အနက်ရောင်မြူခိုး၏ မူလ(2)
Vol. 50 Ch. 491
“ဒါတော်တော်လေးကိုကောင်းတဲ့ ရလဒ်ကောင်းပါပဲ”
ကုကျစ်စုန့် ခေါင်းညိမ့်လိုက်မိသည်။
“ဒီတစ်ခါတော့ ယန်မိသားစုက တကယ့်ကို အကြီးကြီး ကူညီပေးခဲ့တာပါပဲ၊ သူတို့ အသစ်ထုတ်လုပ်လိုက်တဲ့ systemရယ် ယင်စွမ်းအင်ကို အာရုံခံတဲ့ plug-in တွေက အောင်မြင်မှုကတော့ အံ့မခန်းပဲ
နောက်ထပ်လိုတာတော့ ဒီစနစ်သစ်မြှင့်တာကို ထောက်ပံ့ပေးဖို့ပဲ ကျန်တော့တယ် ၊
အခုလို အရေးကြီးပြီး အလျင်လိုနေတဲ့ အချိန်မျိုးမှာ ဝန်ထမ်းတွေ အများကြီးသုံးရမှာကို လျှော့ပြီး ထိန်းသိမ်းလိုက်နိုင်တာက အကောင်းဆုံးပဲ”
ခေတ္တမျှ တွေးတောနေပြီးနောက် ကုကျစ်စုန့် စကားစလိုက်သည်။
“ရှင်လည်း ခံစားမိနေတယ်မလား”
“ဟုတ်တယ်…”
ကျန်းရူယွီ၏ လေသံမှာ ခွဲခြားရခက်နေသည့်ပုံပင်။
“အဲဒါက ပြောင်းလဲသွားတော့မယ်”
နှစ်ရက်ကြာပြီးနောက်။
ဟဲကျောက်ရှန်းနှင့် ချွန်းဖူကျိတို့ထံမှ အရေးကြီး အချက်အလက်များစွာ ရရှိလိုက်သောကြောင့် လင်ကျူးဌာနချုပ်တွင် နေ့တစ်ဝက်ခန့်အချိန်ယူကာ ထိုပြစ်မှုများအား အကြီးအသေး၊ ဆက်သွယ်မှု၊ အဖွဲ့အစည်းများ အစရှိသည်ဖြင့် အဆင့်ခွဲခြားစိတ်ဖြာနေခဲ့ကြသည်။
အွန်လိုင်းပေါ်မှ ပြစ်မှုများနှင့် မြေပြင်မှပြစ်မှုများ၊ အဖွဲ့လိုက်ပြစ်မှုများ၊ တသီးပုဂ္ဂလအနေဖြင့် ပြည်သူလူထုအား တည်ငြိမ်မှုပျက်ပြားစေခြင်း၊ ဒုက္ခဖြစ်စေခြင်းများ၊ တရားမဝင်သည့် အကြီးစားပြစ်မှုများ၊ သဘာဝလွန်အင်အားစုများ၊ ပညာရှင်များ ပါဝင်ပတ်သတ်နေသည့် ပြစ်မှုများဟူ၍ ခွဲခြားခဲ့ကြသည်။
ထိုပြစ်မှုများအား ဆိုင်ရာရုံးဌာနများထံသို့ တာဝန်လွှဲပြောင်း၍ နေရာဒေသအလိုက် စုံစမ်းစစ်ဆေးစေခဲ့ကြသည်။
ညတွင်းချင်းမှာပင် ရှားနိုင်ငံတော်ကြီးတစ်ခုလုံးတွင် လျှို့ဝှက်အသင့်ပြင်ဆင်ချက်များ ပေါ်ထွက်လာခဲ့သည်။
ရဲအရာရှိများ၊ တာဝန်ခံများသည်က ထူးခြားပညာရှင်များဖြင့် ပူးပေါင်း၍ လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပြီး နေရာအနှံ့တွင် ပေါင်းပင်များကဲ့သို့ ပေါများနေသော မကောင်းမှုကျင့်ကြံသူများကို နှိမ်နင်းခဲ့ကြသည်။
ထိုအကြောင်းရင်းကြောင့်ပင် အစိုးရအရာရှိများက ထိပ်တန်းတောက်ဓမ္မဂိုဏ်းသုံးခုဖြစ်သော ချန်ချင်း၊ ယိယွမ်ကွမ်၊ ယင်ရှီးရှီဂိုဏ်းများ၏ ခေါင်းဆောင်များအား ဌာနချုပ်တွင် ဖိတ်ခေါ်၍ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြသည်။
