← Chapters

လိမ်လည်မှုတိုက်ဖျက်ရေး app နှင့် နှစ်သိမ့်ပေးသည့်ဂါထာ (2)

Vol. 50 Ch. 493

လိမ်လည်မှုတိုက်ဖျက်ရေး app နှင့် နှစ်သိမ့်ပေးသည့်ဂါထာ (2)

Vol. 50 Ch. 493

ယခုအချိန်တွင် ‘မျောလွင့်နေသော ပင်လယ်၏ ဒဏ္ဍာရီ’ အား စတင်ထုတ်လွှင့်နေပြီဖြစ်ကာ ကုကျစ်စုန့်၏ ကာရိုက်တာပင် ဇာတ်လမ်းတွင် ပေါ်လာခဲ့ပြီ။

ယခင်က သူမ၏ သရုပ်ဆောင်ညံ့ဖျင်းမှုအား ကဲ့ရဲ့ရှုံ့ချခဲ့သူများသည် ယခုဒရာမာကို ကြည့်ပြီးနောက် ပါးစပ်များ ပိတ်သွားခဲ့ကြသည်။

အမှန်တွင်တော့ ကုကျစ်စုန့်သည်က သရုပ်ဆောင်နေခြင်းမဟုတ်။ သူမ၏ ကာရိုက်တာမှာ စွမ်းအားကြီးသော အင်ပါယာတစ်ဦးဖြစ်သည်။

ရိုက်ကွင်းတွင်လည်း သူမကိုယ်တိုင် နေ,နေကျပုံစံအတိုင်းသာ သရုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပေ၏။

အနည်းငယ် တည်းဖြတ်ပြီးချိန်တွင်တော့ ဇာတ်လမ်းထဲ၌ သူမ ပေါ်လာသည့်အချိန်တိုင်းသည် မာန်ဟုန်အပြင်းဆုံးအပိုင်းများသာ ဖြစ်လာခဲ့သည်။

တခြားသော ဆိုရှယ်မီဒီယာများတွင် သူမသည်က ဇာတ်လိုက်မင်းသား၊ မင်းသမီးနောက်တွင် နာမည်အကြီးဆုံးကာရိုက်တာ ဖြစ်လာခဲ့သည်။

ထိုသို့ ထူးဆန်း၍ မှော်ဆန်လှသော ဂါထာရွတ်ဆိုသံအား နားထောင်ပြီးချိန်တွင်လည်း လူထု၏ တုံ့ပြန်မှုသည် အားကောင်းလွန်းလှသည်။

ကုကျစ်စုန့်က အဆိုတော်မဟုတ်ပေ။

သို့သော် ရှေးဘာသာဖြင့် ရွတ်ဖတ်နေခြင်းသည် ဂီတမှတ်တမ်းများ၊ music charts များတွင် တစ်ပတ်တိတိ ထိပ်ဆုံးနေရာအား ယူထားနိုင်ခဲ့သည်။

ဗီဒီယို တည်းဖြတ်သည့် နေရာများတွင်လည်း ထိုသီချင်းသံသည်က နာမည်ကြီးဗီဒီယိုများတွင် နေရာယူလာခဲ့သည်။

မှတ်ချက်များသည်က ပို၍ပင် အားကောင်းလှသည်။

ညစဉ် အိပ်ရေးပျက်သော၊ အိပ်၍ မရသော ရောဂါရှိသူများသည်လည်း ထိုသီချင်းအား နားထောင်ပြီးချိန်တွင် သိသိသာသာ အိပ်ကောင်းလာကြောင်း...

ယခင်က စိတ်အခြေအနေ ရှုပ်ထွေးနေသူတစ်ဦးသည်လည်း သီချင်းကို နားထောင်ပြီးချိန်တွင် စိတ်တည်ငြိမ်လာကြောင်း....

