လုံးလုံးလျားလျား စတင်လာခြင်း (1)
Vol. 50 Ch. 495
ဝမ်ဒုရဲမှူးက သက်ပြင်းချမိသည်။
“ဒါဆိုလည်း ကားပေါ်ကဆင်းပြီး မိသားစုဆီကနေ မှတ်တမ်းယူရအောင်...”
“မရသေးဘူး မှတ်တမ်းယူဖို့ အချိန်မရှိဘူး”
အော်ပရေတာက ဖြတ်ပြောလိုက်သည်။
“အခုလေးတင် နောက်ထပ် လူနှစ်ယောက်က ပြစ်မှုသတင်း ထပ်ပို့လာပြန်ပြီ!”
“အမျိုးသမီးတစ်ယောက်က ပြောတာကတော့ သူမက အိပ်ခန်းထဲက ရေချိုးခန်းထဲမှာ ပုန်းနေရတယ်တဲ့
သူမရဲ့ ခင်ပွန်း ဖောက်ပြန်နေတာကို သိသွားလို့ ဒီရက်ပိုင်းကွာရှင်းဖို့နဲ့ ပိုင်ဆိုင်မှုခွဲဖို့ ဆွေးနွေးနေကြတာ၊ အိပ်တော့လည်း အခန်းခွဲအိပ်ကြတယ်
ဒါပေမဲ့ ခုနလေးတင်ပဲ သူမရဲ့ခင်ပွန်းက အိပ်ခန်းတံခါးကို လာထုနေတယ်တဲ့ တံခါးမဖွင့်ပေးလို့ အိမ်သုံးတူနဲ့ တံခါးကို ရိုက်ခွဲနေပြီး သူမကို သတ်ပစ်မယ်လို့ ပြောနေတယ်တဲ့!”
ဒုရဲအုပ်ဝမ်တစ်ယောက် အံ့အားသင့်သွားရသည်။
“ဘာလဲ? ဒီည ဘာလို့ အမှုတွေ ဒီလောက်များနေရတာလဲ?! လိပ်စာက ဘယ်မှာလဲ? အခု ချက်ချင်း သွားကြရအောင်!”
မှိန်ပျပျ ကောင်းကင်အောက်တွင် ‘အနက်ရောင်မြူခိုး’ များမှာ လှိုင်းထနေခဲ့သည်။
နောက်ထပ် နေရာတစ်ခုသို့ အပြေးအလွှား သွားနေရသော ရဲအရာရှိများမှာတော့ ယနေ့ည၏ ရှုပ်ထွေးမှုများက သူတို့၏ ခရိုင်တစ်ခုတည်းတွင်သာမက ဤမြို့တစ်မြို့လုံး၊ ထို့ထက်မက ရှားနိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးမြို့ငယ်များတွင်ပါ တစ်ခုပြီးတစ်ခု ဖြစ်ပွားနေကြောင်း လက်ရှိတွင်မသိရှိခဲ့ကြပါချေ။
နံနက်အစောပိုင်းတွင်မှသာ ရဲစခန်းများသို့ ဖုန်းခေါ်ဆိုမှုများက အလွန်အမင်း များလာခဲ့ပြီး လူအင်အား မလုံလောက်သော ရဲစခန်းများကို အငိုက်မိသွားစေခဲ့သည်။
…
နောက်တစ်နေ့ နံနက်တွင် မြို့တော်ဌာနချုပ်၌...
