဒါဆိုရင် သေချာပေါက် ‘နတ်ဘုရားရုပ်ထု’ကိုယ်ပွားတွေကိုလည်း ထပ်ရှာတွေ့ဦးမှာပဲ၊
သူ့ရဲ့ ပင်မခန္ဓာကိုယ်က ဘယ်လောက်ပဲ စွမ်းအားကောင်းကောင်း၊ သူ့ကိုယ်ပွားတွေ ဘယ်နှစ်ရုပ်ပဲရှိရှိ၊ ကျွန်မတို့ ရှာတွေ့တာတွေက သူ့ရဲ့ လုပ်နိုင်စွမ်းတွေ၊ ခြေတံလက်တံတွေကို ဖြတ်ထုတ်ပစ်လိုက်နိုင်တာပဲ၊ အဲဒါဆိုရင် လုံလောက်ပါပြီ”
“အခု ပထမဆုံးအရေးကြီးတာက ဟဲကျောက်ရှန်းပဲ၊ သူက ‘အနက်ရောင်မြူခိုး’လက်အောက်က အခရာတစ္ဆေတစ်ကောင်ပဲ သူ့မှာ သဲလွန်စတွေ၊ အချက်အလက်တွေ အများကြီး ရှိလိမ့်မယ်”
ကျန်းရူယွီ သက်ပြင်းချရင်း ခေါင်းညိတ်လိုက်မိသည်။
“အဖွဲ့ဝင်တွေက အခုတလော အရမ်းကို စိတ်မရှည်နိုင်ဖြစ်နေတာ၊ အဓိက,ကတော့ ဒီရွံစရာကောင်းတဲ့ အကောင်တွေ အများကြီးပေါ်လာလို့ပါပဲ.. စိတ်မပူပါနဲ့ ကျွန်မတို့တွေ မြေကြီးထဲ ဘယ်နှစ်ပေအနက်ထိတူးရတူးရ။။ ဒီခေါင်းဝှက်ပြီး ပုန်းနေတဲ့ ရုပ်ထုတွေကို ရအောင် တူးထုတ်ပစ်မယ်!”
“J ပြည်နယ်က ဒါရိုက်တာနဲ့ ဒီလုပ်ဆောင်ရေးမှာ အဓိကဦးဆောင်သူတွေက ဖမ်းဆီးဖို့အတွက် ပြင်ဆင်နေကြပြီ.. အဲ့ဒီကို ဘယ်အချိန်လောက် သွားမှာလဲ”
သရဲတစ္ဆေဖမ်းရန်။
အင်တာနက်တွင်း ပုန်းအောင်းနေခဲ့သော သရဲတစ္ဆေအား ဖမ်းဆီးရန်မှာ ထူးဆန်းအံ့ဩဖွယ်ကောင်းလှသည့် အရာတစ်ခုဖြစ်သည်။
ကုကျစ်စုန့်၏ စစ်ဆေးမှုအောက်တွင် ယခုလုပ်ဆောင်ရေး၌ ပါဝင်မည့် အဖွဲ့ဝင်များအားလုံးကို လူတွေ့ စစ်ဆေးခဲ့ကြသည်။ Jammer များ တပ်ဆင်ထားရုံသာမက၊ လျှပ်စစ်ပစ္စည်းတစ်စုံတစ်ရာမျှပင် အစည်းအဝေးခန်းအတွင်းသို့ ယူဆောင်လာခွင့်မရှိချေ။
ဟဲကျောင်ရှန်း ယခုစစ်ဆင်ရေးအကြောင်းကို လုံးဝမသိစေရန်က အဓိကအချက်ပင်ဖြစ်သည်။
သူ၏ ip address ကို ကြည့်ပါက J ပြည်နယ်သည်က သူ မကြာခဏအခြေချသည့် နေရာတစ်ခုဖြစ်သောကြောင့် တစ်ခုခု လွဲချော်သွား၍ မဖြစ်ပေ။
ကုကျစ်စုန့် အချိန်ကို ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းလေးကို တွန့်ရုံ ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့၊ ညနေ ၆နာရီဆိုရင် ရှိုးပွဲစပြီလေ”
-
ဆောင်းရာသီတွင် နေဝင်ချိန်မှာ စောလွန်းသည်။