သူတို့၏ စကားများက အမှန်သာဖြစ်ပေသည်။

ထိုသန့်စင်ခြင်းဂါထာမှာ ဝိဉာဉ်ကို အားကောင်းစေသည်၊ ဝိဉာဉ်တွင်းမှ အညစ်အကြေးမျာကို သန့်စင်ပေး၍ တည်ငြိမ်စေသည့် စွမ်းအင်ရှိသည်။

ထို့အပြင် ရွတ်ဖတ်သူသည်လည်း စွမ်းအားကြီး၍ ကုသိုလ်စွမ်းအင်များစွာ ရရှိထားသော ကုကျစ်စုန့်ဖြစ်နေခဲ့သည်။ ထို့ကြောင့် ရှေးဂါထာ၏ စွမ်းအင်သက်ရောက်မှုမှာ အထွတ်အထိပ်ဖြစ်နေခဲ့သည်။

ပရိသတ်အမြောက်အမြားရှိသော သဘာဝလွန်ဘလော့ဂါအချို့နှင့် စည်းမျည်းအတိုင်း တိကျစွာကျင့်ကြံကြသော တောက်ကျန့်များကပင် ဤရွတ်ဖတ်သံသည်က အလွန်ထိရောက်သော ဝိညာဉ်သန့်စင်ခြင်း၊ သို့မဟုတ် ဘေးရန်ကင်းဝေးစေသော သီချင်းတစ်ပုဒ်ဖြစ်ကြောင်း လူအများရှေ့တွင် ထုတ်ဖော်ပြောလာခဲ့ကြသည်။

ဆိုရလျှင် ‘လိမ်လည်မှုတိုက်ဖျက်ရေး App’ ကို အလွန်အမင်း ကျော်ကြားသွားစေရသည့် အကြောင်းရင်းမှာ အစိုးရမှ ဗီဒီယိုများတွင် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးမိ၍ သံတိုင်များနောက်တွင် မျက်ရည်ကျနေသည့်ပုံများကိုပြသနေချိန်တိုင်း ဤရှေးဟောင်းမန္တာန်သံက နောက်ခံတေးအဖြစ်ပေါ်ထွက်လာလေ့ရှိသောကြောင့် ဖြစ်ပေသည်။

အင်တာနက်အသုံးပြုသူများက ထိုပြစ်မှုကျူးလွန်သူများ၏ ဝိညာဉ်များထံမှ ကယ်တင်ခြင်းခံရတော့မည်ဟု ပြောဆိုလာကြလေသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် လွန်ခဲ့သော ရက်အနည်းငယ်က ထုတ်ဖော်ခဲ့သည့် ရာဇဝတ်ဂိုဏ်းများ၏ ပြစ်မှုများကြောင့် ထိတ်လန့်နေခဲ့ကြသော ပြည်သူများသည်လည်း တဖြည်းဖြည်းနှင့် စိုးရိမ်ထိတ်လန့်မှုများ ပြေလျော့လာခဲ့ကြ၏။

ဗီဒီယိုကို ကြည့်ရှုပြီး ‘လိမ်လည်မှုတိုက်ဖျက်ရေး App’ ကို ဒေါင်းလုတ်ဆွဲထားသော ပြည်သူတိုင်း၏ ရင်ထဲတွင် ကောင်းမွန်သော အသိတရားမျိုးစေ့လေးများ ကိန်းအောင်းသွားခဲ့ပြီဖြစ်၍ နောက်ပိုင်းတွင် လိမ်လည်လှည့်ဖြားခြင်းနှင့် ကြိုးကိုင်ခြင်းများကို အလွယ်တကူ ခံရတော့မည်မဟုတ်ပါချေ။

*

ညသန်းခေါင်ယံအချိန်...

ခုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော အမျိုးသမီးငယ်တစ်ဦးမှာ အိပ်မက်ဆိုးတစ်ခုထဲသို့ ကျရောက်နေခဲ့သည်။ သူမက သူမ၏ ဘဝအကြောင်းကို အိပ်မက်မက်နေခြင်း ဖြစ်၏။

သူမ၏ မိသားစုက ပြိုကွဲပျက်စီးခဲ့ရပြီး ပျော်ရွှင်စရာမကောင်းသော ဘဝအတွေ့အကြုံများ ရှိခဲ့သော်လည်း သူမ၏ ‘ခိုအီငါး’ကဲ့သို့ ကံကောင်းမှုများကြောင့် များစွာ ဒုက္ခမရောက်ခဲ့ရပေ။

တက္ကသိုလ်တက်သည့်အရွယ်တွင်ပင် ခိုးရိုက်ထားသော ဓာတ်ပုံတစ်ပုံကြောင့် ကျောင်းအလှမယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် မော်ဒယ်လောကသို့ စတင်ဝင်ရောက်ခဲ့ကာ နောက်ဆုံးတွင် အရည်အချင်းစစ်ပြိုင်ပွဲတစ်ခုမှတစ်ဆင့် အနုပညာလောကသို့ စတင်ခြေချနိုင်ခဲ့သည်။