အွန်လိုင်းနှင့် လူကိုယ်တိုင်နှစ်မျိုးလုံးပါဝင်သည့် ပူးပေါင်းကျင်းပသော ယာယီအစည်းအဝေးတွင် တက်ရောက်သူအရေအတွက်မှာ ယခင်ကထက် ပိုမိုများပြားလာခဲ့သည်။
ထိုသူများအနက် (60)ရာခိုင်နှုန်းမှာ ယူနီဖောင်းနှင့် ဝတ်စုံအပြည့် ဝတ်ဆင်ထားကြပြီး ကျန် (40) ရာခိုင်နှုန်းမှာတော့ တောက်ဓမ္မဝတ်စုံများ၊ ခရမ်းရောင်နှင့် အဝါရောင် သင်္ကန်းများ၊ အင်္ကျီလက်ပြတ်နှင့် အင်္ကျီရှည်များ စသည်ဖြင့် ပုံစံမျိုးစုံ ဝတ်ဆင်ထားကြ၏။
လူတိုင်း၏ မျက်နှာမှာတော့ အလွန်ပင် တည်ကြည်လေးနက်နေခဲ့ကြသည်။
အခြေအနေကို အစီရင်ခံရန် တာဝန်ရှိသော ရဲအရာရှိမှာ အသစ်ထွက်ရှိလာသော အစီရင်ခံစာကို ကိုင်ဆောင်ကာ ဖိအားများအောက်တွင် ဖတ်လိုက်ရသည်။
“မနေ့ညက ပြည်နယ်နှင့် မြို့ကြီးတွေ အားလုံးမှာရှိနေတဲ့ ပြည်သူတွေက စိတ်မငြိမ်မသက်ဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းတွေ ဖြစ်ပွားခဲ့ကြပါတယ်၊
တစ်နိုင်ငံလုံးမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုပ်ဖော်ကိုင်ဖက်တွေကို ညတွင်းချင်း ဆင့်ခေါ်ခဲ့ပေမဲ့လည်း ရုတ်တရက်ဖြစ်ပွားတာနှင့် လူအင်အား ချို့တဲ့တာတွေကြောင့် ဆုံးရှုံးမှုကြီးမားခဲ့ပါတယ်
သေဆုံးသူ ၂၄ ဦးရှိပြီး အချိန်မီ တားဆီးနိုင်ခဲ့ပေမဲ့ ဒဏ်ရာရရှိခဲ့သူ ၁၈ ဦး ရှိခဲ့ပါတယ်၊ ဒါ့အပြင် အသေးစား ဂိုဏ်းစတား ပြစ်မှု လေးခုလည်း ဖြစ်ပွားခဲ့ပါသည်”
“အဆိုးရွားဆုံး ပြစ်မှုတစ်ခုက ပျမ်းမျှအသက် ၁၆ နှစ်အရွယ်ရှိတဲ့ လူငယ်လေးတွေဖြစ်ပြီး ပြည်နယ်တစ်ခုရဲ့ မြို့နယ်တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ၊
မနက် ၅ နာရီအချိန်မှာ အဲဒီလူငယ်တစ်စုက လမ်းမများပေါ်ကို ကြိုတင်ကြံစည်မှုတွေနှင့် ထွက်လာခဲ့ပြီး စောစောထပြီး ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတဲ့ ဈေးသည်တွေကို ဓားဖြင့်ထိုးနှက် တိုက်ခိုက်ခဲ့ကြတယ်
ဆိုင်ပိုင်ရှင်တစ်ဦးက နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်”
“ထွက်ပြေးသွားတဲ့ သံသယရှိသူအားလုံးကို ဒေသခံရဲတွေက ဖမ်းဆီးပြီးတဲ့နောက်မှာ သူတို့အားလုံးကလည်း Group chat တစ်ခုတည်းမှာ ပါဝင်နေခဲ့ဖူးကြတာကို တွေ့ရှိရပါတယ်
အဲဒီဂရုက လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က ကျွန်တော်တို့ နှိမ်နင်းခဲ့တဲ့မကောင်းဆိုးရွား အင်အားစုနှင့် ဂိုဏ်းတွေရဲ့ ခိုအောင်းရာနေရာတွေပါပဲ၊