ညနေ ၅နာရီ၊ ၆နာရီခန့်တွင် ကောင်းကင်က အမှောင်ဖုံးနေခဲ့ပြီဖြစ်သည်။
အလုပ်မှ ပြန်လာသူများ၊ ကျောင်းမှ ပြန်လာသူအများစုက ညစာချက်ပြုတ်ကြသူများ၊ ည ရှစ်နာရီတွင် ထုတ်လွှင့်မည့် ‘မျောလွင့်နေသော ပင်လယ်၏ ဒဏ္ဍာရီ ‘ ဒရာမာအပိုင်းသစ်အား စောင့်ဆိုင်းနေကြသူများလည်း ရှိသည်။
ညနေ ခြောက်နာရီတိတိအချိန်တွင် ရှားနိုင်ငံတော်တစ်ခုလုံးရှိ မိုဘိုင်းဖုန်းများ၊ tablet များ၊ ကွန်ပြူတာများအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်သည် ပင်မစနစ်အား အော်တို upgrade ပြုလုပ်လိုက်သည်ဆိုသော အသိပေးချက်များ တစ်ချိန်တည်း တက်လာခဲ့ကြသည်။
နိုင်ငံအဆင့်ကုမ္ပဏီကြီးတစ်ခုအနေဖြင့် ယန်မိသားစုမှာ ယန်ဟဲလက်ထက်ကတည်းကစ၍ မိုဘိုင်းဖုန်းများနှင့် ပတ်သတ်သည့် ရှာဖွေလေ့လာချက်များ၊ အသစ်တီထွင်ခြင်းများကို ပြုလုပ်ခဲ့သော်ငြား နိုင်ငံခြားကုမ္ပဏီများ၏ နည်းလမ်းများအား လိုက်မမှီနိုင်ခဲ့ပေ။
စမတ်ဖုန်းများ ဈေးကွက်တွင်း စတင်ဝင်ရောက်လာပြီးနောက် ငယ်ရွယ်သော်ငြား အတွေးအခေါ်မြင့်မားသည့် ယန်ချန်လည်း ယန်မိသားစုမှတဆင့် လျှပ်စစ်ပစ္စည်းနယ်ပယ်တွင်းသို့ ဝင်ရောက်လာခဲ့သည်။
ယန်ချန်ရောက်ရှိလာချိန်မှစ၍ ကုမ္ပဏီ၏ ရောင်းအားများ၊ အဆင့်အတန်းများသည်လည်း တဟုန်ထိုး တက်လာခဲ့သည်။
သူ၏ မနားမနေရှာဖွေတီထွင်မှုများကြောင့် နိုင်ငံခြားနည်းပညာများနှင့် ရင်ဘောင်တန်းလာနိုင်ခဲ့ပြီး ပြည်တွင်းဈေးကွက်အား ခြေကုတ်ယူထားနိုင်ခဲ့သည်။
နှစ်ကြာလာသည်နှင့်အမျှ သူသည်က သိပ္ပံနည်းပညာရှာဖွေရေးကဏ္ဍတွင် အတည်တကျ နေရာယူထားနိုင်ခဲ့ပြီး ရှားနိုင်ငံ၏ အိမ်သုံးလျှပ်စစ်ပစ္စည်းလောကတွင်လည်း ပြောရေးဆိုခွင့်ရှိသူတစ်ဦး ဖြစ်လာခဲ့သည်။
ကမ္ဘာအဆင့်နှင့်ချီ၍ အရည်အသွေးကောင်းပစ္စည်းများကို ထုတ်လုပ်သည့် နာမည်ကြီးတံဆိပ်တစ်ခု ဖြစ်လာခဲ့သည်။
ထို့ကြောင့် တစ်နိုင်ငံလုံး နေရာအနှံ့မှ လူအများစုမှာ system upgrade လုပ်နေသည်ဆိုသော အသိပေးချက်ကို ရရှိလိုက်ကာ အံ့သြနေခဲ့ကြသည်။