အနုပညာလောကတွင်လည်း သူမ၏ ကံတရားမှာ အလွန်ပင် ကောင်းမွန်နေဆဲဖြစ်၏။ သူမ သရုပ်ဆောင်လိုသော ဇာတ်ကောင်တိုင်းကို သရုပ်ဆောင်ခွင့်ရသည့်အပြင် လိုချင်သော အခွင့်အလမ်းအားလုံးကိုလည်း ရရှိခဲ့သည်။

သူတစ်ပါးနှင့် ယှဉ်ပြိုင်လုယက်ခြင်းမရှိသော သူမ၏ နူးညံ့သိမ်မွေ့သည့် ပင်ကိုယ်စရိုက်ကြောင့် “နံပါတ် (၁) နူးညံ့သိမ်မွေ့သော အမျိုးသမီးကြယ်ပွင့်” လူသိများလာခဲ့သည်။

သူမကို ဆန့်ကျင်သူမှန်သမျှက ကံဆိုးသွားကြရပြီး သူမကို မနှစ်သက်သူများမှာလည်း ဖော်ထုတ်ခံရခြင်း သို့မဟုတ် အရှုပ်တော်ပုံများဖြင့် တိုက်ခိုက်ခံရခြင်းများ ကြုံတွေ့ရလေ့ရှိသည်။

ဥပမာအားဖြင့် သူတို့၏အဖွဲ့ထဲ၌ အစပိုင်းတွင် အလှပဆုံးနှင့် နာမည်အကြီးဆုံးဖြစ်ခဲ့သော ‘ကုကျစ်စုန့်’ ဆိုသည့် မိန်းကလေးပင်ဖြစ်လေ၏။

ကုကျစ်စုန့်သည်က အရာအားလုံးကို ယှဉ်ပြိုင်လိုစိတ်ရှိပြီး ယှဥ်ပြိုင်လုယူတတ်သူဖြစ်ခဲ့သည်။

လေ့ကျင့်ရေးခန်းမမှ နောက်ဆုံးမှ ပြန်သူနှင့် အစောဆုံး ထသူမှာလည်း ကုကျစ်စုန့်သာဖြစ်ပြီး အမြဲတစေ ‘C position’ အတွက် တိုက်ပွဲဝင်နေသူ ဖြစ်ပေသည်။

သူမ,ယွီဖုန်းချင်းသည်ကား ကုကျစ်စုန့်ကဲ့သို့ ကြိုးစားအားထုတ်လွန်းသူများကို အမုန်းဆုံးဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပင် ပြောဆိုခဲ့ဖူးသည်။

သူမက ထိုမိန်းကလေးကို စိတ်ပျက်စရာကောင်းပြီး အကျိုးအမြတ်ကိုသာ အလွန်အမင်း ကြည့်တတ်သူဟု ခံစားခဲ့ရသည်။

ထင်မှတ်ထားသည့်အတိုင်းပင် တစ်ဖက်လူမှာ တဖြည်းဖြည်း ဆိုးရွားလာခဲ့ပြီး ငွေကြေးအတွက် ကုမ္ပဏီ၏ ကြိုးကိုင်မှုကို ခံခဲ့ရကာ နာမည်ပျက်ပြီး ဘဝပျက်သွားခဲ့ရသည်။

ထို့နောက် တစ်နေ့တွင် သူမက တောင်ပေါ်သို့တက်ရင်းနှင့် ချောမောသော လူငယ်တစ်ဦးကို မတော်တဆ ကယ်တင်ခဲ့မိသည်။

ထိုသူမှာ ငယ်ရွယ်ချမ်းသာပြီး ‘ယန်ရှီလုပ်ငန်းစု’ ၏ ဒုတိယသခင်လေးပင်ဖြစ်လေသည်။ သူ့ထံတွင် အလွန်ဖျားနာနေပြီး သေခါနီးဖြစ်နေသော အစ်ကိုတစ်ဦးသာ ရှိသည်ဟု ဆိုကြသည်။

ထိုလူငယ်မှာ သူမကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပြီး သူတို့နှစ်ဦး အလျင်အမြန်ပင် ချစ်သူများ ဖြစ်ခဲ့ကြသည်။

သို့သော် ရွံရှာဖွယ်ကောင်းသော ကုကျစ်စုန့်က သူမ၏ ချစ်သူနှင့် ပထမဆုံးတွေ့သည့်အချိန်တွင်ပင် “ကျွန် မတို့ အရင်က တွေ့ဖူးလား?” ဟူ၍ သူမ၏ချစ်သူကို လာရောက် မေးမြန်းခဲ့လေသည်။