သဘာဝလွန်လောကနှင့် ပြင်ပကမ္ဘာကြီးတို့ကြားမှ ငြိမ်းချမ်းတည်ငြိမ်မှုသည် စည်းကမ်းမဲ့သော ကျင့်ကြံသူများကြောင့် လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်မှစ၍ ပျက်ပြားနေခဲ့သည်။
သာမန်လူများ၏ ဘဝကို ကာကွယ်နိုင်ရန်အတွက် မကောင်းမှုကျင့်ကြံသူများအား အပြတ်ချေမှုန်းနိုင်ရလိမ့်မည်။
ယခုအစည်းအဝေးတွင် ‘အနက်ရောင်မြူခိုး’အကြောင်းကိုလည်း တင်ပြဆွေးနွေးခဲ့ကြသည်။
အရာရှိများ၏ တင်းမာနေသော မျက်နှာကို မြင်ရပြီးနောက် တောက်ကျန့်သုံးဦးလုံးသည်လည်း မကောင်းမှုများအား နှိမ်နင်းရာတွင် ဦးဆောင်၍ ရှေ့ဆောင်လမ်းပြအနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ကြသည်။
မကောင်းဆိုးဝါးများကို နှိမ်နင်း၍ အလင်းဆောင်ရန်ဆိုသည်မှာ တောက်ဓမ္မဂိုဏ်းများ၏ ဆောင်ပုဒ်ပင် မဟုတ်ပါလော။
ထိုကဲ့သို့ အရာမျိုးတွင် တွန့်ဆုတ်နေမည်ဆိုပါက နောင်လာနောက်သားများသည် သူတို့ကို အထင်သေးကြလိမ့်မည်။
ထိပ်တန်းဂိုဏ်းကြီးသုံးဦးထံမှ ကတိစကားကို ကြားရပြီးနောက် ဌာနချုပ်မှလူများ၏ ယုံကြည်မှုများ မြင့်တက်နေခဲ့ပြီး အရှိန်အဟုန်သည်လည်း တဟုန်ထိုး ပြေးနေခဲ့ကြသည်။
ထိုနေ့တွင် နှစ်ပေါင်းများစွာ ရန်စောင်၊ မသင့်မမြတ်ဖြစ်ခဲ့ကြသော အစိုးရအရာရှိများနှင့် သီးခြားအဖွဲ့အစည်းများ စည်းလုံးသွားခဲ့သည်။
ဝိဉာဉ်ဆိုင်ရာအဖွဲ့မှ အရာရှိပိုင်က အစည်းအဝေးတွင် ပြောဆိုလိုက်သည်။
“အစကတော့ တောက်ကျန့်ကျန်းဟဲကို အစည်းအဝေးတက်မယ်လို့ ထင်တာ၊ တောက်ကျန့်ယွမ်ရောက်လာလိမ့်မယ်လို့ ထင်မထားတာအမှန်ပါပဲ
မကြာသေးခင်ကမှ Xမြို့မှာ ဖြစ်သွားတဲ့ မိုးကြိုးကပ်ဆိုးအကြောင်းကို အားလုံးသိပြီးဖြစ်ကြမှာပါ၊ အဲဒါက ဝိဉာဉ်ဆိုင်ရာအဖွဲ့ထဲက တစ်ဦးတည်းသော ‘ကောင်းကင်ဘုံ’အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ သူဖြစ်တဲ့ မစ်စ်ကုကြောင့် ဖြစ်လာတဲ့ ကပ်ကျော်ခြင်းပဲ”
အဖွဲ့များ သဘောတူညီမှုအစည်းအဝေးက အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်သောကြောင့် ဒုတိယအဆင့်မှာ ‘အဆင့်’သတ်မှတ်ရန်ပင်။
နှစ်ပေါင်း ၃၀ကျော်ခန့် နောက်ကောက်ကျနေခဲ့သော လင်းကျူးက အစည်းအဝေးစားပွဲတွင် ပထမဆုံးအကြိမ် ခေါင်းထောင်နိုင်လာပြီဖြစ်သည်။
အရာရှိအိုကြီးက ကုကျစ်စုန့်ကို ထုတ်ပြလာခဲ့ပြီးနောက် သူမ၏ အဆင့်၊ လေ့ကျင့်မှုများ၊ အောင်မြင်မှုများကိုသာမက မကြာသေးမီက ဖြစ်ပေါ်သွားခဲ့သော မိုးကြိုကပ်ဆိုးကိုပါ ထုတ်ဖော်ကြွားဝါနေခဲ့သည်။