ဒီသံသယရှိသူတွေက အဲဒီ Group chat ပိတ်သိမ်းခံရတဲ့အပေါ် မကျေနပ်ကြတဲ့အတွက် လူမှုပတ်ဝန်းကျင်ကို လက်စားချေတာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်”
…
ထိတ်လန့်ဖွယ် ကိန်းဂဏန်းများကို ဖတ်ကြားရန် နှစ်မိနစ်ခန့်သာ ကြာမြင့်သော်လည်း မနေ့ညက မည်မျှအထိ ရှုပ်ထွေးခဲ့သည်ကို သိရှိရန် လုံလောက်ပေသည်။
အစည်းအဝေးအတွင်း ပြည်နယ်နှင့် မြို့နယ်အသီးသီးမှ ရဲအရာရှိကြီးများမှာ ပင်ပန်းနွမ်းနယ်နေကြပြီပင်။ သူတို့အားလုံးမှာ ဆက်တိုက် ဝင်လာနေသော ဖုန်းခေါ်ဆိုမှုများကြောင့် အိပ်မက်မှ နိုးထခဲ့ကြရပြီး ညလုံးပေါက် အလုပ်လုပ်ခဲ့ကြရခြင်း ဖြစ်သည်။
အစီရင်ခံသူက ဆက်လက်ပြောလာသည်။
“အဆန်းကြယ်ဆုံး အချက်ကတော့ နေရာအနှံ့မှာ ရှိနေတဲ့ အဲဒီပြစ်မှုကျူးလွန်သူတွေနဲ့ ရုတ်တရက် စိတ်ဓာတ်ကျသွားတဲ့ ပြည်သူတွေက တစ်ချိန်တည်းမှာပဲ ဖြစ်ပွားခဲ့တာပါ
အဲဒါကတော့ မနက် ၃ နာရီ နောက်ပိုင်းမှာပါပဲ၊ ထိန်းချုပ်ရေးဌာနက ဒီမနက် ပေးပို့လာတဲ့ အချက်အလက်တွေအရ အဖြစ်အပျက် မတိုင်ခင် နာရီဝက်အတွင်းမှာ အဲဒီလူတွေရဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေကနေ ပုံမှန်မဟုတ်တဲ့ သတင်းအချက်အလက် လှိုင်းနှုန်းတွေကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်”
“ဒါကြောင့် မနေ့ညက ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေဟာ အဲဒီ ပုံမှန်မဟုတ်တဲ့ လှိုင်းနှုန်းတွေနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိပါတယ်”
အခြေအနေမှာ အလွန်စိုးရိမ်ရသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ ထောက်လှမ်းရေးစနစ် တည်ရှိမှုက လျှို့ဝှက်ချက် မဟုတ်တော့ပါချေ။
အဓိက တာဝန်ရှိသူများမှာ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရေး သဘောတူညီချက်တွင် လက်မှတ်ရေးထိုးပြီးနောက် ရှားနိုင်ငံ၏ နေရာအသီးသီးတွင် ဖြစ်ပျက်နေသော အမှုများက ရိုးရှင်းသည်မဟုတ်ကြောင်း သိရှိသွားကြသည်။
အစီရင်ခံစာကို နားထောင်ပြီးနောက် ဝိဥာဥ်ဆိုင်ရာဌာန၏ခေါင်းဆောင်က ဒေါသကို မထိန်းနိုင်တော့ဘဲ ပြင်းထန်သောလေသံဖြင့် ပြောလိုက်သည်။
“ခင်ဗျားတို့ ဘယ်လိုထင်လဲ? ညတွင်းချင်း ဒီလောက်များတဲ့ အမှုတွေဖြစ်ပြီး လူတွေ ဒီလောက်သေကုန်တာတောင် ကျုပ်တို့မှာ တားဆီးဖို့ စွမ်းအားမရှိဘူးလား!
အခုချက်ချင်း ထိရောက်တဲ့ အစီအမံတွေ မလုပ်ရင် ကျုပ်တို့ရဲ့ ကာကွယ်ရေးစနစ်ဆိုတာ ရယ်စရာကြီး ဖြစ်သွားတော့မယ်!”