ထိုကဲ့သို့ ခေတ်မမီသော စကားပြောနည်းမျိုးက သူမကို မကျေမနပ်ဖြစ်စေခဲ့ပြီး သူမ၏ ချစ်သူကလည်း ဤကဲ့သို့ ငွေမက်သော မိန်းမမျိုးနှင့် မည်သည့်အခါမျှ ပတ်သက်မည်မဟုတ်ကြောင်း အကြိမ်ကြိမ် ကတိပေးခဲ့သည်။

နောက်ပိုင်းတွင် သူမ၏ အလုပ်အကိုင်မှာ ပိုမိုအောင်မြင်လာခဲ့ပြီး ယန်ရှီလုပ်ငန်းစုကို ဆက်ခံမည့် ချစ်သူကိုလည်း ပိုင်ဆိုင်ခဲ့ရသည်။

သူမကို အင်တာနက်အသုံးပြုသူများက “ဘဝ၏ အောင်နိုင်သူ” နှင့် “နတ်ဘုရားမ” ဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြ၏။

ကုကျစ်စုန့်မှာတော့ ဂုဏ်သိက္ခာများ ပျက်စီးသွားခဲ့ပြီး လွန်ခဲ့သော နှစ်အနည်းငယ်ကပင် တိုက်ပေါ်မှ ခုန်ချကာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

အိပ်မက်ထဲမှ ဘဝက အလွန်ပင် လှပပြီး အရာရာ ချောမွေ့နေခဲ့သောကြောင့် ခုတင်ပေါ်တွင် အိပ်ပျော်နေသော အမျိုးသမီး၏ မျက်နှာမှာ ကြည်လင်နေပြီး အသက်ရှူသံမှာလည်း အေးချမ်းနေခဲ့သည်။

သို့သော်လည်း ရုတ်တရက် သူမ မျက်မှောင်ကြုတ်လိုက်မိ၏။

အိပ်မက်ထဲမှ မြင်ကွင်းများမှာ လျင်မြန်စွာ ပြောင်းလဲသွားချေပြီ။

သူမ၏ အောင်မြင်မှုများနှင့် သူမ၏ အချစ်များမှာ လေထဲတွင် အရည်ပျော် ပျောက်ကွယ်သွားခဲ့သည်။ မည်သည့်အရာမှ ဖြစ်မလာသင့်သော နာမည်ပျက်နေရမည့် ကုကျစ်စုန့်က အဝေးတစ်နေရာတွင် ရပ်ကာ သူမကို လှောင်ပြောင်၍ ကြည့်နေခဲ့သည်။

သူမ သေသေချာချာ ကြည့်လုက်လျှင် သူမဘေးတွင် ရှိနေသူက :

အဲဒါက သူမရဲ့ ချစ်သူ မဟုတ်ဘူးလား? !

သူမ အော်ဟစ်လိုက်သော်လည်း သူမ၏ ချစ်သူက သူမဘက်သို့ လှည့်ပင်မကြည့်ခဲ့ပါချေ။ ဤသည်က သူမကို အေးစက်သော ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားသကဲ့သို့ ခံစားရစေခဲ့သည်။

သူမအနေဖြင့် ကုကျစ်စုန့်က လှောင်ပြုံးပြုံးကာ ဖြည်းညင်းစွာ ထွက်ခွာသွားသည်ကိုသာ ကြည့်နေနိုင်ခဲ့တော့၏။

“ဟင်း ...!”

ထိုအမျိုးသမီးမှာ ပြင်းထန်စွာ အသက်ရှူရင်း အိပ်မက်မှ ရုတ်တရက် နိုးလာခဲ့သည်။

သူမ၏ ချွေးများစိုချွဲနေသော လက်ချောင်းများဖြင့် ခုတင်ခေါင်းရင်းသို့ စမ်းတဝါးဝါး ရှာဖွေကာ မီးအိမ်ကို ဖွင့်လိုက်၏။

ယွီဖုန်းချင်း တစ်ကိုယ်လုံး တုန်ရီနေခဲ့လေသည်။

ယခင်က သူမအနေဖြင့် ကံတရားဆိုသည်ကို မယုံကြည်ခဲ့သော်လည်း ယခုအချိန်တွင်မူ အရာရာတိုင်းက သူမ ဖြစ်ချင်သကဲ့သို့ ဖြစ်မလာတော့ဘဲ တွေ့ဆုံရသမျှ လူတိုင်းနှင့်လည်း အဆင်မပြေဖြစ်နေရချေပြီ။