တချို့အရာများသည် ချဲ့ကားပြောဆိုထားခြင်းသာဖြစ်သော်ငြား ရလဒ်သည် သိသာလွန်းလှ၏။
ကုကျစ်စုန့်က ‘ကောင်းကင်’အဆင့်ကို ရောက်သွားပြီဟု ကြားလိုက်ရပြီးနောက် အစည်းအဝေးခန်းတွင် ထိုင်နေသည့် တောက်ကျန့်များအားလုံး ပါးစပ်အဟောင်းသားဖြစ်နေခဲ့ကြသည်။
မယုံကြည်နိုင်ခြင်း ၊ တစ်ချိန်တည်းမှာပင် မနာလိုဝန်တိုစိတ်များလည်း ပေါ်လာခဲ့ပြီး ကြောက်လန့်တုန်လှုပ်စိတ်သည်လည်း ခေါင်းထောင်လာခဲ့သည်။
ကုကျစ်စုန့်ကိုပင် သေသေချာချာ စိုက်မကြည့်ရဲကြတော့ပေ။
စိတ်ထဲကတော့ တိတ်တဆိတ်တွေးနေမိကြသည်။
‘ဒီဝိဉာဉ်ဆိုင်ရာအဖွဲ့က အတွက်အချက်တော်သားပဲ၊ ကျောက်စိမ်းရိုင်းတုံးကို ကောက်ယူပြီးတော့မှ ကိုယ့်ဟာလုပ်ပစ်လိုက်တယ်
ငါမှတ်မိသလောက်ဆိုရင် ကုကျစ်စုန့်က သူတို့အဖွဲ့ဝင်မဟုတ်ပါဘူး. ဒီအတိုင်း ပြင်ပအကူအညီမဟုတ်ဘူးလား!?’
သို့သော် ကုကျစ်စုန့်၏နှုတ်ဖျားမှ ငြင်းဆိုသည့်စကားထွက်မလာခဲ့ပေ။ သူမကိုယ်တိုင်သည်လည်း ဝိဉာဉ်ဆိုင်ရာအဖွဲ့နှင့် တစ်နည်းမဟုတ်တစ်နည်းဖြင့် ဆက်သွယ်နေသည်ကို လက်ခံထားဟန်ပေါ်သည်။
တောက်ကျန့်ချန်ကျင်းနှင့် ရှီကွေးတို့က တစ်ယောက်မျက်နှာပို တစ်ယောက်ကြည့်လိုက်မိသည်။
သူတို့ရှေ့တွင် ထိုင်နေသော မိန်းကလေးနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်သူမှာ သဘာဝလွန်လောကတစ်ခုလုံးတွင် ချန်ချင်းဂိုဏ်း၏ ဂိုဏ်းချုပ်အိုကြီး ကျန်းဟဲသာ ရှိကြောင်း သဘောပေါက်လိုက်ကြသည်။
အစည်းအဝေးခန်းတွင်းမှ လူများက တိတ်ဆိတ်နေခဲ့ကြပြီး ဝိဉာဉ်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များသည်လည်း အင်မတန်ဂုဏ်မြောက်နေသောကြောင့် အသက်ပင် ပြင်းပြင်းမရှူနိုင်ကြပေ။
ယနေ့၏ ယုံကြည်မှု မား၊ အဆင့်ပြောင်းလဲမှုများအားလုံးသည်က နည်းပြကုကြောင့်သာလျှင်ဖြစ်ပေ၏။
အချိန်အနည်းငယ်ကြာသည်ထိ အဖွဲ့ဝင်ငယ်လေးများက ကုကျစ်စုန့်အား လေးစားမှု၊ အားကိုးမှုများနှင့် အရောင်လက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
တာဝန်ကျအရာရှိက တည်ငြိမ်စွာ စကားဆက်လိုက်သည်။
“တောက်ကျန့်ကျန်းဟဲက မလာနိုင်ဘူးဆိုတော့ အခုဒီမစ်ရှင်မှာ ဒါရိုက်တာကုကပဲ ဦးဆောင်သူဖြစ်သင့်တယ်လို့ အကြံပြုချင်ပါတယ်၊ တောက်ကျန့်ယွမ်ရော ဘယ်လိုထင်လဲ”
တောက်ကျန့်အိုကြီး၏ မျက်နှာက ရှုံ့မဲ့နေသော်ငြား မေးလာသည့် မေးခွန်းကို မဖြေချင်၊ ဖြေချင်နှင့် ပြန်ဖြေလာခဲ့သည်။