ဝမ်ယွမ်ကျောင်းတော်၏ ကျောင်းထိုင်ဆရာတော် တောက်ကျန့်ချင်က မျက်မှောင်ကြုတ်လျက် သက်ပြင်းချကာ အဆိုးမြင်သောလေသံဖြင့်ပြောလာသည်။
“ခေါင်းဆောင်ပိုင်ရဲ့ စိုးရိမ်ပူပန်မှုက စီလျော်မှုမရှိတာတော့ မဟုတ်ပါဘူး
ဒါပေမဲ့ ဒီမိစ္ဆာဝိညာဉ်တွေက နေရာအနှံ့မှာရှိနေပြီး ထူးဆန်းတဲ့ စွမ်းအားတွေ ရှိကြတယ်၊ အဖြစ်ဆိုးတွေကို တားဆီးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ
အဆိုးဆုံးကတော့ သူတို့က ဘာလို့ ရုတ်တရက် တိုက်ခိုက်တာလဲ၊ နောက်တစ်ကြိမ် ဘယ်သူတွေက သားကောင်ဖြစ်ဦးမလဲဆိုတာ ကျွန်တော်တို့ မသိနိုင်တာပါပဲ”
“ဟုတ်တယ်”
ရှီကွေးကလည်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဒီ ‘အနက်ရောင်မြူခိုး’က လူသားတွေဆီကို ကျူးကျော်ဖို့ ရည်ရွယ်ထားတာပဲ၊ သာမန်ပြည်သူတွေကြားမှာ ထိတ်လန့်တုန်လှုပ်မှုတွေ ဖန်တီးပြီး သူတို့ရဲ့ အသက်တွေကို လုယူနေတာ
ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေ များလာလေလေ၊ ကျွန်တော်တို့အတွက် ပိုပြီး အခြေအနေ ဆိုးလာလေလေပဲ”
တစ်ဦးက အသံမြှင့်၍ မေးလိုက်သည်။
“ဆရာသခင်နှစ်ယောက်ရဲ့ စကားအရဆိုရင် အနက်ရောင်မြူခိုးကို မဖျက်ဆီးနိုင်ဘူး၊ ဘာမှလည်း မလုပ်နိုင်ဘူးပေါ့
ဒါဆို ကျွန်တော်တို့ ဘာလုပ်ရမလဲ? သာမန်လူတွေရဲ့ အသက်ကို လျစ်လျူရှုပြီး ကံတရားအတိုင်း သေမဲ့နေ့ကို စောင့်နေရမှာလား?”
သေဆုံးသွားသူများမှာ အင်အားနည်းသော သာမန်လူများဖြစ်သော်လည်း အစည်းအဝေး တက်ရောက်လာသော တောက်ကျန့်များမှာတော့ မကောင်းဆိုးရွားဝိညာဉ်က လူ့အသက်များကို ဝါးမြိုလေလေ၊ ပို၍ အားကောင်းလာလေလေဖြစ်ကြောင်း သိကြသည်။
ဤသို့ လွှတ်ထားမည်ဆိုပါက တစ်နေ့တွင် သူတို့၏အလှည့်ကို ရောက်လာမည်သာ ဖြစ်၏။
အကယ်၍ မတားဆီးနိုင်ပါက ဆယ် ရက် သို့မဟုတ် လဝက်အတွင်း လူ့လောက၏ ငြိမ်းချမ်းမှုက လုံးဝ ပျက်စီးသွားပြီး အနက်ရောင်မြူခိုးနှင့် ယုတ်ညံ့သော အတွေးအခေါ်များ ဖုံးလွှမ်းသည့် ငရဲခန်းအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
အစည်းအဝေးအတွင်း စိုးရိမ်ပူပန်မှုများ ပျံ့နှံ့လာသည်ကို မြင်လျှင် ယခင်က တစ်ခွန်းမျှ မပြောဘဲ နေခဲ့သော ကုကျစ်စုန့်က မျက်မှောင်ကြုတ်လိုက်မိသည်။
တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိပြီးနောက် သူမက သူမ၏ စွမ်းအားကို တိတ်တဆိတ် ထုတ်လွှတ်လိုက်လေ၏။ မမြင်နိုင်သော ဖိအားများက ရေလှိုင်းပမာ သူမ၏ဘေးမှ ပြန့်ထွက်သွားပြီး အစည်းအဝေးခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားကာ ပေါက်ကွဲလုနီးပါးဖြစ်နေသော မငြိမ်မသက်မှုများကို ငြိမ်းသတ်လိုက်သည်။
“တော်ကြတော့”
ကုကျစ်စုန့်၏ အသံမှာ အမိန့်ပေးသံကဲ့သို့ အာဏာပါနေခဲ့ကာ အစည်းအဝေးတွင် မရှိဘဲ အင်တာနက်မှတစ်ဆင့် ကြည့်နေသူများပင် ရုတ်တရက် ရင်ထိတ်သွားပြီး စိတ်ကြည်လင်သွားကြသည်။
သူတို့အနေဖြင့် မသိစိတ်မရှိဘဲ သူမ၏ စကားကို နားထောင်ရန်နှင့် သူမ၏ ညွှန်ကြားချက်ကို လိုက်နာရန် အသင့်ဖြစ်သွားကြ၏။
အငြင်းပွားမှုများဖြင့် ဆူညံနေသော အခန်းမှာလည်း ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
ခဏအကြာတွင် ကုကျစ်စုန့်၏ အကြည့်က နေရာအချို့ကို ဖြတ်သန်းသွားခဲ့ရာ သူမ ကြည့်လိုက်သော နေရာတွင် ရှိနေသည့် ရဲများ သို့မဟုတ် တောက်ကျန့်များမှာ ကိုယ်ကို တောင့်တင်းထားမိကြသည်။
“ရှင်တို့ လှည့်စားခံလိုက်ရတာကို မသိကြဘူးလား?”