စနစ်အသစ် upgrade လုပ်ခြင်းက မြန်မြန်ဆန်ဆန် ပြီးဆုံးသွားခဲ့သည်။ သူတို့၏ လျှပ်စစ်ပစ္စည်းများ restart လုပ်ပြီးချိန်တွင် ပထမဆုံးမြင်တွေ့ရသည့် တံဆိပ်လေးက ထူးဆန်းနေကြောင်း သတိပြုမိလိုက်ကြသည်။
ယန်မိသားစု၏ တံဆိပ်အပြင် စုတ်ချက်လှလှဖြင့် ရေးဆွဲထားသည့် ‘ရွှမ်း’ဟူသော စာလုံးငယ်လေးပါ ပေါ်လာခဲ့ပြီးနောက် တဖြည်းဖြည်းနှင့် မှိန်ပြပျောက်ကွယ်သွားခဲ့သည်။
တရုတ်စာလုံးမဖတ်တတ်သည့် နိုင်ငံခြားသားများပင် ထိုတံဆိပ်လေးသည် အင်မတန် ကြည့်ကောင်းသည်ဟု တွေးမိကြသည်။
သာမန်လူများအတွက်တော့ ထိုအရာသည်က ဖုန်းများ၊ ကွန်ပြူတာများ system upgrade လုပ်လိုက်ခြင်းသာ ဖြစ်သော်ငြား လင်းကျူးမှ အရာရှိများအတွက်တော့ ထိုအရာမှာ သိပ္ပံနည်းပညာနှင့် သဘာဝလွန်ပညာတို့ ပေါင်းစည်းသွားခဲ့ခြင်းပင်။
ယန်မိသားစု၏ နည်းပညာဌာနတွင်း၌ မျက်ကွင်းများ ညိုမဲနေသည့် ပရိုဂရမ်ရေးဆွဲသူအဖွဲ့တစ်ဖွဲ့က screen ကြီးရှေ့တွင် ရပ်နေခဲ့ကြသည်။
“ဗိုင်းရပ်ကို ထိန်းချုပ်တဲ့ ပရိုဂရမ်က တည်ငြိမ်တယ်၊ Bug တွေလည်း မရှိဘူး အခုလက်ရှိတော့ အင်တာနက်မှ တစ်ခုခု error ဖြစ်တာတွေလည်း မမြင်ရသေးပါဘူး”
“ပို့စ်တစ်ခုမှာတော့ system အသစ်အကြောင်း ဆွေးနွေးနေတာကို တွေ့ရပါတယ်.. လိုဂိုအသစ်နဲ့ ပတ်သတ်ပြီး ပြောနေတဲ့ ပို့စ်တစ်ခုပါပဲ”
“အဆင်ပြေပြေလေး run ပေးပါ....”
တစ်ချိန်တည်းမှာပင် လင်းကျုးရှိ ဌာနချုပ်တွင်လည်း အင်တာနက်လုံခြုံရေးဌာနဝင်များသည် Database အား မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ကြသည်။
မကောင်းမှုစွမ်းအင်များ၊ အစီအရင်များအား အာရုံခံနိုင်အောင် ရေးဆွဲထားသည့် စနစ်အသစ်၏ လုပ်ဆောင်ရေးသာ အောင်မြင်ပါက ထည့်သွင်းထားသော အစီအရင်ကုတ်များသည်လည်း အောင်မြင်စွာ အလုပ်,လုပ်နိုင်မည်ဖြစ်သည်။
မြင်တွေ့နေရသည့် မျက်နှာပြင်ဖန်သားထက်တွင် အနီရောင်အစက်အပြောက်လေးများ နေရာတစ်ကာတွင် ပေါ်နေခဲ့ပြီး တချို့နေရာများတွင် ထူထဲကာ အချို့နေရာများတွင်မူ ခပ်ကျဲကျဲသာ ဖြစ်သည်။
“ အောင်မြင်တယ်!”
“ဒီနည်းလမ်းကို စဉ်းစားမိတဲ့သူကတော့ တကယ့်ကို ဉာဏ်ကြီးရှင်ပါပဲ! ဒီစနစ်ကို အလုပ်ဖြစ်အောင် လုပ်နိုင်တဲ့သူတွေကလည်း တကယ့်ကို ပညာရှင်တွေလို့ပြောရမယ်!”