“ငါတို့ရဲ့ ဆရာက အခုအရေးကြီးတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် ဒီလိုအသေးအမွှားပြဿနာလေးတွေကို အပြင်ထွက်ပြီး စီမံခန့်ခွဲနိုင်ဖို့ အချိန်လည်း မရှိဘူး
ပြီးတော့ အစိုးရအဖွဲ့အစည်းကနေမှ မကောင်းမှုကျင့်ကြံသူတွေနဲ့ စစ်ဖြစ်ချင်တာဆိုရင် ငါတို့ကလည်း သေချာပေါက် ဂိုဏ်းတစ်ခုအနေနဲ့ လုပ်ဆောင်သင့်တာကို ကူညီလုပ်ဆောင်ပေးမှာပဲ”
စကားလုံးများ၏ အဓိပ္ပာယ်က ထင်ရှားလွန်းလှသည်။ တောက်ကျန့်ကျန်းဟဲသည်က ကုကျစ်စု့န်ကို ကြောက်၍ မလာခြင်းမဟုတ်ပေ။ ယခုကဲ့သို့ ပြဿနာများသည်က သူ့အတွက် ‘အရေးမပါသော အသေးအမွှား’များသာ ဖြစ်၍ အချိန်မပေးနိုင်ခြင်းပင်။
သူ၏ စကားလုံးများကြောင့် တခြားသော တောက်ကျန့်များ အနည်းငယ် တွေးဆမိသွားကြသည်။
အရေးကြီးတဲ့အခြေအနေ?
တောက်ကျန့်ကျန်းဟဲက နောက်ဆုံးအချုပ်အနှောင်များကို ထိတွေ့မိနေပြီလား!?
တောက်ကျန့်ယွမ်က ဂိုဏ်းချုပ်အိုကြီးထံတွင် တပည့်ခံခဲ့သည်မှာ နှစ် (၁၀၀)ကျော်ပြီဖြစ်ပြီး သူ့အကြောင်းအား ခရေစေ့အတွင်းကျ၊ ကောင်းကောင်း အသိဆုံးလူဆိုပါက မမှားနိုင်ပေ။
ထို့ကြောင့် သူသည်က ဆရာဖြစ်သူ၏ မူမမှန်မှုအား ကောင်းကောင်းသတိထားမိနေသည်။
ထိုအကြောင်းကို တွေးလိုက်မိတိုင်း လူအိုကြီး စားမဝင်၊အိပ်မပျော်ပင် ဖြစ်လာတတ်သည်။
ဆရာဖြစ်သူ၏ လေ့ကျင့်မှုတွင် တစ်စုံတစ်ရာမှားယွင်းနေပြီဟု သူ သံသယဝင်နေမိသည်။
သို့သော် ထုတ်မပြောရဲပါချေ။
အစည်းအဝေးပြီးဆုံးချိန်တွင် ရှီကွေးက တခြားတောက်ကျန့်များနှင့် အတူပြန်သွားခြင်းမရှိပေ။ ရုံးချုပ်အပြင်ဘက်တွင် ကုကျစ်စုန့်ထွက်လာသည်ထိ စောင့်ဆိုင်းနေခဲ့သည်။
သူ့၏သမီးအရွယ်ခန့်သာ ရှိသော မိန်းကလးကို ကြည့်လိုက်ရင်း သူ့၏စိတ်တွင် အနည်းငယ်ရှုပ်ထွေးနေမိသည်။
“စီနီယာကု”
ကုကျစ်စုန့်: “…. အဲဒီလိုခေါ်ဖို့ မလိုပါဘူး၊ ရှီဟိုင်ဟုန်က ကျွန်မနဲ့ ရင်းနှီးတယ်ဆိုတော့ ကျွန်မကတောင် ဦးလေးရှီလို့ ခေါ်သင့်ပါသေးတယ်”
နှစ်ဦးလုံး အိုးတိုးအမ်းတန်း ဖြစ်နေခဲ့ကြပြီးနောက် နောက်ဆုံးတွင်တော့ အချင်းချင်းတောက်ကျန့်ဟု ခေါ်ရန်သာ သဘောတူလိုက်ကြသည်။
“ကုတောက်ကျန့်၊ ကျွန်တော် အခုမစ်ရှင်နဲ့ ပတ်သတ်ပြီး တစ်ခုလောက် မေးချင်လို့ပါ”
ရှီကွေး၏ မျက်နှာက တည်ငြိမ်နေခဲ့သည်။
“တောက်ကျန့်ကုကို တစ်ခုလောက်ပဲ မေးချင်လို့ပါ၊ ‘အနက်ရောင်မြူခိုး’က ဘာလို့ ထင်လဲ?”