ယခင်က ‘ခိုအီငါး’ ကဲ့သို့ ကံကောင်းမှုမျိုးနှင့် ကွာခြားလွန်းနေသောကြောင့် သူမ ယုံကြည်ရပေတော့မည်။

ဤအိပ်မက်များကို မကြာခဏ မက်လာခြင်းကြောင့် သူမအနေဖြင့် လက်တွေ့နှင့် အိပ်မက်ကိုပင် ခွဲခြားမရနိုင်တော့ဘဲ ကြောက်ရွံ့လာမိသည်။

သူမ ပိုင်ဆိုင်ခဲ့သော အရာအားလုံးက အမှန်တကယ်ပင် လုယူခံနေရသကဲ့သို့ ခံစားနေရ၏။

သူမ ဖုန်းကိုကောက်ကိုင်ကာ သူမ၏ချစ်သူ ယန်ရှုကွေ့၏ Chat box ထဲသို့ စာတစ်စောင် ပို့လိုက်လေသည်။

အချိန်က အလွန်နောက်ကျနေပြီဖြစ်၍ တစ်ဖက်လူမှာ အိပ်ပျော်နေပုံရပြီး မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။ ယွီဖုန်းချင်းတစ်ယောက် ယခင် စကားပြောထားသည်များကို ပြန်ကြည့်မိလျှင် လွန်ခဲ့သော ရက်အနည်းငယ်က ယန်ရှုကွေ့က သူ့အစ်ကိုကြီးမှာ ကုကျစ်စုန့်၏ ပြုစားခြင်းကို ခံနေရပြီး ကုကျစ်စုန့်ကို အလွန်အမင်း ယုံကြည်နေကြောင်း သူမထံတွင် ညည်းညူထားသည်ကို တွေ့လိုက်ရသည်။

သူက ညည်းညူနေခြင်းဖြစ်သော်လည်း ‘ကုကျစ်စုန့်’ ဆိုသည့် နာမည်သုံးလုံးကို မြင်လိုက်ရချိန်တွင် ယွီဖုန်းချင်းတ်ယောက် အိပ်မက်ထဲမှ ကုကျစ်စုန့်၏ ဂုဏ်ယူဝင့်ကြွားပြီး လှောင်ပြောင်နေသော အပြုံးကို သတိရမိသွားရသည်။

သူမ၏ ရင်ထဲတွင် တွန်းလှန်လိုစိတ်များ ဖြစ်ပေါ်လာခဲ့လေသည်။

အထူးသဖြင့် ယန်ရှုကွေ့က ထိုနာမည်ကို ပြောလိုက်ချိန်တွင် ဖြစ်လေ၏။

ယွီဖုန်းချင်း ဆက်မကြည့်လိုတော့သည့်အတွက် စကားပြောခန်းထဲမှ ပြန်ထွက်လိုက်သည်။

သူမအနေဖြင့် ဆက်လက်၍လည်း အိပ်မပျော်တော့ပါချေ။ သူမ Trend ဖြစ်နေသည့် ပို့စ်များကို ကြည့်သည်ဖြစ်စေ၊ ဗီဒီယိုများကို ကြည့်သည်ဖြစ်စေ ကုကျစ်စုန့်နှင့် ပတ်သက်သည့်အရာများကိုသာ အမြဲတွေ့နေရမည်ကို သိနေခဲ့သည်။

သူမ၏ ဇာတ်လမ်းအကြောင်းများ၊ သူမ၏ သီချင်းများ၊ သူမ၏ ဗီဒီယိုအတိုများက... နေရာအနှံ့တွင် ဖုံးလွှမ်းနေခဲ့ချေပြီ။

သူမ၏နှလုံးသားထဲမှ ခါးသီးမှုနှင့် ဖော်ပြမတတ်သော ခံစားချက်များက သူမကို ပို၍ စိတ်မသက်မသာ ဖြစ်စေသည်။

ထိုအချိန်တွင် သူမ၏ စိတ်ထဲမှ အသံက ပေါ်ထွက်လာခဲ့လေ၏။

“Host… အိပ်မက်ဆိုးတွေ ပြန်မက်နေတာလား”

All Chapters