“ဒီအနီပြောက်လေးတွေက ဘာလဲဆိုတော့ ပရိုဂရမ်ကနေမှ အဲ့နေရာနဲ့ ပတ်လည် သုံးမီတာအတွင်းမှ မကောင်းဆိုးရွားစွမ်းအင်တွေကို အာရုံခံမိနေလို့ပေါ်နေတာပဲ၊
အများစုကတော့ မိသားစုဝင်တွေထဲက တစ်ယောက်ယောက်ဖြစ်ရင် ဖြစ်မယ် မကောင်းတဲ့နေရာတစ်ခုကို ရောက်နေတာလည်း ဖြစ်ရင်ဖြစ်မယ်
ဒါမှမဟုတ်ရင်လည်း သူ့အနီးအနားက ဖုန်းတစ်ခုခုမှ မကောင်းမှုစွမ်းအင် ရှိနေတာမျိုး ဖြစ်နိုင်တယ် အဲလိုမျိုးတွေကို နေရာပြထားတာပဲ”
“တကယ့် ပြဿနာကြီးကြီးမားမား error တက်နေနိုင်တဲ့ နေရာမျိုးတော့ မရှိလောက်သေးပါဘူး”
အစည်းအဝေးခန်းထဲတွင် ကျန်းရူယွီ ပျော်လွန်း၍ ထခုန်ချင်စိတ်ကို ထိန်းထားလိုက်ပြီးနောက် မေးလိုက်သည်။
“Target ကိုရော လော့ချပြီး ခြေရာခံလို့ ရလား?”
အင်တာနက်နှင့် နည်းပညာလုံခြုံရေးဌာနမှ အရာရှိ ကွန်ပြူတာကီးဘုတ်မှ ခလုပ်အချို့အား နှိပ်ကြည့်လိုက်ပြီးနောက် အံ့အားသင့်မှုကို မြိုသိပ်၍ ပြန်ဖြေလိုက်သည်။
“ရတယ်!”
“ပစ်မှတ်ရဲ့ အိုင်ပီက ကျင်းကျန်းအိမ်ယာနားလေးက အင်တာနက်ကဖေးတစ်ခုမှ လွန်ခဲ့တဲ့ နာရီဝက်လောက်တုန်းက ပေါ်လာခဲ့တာပဲ ၊ ကြည့်ရတာတော့ အခြားလူတွေနဲ့ အွန်လိုင်းကနေ ငွေအလွှဲအပြောင်းလုပ်နေတဲ့ပုံပဲ
အခုချိန်ထိတော့ နောက်ထပ်လှုပ်ရှားမှုမျိုး ခြေရာခံမရသေးပါဘူး”
ကုကျစ်စုန့် နားလည်သည်။
“ဟဲကျောက်ရှန်းက စနစ်ရဲ့ ခြေရာခံတဲ့စက်ဝိုင်းအတွင်း ရှိနေတာပဲ ဖြစ်ရမယ်၊
အခုထိလည်း နေရာမရွေ့သွားသေးဘူးဆိုတာ အတည်ပြုလို့ ရတယ်၊ ကျွန်မကို အင်တာနက်ကဖေးရဲ့ လိပ်စာပြောပေးပါ၊ အခုပဲ အဲဒီကို သွားလိုက်ပါမယ်”
လိပ်စာအတိအကျအား တောင်းလိုက်ပြီးနောက် ကုကျစ်စုန့် တွေဝေခြင်းအလျဉ်းမရှိ၊ တစ္ဆေဂိတ်တံခါးဝကို ဆင့်ခေါ်လိုက်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် သူမက ကင်မရာရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။
မျက်စိတစ်မှိတ်ခန့်ကြာပြီးနောက် ကျင်းကျန်းအိမ်ရာ၏ အနီးမှ လမ်းကြားတစ်ခုထဲတွင် အမျိုးသမီးငယ်တစ်ဦး လေထဲမှ ရုတ်တရက် ပေါ်လာခဲ့သည်။
ထို့နောက် အိမ်ရာအတွင်းမှ အင်တာနက်ကဖေးဆိုင်သို့ တစ်လှမ်းချင်း လျှောက်သွားခဲ့လေသည်။