ကုကျစ်စုန့် မျက်ခုံးပင့်လိုက်မိပြီးနောက် ဖြည်းညင်းစွာ ပြန်ဖြေလိုက်သည်။
“တောက်ကျန့်ရှီကလည်း ဂူပိတ်ကျင့်ကြံမှုမှာ နှစ်ရာကျော်လေ့ကျင့်ခဲ့တဲ့ သူဖြစ်ပြီး အတွေ့အကြုံလည်း ကျွန်မထက် ပိုများမှာ သေချာပါတယ်
ဒီတော့ အဲဒါကို မမြင်ဘူးလို့ ပြောရင် ကျွန်မအနေနဲ့ ယုံနိုင်စရာမရှိပါဘူး
ဒါက များပြားလွန်းတဲ့ ‘လိုချင်တပ်မက်စိတ်’တွေကနေမှ ဖြစ်ပေါ်လာတဲ့ နတ်ဆိုးပဲ”
“နောက်တမျိုးခေါ်ရရင် ‘မကောင်းတဲ့ အတွေးအကြံ’တွေပဲ”
“တပ်မက်စိတ်ကနေ မွေးဖွားလာတယ်၊ တပ်မက်စိတ်ကြောင့်ပဲ ဆိုးဝါးလာခဲ့ပြီး နောက်ဆုံးတော့ လိုချင်တပ်မက်စိတ်၊ လောဘတွေကနေပဲ အင်အားတွေ ရလာတာပဲ”
ရှီကွေး၏ မျက်နှာက သုန်မှုန်နေခဲ့ပြီးနောက် သက်ပြင်းချလိုက်သည်။
“ကျွန်တော်လည်း အဲလို တွေးခဲ့ဖူးတယ် ဒါပေမယ့် သက်သေမပြနိုင်ခဲ့ဘူးလေ”
လိုချင်တပ်မက်စိတ်သည်က ပုံမှန်ဖြစ်ပြီး မြင်နိုင်၊ တွေ့နိုင်သည့် အရာတစ်ခုလည်းဖြစ်သည်။
သက်ရှိလူသားတိုင်းတွင် လိုချင်တပ်မက်စိတ်များ ရှိကြသူချည်းပင်။
ကောင်းခြင်း၊ ဆိုးခြင်း။
သာမန်အဆင့်၊ များပြားသော အဆင့်၊ လွန်ကြူးသော အဆင့်။
ဝမ်းမီးငြိမ်းလိုရုံဆန္ဒ၊ ငွေကြေးချမ်းသာလိုစိတ်၊ အောင်မြင်လိုစိတ်၊ ကျော်ကြားလိုစိတ်များ။
သို့သော် လူသားများသည်က ဤလောကသုံးဘုံ၌ အရှုပ်ထွေးဆုံး ဝိဉာဉ်သက်ရှိများဖြစ်ကြသည်။
သူတို့၏ လိုချင်တပ်မက်စိတ်များသည်လည်း အဆုံးအဆမဲ့ပင်။
စဉ်းစားဆင်ခြင်နိုင်စွမ်းပျောက်ကွယ်၍ လိုချင်တပ်မက်စိတ်များအောက်တွင် မြုပ်သွားပါက ကိုယ့်စိတ်ဆန္ဒအတွက် မည်သို့ယုတ်ညံ့သည့်အရာကိုဖြစ်စေ လုပ်နိုင်သည့် လူတစ်စု ဖြစ်ပေါ်လာလိမ့်မည်။
ထိုကဲ့သို့လူများ၏ ဖျက်ဆီးမှုအောက်တွင် လူထုအဖွဲ့အစည်းများစွာက ကျရှုံးသွားရလိမ့်မည်။