သူမ ကြည့်လိုက်သောသူများမှာ ခြွင်းချက်မရှိ ‘အနက်ရောင်မြူခိုး’ ၏ ဆိုးရွားသော ခံစားချက်များ လွှမ်းမိုးခြင်းကို ခံထားရသူများ ဖြစ်ပေ၏။
သူတို့သည်က မတိုင်ခင်က အလွန်အမင်း စိတ်လှုပ်ရှားပြီး အဆိုးမြင်နေခဲ့သည်ကိုပင် သတိမထားမိခဲ့ကြပေ။
ယခုမှသာ ထိုအမှောင်ရိပ်များ ကင်းစင်သွားပြီး ၎င်းတို့၏ ပုံမှန်မဟုတ်မှုကို သတိပြုမိလာကြသည်။
ကုကျစ်စုန့်က စားပွဲကို လက်ချောင်းလေးများဖြင့် အသာအယာ ခေါက်ရင်း ဆက်ပြောသည်။
“အနက်ရောင်မြူခိုးက နေရာအနှံ့ကို ကျူးကျော်ဝင်ရောက်နေပြီး လူမှုရေးကို ဖရိုဖရဲဖြစ်မှုတွေကို ဖြစ်စေတယ် ဒါက ကျွန်မတို့အတွက် မကောင်းဘူး။ ဘာလို့လဲဆိုတော့ လူအများစုက ကြိုတင်ပြင်ဆင်ချိန် မရလိုက်ဘဲ ဖိအားတွေအောက်မှာ လွယ်လွယ်ကူကူ ပြိုလဲသွားနိုင်လို့ပဲ”
“ဒါပေမဲ့ ဒါက လုံးဝ မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး၊ မြူခိုးတွေ ပိုပြန့်လာတယ်ဆိုတာ သူတို့က အမှောင်ကနေ အလင်းဘက်ကို ရောက်လာတာဖြစ်သလို အားနည်းချက်တွေလည်း ပိုပေါ်လာမှာပဲ
ဒီအခွင့်အရေးကို သုံးပြီး ပုန်းအောင်းနေတဲ့ ကိုယ်ပွားတွေကို ခြေရာခံပြီး ဖျက်ဆီးနိုင်တယ်”
အနက်ရောင်မြူခိုးများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ဘုံ၏ စနစ်မှာ ပျက်စီးတော့မည့် အခြေအနေကို ပထမဆုံး ခံမိသူမှာ ကုကျစ်စုန့်ပင် ဖြစ်၏။
သူမအနေဖြင့် မနေ့ညက တစ်ညလုံး အနားမယူဘဲ မိုင်ပေါင်းရာချီအတွင်း အမြင့်ဆုံးနေရာကို ရှာဖွေကာ သံလိုက်အိမ်မြှောင်နှင့် ကတ်ပြားများကို အသုံးပြု၍ ကံတရားကိုဟောပြောကာ ကြယ်တာရာဇယားများကို စစ်ဆေးနေခဲ့ခြင်း ဖြစ်ပေသည်။